Chapter 37.1
ထန်ချွန်းမင်က လီဖုန်း၏လုပ်ရပ်ကို သတိထားမိ၍ ရွာထဲက ကောလာဟလများကို လျစ်လျူရှုလိုက်လေသည်။ သူတို့က “မင်ကောအာ လီမိသားစုက ကောင်လေးနဲ့ ငြိစွန်းနေကြတယ်”လို့သာ ပြောလိမ့်မည်။ ကောလာဟလဘယ်လိုဖြန့်ပါစေ သူက သူ့ကို အိမ်ထဲဝင်ဖို့ တွန်းအားပေးခဲ့တာမဟုတ်ပေ။
ထိုနေ့မှစ၍ အပြင်ပိုင်းတွင် ဖြောင့်မတ်ပြီး အတွင်းကောက်သော ထိုလူက သူ့အိမ်ကို အလည်လာဖို့ မရှက်တော့ချေ။ မနက်အစောတွင် တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့သည်။ ထန်ချွန်းမင် ဖွင့်လိုက်တော့ တံခါးဝမှာ ထင်းတစ်စည်းနဲ့ ရပ်နေသော လီဖုန်းကို တွေ့လိုက်ရသည်။ သူ့ကိုတွေ့တော့ ထိုလူက ထန်ချွန်းမင်ကို ခေါင်းစခြေဆုံး နက်မှောင်သောမျက်ဝန်းဖြင့် စစ်ဆေးကာ ထင်းသယ်ရင်း ခြံထဲသို့လျှောက်ဝင်လိုက်သည်။ သူက ထိုလူ ထင်းခုတ်ဖို့ပြင်နေတာကို တွေ့လိုက်ရသည်။
ဘာလဲ. ဒါဘယ်သူ့အိမ်လဲ လီဖုန်းသိသေးရဲ့လား?
သူ ပေစောင်းစောင်းကြည့်ပြီး မမေးခင်မှာ အားလင်းက ဝမ်းသားအားရပြေးလာပြီး သူ့ဦးလေးဖုန်းကို ခုန်အုပ်လိုက်လေသည်။ ထန်ချွန်းမင်က မနာလိုဖြစ်သွား၏။ ဤလူက သူ့သား၏နှလုံးသားကို ခိုးသွားဖို့ အချိန်သိပ်မလိုခဲ့ပေ။ သူတို့နှစ်ယောက်ပျော်နေတာကိုကြည့်ပြီး ထန်ချွန်းမင်က သူ့ခါးကိုကိုင်ကာ သိုးနို့ညှစ်ဖို့ ရှေ့ဆက်လျှောက်သွားလိုက်သည်။
သူ့သားက လီဖုန်းနဲ့ ဘာလို့ဒီလောက်ရင်းနှီးနေလဲ ထန်ချွန်းမင်သိသည်။ လီဖုန်း၏ပုံရိပ်က အားလင်း၏စိတ်ထဲတွင် ဖခင်တစ်ယောက်၏ပုံသဏ္ဍန်နှင့် လိုက်လျောညီထွေ ဖြစ်နေနိုင်သည်။ အတိတ်မှာ ကျောက်တာဟူက အပြင်ပိုင်း၌ နာမည်ကြီးသော်လည်း အားလင်းက အိမ်မှာ သူ့မွေးဖခင်နဲ့ သိပ်မရင်းနှီးခဲ့ပေ။ ထန်ချွန်းမင်၏အမြင်တွင် ကျောက်တာဟူက သူ့တူလေးဖြစ်သည့် ကျောက်သုန့်ကဲ့သို့ သူ့သားအရင်း အားလင်းနှင့် မရင်းနှီးခဲ့ပေ။ ကောများထက် အမျိုးသားများကို တန်ဖိုးထားသော ကျောက်မိသားစု၏ ရိုးရာဓလေ့ကြောင့် သူ လွှမ်းမိုးခံခဲ့ရတာဖြစ်နိုင်သည်။ အားလင်းက အပြင်လူများ၏ အနိုင်ကျင့်ခြင်းနှင့် အပြစ်တင်ခြင်းကို ခံရသောအခါဝယ် သူ့ဖခင်က သူ့ရှေ့ကနေ ကာကွယ်ပေးတာရှား၏။ ထိုအစား သူက ငယ်ရွယ်သည့်ကလေးကို မသိနားမလည်လို့ အပြစ်တင်ခဲ့သေးသည်။ မင်ကောအာ၏မှတ်ဉာဏ်ထဲတွင် အားလင်းကို အတတ်နိုင်ဆုံး အိမ်မှာနေခိုင်းပြီး သူ့ဘေး၌ထားခဲ့ရသည်။
လီဖုန်းက အားလင်းကို ပထမဆုံးအကြိမ် တွေ့ခဲ့စဥ်ကလည်း သူသည် အားလင်းရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။ ထို့အပြင် သူ့အားမူနဲ့ သူ့ကို အနိုင်ကျင့်သူများကိုလည်း မောင်းထုတ်ခဲ့သည်။ သို့ဖြစ်၍ လီဖုန်းက တခြားကလေးများ၏အမြင်တွင် ကြမ်းတမ်းခက်ထန်သော ပုံရိပ်ရှိသော်လည်း အားလင်းအတွက်တော့ သူက သူ့အားမူနှင့် သူ့ကို ကာကွယ်ပေးမယ့်လူဖြစ်သည်။
သိပ်မကြာခင်မှာပဲ ကျန်းရှို့က တာရှန်နဲ့အတူတူရောက်လာခဲ့သည်။ ထန်ချွန်းမင်က မေးသောအခါ တာရှန်က မနက်စောစောစီးစီး ဘာလို့ရောက်လာခဲ့လဲ နားလည်သွားခဲ့သည်။ တာရှန်က အစောပိုင်းတွင် တောင်ပေါ်မှာ ထင်းကောက်ခဲ့ပေမယ့် လီဖုန်းက ယူဆောင်လာပေးခဲ့တာဖြစ်၏။ ထင်းရရှိပြီးနောက် တာရှန်က ထန်ချွန်းမင်ကို ပို့ပေးရမှာဖြစ်၏။ နှစ်ယောက်သားက ထန်ချွန်းမင်၏နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ပြီး ထိုကိစ္စကို လျှို့ဝှက်ထားခဲ့သည်။ သို့သော် ယနေ့မှာ တာရှန်က လီဖုနးကိုစောင့်နေပေမယ့် အိမ်မှာဘယ်သူမှမရှိပေ။ သို့ဖြစ်၍ သူက ထန်ချွန်းမင်၏နေရာမှာ လာရှာခဲ့ခြင်းဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အနှီလူသည် ထန်ချွန်းမင်၏အိမ်မှာ ထင်းခုတ်နေပြီဖြစ်ကြောင်း တွေ့ခဲ့ရသည်။
လျစ်လျူရှုထားသည့်ဟန်မရှိသော လီဖုန်းကိုကြည့်ကာ ရိုးသားသောတာရှန်က လီဖုန်း၏တုံးအမှုကို မခံမရပ်နိုင်ဖြစ်ခဲ့သည်။ ဆက်ကြည့်နေရင် မျက်လုံးကန်းသွားမှာစိုး၍ သူက အိမ်အမြန်ပြန်ခဲ့ပြီး ကျန်းရှို့ကလည်း သူ့နောက်ကနေ အဓိပ္ပါယ်ပါသော အပြုံးတစ်ခုဖြင့် လိုက်လာခဲ့သည်။ ထန်ချွန်းမင်က ကောင်းကင်ကို တိတ်တဆိတ်မော့ကြည့်လိုက်သည်။ ရှေးလူကြီးတွေက ရှေးရိုးဆန်လွန်းမနေဘူးလား? ဒါကြီးကို လက်ခံလို့ရလား?
ကောလာဟလများက ရွာထဲမှာ အမြန်ပျံ့နှံ့နေပြီး ပထမနေ့ကဖြစ်ရပ်သည် ဒုတိယနေ့တစ်လျှောက်လုံး ပျံ့နှံ့နေခဲ့သည်။ ဒါကြောင့် ရှန်းဖူလန်က နောက်နေ့မှာ အလျင်စလိုရောက်လာခဲ့ပြီး လီဖုန်းက ထန်ချွန်းမင်အား သိုးခြံကူရှင်းပေးနေသည်ကို သူတွေ့သောအခါ သူက ထန်ချွန်းမင်ကို အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ “အခု ငါစိတ်သက်သာရာရပါပြီ။ ဒီလောက်ကြီးတဲ့ဥယျာဥ်ကို မင်းတစ်ယောက်တည်း စီမံခန့်ခွဲပြီး ဘေးမကင်းမှာကို ငါတို့စိုးရိမ်နေခဲ့တာ။ ဒါပေမယ့် အခု ဒါတွေအားလုံးကို ဖုန်းရှောင်ကျစ်နဲ့ လွှဲထားလိုက်ပါ။ မင်းက မင်းရဲ့ခန္ဓာကိုယ်ကိုပဲ ဂရုစိုက်ပြီး ကလေးမွေးပြီးတဲ့အခါ အမြန်ဆုံးလက်ထပ်လို့ရတယ်။”
ထန်ချွန်းမင်က တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရသည်။ ယခင်က သူသည် ပိုးပန်းခံနေရခြင်း အနတ္တကို ခံစားနေသော်လည်း ယခုချိန်မှာ ကျေနပ်မနေသင့်ပဲ လက်ထပ်ဖို့အချိန်ကျပြီး တစ်စုံတစ်ဦး၏ မျိုးရိုးနာမည်ကို ခံယူရမည့်အချိန်ထိ စောင့်ဆိုင်းရမည်ဟု ပြောလာခဲ့သည်။ ထန်ချွန်းမင်က မှင်တက်စွာမေးလိုက်သည်။ “အရမ်းမြန်မနေဘူးလား? ကျွန်တော် အဲ့လောက်မြန်မြန်လက်ထပ်ဖို့ မရည်ရွယ်ထားဘူး။ ပြီးတော့ ကျွန်တော် အားလင်းအတွက် ပထွေးရှာရင် အားလင်းက လက်ခံပါ့မလား?”
“အရမ်းမြန်တယ်? တချို့လူတွေက အကြာကြီးမစောင့်ချင်ပဲ မြန်မြန်လုပ်ချင်ကြတယ်။ ဒီလိုမှမဟုတ်ရင် သူက မနေ့ကလို ဘာလို့လုပ်ခဲ့မှာလဲ? သူက မင်းအိမ်တံခါးဝမှာ အောင်သွယ်တော်ကိုတွေ့တော့ ဒေါသထွက်ပြီး စိတ်ဆိုးနေတာ။ ပြီးတော့ အခု မင်းနဲ့လီဖုန်းက တစ်အိမ်တည်းမှာ တူတူရှိနေတာ။ ငါတို့အမြင်မှာ မင်းတို့က မိသားစုနဲ့တူတယ်။ မင်းရဲ့ ဝတ်ပြုဆုတောင်းကာလပြီးလို့ တစ်ခုခုအမြန်မလုပ်ရင် မင်းနာမည်ပျက်သွားလိမ့်မယ်။” ရှန်းဖူလန်က မျက်လွှာပင့်ကာ သူ့နောက်က လီဖုန်းကိုကြည့်လိုက်သည်။ မင်ကောအာ၏စကားကိုကြားတော့ အပေါ်ကို တွန့်တက်တော့မည့် ဖုန်းရှောင်ကျစ်၏ နှုတ်ခမ်းက ရပ်တန့်သွားခဲ့သည်။
“ဒါဘာကိုဆိုလိုတာလဲ? ကျွန်တော်က ဘာလို့နာမည်ပျက်မှာလဲ?” ထန်ချွန်းမင်က ရှုပ်ထွေးသွားသည်။ သူ့အတွေးတွေက လက်တွေ့နဲ့ ကွာခြားနေတာလား?
“မင်း ဖုန်းရှောင်ကျစ်နဲ့အတူရှိပြီး ကိစ္စတွေကို ဖြေရှင်းလိုက်ရင် ရွာထဲက ကောလာဟလတွေကြောင့် မင်းထိခိုက်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် မင်းတို့က ဒီလိုပဲဆက်နေမယ်၊ ဖုန်းရှောင်ကျစ်က မင်းအိမ်ကို ဆက်တိုက်လာနေမယ်ဆိုရင် အဲ့ဒါက ကျောက်မိသားစုရဲ့ စွပ်စွဲချက်တွေကို သက်သေပြသလိုဖြစ်သွားလိမ့်မယ်။” မင်ကောအာက သူတို့ကြားက ဆက်ဆံရေးနဲ့ခြားနားမှုကို နားမလည်ဘူးလို့ ထင်တာကြောင့် ရှန်းဖူလန်က သူ့ကို ရှင်းပြဖို့လိုအပ်ခဲ့သည်။ သို့ပေမယ့် သူက ဘိုးဘိုးကျောက်၏ပြောစကားကို တိုက်ရိုက်မပြောနိုင်ခဲ့ပေ။ မင်ကောအာ နားလည်သင့်သည်။
သူနားလည်တာပေါ့… သူက ဒီအခြေအနေကို နားမလည်စရာလား? တစ်နည်းဆိုရသော် နှစ်ဆုံး သို့မဟုတ် နှစ်စ၌ သူ လီဖုန်းနှင့် လက်မထပ်လျှင် သူဟာ လူရိုင်းအမျိုးသားတွေနဲ့ ငြိစွန်းပြီး အရှက်မဲ့နေသည့် မြေခွေးတစ်ကောင်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထန်ချွန်းမင်၏မျက်ဝန်းက ခဏတာမျှ နက်မှောင်သွားပြီး သူဟာ အသိဉာဏ်မရှိလို့ မျက်နှာပျက်ရတော့မယ်ဆိုတာ သိလိုက်ရသည်။ သူဟာ ရောင်းစားခံပြီး လူတွေကို ပိုက်ဆံရေခွင့်ပေးလုနီးပါးအထိ ရူးမိုက်ခဲ့သည်။
သူက တစ်ကြိမ်တစ်ခါမျှ အရဲစွန့်ချင်သော်လည်း လက်ရှိမှာ ဖျင်ရှန်ရွာ၌ အသက်မွေးဝမ်းကြောင်းစတင်ခါစဖြစ်၍ ထွက်ခွာဖို့ တွန့်ဆုတ်နေခဲ့သည်။ ဤထူးဆန်းသောကမ္ဘာတွင် ဖျင်ရှန်ရွာက သူနဲ့အရင်းနှီးဆုံးဖြစ်၏။ သူ့မှတ်ဉာဏ်ထဲက ရင်းနှီးသောလူများနှင့် အရာအားလုံးက ဤကမ္ဘာနှင့် အကျွမ်းတဝင်မရှိလှပေ။ သူဟာ ရှုပ်ထွေးနေခဲဲ့ပြီး သူ့ကို အာရုံစိုက်နေသည့် နက်မှောင်သောမျက်လုံးတစ်စုံက သူ့စိတ်ထဲမှာပေါ်လာကာ သူ့နောက်ကျောဆီကနေ လောင်ကျွမ်းနေသော ခံစားချက်က အချိန်ပြည့်ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ လိုက်လျောညီထွေဖြစ်အောင် ညှိယူဖို့ တွန်းအားပေးနေသော်လည်း ထိုလူကို စွန့်လွှတ်လိုက်ဖို့က မသက်မသာခံစားရစေသည်။ ဘယ်လိုရှုထောင့်ဖြစ်ဖြစ် ထိုလူက သူ့အကြိုက်ဖြစ်သည်။
မင်ကောအာ ဘာမှပြန်မပြောတာကို တွေ့လိုက်ရတော့ ရှန်းဖူလန်က စိိတ်ပူလာသည်။ “မင်ကောအာ… မင်း ဖုန်ရှောင်ကျစ်ကို မကြိုက်လို့လား?” ဒီလိုမှမဟုတ်ရင် သူဘာလို့ချီတုံချတုံဖြစ်နေမှာလဲ? ရှန်းဖူလန်က စိတ်ပူနေသည်။ သူတို့က လီဖုန်း၏ဆန္ဒကိုသာ တွေးတောခဲ့ပြီး မင်ကောအာမှာလည်း ကိုယ်ပိုင်အစီအစဥ်ရှိမယ်ဆိုတာကို မေ့သွားခဲ့သည်။
ထိုစကားလုံးများထွက်လာသည်နှင့် ရှန်းဖူလန်နှင့် ထန်ချွန်းမင်နှစ်ယောက်လုံးက သူတို့အနားတွင် အပူချိန်ကျဆင်းသွားသလို ခံစားလိုက်ရ၏။ သူတို့က သူတို့လက်မောင်းမှ ကြက်သီးများကို ပွတ်လိုက်သည်။ ထန်ချွန်းမင်က ကမန်းကတန်း ပြောလိုက်၏။ “မဟုတ်ပါဘူး။ အဲ့ဒါက ကျွန်တော်တို့ သူ့အကြောင်း သေချာမသိသေးဘူးမလား… ကျွန်တော်မပြောနဲ့… ခင်ဗျားလည်း သူအပြင်မှာ ဘာတွေကြုံခဲ့ရလဲ မသိဘူး။ အဲ့ဒီအတွေ့အကြုံတွေက ကျွန်တော်တို့ဘဝကို ထိခိုက်လာမှာစိုးရိမ်တယ်။ ပြီးတော့ အားလင်းနဲ့ ဗိုက်ထဲကကလေးက သူ့သားအရင်းတွေမဟုတ်ဘူး….အနာဂတ်မှာ…” အချိန်ကြာလာရင် သူ့ရင်ထဲမှာ အထုံးတစ်ခုဖြစ်လာလိမ့်မယ်။ ယခုချိန်မှာ အားလင်းက ထိရှလွယ်သူတစ်ယောက်ဖြစ်၏။ လက်တွဲဖော်ရှာဖွေခြင်းနှင့်ယှဥ်လျှင် ထန်ချွန်းမင်၏သားလေးက သူ့ရင်ထဲ၌ အရေးကြီးဆုံးအရာဖြစ်နေဆဲပင်။
ကံအားလျော်စွာ အပူချိန် ရုတ်တရက် ပြန်မြင့်လာခဲ့သည်။ ရှန်းဖူလန်က နဖူးက ချွေးကိုသုတ်လိုက်သည်။ တကယ်တော့ မင်ကောအာပြောတာမှန်သည်။ လီဖုန်းက အရင်ကနဲ့ကွာခြားသည်။ သူထုတ်လွှတ်လိုက်သည့် လေအေးကပင် ဆောင်းရာသီ၏ အအေးဆုံးနေ့ရက်များလို အေးခဲလုနီးပါးပင်။ တကယ်တော့ မင်ကောအာ၏ အတွေးများကို ဖုန်းရှောင်ကျစ်အား နားထောင်ခွင့်ပေးလိုက်တာက အသုံးမဝင်ပေ။ ဖုန်းရှောင်ကျစ်က တွန့်ဆုတ်နေသေးလျှင် ဤဆက်ဆံရေးက အလုပ်ဖြစ်မှာမဟုတ်ပေ။
မင်ကောအာ၏ပခုံးကိုပုတ်ရင်း ရှန်းဖူလန်ကပြောလိုက်သည်။ “မင်းဖုန်ရှောင်ကျစ်ကို ဒီအကြောင်းတွေပြောသင့်တယ်။ မင်းတို့ အနာဂတ်မှာ ဘာတွေပဲဖြစ်လာလာ မင်းရဲ့အတွေးကို သူလည်းသိသင့်တယ်။ မင်းတို့စုံတွဲဖြစ်လာမယ်ဆိုရင်တောင် မင်းရဲ့အတွေးတွေကို ရှင်းရှင်းလင်းလင်း ပြောနိုင်မှ မင်းတို့အနာဂတ်ပိုကောင်းလာမှာ။ ဒီလိုမဟုတ်ပဲ အားလုံးက သူတို့ရဲ့အတွေးတွေကို ဖုံးကွယ်ထားရင် မင်းတို့ပျော်ရမှာမဟုတ်ဘူး။” ရှန်းဖူလန်က သူ့အတွေ့အကြုံကို တစ်ဖက်လူအား လွှဲပြောင်းပေးခဲ့ပုံရသည်။ ရွာလူကြီးနှင့် သူ၏ဆက်ဆံရေးတွင် ပုံမှန်အားဖြင့် သူက စကားကိုထိန်ချန်ထားလေ့မရှိပေ။ သူစိတ်ဆိုးလျှင်ပင် သူက သူ့ခင်ပွန်းကို ဦးစွာအော်ငေါက်တတ်သူဖြစ်၏။ သို့သော် သူတို့ ဘယ်လောက်ပဲရန်ဖြစ်ပါစေ သူတို့ဆက်ဆံရေးက ကောင်းသည်။ အတားအဆီးတစ်ခုမှ မကြုံခဲ့ရသည့် အားကျစရာစုံတွဲတချို့အကြောင်းကို တွေးကြည့်လိုက်သောအခါ သူတို့ပဋိပက္ခမရှိပဲ ဘယ်လိုနေနိုင်ကြလဲ ရှန်းဖူလန် စိတ်ကူးကြည့်လို့ပင်မရပေ။
အတိတ်မှာ မင်ကောအာက ကျောက်တာဟူကို အလွန်အမင်း အလျှော့ပေးခဲ့လို့ ရလဒ်မကောင်းခဲ့ပဲ သူနဲ့ သူ့ကလေးမှာ ဒုက္ခများခဲ့ရသည်။
“ကောင်းပြီ… ကျွန်တော် သူနဲ့စကားပြောပြီး ရှင်းအောင်လုပ်လိုက်မယ်။” ထန်ချွန်းမင်က ခေါင်းညိတ်ပြီး လက်ခံလိုက်တော့သည်။ ဤကိစ္စက ရှောင်လွှဲလို့မရသည့် အဆင့်ကိုရောက်နေခဲ့သည်။
“အင်း… ဖုန်းရှောင်ကျစ်.. မင်း မင်ကောအာကို စိတ်ဆိုးအောင်လုပ်လို့မရဘူးနော်။ မင်းမှာ ပြောစရာရှိရင်ပြောလိုက်။ မဟုတ်ရင်တော့ ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး။” ရှန်းဖူလန်က ထန်ချွန်းမင်၏အနောက်ဘက်ကို ရုတ်တရက် လက်ဟန်ပြလိုက်လေသည်။
ထန်ချွန်းမင်က သူ့နောက်မှာ မတ်တပ်ရပ်နေသူကို မြင်ရတော့ လန့်သွားသည်။ ဒါဆို သူပြောခဲ့တာတွေ အားလုံးကို ကြားသွားပြီပေါ့? ထန်ချွန်းမင်က ထိုလူ၏မျက်နှာကို အမြန်လှည့်ကြည့်လိုက်သော်လည်း သူလှည့်တာမြန်လွန်းတာကြောင့် ဗိုက်ကိုကိုင်ကာ ရုတ်တရက် အော်ဟစ်လိုက်ရသည်။
“ဘာဖြစ်တာလဲ? မင်းက ကလေးနှစ်ယောက်အဖေဖြစ်ပြီး နမော်နမဲ့နိုင်လိုက်တာ!” ရှန်းဖူလန်က လန့်ဖျပ်သွားသော်လည်း သူ ထန်ချွန်းမင်ကို မကူညီနိုင်ခင် လီဖုန်းက စကားတစ်ခွန်းမှမပြောပဲ အမြန်ပြေးလာခဲ့သည်။ သူက သူ့ကို အလျားလိုက်ပွေ့ချီကာ အိမ်ထဲသို့ အမြန်လျှောက်ဝင်သွားခဲ့သည်။
“ငါ ဟူလန်ကျုံးကို သွားခေါ်လိုက်မယ်” ရှန်းဖူလန်က လူခေါ်ရန် စိတ်စောနေ၏။
“မဟုတ်ဘူး….မခေါ်နဲ့။” ထန်ချွန်းမင်က လီဖုန်း၏လက်မောင်းက ဆုပ်ကိုင်ကာ ရှန်းဖူလန်ကို အမြန်လှမ်းခေါ်လိုက်သည်။ “ကျွန်တော် ဗိုက်မနာဘူး။ အဲဲ့ဒါခြေထောက်ကြွက်တက်တာပါ။ ပြီးတော့ အောက်မြန်မြန်ချပေးဦး။ ကိုယ့်ဘာကိုယ်လမ်းလျှောက်ပြီး ခဏနေရင် ကောင်းသွားမှာပါ။”
ဒါက ဒီလူကြောင့်ဖြစ်ရတာပဲ! ဒီလူက သူ့နောက်ကနေ ခိုးနားထောင်နေတာ။ ထိုသို့တွေးရင်းဖြင့် ထန်ချွန်းမင်က လီဖုန်း၏ရင်ဘတ်ကို ရိုက်လိုက်သည်။ သို့ပေမယ့် သူ့ခြေထောက် ကြွက်တက်ခြင်းကြောင့် သူ့လက်က အားသိပ်မရှိခဲ့ပေ။ ၎င်းက ကလိထိုးသလိုဖြစ်နေ၏။ လီဖုန်းက ခေါင်းငုံ့ကြည့်လိုက်သည်။ ယခုနက ထိတ်လန့်မှုက ချက်ချင်းပြေလျော့သွားခဲ့ပြီး အားလုံးအဆင်ပြေနေပုံပင်။
ရှန်းဖူလန်က ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ရှန်းဖူလန်က ထန်ချွန်းမင်အတွက် စိတ်ပူနေခဲ့သည်။ နောင်မှာ လီဖုန်းက သေချာပေါက် သူ့ကိုချစ်ပေးမှာဖြစ်၏။ သူက သူတို့၏ သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေသည်။
လီဖုန်းက အခန်းထဲအမြန်လျှောက်သွားကာ ထိုလူကို ခန်းကုတင်ပေါ်မှာ ချပေးလိုက်၏။ သူ့မျက်နှာမှာ စိုးရိမ်နေသော အကြည့်ရှိနေဆဲပင်။ သူက ထန်ချွန်းမင်၏ခြေထောက်ကို ကြည့်ကာ မေးလိုက်သည်။ “ဘယ်ဘက်လဲ? ငါနှိပ်ပေးမယ်။”
“ဦးလေးဖုန်း… သား ဒီမှာ။ အားလင်းက ဖေဖေ့ရဲ့ ခြေထောက်ကြွက်သားကို နှိပ်ပေးမယ်။” သူ့အားမူ ကြွက်တက်တာကိုကြားတော့ အားလင်းက လူကြီးတွေလိုမစိုးရိမ်ပေမယ့် သူ့နောက်ကနေ အိမ်ထဲဝင်လာပြီး ခန်းကုတင်ပေါ်ကို ခုန်တက်လိုက်သည်။ လီဖုန်းက ထိုအခြေနေကို နားမလည်နိုင်ခဲ့ပေ။ ဤအခြေအနေမျိုးက မကြာခဏဖြစ်သွားပြီး အားလင်းလေးက သူ့အားမူကို ဂရုစိုက်ပေးခဲ့တာဖြစ်ပေမည်။
ထန်ချွန်းမင် စကားထပ်မပြောနိုင်ခင်မှာ လီဖုန်းက ထန်ချွန်းမင်၏ခြေထောက်ကို ကြည့်နေလိုက်သည်။ တစ်ဖက်က ကောက်ကွေးနေ၍ ထိုတစ်ဖက်ဖြစ်လောက်သည်။ သူက ခြေထောက်ကို တတ်နိုင်သမျှ ပြန့်ပြားအောင်လုပ်ပြီး အားအနည်းငယ်ဖြင့် ညှစ်လိုက်ရာ ထန်ချွန်းမင်က အော်ဟစ်ပြီး ရင်ထဲမှာ ဆဲဆိုနေ၏။ ဤဗိုက်ထဲက ကလေးကြောင့် သူ ဒုက္ခအများကြီးခံနေရပြီး သူ၏ငြိမ်းချမ်းသောဘဝလေးက ပို၍ပင်ဆိုးလာခဲ့သည်။ ယခုမူ ကမ္ဘာပေါ်ရှိ အမျိုးသမီးများ ဘယ်လောက်သနားစရာကောင်းသည်ကို သူနားလည်သွားခဲ့သည်။
“ဖေဖေ…အားလင်းလည်း ထုပေးမယ်။” အားလင်းက လက်သီးဆုပ်လေးဖြင့် ထန်ချွန်းမင်၏ ခြေထောက်နောက်တစ်ဖက်ကို နာခံစွာထုနေလေ၏။
“ဖေဖေ.အဆင်ပြေပါတယ်…အားလင်းစိတ်မပူနဲ့။ အားလင်းရဲ့အကူအညီနဲ့ နာတာပျောက်သွားမှာပါ။” ထန်ချွန်းမင်က နာကျင်မှုကိုသည်းခံကာ သူ့သားကိုချော့လိုက်ပေမယ့် လီဖုန်း၏မျက်ဝန်းက ပို၍ပင် နက်မှောင်လာခဲ့သည်။ သူဟာ ပုံမှန်ဆိုရင် နာကျင်မှုကို ဤကဲ့သို့သည်းခံရပြီး သူ့အနားမှာ ကူညီပေးမယ့်လူတစ်ယောက်မှမရှိပေ။ ဤကောလေးက တစ်ယောက်တည်း ရုန်းကန်နေပြီး ပုံမှန်ဆို၍ လူတွေက သူ့ကို လျှာစောင်းထက်တယ်လို့ ပြောကြပေမယ့် ယခုချိန်မှာ လူတွေက သူ့ကို သနားနေမှာပင်။
ထိုအကြောင်းတွေးလိုက်တော့ သူ၏လက်လှုပ်ရှားမှုက ပျော့ပျောင်းလာပြီး ထန်ချွန်းမင်ပြောခဲ့တာကို သူစိတ်မဆိုးတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဤလူက သူ့လက်ထဲမှ လွတ်မြောက်ဖို့ အခွင့်အရေးမရှိပေ။
အခန်းထဲက အေးချမ်းသောလေထုကို တွေ့သောအခါ ရှန်းဖူလန်က ရေတစ်ခွက်ခပ်းပေးပြီး တိတ်တိတ်လေး ထွက်သွားခဲ့သည်။ သူက ဤအိမ်ထောင်ရေးကို အလွန်ကျေနပ်နေ၏။ ဤမိသားစုကို ထောက်ပံ့ဖို့ အမျိုးသားတစ်ယောက်လိုတာကို မင်းမြင်နိုင်သည်။ မဟုတ်ပါက မင်ကောအာတစ်ယောက်တည်း ပင်ပန်းနေရလိမ့်မည်။ မင်ကောအာက ဖုန်းရှောင်ကျစ်ကို လျစ်လျူရှူထားပုံမပေါ်ပဲ သူဟာ ရှက်နေခြင်းသာဖြစ်၏။
မနေ့ကအဖြစ်အပျက်ကိုကြားပြီးနောက် သူ့ခင်ပွန်း၏ ရှုပ်ယှက်ခတ်ပြီး စိတ်ပျက်နေသော အမူအရာကိုကြည့်ရင်း ရှန်းဖူလန်က ရယ်မောလိုက်လေသည်။ ဖုန်းရှောင်ကျစ်က ဆုံးဖြတ်ချက်ချပြီးပြီမို့ သူနဲ့ ရွာလူကြီးက တားဆီးလို့မရတော့ပေ။ ရှန်းဖူလန်က ထိုအချိန်မှာ သူ့အနာကိုဆွဖို့ မကြိုးစားခဲ့ပေမယ့် မကြာမီမှာပင် သူ့အမူအရာပြေလျော့သွားတာကိုတွေ့တော့ သူစိတ်သက်သာရာရသွားခဲ့သည်။ မင်ကောအာကိုယ်တိုင်ကလည်း မဆိုးတဲ့လူဖြစ်သည်။ ယခု သူ့ဘဝက ကောင်းလာသဖြင့် သူ့အနာဂတ်သည်လည်း ပိုကောင်းလာလိမ့်မည်။
အခန်းထဲတွင် ထန်ချွန်းမင်က ကြွက်တက်ခြင်းမှ ပထမဆုံးအကြိမ် သက်သာသွားခဲ့သည်။ ထိုလူယူလာပေးသော အဝတ်အစားကိုယူကာ သူ့နဖူးပေါ်ရှိ ချွေးကိုသုတ်လိုက်ပြီး ထန်ချွန်းမင်က သူ့ကို သံသယဖြင့်ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော့်ခြေထောက်တွေ ဘာလို့ပူနေတာလဲ…အဲ့ဒါက…” လီဖုန်း၏ခန္ဓာကိုယ်ကိုကြည့်ပြီး သူ့မျက်ဝန်းက တောက်ပလာခဲ့သည်။ “အတွင်းအား? ကိုယ်ခံပညာက အတွင်းအားကို တိုးမြှင့်စေတာလား?”
သူသိချင်နေတာလည်း အံ့သြစရာမရှိပေ။ သိုင်းစာအုပ်တွေဖတ်ရှုပြီး ကြီးပြင်းလာသော လူတစ်ယောက်အနေဖြင့် ကမ္ဘာပေါ်က လူသားအားလုံးက နံရံပေါ်ပျံတက်ပြီး သစ်ရွက်များဖြင့် လူတွေကို နာကျင်အောင်လုပ်မည့် သိုင်းပညာရှင် သူရဲကောင်းဖြစ်ချင်လာမှာကို သူစိုးရိမ်မိသည်။ သူ ယွိမုအကြောင်း ကြားခဲ့စဥ်က ၎င်းက သူ၏ပထမဆုံးအတွေးဖြစ်ခဲ့သည်။ ယွိမုက နံရံကိုထိုးကာ အပေါက်ဖြစ်စေခဲ့ပြီးနောက် သူက အင်မတန်စိတ်လှုပ်ရှားခဲ့သည်။ လီဖုန်းက ယွိမုထက် အင်အားပိုကြီးတာလား?”