Chapter 53.2
Viewers 21k

Chapter 53.2




ဝမ်ယင် ယနေ့အိမ်မှာမရှိ၍ ထန်ချွန်းမင်က သူ့ကလေးကို သူကိုယ်တိုင်ပြုစုနေရသည်။ သူက ယခုလေးတင် ကလေးကိုထားခဲ့ပြီး အိမ်ထဲဝင်သွားတော့ ငိုသံကိုကြားလိုက်ရသည်။ အားလင်းက သူနဲ့ကစားနေသည်။

   

အရွယ်ရောက်ပြီးသူမရှိသော်လည်း ညီအစ်ကိုနှစ်ယောက်က ပျော်နေကြသည်။ အားလင်းက သူ၏သစ်သားကျားရုပ်ကို ပေးလိုက်သည်။ သူက တခြားသူများကိုပေးဖို့ တွန့်တိုသော်လည်း သူ့ညီလေးကတော့ ကွာခြားသည်။ သူက အစ်ကိုကြီးဖြစ်၍ သူ့ညီလေးကို ကာကွယ်ရမည်။

    

အရသာရှိသော စားစရာနှင့် ပျော်ရွှင်စရာကိစ္စများကို လုပ်နေစဥ်တွင် သူက သူ့ညီလေးကိုပဲတွေးသည်။ သို့သော် သူ့ညီလေးဘာမှစားလို့မရဘူးလို့ သူ့အားမူကပြောထားတာ​ကြောင့် အားလင်းက ညီလေးကိုသနားပြီး ပိုရက်ရောလေသည်။

  

“ဦးလေးထန့်….ဦးလေးချီ။” အားလင်းက သူတို့ကိုခေါ်လိုက်သည်။

  

“လိမ္မာတဲ့ကလေး” ဆိုင်ရှင်ချီက အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ ထန့်ယွီက လူအများ၏နှလုံးသားကို ဘယ်လိုအနိုင်ယူရမလဲသိတာကြောင့် သူက ကလေးကြိုက်နှစ်သက်သော သရေစာမုန့်ကို ထုတ်ပေးလိုက်သည်။

 

သမားတော်ဟဲက ဤနေရာမှာမရှိပေ။ သူက ဟူလန်ကျုံးနဲ့အတူ ဆေးဖက်ဝင်အရွက်များစုဆောင်းရန် တောင်ပေါ်လိုက်သွားခဲ့သည်။ လီဖုန်းက သူတို့နဲ့အတူလိုက်ချင်ပေမယ့် သူတို့နှစ်ယောက်က တောင်အနက်ဆုံးထိမသွားပဲ အပြင်မှာပဲလမ်းလျှောက်မည်ဟုဆိုကာ ငြင်းဆန်ခဲ့သည်။ သို့သော်လည်း လီဖုန်းက သူတို့နဲ့အတူ အ​ဖော်နှစ်ယောက်ထည့်ပေးလိုက်သည်။ 

 

လီဖုန်းလောင်းထည့်ပေးသော လက်ဖက်ရ​ည်ကိုသောက်ပြီးနောက် ထန့်ယွီက ထန်ချွန်းမင်ကို ချက်ချင်းပြောလိုက်သည်။ “ထန်ဖူလန်… အစ်ကိုလီဖုန်း..ကျွန်တော်အပိုစကားမပြောတော့ဘူး။ ခင်ဗျားတို့ စပါးဘယ်လောက်ပေးနိုင်လဲ သိချင်ပါတယ်။ ဒါပေါ့… ထန်ဖူလန်ရဲ့မိသားစုက ဒီနှစ်မှာ စပါးအများကြီးရှိမှာမဟုတ်ဘူး။ ဒီတော့ စားဖို့ချန်ထားပြီး ကျန်တာဆိုအဆင်ပြေပါတယ်။ ခင်ဗျားတို့ နောက်နှစ်မှာ ​ပိုစိုက်နိုင်မှာပါ။”

 

ထန်ချွန်းမင်က သူ့ကို စိတ်ပျက်သယောင် မျက်စောင်းထိုးလိုက်သည်။ “ကျွန်တော့်မိသားစုမှာ စပါးအများကြီးမရှိတာ ခင်ဗျားသိပါတယ်။ ကျွန်တော်နောက်နှစ်အတွက် ဘယ်လိုသိမ်းထားရမလဲ?” ဆိုင်ရှင်ချီနှင့် ရှောင်ရွှင်းကျိက ဖျင်ရှန်ရွာကို မကြာခဏလာလေ့ရှိသည်။

    

အချိန်အတော်ကြာပြီးနောက် သူတို့က သူတို့မိသားစုမှာ ဖြစ်ပျက်သမျှအားလုံးကိုသိသည်။ သူက သူ့လယ်ဧကအနည်းငယ်မှ ဂျုံစပါး၁၀၀၀ကီလိုဂရမ် ရိတ်သိမ်းနိုင်ခဲ့သည်။ လီဖုန်းက အနည်းငယ်သာရိတ်သိမ်းနိုင်ခဲ့သည်။ သူ့မှာနေရာနည်းနည်းကျန်သေးပေမယ့် သူ့မိသားစုကလွဲ၍ သူက ထုတ်သုံးမှာမဟုတ်ပေ။

 

ထန့်ယွီက နှစ်ကြိမ်တိတိ ခြောက်ကပ်ကပ်ရယ်မောလိုက်ပေမယ့် အရှက်မရှိစျေးဆစ်လိုက်သေးသည်။ “ဒါဆို နည်းနည်းပဲပေးလေ။ ငါက ဒါကိုစားဖို့သုံးမှာ​ပါ။ ဒီပမာဏက စားသောက်ဆိုင်အတွက် မလောက်ဘူး။”



  

ဆိုင်ရှင်ချီ၏မျက်နှာတွန့်သွားသည်။ သူက စားသောက်ဆိုင်အကြောင်းတွေးနေ၍ ထန်ဖူလန်၏မျက်နှာ ပြောင်းလဲသွား​တာကို သတိမထားမိခဲ့ပေ။

  

“ခင်ဗျားက တကယ်ကို စဥ်းစားပေးတတ်တာပဲ” ထန်ချွန်းမင်က အံကြိတ်ရင်းပြောလိုက်သည်။

 

လီဖုန်းက အထဲဝင်လာပြီး ဧည့်သည်များကိုဧည့်ခံရန် ထန်ချွန်းမင်ပြုတ်ထားသော မြေပဲများကိုယူလာသည်။ မပြုတ်ခင််မှာ သူက မြေပဲခွံကိုခွာပြီး ဆားနှင့် တခြားဟင်းခတ်အမွှေးအကြိုင်များကို ပေါင်းထည့်ကာ အရသာကို အလွယ်တကူစုပ်ယူနိုင်ပြီး အရသာအပေါ့အငန်တည့်အောင် ပြုတ်ခဲ့လေသည်။ 

   

သမားတော်ဟဲ အားနေသည့်အခါ သူက ဟူလန်ကျုံးကိုခေါ်ကာ​ သောက်လေ့ရှိပြီး အရံဟင်းနှစ်မျိုးကိုလည်း ကြော်ပေးဖို့ ထန်ချွန်းမင်ကို ညွှန်ကြားခဲ့သည်။

  

“ဒီမြေပဲကမဆိုးဘူး။” ထန့်ယွီ၏မျက်လုံးက တောက်ပလာသည်။

  

“​မြေပဲကနည်းနည်းပဲရှိတယ်။ ကျွန်တော်တို့မိသားစုပဲ စားလို့လောက်တယ်။” ထန်ဖူလန်က ချက်ချင်း​​ပြောလိုက်သည်။ သူက တချို့ကို ဆီကြိတ်ဖို့သုံးခဲ့သည်။ တိရစ္ဆာန်ဆီကိုစားခြင်းက ခန္ဓာကိုယ်အတွက်မကောင်းပေ။ အထူးသဖြင့် သကကြီးရွယ်အိုရှိတာကြောင့် ထန်ချွန်းမင်ကစိတ်ပူသည်။



  

“ကောင်းပြီ။ ငါ ဂျုံနဲ့ဆန် ရာဂဏန်းလောက်လိုချင်တာပါ။ ရမလား?” ထန့်ယွီကလည်း များများတောင်းလို့မရမှန်းသိသည်။ တစ်ဧကအထွက်နှုန်းများသည်မှာ သီးနှံဖြစ်ထွန်းမြေကြောင့်ဖြစ်သည်။ မဟုတ်ပါက သာမန်လူတို့သည် ငွေကိုအားကိုးရလိမ့်မည်။

 

ညှိနှိုင်းပြီး​နောက် တစ်​ခုကို ကီလိုသုံးရာပေးခဲ့သည်။ ထန့်ယွီက မကျေနပ်သော်လည်း အများကြီး​တောင်းလို့ မကောင်းဘူးဆိုတာသိသည်။ ထန်ချွန်းမင်က သူ့မိသားစုစားသောက်ရန် မျိုးစေ့အလုံအလောက်သိမ်းထားဖို့လိုပြိး သူက ဆွေမျိုးတွေကိုလည်း ပေးချင်လိမ့်မည်။ လာမည့်နှစ် မကုန်ဆုံးခင်မှာ ကောက်ပဲသီးနှံကုန်သွားမည်ဟု ခန့်မှန်းမိသည်။

 

ထန်ချွန်းမင်က ထိန်းချုပ်မထားပဲ သူ့ကိုအခွင့်အရေးယူခဲ့သည်။ သူတိုနှစ်ယောက်က စပါး ၆၀၀ဂရမ်ယူကာ ငွေပြားသုံးဆယ်ပေးခဲ့သည်။ စပါးကျီထဲမှာ တစ်ဝက်လောက်လျော့သွားသောအခါ ထန်ချွန်းမင်က သူအလွန်စိတ်​ပျော့သည်ဟု ခံစားလိုက်ရသည်။ 

 

လီဖုန်းက အနောက်တောင်ပေါ် တက်သွားခဲ့သည်။ ထန်ချွန်းမင်က လိုက်သွားချင်သော်လည်း အားလင်းကိုခေါ်သွားလို့ရပြီး လူယုတ်မာလေးက ငယ်သေး၍ ခေါ်သွားလို့မရပေ။ သူက အိမ်မှာကလေးထိန်းနေရပြီး အားလင်းနဲ့ လူယုတ်မာလေးစကား​ပြောတာကို နားထောင်နေသည်။

 

ကျောင်းစဖွင့်တော့ တာမောင်းနှင့်အာမောင်းတို့ နှစ်ယောက်လုံးကျောင်းစတက်ကြသည်။ ရုတ်တရက် အိမ်မှာကလေးနှစ်ယောက်မရှိတော့၍ သူတင်မကပဲ အားလင်းလည်း အထီးကျန်သလို ခံစားလိုက်ရသည်။ သူက သူရေးထားသော စာလုံးကြီးတွေကို လေးလေးနက်နက် ထောက်ပြကာ သူ့ညီလေးကို စာသင်ပေးနေ၏။

 

ကျန်းရှို့ရောက်လာပြီး ထိုမြင်ကွင်းကိုမြင်သွားတော့ အူလှိုက်သည်းလှိုက်ရယ်မောကာ ပြောလိုက်သည်။ “အားလင်းက အရမ်းတော်တာပဲ။ သူကြီးလာရင် သူ့ညီလေးကို သေချာပေါက်သင်ပေးမှာ။”

  

“ဟုတ်.. သားညီလေးက ပညာရှင်စာမေးပွဲဖြေပြီး အနာဂတ်မှာ ဘွဲ့ကောင်းကောင်းရမှာပါ။” အားလင်းက ထိုစကားကိုအတည်ယူပြီး ကျန်းရှို့နဲ့သူ့ညီလေးကို လေးလေးနက်နက်ပြောလိုက်သည်။

  

“ဒါဆို အားလင်းက စာကြိုးစားရမယ်နော်။ သား သေချာသင်ထားမှ ဒီလူယုတ်မာလေးမွေးလာရင် ပြန်သင်ပေးလို့ရမှာ။” ထန်ချွန်းမင်က အားလင်း၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

  

“ညီလေးပါ… လူယုတ်မာလေးမဟုတ်ဘူး။” အားလင်းကပြင်ပေးလိုက်သည်။

 

ကျန်းရှို့က တခစ်ခစ်ရယ်ပြီး ထန်ချွန်းမင်ကို လက်ညိုးထားကာ ေပြာလိုက်သည်။ “ငါပြောသားပဲ… အားစန်းကို အဲ့လိုမခေါ်ပါနဲ့ဆို.. အခုအားလင်းကလည်း မင်းကိုဆန့်ကျင်နေပြီ။ အားစန်းလေး စကားပြောနိုင်ရင် သူသေချာပေါက် ဆန္ဒပြမှာ။”

 

အားစန်းလေးက လူကြီးတွေဘာတွေပြောနေလဲမသိပေမယ့် သူ့နားမှာဝိုင်းထားသည်ကိုတွေ့လျှင် သူက အလွန်ပျော်ရွှင်သွားပြီး သွားရည်ကျကာ အာအာလို့ အော်လိုက်လေသည်။

    

အားလင်းက သူ့ညီလေး၏တံထွေးကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးလိုက်သည်။ သူလည်း ငယ်ငယ်က ယခုလိုပဲဖြစ်ခဲ့တာကြောင့် သူ့ညီလေးကို မခွဲခြားသင့်ဘူးလို့ သူ့ဘိုးဘိုးက​​ပြောခဲ့သည်။

  

“အေးပါ…ငါအရှုံးပေးပါတယ်။ အခုကစပြီး လူယုတ်မာလေးလို့ မခေါ်တော့ဘူး။ အားစန်းလို့ပဲခေါ်တော့မယ်။ ဟုတ်ပြီလား?” ထန်ချွန်းမင်က ကူကယ်ရာမဲ့ မျက်လုံးလှိမ့်ပြကာ ခိုးကြောင်းခိုးဝှက်ခေါ်လျှင် ဘယ်သူမှကန့်ကွက်မှာမဟုတ်ဘူးလို့ တွေးနေသည်။

 

သို့သော် ခဏကြာတော့ လူယုတ််မာလေးအိပ်ပျော်သွားသည်။ ဤအရွယ်ကလေးများက တစ်နေ့တာကို အိပ်ရင်းဖြင့် ကုန်ဆုံးသည်။ အားလင်းက လက်ရေးလှလေ့ကျင့်နေသည်။ ကျန်းရှို့က ထန်ချွန်းမင်ကို အခန်းထဲမှာ စကားပြောနေသည်။

 

“လူတိုင်းကအလုပ်ရှုပ်နေလို့ မင်းကိုဘာမှမပြောတာ။ ကျောက်မိသားစုက ဒီတစ်​ကြိမ်ရယ်စရာကောင်းလိုက်တာ။ မြေကိုရိတ်သိမ်းပြီး ပြဿနာကိုဖန်တီးနိုင်တာ သူတို့ပဲရှိတယ်။”

 

ထန်ချွန်းမင်က မျက်တောင်ခတ်လိုက်သည်။ ကျောက်မိသားစု၏ကိစ္စများကို သူဂရုမစိုက်ခဲ့တာကြာပြီပင်။ သူက ကလေးတွေ၊ စပါးရိတ်သိမ်းခြင်း နှင့် အနောက်တောင်နဲ့ပတ်သက်ပြီး စီစဥ်ရင်း အလုပ်ရှုပ်နေခဲ့၍ အာရုံစိုက်ဖို့အချိန်မရှိခဲ့ပေ။

    

သူက ရုတ်တရက် ကျောက်လောင်စန်း၏ စေ့စပ်ပွဲကို သတိရသွားသည်။ “ဒါနဲ့ ကျောက်လောင်စန်းရဲ့အိမ်ထောင်ရေးက ဘယ်လိုဖြစ်သွားပြီလဲ? ရှန်းမိသားစုနဲ့ စေ့စပ်ပွဲဖျက်လိုက်ပြီလား? ခရိုင်မော်ကွန်းထိန်းနဲ့ စေ့စပ်ပွဲက အတည်တကျဖြစ်သွားပြီလား?” လွန်ခဲ့သည့်ရက်အနည်းငယ်က ထန့်ယွိနဲ့ ဆိုင်ရှင်ချီလာခဲ့ပေမယ့် ထိုကိစ္စအကြောင်းမပြောခဲ့ပေ။

      

သူက မေ့ပင်မေ့သွားခဲ့ပြီး သူတို့ကိုလည်း မမေးခဲ့ပေ။ 

 

ကျန်းရှို့က ထန်ချွန်းမင်၏အခြေအနေကိုသိသည်။ လွန်ခဲ့သည့်နှစ်ရက်က သူ့မှာအားလပ်ချိန်နည်းနည်းရှိတော့ သူ့ကိုပြောပြခဲ့သည်။ သူက ၎င်းကိုနောက်နေတယ်လို့သာ ထင်ခဲ့သည်။ “ရှန်းမိသားစုသခင်ကြီးက နောက်ဆုတ်ဖို့သဘောတူလိုက်ပြီ။ ဒါပေမယ့် ခရိုင်မော်ကွန်းထိန်းနဲ့ စေ့စပ်ပွဲလည်း ပျက်သွားခဲ့တယ်။ ခရိုင်မော်ကွန်းထိန်းက ကျောက်လောင်စန်းရဲ့စေ့စပ်ပွဲအ​ကြောင်း​ ကြားတော့ ဒေါသထွက်ပြီး ဖျက်လိုက်တာလို့ပြောတယ်။ ကျောက်မိသားစုက ဘာမှမရှင်းပြနိုင်ခင်မှာ သတင်းထွက််လာခဲ့တာလေ။”

 



ထန်ချွန်းမင်က ဤရလဒ်ကို မအံ့သြပေ။ ဤအရာက ထန့်ယွီ၏ဝင်စွက်ဖက်ခြင်းမဟုတ်လား? သို့သော် “ကျောက်လောင်စန်းက ခရိုင်ကျောင်းတက်ခဲ့တာမလား? ခရိုင်ကျောင်းက မော်ကွန်းထိန်းမိသားစုနဲ့ လက်မထပ်နိုင်တော့ သူ ခရိုင်ကျောင်းမှာလည်း အဆင်ပြေမယ်မထင်ဘူး။”

     

ခရိုင်ကျောင်းက ခရိုင်အစိုးရလည်ပတ်သည့် အရာရှိကျောင်းဖြစ်၏။ ပညာရှင်စာမေးပွဲအောင်သော ကျောင်းသားများသာ တတ်ရောက်နိုင်သည်။

 

 



ကျန်းရှို့က နှုတ်ခမ်းတွန့်ကွေးကာ ပြောလိုက်သည်။ “သူအဆင်ပြေပြေမပြေပြေ ဘယ်သူက ဂရုစိုက်လို့လဲ? လူငယ်မျိုးဆက်က တတိယဦးလေးရဲ့အပြုအမူကို မကျေန​​ပ်ဘူးထင်တယ်။ ဒါကြောင့် ကျောက်မိသားစုမှာ စပါးရိတ်သိမ်းပေးမယ့်လူမရှိဘူးလေ။ "အရင်ရက်အနည်းငယ်ကပဲ မိုးရွာထားတာမလား? ဟားဟား… ဘိုးဘိုးကျောက်ကတော့ အသည်းကွဲပြီထင်တယ်။”