Chapter 55.2
ပုံကြမ်းများထွက်လာပြီးနောက် လီဖုန်းက အားအင်ပြည့်နေပြီး ခြံနောက်ဘက်မှာအလုပ်လုပ်ဖို့ ချက်ချင်းပင် လူတွေရှာနေခဲ့သည်။ ယင်းက သူနဲ့ထန်ချွန်းမင်၏ အနာဂတ်အိမ်ဖြစ်သည်။ နောက်ဆုံးအသုတ် ဟင်းသီးဟင်းရွက်များ ပေးပို့ပြီးနောက်မှာ အိမ်နောက်ဖေးက လုံးဝကွဲပြားသွားခဲ့သည်။ နေရာပိုကျယ်စေရန်အလို့ငှာ သူတို့က အနောက်ဘက်နံရံကို ဖြိုချခဲ့ပြီး နေရာချဲ့ထွင်ခဲ့သည်။ အနောက်ဘက်ရှိမြေကွက်က မူလက သူတို့ဝယ်ယူခဲ့သော အနောက်တောင်တွင် ပါဝင်သည်။ သို့သော် လုံခြုံရေးအရ အိမ်ဆောက်လုပ်ရန် ဧရိယာဝန်းကျင်ကို တံတိုင်းဆောက်လုပ်ပြီးနောက် အိမ်သစ်ကို နဂိုရှိပြီးသားအိမ်ထက် ပိုမိုခိုင်ခံ့အောင် ဆောက်လုပ်ခဲ့သည်။
လယ်ယာစိုက်ပျိုးမှုပြီးစီးသွားသော ရွာသားများက လာကူညီကြသည်။ ဤသည်မှာ လီဖုန်းနှင့် ထန်ချွန်းမင်၏ အနာဂတ်အိမ်ဖြစ်တာကို အားလုံးသိကြ၍ သူတို့က ကူလုပ်ပေးရင်း နောက်ပြောင်ခဲ့ကြသည်။ လီဖုန်းနဲ့ အချိန်အကြာကြီးဖြတ်သန်းပြီးနောက် ယခင်က လူတွေပြောကြသလို သူ့မျက်နှာက မဆိုးမှန်းသိခဲ့ရသည်။ သူ့ပုံစံက လူသတ်ရောင်ဝါရှိသလိုမျိုး ကြိမ်းတမ်းသည်ဟု လူအများစုက ပြောခဲ့ဖူးသည်။ အနီးကပ်မကြည့်လျှင် သူ့မျက်ခုံးပေါ်က အမာရွတ်ကိုပင် မြင်နိုင်မည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သန်မာပြီး အနည်းငယ်ခက်ထန်သည့် အမျိုးသားတစ်ဦးဖြစ်သည်။
လီဖုန်း၏အကန့်အသတ်ကို မထိသရွေ့တော့ သူက စကားပြောရလွယ်သော လူတစ်ဦးဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ တစ်ယောက်ယောက်က နောင်ပြောင်လိုက်လေသည်။ “ဟေး… လီဖုန်း.. မင်းမျက်နှာပေါ်က ဒဏ်ရာက သက်သာဖို့ သိပ်မကြာခဲ့ဘူးနော်။”
သူ ပြန်ရောက်ခါစက ထိုအမာရွတ်သည် ရဲရင့်သောအမျိုးသားတစ်ချို့ကိုပင် ထိတ်လန့်စေခဲ့သည်။ အထူးသဖြင့် လီဖုန်း မျက်မှောင်ကြုတ်လိုက်သောအခါ သူ့တစ်ကိုယ်လုံးက နတ်ဆိုးတစ်ကောင်လိုပင် ကြောက်စရာကောင်းခဲ့သည်။ လီစုန့်ကမ်း၏မိသားစုက သူ့ကိုဘယ်လိုရင်ဆိုင်ရဲခဲ့လဲပင် သူတို့မသိတော့ပေ။
တခြားသူတွေနဲဲ့အတူ အလုပ်ကူလုပ်နေသော လီဖုန်းက တစ်ခုခုကို သတိရသွားပုံရသည်။ သူက တစ်ခုခုကို စဥ်းစားနေသလိုမျိုး မူလဒဏ်ရာကို သုတ်လိုက်သည်။ သူရောက်ခါစက သူ့ကိုကုသပေးခဲ့တာ သမားတော်ဟဲဖြစ်၏။ ထို့နောက် သူ့အခြေအနေက ပြန်ကောင်းလာခဲ့သည်။ သူ ဒဏ်ရာရခါစက မျက်နှာတစ်ခုလုံး ပျက်စီးမလိုဖြစ်ခဲ့သည်။ ထို့အပြင် ပါးပြင်နှင့် နဖူးတွင်လည်းအမာရွတ်များရှိနေ၍ သမားတော်ဟဲက ၎င်းတို့ကိုဖယ်ရှားရန် နန်းတော်ထဲမှာ လျှို့ဝှက်ဆေးဝါးကို အသုံးပြုခဲ့သည်။ သူပြန်ရောက်တော့ ထန်ချွန်းမင်က အမာရွတ်ကို အမှုမထားသဖြင့် လီဖုန်းကလည်း ဂရုမစိုက်ခဲ့ပေ။ ယခု လူတစ်ယောက်ပြောလာတာကို ကြားတော့ သူက သတိလက်လွတ် ထိလိုက်မိသည်။ ယင်းက တခြားသူတွေပြောသလိုပင်။ နေရာလွတ်မှ အစားအသောက်များကြောင့် သူ့အတွင်းဒဏ်ရာတွေ တဖြည်းဖြည်းပြန်ကောင်းလာပြီး သူ့မျက်နှာပေါ်က အမာရွတ်တွေ မှေးမိန်သွားခဲ့တာဖြစ်သည်။
ဖြစ်ပျက်နေတာကိုသိသွား၍ သူက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “ဖြစ်နိုင်တယ်… ငါ့ကိုယ်ငါ သိပ်သတိမထားမိခဲ့ဘူး။”
နောက်တစ်ယောက်ကလည်း ထပ်ပြောလိုက်သည်။ “မင်းက စိတ်ကြည်နေလို့ဖြစ်မယ်။ မင်းပျော်ရွှင်ရင် မင်းရဲ့ခန္ဓာကိုယ်လည်းသက်သာတယ်။ အမာရွတ်လည်း မြန်မြန်ပျောက််သွားလိမ့်မယ်။ ငါပြောနေကျစကားလိုပဲ လက်တွဲဖော်ရှာတဲ့နေရာမှာ အကျင့်စရိုက်ကောင်းဖို့နဲ့ ကောင်းကောင်းနေထိုင်ဖို့က အရေးကြီးဆုံးပဲ။ မင်း ရုပ်ရည်ကိုပဲအာရုံစိုက်နေရင် အဆုံးမှာ ဘယ်လိုဒုက္ခရောက်မလဲ ဘယ်သူမှမသိနိုင်ဘူး။”
“ဘာတွေဖြစ်နေတာလဲ? မင်းဘာလို့ဒါတွေပြောနေတာလဲ?” တစ်ယောက်ယောက်က အံ့အားသင့်စွာ မေးလိုက်လေသည်။
“မင်းတို့မသိသေးဘူးမလား? ကျန်းလန်ဟွာ ကွာရှင်းထားတာ မကြာသေးဘူးလေ။ ပြီးတော့ အဲ့ဒီလူက နောက်အိမ်ထောင်ပြုဖို့ ပြင်ဆင်နေပြီ။ သူ့ဇနီးလောင်းက ကျန်းလန်ဟွာထက် ပိုချောတယ်လို့ ငါကြားတယ်။ သူဘာတွေတွေးနေလဲ ငါမသိဘူး”
တစ်ဖက်တွင် ဟင်းသီးဟင်းရွက်ခူးရင်း အလုပ်ရှုပ်နေသော ကောငယ်လေးတစ်ယောက်ကလည်း တူညီသောအရာကိုပဲပြောခဲ့သည်။ လီဖုန်းနှင့် ထန်ချွန်းမင်က လက်မထပ်ရသေးပေမယ့် ရွာထဲက မိသားစုနောက်တစ်ခုက လက်ထပ်ဖို့စီစဥ်နေတာကြောင့် ၎င်းက ဆွေးနွေးစရာခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။
“ကွာရှင်းပြီး ပြန်ပို့ခံရလိုက်လို့ ဒီကောလေးရဲ့တန်ဖို့က ကျဆင်းသွားပေမယ့် အမျိုးသားကတော့ ဘာမှမဖြစ်သွားဘူး။ နှစ်ဝက်မပြည့်သေးပဲ သူကနောက်တစ်ယောက်ကို လက်ထပ်ဖို့ပြင်နေပြီ။ ဒါပေမယ့် ဒီလူက တကယ်ကိုတစ်ခုခုပဲ! အရင်တစ်ခေါက် ခံစားခဲ့ရတာမလုံလောက်လို့လား? အခုလည်း သူလက်ထပ်မယ့်တစ်ယောက်က အလှလေးတဲ့။ သူက သူ့ကိုလက်ထပ်ဖို့ ငွေဆယ့်ငါးပြားသုံးခဲ့တယ်။ ကျစ်…ကျစ်.. ကျန်းလန်ဟွာကို လက်ထပ်တုန်းကအချိန်ကို မှတ်မိလား? သူငွေအများကြီးသုံးခဲ့တာပဲလေ။ ဒါတွေအားလုံးကြောင့် သူ့မိသားစုက ဘယ်လောက်တောင် ငွေကုန်လိုက်မလဲ?”
“ ငွေဆယ့်ငါးပြားလား? သူအခုလက်ထပ်မှာ ဘယ်လူပျိုကောလေးလဲ?” လူငယ်တွေကြားမှာ သတင်းအမြန်ပျံ့နှံ့သွားခဲ့ပြီး တင်တောင်းငွေက ဘယ်လောက်လဲ သူတို့သိခဲ့ရသည်။ တစ်ယောက်ယောက်က မယုံနိုင်သလို ထမေးလိုက်သည်။
“အဲ့ဒီလူကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ပြောတယ်။ မိသားစုထဲက လူကြီးတွေက သဘောမတူခဲ့ဘူး။ အရင်တစ်ခေါက် ကျန်းလန်ဟွာနဲ့ လပ်ထပ်တုန်းက သူက မိသားစုကထွက်ပြီး သီးသန့်ခွဲနေခဲ့တာ။ လူကြီးတွေကိုလည်း ဂရုမစိုက်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာ လူကြီးတွေက သူတို့သားလေး လမ်းမှန်ပြန်ရောက်စေဖို့ အကျင့်စရိုက်ကောင်းတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ပေးချင်ခဲ့တယ်။ ဒါပေမယ့် ကြည့်ဦး… အခုက ကျန်းလန်ဟွာတုန်းကလိုပဲ။ သူကိုယ်တိုင်ရွေးချယ်ပြီး အခုဆို ဝင့်ကြွားနေသေးတယ်။”
“ငါလည်းကြားဖူးတယ်။ ဒီတစ်ယောက်က လူကောင်းမဟုတ်ဘူး။ သူက ကလေးရှိတဲ့မုဆိုးဖိုပဲ။ သူက ရွာမှာနာမည်ဆိုးနဲ့ ကျော်ကြားပြီး ယောကျာ်းပေါင်းစုံနဲ့ ပတ်သက်ခဲ့တယ်လို့ မွေးမိသားစုဘက်က တစ်ယောက်ယောက်ကပြောခဲ့တယ်။ ငါတို့ အေးချမ်းတဲ့ဘဝရနေမှ ရွာကိုဒုက္ခပေးမယ့်လူ နောက်တစ်ယောက်ရှိလာမှာစိုးရိမ်တယ်။”
စကားပြောပြီးသည်နှင့် ကောလေးက သက်ပြင်းချလိုက်သည်။ သို့သော် အားလုံးတိတ်ဆိတ်နေသည်ကိုတွေ့လျှင် သူက စကားမှားသွားမှန်းသိလိုက်သည်။ တကယ်တော့ မင်ကောအာသည်လည်း မုဆိုးဖိုဖြစ်ပြီး မင်ကောအာနဲ့ပတ်သက်၍ ကောလာဟလများရှိသော်လည်း သူက ချက်ချင်းပင် နောင်တရသွားလေသည်။ သူ့ပါးစပ်ကိုသူရိုက်ရင်း ပြောလိုက်လေသည်။ “ကြည့်ပါဦး…ဒီပါးစပ်ကတော့.. ငါမရည်ရွယ်ပါဘူး.. မင်ကောအာ.. မင်ကောအာ ဘယ်လိုလူမျိုးလဲဆိုတာ ငါသိပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ သူ့လိုလူမျိုးက ရှားပါးမှန်းငါသိပါတယ်!”
ကျန်းရှို့၊ရှန်းဖူလန်နှင့် ဝမ်မော့တို့ အားလုံးရှိနေသည်။ ဤလူတွေက မင်ကောအာနှင့် သူတို့ဆက်ဆံရေးကိုစိုးရိမ်၍ သူတို့ကို မစော်ကားရဲပေ။ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။ သူတို့က ဝင်မစွက်ဖက်ချင်ပေ။ ထိုလူ ဘယ်သူနဲ့လက်ထပ်ချင်လဲဆိုတာ သူတို့ကိစ္စမဟုတ်ပေ။ မိသားစုထဲက သက်ကြီးရွယ်အိုများပင် မထိန်းချုပ်နိုင်ကြပေ။ သို့သော် သူတို့ကလည်း စိတ်ပူမိသည်။ ရွာ၏လေထုက မကြာသေးခင်ကမှ တိုးတက်လာတာဖြစ်သည်။ ဒုက္ခပေးတတ်သူရောက်လာလျှင် ခေါင်းကိုက်စရာဖြစ်လာပေမည်။ ကျန်းလန်ဟွာရောက်လာတုန်းကလည်း ပြဿနာအများကြီးရှာခဲ့တာမလား?
ထန်ချွန်းမင်က ကလေးထိန်းရင်း အလုပ်ရှုပ်နေပြီး ကူညီရန်ရောက်လာသော လူများအတွက် နေ့လည်စာပြင်ဆင်ပေးရန်နှင့် ပစ္စည်းများဝယ်ပေးရန် ရှန်းဖူလန်အား ငွေပေးခဲ့သည်။ သို့သော် သူကရောက်မလာပဲ ဝမ်ယင်က လာကူညီခဲ့သည်။ သူ့လင်ပါသားက ကလေးထိန်းကျွမ်းကျင်လာတာကိုကြည့်ရင်း ဝမ်ယင်က မီးဖိုချောင်မှာကူပေးဖို့ နေရစ်ခဲ့သည်။ ဟင်းသီးဟင်းရွက်လှီးရင်းဖြင့် သူက စကားဝိုင်းကို ကြားလိုက်ရသည်။
ဝမ်ယင်က ၎င်းကိုစိတ်ထဲမထားပေ။ သူ့အမြင်အရ သူ့လင်ပါယား၏အကျင့်စရိုက်ကလည်း ဤကောလာဟလမျိုးကို ဂရုစိုက်မှာမဟုတ်ပေ။ သူက အသီးအရွက်လှီးတာရပ်မသွားပဲ တခြားသူများ၏ နေရခက်သောအမူအရာကိုကြည့်ကာ ပြောလိုက်လေသည်။ “ငါတို့ဘဝအဆင်ပြေလား မပြေဘူးလားဆိုတာ အိမ်ထောင်ဦးစီးအပေါ်မူတည်တယ်။ အိမ်ထောင်ဦးစီးက စီမံနိုင်ရင် သူတို့ဇနီးတွေက အပြင်ထွက်ပြီး ညည်းညူနေမှာမဟုတ်ဘူး။ လီဖုန်းက လူကောင်းတစ်ယောက်လို့ ငါထင်တယ်။ သူက ကိစ္စတွေထိန်းချုပ်နိုင်တယ်။”
လူတိုင်းက ထိုစကားကြားပြီး ရယ်မောလိုက်ကြသည်။ နေရခက်သော လေထုလည်း ပျောက်ကွယ်သွားခဲ့သည်။ “အမှန်ပဲ။ လီဖုန်း လူကောင်းဆိုတာ ဘယ်သူမသိလို့လဲ? သူက မိသားစုကိုဦးစားပေးပြီး ငွေလည်းရှာတယ်။ ကလေးလည်းထိန်းပေးတယ်။ မင်ကောအာရဲ့ကလေးကို ဘယ်လောက်ထိ ကောင်းကောင်းဆက်ဆံလိုက်သလဲ.. သူက သူတို့အပေါ် တကယ်ကောင်းတယ်။ ဒါပေါ့ မင်ကောအာကလည်း အရည်အချင်းရှိတယ်။ ဒီလိုလူကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့တဲ့ မင်ကောအာကို အားမကျတဲ့လူရှိသေးလား? ပြီးတော့ ဒီလိုလက်တွဲဖော်ရှာတွေ့ခဲ့တဲ့ လီဖုန်းကိုလည်း တခြားယောကျာ်းတွေက အားကျနေတာ။ ဂျုံစေ့ရောင်းပြီး ငွေဆယ်ပြားရှာနိုင်တာလေ။ ဘယ်ကောလေးက ဒီလောက်ငွေအများကြီးရှာနိုင်လို့လဲ?”
ထန်ချွန်းမင်က အဆုံးမှာ သူ့သားကိုချော့သိပ်နိုင်ခဲ့သည်။ သူက မောပန်းနေ၏။ အိမ်ထဲကအသံတွေက ဆူညံလွန်းတာကြောင့် သူက သူ့သားကို ဝမ်မော့အိမ်ကိုပို့ခဲ့သည်။ ဝမ်မော့၏ယောက္ခထီးဖြစ်သူက ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးနေသည်။ ၎င်းက အဆင်ပြေပေမယ့် ထန်ချွန်းမင်က ကိစ္စအားလုံးကို တစ်ယောက်တည်းလုပ်ရသေးသည်။ သူက တခြားသူများကို အကုန်ခိုင်းလို့မရပေ။ သူ့ကလေးတွေအကြောင်း သူသာသိလို့ တခြားသူတွေကို ကိုင်တွယ်ခွင့််မပြုနိုင်ပေ။ သူ့သားလေး နို့သောက်သည့်အချိန်ဖြစ်စေ အိပ်ခါနီးဖြစ်စေ အော်ငိုတတ်ပြီး သူကလွဲ၍ တခြားသူချော့တာမခံပေ။ လီဖုန်းနဲ့သမားတော်ဟဲ ဘေးမှာရှိလျှင်ပင် သူက အငိုမတိတ်ပေ။
ဝမ်မော့၏ယောက္ခထီးဖြစ်သူ ကျန်းချန်မင်၏အားမူက မျက်ခုံးပေါ်ကချွေးကိုသုတ်နေသော ထန်ချွန်းမင်ကို ပြုံးကာပြောလိုက်သည်။ “မင်းရဲ့သားက အိမ်ကတစ်ယောက်ထက် ဂရုစိုက်ရတာပိုလွယ်တယ်။ ငါတို့ကလေးက အရမ်းဆိုးတာ။” သူက သူနဲ့ဆော့ကစားခဲ့သည့် ကလေးငယ်ကိုကြည့်လိုက်သည်။ သူက ယခုချိန်မှာ သိုးနို့သောက်ကာ အိပ်ပျော်သွားပြီဖြစ်သည်။
ထန်ချွန်းမင်က နဖူးပေါ်ကချွေးကိုသုတ်လိုက်သည်။ သူ တကယ်ဆက်ထိန်းနိုင်ပါ့မလား မသိတော့ပေ။ ဤကလေးပိစိဖြင့် အရာအားလုံးက ခက်ခဲနေသည်။ သူက အိမ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူကပြုံးကာပြောလိုက်သည်။ “ဘိုးဘိုး…. သူ့ကိုဆက်ကြည့်ထားပေးပါ။ ကျွန်တော်အိမ်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ သူနိုးလာရင်ခေါ်လိုက်ပါ။”
“ဟုတ်ပြီ။ မင်းအလုပ်သွားလုပ်တော့ ။ သူနိုးလာရင် ငါမင်းကိုခေါ်လိုက်မယ်။” ဘိုးဘိုးက အပြုံးတစ်ခုဖြင့်ပြောခဲ့သည်။ ယခုလိုကလေးထိန်းခြင်းက အပျင်းပြေသည်။ သူတို့အားမူအနားမှာရှိလျှင် သူတို့လေးတွေက ရွှင်ပြပြီး အားလုံးကိုပြုံးပြလေ့ရှိသည်။
ထန်ချွန်းမင်က လက်ယမ်းပြကာ အလျင်စလိုထွက်သွားခဲ့သည်။ အိမ်မှာ လူတိုင်းအလုပ်ရှုပ်နေပြီး သမားတော်ဟဲက အားလင်းကိုထိန်းဖို့ အပြည့်အဝတာဝန်ယူထားသည်။ ထန်ချွန်းမင်က သူ့ကိုဂရုမစိုက်နိုင်တော့ပေ။
သို့သော် ၎င်းက ထန်ချွန်းမင် အစတည်းကချမှတ်ခဲ့သော စည်းမျဥ်းကြောင့်ဖြစ်သည်။ ယခုလိုအလုပ်များနေသည့် အခြေအနေမှာပင် အားလင်း၊တာမောင်းနှင့် အာမောင်းတို့က မြင်းပေါက်လေးကို ဂရုစိုက်ဖို့မမေ့ကြပေ။ ကလေးသုံးယောက်က ၎င်းကြီးပြင်းလာတာကိုကြည့်ရင်း အောင်မြင်မှုကြီးရခဲ့သလိုပင် ပိုကြိုးစားနေခဲ့သည်။
ကူညီပေးသူအများကြီးရှိတာကြောင့် အလုပ်တိုးတက်မှုကမြန်ဆန်သည်။ လဝက်မပြည့်ခင်မှာ နောက်ဖေးက အိမ်အသစ်ကြီး ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ လုပ်ငန်းစဥ်တစ်ခုလုံးအပြီးမှာ ထန်ချွန်းမင်က ပြိုလဲလုနီးပါးပင်။ မူလပိုင်ရှင် အိမ်ခွဲနေပြီး အိမ်အသစ်ဆောက်လုပ်ခဲ့စဥ်က ယခုလိုသက်ဝင်မနေတာကို သူမှတ်မိသည်။ ယခုမူ လူအုပ်စုလိုက်လာရောက်ပြီး လက်ဆောင်တွေယူလာခဲ့သည်။ လက်ဆောင်အားလုံးက သမားတော်ဟဲ၏အခန်းထဲမှာ ပြည့်နေသည်။
“ဖေဖေ… သားတို့ ဘယ်အချိန်အိမ်ပြောင်းလို့ရပြီလဲ?” အားလင်းက အိမ်အသစ်ကိုတစ်ပတ်ပတ်ရင်း ခန်းကုတင်ပေါ်မှာ လဲလျောင်းနေသော သူ့အားမူကို စိတ်လှုပ်ရှားစွာမေးလိုက်သည်။
ထန်ချွန်းမင်က သူ့ကလေး၏ခေါင်းကိုပုတ်လိုက်ပြီး “ခဏစောင့်ရမယ်။ မင်းဘယ်အခန်းကြိုက်လဲ အားလင်း? ဖေဖေဖယ်ထားပေးမယ်။”
“ဟုတ်ကဲ့” အားလင်းက ပျော်နေပေမယ့် စတင်စိတ်ပူလာခဲ့သည်။ “ဖေဖေ…. သားမှာ ကိုယ်ပိုင်အခန်းရှိရင် သားတို့တူတူနေလိုမရတော့ဘူးပေါ့။” အားလင်းက ရှုပ်ထွေးနေသည်။ သူက အိမ်အကြီးကြီးလိုချင်ပေမယ့် သူ့အားမူနဲ့နေပြီး အတူတူအိပ်ချင်သည်။ သူဘာလုပ်ရမလဲ?
“ဟားဟား..” ထန်ချွန်းမင်က သူ့သား၏စိုးရိမ်နေသော မျက်နှာကိုရယ်မောလိုက်ပြီး သူ့အား ခန်းကုတင်ပေါ်ဆွဲချလိုက်သည်။ သူတို့က ကလိထိုပြီး အတူတူရယ်မောနေစဥ် လျစ်လျူရှုခံလိုက်ရသော အားလင်းက အာအာလို့အော်ကာ ဆန္ဒပြနေသည်။ ထိုစဥ် လီဖုန်းရောက်လာပြီး သူ့ကိုကောက်ချီကာ ပါးစပ်းမှသွားရည်ကို သုတ်ပေးလိုက်လေသည်။