Chapter 56.1
“သစ်အယ်သီး”
ချမ်သဲဖူက ၆နှစ်အရွယ်သားလေးရှိသော မုဆိုးဖိုကောတစ်ယောက်ကို သဘောကျခဲ့သည်။ ချမ်သဲဖူ၏မိဘများကြားသောအခါ သူတို့က သဘောမတူနိုင်ခဲ့ပေ။ သို့ပေမယ့် အတိတ်က ကျန်းလန်ဟွာကိစ္စလိုပင် သူတို့က ချမ်သဲဖူကို ပြောလို့မနိုင်ခဲ့ပေ။ ချမ်သဲဖူ၏စကားအရ သူဟာ သူ့မိဘတွေနဲ့ ခွဲနေခဲ့တာကြာပြီဖြစ်၍ လက်ထပ်ဖို့က သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ဆိုသည်။
ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ပြီးနောက် ဤကောက ထန်ချွန်းမင်လို အိမ်ထောင်စုခွဲမည့်အစား သူ့ယောက္ခထီးတို့နဲ့ အတူဆက်နေခဲ့သည်။ သူ့အိမ်ထောင်စုစာရင်းက ခင်ပွန်းဖြစ်သူ၏မိသားစုနဲ့ ချည်နှောင်ထားဆဲပင်။ ထိုရွာသည် ဖျင်ရှန်ရွာမှ တောင်ကုန်းနှစ်စင်းဖြင့်ခြားထားသည်။ ဖျင်ရှန်ရွာမှ ထိုနေရာကိုသွားမယ်ဆိုလျှင် ခြေလျင်ခရီး နေ့ဝက်ခန့်ကြာမြင့်မည်။ တောင်တက်လမ်းက သွားလာရမလွယ်ကူ၍ ခရီးက မြို့ပေါ်သွားတာထက် ပိုမိုကြာမြင့်လေသည်။
သူတို့ကြားမှာ ဤမျှလောက်အကွာအဝေးရှိသော်လည်း သတင်းက ပျံ့လာခဲ့သေးသည်။ ကျန်းရှို့၏စကားကိုကြားပြီးနောက် ဤကောက သိမ်မွေ့ပြီး စိတ်ထားကောင်းသူမဟုတ်ဘူးဆိုတာ ထန်ချွန်းမင်သိလိုက်သည်။ ကွယ်လွန်သူခင်ပွန်း ချန်ထားခဲ့သည့် မြေကိုထိန်းသိမ်းကာ သူ့သားလေးကို ပြုစုပျိုးထောင်ခဲ့သည့် အချက်သည် သူဟာ လုပ်ရည်ကိုင်ရည်ရှိသော ကောတစ်ယောက်ဆိုတာကို ဖော်ပြနေသည်။ နှိုင်းယှဥ်ပြရလျှင် မူလမင်ကောအာက သူ့ယောက္ခမမိသားစု၏ ရောင်းစားခံရမည့် အခြေအနေကို ရောက်ခဲ့ရသည်။
နောက်တော့ ရွာရှိအမျိုးသားများနှင့် မရှင်းလင်းသော ဆက်ဆံရေးကြောင့် ထိုကော၏ဂုဏ်သိက္ခာက ပိုဆိုးလာပြီး သူနဲ့သူ့ယောက္ခမမိသားစုကြားရှိ ဆက်ဆံရေးကလည်း ဆိုးရွားလာခဲ့သည်။ သို့သော် ချမ်သဲဖူ ထိုရွာကိုသွားလည်စဥ် အနှီကောလေးအား ချစ်မိသွားပြီး အကြိမ်ရေများစွာ တွေ့ဆုံပြီးနောက် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့သည်။ ကောလာဟလများကိုတော့ ချန်သဲဖူက မယုံကြည်ခဲ့ပေ။ ယောက္ခမတွေက မြေပိုင်ဆိုင်မှုကိုလိုချင်လို့ ကောလာဟလများဖြန့်ကာ သူ့ကိုဖိအားပေးခဲ့သည်ဆိုသော ထိုကောလေး၏ပြောပြချက်ကိုသာ သူယုံခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ချမ်သဲဖူကို အဲ့ဒီမြေအပ်ရမှာပဲလေ။ သူနဲ့ပတ်သက်ပြီး ဘာပြောနိုင်မှာလဲ?” ကျန်းရှို့က မင်ကောအာ၏အရှေ့မှာ ကြမ်းတမ်းသောစကားလုံးများ မပြောမိစေရန် သတိထားနေသည်။ “ခြောက်နှစ်သား ကလေးကို ခေါ်လာတဲ့ ဒီမိသားစုက ကိုင်တွယ်ဖို့ခက်ခဲလိမ့်မယ်။ ပြီးတော့ ချမ်သဲဖူက လီဖုန်းနဲ့မတူဘူး။ ငါ ဒီမိသားစုကို အကောင်းမမြင်ဘူး။”
“ကျွန်တော်တို့ကို အနှောင့်အယှက်မဖြစ်သရွေ့ ကိစ္စမရှိပါဘူး။” ထန်ချွန်းမင်က ပြန်ဖြေလိုက်သည်။ ဖျင်ရှန်ရွာမှာ လက်ထပ်ပြီးလျှင် ထိုကောလေး အေးချမ်းသည့်ဘဝမှာ နေနိုင်ဖို့ သူမျှော်လင့်သည်။ တခြားဘယ်အရာမှအရေးမကြီးပေ။ သို့ပေမယ့် ထန်ချွန်းမင်က ချမ်သဲဖူကို အမြင်မကြည်ပေ။ သူဟာ ဝတ္တရားသိတတ်သူမဟုတ်သည့်အပြင် မိသားစုနဲ့အိမ်ခွဲပြီးနောက်မှာ သူ့လယ်ထဲက ကောက်ပဲသီးနှံများကို ရိတ်သိမ်းရန် သူ့လူကြီးတွေကို အကူအညီတောင်းခဲ့သေးသည်။ ဆောင်းဦးရာသီ ရိတ်သိမ်းခြင်းက လွယ်ကူသည့်အလုပ်မဟုတ်၍ သက်ကြီးရွယ်အိုများအတွက် ပို၍ပင်ပန်းလေသည်။ ထန်ချွန်းမင်၏အမြင်အရ ချမ်သဲဖူနှင့် ကျန်းလန်ဟွာက ပြီးပြည့်စုံသောအတွဲဖြစ်ပြီး နှစ်ယောက်လုံးက လူကောင်းတွေလည်းမဟုတ်ပေ။
“မင်ကောအာ.. ဘာတွေဆွဲနေတာလဲ?” ကျန်းရှို့က ခေါင်းစဥ်ပြောင်းမေးလိုက်သည်။ သူက ထန်ချွန်းမင်၏ပုံကိုကြည့်ကာ နားမလည်ခဲ့ပေ။ “ငါ့အတွက် ပန်းပုံအသစ်ဆွဲပေးနေတာလား?”
ထန်ချွန်းမင်က ရယ်လိုက်သည်။ “ဟားဟား ဒါက နောက်ပိုင်းမှာ အသုံးဝင်လာမယ့် ကိရိယာပါ။ ဒါကိုဖန်တီးတဲ့အခါ ဘာအတွက်လဲသိလာလိမ့်မယ်။” ထန်ချွန်းမင်က သေချာမရှင်းပြနိုင်တာကြောင့် အများကြီးမပြောခဲ့ပေ။ သူက ယခင်ဘဝမှ ဒီဇိုင်းများကို ပုံတူကူးဆွဲနေတာဖြစ်သည်။ စပျစ်ရည်ထုတ်သည့် ကိရိယာမှာ အောက်ခြေအိုး၊ အလယ်ရှိသစ်သားစည်နှင့် အပေါ်ဆုံးလွှာအဖုံးဟူ၍ သုံးမျိုးခွဲထားသည်။ သူနဲ့လီဖုန်း၏ မင်္ဂလာပွဲမှာ ဧည့်သည်များကို ဧည့်ခံရန် ဝိုင်ချက်ဖို့ပြင်ထားသည်။
သူတို့ဆက်ဆံရေး ပိုသေချာလာကတည်းက ထန်ချွန်းမင်က လီဖုန်းနဲ့ ဆွေးနွေးရတာ သဘောကျခဲ့သည်။ သူ့အတွက် ၎င်းက မိသားစု၏အဓိပ္ပါယ်ဖြစ်သည်။
လီဖုန်းက ဒီဇိုင်းကိုရရှိပြီးနောက် ဘာမှမပြောပဲ လိုအပ်ချက်အတိုင်း ပုံဖော်ခိုင်းရန် လူတစ်ယောက်ရှာခဲ့သည်။ မင်ကောအာကိုယ်တိုင်ချက်ထားသည့် ဝိုင်ကိုအသုံးပြုမည်လားနှင့် ပတ်သက်ပြီး လီဖုန်းက ဝိုင်ချက်ပြီးသည်အထိ စောင့်ဖို့ဆုံးဖြတ်ခဲ့သည်။ သူက ထန်ချွန်းမင်၏ အချက်အပြုတ်စွမ်းရည်ကို သံသယဝင်တာမဟုတ်ပဲ မင်ကောအာ ချက်ထားတာက သူသိတာနဲ့ ကွာခြားနေလျှင် အာရုံစိုက်စရာဖြစ်လာမှာကို စိုးရိမ်မိလို့ဖြစ်သည်။
ထိုစဥ် ထန်ချွန်းမင်က ၎င်းကိုသိပ်မစဥ်းစားပဲ ပြင်ဆင်မှုလုပ်ငန်းနှင့် ဝိုင်ချက်ခြင်း၏ ပထမခြေလှမ်းကို စတင်ခဲ့သည်။ သူက ဂျုံမှုန့်ကို တဆေးနဲ့ရောကာ အပူပေးရေနွေးအိုးထဲထည့်ပြီး စော်ဖောက်လိုက်သည်။ သမားတော်ဟဲက ထန်ချွန်းမင်လုပ်နေတာကို ပိုစိတ်ဝင်စားနေသည်။ သူက လုပ်ငန်းစဥ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာကာ ဝိုင်းကူပေးခဲ့သည်။ သူ့အသက််အရွယ်မှာ လက်ဖက်ရည်ကောင်းနှင့် ဝိုင်ကောင်းသောက်ခြင်းက ဘဝ၏ ရိုးရှင်းသော ပျော်ရွှင်မှုဖြစ်သည်။ ကလေးများကို ပြုစုပျိုးထောင်ပြီး ဟူလန်ကျူံးနှင့်အတူ တောင်ပေါ်မှာ ဆေးဖက်ဝင်အပင်များခူးခြင်းဖြင့် သူ့နေ့ရက်များက ကောင်းကင်ဘုံလူသားလို လွတ်လပ်နေခဲ့သည်။
ဝိုင်စော်ဖောက်ဖို့ စောင့်ဆိုင်းနေစဥ်တွင် ထန်ချွန်းမင်က အနောက်တောင်တန်းရှိ မွေးမြူရေးစာစမ်းသပ်မှုကိုလည်း စစ်ဆေးခဲ့သည်။ သိုလှောင်တွင်းကို ဖုံးထားသော မြေဆီလွှာကိုဖယ်ရှားပြီး ဆီစိမ်ပိတ်ကို လှန်တင်ရန် အလုပ်သမားခေါ်ထားသည်။ ဝိုင်စော်ဖောက်ထားသော အနံ့များပျောက်ကွယ်သွားပြီးနောက် သူနဲ့လီဖုန်းက မွေးမြူရေးစာကို စစ်ဆေးရန်သွားခဲ့သည်။
“ဘယ်လိုလဲ? အလုပ်ဖြစ်ရဲ့လား?” တခြားသူများနဲ့ မျှော့်လင့်တစား စောင့်ဆိုင်းနေသည့် လီဖုန်းက မေးလိုက်သည်။
ထန်ချွန်းမင်က မွေးမြူရေးစာလက်တစ်ဆုပ်ကို ကိုင်လိုက်ပြီး အရည်အသွေးနှင့် အရောင်ကိုစစ်ဆေးလိုက်သည်။ “အောင်မြင်တယ်။” သူက ယုံကြည်မှုရှိရှိပြောလိုက်သည်။ ဦးလေးတာဘက်ကိုလှည့်ကာ သူက ထပ်ပြောလိုက်သည်။ “ဦးလေးတာ.. နောက်ရက်အနည်းငယ်မှာ ဒါကို ပုံမှန်အစားအစာတွေနဲ့ရောစပ်လိုက်ပါ။ နည်းနည်းလေးလျှော့ကျွေးပြီး တိရစ္ဆာန်လေးတွေ စားရဲ့လား စောင့်ကြည့်ပေးပါ။”
“ကောင်းပြီ!” ဦးလေးတာက တက်တက်ကြွကြွ ပြန်ဖြေသည်။
ထန်ချွန်းမင်၏တုံ့ပြန်မှုကိုတွေ့တော့ လီဖုန်းက ပထမခြေလှမ်းအောင်မြင်မှန်းသိလိုက်သည်။ ယခုတော့ ၎င်းက သိုးများ၏တုံ့ပြန်မှုအပေါ်သာ မူတည်သည်။ ၎င်းတို့က မွေးမြူရေးစာစားပြီး ကြီးထွားလာလျှင် နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရမည်ဖြစ်သည်။
ထန်ချွန်းမင်က လီဖုန်း၏တုံံ့ပြန်မှုကိုကြည့်ကာ ပြောလိုက်သည်။ “ရလဒ်ကောင်းရင် ကျွန်တော်နည်းလမ်းမျှဝေပေးမှာပါ။ တခြားသူတွေလိုက်လုပ်ရင်တောင် သူတို့ရဲ့ကုန်ကြမ်းတွေက ကျွန်တော်တို့လောက် မကောင်းတဲ့အတွက် အရည်အသွေးကို ယှဥ်နိုင်မှာမဟုတ်ဘူး။”
လီဖုန်းက ဟက်ခနဲရယ်လိုက်သည်။ ထန်ချွန်းမင်က သူ့ကိုတကယ်နားလည်သည်။ သူပြန်လာပြီးနောက် စစ်မြေပြင်နဲ့ဝေးကွာသွားပေမယ့် လီဖုန်းက ရဲဘော်ဟောင်းတွေကို ဂရုစိုက်နေဆဲပင်။ သူတို့၏အခြေအနေကို ပိုတိုးတက်အောင် လုပ်ပေးနိုင်လျှင် သူဝမ်းသာမိမှာဖြစ်သည်။ “အင်းပါ..” သူကပြောလိုက်သည်။ “အို.. ကျင်းဖုန်းစားဖို့ နည်းနည်းယူသွားပေးလိုက်မယ်။ သူကြိုက်ရဲ့လား ကြည့်ရအောင်။”
နှစ်ယောက်သား ခြင်းတစ်ခုရှာပြီး ဖြည့်လိုက်သည်။ ကျန်တာကိုတော့ ဦးလေးတာ၏လက်အောက်ကို လွှဲလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ထန်ချွန်းမင်နှင့် လီဖုန်းနှစ်ယောက်လုံးက အလုပ်မှာ ယုံကြည့်အားကိုးလို့ရသည့် ဦးလေးတာကို ပိုသဘောကျလာခဲ့သည်။
အိမ်အပြန်လမ်းတွင် သူတို့က ကြက်ခြံကိုဖြတ်သွားတော့ ကြက်ဖမ်းပြီး ကြက်ဥကောက်နေသည့် ရှောင်ရွှင်းကျိကို တွေ့လိုက်ရသည်။ ရက်အနည်းငယ်ကြာတိုင်း ရှောင်ရွှင်းကျိက ဥနှစ်ရာသုံးရာ စုဆောင်းနိုင်ပြီး ခရိုင်မြို့က ကျင်းကျိနှင့် ထင်ကျင့်စားသောက်ဆိုင်ကို တင်သွင်းဖို့လုံလောက်ခဲ့သည်။
“အစ်ကိုလီဖုန်း…ထန်ဖူလန်!” ရှောင်ရွှင်းကျိက သူတို့ကို ရွှင်ပြပြနှုတ်ဆက်လာသည်။
“အားဖုန်း.. မင်ကောအာ… ဒီတစ်ခေါက်အတွက် ငွေကဒီမှာပါ။” ဦးလေးကျောက်၏သားက စိုးရိမ်တကြီး လက်ကိုပွတ်သပ်ကာ ရှောင်ရွှင်းကျိ ယခုလေးတင် ရေတွက်ထားသော ငွေပြားတွေကို ထန်ချွန်းမင်အား ပေးလိုက်သည်။ ယခုတစ်ကြိမ် ထန်ချွန်းမင်နှင့်တွေ့ဆုံခြင်းသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်။ မဟုတ်ပါက လင်မယားနှစ်ယောက်ထဲမှတစ်ယောက်သည် ငွေတစ်ပြားတစ်ချပ်မှမလျော့စေပဲ ထန်ချွန်းမင်၏အိမ်ကို ပို့ပေးမှာဖြစ်သည်။
ထန်ချွန်းမင်က ငွေကိုလက်ခံလိုက်သည်။ သူက ဦးလေးကျောက်၏သားအနောက်မှာ ပုန်းနေသော ကလေးလေးကို သတိထားမိသည်။ ကလေးလေးက သူ့ဘောင်းဘီကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် ၎င်းက သူရောက်ခါစက အားလင်း၏ပုံစံကို သတိရသွားစေသည်။ သူက မေးလိုက်သည်။ “ဒီကလေးလား? သူ့နာမည်ကဘာလဲ?”
ဦးလေးကျောက်၏သားက ပထမတော့ နည်းနည်းလန့်သွားခဲ့သည်။ ကလေးက ဟွမ်မိသားစုဝင်ဖြစ်၍ ထန်ချွန်းမင် သဘောမကျမှာကို သူစိုးရိမ်ခဲ့သည်။ ထိုအကြောင်းပြချက်ဖြင့် သူတို့က ကလေးကို ကြက်ခြံသို့မလာစေရန် ဖွက်ထားလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင် တိုက်ဆိုင်သွားခဲ့သည်။ ထန်ချွန်းမင်က မကျေနပ်သည့် အမူအရာမပြသဖြင့် သူက စိတ်အေးသွားပြီး ကလေးကို အသာလေး ရှေ့တွန်းပို့လိုက်သည်။ “ဟုတ်တယ်…သူပဲ.. သူနာမည်က ဟွမ်ရှောင်ရှင်း.. သူ့အဘိုးပေးထားတာ။”
ထန်ချွန်းမင်က တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။ မြေးလေးက ရှောင်ကျူး (ကျောက်တိုင်လေး) နဲ့ အခုကလေးက ရှောင်ရှင်း (ဆီးသီးလေး)? သူက ကလေး၏ခေါင်းကိုပုတ်ကာ ဦးလေးကျောက်၏သားကိုပြောလိုက်သည်။ “ခင်ဗျား သူ့ကို ကောင်းကောင်းပျိုးထောင်ထားတာပဲ။ သူ့အခု အရင်ကထက် အများကြီးကျန်းမာလာတယ်။ သူ့ကိုပြေးခွင့်ပေးလိုက်ပါ။ နေရာကျယ်တော့ သူ့ကျန်းမာရေးအတွက်ကောင်းတယ်။”
“အာ…ကျေးဇူးပါ…မင်ကောအာ! မင်းပေးတဲ့သိုးနို့ကို ကျေးဇူးတင်ရမှာ။ အဲ့ဒါမရှိရင် ငါတို့ သူ့ကို ကောင်းကောင်းပျိုးထောင်နိုင်ခဲ့မှာမဟုတ်ဘူး။” ဦးလေးကျောက်၏သားက ကျေးဇူးတင်စကားဆိုသည်။
“ဆက်လုပ်ပါ… ကျွန်တော်တို့ပြန်တော့မယ်။ တာ့တာ.. ရှောင်ရှင်း!”
သူတို့လျှောက်ထွက်သွားသည်နှင့် ထန်ချွန်းမင်က စိတ်မကောင်းဖြစ်နေခဲ့သည်။ လီဖုန်းက သတိထားမိ၍ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? အဲ့ဒီကလေးကိုတွေ့ပြီး စိတ်ညစ်နေတာလား?”
“မဟုတ်ပါဘူး။” ထန်ချွန်းမင်က ေခါင်းခါကာပြန်ဖြေသည်။ “ဦးလေးကျောက်ရဲ့သားက သူ့ကို သေချာစောင့်ရှောက်ပေးနေတာ။ အဲ့ဒါက….. သူ့ကိုတွေ့တော့ ကျွန်တော်ရောက်ခါစက အားလင်းပုံစံကို သတိရသွားစေတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။”
လီဖုန်းက ရုတ်ချည်းနားလည်သွားသည်။ မင်ကောအာက ဤခန္ဓာကိုယ်မှာ နိုးလာခါစမြင်ကွင်းကို ရည်ညွှန်းနေတာဖြစ်သည်။ ထန်ချွန်းမင်၏လက်ကိုဆုပ်ကိုင်ရင်း လီဖုန်းက သူ့ကိုစာနာမိသည်။ သူအားလင်းကို စတွေ့ခဲ့စဥ်က ကလေးလေးက အရှက်အကြောက်ကြီးသည်။ လွန်ခဲ့သည့်ခြောက်လအတွင်း မင်ကောအာ၏ ပြုစုပျိုးထောင်မှုဖြင့် အားလင်းက တဖြည်းဖြည်း သတ္တိရှိလာခဲ့သည်။
ထန်ချွန်းမင်က အကြာကြီးခံစားတတ်သူမဟုတ်တာကြောင့် ခဏအကြာတွင် သူကသက်ပြင်းချပြီး အကြံပြုလိုက်သည်။ “ကျွန်တော် ငါးစားချင်တယ်။ ကျွန်တော်တို့ ငါးနည်းနည်းလောက် ပြန်ယူလာရင်ရော?” သူက သူ့နေရာလွတ်မှ ငါးနည်းနည်းလောက်ယူကာ မြစ်ထဲမှမျှားလာသလို ဟန်ဆောင်ပေးရန် လီဖုန်းအား အချက်ပြလိုက်သည်။ ထန်ချွန်းမင်၏ စိတ်အားထက်သန်မှုကိုတွေ့တော့ လီဖုန်းက ပြုံးကာပြောလိုက်သည်။ “ဒါပေါ့”
ယုတ္တိပိုရှိစေရန် သူတို့က မြစ်တစ်ပတ်ပတ်ခဲ့ကြသည်။ သူတို့ရွာကိုပြန်ရောက်တော့ ငါးခြောက်ကောင်သယ်လာခဲ့သည်။ သူတို့က ထိုညနေမှာ နှစ်ကောင်ချက်ပြုတ်ဖို့ ပြင်ဆင်ထားပြီး ကျန်တာကိုတော့ နောက်ရက်အနည်းငယ်မှာ စားဖို့ချန်ထားသည်။
ထန်ချွန်းမင် ပြောမလာခင်မှာပဲ လီဖုန်းက တောင်နောက်ဘက်က သစ်အယ်သီးများကိုယူလာရန် လူလွှတ်ဖို့စီစဥ်ခဲ့သည်။ ထန်ချွန်းမင်က လူတိုင်းကို သစ်အယ်သီးကောင်းကောင်းရွေးလာရန် မှာလိုက်သည်။ တောရိုင်းသစ်အယ်သီးများက အလွန်သေးငယ်သော်လည်း ၎င်းတို့သည် အရည်ရွှမ်းပြီးအရသာရှိသည်။ ထန်ချွန်းမင်က ၎င်းတို့ကိုစားဖို့ အမြဲတမ်းစိတ်အားထက်သန်နေတာဖြစ်၏။
မင်အားမော့က အရသာရှိတာတွေ ထပ်ပြင်တော့မယ်လို့ ကြားလိုက်ရသည့်အခါ တာမောင်းနှင့်အာမောင်းက အတန်းပြီးတာနဲ့ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ သူတို့က မင်အားမော့၏အနားမှာ စိတ်လှုပ်ရှားစွာ လှည့်ပတ်နေခဲ့သည်။ သို့သော် ထန််ချွန်းမင်က သူတို့ကို ကျောက်စရစ်ခဲများကောက်ပြီး ရေဆေးပေးရန် တာဝန်တစ်ခုအပ်နှင်းခဲ့သည်။
သစ်အယ်သီးများကိုရေဆေးပြီးနောက် ကတ်ကြေးဖြင့်လှီးဖြတ်လိုက်သည်။ ၎င်းက ချက်ပြုတ်ရလွယ်ကူစေရုံမကပဲ စားရတာလည်း လွယ်ကူစေသည်။ ထန်ချွန်းမင်က သစ်အယ်သီးကို အရင်ပြုတ်ပြီးမှ ထုတ်ယူလိုက်ပြီး ကြော်ချက်ဖို့ပြင်လိုက်သည်။
“ဖေဖေ. သားတို့ဘယ်ချိန်စားလို့ရမလဲ?” အားလင်းက သူ့အားမူအနားမှာ ရစ်သီသီလုပ်နေသည်။ သူက ပြုတ်ပြီးသားတစ်လုံးကို တောင်းစားခဲ့ပြီးသော်လည်း ထပ်စားချင်တာကို အားမူက ခွင့်မပြုပေ။ ကလေးအားလုံး ဤအတိုင်းပင်ဖြစ်သည်။ သူငြင်းလေလေ သူတို့ကလောဘကြီးလေပင်။
“မင်းရဲ့ဦးလေးဖုန်း အပြင်မှာရှိလား သွားကြည့်ပေးပါဦး။” ထန်ချွန်းမင်က ခိုင်းလိုက်သည်။
ခဏအကြာတွင် အားလင်းက မီးဖိုချောင်ထဲပြေးဝင်လာသည်။ ထန်ချွန်းမင်က သစ်အယ်သီးပြုတ်အားလုံးကို စစ်ထုတ်ကာ အားလုံးအဝစားလို့ရပြီး တခြားသူများကိုလည်းပေးနိုင်ရန် အများကြီးလုပ်ထားသည်။
“ဖေဖေ… သားပြောပြီးပြီ.. .ဦးလေးဖုန်းက ဖေဖေ့ကို အပြင်ထွက်လာဖို့ ပြောခိုင်းလိုက်တယ်။” အားလင်းကပြောလိုက်သည်။
ထန်ချွန်းမင်က သူ့သား၏ပါးပြင်ကို ကိုင်လိုက်ပြီး “ဟုတ်ပြီ.. သားအရင်ထွက်တော့.. ဖေဖေပြီးရင်လာခဲ့မယ်။”
ခြံဝင်းထဲက မီးဖိုပေါ်မှာ သံဒယ်အိုးတစ်လုံးပြင်ထားသည်။ ဆေးကြောထားသော ကျောက်စရစ်ခဲများကို အိုးထဲမှာ အပူပေးထားပြီး သစ်သားလက်ကိုင်ပါသည့် ဇွန်းပြားလည်းရှိသည်။ လီဖုန်းက အင်္ကျီလက်ကိုလှန်တင်ကာ အလုပ်လုပ်ဖို့ပြင်လိုက်သည်။ ထန်ချွန်းမင်က သစ်အယ်သီးပြုတ်အနည်းငယ်ကို အိုးထဲထည့်လိုက်သည်။ အငွေ့ပြန်တက်လာသည်နှင့် လီဖုန်းက ကျောက်စရစ်ခဲများနှင့်အတူ ရောမွှေကြော်လိုက်သည်။
သမားတော်ဟဲက အနားမှာရပ်နေပြီး ပင်လုံးကြိုင်ပန်းထည့်ထားသည့် ပန်းကန်ပြားတစ်ချက်ကို ကိုင်ထားသည်။ စကားပြောနေရင်းဖြင့် သူက ၎င်းကိုအိုးထဲထည့်လိုက်သည်။ အပူရှိန်နှင့်အတူ ပင်လုံးကြိုင်ရနံ့ မွှေးပျံ့လာသည်။
သစ်အယ်သီးများကို ကြိုတင်ပြုတ်ထားတာကြောင့် အသင့်ပြင်ဖို့ သိပ်မကြာခဲ့ပေ။ အဆက်မပြတ်မွှေကြော်ခြင်းဖြင့် မူလအစိုဓာတ် အငွေ့ပျံသွားပြီးနောက် ထန်ချွန်းမင်က အိုးထဲကို သကြားနည်းနည်းထည့်လိုက်သည်။ သကြားက အရည်ပျော်ပြီး သစ်အယ်သီးကို ကပ်သွားခဲ့သည်။ ပြီးတာနဲ့ ထန်ချွန်းမင်က မီးဖိုမှ မီးကိုသတ်ကာ သစ်အယ်သီးနှင့် ကျောက်စရစ်ခဲများကို နံဘေးရှိ လင်ပန်းပေါ်လောင်းထည့်လိုက်သည်။ ထို့နောက် သူက ၎င်းထဲမှ သစ်အယ်သီးများကို ရွေးထုတ်လိုက်၏။
တာမောင်းနှင့်အာမောင်းက သစ်အယ်သီးပူပူလေးကို စားဖို့မစောင့်နိုင်တော့ပေ။ ရနံ့က သူတို့ပါးစပ်ကို သွားရည်ယိုစေသည်။ အားလင်းက တောင့်တစွာကြည့်လိုက်သည်။ သူသည်းစားချင်ပေမယ့် ပူနေသေးသည်။ ဖေဖေနှင့် ဦးလေးဖုန်းနှစ်ယောက်လုံးက သူ့ကိုစောင့်ကြည့်နေပြီး သူ အပူမလောင်စေရန် အေးသွားသည်အထိ စောင့်ခိုင်းခဲ့သည်။
သနားစရာကောင်းသော အားလင်း၏ပုံစံကိုတွေ့တော့ သမားတော်ဟဲက မနေနိုင်တော့ပဲ သစ်အယ်သီးပူပူတစ်လုံးကို ခွာပေးပြီး အားလင်းလက်ထဲထည့်ပေးလိုက်သည်။ အားလင်းက ချက်ချင်းပင် ပြုံးရွှင်လာပြီး သူ့ကို “အဘိုး”လို့ခေါ်ကာ ပွေ့ဖက်လိုက်လေသည်။
“အေ… စားဖို့ပဲဂရုစိုက်မနေနဲ့… မင်းတို့အားမူနဲ့ အားတျဲ ဘာလုပ်နေလဲသွားကြည့်ဦး။” ထန်ချွန်းမင်က တာမောင်းနှင့်အာမောင်းကို ခြေထောက်နဲ့ကန်လိုက်သည်။
“သားတို့သွားပြီ!” ကောင်လေးနှစ်ယောက်က သူတို့၏သစ်အယ်သီးများကို မှုတ်ရင်းတန်းလန်း ပြေးထွက်သွားခဲ့သည်။
ကြည်လင်လန်းဆန်းသော ဆောင်းဦးနေ့ဖြစ်ခဲ့သည်။ ထန်ချွန်းမင်နှင့် သူ့မိသားစုက ပင်လုံးကြိုင်သစ်အယ်သီးအချိုကြော်ကို စားနေပြီး ချမ်မိသားစုကတော့ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကျင်းပနေ၏။ ရွာသားများက အပျော်တမ်းကြည့်ရန် ပြေးလာကြပြီး မည်သို့သော မုဆိုးဖိုက ချမ်သဲဖူ၏နှလုံးသားကို ဆွဲဆောင်ခဲ့လို့ မိဘများ၏ ကန့်ကွက်မှုကိုဆန့်ကျင်ကာ လက်ထပ်ခဲ့တာလဲ သူတို့သိချင်ကြသည်။