Chapter 59.2
Viewers 20k

Chapter 59.2


အိမ်နောက်ဖေးမှာ သိုးတွေကို သတ်ပြီးပြီဖြစ်သည်။ ထန်ချွန်းမင်က ဘယ်သူ့ကိုမှ အကြာကြီးမစောင့်ခိုင်းခဲ့ပေ။ သူက မီးဖိုချောင်ထဲမလာခင် သမားတော်ဟဲနှင့် တခြားသူများကို ကလေးအပ်ခဲ့သည်။ ထန့်ယွီက သူ့ကိုကူညီပေးဖို့ စားဖိုမှူးတစ်ယောက် ရှာပေးခဲ့သည်။ ဒေသခံတစ်ယောက်အဖြစ် ထန့်ယွီက မီးဖိုချောင်၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးနိုင်သည့် ဝန်ထမ်းခန့်ရာမှာ ကျွမ်းကျင်သည်။ 

ထန်ချွန်းမင်က စားပွဲတစ်ခုလုံးအတွက် သိုးသားဟင်းလျာမီနူးကို ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း တချို့သော ဟင်းခတ်အမွှေးအကြိုင်များက သူကိုယ်တိုင်ကိုင်တွယ်ပြီး ကြီးကြပ်ဖို့လိုသည်။


ခေတ်သစ်လူသားတွေအတွက် သိုးသားစားရန် အဓိကဟင်းခတ်အမွှေးအကြိုင်နှစ်မျိုးမှာ ဇီယာနှင့် ငရုတ်ကောင်းဖြစ်သည်။ သို့သော် အန်ဖျင်ခရိုင်ကိုသာ ရောက်ဖူးသော ထန်ချွန်းမင်က ဤဟင်းခတ်အမွှေးအကြိုင်နှစ်မျိုးကိုရရန် မလွယ်ကူခဲ့ပေ။ လီဖုန်းကို ဝန်ခံပြီးနောက် ထန်ချွန်းမင်က သူ့ကို အရာရာပုံအပ်ခဲ့ပြီး သူလိုအပ်သည့် ဟင်းခတ်အမွှေးအကြိုင်နှစ်မျိုး၏အရသာကို ဖော်ပြခဲ့သည်။


လီဖုန်းက သူ၏မျှော်လင့်ချက်များကို စိတ်မပျက်သွားပဲ တင်းကျိုးခရိုင်မှ မှာယူပေးခဲ့သည်။ တင်းကျိုးခရိုင်နှင့် အကျွမ်းတဝင်မရှိလှသော ထန်ချွန်းမင်က လီဖုန်း၊ သမားတော်ဟဲနှင့် စကားစမြည်ပြောပြီး သိခဲ့ရသည့်အပြင် စာအုပ်ဖတ်ခြင်းဖြင့်လည်း လေ့လာခဲ့သည်။ သူရောက်ရှိနေသည့်ကမ္ဘာသည် အရင်ဘဝက ကမ္ဘာပေါ်ရှိ တည်နေရာနှင့်ဆင်တူပြီး ရာသီဥတုသည်လည်း ထပ်တူညီသည်။ တင်းကျိုးခရိုင်က ကမ်းရိုးတန်းမြို့တစ်ခုဖြစ်ပြီး တရားရုံးက ကုန်သွယ်သွားလာရေးကို ပိတ်ပင်ထားခြင်းမရှိသောကြောင့် ၎င်း၏စီးပွားရေးက ကုန်းတွင်းမြို့များထက် ပိုမိုဖွံ့ဖြိုးပြီး ကုန်စည်စီးဆင်းမှုမှာလည်း အမျိုးအစားစုံလင်သည်။


အဆိုပါဟင်းခတ်မှုန့်နှစ်မျိုးအပြင် ကြက်သွန်နီဲ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငါးဟင်းခတ်မှုန့်၊ ငရုတ်ကောင်း စသည်တို့က ထန်ချွန်းမင်၏နေရာလွတ်မှ ယူထားခဲ့တာဖြစ်၏။ 

ထန်ချွန်းမင်ချက်ပြုတ်သည့် ဟင်းလျာများမှာ အညိုရောင်ဆော့စ်ဖြင့် ပြုတ်ထားသော သိုးရင်ပုံသား၊ ဇီယာနှင့်ကင်ထားသော သိုးအသားတုံး၊ သိုးနံရိုးဟော့ပေါ့၊ သိုးသားကြော်နှင့် ဟင်းသီးဟင်းရွက်ဟင်းလျာအနည်းငယ်ပါဝင်သည်။ ထန်ချွန်းမင်က အိမ်နောက်ဖေးမှာ အလုပ်များနေချိန် အညှော်နံ့က အပြင်ကိုလွင့်ပျံနေခဲ့သည်။ ယင်းက အစပိုင်းမှာ သိပ်အဆင်မပြေပေမယ့် တဖြည်းဖြည်း စားချင်စိတ်ပေါ်လာသည်။ အပြင်မှဖြတ်သွားသော လမ်းသွားလမ်းလာများပင် ထိုရနံ့ကြောင့် ရပ်တန့်သွား​သည်။ ဤဆိုင်ဖွင့်တော့မည်ဆိုတာကို သူတို့ကြားသိခဲ့ရပြီး ယခုတော့ စောင့်ရကျိုးနပ်သွားပြီဖြစ်၏။

.


သိုးသားပြားကင်က ထန်ချွန်းမင်၏အကြိုက်ဆုံးအစားအစာတစ်ခုဖြစ်သည်။ ဟင်းလျာအများစုကို ပြင်ဆင်ပြီးချိန်တွင် သူက အကင်သံဗန်းအောက်မှာ မီးသွေးထည့်ပြီး အရသာနယ်ထားသော အသားကို တုတ်ထိုးခိုင်းလိုက်သည်။


အိမ်ပြန်သည့်အခါ ဤစိတ်ကြိုက်ပြုလုပ်ထားသော အကင်ဗန်းတစ်ခု ယူဆောင်သွားရမည်ဟု စိတ်ထဲမှာမှတ်ထားလိုက်သည်။ ထိုမှသာ အကင်စားချင်သည့်အချိန်တိုင်း ကိုယ့်ခြံထဲတွင် ကင်စားနိုင်မည်ဖြစ်သည်။


မူလက ထိုလူများက ဧည့်ခန်းထဲတွင်ထိုင်နေသော်လည်း မွေးရနံ့များပြင်းထန်လာသည့်အခါ သူတို့အားလုံးနောက်ဖေးသို့ ရောက်လာကြသည်။ ကံအားလျော်စွာ အိမ်နောက်ဖေးသည် ကျယ်ဝန်းပြီး သူတို့၏အနွေးထည်ကြောင့် အေးလွန်းသည်ဟု မခံစားရတော့ပေ။ ရှန်းဖူလန်က သူ့သားနှစ်ယောက်ကိုလည်း နေ့လည်စာစားဖို့ ခေါ်လာခဲ့သည်။ ထန်ချွန်းမင်၏ ပြင်ဆင်ထားသောအသားကို မြင်လိုက်ရသည့်အခါ ကောင်လေးတွေက မြည်းစမ်းဖို့ စိတ်လှုပ်ရှားနေခဲ့သည်။


“အရင်က ကျွန်တော် အများကြီးမကင်ဖူးဘူး။” ထန်ချွန်းမင်က ဝန်ခံလိုက်သည်။ “ဒါပေမယ့် ကိုယ်တိုင်ကင်ရတာ ပျော်စရာကောင်းတယ်။ အမှားလုပ်မိမှာကို စိုးရိမ်ဖို့မလိုဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး စားရတော့မယ်…ဟားဟား!”


အကူများက အဆီပြည့်အသားတုတ်ထိုးများကို အားလုံးထံပေးပို့ခဲ့သည်။ ထန်ချွန်းမင် ကိုယ်တိုင်လုပ်နေတာကိုတွေ့တော့ ရှန်းဖူလန်၏သားနှစ်ယောက်က သူ့လိုပင် အကင်များကို ရံဖန်ရံခါ လှန်ပေးပြီး ဟင်းခတ်မှုန့်ဖြူးပေးလိုက်ကြသည်။ အကျက်လွန်သွားရင်လည်း ကိစ္စမရှိပေ။


လူကြီးတွေက ကောင်လေးနှစ်​ယောက်ထက် ဂရုတစိုက်ပိုရှိကာ အကင်တစ်ချောင်းဆီကို အကောင်းဆုံးဖြစ်အောင် ကင်ခဲ့ကြသည်။ အသားကောင်းကို ဖြုန်းတီးတာက နှမြောစရာပင်။


သိုးကင်အနည်းငယ်စားပြီးနောက် မီးဖိုချောင်ရှိ ကျန်လင်းလျာများ အဆင်သင့်ဖြစ်ပြီမို့ အားလုံးက ဧည့်ခန်းထဲတွင် စားပွဲကြီးတစ်လုံးချကာ အတူတူစားရန် ဝိုင်းထိုင်လိုက်သည်။ အလယ်တွင် သိုးနံရိုးအစပ်ဟော့ပေါ့အိုး ရှိသော်လည်း ထန်ချွန်းမင်က အားလုံးအစပ်မစားနိုင်မှာစိုးရိမ်၍ အစပ်ပေါ့​အောင် ချက်ပြုတ်ခဲ့သည်။ နံဘေးတွင် ဟော့ပေါ့ဟင်းရည်အကြည်လည်းပါပြီး အကူများက စက္ကူချပ်ကဲ့သို့ ပါးပါးလှီးထားသော သိုးသားလွှာများကို ယူဆောင်လာခဲ့သည်။


ဤအချိန်တွင် ပြင်ပအပူချိန်က သိုးသားကို ချက်ချင်းအေးခဲစေသည်အထိ လုံလုံလောက်လောက် မမြင့်မားသော်လည်း ၎င်းကို အပြင်ဘက်မှာထားခြင်းက အနည်းငယ်မာသွားစေသည်။ အဆင်မပြေပါက ရေခဲတုံးတချို့ကို သိမ်းဆည်းထားသည့် ​မြေအောက်သိုလှောင်ခန်းလည်းရှိ၏။


“ဒါက ဟော့ပေါ့အတွက် သိုးသားလွှာ.. ဆောင်းရာသီနဲ့ကွက်တိပဲ” ထန်ချွန်းမင်က ရှင်းပြလိုက်ပြီး အိုးထဲထည့်ပြုတ်လိုက်သည်။ ဟင်းရည်အရသာက ကောင်းနေပြီမို့ ဟင်းခတ်မှုန့်ထပ်ထည့်ဖို့မလိုပေ။ ဤကမ္ဘာမှာ ဟောပေါ့ရှိမရှိ ထန်ချွန်းမင်စိတ်ပူနေပေမယ့် လီဖုန်းက စုံစမ်းပေးခဲ့ပြီး ဟော့ပေါ့ရှိမှန်းသိခဲ့သည်။ ထို့ကြောင့် ထန်ချွန်းမင်က စိတ်ပူမနေတော့ပဲ စိတ်ကြိုက်ဟော့ပေါ့အိုးတစ်လုံး ပြုလုပ်ပေးရန် ထန့်ယွီကို အကူအညီတောင်းခဲ့သည်။


မြည်းစမ်းခဲ့သူများ၏ မျက်လုံးထဲမှာ အလင်းရောင်တစ်ခုထွက်ပေါ်လာသည်။ ထန့်ယွီနှင့် ဆိုင်ရှင်ချန်အပါအဝင် အထင်ကြီးသွားခဲ့သည်။ ထန်ချွန်းမင်၏ဟင်းလျာက အလွန်ခေတ်မီသည်ဟု မဆိုနိုင်သော်လည်း ပါဝင်ပစ္စည်းများ၏ အရည်အသွေးကြောင့် ထိုကဲ့သို့ စားသောက်ဆိုင်တွင် စားသုံးသူပြတ်တောက်မည်မဟုတ်ပေ။


“ထန်ဖူလန်က သိုးသားအကြောင်းပဲပြောနေတာ အံ့အားသင့်စရာမရှိတော့ပါဘူး။ ဒီနေ့စားပြီးတော့ အရမ်းအရသာရှိတာပဲ။ ထင်ထားသလို မနှစ်မြို့စရာ အနံ့အသက်လည်းမရှိဘူး။ ဆိုင်ဖွင့်ပြီးတာနဲ့ ဧည့်သည်တွေပြည့်ကျပ်လာမှာ သေချာတယ်။” ထန့်ယွီက ချီးကျူးလိုက်သည်။


“အမှန်ပဲ! မင်ကောအာက ငါတို့ကို သိုးဝယ်ခိုင်းပြီး စိတ်မပူဖို့ပြောခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။ ဒီစားသောက်ဆိုင်က သေချာပေါက် ဖောက်သည်အများကြီးရှိလာမှာ။” ကျန်းချန်မင်က စားနေရင်း ချီးကျူးခဲ့သည်။ သူက ထင်ကျင့်စားသောက်ဆိုင်မှာ အချိန်အတော်ကြာလေ့ကျင့်ခဲ့ရသဖြင့် အစားအသောက်၏ အရည်အသွေးကို သိနေ၏။ ယခုဆိုလျှင် သူ့မှာ ယုံကြည်မှုပိုရှိလာပြီဖြစ်သည်။


“အရသာရှိတယ်!” ရှန်းဖူလန်၏သားနှစ်ယောက်က အာမေဋိတ်ပြုသည်။ သူတို့က ဗိုက်ပြည့်သွားပေမယ့် အစားအသောက်ကို မျက်စိကျနေဆဲပင်။ ယခုစားသောက်ဆိုင်က ခရိုင်မြို့ထဲမှာရှိသဖြင့် သူတို့က ခဏခဏလာစားဖို့ မျှော်လင့်မိသည်။ လီချိန်ကျုံးက နောက်နှစ်တွင် ထန်ချွန်းရုံကို ဆွဲခေါ်လာဖို့ စိတ်ကူးထားသည်။ သူတစ်ယောက်တည်းရောက်လာဖို့က အားနာစရာကောင်း​​လေသည်။


“ဝါ… ဝါး ..” အားစန်းလေးက အလွန်ဒေါသထွက်သွားသည်။ အားလုံးစားသောက်နေချိန်မှာ သူကတော့ သိုးနို့ပဲသောက်လို့ရသည်။ ဒါမတရားဘူး! သူက လက်သီးလေးကို ဝှေ့ယမ်းကာ ဆန္ဒပြလိုက်ပေမယ့် ရလဒ်မှာ​တော့ စောင်သေးသေးလေးနဲ့ အထုပ်ခံလိုက်ရပြီး အိပ်ပျော်သွားခြင်းဖြစ်သည်။



စားသောက်ပြီးနောက် ထန်ချွန်းမင်၊ လီဖုန်းနှင့် ထန့်ယွီတို့က စားသောက်ဆိုင်ဖွင့်ဖို့ အစီအစဥ်ကို ဆွေးနွေးလိုက်သည်။ ထန့်ယွီက ယခုချိန်တွင် သိုးသားစားသောက်ဆိုင်၏ အောင်မြင်မှုကို နားလည်သွားခဲ့သည်။ ၎င်းက အချက်နှစ်ချက်ပေါ်မူတည်သည်။ ပထမတစ်ချက်က အနောက်တောင်ပေါ်မှာ ထန်ချွန်းမင်မွေးထားသော သိုးတွေဖြစ်ပြီး ဒုတိယတစ်ချက်မှာ ယနေ့ယူ​ဆောင်လာသော ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည်။ ၎င်းထဲတွင်ပါဝင်သည့် ငရုတ်သီးနှစ်မျိုးကို သူတို့ဆိုင်က မသုံးဖူးပေမယ့် ရလဒ်ကတော့ သိသာထင်ရှားလေသည်။ အထူးသဖြင့် ယခုလို​အေးသော ဆောင်းရာသီတွင် ချွေးထွက်လာစေသည်။ ဤဟင်းခတ်အမွှေးအကြိုင်များကို ထင်ကျင့်စားသောက်ဆိုင်မှာသုံးချင်လျှင် ထန်ချွန်းမင်က လမ်းညွှန်ပေးမယ်လို့ သူယုံကြည်သည်။


ထန်ချွန်းမင်က အားလင်းကို သူ့ပေါင်ပေါ်တင်ထားသည်။ အားလင်းက နေ့လည်စာ အဝစားထားပြီး ဗိုက်ဖောင်းကားနေသည်။ သူ့သား၏ဗိုက်ကို ပွတ်ပေးရင် ထန်ချွန်းမင်က ထန့်ယွီကိုပြောလိုက်သည်။ “အားဖုန်းနဲ့ ကျွန်တော်က စားသောက်ဆိုင်ဖွင့်ဖို့ အတွေ့အကြုံမရှိဘူး။ ဒါကြောင့် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။ ကျွန်တော်တို့က ကုန်ကြမ်းတွေပေးမယ်။ ဒါပေါ့.. ကျွန်တော့်ရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စိတ်ဝင်စားရင် ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်လို့ရပါတယ်။”


လီဖုန်းက ပြုံးလိုက်ပြီး ထန်ချွန်းမင်၏လက်ထဲမှ အားလင်းကို ဆွဲခေါ်လိုက်သည်။ သူက စီးပွားရေးကိစ္စတွေမှာ မင်ကောအာလောက် မဟုသုတမရှိသဖြင့် ဝင်ရောက်စွက်ဖက်ခြင်းရှား၏။ ထို့အပြင် ထန်ချွန်းမင်က လက်တွေ့ထက် သီအိုရီပိုဆန်သည်။ သူက လက်တွေ့လုပ်ဆောင်ဖို့ အချိန်လိုအပ်သည်။ ထန့်ယွီကို လွှဲ​ပြောင်းပေးခြင်းက အကြံကောင်းဖြစ်၏။


ထန့်ယွီက စိတ်လိုလက်ရပြုံးလိုက်သည်။ “ထန်ဖူလန်က ဒီလိုပြောလာ​တော့လည်း ကျွန်တော်က ဘာပြောနိုင်တော့မှာလဲ။ ဒါပေါ့ ထန်ဖူလန်ဆီက ဟင်းခတ်အမွှေးအကြိုင်တွေရဖို့ မျှော်လင့်တယ်။ ဒါပေမယ့် ထန်ဖူလန်က ညွှန်ကြားပေးဖို့ လိုပါတယ်။ ထန်ဖူလန်က ဖန်တီးရှင်မို့ ဘယ်လိုသုံးရလဲဆိုတာ အားလုံးထက် ကောင်းကောင်းပိုသိမှာပါ။”


ထန်ချွန်းမင်က သဘောထားကြီးသလို လက်ယမ်းပြလိုက်သည်။ “ရပါတယ်။ ကျွန်တော်စားဖိုမှူးတွေကိုယုံတယ်။ သူတို့က ဟင်းလျာနည်းနည်းစမ်းချက်ပြီး သုံးနိုင်တဲ့ နည်းလမ်းအများကြီးရှာတွေ့မယ်လို့ ယုံကြည်တယ်။” ထန်ချွန်းမင်က အလုပ်ကြိုးစားသော အလုပ်သမားများ၏ ဉာဏ်ရည်ဉာဏ်သွေးကို ယုံကြည်ပြီး ဟင်းခတ်အမွှေးအကြိုင်များက ထိုလူတွေလက်ထဲရောက်သွားလျှင် သူ့နည်းလမ်းများထက် ပိုကောင်းသည့် နည်းလမ်းများကို ရှာတွေ့မယ်လို့ ယုံကြည်သည်။ 


ထန်ချွန်းမင်၏ရက်ရောမှုကိုမြင်သောအခါ ထန့်ယွီနှင့် ဆိုင်ရှင်ချန်က ပြုံးလိုက်သည်။ ဤဟင်းခတ်အမွှေးအကြိုင်အသစ်များဖြင့်ဆိုလျှင် ထင်ကျင့်စားသောက်ဆိုင်က ပိုကောင်းသော အဆင့်သို့ရောက်ရှိနိုင်ပြီး အန်ဖျင်ခရိုင်မှာ ပေါ်လွင်ထင်ရှားကာ သူတို့၏လုပ်ငန်းကို ခရိုင်မြို့တော်ကို ချဲထွင်နိုင်လိမ့်မည်ဖြစ်၏။ ထို့အပြင် ထန်ဖူလန်နှင့် ပူးပေါင်းခြင်းဆက်ဆံရေးလည်း ပို၍ခိုင်မြဲလာမည်ဖြစ်သည်။


ထန့်ယွီက အခွင့်အရေးရှာကာ မေးလိုက်သည်။ “မင်းက မင်းရဲ့ဝိုင်ကို ကိုယ်တိုင်ချက်ခဲ့တယ်လို့ကြားတယ်။ ထန်ဖူလန်… မင်းရဲ့ဆိုင်အတွက် ဝိုင်ကို တခြားနေရာမှာ ဝယ်မယ့်အစား ဘာလို့ကိုယ်တိုင်မလုပ်တာလဲ?”


စားသောက်ဆိုင်တွင် ဝိုင်မရှိမဖြစ်လိုအပ်ပေမယ့် ထန်ချွန်းမင်က သူ့ဝိုင်ကိုမသုံးပဲ တခြားနေရာကဝယ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ယင်းက ထန့်ယွီကို ရှုပ်ထွေးသွားစေခဲ့သည်။ ထန်ချွန်းမင်ရဲ့ဝိုင်က မကောင်းလို့လား? သို့ပေမယ့် ရှောင်ရွှင်းကျိက ဝိုင်ရနံကြောင့် ထွက်ခွာမသွားချင်သည့် အကြိမ်များစွာရှိကြောင်း ပြောခဲ့သည်။ မွှေးကြိုင်သောဝိုင်ရနံ့က ဖုံးကွယ်လို့မရသဖြင့် ရွာသားများကလည်း ထန်ချွန်းမင် ဝိုင်လုပ်တာကိုသိခဲ့သည်။ ထန်မိသားစုက မထင်မှတ်ထားတာတွေ တစ်ခုပြီးတစ်ခုပြုလုပ်နေသည်ဟု သူတို့ယုံကြည်ခဲ့ပြီး ထန်ချွန်းမင်က ဝိုင်ရောင်းပြီးအမြတ်အများကြီးရမယ်လို့လည်း သူတို့တွေးခဲ့ကြသည်။


ထမင်းစားပြီးသောအားလင်းက လီဖုန်း၏ရင်ခွင်ထဲတွင် ငိုက်မျဥ်းနေ၏။ လီဖုန်းကပြောလိုက်သည်။ “ဒီတစ်ကြိမ် ဝိုင်အများကြီးမလုပ်ခဲ့လို့ပါ။ ဒါကြောင့် စားသောက်ဆိုင်ကိုတင်သွင်းဖို့ မလောက်ဘူး။ ကျုပ်တို့က နောက်နှစ်အထိ စောင့်ဖို့စဥ်းစားထားတာ။ ဒါပေမယ့် ဝိုင်အရည်အသွေးက ဘာပြဿနာမှမရှိပါဘူး။” စီးပွားဖက်ပါတနာတစ်ယောက်ကို ဝိုင်နဲ့ပတ်သက်ပြီး ဖုံးကွယ်ထားစရာမလိုပေ။ “ကျုပ်တို့လက်ထပ်ပွဲမှာ ခင်ဗျားမြည်းစမ်းလို့ရမှာပါ။ ထန့်ကုန်းဇီ”

ထန့်ယွီ၏နှုတ်ခမ်းကကွေးညွတ်သွားသည်။ အေးစက်ခက်ထန်သော ထိုလူက နောက်ဆုံးစကားလုံးကို ပြောလိုက်ရာတွင် ဂုဏ်ယူပျော်ရွှင်နေပုံရသည်။ ထိုအခိုက်အတန့်တွင် သူ့အကြည့်ကလည်း ကြည့်ရှုသူများကို ကန်းသွားလောက်စေသည်အထိ နူးညံ့နေသည်။ ထန့်ယွီက မနာလိုဖြစ်သွားမိတာကို ဝန်ခံသည်။ 


သခင်လေးက ချက်ချင်းမတုံ့ပြန်တာကို တွေ့သောအခါ ဆိုင်ရှင်ချန်က အမြန်ပြောလိုက်သည်။ “ကျုပ်တို့သခင်လေးက ခင်ဗျားတို့နှစ်ယောက်ကို ဂုဏ်ပြုဖို့ ကိုယ်တိုင်ကိုယ်ကျ လက်ဖွဲ့ယူလာပေးမှာပါ။ ခင်ဗျားတို့ရဲ့ သာယာဖွယ်အိမ်ထောင်ရေးအတွက် ကြိုတင်ဂုဏ်ပြုလိုက်ပါတယ်။” 


ဝိုင်အကြောင်းမပြောလျှင်ပင် လီဖုန်း၏မျက်လုံးထဲတွင် လာမည့်မင်္ဂလာပွဲထက် မည်သည့်အရာမှ အရေးကြီးပုံမရပေ။ လောင်ချီ၏စကားကို အမှတ်ရသွားသော ဆိုင်ရှင်ချန်က စိတ်ထဲကနေ သက်ပြင်းချမိသည်။ သူ့သခင်လေးက အိမ်ထောင်ပြုဖို့ အသက်အရွယ်ကို ကျော်လွန်နေပြီဖြစ်သော်လည်း အခြေချဖို့ စိတ်မဝင်စားပုံရသည်။ 


သူ့စိတ်ထဲတွင် သူက လီဖုန်း၏ရွေးချယ်မှုကို​ လေးစားမိသည်။ ထန်ချွန်းမင်က အတုမရှိသော အိမ်ထောင်ဖက်ဖြစ်သည်ဟု သူထင်ပေမယ့် ထိုကဲ့သို့ ဇနီးတစ်ယောက်ကို မဆိုင်းမတွရွေးချယ်ရဲသည့် သတ္တိရှိသူမှာ အလွန်ရှားပါးသည်။ ဆိုင်ရှင်က ၎င်းကို လောင်းကြေးထပ်ရဲသည်။