Chapter 60
“တုံးအသောညီလေး”
ထန့်ယွီနှင့် အသေးစိတ်အချက်အလက် အတိအကျကို ဆွေးနွေးပြီးနောက် ထန်ချွန်းမင်နှင့်လီဖုန်းက လက်ရှောင်စီမံခန့်ခွဲသူများဖြစ်လာပြီး ကျန်းချန်မင်ကို တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ သူက ထန်စားသောက်ဆိုင်၏ အနာဂတ်ဆိုင်ရှင်ဖြစ်ပေမယ့် လက်ရှိအဆင့်၌ သူက တစ်စုံတစ်ယောက်၏ ဂရုစိုက်ပေးမှုကိုလိုအပ်သည်။ ထန့်ယွီက အနာဂတ်ဆိုင်ရှင်ကို အားပေးဖို့ ကန့်ကွက်တာမျိုးမရှိခဲ့ပေ။
(*ဆိုင်ရှင်က တာဝန်ခံ၊ မန်နေဂျာကိုခေါ်တာပါ)
ဆိုင်၏အမြတ်ခွဲဝေမှုနှင့်ပတ်သက်၍ ထန့်ယွီပထမဆုံးပါဝင်လာသည့် အချိန်ကတည်းက ဆွေးနွေးခဲ့ကြပြီး ဤတစ်ကြိမ်တွင် ရှန်းဖူလန်နှင့် ကျန်းရှို့က အမြတ်ဝေစုယူဖို့ ငြင်းဆန်ခဲ့သည်။ ရေခဲဆိုင်ဖွင့်တုန်းက ထန်ချွန်းမင်ကို အခွင့်အရေးယူထားခဲ့သဖြင့် ဤတစ်ကြိမ်တွင် သူတို့လက်မခံနိုင်ခဲ့ပေ။ သူတို့က တခြားသူများ ခက်ခက်ခဲခဲရခဲ့သောငွေကို အလကားယူရလောက်သည်အထိ အရှက်မမဲ့ကြပေ။
ထန်ချွန်းမင်နှင့် လီဖုန်းက သူတို့ကို မတိုက်တွန်းခဲ့ပေ။ သူတို့ဖျင်ရှန်ရွာမှာ နေထိုင်နေသရွေ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ အများကြီးရှိလာဦးမှာဖြစ်သည်။ အဆုံးမှာ ထန့်ယွီက ၄၀% နှင့် ထန်ချွန်းမင်နှင့် လီဖုန်းက ၆၀% ယူခဲ့ပေမယ့် သူတို့က ကျန်းချန်မင်က်ို ဝေစုတစ်ဝက်ပေးခဲ့သည်။ ၎င်းက ဝေစုတစ်ဝက်သာဖြစ်သော်လည်း ရေရှည်တွင် အမြတ်ငွေက ရေခဲဆိုင်ထက်မနည်းသလို ကျန်းချန်မင်က ၎င်းမှ အများကြီးသင်ယူနိုင်လိမ့်မည်။
နောက်ဆုံးတွင် ထန့်ယွီက ထင်ကျင့်စားသောက်ဆိုင်၏ပြိုင်ဘက် မင်လန်ကျွီနှင့် ဖျင်အန်မြို့နယ်ရှိ မန်ဖူထန်နှင့် သူတို့နောက်ကွယ်က မုန့်မိသားစုအကြောင်းကို ပြောပြခဲ့သည်။ သူမပြောပြခဲ့လျှင် ပိုကောင်းဦးမည်။ သို့သော် ထန်ချွန်းမင်က ကြားသွားသည့်အခါ အတိတ်က မုန့်မိသားစု၏လုပ်ရပ်ကို သတိရသွားသည်။ နောက်ပိုင်းတွင် လှုပ်ရှားမှုမရှိသဖြင့် သူက ဤကိစ္စများကို စိတ်ထဲမှာ ချန်ရစ်ခဲ့သည်။ သို့သော် ထန်ချွန်းမင်အတွက်မူ ကြီးမားသော အကျပ်အတည်းကို ခံစားဖို့က သူ့စိတ်ထားနဲ့မလိုက်ဖက်ပေ။ သူက သူ့ကိုယ်သူပျော်အောင်ထားဖို့သာ သင့်တော်သည်။
“မုန့်မိသားစုက တကယ်ပဲ မင်လန်ကျွီနဲ့ပတ်သက်နေတာလား?” ထန်ချွန်းမင်က အံ့အားသင့်စွာမေးလိုက်သည်။ သူ ဤနေရာကို ရောက်ခါစက သူနဲ့အားလင်းတို့ လမ်းဘေးမှာရပ်ကာ နေရာလွတ်ထဲက ဟင်းသီးဟင်းရွက်များကိုရောင်းရန် ဆိုင်ရွေးခဲ့ဖူးတာကို မှတ်မိသေးသည်။ နောက်ပိုင်းတွင် သူတို့က ထင်ကျင့်နှင့် အဆက်အသွယ်ရှိနေရုံသာမက မင်လန်ကျွီနဲ့လည်း ပတ်သက်ခဲ့ရမယ်လို့ မထင်ထားခဲ့ပေ။ ဤကံကြမ္မာမျိုးက သူ့ကို ပြောစရာပျောက်ရှစေသည်။
ထန့်ယွီက ကောင်းမှုကုသိုလ်လုပ်ပြီး တိတ်ဆိတ်နေမယ့်သူမဟုတ်ပေ။ သူက လိုအပ်လာလျှင် ဂုဏ်တင်ခံသည်။ ဤကိစ္စများက အများအားဖြင့် သူတို့လုပ်တာဖြစ်နိုင်သော်လည်း လီဖုန်းကလည်း ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်။ သို့သော် ဖြစ်လာမည့်အန္တရာယ်ကိုကာကွယ်ရန် သူ့ဘက်က စတင်ထားလိုက်လျှင် အခြေအနေက ကွာခြားသွားနိုင်သည်။ မဟုတ်ပါက ထန်ချွန်းမင်သည် သူ့အပေါ်ယုံစားပြီး သူနဲ့ ဆက်လက်ပူးပေါင်းခြင်းကို လုပ်ဆောင်တော့မှာမဟုတ်ပေ။
“ဟုတ်တယ်.. မင်လန်ကျွီက ငါတို့ရဲ့ကုန်စည်အရင်းအမြစ်ကို အမြဲတမ်းလိုချင်ခဲ့တာ။ ဒီလိုနဲ့ သူတို့က ဖျင်အန်းမြို့က ကျင်းကျိကိုခြေရာခံပြီး ငါက ကျင်းကျိစားသောက်ဆိုင်ရဲ့သူဌေးဆိုတာကို သူတို့သူဌေးသိသွားခဲ့တယ်။ ဒီတော့ သူတို့က ကျင်းကျိရဲ့ပြိုင်ဘက် မန်ဖူထန်နဲ့စတင်လိုက်တယ်။ မင်လန်ကျွီက ငါတို့ကို ပစ်မှတ်ထားနေတော့ ငါတို့ကလည်း ပြန်တိုက်တာပေါ့! မင်လန်ကျွီနဲ့ရင်ဆိုင်ရတာ နည်းနည်းတော့ခက်ခဲပေမယ့် ဖျင်အန်းမြို့ရဲ့ မုန့်မိသားစုက ကိုင်တွယ်ရလွယ်တယ်။ မုန့်မိသားစုရဲ့လက်တွေက အဲ့လောက်မရှည်ဘူး။ နည်းနည်းလေးရိုက်ချက်ပြင်းတာနဲ့ နောက်ဆုတ်သွားတာပဲ။ ပြီးတော့ မန်ဖူထန်ရဲ့စီးပွားရေးကလည်း တစ်နေ့ထက်တစ်နေ့ ကျဆင်းလာပြီး ဆိုင်ရှင်ရဲ့ နောက်ဖေးကလည်း မအေးချမ်းဘူး။” ထန့်ယွီက ထိုဆိုင်ရှင်၏နောက်ဖေးအခြေအနေကို စဥ်းစားလိုက်သည်။ သူက ဝမ်းမသာပဲမနေနိုင်ခဲ့ပေ။ ၎င်းက သူ့အပြစ်ဖြစ်၏။ သူ့ကို ပစ်မှတ်ထားဖို့ အဲ့လိုလူကို ဘယ်သူက ခွင့်ပြုပေးလိုက်တာလဲ?
“ကူညီပေးလို့ကျေးဇူးပါ ထန့်သခင်လေး..။ အခုရော မင်လန်ကျွီနဲ့ ရင်ဆိုင်ရတာ အခက်အခဲရှိနေလား?” မုန့်မိသားစုနှင့် မန်ဖူထန်တို့က သေးငယ်သောဇာတ်ကောင်များဖြစ်ကြောင်း သူကြားဖူးသည်။ အဓိကအချက်မှာ သူတို့နောက်က မင်လန်ကျွီဖြစ်သည်။
“ဒါတွေအားလုံးက အစ်ကိုလီဖုန်းရဲ့ကျေးဇူးပါ။” ထန့်ယွီက ကလေးချီထားသော လီဖုန်းကိုကြည့်ကာ ပြုံးလိုက်သည်။ ဤကဲ့သို့ ခက်ထန်အေးစက်သော စစ်သားတစ်ယောက်က ကလေးထိန်းနေသည်မှာ အက်စက်မှုရှိမနေပေ။ “မင်လန်ကျွီ ဖျင်ရှန်ရွာကို လက်မဆန့်နိုင်အောင် တားပေးခဲ့တဲ့ အစ်ကိုလီဖုန်းရဲ့ နောက်ခံကြောင့်ပါ။ ဒါကြောင့် ထန်ဖူလန်က စိတ်ချလက်ချနေလို့ရပါတယ်။ မင်လန်ကျွီ ကျွန်တော်တို့ကို ဖိအားမပေးနိုင်အောင် လုပ်ပေးခဲ့တဲ့ အစ်ကိုလီဖုန်းကို ကျေးဇူးတင်ပါတယ်။”
ဤသည်မှာ အဆက်အသွယ်၏ အရေးပါမှုဖြစ်သည်။ မင်လန်ကျွီမှာလည်း အရာရှိနောက်ခံရှိပြီး ထင်ကျင့်ကောထက်ပင် ပိုနက်နဲသည်။ ထို့ကြောင့် ထင်ကျင့်ကောသည် ယခင်က မင်လန်ကျ်ီ၏ရန်လိုမှုများကို အရှူံးပေးခဲ့ရခြင်းဖြစ်သည်။ ထန့်ယွီ ရှာတွေ့နိုင်ခဲ့သည့်အရာကို မင်လန်ကျွီလည်း သေချာပေါက်ရှာဖွေနိုင်သည်။ ယခုမူ ထင်ကျင့်ကောက သူတို့အပေါ် ယဥ်ကျေးနေခဲ့တာကြောင့် ထန့်ယွီက သူမသိတာတစ်ခုခုရှိနေလား စဥ်းစားလိုက်၏။ သို့သော် ဤအရာတွေက အရေးမကြီးပေ။ အရေးကြီးသည်မှာ ထန်မိသားစုနဲ့ ပတ်သက်ခွင့်ရခဲ့တာ သူတို့၏ကံကောင်းမှုနှင့် ကောင်းချီးဖြစ်တာကို သူသိသည်။
ထန်ချွန်းမင်က လီဖုန်းကိုကြည့်လိုက်မိသည်။ လီဖုန်းက ဤနေရာမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေခဲ့သည်ပင်။ သို့သော် သူက ဤမျှလောက်ထိ နုနယ်သူမဟုတ်ပေ။ အသုံးဝင်သည့်လူများ သူ့ဘေးနားမှာရှိနေတာကြောင့် သူက ဘာကိုမှ စိုးရိမ်ဖို့မလိုတော့သည့်အတွက် ဝမ်းသာသည်။ လီဖုန်းက ထန်ချွန်းမင်ကို နှစ်သိမ့်လိုက်ပြီး ထန့်ယွီိကိုကြည့်ကာ ပြောလိုက်သည်။ “ဒါဆို အနာဂတ်မှာ ဒီအရာတွေကို ပိုပြီးသတိထားဖို့ ထန့်သခင်လေးကိုပဲ တောင်းဆိုရတော့မယ်။ ကျုပ်တို့ ဖျင်ရှန်ရွာမှာ သတင်းနောက်ကျပါတယ်။” သူ ထန့်ယွီကို ကူညီပေးခဲ့ခြင်းမှာ မင်ကောအာက သူနဲ့အတူ ပူးပေါင်းလုပ်ကိုင်နေသည့်အပြင် အရေးကြီးဆုံးမှာ အစပိုင်းတွင် မင်ကောအာက ထန့်ယွီနှင့် ထင်ကျင့်တို့၏ အကူအညီဖြင့် အခက်အခဲများစွာကို ကျော်လွှားနိုင်ခဲ့လို့ဖြစ်သည်ဟု လီဖုန်းက ဝန်မခံသလို ငြင်းလဲမငြင်းခဲ့ပေ။ သူတို့က ထက်မြက်သူတွေဖြစ်လို့ အတိတ်ကို မတူးဖော်ခဲ့ကြပေ။
“ကိစ္စမရှိပါဘူး။” ထန့်ယွီက ပြုံးကာ ပြန်ဖြေလိုက်သည်။
သဘောတူညီမှုရပြီးသောအခါ သူတို့အဖွဲ့က အိမ်ပြန်ဖို့ပြင်ခဲ့သည်။ သူတို့က လီချိန်ကျူနှင့် လီချိန်ကျူံးတို့ကို လှည်းဖြင့် အရင်လိုက်ပို့ခဲ့သည်။ လီချိန်ကျုံးက ပြန်ဖို့တုံ့ဆိုင်းနေကာ အားလုံးကို ချီတုံချတုံနှုတ်ဆက်ခဲ့လေသည်။ လမ်းပေါ်တွင် ထန်ကျိစားသောက်ဆိုင်နှင့်မဝေးသည့် ထင်ကျင့်စားသောက်ဆိုင်ကိုလည်း ဖြတ်သွားခဲ့ပြီး မင်လန်ကျီကိုလည်း တွေ့ခဲ့ရသည်။ မွန်းတည့်ချိန်ကျော်ပြီဖြစ်သော်လည်း ထင်ကျင့်စားသောက်ဆိုင်တွင် လူဝင်လူထွက်ရှိနေဆဲပင်။ ၎င်းက မင်လန်ကျွီထက် သက်ဝင်လှုပ်ရှားနေပုံမှာ ထင်ကျင့်စားသောက်ဆိုင်၏စီးပွားရေးက အမှန်တကယ် ထွန်းကားနေကြောင်း ပြသခဲ့သည်။
“အို… ဒါက ထင်ကျင့်စားသောက်ဆိုင်ပဲ။ တကယ်ကိုခမ်းနားကြီးကျယ်တယ်။” ကျန်းရှို့က ကားအပြင်ကိုကြည့်လိုက်သည်။ ထင်ကျင့်စားသောက်ဆိုင်၏ အကျယ်အဝန်းနှင့်အပြင်အဆင်မှာ ထန်ကျိစားသောက်ဆိုင်နှင့် ယှဥ်လို့မရပေ။ ထို့အပြင် ထန်ကျိနှင့်ယှဥ်လျှင် ထင့်ကျင့်စားသောက်ဆိုင်က အထက်တန်းလွှာတို့၏ နေရာနှင့်တူသည်။ အရင်တုန်းကတော့ ကျန်းရှို့သည် တံခါးဝကိုပင် မကြည့်ဝံ့ခံ့ပေ။
“ထန်ကျိကလည်း မဆိုးပါဘူး။” ရှန်းဖူလန်ကပြောလိုက်သည်။ သူတို့၏ဖျင်ရှန်ရွာတွင် ယခုလိုမြို့ပေါ်မှာ စီးပွားရေးလုပ်နိုင်သည့် သူဌေးတစ်ဦးရှိလာပြီဖြစ်၍ ဂုဏ်ယူသည်။ ဝမ်မော့ကလည်း စိတ်လှုပ်ရှားသွားသည်။ မင်ကောအာက သူတို့မိသားစုကို သိုးသားစားသောက်ဆိုင်၏ အမြတ်ဝေစုတစ်ဝက်ပေးခဲ့သည်ဟု သူတို့အိမ်ထောင်ဦးစီးထံမှ ကြားခဲ့ရသည်။
&&&
ဖျင်ရှန်ရွာကိုပြန်ရောက်တော့ နေဝင်နေပြီဖြစ်သည်။ ကလေးနှစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး လုံးဝနိုးမလာခဲ့ပေ။ ရှန်းဖူလန်နှင့် သူ့မိသားစုက ထန်ချွန်းမင်၏အိမ်ရှေ့မှာ ဆင်းခဲ့သည်။ ခြေလှမ်းအနည်းငယ်သာ ဝေးတာကြောင့် လီဖုန်းက သူတို့ကို ရွာထဲလိုက်ပို့ပေးဖို့မလိုပေ။
ကလေးနှစ်ယောက်ကို အိမ်ထဲပို့ပြီးတာနဲ့ တာမောင်းနှင့်အာမောင်းက တိတ်တိတ်လေးပြေးလာကြသည်။ သူတို့က သူတို့အိမ်ထဲပင် မဝင်ရသေးပုံပေါ်ပြီး သူတို့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေရှိနေတာကြောင့် ထန်ချွန်းမင်က မျက်မှောင်ကြုတ်သွားခဲ့သည်။ တာမောင်းနှင့်အာမောင်းက သူတို့အား ချော့မော့နေသည်ဟု ဖော်ပြလို့ရသော အပြုံးတစ်ခုကို ပြသခဲ့သည်။
“ပြောစမ်းပါဦး… ဘာမဟုတ်တာတွေလုပ်လာတာလဲ? ငါက မင်းတို့ကို ဖုံးပေးရမှာလား?” ထန်ချွန်းမင်က သူတို့အမူအရာကိုကြည်ခြင်းဖြင့် မဟုတ်တာလုပ်လာမှန်းသိလေသည်။
လှည်းရပ်ပြီး ကျင်းဖုန်းကိုလွှတ်ပေးပြီးနောက် လီဖုန်း အိမ်ထဲဝင်လာတော့ ကောင်လေးနှစ်ယောက်၏ အမူအရာကို မြင်ခဲ့ရလေသည်။ သူ ဘာအမူအရာမှမပြခင် အာမောင်းက ထန်ချွန်းမင်၏အနောက်ကို ခုန်ပေါက်သွားသည်။ တာမောင်းက တည်ငြိမ်နေဆဲဖြစ်ပြီး ထိုနေရာမှာရပ်နေရုံဖြင့် ဦးလေးဖုန်းကို ကြည့်ခွင့်ပေးလိုက်သည်။
ထန်ချွန်းမင်က ၎င်းကိုတွေ့တော့ ရယ်မောလိုက်သည်။ အာမောင်းက ငကြောက်ကလေးဖြစ်တာကြောင့် မမေးပဲနဲ့ ဝန်ခံသလိုဖြစ်သွားခဲ့သည်။ အာမောင်း၏ အကူအညီတောင်းနေသော မျက်ဝန်းကိုလျစ်လျူရှုကာ သူက မီးဖိုချောင်ထဲမှာ ရေနွေးတည်ပြီး ခန်းကုတင်ကိုအပူပေးရန် လှည့်ထွက်သွားသည်။ ကလေးနှစ်ယောက်နှင့် သမားတော်ဟဲက အအေးဒဏ်ကိုကြောက်သည်။ လမ်းတစ်လျှောက် လှည်းပေါ်မှာ မီးလင်းဖိုပါလာပေမယ့် ၎င်းက အိမ်လောက်တော့ မနွေးပေ။
သူ အိမ်ထဲပြန်ရောက်လာသည့်အခါ ကောင်လေးနှစ်ယောက်က အမှားဝန်ခံနေသလို လီဖုန်းရှေ့မှာ ခေါင်းငိုက်စိုက်ရပ်နေသည်။ ထန်ချွန်းမင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ “မင်းစာရင်းရှင်းပြီးပြီလား? လက်စားချေခဲ့တာလား?”
“အ…မင်အားမော့ ဘယ်လိုသိတာလဲ?” အာမောင်းကခေါင်းထောင်ကာ မယုံနိုင်သလို အော်လိုက်သည်။
တာမောင်းက သူ့မျက်နှာကိုအုပ်ထားပြီး တုံးအသော သူ့ညီလေး၏ပါးစပ်ကို ပိတ်လိုက်ချင်သည်။ အာမောင်းက ပြဿနာရှာနေသည်။ သူတို့က သူတို့်လုပ်ခဲ့တာကို ဘာလို့ဖုံးကွယ်ထားရတာလဲ?
.
“ဟားဟား… မင်းဘယ်လိုလုပ်ခဲ့တာလဲ? ဒီတစ်ခေါက် သက်သေချန်ထားခဲ့လား?” ထန်ချွန်းမင်က အပြုံးတစ်ပွင့်ဖြင့် ဆက်မေးလိုက်သည်။ လီဖုန်က ပြုံးလိုက်မိသည်။ မင်ကောအာ ဒီလိုလုပ်လို့ အဆင်ပြေရဲ့လား? ဒါက ဖြူစင်တဲ့ကလေးတွေကို မြှောက်ပေးနေတာမဟုတ်ဘူးလား? တာရှန်ဘယ်လောက်ရိုးသားလဲပဲ တွေးကြည့်တော့ …..
တာမောင်းက ပိုရိုးသားပြီး အသက်ပိုကြီးလို့ လူတွေရဲ့မျက်နှာကိုဖတ်တတ်သည်။ ဤတစ်ကြိမ်မှာ သေချာရှင်းပြလိုက်တာကောင်းသည်။ အမှားတစ်ခုခုရှိခဲ့လျှင် မင်အားမော့က ကူပြင်ပေးလိမ့်မည်။
ဤကောင်လေးနှစ်ယောက်က ချင်ကုံးတန့်နှင့်ရင်ဆိုင်ဖို့ အခွင့်အရေးကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ ဤကလေးကအတော်လေးဆိုးသည်။ ဤကာလအတွင်းမှာ ထန်ချွန်းမင်က အားလင်းကို အပြင်ထွက်ခွင့်မပေးခဲ့ပေ။ ဒါကြောင့် ထိုကလေးက မြင်းပေါက်လေးနဲ့ ကစားခွင့်မရခဲ့၍ ရွာထဲက ကလေးတွေကိုသာ ပြဿနာရှာနေခဲ့သည်။ သူက ဘုရားသခင်နှင့် လူတွေကို အမှန်တကယ်ဒေါသထွက်စေခဲ့သည်။ ယခုချိန်မှာ မိသားစုအားလုံးက ထိုကလေးနဲ့ ဝေးဝေးနေချင်ကြသည်။ ထိုကလေးက တကယ့်ပြဿနာဖြစ်၏။ သူတို့က ချမ်မိသားစုကို ပြဿနာသွားရှာတိုင်း ထိုကလေး၏အားမူက ငိုယိုကာ တောင်းပန်ခဲ့တာကြောင့် လူတွေက ဒေါသထွက်ပြီး ပုံချစရာနေရာမရှိဖြစ်ခဲ့သည်။ ထန်ချွန်းမင်က စွင်းကောအာကို အနိုင်ကျင့်ခဲ့တာတဲ့လား? ငါဘာမှတောင်မပြောရသေးဘူး စွင်းကောအာက ထငိုတာလေ… ဘယ်သူက ဘယ်သူ့ကိုအနိုင်ကျင့်တာလဲ?
ထန်ချွန်းမင်နှင့်လီဖုန်းက ချင်ကုံးတန့်လုပ်ခဲ့သော အရာအားလုံးကို တာမောင်းထံမှ ကြားသိရသောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ ယနေ့မှာ သူက သူများလယ်ကွင်းထဲရှိ အသီးအရွက်များကို လက်တစ်ဆုပ်စာဆွဲခူးလျှင် နောက်နေ့မှာ သူက သူများအိမ်က ကြက်များ၏အမွှေးကိုဆွဲနှုတ်ပြီး နောက်တစ်နေ့မှာတော့ သူက သူများအိမ်ကဝက်စာထဲကို တစ်ခုခုပစ်ထည့်ကာ ဝက်တွေကို တစ်နေကုန် အော်ဟစ်နေစေခဲ့သည်။ ချမ်မိသားစုက ဖျင်ရှန်ရွာကို ဒုက္ခသယ်ဆောင်လာခဲ့သည်။
ဖျင်ရှန်ရွာတွင် ကုန်းတန့်နှင့် တွဲကစားချင်သော ကလေးမရှိပေ။ အာမောင်းက ကျောင်းမသွားရသည့်အချိန်တွင် သူ့ကိုအကြိမ်ရေများစွာ စောင့်ကြည့်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ကုန်းတန့်တစ်ယောက်တည်းရှိစဥ် အခွင့်အရေးယူကာ တာမောင်းကိုခေါ်လိုက်ပြီး တုတ်တစ်ချောင်းဖြင့် ရိုက်ခဲ့လေသည်။ ကုန်းတန့်က ဘယ်သူလုပ်မှန်းမသိပဲ အရိုက်ခံခဲ့ရသည်။
တာမောင်းက ရှက်ရှက်ဖြင့် ခေါင်းကုတ်ကာ ပြောလိုက်သည်။ “ကုန်းတန့်က သားနဲ့ အာမောင်းလုပ်ခဲ့တာကို မသိသလို သားတို့ကလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ ပြီးတော့ သားတို့ ဒီတစ်ခေါက် သူ့မျက်နှာကို မရိုက်ခဲ့ဘူး။” အာမောင်းက အနည်းငယ်စိတ်လှုပ်ရှားနေပြီး ကောင်းတာတစ်ခုခုလုပ်ခဲ့သလို ခံစားလိုက်ရသည်။ သူ့အားမူနှင့် အဖေ၏ အရိုက်ခံရမှာကိုသာမကြောက်လျှင် သူအစတည်းက ယခုလိုလုပ်ခဲ့မှာဖြစ်သည်။
ထန်ချွန်းမင်နှင့် လီဖုန်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ ဤကလေးတွေက ထိုကောင်လေးကို မထနိုင်သည်အထိ ရိုက်ခဲ့မှာကို သူတို့စိုးရိမ်နေသည်။ “သူ့ကို မထနိုင်အောင် ရိုက်ခဲ့တာတော့ မဟုတ်ဘူးမလား?”
အာမောင်းက မလှုပ်မယှက်ပင်။ တာမောင်းကလည်း ကြက်သေသေသွားသည်။ “ဒါက .. သားလည်းမသိဘူး…” သူတို့က ကလဲ့စားချေဖို့ပဲသိပြီး ရိုက်ပြီးတာနဲ့ အမြန်ထွက်ပြေးလာခဲ့သည်။
ထန်ချွန်းမင်က သူ့ရင်ထဲက ချွေးထဲကို သုတ်လိုက်လေသည်။ ဤသည်မှာ သူတို့တင်ပါးတွေကို သုတ်ပေးဖို့ တစ်စုံတစ်ယောက်ကို လိုအပ်နေသည့် အခြေအနေဖြစ်သည်။ လီဖုန်းက ခက်ထန်သောမျက်နှာဖြင့် သူတို့ကို ဆူလိုက်သည်။ “ဘယ်သူမှမသိပဲ လုပ်နိုင်ခဲ့တယ်လို့ထင်လား? တစ်ယောက်ယောက်က စုံစမ်းလာရင် မင်းတို့ကိုမိသွားမှာပဲ။ ပြီးတော့ မင်းတို့ တစ်ယောက်ယောက်ကို နာအောင်လုပ်မိရင် သူက သမားတော်ပြဖို့ လိုလိမ့်မယ်။ ငါတို့ဖျင်ရှန်ရွာ ဘေးကင်းမယ်ထင်လား? သူ့ကိုလုပ်တဲ့သူက မင်းတို့ဆိုတာကို လူတွေသိသွားရင် နောင်မှာ ရွာသားတွေက မင်းတို့ကို ဘယ်လိုကြည့်တော့မလဲ? မင်းတို့က ငယ်ငယ်လေးနဲ့ အရမ်းရက်စက်တယ်လို့ ပြောမှာပေါ့။ ရွာသားတွေက ချင်မိသားစုရဲ့ကလေးကိုရှောင်သလို မင်းတို့ကိုရှောင်သွားရင် ဘယ်လိုလုပ်မလဲ?”
ကောင်လေးနှစ်ယောက်က ကြောက်ရွံ့ထိတ်လန့်နေပြီး မျက်နှာပေါ်တွင် ဂုဏ်ယူနေသော အမူအရာမရှိတော့ချေ။ သူတို့က ကြောက်လွန်းလို့ မျက်ရည်များဝဲလာသည်။ တကယ်တော့ သူတို့က ကလေးလေးတွေဖြစ်ပြီး သူတို့ကို အားလုံးကြောက်သွားမှာ မလိုလားပေ။ ကုန်းတန့်၏ ယခင်အပြုအမူက ဘယ်လောက်စိတ်ပျက်စရာကောင်းသလဲ သူတို့သိသဖြင့် ထိုရလဒ်မျိုးမလိုချင်ပေ။ ထန်ချွန်းမင်နှင့် လီဖုန်းက ရဲကောင်းနှင့် ရဲဆိုးအဖြစ် အသီးသီးသရုပ်ဆောင်ခဲ့ကြသည်။ ထန်ချ်ွန်းမင်ကပြောလိုက်သည်။ “မင်းတို့ကိုယ်မင်းတို့ ပြန်သုံးသပ်ကြ။ ကိုယ်ခံပညာသင်ယူထားသူတွေက သူတို့ရဲ့အကန့်အသတ်ကိုသိရတယ်။ မင်းတို့ဦးလေးဖုန်းနဲ့ ငါက ရွာထဲကအခြေအနေကို စောင့်ကြည့်နေမယ်။ မင်းတို့အိမ်မှာနေပြီး ဘယ်မှမသွားနဲ့။”
“နားလည်ပါပြီ။ မင်အားမော့” ကောင်လေးနှစ်ယောက်က လျှောက်ထွက်သွားခဲ့သည်။ သူတို့အဝေးရောက်သွားတော့ ထန်ချွန်းမင်က လီဖုန်းကို စိုးရိမ်တကြီးကြည့်လိုက်သည်။ သူက အာမောင်းကိုစိတ်မပူပေ။ အာမောင်းက ဘယ်လောက်ပဲသန်မာပါစေ ငါးနှစ်အရွယ်သာဖြစ်သည်။ တာမောင်းကတော့မတူပေ။ လီဖုန်းက သူ့တပည့်ဘယ်လောက်တော်လဲ သိသည်။ လီဖုန်းက ထန်ချွန်းမင်၏လက်ကိုဆွဲကာ ပြောလိုက်သည်။ “စိတ်မပူနဲ့။ ကလေးနှစ်ယောက်က ချင်မိသားစုကလေးလောက် မရက်စက်ပါဘူး။ သူတို့ လွန်လွန်ကဲကဲ လုပ်မှာမဟုတ်ဘူး။ ကိုယ်ခံပညာသင်ယူထားတာနဲ့ပတ်သက်ပြီး ချင်မိသားစုကလေးရဲ့ရက်စက်မှုက ပိုဆိုးနေမှာကို ငါစိုးရိမ်တယ်။”
ထန်ချွန်းမင်က ထိုစကားကြားပြီး စိတ်သက်သာရာရသွားသည်။ သို့သော် ထိုကောင်လေးက ရက်စက်ရုံတင်မကပဲ ပျက်စီးနေကာ အမှားအမှန်လည်းမသိပေ။ သူက သူ့ကို အိမ်ထဲဝင်ခွင့်မပြုရဲပေ။ သို့သော် ကိုယ်ခံပညာသင်ယူခြင်းနှင့် ပတ်သက်ပြီး ထန်ချွန်းမင်က လီဖုန်းကိုပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားနဲ့လေ့ကျင့်မယ်လို့ ပြောထားတယ်လေ။ ဒါပေမယ့် စတောင် မစရသေးဘူး။ အားလင်းကရော? အားလင်းက အနာဂတ်မှာ ကိုယ်ခံပညာသင်ယူလို့ရလား?” ကိုယ့်ကိုကာကွယ်ပေးဖို့ တခြားသူကိုအားကိုးခြင်းက ကိုယ့်ကိုယ့်ကို ကာကွယ်နိုင်ခြင်းလောက် မကောင်းပါပေ။
“ဒါက အားလင်းအပေါ်မူတည်တယ်… ဒါပေမယ့် ယွိမုက ဒီနေရာမှာသင်ပေးတာပိုတော်တယ်။ ငါလည်း အဲ့ဒါကို စစ်မြေပြင်မှာ သင်ယူခဲ့တာ။” ၎င်းက ရက်စက်လွန်း၍ ကောတစ်ယောက်သင်ယူဖို့ မလွယ်ကူပေ။ တာမောင်းနှင့်အာမောင်းက သူ့ကို လက်ဝှေ့ထိုးခြင်းနှင့် ခြေကန်ခြင်းတို့ကိုသာ သင်ပေးထားသည်။
“ကောင်းပါပြီ” ထန်ချွန်းမင်က ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်ကရော?”
လီဖုန်းက မင်ကောအာ ဘာလို့အစွဲအလမ်းကြီးနေလဲ နားမလည်ပေ။ ကိစ္စတော့မရှိပါပေ။ “အသက်ရှူနည်းလမ်းတချို့သင်ပေးမယ်။ အဲ့ဒါက အပြင်မှာထက် နေရာလွတ်ထဲမှာ သင်ယူရင် ပိုထိရောက်မယ်ထင်တယ်။”
“ကောင်းပြီလေ…ကျွန်တော်သေချာလေ့ကျင့်မှာပါ။” ထန်ချွန်းမင်က ကမန်းကတန်းခေါင်းညိတ်လိုက်သည်။ ကွန်ဖူးလေ့ကျင့်ပြီး သူလည်း လီဖုန်းလို အတွင်းအားတိုးလာမှာလား? ထိုအတွေးက သူ့ကိုစိတ်လှုပ်ရှားစေသည်။ နေရာလွတ်က ဖြတ်လမ်းနည်းတစ်ခုဖြစ်သည်။ နေရာလွတ်နဲ့အတူ သူ့အိပ်မက်ကြီး အမှန်ဖြစ်လာတော့မှာလား?