Chapter 65
Viewers 21k

Chapter 65


“ပြန်ရောက်လာခြင်း”



ထန်ချွန်းမင်က စွင်းကောအာကိုစစ်ဆေးရန် ချမ်မိသားစုအိမ်ကို မသွားခဲ့ပဲ ရှန်းဖူလန်ကို စားစရာအချို့ ယူဆောင်သွားပေးရန် ကလေးနှစ်ယောက်ကို မိထွေးလက်ထဲအပ်ကာ ရွာလူကြီးအိမ်ကိုသွားခဲ့သည်။ ထွက်မသွားခင်မှာ အားလင်းကို အိမ်မှာကောင်းကောင်းနေဖို့နှင့် ကုံးတန့်ဆီကို အတုယူပြီး လူကြီးတွေကို စိတ်ပူအောင်မလုပ်ဖို့ မှာခဲ့လေသည်။ အားလင်းက ကုံးတန့်၏အ​ခြေအနေကို လုံးဝမသိပေ။ အာမောင်းက သူ့ကိုသွားပြောရန် မနက်စောစောထခဲ့တာကြောင့် ထန်ချွန်းမင်နှင့် ကျန်းရှို့တို့ ကူကယ်ရာမဲ့သွားခဲ့သည်။ အာမောင်းပြောလို့ပြီးသည်နှင့် သူတို့က သူ့ကိုအိမ်ပြန်ပို့ခဲ့သည်။ မနက်စာစားပြီးနောက် သူ ကျောင်းသွားခဲ့ရသည်။



မနေ့ညက သူနဲ့ကျန်းရှို့ အိမ်ပြန်ကြပြီး ခဏအနားယူခဲ့ပေမယ့် ရွာလူကြီး၏ဇနီးအဖြစ် ရှန်းဖူလန်က စွင်းကောအာကို သွားတွေ့ခဲ့သည်။ သူက ထိုကောလေး၏ စိတ်အခြေအနေကြောင့် အိမ်ကိုချက်ချင်းပြန်လို့မရခဲ့တာ ထန်ချွန်းမင်သိသည်။ ရှန်းဖူလန်က တစ်ညလုံးအနားမယူခဲ့ရပဲ တောင်ပေါ်သွားပြီးပြန်မရောက်လာသေးသည့် ရွာလူကြီးကို စိတ်ပူနေတာဖြစ်ရမည်ဟု ထန်ချွန်းမင်က ခန့်မှန်းလိုက်သည်။



သူတို့ ရွာလူကြီးအိမ်ကိုရောက်တော့ ရှန်းဖူလန်က အနားမယူပဲ ခြံထဲမှာ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ ယင်းက တမင်တကာ အချိန်ဖြုန်းနေခြင်းဖြစ်သည်။ သူ ထန်ချွန်းမင်ကိုတွေ့တော့ မျက်လုံးအောက်က ညိုနေသောမျက်ကွင်းများဖြင့် ပြုံးပြလာသည်။ “မင်းဘာလို့ ဒီရောက်​နေတာလဲ? မင်း မနက်ခင်းမှာ ပိုအနားယူသင့်တာကို”




“သူပြန်မလာသေးတာကို ကျွန်တော်ကဘယ်လိုအိပ်ပျော်မှာလဲ? ဒါပေမယ့် ခင်ဗျားလည်း တစ်ညလုံးမအိပ်ခဲ့ဘူးလေ။ ကျွန်တော် သိုးနို့နည်းနည်းယူလာတယ်။ နွှေးပြီးသောက်လိုက်ပါ။ ကျန်းမာရေးအတွက်ကောင်းတယ်။” ထန်ချွန်းမင်က သူ့မိထွေး မနက်ကလုပ်ပေးခဲ့သော ကြက်ဥပန်ကိတ်အပါအဝင် သူယူလာသမျှကို ပေးလိုက်သည်။ ရှန်းဖူလန် မနက်စာမစားရသေးဘူးလို့ ခန့်မှန်းမိသည်။




“အင်းပါ…” ရှန်းဖူလန်က ထန်ချွန်းမင်၏ကြင်နာမှုကို အပြုံးတစ်ခုဖြင့် လက်ခံလိုက်သည်။ သူက မီးဖိုချောင်ထဲမှာ အစားအစာသွားနွှေးကာ စားရင်းဖြင့် ထန်ချွန်းမင်နှင့်စကားပြောရန် အပြင်ထွက်လာခဲ့သည်။ ထန်ချွန်းမင်ကလည်း မနေ့က ချမ်မိသားစုမှာဖြစ်ပျက်ခဲ့တာကို သိသည်။



“ချမ်မိသားစုက ချမ်သဲဖူကို အရေးမစိုက်တော့ဘူးလို့ ပြောပေမယ့် သူတို့က ကလေးပျောက်သွားတာကို စိတ်ပူပြီး ရှာပေးနေတယ်။ ဒါပေမယ့် ငါတို့ဒီလိုဒုက္ခမျိုးကို မကြုံဖူးပါဘူး​။ လူတွေက ဒေါသထွက်ပြီး လက်​​လျှော့ချင်နေကြပြီ။ သူတို့ကလေးကို သူတို့စောင့်ရှောက်ရမှာမလား? တခြားလူတွေက ဘာလို့ဂရုစိုက်ရမှာလဲ?” ရှန်းဖူလန်က ညည်းညူပြီးမှ ပြောလိုက်သည်။ “သူတို့အိမ်နီးချင်းတွေက ကြားခဲ့သေးတယ်တဲ့။ သူတို့အိမ်က မအေးချမ်းဘူး။ ကုံးတန့်က ခဏခဏထွက်ပြေးပြီး သူပြေးတိုင်းလည်း သူ့အားမူက ငိုယိုပြီး သူ့သားကိုတွေ့မိလားလို့ အိမ်နီးချင်းတွေကို လိုက်မေးတယ်တဲ့။ ဒါကို ဘယ်မိသားစုမှ သည်းမခံနိုင်ဘူးလေ။ ဒါကြောင့် မနေ့က သူတို့မိသားစုကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။!”



“သူက ကလေးကို ဒီလိုပျိုးထောင်ဖို့ တွေးထားတာလား?” ထန်ချွန်းမင်က နားမလည်ပေ။




သူတို့မိသားစု ယခုလိုဖြစ်နေသည့်​အကြောင်းကိုမပြောမီ ရှန်းဖူလန်က ပတ်ဝန်းကျင်ကို သူခိုးလိုကြည့်လိုက်ပြီးမှ ထန်ချွန်းမင်ကို တိုးတိုးလေးပြောခဲ့တာဖြစ်၏။ ယင်းက ထန်ချွန်းမင်ကို ရယ်မောသွားစေသည်။ “သူတို့အိမ်ဘေးက ကောလေးက ငါနဲ့မွေးရပ်မြေတူတယ်။ ကုံးတန့်က သူ့အားမူမှာ အဖေတွေအများကြီးရှိတယ်လို့ ပြောခဲ့တာကို သူကြားခဲ့လို့ ငါ့ကို တိတ်တိတ်လေးပြောပြခဲ့တယ်။ စွင်းကောအာက ချင်ကျားလင်ဇီမှာ တခြားယောကျာ်းတစ်ယောက်နဲ့ ကြိုက်ခဲ့ပုံရတယ်။ မဟုတ်ရင် သူဒီလိုပြောပါ့မလား… ကလေးက ဒီလိုအရာကိုကြုံတွေ့ခဲ့ရတော့ ဘာဖြစ်သွားမလဲ? ဒါက သူ့အားမူရဲ့အပြစ်ပဲလေ။ ကလေးက အကျိုးဆက်တွေ​ကို ခံစားနေရတာ။”



ထန်ချွန်းမင်က ထိုစကားကြားပြီး မျက်လုံးပြူးကျယ်သွားသည်။ ဒီကောက အိမ်မှာယောကျာ်းတစ်ယောက်နဲ့ ငြိစွန်းနေတာကို ကလေးကမြင်ခဲ့ရတာလား? ကလေးကိုတောင်မရှောင်ခဲ့ဘူးလား? ထန်ချွန်းမင် မူလက ရွာထဲမှာပျံ့နေသော သတင်းများကို အတည်မယူခဲ့ပေ။ ဤကောလာဟလများက သားပုပ်လေလွင့်​ဖြစ်ပြီး သူ အစကတည်းက ဘာမှမလုပ်ခဲ့ရင်တောင် သူတို့က ကောလာဟလဖြန့်လေ့ရှိသည်။ သို့သော် ယခုမူ သူ့ကလေးကိုယ်တ်ိုင်က ယခုလိုပြောလာတာကြောင့် ထန်ချွန်းမင်က ကုံးတန့်ကို ရုတ်တရက်သနားသွားသည်။ မူလက ငိုဖို့ပဲသိသည့် သူ့အားမူက ကုံးတန့်ကို အလိုလိုက်ဖျက်စီးထားတယ်လို့သာ သူထင်ခဲ့သည်။ သူက သူ့ကို လုပ်ချင်တာလုပ်ခွင့်ပေးပြီး မလုပ်သင့်တာကို မသင်ပေးခဲ့လို့ ကလေးက ဤမှားယွင်းသောနည်းဖြင့် ကြီးပြင်းလာသည်ဟုသာ သူထင်ခဲ့သည်။ သို့သော် ရလဒ်ကတော့ မတူခဲ့ပေ။ ဒါကိုဘယ်လိုခေါ်မလဲ? အစောပိုင်းပုန်ကန်မှုလား?



သူက ကလေးအတွက် စာနာမိပေမယ့် အားလင်းအပေါ် သူ၏သဘောထားနှင့် သူလုပ်ခဲ့တာကို စဥ်းစားလိုက်သည့်အခါ ထန်ချွန်းမင်က ထိုကလေးကို အားလင်းနှင့် မရင်းနှီးစေချင်ပေ။ သူ့မှာ တခြားကလေးများကို သွန်သင်ဆုံးမဖို့ ခွန်အားလည်းမရှိပေ။ ထိုဖခင်မျိုးရတာ ကံမကောင်းဘူးလို့သာ သူပြောနိုင်သည်။



“ချမ်သဲဖူ ဒီအကြောင်းသိလား? သူက လက်ခံနိုင်လား?” ကောလာဟလအချို့ကြောင့် ကျန်းလန်ဟွာ အရိုက်ခံရပြီး အိမ်ပြင်မထွက်နိုင်ခဲ့တာကို သူတွေးကြည့်မိပြီး ယခုမူ စွင်းကောအာသည်လည်း သူ့ကို ဦးထုပ်စိမ်းထပ်ဆောင်းပေးခဲ့သည်။ ထန်ချွန်းမင်က ခဏလောက်တော့ ချမ်သဲဖူ၏အမြင်ကို ဘယ်လိုဖော်ပြရမလဲမသိတော့ပေ။


“သူမသိသေးဘူးထင်တယ်​။ စွင်းကောအာ အဲ့ဒီစကားကြားလိုက်ရတဲ့အချိန်မှာ ချမ်သဲဖူရှိမနေခဲ့ဘူး။ ကုံးတန့်က ချမ်သဲဖူရဲ့နောက်ကွယ်မှာပြောပြီး ချမ်သဲဖူရှေ့မှာ သူ့အားမူနဲ့ မငြင်းခုံခဲ့ဘူး။ မဟုတ်ရင်…” ရှန်းဖူလန်က ခေါင်းခါလိုက်သည်။ သူက ကျန်းလန်ဟွာဖြစ်ခဲ့တာကိုလည်း တွေးလိုက်သည်။ ချမ်သဲဖူက ဤကိစ္စများကို သိသွားပါက စွင်းကောအာ၏ဗိုက်ထဲကကလေး ပျောက်ကွယ်သွားလိမ့်မည်။ “ကုံးတန့်က တမင်လုပ်ခဲ့တာပဲ။ သူက စဥ်းစားပေးခဲ့တာ။” သူက ကုံးတန့်ကို ပိုသနားလာခဲ့သည်။





ထိုကဲ့သို့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာမည့် ကလေးက မည်သို့ဖြစ်လာမည်လဲ ထန်ချွန်းမင် စိတ်ကူးမယဥ်ကြည့်နိုင်ခဲ့ပေ။ သူ့အားမူကိုယ်တိုင်က မမှန်မကန်မပြုမူခဲ့လျှင် ကလေးက ယခုလိုဖြစ်လာမှာလား? ဒီအတွက်နဲ့ ကလေးကိုအလိုလိုက်ပြီး ပျက်စီးစေခဲ့တာလား?




ရှန်းဖူလန်က ထန်ချွန်းမင်၏လက်ကိုပုတ်ကာ ပြောလိုက်သည်။ “ငါနားလည်ပါတယ်။ ဒီကောလေးက မင်းနဲ့အရမ်းကွာခြားတယ်။ သူက ယောကျာ်းတစ်ယောက်မရှိပဲ မနေနိုင်ဘူး။ မင်းနဲ့မတူတာက မင်းက ကလေးနှစ်ယောက်ကို ကောင်းကောင်းပျိုးထောင်နိုင်တယ်။ ဖုန်းရှောင်ကျစ်မရှိရင်တောင်လေ။ ဒါပေမယ့် အဲ့ဒါက ဖော်ပြဖို့ခက်တယ်။” သူက ယောကျ်ားမရှိလျှင် ကမ္ဘာပြိုမည်လို့ထင်သည်။ သူက တစ်ခုခုဖြစ်တိုင်း ငိုယိုကာ အသနားခံလေ့ရှိသည်။ ချင်ကျားလင်ဇီမှ ချင်မိသားစုက သူ့ကို နောက်အိမ်ထောင်ပြုပေးဖို့ စိတ်အားထက်သန်ခဲ့သည်။ သို့မှသာ သူတိို့ဒုက္ခကင်းဝေးမှာဖြစ်သည်။ ထို့ကြောင့် ဤကောက ချင်မိသားစုမြေကို ယူသွားတာ​တောင် သူတို့မကန့်ကွက်ခဲ့တာဖြစ်၏။



သိသာနေသည်မှာ သူတို့၏ချင်မိသားစုတွင် ​မြေယာနှင့် လူတွေရှိတာကြောင့် ယောကျာ်းလေးတစ်ယောက်မွေးရန် မခက်ခဲခဲ့ပေ။ ကျောက်မိသားစု၏ ရောင်းစားခံရတော့မည့် မင်ကောအာနှင့်မတူပေ။ မင်ကောအာက ထိုအခြေအေနေမှ လွတ်မြောက်ခဲ့သည်။ အစပိုင်းတွင် သူတစ်ယောက်တည်းနေထိုင်ခြင်းအပေါ် မည်သူကမျှ အကောင်းမမြင်ခဲ့သော်လည်း အချိန်တိုတွင်းမှာ သူက မြေဝယ်ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးကာ ရွာရှိအမျိုးသားများထက်ပင် ပိုအောင်မြင်ခဲ့သည်။




ထို့ကြောင့် ရှန်းဖူလန်က စွင်းကောအာလို လူတွေကို အထင်သေးသည်။



ထန်ချွန်းမင်က မျက်မှောင်ကြုတ်ကာ ရှန်းဖူလန်ဖော်ပြခဲ့သည့် မြင်ကွင်းကို တွေးကြည့်လို့မရသဖြင့် ပြောလိုက်တော့သည်။ “ခင်ဗျားအနားယူလိုက်တာကောင်းမယ်။ မဟုတ်ရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဦးလေးပြန်လာရင် ခင်ဗျား သူ့ကိုဂရုစိုက်ပြုစုပေးရဦးမှာ။”



“အင်းပါ.. မင်းပြောတာကို နားထောင်ပါ့မယ်။”




ရှန်းဖူလန်ကို အနားယူဖို့ ဖျောင်းဖျပြီးနောက် ထန်ချွန်းမင်က သူ့ခြံတံခါးကိုပိတ်ကာ ထွက်သွားခဲ့သည်။ အိမ်ပြန်ရောက်တော့ သမားတော်ဟဲကလည်း ပြန်ရောက်နေသည်။ မေးခွန်းအနည်းငယ်မေးပြီးနောက် သမားတော်ဟဲက ကိုယ်ဝန်ကိုကယ်ဖို့ ခက်တယ်လို့​ပြောလာသည်။ တခြားတစ်ခုခုဖြစ်နေတယ်ဆိုတာကိုတော့ သူ့မျက်နှာအမူအရာမှ မြင်နိုင်လေသည်။ ထန်ချွန်းမင်က မျက်တောင်ခတ်လိုက်ပေမယ့် သမားတော်မပြောချင်တာကို သူအတင်းမမေးခဲ့ပေ။



ဟူလန်ကျုံးက သမားတော်ဟဲကို တိတ်တိတ်လေးမေးမြန်းခဲ့သည်။ “သူ့ကိုပြောပြလိုက်လား? မင်ကောအာနဲ့ တခြားသူတွေကို မပြောပြဘူးလား?” 




သမားတော်ဟဲက သူ့မုတ်ဆိတ်ကိုပွတ်ကာပြောလိုက်သည်။ “ဘာလဲ? ဘာကိုပြောရမှာလဲ? ဒီကောလေးက အရင်ကိုယ်ဝန်ဖျက်ချဖူးပြီး သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်ခဲ့ဘူးဆိုတာလား? ဘာမှမပြောတာပဲကောင်းတယ်။ မင်းနဲ့ ငါနှစ်ယောက်လုံး သူ့ကိုသတိပေးပြီးပြီပဲ။ ဒီတစ်ခေါက်ကိုယ်ဝန်ကို သေချာဂရုမစိုက်ရင်တော့ သူကိုယ်ဝန်ထပ်ဆောင်ဖို့ ခက်ခဲလိမ့်မယ်။ သူ့ကိုယ်သူတန်ဖိုးမထားရင် သူပဲဒုက္ခရောက်မှာ။” တခြားစစ်သားများနှင့် စစ်တန်းလျားမှာ နေခဲ့ရသ​ဖြင့် သမားတော်ဟဲက သိပ်စိတ်မရှည်ပေ။ သမားတော်က လူနာတွေကိုကယ်ဖို့ ကြိုးစားပေမယ့် လူနာတွေက ပူးပေါင်းဆောင်ရွက်မပေးတာကို သူလုံးဝသည်းမခံနိုင်ပေ။


.


“ဒီနေ့ခင်ဗျားကူညီပေးလို့ ကျွန်တော်တို့ကံကောင်းသွားတာပါ။ မဟုတ်ရင် အကန်ံ့အသတ်ရှိတဲ့ ကျွန်တော့်ရဲ့အရည်အချင်းနဲ့ ကလေးကိုကယ်နိုင်မှာမဟုတ်ဘူး။ ခင်ဗျားအနားယူလိုက်ပါ။ တောင်ပေါ်တက်သွားတဲ့လူတွေပြန်လာရင် ကျွန်တော်တို့ ခင်ဗျားကို ဒုက္ခပေးရလိမ့်မယ်။” ဟူလန်ကျုံးက ​ထိုစကားပြောပြီးသည်နှင့် ပြန်သွားသည်။ ယင်း​က သူ့အတွက် ခက်ခဲသောညတစ်ညဖြစ်၏။



ထန်ချွန်းမင်နှင့် သူ့လူတွေက အကြာကြီးမစောင့်ခဲ့ရပေ။ မွန်းတည့်ချိန်မှာ ရွာလူကြီးရောက်လာပြီး အစောပိုင်းက တောင်ပေါ်တက်သွားသော လီဖုန်းနှင့် တခြားသူများလည်း ပြန်ရောက်လာခဲ့သည်။ သတင်းရရှိခဲ့သော ထန်ချွန်းမင်က အမြန်ပြေးထွက်လာသည်။ ကုံးတန့်က လီဖုန်းတို့အဖွဲ့နဲ့တွေ့ခဲ့တာဖြစ်နိုင်မလား?


ပြန်တွေ့ခဲ့ရင်တော့ကောင်းပေမယ့် လူကိုမတွေ့ခဲ့ပဲ တောရိုင်းသားရဲတစ်ကောင်ကို တွေ့ခဲ့လျှင် ကံဆိုးပေမည်။



ထန်ချွန်းမင်၏နှာခေါင်းက ယခုအခါ အလွန်ထိရှလွယ်ပြီး သူက အဝေးကြီးမှသွေးနံ့ကို ရနိုင်လေသည်။ သူအနီးရောက်မသွားခင်မှာ ခွေးဝံပုလွေရှောင်ဟွာက ပြေးလာပြီး ထန်ချွန်းမင်၏ခြေထောက်ကို သူ့ခေါင်းကြီးနဲ့ တယုတယပွတ်သပ်တော့သည်။ ထို့နောက် ၎င်းက သွေးရနံ့ကြောင့် ထန်ချွန်းမင်ကို မထိတော့ပေ။



“ဘာဖြစ်လို့လဲ? ဘာလို့ အဲ့လောက်ရှုပ်ပွနေတာလဲ?” ထန်ချွန်းမင်က အံ့အားသင့်စွာမေးလိုက်သည်။ လီဖုန်း၏အဝတ်အစားက စုတ်ပြဲနေကာ အောက်ခံချည်သားပင် ပေါ်နေ၏။ သွေးရနံ့ကို လျစ်လျူရှုလိုက်ပြီး သူက လီဖုန်းကိုဆွဲခေါ်ကာ သေချာကြည့်လိုက်သည်။ ထိုမှသာ သူက စိတ်သက်သာရာရသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ သိသာသောဒဏ်ရာမရှိပေ။




“ငါတို့ မနေ့ညက ဝံပုလွေတွေနဲ့တွေ့ခဲ့တယ်။” လီဖုန်း၏မျက်လုံးထဲမှာ အပြုံးတစ်ခုရှိနေပြီး မင်ကောအာ၏စိုးရိမ်ပူပန်မှုကို ကျေနပ်နေပုံရသည်။




“ဝံပုလွေလား?!” ထိုစကားကြားတော့ ထန်ချွန်းမင်အနောက်မှ လူတွေက အော်လိုက်သည်။ “မနေ့ညက ဝံပုလွေအသံကြားတာ မအံ့သြတော့ပါဘူး။ ဝံပုလွေတွေက ငါတို့ရွာကို သိပ်မလာဘူးမလား?”



“ဒီတော့ မ​နေ့ညက ကျွန်တော်တို့ကြားခဲ့တဲ့ ဝံပုလွေအော်သံက အိပ်နေလို့ စိတ်ချောက်ခြားတာမဟုတ်ဘူးပေါ့။” ထန်ချွန်းမင်ကလည်း အံ့အားသင့်သွားသည်။ သူက လီဖုန်းကို အထက်အောက် သေချာစစ်ဆေးလိုက်သည်။ အနည်းဆုံးတော့ သူက အဆင်ပြေနေသည်။ ထို့နောက် သူက တောင်ပေါ်တက်သွားသော တခြားလူတွေကိုကြည့်လိုက်သည်။ သူတို့က လီဖုန်းထက်ပင် ကြောက်လန့်နေပြီး ဒဏ်ရာရပုံတော့မပေါ်ပေ။ သွေးထွက်သိယိုရနံ့က သူတို့ဆီမှမဟုတ်ပဲဲ သားကောင်၏ရနံ့ဖြစ်ပေမည်။



ရွာလူကြီးက အလွန်ပင်ပန်းနေပေမယ့် သူ့မျက်ဝန်းက တောက်ပနေ၏။ သူက အခြေအနေအကြောင်းလာမေးသော ရွာသားတွေကို ရှင်းပြလိုက်သည်။ “... မင်ကောအာရဲ့ခွေးကိုခေါ်လာနိုင်လို့ ကံကောင်းသွားတယ်။ လီဖုန်းနဲ့ တခြားသူတွေက ဆူညံသံကြားပြီး ရောက်လာကြတာလေ။ မဟုတ်ရင် ကုံးတန်ပျောက်သွားတဲ့အပြင် ငါတို့ပါ ဝံပုလွေအဝိုင်းခံရမှာ။ ညဘက် အန္တရာယ်အရမ်းများတယ်။” ရွာလူကြီးက ရင်တုန်နေသောအကြည့်ဖြင့် ပြောလိုက်သည်။ သူက ယခုလိုအခြေအနေမျိုး မတွေ့ရခဲ့သည်မှာ နှစ်တွေကြာခဲ့ပြီဖြစ်၏။ “သူတို့ဘယ်ကထွက်လာလဲငါမသိဘူး။ ဆာလောင်နေတဲ့ ဝံပုလွေတွေ ဆယ့်နှစ်ကောင်လောက်ရှိတယ်။ လူတွေက သူတို့ကိုကြည့်ပြီး​ ခြေတုန်နေခဲ့တာ။” သူတို့က လိုရမယ်ရ အဖွဲ့ကိုခေါ်လာခဲ့သော်လည်း ထိုအကောင်ကြီးများကိုတွေ့သည့်အခါ လန့်ကြမှာပင်။



“ကုံးတန့်ကရော?” တစ်ယောက်ယောက်က မေးလိုက်သည်။



“သူ့ကို ဟူလန်ကျုံးနဲ့ချမ်သဲဖူဆီ ပို့ထားတာကြာပြီ။” ရွာလူကြီးက ချမ်သဲဖူအကြောင်းမပြောချင်သလို ခေါင်းခါလိုက်သည်။ သူ၏​အေးစက်သောမျက်နှာကြောင့် ချမ်သဲဖူ မနေ့က ဆွဲခေါ်ခံခဲ့ရသည်။ မဟုတ်ပါက တခြားမိသားစုတွေ တောင်ပေါ်မှာ ကလေးကိုရှာပေးနေချိန် ပထွေးဖြစ်သူက အိမ်မှာထိုင်ပြီး သတင်းစောင့်နေပေလိမ့်မည်။ အဆူခံရလို့ သူသေမသွားဘူး! သို့သော် သူတို့ သူ့ကို တောင်ပေါ်ခေါ်လာနိုင်ခဲ့လျှင်ပင် သူက ဝန်ပိုတစ်ခုသာဖြစ်နေခဲ့သည်။ ဝံပုလွေ​အော်သံကြားသည့်အခါ သူကအရင်ဆုံးထွက်ပြေးသွားပြီး ပြေးနေရင်း ဒဏ်ရာရခဲ့လေသည်။ ယင်းက အင်မတန်ရှက်စရာကောင်းလေသည်။ “အားလုံးက ဒဏ်ရာရနေပေမယ့် ကြီးကြီးမားမားတော့မဟုတ်ဘူး။ ထပ်ပြီးစိတ်မပူနဲ့တော့ ။ အိမ်ပြန်ကြတော့။ တောင်ပေါ်သွားခဲ့တဲ့လူတွေက မင်ကောအာရဲ့အိမ်မှာ သမားတော်ဟဲရဲ့ စစ်ဆေးမှုကိုခံယူလိုက်။ အားလုံးအဆင်ပြေရင် အိမ်ပြန်ပြီး အနားယူကြ။”



“ကောင်းပြီ။ ကျွန်တော်တို့ ရွာလူကြီးစကားကိုနားထောင်ပါမယ်။” တောင်ပေါ်တက်ခဲ့သူများက အလွန်ကျေးဇူးတင်နေပြီး သူတို့က လီဖုန်းနောက်ကလိုက်ကာ ထန်ချွန်းမင်အိမ်ကိုသွားခဲ့သည်။



ရွာလူကြီးက လူအုပ်စုကိုပို့လိုက်​ပေမယ့် သမားတော်ဟဲက မငြင်းခဲ့ပေ။ သူလည်းပဲ ရွာမှာနေထိုင်တာဖြစ်၍ ရွာသားတွေကိုကူညီဖို့က သူ့တာဝန်ဖြစ်သည်။ သို့သော် ဤလူများက တောင်ပေါ်မှ ကြာကြာမနေခဲ့တာကြောင့် ကျန်းမာရေးပြဿနာသိပ်မရှိသဖြင့် အအေးမမိစေရန် ဆေးတချို့ပေးခဲ့သည်။



ဝံပုလွေဆယ့်နှစ်ကောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး သူတို့အသားကိုလှီးကာ ပြန်ယူလာခဲ့သည်။ လီဖုန်းက ငါးကောင်ရပြီး ကျန်တာကို ရွာလူကြီးနှင့် တခြားသူများအား ပေးလိုက်သည်။ သူတို့က တောင်ပေါ်တက်ခဲ့သူများအား ခွဲဝေပေးခဲ့သည်။ ရွာလူကြီးရာထူးက မလွယ်ကူပေ။ ဖြေရှင်းစရာ အသေးအဖွဲကိစ္စများရှိသည်။ တကယ််တော့ ထောက်ပံ့​ကြေးကို ချမ်မိသားစုကပေးသင့်တာဖြစ်၏။ အားလုံးက သူတို့ကလေးအတွက် ညဘက်အပြင်ထွက်ခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်မှာ ရွာလူကြီးနှင့် တောင်ပေါ်တက်ခဲ့ရသော မိသားစုများက ချမ်သဲဖူနှင့် စွင်းကောအာတို့ကို အမြင်မကြည်တော့ပေ။ သူတို့တိတ်တိတ်နေလျှင် အတော်လေးကောင်းနေပြီဖြစ်၏။



ထန်ချွန်းမင်က ရေနွေးတည်ပြီး လီဖုန်းကို ရေချိုးခိုင်းကာ သူကတော့ မီးဖိုချောင်ထဲမှာဟင်းချက်နေ၏။ အားလင်းက မီးဖိုချောင်ထဲကို ခိုးဝင်လာပြီး သူ့အားမူကိုပွေ့ဖက်ကာ တိုးတိုးလေးမေးလိုက်သည်။ “ဖေဖေ… ဦးလေးဖုန်းက ဝံပုလွေတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အာမောင်းနဲ့တခြားလူတွေက ပြောခဲ့တယ်။” 





ထန်ချွန်းမင်က လက်ဆေးကာ အားလင်းကိုကောက်ချီပြီး ခွေးခြေခုံပေါ် ထိုင်လိုက်သည်။ “အားလင်း.. မင်း ဝံပုလွေတွေကို​ကြောက်လား? မင်းရဲ့ဦးလေးဖုန်းက အရမ်းအင်အားကြီးတာ။ ဝံပုလွေတွေကတောင် သူ့ကို​ကြောက်တယ်။”



“ဖေဖေ…” အားလင်းက ထန်ချွန်းမင်ကိုမှီပြီး တိုးတိုးလေးခေါ်လိုက်သဖြင့် ထန်ချွန်းမင်၏နှလုံးသား ပျော့ခွေသွားခဲ့သည်။ “သားက ဦးလေးဖုန်းကိုမ​​ကြောက်ပါဘူး။ အာမောင်းကလည်း ဦးလေးဖုန်းကို​ကြိုက််တယ်။ဖေဖေ… ဦးလေးဖုန်းက နောက်ဆိုရင်ရော သားအပေါ်ကောင်းပေးမှာလား?”



ထန်ချွန်းမင်က တွေးခေါ်တတ်သူဖြစ်ပေမယ့် သူ့လက်ထဲကလူမှာ တခြားသူမဟုတ်ပဲ သူ့သားလေးဖြစ်သည်။ သားဖြစ်သူ၏မူမမှန်မှုကိုတွေ့ရတော့ ထန်ချွန်းမင်က စကားပြောရပ်လိုက်ပြီး အားလင်းကိုပုတ်ကာ မေးလိုက်သည်။ “အားလင်း… တစ်​ယောက်ယောက်က တစ်ခုခုပြောခဲ့သေးလား? ဦးလေးဖုန်းက သားကို ဆိုးဆိုးရွားရွား ဘယ်လိုဆက်ဆံနိုင်မှာလဲ?”



“အဲ့ဒါ ကုံးတန့်ပြောတာ။” အားလင်းက သူ့အားမူ၏အဝတ်အစားကို ဆွဲညှစ်လိုက်သည်။ “သူက လူဆိုးပဲ။ ဦးဘေးဖုန်းက သားအဖေဖြစ်လာရင် သားအပေါ်မကောင်းတော့ဘူးလို့ပြောတယ်။ ဖေဖေကလည်း ဦးလေးဖုန်းနဲ့ ကလေးရလာရင် သားအပေါ်ကောင်းတော့မှာမဟုတ်ဘူးတဲ့။” အားလင်းက ထန်ချွန်းမင်ကို နက်မှောင်သောမျက်ဝန်းဖြင့် မော့ကြည့်လိုက်၏။



ထန်ချွန်းမင်က စိတ်သဘောထားနူးညံ့ပေမယ့် အားလင်းကို ပေါက်ကရတွေပြောထားသည့် ထိုကလေးဆိုးကုံးတန့်ကို မုန်းသည်။ သူက သူ့ကို နည်းအမျိုးမျိုးဖြင့် စောင့်ကြည့်နေသော်လည်း သူအားလင်းဆီ​ပြေးလာမယ်လို့ မထင်ထားခဲ့ပေ။ “အားလင်း…. မင်းဖေဖေ့ကိုမယုံဘူးလား? မင်းဖေဖေရဲ့စိတ််ထဲမှာ အားလင်းက နံပါတ်တစ်ဖြစ်ပြီး အရေးကြီးဆုံးပဲ။ ဒုတိယက အားစန်း။ မင်းဦးလေးဖုန်းက တတိယဖြစ်လို့ သူမင်းကို ဆိုးဆိုးရွားရွား ဆက်ဆံရင် ဖေဖေတို့ သူ့ကိုမလိုအပ်တော့ဘူးလား ဟုတ်ပြီလား?” သူကအပြင်ကိုကြည့်လိုက်ပြီး ပါးစပ်ထောင့်မှာ မဲ့ပြုံးတစ်ခုထွက်လာသည်။ ချောင်းကြည့်တာ ကောင်းသောလုပ်ရပ်မဟုတ်ပေ။




“ဖေဖေ…မရဘူး!” အားလင်းက စိုးရိမ်သွားပေမယ့် စိတ်သက်သာရာရသွားပြီး ပျော်ရွှင်သွားသည်။ “ဦးလေးဖုန်းက လူကောင်းပါ။ အားလင်းက ဦးလေးဖုန်းကို အဖေဖြစ်စေချင်တယ်။ ကုံးတန့်ကလူဆိုးပဲ။ သားသူ့လိုမဖြစ်ချင်ဘူး!” ကုံးတန့်က လိမ္မာရေးခြားမရှိတာကြောင့် ဘယ်သူကမှ သူ့ကိုမချစ်ပေ။ သို့ပေမယ့် အားလင်းက လိမ္မာလို့ ဖေဖေ့နှလုံးသားထဲမှာ နံပါတ်တစ်ဖြစ်နေတာပင်။



“အင်း​ပါ..အင်းပါ.. ဦးလေးဖုန်းကို အားလင်းရဲ့အဖေလုပ်ခိုင်းမယ်။ အားလင်းအပေါ်လည်း အမြဲတမ်းကောင်းစေရမယ်။” ထန်ချွန်းမင်က ချော့မော့လိုက်သည်။



“ဟုတ်ကဲ့။” အားလင်းက လေးလေးနက်နက် ခေါင်းညိတ်သည်။ “ဖေဖေ ဦးလေးဖုန်းနဲ့လက်ထပ်ရင် ဦးလေးဖုန်းက အားလင်းအဖေဖြစ်လာမှာ။ ပြီးတော့ အားစန်းကလည်း ဦးလေးဖုန်းကိုသဘောကျတယ်။”



“အင်းပါ..

အင်းပါ…” ထန်ချွန်းမင်က ပြုံးလိုက်သည်။



အားလင်းက သူ့အားမူ၏ချော့မော့နှစ်သိမ့်ခံရပြီးနောက် ပြေးထွက်သွားပြီး အပြင်ထောင့်တစ်နေရာမှာ ချောင်းနေသူက ထွက်ပေါ်လာကာ မျက်နှာကမှုပ်ကုပ်နေပေမယ့် ကြည်နူးမှုအရိပ်အယောင်လည်း ရှိနေဆဲပင်။ ထန်ချွန်းမင်က ဆိုးသွမ်းစွာပြုံးလိုက်ပြီး မေးလိုက်သည်။ “ခင်ဗျားအကုန်ကြားသွားတာလား?”




လီဖုန်း၏မျက်နှာက ပိုလို့တောင် နက်မှောင်သွားသည်။ သူက ထန်ချွန်းမင်၏လက်ကိုဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲဆွဲလိုက်သည်။ ထန်ချွန်းမင်က လုံးဝမလှုပ်နိုင်တော့ပေ။ ထိုမှသာ ဤလူဘယ်လောက်သန်မာလဲ သူသိခဲ့ရသည်။ သို့သော် သူ့မျက်နှာပေါ်မှာ စိတ်ဆိုးနေခြင်းမရှိပေ။ သူက အားလင်းနဲ့သိပ်မခြားနားသည့်အပြုံးဖြင့် ထိုလူကိုကြည့်လိုက်သည်။




“ကိုယ်မင်းကို အခွင့်အရေးမပေးဘူး။” မင်ကောအာ၏ပုံစံကိုကြည့်ကာ လီဖုန်းက လုံးဝစိတ်မဆိုးနိုင်ပဲ ဝမ်းနည်းတကြီးပြောလိုက်သည်။



“ကျွန်တော်သိပါတယ်။ ကျွန်တော်လည်း အခွင့်အရေးမပေးဘူး။” ထန်ချွန်းမင်က နှုတ်ခမ်းများကိုကွေးညွတ်ကာ မျက်စောင်းထိုးလိုက်သည်။ ဤလူပြန်ရောက်လာတော့ သူက ပျားရည်ပုလင်းထဲနစ်ဝင်သွားသလို ကွာခြားသွားပုံရသည်။ “ခင်ဗျား ကျွန်တော်တို့ကို ဆိုးဆိုးရွားရွားဆက်ဆံရင် နေရာလွတ်ထဲမှာ ပိတ်ထားပြီး အလုပ်လုပ်ခိုင်းပစ်မယ်။”




လီဖုန်း၏နှလုံးသားက နေထွက်လာပြီး တိမ်တွေကွဲသွားသလိုပင် ရုတ်တရက် ကြည်လင်လာသည်။ သူက စိတ်လှုပ်ရှားလွန်းလို့ မင်ကောအာနဲ့ အခုချက်ချင်းလက်ထပ်လိုက်ချင်သည်။ သို့သော် သူတို့နှစ်ယောက်က အတွေးမတူပေ။ ထန်ချွန်းမင်က အားလင်း၏အခြေအနေကို စိတ်ပူနေဆဲဖြစ်၏။ “လူဆိုးလေးကုံးတန့်က အားလင်းကို ဘာပြောခဲ့လဲသိလား? အဲ့ဒီကလေးက ဘယ်လောက်ပဲ သနားစရာကောင်းကောင်း.. ကျွန်တော် သူ့ကို အားလင်းတို့နဲ့ မပေါင်းသင်းစေချင်ဘူး။”





“ဘာဖြစ်လို့လဲ?” လီဖုန်းက ထန်ချွန်းမင်ကိုလွှတ်ပေးလိုက်သည်။ ထန်ချွန်းမင်က လီဖုန်းကို အကုန်ပြောပြလိုက်သည်။ လီဖုန်း၏မျက်ခုံးက တွန့်သွားပြန်သည်။ တစ်ချိန်တည်းမှာ သူက မင်ကောအာ၏စကားကို လက်ခံလိုက်သည်။ ကလေးက ထိုမိဘမျိုးနဲ့ကြုံတွေ့ခဲ့ရသဖြင့် ငယ်ငယ်တည်းက သွန်သင်ဆုံးမမည့်လူမရှိချေ။ ချမ်သဲဖူ၏အခြေအနေကို အကဲဖြတ်ရလျှင် သူက အနာဂတ်မှာ ကုံးတန့်အပေါ် ကောင်းပေးမည်မဟုတ်။ ကလေးက သွန်သင်ဆုံးမမည့် လူတစ်ယောက်မရှိလျှင် လူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ ခက်ပေမည်။ သူက ထန်ချွန်းမင်အား တောင်ပေါ်က ချမ်သဲဖူ၏အပြုအမူအကြောင်း ပြောပြလိုက်သည်။ ထန်ချွန်းမင်က ပြောစရာပျောက်ရှသွားသည်။ သူနဲ့စွင်းကောအာကို လိုက်ဖက်တယ်လို့ ထန်ချွန်းမင်ထင်မိသည်။