Chapter 67
Viewers 20k

Chapter 67

“လက်ထပ်ပွဲ”


တတိယဦးလေးက ထန်ချွန်းမင်ကို လျစ်လျူရှုခဲ့သော်လည်း သူက ဝမ်ယင်၏ရင်ခွင်ထဲမှကလေးအား ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်လေသည်။ သူ့အမြင်တွင် ဤသည်မှာ ကျောက်မိသားစု၏ကလေးဖြစ်ပြီး ကျောက်တာဟူ၏ တစ်ဦးတည်းသောသားဖြစ်သည်။ အနာဂတ်မှာ သူ ထိုကလေးကို အထောက်အပံ့အဖြစ် အားကိုးလို့ရသည်။ သူကလေးမွေးတုန်းက သွားကြည့်ခဲ့သင့်သည်။ သူက ကျောက်တာဟူကို ကျေနပ်ပေမယ့် သူ့အားမူအကြောင်း စဥ်းစားမိလိုက်သည့်အခါ တတိယဦးလေးက ဒေါသထွက်သွားသည်။ ဘယ်လိုပဲဖြစ်စေ သူက ကောတစ်ယောက်ကို အရင်ဦးညွတ်မှာမဟုတ်ပေ။ 



လောလောဆယ်ရှိစေတော့..။ အနာဂတ်မှာ သူ မိသားစုသစ်ပင်ထဲပါလာလျှင် တတိယဦးလေးက သူ့ကို ဂရုစိုက်ပေးလို့ရပြီး တာဟူ၏အကိုင်းအခက်ကို သယ်ဆောင်ခွင့်ပေးမည်။ တတိယဦးလေးက ကလေးဆီမှ အကြည့်လွှဲလိုက်သည်။ ကောငယ်လေး အားလင်းကတော့ အနာဂတ်မှာ လက်ထပ်ရမည်ဖြစ်၍ ကျောက်မိသားစုဝင်လို့ သတ်မှတ်စရာမလိုပေ။



ကျောက်ဖျင်ချွမ်က ထန်ချွန်းမင်ကို ရှုပ်ထွေးသောမျက်လုံးဖြင့် ကြည့်လိုက်သည်။ သူ ထန်ချွန်းမင်ကို မတွေ့ရတာကြာပြီပင်။ သူ ပထမဆုံးအကြိမ် မော့ကြည့်လိုက်သောအခါ သူဘယ်သူလဲ မမှတ်မိသလိုဖြစ်သွားခဲ့သည်။ ယခုချိန်တွင် ထန်ချွန်းမင်က ကျောက်တာဟူကို လက်ထပ်စဥ်ကထက် ဆွဲဆောင်မှုရှိနေသည်။ သူ့မှာ​ တောက်ပသောမျက်ဝန်း၊ ဖြူဖွေးသောသွားများနှင့် အပြုံးပါးလေး တစ်ခုရှိနေ၏။ သူက သူ့မိထွေးဖြစ်သူနဲ့ စကားပြောနေသည်။ နေရောင်က သူ့မျက်နှာပေါ်ကို ကျရောက်နေပြီး သူ၏မျက်တောင်ရှည်များပေါ်မှာ အလင်းအစက်အပြောက်များက ခုန်ပေါက်နေပုံရသည်။



သူ၏ပျံဝဲနေသောမျက်ခုံးနှင့် လှပသော မျက်နှာပေါက်သည် ယခင်ကထက် ပိုမိုလွတ်လပ်ပြီး သက်တောင့်သက်သာရှိနေသော်လည်း ဟန်ဆောင်မှုတော့မရှိပေ။ သူ့လက်မောင်းထဲမှာ ကလေးကိုချီထားပြီး သူက အလွန်နူးညံ့သိမ်မွေ့နေသည်။



သူအရင်ကထက်ကောင်းအောင် ဘယ်လိုနေထိုင်နေတာလဲ? သူ ဘာလို့အရင်ကထက် ပိုလွတ်လပ်နေတာလဲ? ကျောက်ဖျင်ချွမ်က အင်မတန်ဒေါသထွက်နေ၏။ သူက ရွာသတင်းများကို ရှောင်ခဲ့တာကြောင့် လွန်ခဲ့သည့်ခြောက်လမှာ ထန်ချွန်းမင် ဘာတွေလုပ်နေခဲ့လဲ သူမသိခဲ့ပေ။ သူသာသိလျှင် သူပိုပြီး ဝမ်းနည်းရလိမ့်မည်။




ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာတို့က ထန်ချွန်းမင်၏မျက်နှာကို ပြေးဆွဲ​ကာ အရက်စက်ဆုံးစကားလုံးများနဲ့ ကျိန်ဆဲလိုက်ချင်သော်လည်း သူတို့မလှုပ်ရှားနိုင်ခင်မှာ တတိယဦးလေးက သူတို့ကိုကြည့်ကာ ပြောလိုက်သည်။ “သွားမယ်။ အချိန်မဖြုန်းနဲ့။”




လူတစ်စုဖြတ်သွားပြီးနောက် ထန်ချွန်းမင်နှင့် သူ့အုပ်စုက ​နောက်သို့ဆက်လက်ထွက်ခွာခဲ့သည်။ ထန်ချွန်းမင်က အံ့အားသင့်စွာမေးလိုက်သည်။ “ ကျောက်တာနျိုကို မတွေ့သလိုပဲ။ သူ ဘာလို့ ဒိနေ့မလာတာလဲ?”




“ ကျောက်တာနျို ကျောက်လောင်စန်းနဲ့အတူ ပြန်မလာဘူးလို့ပြောတာကို ကျန်းရှို့နဲ့ တခြားလူတွေပြောနေတာ ကြားခဲ့ရတယ်။ သူတို့က ဘယ်လိုမိသားစုမျိုးလဲ? သူတို့ညီအရင်း ဝတ်ပြုပွဲမှာ​တော့ ပေါ်မလာကြဘူး။” ဝမ်ယင်က ခေါင်းခါကာ ပြောလိုက်သည်။ သူက ဤနေရာမှာ ခေတ္တနေထိုင်ပြီး ရွာကိစ္စများကို ကျန်းရှို့တို့နဲ့ အတင်းပြောလေ့ရှိသည်။



သူက ထန်ချွန်းမင်ကို ထပ်ကြည့်လိုက်သည်။ ထိုနတ်ဆိုးလေးက သူ၏သားတော်မြတ်အတွက် ထိုမိသားစုမျိုးကို ရှာခဲ့သည်။ သူ့အမြင်က တကယ်ကိုမှေးမှိန်သည်။ ကံအားလျော်စွာ သူ့လင်ပါယားက ဤတစ်ကြိမ်တွင် အမြင်ကောင်းရှိခဲ့သည်။ သူတွေ့ခဲ့သော အမျိုးသားက အကျင့်စရိုက်အပြင် တခြားရှုထောင့်များလည်း ကောင်းသေးသည်။ ယခုမူ မိထွေးနှင့်အားရုံက သူ့လင်ပါသားဆိမှာ အကျိုးခံစားခွင့်ရနေသည့် အချိန်ဖြစ်၏။ ယင်းက အမှန်တကယ်ပင် ခေတ်ပြောင်းလဲမှုကြီးဖြစ်၏။ လွန်ခဲ့သည့်တစ်နှစ်လောက်က မထင်မှတ်ထားသည့်အရာပင်ဖြစ်၏။



“ဖေဖေ…..သူတို့က ဒီပစ္စည်းတွေကိုယူလာတာ ဟန်ပြသက်သက်လား?” ထန်ချွန်းမင်က ထေ့ငေါ့မေးလိုက်၏။ သူပြင်ဆင်လာသော ပူဇော်ပစ္စည်းများနှင့်ယှဥ်လျှင် သူတို့ယူလာတာက ရိုးရှင်းလွန်းသည်။



ဝမ်ယင်၏ပါးစပ်လှုပ်သွားသည်။ ယုတ္တိဆန်အောင်ပြောရလျှင် ကျောက်တာဟူက ကျောက်မိသားစုဝင်ဖြစ်ပြီး ကျောက်မိသားစုက ဤကိစ္စနှင့်ပတ်သက်၍ ကြီးကြီးမားမားလုပ်ဆောင်သင့်သည်။ ကြီးကြီးကျယ်ကျယ် မလုပ်လည်း အဆင်ပြေပေမယ့် ထန်ချွန်းမင်ယူလာသော ပစ္စည်းများနှင့်ယှဥ်လျှင် ကျောက်မိသားစု၏အပြုအမူက ရုပ်ပေါက်လွန်းသည်။ သို့သော် ယခုလိုဖြစ်လေ သူ့လင်ပါသားက ပိုပျော်လေ​ဖြစ်၏။



ထန်ချွန်းမင်က သူ့မိထွေး၏အဖြေကို နားမထောင်ချင်ပေ။ သူက အားလင်းကို ငုံ့ကြည့်လိုက်သည်။ အားလင်းက သူ့ကို နာနာခံခံမှီထား၏။ ထန်ချွန်းမင်က အားလင်း၏နဖူးကို ကျေကျေနပ်နပ် အနမ်းပေးလိုက်၏။ အားလင်းက ဘိုးဘိုးကျောက်ကိုတွေ့လျှင် ယခင်ကလို ကြောက်မနေတော့ပေ။ သူက ဝမ်ချွန်းဟွာကိုလည်း သတ္တိရှိရှိ စိုက်ကြည့်လိုက်သည်။




“ဖေဖေ… သား ဦးလေးဖုန်းကိုလွမ်းတယ်။”




“အင်းပါ… ဖေဖေတို့ အိမ်ရောက်တော့မှာပါ။”




ရွာထဲက လူတော်တော်များများက ကျောက်မိသားစု၏ပြဇာတ်ကိုကြည့်ဖို့ စောင့်နေသည်။ ထန်ချွန်းမင်နှင့် တခြားလူများထွက်လာတော့ တချို့တွေက ထန်ချွန်းမင်နှင့်စကားပြောရန် ဆွဲခေါ်ကာ ကျောက်မိသားစု၏ အ​မြင်မတော်လွန်းသည့် အပြုအမူကို ဝေဖန်နေကြသည်။ ကျောက်တာဟူက သူ့မိသားစုနှင့် အိမ်ခွဲနေပြီးနောက် သူ့မိသားစုကို နှစ်စဥ်နှစ်တိုင်း ငွေအများကြီးထောက်ပံ့ခဲ့တယ်လို့ သိရသည်။ သို့သော် ဝတ်ပြုကာလပြီးသွားတော့ ကျောက်မိသားစုက ထိုကဲ့သို့ စုတ်ပြတ်နေသော အခမ်းအနားကိုကျင်းပခဲ့သည်။




ဂုဏ်သတင်းကိုအလေးထားသော မိသားစုများက ယစ်ပူဇော်ခြင်းကို စနစ်တကျပြုလုပ်သည့်အပြင် တချို့က ဘုန်းကြီးများကိုပင် ပင့်ဖိတ်ကြပြီး အခမ်းအနားပြီးလျှင် သူတို့က သိုးနှင့်ဝက်များကိုသတ်ကာ ဆွေမျိုးမိတ်သင်္ဂဟများကိုဖိတ်ပြီး စားသောက်ပွဲ့ကြီးတည်ခင်းကြသည်။ သို့သော် ယခုမူ ကျောက်မိသားစုက ဤကိစ္စကို အေးအေးဆေးဆေး ဖြတ်သန်းချင်သလိုပင် သူတို့မိသားစုက အသံပင်မထွက်ကြပေ။



ထန်ချွန်းမင်ကိုတော့ ဘယ်သူမှမဝေဖန်ခဲ့ကြ​ပေ။ သူက လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို ပြီးမြောက်အောင်ပြင်ဆင်ပြီး သူပြင်ဆင်လာသော ပစ္စည်းများကလည်း ကြည့်ကောင်းလေသည်။ ထို့အပြင် သူက မကြာခင်မှာ လီမိသားစုဝင်ဖြစ်တော့မှာပင်။ သို့ဖြစ်၍ သူက မမှန်ကန်သောနည်းလမ်းဖြင့် လုပ်ဆောင်နေသည်ဟု မည်သူမျှမပြောကြပေ။ လီဖုန်းက လူလွတ်တစ်ယောက်ဖြစ်၏။ အနှစ်တစ်ရာကျော်ပြီးသည့်တိုင် ထန်ချွန်းမင်က လီမိသားစု၏ သုသာန်တွင် သဂြိုလ်ခံရမည်ဖြစ်၏။ သူက ကျောက်မိသားစုနှင့် ဘာမှမဆိုင်တော့ပေ။ တချို့လူတွေက ကျောက်တာဟူ၏အဆုံးသတ်ကို သနားစရာကောင်းလွန်းသည်ဟု တွေးမိလိုက်သည်။



ထန်ချွန်းမင်က ​ပြုံးရုံသာပြုံးပြီး ထိုလူများ၏စကားကို တုံ့ပြန်ခြင်းမရှိပေ။ သူတို့ ယခုလိုလုပ်လေ ထန်ချွန်းမင်က သဘောထားကြီးပြီး ကျောက်မိသားစုကို စိတ်မဝင်စားဘူးလို့ ထင်ကြလေဖြစ်ပြီး ကျောက်မိသားစုဝင်တွေက ​အေးစက်ပြီး လျစ်လျူရှုနိုင်လွန်းသည့်ပုံ ပေါ်လေဖြစ်၏။



အမှန်တိုင်းဆိုရလျှင် ၎င်းက ကျောက်ဖျင်ချွမ်နှင့် တတိယဦးလေး၏အပြစ်မဟုတ်ပေ။ သူတို့က အခမ်းအနားကို ကြီးကြီးမားမားလုပ်ဖို့ မစီစဥ်ခဲ့သော်လည်း ထိပ်တန်းအရည်အသွေးရှိသော ယစ်ပူဇော်မှုလုပ်ရန် စီစဥ်ခဲ့သည်။ သူတို့က ရွာသားတွေကို အတင်းအဖျင်းပြောခွင့် မပေးနိုင်ပေ။ ယင်းမှာ ကျောက်မိသားစု၏မျက်နှာဖြစ်သည်။ သို့သော် ဆိုးတာက ဝမ်ချွန်းဟွာ၏အပြစ်ဖြစ်သည်။ ဘိုးဘိုးကျောက်က သူ့ကိုတာဝန်ပေးပြီး ပိုက်ဆံလည်းပေးထားသည်။ သို့သော် ယခုမူ ဝမ်ချွန်းဟွာမှာ ငွေရပေါက်မရှိတော့သဖြင့် သူက ယစ်ပူဇော်ခြင်းကိုတွေးဖို့ သူ့ဉာဏ်ရည်ကနိမ့်နေခဲ့သည်။ သူက အနိမ်ဆုံးအရည်အသွေးရှိသည့် ယစ်ပူဇော်ပစ္စည်းများကို ဝယ်ခဲ့သည်။ အိမ်မှာ ကျောက်တာနျိုကိစ္စနဲ့ပတ်သက်ပြီး ဆက်တိုက်ရန်ဖြစ်နေခဲ့တာကြောင့် သူမလာခင် မစစ်ဆေးခဲ့ရပေ။ ယနေ့ထွက်မလာခင် ပစ္စည်းထုတ်ကြည့်သောအခါ တတိယဦးလေးက ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာကို ရိုက်မိမလိုပင် ဖြစ်သွားခဲ့သည်။




သို့သော် အသစ်ပြင်ဆင်ဖို့ အချိန်မရှိတာကြောင့် သူတို့က ကျည်ဆံကိုက်ကာ အုတ်ဂူသို့ရောက်ရှိလာသည်။ သူတို့အုတ်ဂူသို့ ရောက်ရှိလာပြီး ကျောက်တာဟူ၏အုတ်ဂူမှ မဖယ်ရှားရသေးသော ပူဇော်ပစ္စည်းများကို တွေ့လိုက်ရသောအခါ တတိယဦးလေးနှင့် ကျောက်ဖျင်ချွမ်၏မျက်နှာက ပိုအရုပ်ဆိုးလာသည်။ ရွာသားတွေက သူတို့ကို ယခုလိုကြည့်ပြီး တစ်လမ်းလုံး လက်ညိုးထိုးပြောဆိုခဲ့တာလည်း အံ့သြစရာမရှိတော့ပေ။


&&&&



ဝတ်ပြုကာလပြီးသည်နှင့်တစ်ပြိုင်နက် ထန်ချွန်းမင်၏တံခါးအတွင်းနှင့်အပြင်တွင် အနီရောင်မင်္ဂလာပွဲစာလုံးကြီးများ ကပ်ထားပြီး ထူးခြားသော ပွဲတော်အငွေ့အသက်ကို ဖန်တီးထားသည်။



လီဖုန်းက ယနေ့ကိုစောင့်မျှော်နေတာ ရွာကလူအားလုံးသိတာကြောင့် သူတို့က သူ့ကိုတွေ့သည်နှင့် ဆုတောင်းပေးကြသည်။ လီဖုန်းက သူ၏မူလ​အေးစက်ပြီး ခက်ထန်သောအသွင်ကို ဖယ်ရှားကာ သူ့မျက်နှာပေါ်တွင် ရှားပါးသောအပြုံးတစ်ခုပေါ်လာလေ၏။ တချို့လူတွေက လီဖုန်းကို နောက်ပြောင်ဖို့ သတ္တိရှိလာပြီး လီဖုန်းကလည်း မကျေနပ်မှုတစ်စုံတစ်ရာ မပြခဲ့သဖြင့် လီဖုန်းက မင်ကောအာကို နှလုံးသားအောက်ခြေမှ တကယ်ချစ်ကြောင်း အားလုံးသိသွားခဲ့သည်။



ရွာအပြင်ဘက်၌ မြင်းခွာသံများထွက်ပေါ်လာသည်။ ဤတစ်ကြိမ်မှာတော့ မြင်လိုက်ရသူများက ထိတ်လန့်မနေ့တော့ပေ။ အခြေအနေအရ သူတို့သည် လီဖုန်း၏မင်္ဂလာပွဲကို လာတက်ရောက်သော စစ်တပ်က သူငယ်ချင်းများဖြစ်ပေမည်။ ဤလူတွေရောက်ရှိလာခြင်းက ရွာသားတွေကို စိတ်သက်သာရာရစေသည်။ ယွိမုတို့စစ်သားအဖွဲ့နှင့် လီဖုန်းကြားရှိဆက်ဆံရေးမှာ အင်မတန် အားကောင်းခိုင်မာကြောင်း သိနိုင်လေသည်။ ယခုကစပြီး လီဖုန်းရှိနေသရွေ့ အစိုးရအဖွဲ့ဝင်များပင်လျှင် သူတို့ဖျင်ရှန်ရွာကို ဆန္ဓရှိသလို အနိုင်ကျင့်လို့ရမည်မဟုတ်ပေ။




“ဟားဟား…..” ​ခြံထဲသို့ ဘယ်သူမှဝင်မလာမီ အဝေးမှရယ်မောသံများကို ကြားလိုက်ရသည်။ ခြံထဲမှာ အလုပ်ရှုပ်နေသော လီဖုန်းက ရပ်လိုက်ပြီး ထန်ချွန်းမင်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူက မတ်တပ်ရပ်ကာ လျှောက်သွားလိုက်ပြီး လူတစ်စုကိုနှုတ်ဆက်ရန် တံခါးဝမှာရပ်နေလိုက်သည်။



“အစ်ကိုကြီး… ဂုဏ်ပြုပါတယ်…အစ်ကိုကြီး… ခင်ဗျားစောင့်နေရတဲ့ရက် ရောက်လာပြီ..ဟားဟား” ယွိမုက မြင်းကိုဒုန်းစိုင်းစီးကာ လီဖုန်းရှေ့မှာရပ်လိုက်သည်။ သူက မြင်းပေါ်မှခုန်ဆင်းကာ လီဖုန်းအား လက်သီးဆုပ်ဖြင့် အကြိမ်ပေါင်းများစွာထိုးရန် ရှေ့တိုးသွားခဲ့သည်။


.


လီဖုန်းက ခဏလောက်တော့ မျက်မှောင်ကြုတ်မိသွားပြီး ထိုနေရာမှာ မလှုပ်မယှက်ရပ်နေလိုက်သည်။ ယွိမုက အံ့အားသင့်သွားကာ သူရယ်သံကရပ်သွားသည်။ သူက သူ့ကို အကြိမ်ရေအနည်းငယ်ထိုးလိုက်သော်လည်း လီဖုန်းက လှုပ်မသွားပေ။ သူက မကျေမနပ်အော်လိုက်သည်။ “ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ကျွန်တော်က နေ့တိုင်းလေ့ကျင့်နေတာလေ။ ခင်ဗျားက ကျေးလက်မှာ လယ်စိုက်နေတာကို ကျွန်တော့်ထက်သန်မာနေတာ အဓိပ္ပါယ်မရှိဘူး။” သူက သဘာဝလွန်စွမ်းအားနဲ့ မွေးဖွားလာသူဖြစ်၍ မည်သူကမျှ သူ့ခွန်အားကိုမယှဥ်နိုင်ပေ။ အတွင်းအားကောင်းသည့် သခင်များကလွဲ၍ ဘယ်သူကမှ သူ့ကိုမယှဥ်နိုင်ပေ။ သူ လီဖုန်းကိုလေးစားပြီး ကိုးကွယ်သည့်အကြောင်းအရင်းမှာ လီဖုန်းက ဉာဏ်ကြီးရှင်ဖြစ်ပြီး ကိုယ်ခံပညာမှာလည်း ထူးချွန်လို့ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းမှာ သူက ဆယ်နှစ်ကျော်လေ့ကျင့်ခဲ့သော တခြားသူများထက် ပိုကောင်းသော အတွင်းအားကို ရရှိခဲ့သည်။




ဤတစ်ကြိမ်တွင် လူဒါဇင်ကျော်ပါလာပြီး ယခင်တစ်ခေါက်ကထက် ပိုသည်။ ယခင်တစ်ခေါက်က ဤနေရာကိုလာခဲ့ဖူးသော စစ်သားက သူမြင်းကို ကြိုးချည်ကာ ခြံထဲကို တရင်းတနှီးဝင်လာပြီး ခြံထဲမှာ အလုပ်ရှုပ်နေသော လူတွေကို နှုတ်ဆက်လိုက်သည်။ သူက ဤနေရာရှိ လူအားလုံးနီးပါးကိုသိသည်။ ထို့အပြင် သမားတော်ဟဲကလည်း ရှိနေသဖြင့် ဤလူများက သမားတော်ဟဲကို တွေ့လိုက်ရသည့်အခါ ပို၍ပင် အသက်ဝင်လာခဲ့သည်။



လီဖုန်းက ယခင်တစ်ခေါက် မလာခဲ့ဖူးသော စစ်သားများကို နှုတ်ဆက်လိုက်သည်။ ယွိမုနှင့် ရာထူးတူသော လူနှစ်ဦးပါသည်။ သူတို့က လီဖုန်းနှင့် အလုပ်လုပ်ဖူးသဖြင့် လီဖုန်း၏အကျင့်စရိုက်နှင့် ထူးချွန်သော ကိုယ်ခံပညာကို လေးစားသည်။ သူတို့က သူလက်ထပ်တော့မှာကိုကြားခဲ့လို့ တကူးတကလာရောက်ခဲ့တာဖြစ်၏။ ဘယ်လိုလူမျိုးက လီဖုန်း၏နှလုံးသားကိုရခဲ့လဲ သူတို့လည်း သိချင်နေကြသည်။




တခြားလူများအပြင် လက်ဆောင်အပြည့်ပါသော မြင်းလှည်းနှစ်စီးလည်း ရောက်လာခဲ့သည်။




“အားဖုန်း… မင်း လက်ထပ်တော့မှာလား? ထန်မိသားစုမှာ လက်ထပ်မှာလား?” လူတစ်ယောက်က စနောက်လိုက်သည်။ အိမ်အသစ်က ထန်အိမ်တော်ဖြစ်ပုံရသည်။ လီဖုန်း၏အိမ်က ပြန်လည်ပြုပြင်ထားသည်။ သူတို့ လက်ထပ်သည့်အခါ ပိုပြီးပေါ်လွင်အောင် ပြင်ဆင်ရမည်ဖြစ်၏။ ကျန်အချိန်များမှာ ၎င်းက လွတ်နေ၏။ သူတို့လက်ထပ်ပြီး အိမ်အသစ်ပြောင်းသွားရင် လီဖုန်းအိမ်က ပိုလို့တောင် လွတ်နေမှာမဟုတ်ဘူးလား?




“ဒါပေါ့.. ငါတို့လက်ထပ်တော့မှာပေမယ့် ငါတို့နှစ်​ယောက်က ငါတို့ကလေးတွေနဲ့ တူတူနေမှာ။ ဘာကွာခြားသွားလို့လဲ?” လီဖုန်းက အမှုမဲ့အမှတ်မဲ့​​ဖြေလိုက်ပြီး သူ့မျက်ခုံးက ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူက ဤနေ့ရက်ကို စောင့်မျှော်နေတာ ကြာခဲ့ပြီဖြစ်၏။



သူစကားကြားသောအခါ သူက သူ့ကောလေးကို အလွန်ချစ်ကြောင်း ထင်ရှားလေသည်။ တစ်စုံတစ်ယောက်က လီဖုန်း၏ပခုံးကိုဖက်ကာ တီးတိုး​ပြောလိုက်သည်။ “ဗိုလ်ချုပ်ဝမ်ရဲ့သား ဘာဖြစ်သွားလဲသိလား? သူ ငါတို့​နေရာကထွက်သွားပြီး မြို့ပေါ်ရောက်သွားတော့ ငါတို့က သူ့သတင်းမကြားရတော့ဘူး ထင်ထားတာ။ ဒါပေမယ့် နောက်တော့ သူက မြို့ပေါ်ကလူတစ်​ယောက်ကို ချစ်မိသွားပြီး အဲ့ဒီလူကို လက်ထပ်ချင်တယ်လို့ ငိုယိုသောင်းကျန်းခဲ့တယ်။ ဖြစ်ချင်တော့ အဲ့ဒီလူမှာ ဇနီးတစ်ယောက်ရှိပြီး သူက အဲ့ဒီလူရဲ့ ကိုယ်လုပ်တော်ဖြစ်သွားခဲ့တယ်။ ဒါ လတ်တလော ထွက်လာတဲ့သတင်းပဲ။ ဗိုလ်ချုပ်ဝမ်ရဲ့မျက်နှာက တအားရုပ်ဆိုးနေတ မင်းလက်ထပ်တော့မယ်ဆိုတဲ့ သတင်းကိုကြားတော့ သူက အဲ့ဒီကောလေးကို လည်ပင်းညှစ်သတ်မလို ဖြစ်သွားခဲ့တယ်။”



လီဖုန်း စစ်စခန်းမှ ထွက်ခွာသွားပြီးကတည်းက စစ်မှန်သောအရည်အချင်းကြောင့် ရာထူးတိုးခံခဲ့ရသူများက ဗိုလ်ချုပ်ဝမ်၏လုပ်ရပ်ကို မကျေမနပ်ဖြစ်ခဲ့ကြသည်။ သူတို့အမြင်တွင် ၎င်းက အသက်ကယ်ပေးလို့ ကျေးဇူးပြန်ဆပ်တာမဟုတ်ပဲ လူကိုအရှက်ခွဲခဲ့တာ သိသာသည်။ လီဖုန်းက အနာဂတ်မှာ သူ့နေရာကို ခြိမ်းခြောက်လာမှာ စိုးရိမ်တာကြောင့် အဆုံးမှာ သူက လီဖုန်းကို နှင်ထုတ်ခဲ့သည်။ သူတို့က လီဖုန်းအတွက် စိတ်မကောင်းဖြစ်ခဲ့ရပြီး ဗိုလ်ချုပ်ဝမ်ကို နာခံသလို ဟန်ဆောင်ခဲ့ရသည်။





လီဖုန်းက ပြုံးလိုက်ပြီး သူ ထိုကိစ္စကို မေ့သွားခဲ့တာကြာပြီဖြစ်၏။ သိုမဟုတ် သူအရှက်ကွဲခဲ့တာကို အလေးအနက်မထားခဲ့တာလည်းဖြစ်နိုင်သည်။ သူက ထိုကောလေးကို သဘောမကျပေ။ သူတို့မိသားစုကပေးခဲ့သော ဖိအားကြောင့်သာမဟုတ်လျှင် သူ့မှာ အချိန်တိုအတွင်း အိမ်ပြန်လာဖို့ စိတ်ကူးရှိခဲ့မှာမဟုတ်ပေ။ မဟုတ်ပါက သူ မင်ကောအာကို လက်လွှတ်ခဲ့ရလိမ့်မည်။



“အဲ့ဒါတွေက အတိတ်ပါ။ ငါစိတ်ထဲမထားဘူး။ ငါအခု ကောင်းကောင်းရှင်သန်နေရတယ်။ မင်းတို့လာတာကို ဝမ်းသာပါတယ်။ ဒီနေ့တစ်ခွက်သောက်ကြရအောင်။”



လီဖုန်း ဂရုမစိုက်သည်ကိုတွေ့လျှင် ထိုလူက ဆက်မပြောတော့ပေ။ ညီအစ်ကိုတွေက သူ့ကို စိတ်ရင်းဖြင့် ဂုဏ်ယူဖို့ ရောက်လာခဲ့သဖြင့် သူတို့ သောက်ဖို့လိုအပ်သည်။



ယွိမုက လီဖုန်းနဲ့မယှဥ်နိုင်သဖြင့် သူက ပါးစပ်ကနေသာ ညည်းတွားနိုင်ပြီး ထန်ချွန်းမင်ကိုရှာဖို့ ခြံထဲကို လှည့်ထွက်သွားခဲ့သည်။ တကယ်တော့ သူနဲ့လီဖုန်းက မင်ကောအာကို တူတူတွေ့ခဲ့ကြတာဖြစ်၍ သူနဲ့မင်ကောအာမှာ ရင်းနှီးသောဆက်ဆံရေးရှိတယ်လို့ သူထင်သည်။



“ဦးလေးယွိ…ဦးလေးယွိ…” တာမောင်းနှင့် အာမောင်းက ယွိမုကိုတွေ့လို့ ပျော်နေသည်။ ယွိမုက အားလင်းကို ကောက်ချီကာ အမြင့်​ကိုမြှောက်လိုက်ပြီး အားလင်းကို တခစ်ခစ်ရယ်စေသည်။


&&&



ထန့်ယွီနှင့် ဆိုင်ရှင်ချီက စောစောရောက်လာခဲ့ပြီး သူတို့က ကူညီပေးရန် သူတို့စားသောက်ဆိုင်က စားဖိုမှူးများကို ခေါ်လာခဲ့သည်။ သူတို့က မင်္ဂလာဧည့်ခံပွဲ ကျင်းပမည်ဖြစ်ပြီး မီးဖိုချောင်ထဲမှာ လူအင်အားလိုအပ်သည်။ ထို့ကြောင့် အပြင်မှာ အေးခဲနေသော်လည်း ထန်မိသားစု၏ခြံက အဆက်မပြတ်ဝင်ထွက်နေသူများဖြင့် စည်ကားနေသည်။



ယွိမုနှင့် တခြားသူများကို တွေ့ဆုံပြီးနောက် ထန်ချွန်းမင်က ကျန်းရှို့နှင့် တခြားသူများ၏ အခန်းထဲခေါ်သွင်းခြင်း ခံလိုက်ရသည်။ သူက ဇနီးအသစ်တစ်ယောက်ဖြစ်တော့မှာပေမယ့် အပြင်က ဧည့်သည်တွေကို ယောကျာ်းတစ်ယောက်လို ဧည့်ခံနေသည်။ သူတို့က တခြားမိသားစုတွေလို ရှုပ်ထွေးသောလုပ်ငန်းစဥ်များ မလုပ်ဆောင်သော်လည်း ဇနီးအသစ်လေးက ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်လို့ ထင်သည်။



ယခု အားစန်းက ဝမ်ယင်လက်ထဲရောက်နေပြီး ထန်ချွန်းမင်က မည်သည့်အလုပ်မှာမှ မပါဝင်ရပေ။ မနေ့ညက သူတို့ကလေးနှစ်ယောက်ဖြစ်သည့် အားလင်းနှင့် အားစန်းကို အိမ်အသစ်က အိပ်ယာနှင့် ထိတွေ့စေခဲ့သည်။ အိမ်အသစ်ကို မြင်ဖူးသူတိုင်းက ကောင်းတယ်လို့ဆိုကြသည်။