Chapter 1
Viewers 133

ဆေးရုံအခန်းထဲမှာ ပိုးသတ်ဆေးနံ့သင်းသင်းလေးက လွှမ်းနေတယ်။ အိပ်ရာကနိုးလာတော့ ဖုန်းကိုပဲ ကြည့်နေမိတယ်။ ဒါပေမယ့် တော်တော်ကြာတဲ့အထိ ဘယ်သူမှ ငါ့ကို နေကောင်းလားဆိုပြီး ဖုန်းဆက်မေးတာ မရှိဘူး။ ငါ့မန်နေဂျာဆီက ဖုန်းဝင်လာတဲ့အထိပါပဲ။ ဖုန်းကိုင်လိုက်တာနဲ့ သူက စပြီး ဆူတော့တယ်။


"ကျန်းချန်၊ မင်း ရူးနေလား၊ လူသိများအောင် တမင်တကာ မြင်းပေါ်က ပြုတ်ကျတာလား၊ အခု ဒါရိုက်တာစွင်းက မင်းနေရာကို အစားထိုးလိုက်ပြီ၊ ငါ ဘာလုပ်ရတော့မလဲ"


ငါအံ့အားသင့်သွားပြီး ပြန်ပြောလိုက်တယ်။


"ကျွန်တော် တမင်တကာ ပြုတ်ကျတယ်လို့ ထင်နေတာလား" 


မြင်းက ရုတ်တရက် ထိန်းမရဘဲ ဖြစ်သွားတာလေ။


"ဘာမဟုတ်တာတွေလဲ မင်းက ကျန်းယိမင်က မင်းရဲ့ ခေါင်းဆောင်မင်းသားနေရာကို ယူသွားတာကို မကျေနပ်လို့ မဟုတ်လား" 


သူ့အသံက ဒေါသသံ ပါနေတုန်းပဲ။


"မင်း မြင်လား၊ မင်းတို့နှစ်ယောက်လုံး ကျန်းဆိုတဲ့နာမည် တူပေမယ့် သူက ကျန်းမိသားစုရဲ့ သားအကြီးဆုံး သခင်လေးပဲ၊ မင်းက ဘယ်နေရာမှာလဲ"


ငါ တိတ်တဆိတ်ပဲ ဖုန်းတစ်ဖက်က မန်နေဂျာ ဆက်ပြောတာကို နားထောင်နေမိတယ်။ 


"မင်းက ကျန်းမိသားစုကို စော်ကားလိုက်ပြီ၊ ကုမ္ပဏီက မင်းကို ဆက်ထားဖို့ အစီအစဉ်မရှိဘူး၊ မင်းက မင်းဘာသာ နည်လမ်းရှာတော့" 


ဒါက သူတို့ ငါကို ကန်ထုတ်ဖို့လုပ်ဖို့ အစီအစဉ်ပဲ။


ကျန်းမိသားစု… ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။


ငါမျက်နှာကို ငုံ့လိုက်ပြီး တော်တော်ကြာတဲ့အထိ တိတ်ဆိတ်နေပြီးမှ ပြောလိုက်တယ်။


"ကောင်းပြီ၊ စာချုပ်ရပ်စဲရအောင်" 


မန်နေဂျာက လှောင်ပြောင်လိုက်တယ်။


"ရပ်စြမယ်တဲ့လား နစ်နာကြေးပေးနိုင်လို့လား"


"အဲဒါ ခင်ဗျားနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး"


စာချုပ်ရပ်စဲမယ်လို့ ပြောပြီးတဲ့နောက်မှာ ငါခြေပြန်ခိုင်သွားသလို ခံစားရပြီး မန်နေဂျာကို ဖုန်းချပစ်လိုက်တယ်။ ပြီးတော့ ဖုန်းကို ငေးကြည့်နေမိတယ်။ 


ငါမြင်းပေါ်က ပြုတ်ကျတဲ့ ကိစ္စက တကယ်ပဲ လူပြောများတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေပေမယ့် ငါ့အကြောင်း မကောင်းပြောတဲ့ မှတ်ချက်တွေနဲ့ ပြည့်နေတယ်။ ဒါက ရုပ်ရှင်အဖွဲ့သားတွေက တာဝန်ရှောင်ချင်လို့ လုပ်တာလားဆိုတာ မသိဘူး။ ဘာပဲဖြစ်ဖြစ်၊ ဘယ်သူမှ ဒါက မတော်တဆ ပြုတ်ကျတာလို့ မယုံဘူး။


ကျန်းယိမင်ရဲ့ ပရိသတ်တွေက Weibo မှာ ငါ့ကို ဝိုင်းပြီး တိုက်ခိုက်ထားတယ်။ အခု သူတို့ စကားတွေကို ကြည့်ပြီး ဘာမှ မခံစားရတော့ဘူး။ သူတို့က ဆက်မေးနေကြတယ်။

 

"ကျန်းချန် ဘာလို့ အနုပညာလောကကနေ မထွက်သေးတာလဲ" 


ငါ့မိဘတွေ နောက်ဆုံးတော့ ဖုန်းဆက်လာတယ်။ ဖုန်းမကိုင်ခင် ငါ မျှော်လင့်ချက်လေး နည်းနည်းတော့ ရှိနေသေးတယ်။ ဒါပေမယ့် အမေ့ရဲ့ ပထမဆုံး စကားကို ကြားလိုက်ရတာနဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားပြီး ငါ အေးစက်မှုကို ခံစားလိုက်ရတယ်။ 


“ရှောင်ချန်၊ ဒီနေ့ မြင်းပေါ်က တမင်တကာ ပြုတ်ကျတာလား" 


"အမေ၊ ကျွန်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလားလို့ မမေးတော့ဘူးလား" 


ငါ မေးလိုက်တယ်။


သူမ ပြန်မဖြေခင် အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်ရဲ့ အသံက ထွက်လာတယ်။ 


"တမင်တကာဆိုရင် ဘယ်လောက် ဆိုးရွားနိုင်မှာလဲ၊ မတော်တဆမှု အယောင်ဆောင်ပြီး ခေါင်းဆောင်မင်းသားနေရာကို ပြန်ပေးအောင် ရုပ်ရှင်အဖွဲ့သားတွေကို ဖိအားပေးနေတာလား"


ငါ ရယ်လိုက်မိတယ်။ အဖေကလည်း "ပြန်ပေး" ဆိုတဲ့ စကားလုံးကို သိနေတာပဲ။ ငါ ပြန်မဖြေတော့ဘူး၊ ဒါပေမယ့် သူက ငါ့ကို ဆက်ပြီး ဆုံးမနေတယ်။ 


"မင်း မိသားစုက မင်းကို မပေးနိုင်တဲ့ ဇာတ်ကောင်တွေအတွက် ဘာလို့ ရှောင်မင်နဲ့ ပြိုင်နေရတာလဲ၊ ဒီဇာတ်ကောင်က သူ့အတွက် ဘယ်လောက် အရေးကြီးလဲ မင်းမသိဘူးလား"


ဒီလောက်ထိ စိတ်ပျက်အားငယ်တဲ့ အခြေအနေကို ရောက်နေပြီဆိုတော့ ငါပြန်ငြင်းခုံဖို့ ခွန်အားမရှိတော့ဘူးထင်တယ်။ ဒီဇာတ်ကောင်က ငါ့ဘဝကို ပြောင်းလဲပစ်ဖို့ နောက်ဆုံးအခွင့်အရေးပဲဆိုတာ သူတို့ နားမလည်ဘူး။


"အမေ၊ အဖေ" 


ငါအသံကို ပုံမှန်အတိုင်း ထိန်းထားဖို့ ကြိုးစားပြီး ပြောလိုက်တယ်။ 


"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ"


အဲဒီနောက် ဖုန်းချပစ်လိုက်တယ်။ သူတို့ ဒီဖုန်းခေါ်ဆိုမှုက နှုတ်ဆက်စကားဆိုတာ သဘောမပေါက်ခဲ့ဘူးထင်တယ်။ သူတို့ ပြန်မခေါ်ခဲ့ဘူး။


ငါ ဆယ့်နှစ်နှစ်သား အရွယ်တုန်းက ကျန်းမိသားစုဆီ ပြန်ရောက်လာတဲ့ နှစ်ကို မှတ်မိတယ်။ ကျန်းယိမင်က မင်းသားလေးလို ဝတ်ဆင်ထားပြီး ငါက အသားမဲမဲနဲ့ ကြီးမားတဲ့ အိမ်ကြီးထဲကို ပထမဆုံးအကြိမ် ဝင်ခဲ့တာ၊ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတယ်လို့ ခံစားရတယ်။ 


ကျန်းယိမင်က ကျွန်တော့်ကို 'ကော' လို့ ချိုချိုသာသာ ခေါ်တုန်းက ငါသူ့ကို ဗီဇအတိုင်း ကာကွယ်ပေးခဲ့တယ်။ သူ့ပြဿနာတွေအတွက် ငါအပြစ်ခံရတာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ငါ့မိဘတွေက ငါ့ကို လူလိမ်၊ မနာလိုသူ၊ ကိုယ်ကျင့်တရားပျက်ပြားသူအဖြစ် တံဆိပ်ကပ်ထားပြီးသားဆိုတာ သိလာတယ်။ 

ငါ့သူငယ်ချင်းတွေလည်း ကျန်းယိမင်ရဲ့ သူငယ်ချင်းတွေ ဖြစ်ကုန်တယ်။


ငါစေ့စပ်ထားသူ ရွှီကျန်းကတောင် ကျန်းယိမင်ရဲ့ သူငယ်ချင်း ဖြစ်သွားတယ်။ ငါက မွေးကတည်းက အလဲခံထားရတဲ့ သခင်လေး အစစ်အမှန် မဟုတ်ဘူး၊ ငါက ကျန်းမိသားစုရဲ့ သခင်လေး အမြဲဖြစ်ခဲ့ပေမယ့် ငါ မွေးပြီး မကြာခင်မှာပဲ သူငယ်ချင်းတစ်ယောက်က အဖေ့ကို ဗေဒင်ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။


အဲဒီဗေဒင်ဆရာက ငါ့ဇာတာက ကျန်းမိသားစုအတွက် မကောင်းဘူးလို့ ယုံကြည်ရလောက်အောင် ပြောခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျန်းမိသားစုရဲ့ စီးပွားရေးက ပြဿနာတွေ ကြုံလာတော့ အဖေက သူ့ကို ယုံသွားတယ်။ 


သူတို့က ဗေဒင်ဆရာရဲ့ အကြံဉာဏ်အတိုင်း ငါ့ကို ကျေးလက်ကို ပို့လိုက်ပြီး ကျန်းမိသားစုအတွက် ဇာတာကောင်းတဲ့ မိဘမဲ့ဂေဟာက ကလေးတစ်ယောက်ကို မွေးစားလိုက်တယ်။ အဲဒါက ကျန်းယိမင်ပဲ။ 


ထူးဆန်းတာက ငါ့ကို ပို့လိုက်ပြီး ကျန်းယိမင်ကို မွေးစားပြီးကတည်းက ကျန်းမိသားစုရဲ့ စီးပွားရေးက တိုးတက်လာခဲ့တယ်။ ငါမှတ်မိတာက ငါ့အမေက ဆယ်လလောက် ကိုယ်ဝန်ဆောင်ခဲ့တဲ့ သူ့ကလေးနဲ့ ခွဲခွာရတာကို အစပိုင်းမှာ မခံစားနိုင်ခဲ့ဘူးထင်တယ်။ 


ငါ သတိရကတည်းက ရွာအဝင်ကနေ ငါ့ကို ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကို အကြိမ်ကြိမ် မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျန်းယိမင်က ကလေးဘဝကတည်းက မွေးစားခံရပြီး မိဘတွေက ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာ။ ဗေဒင်ဆရာက သူက ကံကောင်းတယ်လို့ ပြောပြီး ကျန်းမိသားစုက တိုးတက်ခဲ့တော့ အမေက သူ့အပေါ် ပိုပြီး ချစ်ခင်တွယ်တာလာခဲ့တယ်။


ငါလည်း အရင်က အဲဒီလိုပဲ တွေးခဲ့တယ်။ ကျန်းယိမင်က သူ့ရဲ့ အပြစ်ကင်းတဲ့ မျက်နှာနဲ့ ငါ့မိဘတွေနဲ့ ပြဿနာတွေ ပိုဆိုးအောင် မလုပ်ခင်အထိပဲ။ 


ငါ သူ့ကို ညီလို့ မသတ်မှတ်နိုင်တော့ဘူး၊ သူ့ကို မကြိုက်တော့ဘူး။ နောက်ပိုင်းမှာ ငါ အနုပညာလောကထဲ ရောက်လာပြီး အဆိုတော် ဖြစ်ချင်ခဲ့ပေမယ့် ကုမ္ပဏီက ငါက သရုပ်ဆောင်ရုပ်ရှိတယ်၊ နောက်မှ သီချင်းဆိုချင်ရင် ဆိုလို့ရတယ်လို့ ပြောတယ်။ 


ငါ ဇာတ်ကောင် နည်းနည်း သရုပ်ဆောင်ခဲ့ပြီး နာမည်ရခဲ့တယ်။ မကြာခင်မှာပဲ ကျန်းယိမင်လည်း အနုပညာလောကထဲ ရောက်လာတယ်။ သူက ကျန်းမိသားစုရဲ့ သားအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ကိုယ်သူ ကြော်ငြာခဲ့တယ်။ 


ငါ့မိဘတွေက သူ့ကံကြမ္မာက ကျန်းမိသားစုနဲ့ ချိတ်ဆက်နေတယ်၊ ဒါကြောင့် ငါ ကိုယ့်ရဲ့ မူရင်းအစစ်အမှန်ကို ထုတ်ဖော်လို့ မရဘူး၊ ကျန်းယိမင်က သူတို့ရဲ့ သွေးသားအရင်းအချာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း ဖော်ထုတ်လို့ မရဘူးလို့ ပြောခဲ့တယ်။ 


ငါ ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမယ့် မကြာခင်မှာပဲ ငါ့အကြောင်း အရှုပ်တော်ပုံတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်၊ sugar daddy ရှိတာ၊ သရုပ်ဆောင်စွမ်းရည်ညံ့တာ၊ တခြားသူတွေကို မလေးစားတာ စတာတွေ အပါအဝင်ပေါ့။ 


ကုမ္ပဏီက ဘယ်လိုနာမည်ပျက်ပဲဖြစ်ဖြစ် နာမည်ကြီးတာ အကောင်းပဲလို့ ပြောပြီး ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ ဘာမှ စီစဉ်မပေးခဲ့ဘူး။ အရှုပ်တော်ပုံတွေ ပလူပျံနေတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတွေက သူတို့ မြင်ချင်တာကိုပဲ ယုံဖို့ ရွေးချယ်ခဲ့ကြတယ်။ 


ငါ မနာလိုဖြစ်နေသေးလား၊ မကျေနပ်ဖြစ်နေသေးလား မသေချာဘူး၊ ဒါပေမယ့် ငါ ပင်ပန်းနေခဲ့ပြီ။ အဆုံးမရှိတဲ့ စိတ်လှုပ်ရှားမှု လှိုင်းတံပိုးတွေကြားမှာ ငါ စိတ်ရောဂါကုဆရာဝန်ဆီ အကြိမ်ကြိမ် သွားခဲ့တယ်၊ ဒီလောကမှာ ငါ့ ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေခဲ့တယ်။


ငါ့ကို မချစ်ရင် ဘာလို့ မွေးခဲ့တာလဲ။ ငါ အရေးမပါဘူးဆိုရင် ဘာလို့ ပြန်ခေါ်ခဲ့တာလဲ။ 


ဆရာဝန်က ငါ ပတ်ဝန်းကျင် ပြောင်းသင့်တယ်လို့ အကြိမ်ကြိမ် အလေးပေး ပြောခဲ့တယ်။ 


မထွက်ခွာခင် ငါ ဖြေရှင်းစရာ တချို့ ရှိနေသေးတယ်၊ နောက်ဆုံးတစ်ခေါက်တော့ တစ်ယောက်ယောက်ကို တွေ့ချင်ခဲ့တယ်။ ငါ့ ဒဏ်ရာတွေက သိပ်မပြင်းထန်ပေမယ့် တကယ်ပဲ ရိုက်ကူးရေး ဆက်လုပ်လို့ မရတော့ဘူး၊ ဒါကြောင့် ရုပ်ရှင်အဖွဲ့သားတွေက ငါ့ကို အစားထိုးတာ ပုံမှန်ပါပဲ။


ဆေးရုံတက်ကတည်းက ဘယ်သူမှ ငါ့ကို လာမတွေ့ခဲ့ဘူး။ ရွှီကျန်းက နှစ်ရက်အကြာမှ ငါ့ကို ဖုန်းဆက်လာတယ်၊ အခုဆိုရင် သူ ငါ့ကို မြင်တာတောင် ပင်ပန်းနေလိမ့်မယ်။ ရွှီကျန်းရဲ့ ဂရုမစိုက်တဲ့ အသံက ထွက်လာတယ်။ 


"ရှောင်ချန်၊ နေလို့ကောင်းရဲ့လား"


ငါ ခဏရပ်လိုက်ပြီး စကားမပြောခင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တယ်။ 


"ရွှီကျန်းကော၊ ကျွန်တော်တို့ မကြာခင် တွေ့လို့ ရမလား"


"တောင်းပန်ပါတယ် ရှောင်ချန်၊ ကော ဒီရက်ပိုင်း တော်တော် အလုပ်များနေတယ်၊ ဖြစ်ချင်တော့..." 


သူ စကားမဆုံးခင်မှာပဲ ဖုန်းတစ်ဖက်က ကျန်းယိမင်ရဲ့ အသံကို ငါ ကြားလိုက်ရတယ်။ 


"ရွှီကျန်းကော၊ ဘာလို့ ရိုက်ကွင်းကို လာလည်တာလဲ"


ဘာကြောင့်မှန်း မသိဘူး၊ အဲဒီအချိန်မှာ ငါ ရုတ်တရက် ရယ်ချင်စိတ် ပေါ်လာတယ်။ ငါ့ကို တွေ့ဖို့ အချိန်မရှိဘူး၊ ဒါပေမယ့် ကျန်းယိမင်ကို ရိုက်ကွင်းမှာ လာလည်ဖို့ အချိန်တော့ ရှိတယ်။


ငါ ပြောလိုက်တယ်။ 


"ရွှီကျန်းကော၊ ကျွန်တော်တို့ စေ့စပ်မှုကို ဒီမှာပဲ အဆုံးသတ်ရအောင်။ ကျန်းနဲ့ ရွှီမိသားစုတွေ လက်ထပ်ပြီး ပေါင်းစည်းရမယ်ဆိုရင် ကျန်းယိမင်ကလည်း ရွေးချယ်စရာ တစ်ခုပဲ"


"ရှောင်ချန်၊ မင်း ဘာတွေပြောနေတာလဲ" 


သူ့လေသံမှာ မနှစ်မြို့မှု ပါနေတယ်။ 


"ကော အလုပ်ပြီးရင် ပြောကြတာပေါ့"


ငါ ဆက်နားမထောင်ချင်တော့ဘဲ ဖုန်းချပစ်လိုက်တယ်။


အဲဒီနောက်မှာ ငါ ပြုစုစောင့်ရှောက်သူတစ်ယောက်ကို ငှားလိုက်တယ်။ သူက ငါ့ကို ရက်နည်းနည်း ဂရုစိုက်ပေးတယ်။


ငါ့ခြေထောက်က သိပ်အားမစိုက်ရင် လမ်းလျှောက်လို့ အဆင်ပြေတယ်။ ငါကုမ္ပဏီကို စာချုပ်ရပ်စဲဖို့ သွားဆွေးနွေးပြီး ငါ့စုဆောင်းငွေ အများစုကို နစ်နာကြေး ပေးလိုက်တယ်။ ငါ့ကို တန်ဖိုးမရှိဘူးလို့ မြင်လို့ ဖြစ်နိုင်တယ်လေ၊ ကုမ္ပဏီက ငါ့ကို ပျော်ပျော်ရွှင်ရွှင် လွှတ်ပေးလိုက်တော့ ငါလည်း ပေါ့ပါးသွားသလို ခံစားရတယ်။


မိသားစုနဲ့ စကားများပြီးနောက်မှာ မိဘတွေက ငါ့ကတ်အားလုံးကို ဖြတ်တောက်လိုက်တယ်။ အဲဒါက တကယ်တော့ အဆင်ပြေပါတယ်။ 


ငါဆယ်စုနှစ်တစ်ခုကျော် သုံးခဲ့တဲ့ SIM ကတ်ကို ပစ်လိုက်တယ်၊ ကျန်းချန်ဆိုတဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ လူမှုကွန်ရက် အကောင့်အားလုံးကို ဖျက်လိုက်ပြီး မြို့ကနေ တစ်ယောက်တည်း ထွက်ခွာခဲ့တယ်။ 


ငါက လူပြောများတဲ့ ခေါင်းစဉ် ဖြစ်လာတဲ့နေ့ကို မသိဘူး၊ သူတို့က "ကျန်းချန်" ရဲ့ လှုပ်ရှားမှုတွေကို စိတ်ရှုပ်ထွေးပြီး ရှာဖွေခဲ့ကြတယ်။ ငါ့ကို နှစ်ပေါင်းများစွာ ကျိန်ဆဲပြီးတဲ့နောက် အခု ငါအကောင့်တွေ ဖျက်လိုက်တော့ ကျိန်ဆဲစရာ နေရာ မရှိတော့ဘူး။ နောက်တစ်ကြိမ် အွန်လိုင်းတက်ဖြစ်တာက လပေါင်းများစွာ ကြာပြီးမှပဲ။


~~~