Chapter - 1
Viewers 268

အခန်း ( ၁ ) : မဟူရာည၏ သွေးစွန်းသောလမင်း 


ရှင်သန်ခြင်းနှင့်သေဆုံးခြင်း လောကနိယာမနှစ်ခုကြားနေထိုင်နေကြသည့် သာမန်လူသားများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ရှင်လျှင်နှင့်သေဆုံးသွားသလိုနေထိုင်နေရသည့်သူများရှိသကဲ့သို့ ရှင်လျှက်နှင့်သေဆုံးနေရသူများလည်းရှိပေ၏ ။ ထိုပိုင်းခြားထားသည့်မျဥ်းပါးပါးလေး၏ ကြားထဲ၌ ထာ၀ရသက်တမ်းတစ်ခုတည်ရှိလေသည် ။


ထာ၀ရရှင်သန်နေထိုင်စွမ်းအားပေးစွမ်းနိုင်သကဲ့သို့ ထာ၀ရငရဲတွင်လည်းနစ်မြုပ်စေနိုင်သည် ။ သဘာ၀တရားကြီးမှဖန်တီးထားသည့်အရာမဟုတ်ဘဲ မိစ္ဆာနတ်ဆိုးများနှင့်အလဲအလှယ်လုပ်၍ ရရှိလာသည့်သက်တမ်းမှာမူ ပေးဆပ်ရမည့်အဖိုးအခအတိအကျရှိလေသည် ။ မိမိကိုယ်တိုင်၏နှလုံးသားအပြင် တစ်စုံတစ်ယောက်၏ လိပ်ပြာ၀ိဥာည်အထိ ။


အရာရာတိုင်း၌ ရယူပြီးပါက ပြန်လည်ပေးဆပ်ရမည်ပင် ။ 


အချို့သော ပုံမှန်မဟုတ်သည့်ဖြစ်တည်မှုများကိုဖြေရှင်းရန်အတွက် သို့မဟုတ်စောင့်ကြည့်ထားပါရန် ဖြစ်တည်လာသည့် အရှင်ခုနှစ်ပါးရှိ၏ ။ အလင်းအရှင်သုံးပါး မဟူရာအရှင်သုံးပါးနှင့် နှလုံးသားသစ်တော၏ သစ်တောအရှင်တစ်ပါးတို့ဖြစ်သည် ။


အလင်းအရှင်သုံးပါးမှာ အများအားဖြင့် လူရှေ့သူရှေ့သို့ထွက်လေ့မရှိပေ ။ သက်ဆိုင်ရာကိုယ်ပိုင်နယ်မြေများတွင်သာ မိမိတို့နှစ်သက်ရာများကိုလုပ်ဆောင်၍နေထိုင်တတ်ကြသည် ။ ရှေ့အရပ်နတ်အလင်းနတ်ဘုရားမှာ စိတ်တည်ငြိမ်ရေးကိုသာဦးစားပေးသူဖြစ်၍ သူနေထိုင်သည့်နေရာမှာ တိမ်တိုက်များထဲတွင်ဖြစ်ပြီး အမြဲတစေတရားကျင့်ကြံနေလေ့ရှိသည် ။ မြောက်အရပ်အလင်းနတ်ဘုရားမှာမူ ယမမင်းအားကူညိီ၍ သဘာ၀ထက်သာလွန်သည့် ဖြစ်တည်မှုများကိုတရားစီရင်နိုင်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းပေးသည့်တာ၀န်ကိုထမ်းဆောင်သည် ။


တောင်အရပ်အလင်းနတ်ဘုရားမှာ အားလုံးထဲ၌ ကလေးစိတ်မကုန်သေးသည့်နတ်ဘုရားတစ်ပါးဖြစ်၍ မုန့်နှင့်အရသာရှိသည့်အစားအစာများကိုအလွန်နှစ်သက်သည် ။ ရာထူးမှာ တရားစီရင်ရေးနတ်ဘုရားဖြစ်သော်လည်း ယမမင်းနှင့်မြောက်အရပ်နတ်ဘုရားတို့အပေါ်ကိုသာ အလုပ်အားလုံးပစ်ချထား၍ လူ့လောကတစ်ခွင်ပြဲပြဲစင်အောင်မုန့်ပတ်စားနေ၏ ။


တစ်ခါတစ်ရံ၌ နှလုံးသားသစ်တောသို့သွား၍ တောအုပ်အရှင်အား ထိုင်ငိုရသည်အထိစနောက်၍ သူများအိမ်မှ ကျားနှင့်ဆင်များကိုပင်အနိုင်သွားကျင့်တတ်သည် ။ အကယ်၍ မြောက်အရပ်အလင်းအရှင်သာ ရိုက်နှက်၍လာမဆွဲခေါ်သွားပါက တစ်တောလုံးသူ့လက်ချက်နှင့်ပင် အသက်ထွက်ကုန်ရော့မည် ။


မဟူရာအရှင်များမှာမူ တစ်ဦးမှာတစ္ဆေဘုရင်ဖြစ်ပြီး အအိပ်မက်သူဖြစ်သောကြောင့်အားနေယားနေအိပ်နေတတ်၏ ။ လောကတစ်ခွင်အိပ်၍ကောင်းသည့်နေရာမှန်သမျှ၌အိပ်သည် ။ သို့သော် လွန်ခဲ့သည့်အနှစ်တစ်ထောင်မှစ၍ နှလုံးသားတောအုပ်အနီး၌ အိမ်ဆောက်၍အရှက်မရှိလာကပ်နေလေ၏ ။ အစောပိုင်း၌ တောင်အရပ်အရှင်မှာ မကျေနပ်သော်ငြား တစ္ဆေဘုရင်၏ အလွန်ထူးချွန်သည့် ဟင်းချက်စွမ်းရည်ကြောင့် တစ်ရက်တည်းနှင့်ပင် ငယ်ပေါင်းကြီးဖော်များကဲ့သို့ရင်းနှီးသွားကြပြန်သည် ။


ထိုတစ္ဆေဘုရင်မှာ အသက်တိုမည်ကိုပင်မ​ကြောက်မလန့် တောအုပ်နတ်ဘုရားငယ်လေးအား တောင်အရပ်အရှင်နှင့်ပေါင်း၍စနောက်လေ့ရှိသည် ။ ​ဤသို့ဖြင့် မြောက်အရပ်အရှင်မှာ ရိုက်နှက်ဆုံးမရမည့်သူနောက်တစ်ယောက်တိုးလာလေ၏ ။ ထိုနှစ်ယောက်မှာအရှက်မရှိသောနတ်ဘုရားများဖြစ်သဖြင့် အရိုက်ခံကြမည့်အစား တောအုပ်တစ်ခွင်ပြဲပြဲစင်အောင်အော်ဟစ်၍ပတ်ပြေးကြလေတော့သည် ။


သစ်တောအရှင်က သူ့တောအုပ်လေးပြားသွားမည်စိုးသောကြောင့် ငိုချလုမတတ်တားတော့မှသာ ရပ်သွားတတ်ကြသည် ။ ယနေ့တွင်လည်းထိုကဲ့သို့ပင် ဆူညံပွက်လောထနေကြပြီးနောက်၌ တစ္ဆေဘုရင်မှာ သစ်တောအရှင်နှင့်အတူဟင်းချက်နေလေ၏ ။ မြောက်အရပ်အရှင်မှာမူ တောင်အရပ်အရှင်နှင့် အရက်ထိုင်သောက်နေလေသည် ။ 


အရသာရှိသည့်ဟင်းလျာများချက်ပြုတ်ပြီးချိန်တွင် ကောင်းကင်ယံ၌ လမင်းသော်တာပင်ထွက်ပေါ်နေပြီဖြစ်သည် ။ စားပွဲ၀ိုင်းတစ်ခုတည်းတွင် အရှင်လေးပါးထိုင်၍ စားသောက်နေကြသည်ကပင် အလွန်ထူးဆန်းနေလှပြီဖြစ်သည့်အပြင် ထိုထဲမှတစ်ဦးမှာ တစ္ဆေဘုရင်လည်းဖြစ်နေသေး၏ ။ ယမမင်းအရှင်တွေ့ပါက အံ့သြလွန်း၍ အောက်မေးပင်ပြုတ်ထွက်သွားနိုင်လေသည် ။


တောင်အရပ်အရှင်က လူ့လောကအတွင်းကြုံတွေ့ခဲ့ရသည့်အရာများကိုရေပက်မ၀င်အောင်ပြောဆိုနေပြီး မြောက်အရပ်အရှင်မှာ လူသားများကိုလွယ်လွယ်မယုံရန်သတိပေးနေလေ၏ ။ နာမည်ကျော်ကြားလှသည့်တစ္ဆေဘုရင်မှာမူ သစ်တောအရှင်၏ပန်းကန်ထဲသို့ ဟင်းများတောက်လျှောက်ထည့်ပေးကာ အခြားမဟူရာအရှင်များအကြောင်းအတင်းတုပ်နေလေသည် ။


" အဲဒီကံဆိုးခြင်းနတ်ဘုရားကောင်ကလေ တကယ်ကြီး သူတစ်ချက်ကြည့်တာခံရတာနဲ့တင်တစ်ဘ၀လုံးကံဆိုးသွားနိုင်လောက်ပါတယ်ဆို ... ငါ အရင်တစ်ခါက သူ့စံအိမ်အနားမှာအိပ်ပျော်သွားမိတာ တစ်လလောက်အိပ်မက်ဆိုးတွေမက်ပြီးအိပ်လို့မပျော်တော့ပါဘူးဆို "


သစ်တောအရှင်က ခပ်ဖွဖွပြုံး၍


" အဲဒါနဲ့ပဲ သစ်တောနားမှာအိပ်ဆောက်ပြီးလာကပ်နေတယ်ဆိုပါတော့ "


တစ္ဆေဘုရင်က အရှက်မရှိစွာဖြင့်


" အိပ်လို့ကောင်းတယ်လေကွာ ... ငါတကယ်ကြီးကို ဒိီနေရာကိုကြိုက်တာကွ ရာသီဥတုလေးကလည်းအနေတော် အိပ်မက်ဆိုးတွေလည်းမမက်ဘူး ငါ့အတွက်တော့နိဗ္ဗာန်ဘုံပဲ " 


တောင်အရပ်အရှင်က ကြက်ခြေထောက်တစ်ချောင်းကို၀ါးရင်းဖြင့် ပြောလာ၏ ။


" ဟင်းချက်ကောင်းတာလဲထည့်ပြောဦးလေ အအိပ်မက်တဲ့အစ်ကိုကြီး ဟင်းချက်ကောင်းလို့သာမဟုတ်ရင် တောအုပ်အရှင်က ချက်ချင်းကန်ထုတ်ပစ်မှာဆိုတာသိရဲ့လား "


မြောက်အရပ်အရှင်က လက်ထဲရှိ၀ါးချောင်းဖြင့် တောင်အရပ်အရှင်၏ ခေါင်းကိုဒေါက်ခနဲမြည်အောင်ခေါက်လိုက်လေသည် ။


" မင်းကြောင့်ပဲလေ ကောင်စုတ်လေးရဲ့ မင်းသာသူများအိမ်ကိုလာပြီး အားတိုင်းဟင်းချက်ကျွေးခိုင်းနေလို့သာမဟုတ်ရင် ဟိုတစ္ဆေကောင်ကိုလက်ခံထားစရာအကြောင်းမရှိဘူး ... "


သစ်တောအရှင်က ဇွန်းကိုချလိုက်ပြီးနောက် မြောက်အရပ်အရှင်ကိုမေးလာ၏ ။


" အစ်ကိုဒီတစ်လော သတင်းထူးတစ်ခုခုများကြားသေးလား "


" သူမအကြောင်းဆိုရင်တော့ ဘာမှထူးထူးခြားခြားမကြားမိဘူး အခုထိ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတောအုပ်မှာ စောင့်နေတုန်းပဲ ... တစ်ခါတစ်လေ ငါ့ကိုလာကူပေးတာပဲရှိတယ် သူမနဲ့ပက်သက်ပြီးတော့ဘာမှမထူးခြားဘူး "


" အေးချမ်းနေတာလဲ ကောင်းပါတယ်လေ ဒီတစ်ခါသာထပ်ပြီးစိတ်ဖောက်သွားမယ်ဆိုရင် ကျွန်တော်တို့ အားလုံးပေါင်းရင်တောင် သူမကိုမနိုင်နိုင်လောက်ဘူး အရှေ့အရပ်အရှင်တောင် သူမကြောင့်ထိခိုက်သွားတာကိုအခုထိကုသနေရတုန်း "


ဘာဆိုဘာအကြောင်းမှမသိသည့် တောင်အရပ်အရှင်နှင့် တစ္ဆေဘုရင်မှလွဲ၍ ကျန်နတ်ဘုရားနှစ်ပါးမှာ သက်ပြင်းချလိုက်မိကြသည် ။


ထိုအချိန်တွင် ကြည်လင်သာယာနေသည့်ရာသီဥတုမှာ ရုတ်တရက်တိမ်မည်းများဖြင့်အုံ့မှိုင်းလာပြီး ဖြူစင်နေသည့်လမင်းသော်တာသည်လည်း သွေးနီရောင်သို့ပြောင်းသွား၍ အနီဖျော့ဖျော့အလင်းများကိုဖြန့်ကျက်လာ၏ ။


တစ္ဆေဘုရင်၏ ပေါကြောင်ကြောင်မျက်နှာပေးမှာရုတ်တရက်တည်ကြည်သွားသည့်အပြင် သစ်တောအရှင်နှင့် မြောက်အရပ်အရှင်တို့မှာ မျက်မှောင်ကျုံ့လိုက်မိကြသည် ။ ကလေးသာသာတောင်အရပ်အရှင်တစ်ယောက်သာ အူလည်လည်ဖြစ်နေလေ၏ ။


" ဘာဖြစ်တာလဲ ... ဘာဖြစ်တာလဲ ... ဘာဖြစ်သွားတာလဲလို့ "


တစ္ဆေဘုရင်က ထရပ်လိုက်၍ 


" မကောင်းတော့ဘူး ... မကောင်းတော့ဘူး အိမ်မှာဖမ်းထားတဲ့ ဟာတွေလွတ်သွားမှဖြင့် ထိန်းမရသိမ်းမရတွေဖြစ်ကုန်တော့မှာပဲ ... မြန်မြန်ပြန်ကြည့်မှဖြစ်မယ် "


မြောက်အရပ်အရှင်က ပို၍ မျက်မှောင်ကျုံ့လိုက်မိကာ


" မင်းဖမ်းထားတယ်ဆိုတာ ဟိုဟာတွေတော့မဟုတ်ပါဘူးနော် "


တစ္ဆေဘုရင်က ခေါင်းကုတ်လိုက်၍ 


" ဟိုဟာတွေအတိအကျကိုဟုတ်နေတာ "


မြောက်အရပ်အရှင်က တစ္ဆေဘုရင်၏ ခြေထောက်ကိုဆောင့်ကန်ကာ တောင်အရပ်အရှင်ကိုပါဆွဲခေါ်၍ 


" မြန်မြန်လာတော့လေ လွတ်သွားမှဖြင့်တစ်လောကလုံးအကျိုးနည်းကုန်မယ်ဟ "


ဤသို့ဖြင့်သုံးယောက်သားမှာ အလင်းအလျှင်ဖြင့်တစ္ဆေဘုရင်၏ အိမ်သို့ပြေးသွားကြလေ၏ ။ သစ်တောအရှင်တစ်ယောက်တည်းသာ ကျန်ခဲ့ရပြန်သည် ။ 


တောထဲမှ အချို့သောမှင်စာလေးများကလည်း သွေးနီရောင်လမင်းကိုကြည့်ရှုနေကြပြီး သက်ပြင်းတချချဖြစ်​နေကြသည် ။ 


ခန့်မှန်း၍မရလောက်အောင်ဆိုး၀ါးလှသည့်အရာတစ်ခုခု၏ အစပြုပင် ...


မရဏလောက၏ တံခါးခုနှစ်ချပ်တည်နေရာမှာ ပေါက်ကြားသွားခဲ့ရပြီး ကံဆိုးခြင်းနတ်ဘုရားမှာမူ တစ္ဆေလောက၏ အက်ကွဲကြောင်းကြားမှလူ့လောကထဲသို့ကုတ်တက်လာသည့် မကောင်းဆိုး၀ါးများကိုမျက်မှောင်ကျုံ့ကာကြည့်နေလေ၏ ။


ယမမင်းသည်လည်း စိတ်လွတ်၍သောင်းကျန်းနေကြသော မှတ်ဥာဏ်ပျောက်နေသည့် ၀ိဥာည်များကို ကိုယ်တိုင်၀င်ထိန်းသိမ်းရင်းခေါင်းကိုက်နေရပြီပင် ။ တစ်လောကလုံးကမောက်ကမဖြစ်ကုန်၏ ။


ကံဆိုးခြင်းနတ်ဘုရား ၊ တစ္ဆေဘုရင်နှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတောအုပ်မှနတ်ဘုရားမတို့မှာ အင်အားကြီးမား၍ ဖျက်ဆီးနိုင်စွမ်းအလွန်အားကောင်းသော အရာနှစ်ခုကိုအာရုံခံမိသွား၍ မျက်မှောင်ကျုံ့လိုက်ကြ၏ ။


တစ်ခုမှာဤလောကနှင့်သက်ဆိုင်၍ အခြားတစ်ခုမှာမူ ဤနေရာနှင့်ရော ဤအချိန်ကာလလောကနှင့်ပါ လုံး၀လုံး၀မသက်ဆိုင်သည့်အရာဖြစ်သည် ။  လူတိုင်းခံစားလိုက်ရသည်မှာ အဆုံးမဲ့ပျက်ဆီးခြင်းများဖြင့်ပြည့်နှက်နေသည့် ကမ္ဘာနှစ်ခုနှင့် မလွတ်မြောက်နိုင်သည့်သေဆုံးခြင်းသံသရာတို့ပင် ။


သစ်တောအရှင်သည်လည်း စိတ်ငြိမ်ငြိမ်မထားနိုင်သောကြောင့် မှင်စာ အချို့နှင့်အတူ သစ်တောဂိတ်တံခါး၀ရှိကျောက်လှေကားထက်၌ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းစောင့်နေလေ၏ ။ သူဖြစ်တည်စဥ်ကတည်းကပါလာသည့် ကျိန်စာကြောင့် သစ်တောအတွင်းမှထွက်ခွာ၍မရပေ ။


ကိုးရာ့ကိုးဆယ့်ကိုးထစ်သောလှေကားများ၏အထက်၌ရပ်စောင့်နေရုံသာတတ်နိုင်ရှာသည် ။ 


အနီဖျော့ဖျော့လရောင်အောက်တွင်အမျိုးသမီးတစ်ဦးမှာ ဒယီးဒယိုင်ဖြင့် သူမ၏ မွေးဖွားခါနီးဖြစ်သောဗိုက်ကိုလက်ဖြင့်မကိုင်၍ လှေကားတစ်လျှောက်တစ်ထစ်ချင်းစီတက်လာလေ၏ ။ သူမ၏ခြေလှမ်းတစ်လှမ်းတိုင်းတွင် လှေကားထက်၌ သွေးများစီးကျသည်အထိသွေးထွက်လွန်နေတော့သည် ။


သူမ၏ မျက်နှာမှာအလွန်ဖြူဖျော့နေကာသွေးမရှိတော့သော်လည်း အံတင်းတင်းကြိတ်၍ မှုန်၀ါး၀ါးမြင်နေရသည့် ဂိတ်တံခါး၀သို့ရောက်ရန်သာအားခဲ၍လျှောက်နေလေသည် ။


တစ်လှမ်းပြီးတစ်လှမ်း ကျဆင်းနေသည့်သွေးများမှာတစ်စက်ပြီးတစ်စက် နီစွေးနေသည့်လရောင်အောက်၌ သွေးစက်များမှာ ပတ္တမြားပွင့်များကဲ့သို့ တလက်လက်တောက်ပနေ၏ ။


ကိုးရာ့ကိုးဆယ့်ကိုးထစ်မြောက်လှေကားသို့ရောက်သောအခါ၌ လေပြင်းတစ်ချက်တိုက်သွားသော်လည်း သူမမှာမူ မအေးသလိုတုန်လှုပ်၍လည်းမသွားပေ ။


သူမ၏ တစ်ကိုယ်လုံး၌ သွေးတစ်စက်မျှပင်မရှိတော့သည့်အပြင် မျက်လုံးအိမ်မှာလည်းအသက်ရှိသည့်လူသားတစ်ယောက်၏ မျက်ဆံများကဲ့သို့မဟုတ်တော့ပြီ ။


အသက်မရှိတော့သည့်အလောင်းကောင်တစ်ကောင်သာဖြစ်သွား၏ ။


သို့သော်လည်း ခဏအကြာ၌ သူမမှာခြေလက်များကိုဖြည်းဖြည်းချင်းလှုပ်ရှားရင်းဖြင့် မျက်စိရှေ့တွင်မြင်နေရသည့် နတ်ဘုရားလေးထံသို့တရွေ့ရွေ့လျှောက်သွားလေသည် ။


မှင်စာလေးများက တစ်ခုခုကိုကြောက်လန့်နေဟန်ဖြင့် ထွက်ပြေးကုန်ကြသောကြောင့် သစ်တောအရှင်လှည့်ကြည့်လိုက်သည့်အချိန်တွင် အသက်မရှိတော့သော်လည်း နာမ်၀ိဥာည်ရှိနေသေးသည့် အလောင်းကောင်အမျိုးသမီးကိုတွေ့လိုက်ရသည် ။


ထိုအမျိုးသမီးမှာ သူ့အားတွေ့သည်နှင့် ငိုယို၍ ဒူးထောက်ချလိုက်ပြီး အသံအက်အက်ကြီးဖြင့်တောင်းပန်လာလေ၏ ။


" အရှင် ... အရှင်ကနတ်ဘုရားတစ်ပါး မဟုတ်လားအရှင် ကျေးဇူးပြီး ကျွန်မရဲ့ကလေးလေးကို ကယ်ပေးပါ ... ကျွန်မရဲ့ကလေးလေး ..."


သစ်တောအရှင်မှာ နတ်ဘုရားတစ်ပါးအဖြစ်ဖြစ်တည်လာသည့်အချိန်မှစ၍ လူ့လောကသို့မရောက်ဖူးပါသောကြောင့် အသက်မရှိတော့သော်ငြား လူသားတစ်ယောက်ကိုမျက်၀ါးထင်ထင်မြင်တွေ့လိုက်ရသည်မှာ သူ့အတွက်ပထမဆုံးအကြိမ်ဖြစ်၏ ။


လောကကြေးမုံမှတစ်ဆင့်သာ ပျော်ရွှင်ရယ်မောနေသည့်လူသားများကိုသူမြင်ဖူးသည် ။ ထို့ကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေဆံအချိန်မှာပင် အမျိုးသမီးက ဗိုက်ထဲမှကလေးငယ်အားဆွဲထုတ်ရန်ကြိုးစားနေလေ၏ ။


နတ်ဘုရားငယ်လေးမှာ အမျိုးသမီး၏ ရည်ရွယ်ချက်ကိုမသိသော်လည်း ကလေးများမှာမူနူးညံ့၍အထိခိုက်မခံသင့်ကြောင်းသိသည် ။ ထို့ကြောင့် အမျိုးသမီး၏ အေးစက်နေသည့်လက်ကိုဆွဲကိုင်၍ သူ၏စံအိမ်အတွင်းသို့ခေါ်သွား၏ ။


လူသားအမျိုးသမီးတစ်ဦး မည်ကဲ့သို့ကလေးမွေးဖွားမည်ကိုမသိသော်ငြား ယောက်ျားနှင့်မိန်းမတို့၏ကွာခြားချက်ကိုမူသိပါသေး၏ ။ အမျိုးသမီးအားအခန်းအတွင်းရှိ ကုတင်ပေါ်သို့တင်ထားလိုက်ပြီးနောက် ကလေးမွေးပေးနိုင်မည့်တစ်ဦးတစ်လေများရှိမလားဟု သစ်တောအတွင်းရှိသတ္တ၀ါအပေါင်းအား အမေးစကားပို့လွှတ်လိုက်သည် ။ 


အခန်းအတွင်းမှ အမျိုးသမီးက သူမ၏ ကလေးအားကယ်တင်ပေးပါရန်အော်ဟစ်နေသောကြောင့် စိတ်ငြိမ်သွားစေရန်တံခါးတစ်ချပ်ခြား၍ စကားပြောပေးနေရ၏ ။


" အစ်မကြီး ... ခင် ... ခင်ဗျားရဲ့ ကလေးကို ကျွန်တော်ကယ်မှာပါ ... ကလေးမွေးပေးနိုင်မယ့်သူဘယ်သူရှိမလဲလို့ ကျွန်တော်မေးထားတယ် ... မကြာခင် ရောက်လာတော့မှာနော် ... ခဏလေးပါပဲ "


မကြာခင်မှာပင် ကျားအစဆင်အဆုံး တောအုပ်အတွင်းရှိ သက်ရှိသတ္တ၀ါအကုန်ရောက်လာကြတော့၏ ။ ပုံမှန်မဟုတ်သည့်ကလေးမွေးဖွားနည်းများနှင့် လူသားများအတွက်မသင့်လျှော်သည့်နည်းလမ်းများကိုဖယ်ထုတ်ပြီးသည့်အခါ၌ မှင်စာမျိုးနွယ်မှ အဖွားအိုတစ်ဦးသာကျန်ခဲ့လေသည် ။


ထိုအဖွားအို၏ အကူအညီဖြင့် အမျိုးသမီးအားကလေးမွေးဖွားပြီးသော်လည်း ကလေးမှာမငိုပေ ။ အမျိုးသမီးမှာလည်း ကလေးအားပွေ့ပိုက်၍ ငိုရင်းနမ်းရှုံ့နေလေ၏ ။


ပြာနှမ်းနေသည့်ကလေးငယ်အားပွေ့ပိုက်၍ ငိုယိုနေသည့် အမျိုးသမီးအားကြည့်နေရင်း နတ်ဘုရားငယ်လေး၏ ရင်ထဲ၌ အမျိုးအမည်မသိရသောအရာတစ်မျိုးပေါက်ဖွားလာလေသည် ။ ဤသည်မှာလူသားများပြောလေ့ရှိသည့် သနားကြင်နာ၍ကူညီစောင့်ရှောက်လိုစိတ်ပင်ဖြစ်ရမည်ဟုတွေးလိုက်မိသည် ။


ထိုကလေးငယ်လေးမှာလည်း လူ့လောက၏ အနှစ်သာရနှင့်အေးချမ်းမှုများကိုမြင်ရန်အခွင့်အရေးရှိသင့်သည်ပင် ။ 


အမျိုးသမီးက ငိုယိုရင်းဖြင့် 


" ကလေးမှာဘာအပြစ်မှမရှိပါဘူး ... ကလေးမှာဘာအပြစ်များရှိလို့လဲ "


အနီရောင်ဖျော့ဖျော့လင်းလက်နေသည့် လမင်းမှာ ရုတ်တရက်ပြန်လည်ကြည်လင်သွားပြီး အနီရင့်ရင့်သလင်းခဲလေးတစ်ခုက ကောင်းကင်ယံကိုထွင်းဖောက်လာပြီးနောက် ကလေးငယ်လေး၏ နှလုံးသားထဲသို့စူးနစ်စိုက်၀င်ကာပျောက်ကွယ်သွားလေသည် ။


နတ်ဘုရားငယ်လေးမှာအကြောင်းအရင်းမသိပါသော်လည်းထိုသလင်းခဲက ကလေးငယ်လေး၏ တစ်ဘ၀လုံးအားနှောင့်ယှက်လိမ့်မည်ကိုတော့ခံစားမိ၏ ။ သူ၏နယ်မြေအတွင်း ပထမဆုံးမွေးဖွားခဲ့သည့် လူသားလေးအားဘ၀ကိုခက်ခက်ခဲခဲမရုန်းကန်စေလိုပါပေ ။


ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချလိုက်ကာ သူ၏နှလုံးသားနေရာသို့ဓားဖြင့်တည့်တည့်ထိုး၍ သွေးစက်များနှင့်ရောနှောနေသည့် ရွှေရောင်သွေးကြောလေးတစ်မျှင်ကိုထုတ်ယူလိုက်သည် ။


ပြီးနောက် ကလေးငယ်အားချီ၍ သူ၏နှလုံးသွေးကိုတိုက်၍ နတ်သွေးကြောမျှင်အား ကလေးငယ်လေး၏ နှလုံးသားထဲသို့ထည့်သွင်းကာ အနီရောင်သလင်းကျောက်ကိုရစ်ပတ်စေလိုက်သည် ။


ပြာနှမ်းနေသည့်ကလေးလေးမှာသွေးရောင်သမ်းလာပြီးနောက် တောအုပ်တစ်ခုလုံးဆူညံသွားသည်အထိ အော်ဟစ်ငိုယိုတော့သည် ။ သူ၏လုပ်ရပ်များကိုစောင့်ကြည့်နေသည့် အမျိုးသမီးမှာ ၀မ်းသာအားရဖြင့်ပြုံးရယ်၍ နတ်ဘုရားငယ်လေးကိုဒူးထောက်ရှိခိုးလာလေ၏ ။


" အရှင် ... အရှင်ကတကယ်ကို ကျွန်မရဲ့ကလေးကိုကယ်ပေးလိုက်တာပဲ ... အရှင့်ကို ဘ၀အဆက်ဆက်​ကျေးဇူးပြန်ဆပ်ပါ့မယ် ... "


နတ်ဘုရားငယ်လေးက ရှက်ရှက်နှင့်ရီ၍


" မဟုတ်ပါဘူး ... မဟုတ်ပါဘူး "


" အရှင့်ကို သေချာပေါက်ကျေးဇူးပြန်ဆပ်မှာပါ ... ကျွန်မကသေလူတစ်ယောက်ဖြစ်နေရဲ့သားနဲ့ အလောင်းမှာအတင်းအကြပ်တွယ်ကပ်နေခဲ့တဲ့အတွက် တမလွန်ကိုရောက်တဲ့အခါ သေချာပေါက်အပြစ်ပေးခံရဦးမှာပါ ဒါပေမဲ့ လူပြန်၀င်စားတာနဲ့သေချာပေါက်ကိုမမေ့မလျော့အရှင့်ကိုကျေးဇူးဆပ်မှာပါ "


ထိုစကားများကိုပြောပြီးနောက် အမျိုးသမီး၏ ၀ိဥာဥ်မှာ ကခန္ဓာကိုယ်မှထွက်ခွာသွားတော့သည် ။ 


နတ်ဘုရားငယ်လေးတစ်ယောက်သာ ကလေးတစ်ယောက်ကိုချီ၍ အူလည်လည်နှင့်ကျန်ခဲ့ရရှာ၏ ။


အခန်း ( ၁ ) ပြီး၏ ။