Chapter - 2
Viewers 252

အခန်း ( ၂ ) : နှလုံးသွေးကြောဖြင့်ကံကြမ္မာနှစ်ခုအားချည်နှောင်ခြင်း 





အရာအားလုံးကမောက်ကမဖြစ်နေပြီး အရှင်များအားလုံးအလုပ်ရှုပ်နေကြသည့်အချိန်တွင် သစ်တောနတ်ဘုရားငယ်လေးမှာမူ အသက်ဖျော့ဖျော့သာရှုနေသည့်ကလေးလေးတစ်ယောက်အားချီ၍ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရှာ၏ ။


သူသည် လူသားများနှင့်တစ်ကြိမ်တစ်ခါမျှပင်မတွေ့ဆုံခဲ့ဖူးသောကြောင့် ကလေးတစ်ယောက်အားမည်သို့မည်ပုံ ဂရုစိုက်ရမည်ကိုလည်းမသိပါချေ ။ 


သူ၏နတ်ဘုရားနှလုံးသွေးကြောကိုအသုံးပြု၍ ကလေး၏အသက်ဓာတ်ကိုထောက်ပံ့ပေးနိုင်ပါသော်လည်း ထိုအရာက ကလေး၏အသက်ရှင်သန်ရေးအတွက်အရာအားလုံးကိုဆောင်ရွက်ပေးမည်ဟုမဆိုလိုပေ ။ 


ကလေးငယ်လေးအား လူသားတစ်ယောက်ကဲ့သို့ပြုစုစောင့်ရှောက်ပေးရန်လိုအပ်၏ ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ လောကကြေးမုံကိုကြည့်ကာ လူသားဖခင်များက သူတို့၏သားငယ်များအား မည်ကဲ့သို့ပြုစုစောင့်ရှောက်ကြသည်ကိုလေ့လာကြည့်တော့သည် ။ 


သူသည်လည်း ယောက်ျားသားတစ်ဦးဖြစ်သည့်အပြင် ကလေးငယ်လေးမှာလည်း ယောက်ျားလေးဖြစ်သောကြောင့် သူနှင့်ထိုကလေးတို့၏ဆက်ဆံရေးအား သားအဖဆက်ဆံရေးဟုပင်ရိုးရိုးရှင်းရှင်းသတ်မှတ်ယူဆလိုက်သည် ။ 


ကလေးငယ်လေး၏ဘယ်ဘက်ရင်အုံနှလုံးတည့်တည့်တွင် တံတိုင်းမွှေးပန်းပုံစံအနီရင့်ရောင်အမှတ်တစ်ခုရှိနေ၏ ။ ထိုပန်းအမှတ်မှာ နတ်ဘု ားလေး၏ ကိုယ်သင်းရနံ့ဖြစ်သောတံတိုင်းမွှေးပန်းနှင့်တစ်ထပ်တည်းပင် ။ 


လောကကြေးမုံအားကြည့်၍ ကလေးများအားပြုစုစောင့်ရှောက်ပုံကိုလေ့လာနေသည့် နတ်ဘုရားလေးမှာမူ မျက်မှောင်ကျုံ့လျှက်ရှိသည် ။ အချို့သောဖခင်များ၏ ကလေးများအားပြုစုပျိုးထောင်ပုံမှာကြမ်းတမ်းရက်စက်လှ၏ ။ ဤကလေးလေးအားအပေါ်အားသူမရက်စက်နိုင်ပေ ။ 


ကလေးငယ်လေးများအား တစ်နှစ်ကျော်သည်အထိမိခင်နို့သာတိုက်​ကျွေးကြသည်ကိုမြင်ခဲ့သော်လည်း ကလေး၏မိခင်မှာသေဆုံးသွားပြီးဖြစ်သဖြင့် အလောင်းအားနို့တိုက်ခိုင်း၍လည်းမရပေ ။ သူကိုယ်သူပြန်ငုံ့ကြည့်မိသောအခါ သူ၏ရင်ဘတ်မှာအမျိုးသမီးများနှင့်မတူညီသောကြောင့် နို့ထွက်မည်လည်းမဟုတ် ။ နတ်ဘုရားလေးမှာ သူ၏နှစ်တစ်ထောင်ကျော်သက်တမ်းအတွင်း ကလေးလေးတစ်ယောက်အားနို့တိုက်ရန်ကိစ္စဖြင့်ပထမဆုံးအကြိမ် အကြပ်ရိုက်နေရှာ၏ ။


" မင်းတစ်ယောက်နဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲကွာ "


သူ၏အခြေအနေကြောင့်တောင်ပေါ်မှဆင်း၍လည်းမရပေ ။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသိသည့် တစ်ဦးတည်းသောအမျိုးသမီးမှာတောင်ပေါ်သို့တက်လာပြီဖြစ်သည် ။ ထိုအမျိုးသမီးက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတောအုပ်မှနတ်ဘုရားမဖြစ်သည် သူမအားမဟူရာသခင်မဟုလည်းခေါ်ဆိုကြသေး၏ ။ 


နတ်ဘုရားငယ်လေး ခမျာအားကိုးရှာတွေ့သွားသည့်နှယ်ကလေးလေးပိုက်၍ပြေးထွက်လာစဥ်တွင် မဟူရာသခင်မသည်လည်း ကလေးလေးတစ်ယောက်ကိုချီလာကြောင်းတွေ့လိုက်ရသည်  ။


သူမ၏မျက်နှာထားမှာအလွန်စိတ်မရှည်ဖြစ်နေပုံရကာ နတ်ဘုရားလေး၏လက်ထဲမှမွေးကင်းစကလေးလေးကိုမြင်သောအခါ စိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချကာ 


" နင်ရောပဲလား ... "


နတ်ဘုရားလေးမှာအူလည်လည်ဖြင့် 


" ဟမ် ... ဘာဖြစ်လို့လဲ "


" ကလေး က... "


မဟူရာသခင်မက ထူးဆန်းသောအငွေ့အသက်ကိုသတိထားမိသွားပုံရကာ ဒေါသတကြီးဖြင့်


" နင်ဘာကြီးကိုချီထားတာလဲ ... အခုချက်ချင်းချထားလိုက်စမ်း " 


နတ်ဘုရားငယ်လေးက ကလေးလေးလန့်သွားမည်စိုး၍လက်ဖြင့်ကာလိုက်ရင်း


" ဘယ်လိုဖြစ်လို့အော်ဟစ်နေတာလဲ ကလေးလေးလန့်သွားဦးမယ် "


" နင်ဘာတွေအူကြောင်ကြောင်လုပ်နေတာလဲ ... နင့်လက်ထဲကကလေးက အသက်မရှိတော့ဘူး သူ့ဆီမှာမရဏအငွေ့အသက်တွေအပြည့်ပဲ ဒီတိုင်းဆက်သွားရင် အသိစိတ်မရှိဘဲသတ်ဖြတ်ဖို့ပဲသိတဲ့ဖုတ်ကောင်တစ်ကောင်ဖြစ်သွားလိမ့်မယ် "


" မဖြစ်နိုင်တာ ... ကျွန်တော်သူ့ကိုနတ်ဘုရားသွေးကြောပေး... "


" ဘာဖြစ်တယ် ... နင့်သွေးကြောကိုဘာလုပ်လိုက်တယ် "


" ကျွန်တော် ... ကျွန်တော် သူ့နှလုံးထဲထူးဆန်းတဲ့ကျောက်တုံးတစ်တုံး၀င်သွားတာတွေ့တာနဲ့ "


မဟူရာသခင်မက အိမ်ထဲသို့၀င်ပြီးနောက် သူမချီလာသောကလေးလေးအားကုတင်ပေါ်သို့ချကာ နတ်ဘုရားငယ်လေးချီထားသည့်ကလေးလေး၏နဖူးကိုလက်ဖြင့်တို့လိုက်သည် ။


" သူကအစောကြီးကတည်းကသေနေပြီးသား ... နင်ဘယ်လိုလုပ်လုပ် အသက်ရှစ်နှစ်ထက်ပိုပြီးရှင်သန်နိုင်မှာမဟုတ်ဘူး " 


" ဒါပေမဲ့ နတ်ဘုရားသွေးကြောက ... "


မဟူရာသခင်မက နတ်ဘုရားငယ်လေး၏ နဖူးကိုလက်ဖြင့်တောက်၍


" နင်အရမ်းတုံးတာပဲ ... လူသားတွေရဲ့ကြမ္မာကိုငါတို့ဆုံးဖြတ်ပေးလို့မရဘူး ... ကလေးရဲ့နှလုံးထဲ၀င်သွားတဲ့ကျောက်မျက်က သတ်ဖြတ်တဲ့အငွေ့အသက်တွေအပြည့်နဲ့ဖြစ်နေတာ သူ့ကိုယ်သူထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ အချိန်တန်ရင်ဗီဇလွှမ်းမိုးမှုကြောင့် သတ်ဖြတ်ချင်တဲ့ဗီဇကပေါ်လာမှာပဲ ... နတ်ဘုရားသွေးကြောပြတ်သွားတာနဲ့ နင့်ဘ၀လည်းအဆုံးသတ်သွားလိမ့်မယ်ဆိုတာသိရဲ့လား "


" ကျွန်တော်သိပါတယ် ... အပြင်လောကကိုထွက်မကြည့်နိုင်တဲ့အတူတူ အပြင်လောကက ကလေးတစ်ယောက်ကိုရှင်သန်ခွင့်ပေးပြီးလောကကြီးကိုကြည့်ခွင့်ပြုလိုက်တာပိုမကောင်းဘူးလား ... "


" ကျွန်တော် အသက်ရှင်ဖို့ကျဲကျဲဘယ်လောက်တောင်ပေးဆပ်ထားခဲ့လဲ သိပါတယ် ... ကျဲကျဲတို့လိုပဲ ကျွန်တော်လည်း သူ့အတွက်အတတ်နိုင်ဆုံးကြိုးစားပေးချင်တယ် ... မွေးဖွားလာတာတစ်ရက်တောင်မရှိသေးတဲ့ကလေးလေးတစ်ယောက်ကဘာအပြစ်မှမလုပ်ထားတာတောင်ရှင်သန်ဖို့မထိုက်တန်ဘူးလား ... ကျွန်တော်သူ့ကိုအပြင်လောကကြီးကိုမြင်စေချင်တယ် "


နတ်ဘုရားငယ်လေးက ပြုံးကာ ကလေးငယ်လေး၏ခန္ဓာကိုယ်ပေါ်တွင်အကာအကွယ်အစီအရင်ကိုရေးဆွဲရင်း


" ကျွန်တော်လည်း လူသားတစ်ယောက်လိုခံစားချက်မျိုးခံစားချင်တယ် ... "


" နင် တစ်ချိန်ချိန်မှာနောင်တရတယ်ဆိုရင်တောင်မှနောက်ပြန်လှည့်လို့ရမှာမဟုတ်တော့ဘူးနော် "


နတ်ဘုရားငယ်လေးက မျက်ရည်စများဖြင့်ပြုံး၍


" ကျွန်တော်သိပါတယ် ... "


အကာအကွယ်အစီအရင်ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှင်သန်ခြင်းတောအုပ်တစ်ခုလုံး၏အပေါ်၌ တံတိုင်းမွှေးပန်းသဏ္ဍာန် အနီရောင်အစီအရင်တစ်ခုတောက်ပသွားလေသည် ။ အခြားသောအရှင်များအား နှလုံးသားသစ်တော၏အရှင်မှာသွေးမျိုးဆက်တစ်ခုကိုဖန်တီးလိုက်ပြီဖြစ်ကြောင်းအသိပေးပြီးဖြစ်သွား၏ ။


ကံကြမ္မာချည်နှောင်ခြင်းပြီးဆုံးသွားသည်နှင့်အတူ ကလေးငယ်လေးကသူ့အားပြုံးပြလာ၏ ။ သူတို့နှစ်ဦးကြားတွင်ခိုင်မာသောဆက်နွယ်မှုတစ်ခုရှိသွားကြောင်းသူလည်းခံစားမိပုံပင် ။ မျက်လုံးပင်မပွင့်သေးသောကလေးသေးသေးလေးတစ်ယောက်ပြုံးနေသည်အားကြည့်ရင်း နတ်ဘုရားလေး၏ရင်ထဲတွင်ကြည်နူးသွားလေသည် ။ 


ကလေးလေး၏လက်ကို လက်ညိုးဖြင့်တို့သောအခါ သူ၏လက်ကိုလက်သေးသေးလေးများဖြင့်ဆုပ်ကိုင်လာ၏ ။


" ဘာပဲဖြစ်ဖြစ် ငါမင်းအနားမှာရှိနေပေးမှာပါ ... မင်းလည်းကျော်ဖြတ်ဖို့ကြိုးစားရမယ်နော် "


နတ်ဘုရားလေးနှင့်ကလေးငယ်လေးတို့အားကြည့်ရင်း မဟူရာသခင်မမှာ နှစ်ရာပေါင်းများစွာက သူမကလေးလေးတစ်ယောက်ကိုထိုကဲ့သို့ပြောခဲ့ဖူးကြောင်းသတိရမိသွား၏ ။ 


သို့သော်လည်း ထိုကလေးက ကံကြမ္မာကိုမလွန်ဆန်နိုင်ခဲ့ပါချေ ။ 


ကံကောင်းမှုနှင့်ကံဆိုးခြင်းတို့သည်အတူတကွရောက်ရှိလာပေ၏ ။ မဖိတ်ခေါ်ထားပါသော်လည်း ကံဆိုးခြင်းနတ်ဘုရားကအိမ်တံခါးကိုလာခေါက်လေသည် ။ အုံ့မှိုင်းနေသောတိမ်တိုက်မည်းကြီးကဲ့သို့မျက်မှောင်ကျုံ့လျှက် 


" ငါခုနက လာရင်းလမ်းမှာတွေ့လိုက်တယ် မင်းဘာတွေလုပ်လိုက်တာလဲ "


" အဲ ... အဲတာက "


ကံဆိုးခြင်းနတ်ဘုရားက ကလေးထံမှသတ်ဖြတ်ခြင်းအငွေ့အသက်ကိုအာရုံခံမိသွားပုံရရုံသာမက ဒေါသတကြီးဖြင့် 


" မင်း လက်ထဲကကလေးက ဘယ်လိုကံကြမ္မာမျိုးနဲ့မွေးဖွားလာတာလဲဆိုတာကိုသိရဲ့လား ... ဟမ် "


" သူချစ်တဲ့အရာတွေကိုသူ့လက်နဲ့ကိုယ်တိုင်ဖျက်ဆီးပစ်မှာ ... သူ့ဘ၀တစ်လျှောက်လုံးကိုသွေးအိုင်ထဲကနေပဲဖြတ်သန်းသေဆုံးသွားမှာ ငါ့ထက်တောင်ပိုပြီးကံဆိုးသေးတယ် ..."


နတ်ဘုရားငယ်လေးက မျက်နှာမဲ့ကာ 


" ကောကမှပိုပြီးနာမည်နဲ့လိုက်အောင်ကံဆိုးနေတာမလား ... "


ကံဆိုးခြင်းနတ်ဘုရားမှာ ဒေါသပုန်ထသွားသဖြင့် ဓားဆွဲကာ နတ်ဘုရားငယ်လေးအား လိုက်ခုတ်လေတော့သည် ။ တစ်အိမ်လုံးအနှံ့လျှောက်ပြေးနေကြပြီး နတ်ဘုရားလေးမှာကလေးငယ်လေးမထိခိုက်စေရန်ကာကွယ်ရင်းအော်ဟစ်နေလေသည်  ။ 


" ကျဲကျဲ ... သူ့ကိုတားဦးလေ "


မဟူရာသခင်မက သူမခေါ်လာသောကလေးငယ်လေး၏ဘေးတွင်ထိုင်ကာ အေးအေးလူလူလက်ဖက်ရည်သောက်ရင်း 


" ငါက ပျူလူမျိုး သူနဲ့မျိုးရိုးမတူဘူး... ဘာကိစ္စနင်တို့ကြားထဲ၀င်ပါရမှာလဲ "


နတ်ဘုရားနှစ်ပါးရန်ဖြစ်နေစဥ်အတွင်း မဟူရာသခင်မခေါ်လာသောကလေးလေးမှာ လန့်နိုးပြီးငုတ်တုပ်ထထိုင်နေလေ၏ ။ မဟူရာသခင်မက ကလေးငယ်လေးအားဖိချ၍ပြန်လှဲစေကာ


" ငြိမ်ငြိမ်နေ နင်လှုပ်လို့မရသေးဘူး "


ကလေးငယ်လေးက ​အရမ်းလှပသောကျဲကျဲအားမျက်လုံးအပြူးသားဖြင့်ကြည့်ကာခေါင်းညိမ့်ပြ၍ငြိမ်ငြိမ်လေးနေလိုက်သည် ။ မဟူရာသခင်မက စိတ်ကျေနပ်သွားဟန်ဖြင့်ပြုံးကာ


" မဆိုးဘူး ပြောစကားနားထောင်သားပဲ "


တစ်ဖက်၌ ပြေးတမ်းလိုက်တမ်းဆော့နေသောနှစ်ယောက်ကြောင့် အိမ်တစ်ခြမ်းပြာကျသွားပြီဖြစ်သည် ။ ရုတ်တရက်ဆိုသလိုပင် ကလေးငယ်လေးထံမှ ကြက်သွေးနီရောင်ကြိုးမျှင်အလင်းတန်းများထွက်ပေါ်လာကာ ကံဆိုးခြင်းနတ်ဘုရားကိုရစ်ပတ်လာ၏ ။ ကြိုးမျှင်များမှာ ထက်ရှလှသောကြောင့် အ၀တ်များစုတ်ပြဲသွားရုံသာမက အသားများကိုပါထိရှလာသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးအားအပိုင်းပိုင်းဖြတ်ပစ်ချင်နေသည့်အတိုင်းပင် ။ 


မဟူရာသခင်မက အချိန်အတော်ကြာစောင့်ကြည့်နေရင်း အပိုင်းပိုင်းပြတ်ခါနီးသောအခါမှသာ လက်ဝှေ့ယမ်းကာ ကလေးလေးထံမှကြက်သွေးနီရောင်ကြိုးမျှင်များကိုပျောက်ကွယ်သွားစေလိုက်သည် ။


" အခုအရွယ်ကတည်းက နတ်ဘုရားတစ်ပါးကိုထိခိုက်အောင်လုပ်နိုင်တယ် မဆိုးဘူး ... သူ့ကိုနောက်ပိုင်းကျဘယ်သူမှမကိုင်တွယ်နိုင်တော့မှာတောင်စိုးရိမ်ရတယ်နော် ... တစ်စုံတစ်ယောက်တော့ သတင်းကြားရင်ထိုင်မရထမရဖြစ်နေတော့မှာပဲ "


ကလေးငယ်လေး၏အရည်အချင်အားမျက်မြင်ကိုယ်တွေ့မြင်လိုက်ရသော နတ်ဘုရားလေးမှာဖြူဖျော့သွားလျှက် 


" နတ်ပိုးမျှင်လား ... ဒါဆိုသူ့ရဲ့မျိုးရိုးက ... "


ကံဆိုးခြင်းနတ်ဘုရားကအားရပါးရလှောင်ရယ်ရင်း သွေးတစ်လုတ်အန်ချလိုက်၏ ။


" နောက်ဆုံးအချိန်ထိ အဲ့ဒီအမျိုးယုတ်ရဲ့မျိုးရိုးကငါတို့နဲ့လာပက်သက်နေတုန်းပဲ ... အခုဘယ်လိုလုပ်ကြမလဲ ... ငါတို့ကိုအေးအေးဆေးဆေးနေခွင့်မပြုနိုင်ကြဘူးလား "


နတ်ဘုရားငယ်လေးက ကလေးကိုပို၍ခပ်တင်းတင်းပွေ့ဖက်လိုက်ကာ


" ဒါပေမဲ့ ကလေးမှာအပြစ်မှမရှိတာ "


မဟူရာသခင်မက သက်ပြင်းချ၍


" မတတ်နိုင်ဘူးလေ ... သူခိုးတစ်ယောက်က ခိုးထားတဲ့အကြောင်းကိုလူမသိစေချင်ရင် ပိုင်ရှင်ကိုလက်စဖျောက်ဖို့ကြိုးစားတာကပုံမှန်ပဲမဟုတ်လား ... ငါတို့မှာဘာမှကြောက်စရာမရှိဘူး ... ငါပိုင်တာကိုသေချာပေါက်ပြန်ရအောင်ယူမှာ မင်းတို့ဒီကိစ္စကိုစိတ်ပူစရာမလိုဘူး "


နတ်ဘုရားငယ်လေးမှာတုန်ရီနေလျှက်


" ဒါပေမဲ့ သူတို့ရှာတွေ့သွားရင် ... "


တစ်ကိုယ်လုံးသွေးများပေကျံနေသည့် ကံဆိုးခြင်းနတ်ဘုရားက နတ်ဘုရားငယ်လေးအားပွေ့ဖက်လိုက်ကာ 


" စိတ်မပူပါနဲ့ ... ကောမင်းကိုကာကွယ်ပေးမယ် ဘာပဲဖြစ်ဖြစ်မင်းကိုကာကွယ်ပေးမှာ ... ဘယ်သူကမှမင်းကိုထိခိုက်အောင်မလုပ်နိုင်စေရဘူး ... ကောကိုယုံနော် "


မဟူရာသခင်မက ပြန်တည့်သွားသောနှစ်ယောက်အားထိုင်စေကာ သူမကြုံတွေ့ခဲ့ရသောအကြောင်းကိုပြောပြလာ၏ ။


" လအရောင်ပြောင်းသွားတော့ ငါကမရဏတံခါးတစ်ခုအနားမှာရောက်နေတာ ... တံခါးခုနှစ်ချပ်လုံးပွင့်သွားတော့ လောကမှာမရှိသင့်တာတွေပါထွက်ပေါ်လာရော ကလေးရဲ့နှလုံးထဲ၀င်သွားတဲ့ကျောက်မျက်ကလဲတစ်ခုအပါအ၀င်ပဲ ဒါပေမဲ့ ငါတို့ကလွဲလို့ဘယ်သူကမှသတိထားမိမှာမဟုတ်ဘူး ... ကျောက်မျက်က ငါတို့လိုပဲ ဒီလောကကမဟုတ်ဘူး ... ကျောက်နောက်ကိုလိုက်ဖို့ငါကြိုးစားပေမဲ့ တံခါးထဲကနေဒီကလေးထွက်လာခဲ့တာ ... "


" သူဘာတွေဖြစ်ခဲ့မှန်းတော့ ငါမသိဘူး ... ဒါပေမဲ့ ဒီကလေးရဲ့မျိုးဆက်သွေးက တစ်ခြမ်းပျောက်နေတယ် ... ဖြစ်နိုင်တာက " 


နတ်ဘုရားငယ်လေးနှင့်ကံဆိုးခြင်းနတ်ဘုရားတို့ကပြိုင်တူပြောလာ၏ ။


" အတင်းအကြပ်မျိုးဆက်သွေးကြောဆွဲထုတ်ခံရတာ ... "


" အင်း ... ဟုတ်တယ် "


" ဒီကလေးက မျိုးဆက်သွေးတစ်၀က်မရှိဘူး ... ကလေးတစ်ယောက်ကလည်း သတ်ဖြတ်ခြင်းကျောက်မျက်နဲ့ ... ဒီတိုင်းသာဆက်သွားမယ်ဆိုရင် သူတို့သတိထားမိသွားကြမှာပဲ ... ငါနှစ်ပေါင်းများစွာအသက်ရှင်လာပြီးလို့ ဒီလောကကြီးကိုစိတ်ကုန်နေပါပြီ ... ဒါပေမဲ့ ဒီကလေးတွေကတော့သေချာပေါက် ဆက်ပြီးရှင်သန်သွားရမယ် ... "


ကံဆိုးခြင်းနတ်ဘုရားကမျက်မှောင်ကျုံ့၍


" အဲ့ဒီနည်းလမ်းကိုသုံးမယ်လို့မပြောနဲ့နော် "


မဟူရာသခင်မကပြုံး၍


" အခြားနည်းလမ်းလည်းမရှိဘူးလေ ... "


နတ်ဘုရားငယ်လေးက စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့်


" ကျွန်တော်လည်းလုပ်ပါရစေ "


" နင်စိတ်ဆုံးဖြတ်ထားပြီးပြီမှန်းငါသိတယ် ... နင့်ရဲ့အခြေအနေအရခြွင်းချက်တစ်ခုတော့ရှိလိမ့်မယ် "


" ဘာပဲဖြစ်ဖြစ် ကျွန်တော်လက်ခံနိုင်တယ် "


" အင်း ... ငါက လူသားအသွင်နဲ့သွားလို့ရတယ်ဆိုပေမဲ့ နင်ကတော့ခန္ဓာကိုယ်ကိုတောင်ပေါ်မှာထားပြီး ၀ိညာဥ်အဖြစ်ဒါမှမဟုတ်တရစ္ဆာန်တစ်ကောင်ရဲ့အသွင်နဲ့ပဲသွားရလိမ့်မယ် "


ကံဆိုးခြင်းနတ်ဘုရားက စားပွဲခုံကိုလက်ဖြင့်ထုချလိုက်သောအခါ စားပွဲတစ်ခုလုံးစိစိညက်ညက်ကြေမွသွား၏ ။


" မင်းဒီလောက်ထိအနစ်နာခံဖို့မလိုဘူး ... "


" ကျွန်တော်ဆန္ဒရှိလို့ပါ ... ကော ဘာပဲပြောပြောကျွန်တော့်ဆုံးဖြတ်ချက်ကပြောင်းမှာမဟုတ်ဘူး "


" မင်း ... မင်း "


ကံဆိုးခြင်းနတ်ဘုရားမှာ သွေးနှစ်လုတ်ထပ်မံအန်ချပြီးနောက် ဒေါသတကြီးပြန်ထွက်သွားလေ၏ ဉ သို့သော်လည်း မကြာမှီမှာပင် တောထဲတွင်၀ုန်း၀ုန်းဒိုင်းဒိုင်းအသံများစွာထွက်ပေါ်လာ၏ ။


မဟူရာသခင်မက သူမနှင့်အတူပါလာသောကလေးလေးအားပြန်ချီ၍ 


" သူ့သက်တမ်းမကုန်ခင် အဲ့ဒီကိစ္စကိုစီစဥ်ကြတာပေါ့ "


" ကျွန်တော်သိပါတယ် ... "


မဟူရာသခင်မက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတောအုပ်ကိုပြန်နေသည့်အချိန်အတွင်း ကလေးအားခြိမ်းခြောက်ရန်လည်းမမေ့ပါချေ ။


" မင်းငြိမ်ငြိမ်မနေဘဲ လှုပ်နေရင် ငါလမ်းမှာပစ်ချထားခဲ့မှာနော် ... လမ်းမှာ အသားစားဘီလူးကြီးတွေအများကြီးရှိတယ် မင်းကိုသူတို့ဖမ်းမိသွားရင်စားပစ်လိုက်မှာ "


ကလေးငယ်လေးက မဟူရာသခင်မ၏ ၀တ်ရုံလက်အားခပ်တင်းတင်းဆုပ်ကိုင်၍ ငြိမ်ငြိမ်လေးနေကာမလှုပ်တော့ချေ ။ 



အခန်း ( ၂ ) ပြီး၏ ။