Ch 30
Viewers 548

Chapter 30

 

 

"ကျွန်မ မျက်နှာ ညစ်ပတ်နေလို့ သန့်စင်ခန်းမှာ သွားသစ်တာပါ ပြီးတော့..."

 

ချောင်ရသည် ထိပ်တန်းနာမည်ကြီးတစ် ယောက်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်နေဆဲပင်။ ချူရှင်းယွဲ့  အသေးစိတ်ကို အကဲခတ်လိုက်သည်။ ချောင်ရ၏ မျက် လုံးထောင့်များတွင် နီရဲနေသောကြောင့် ၎င်းငိုခဲ့သည်မှာ ထင်ရှားသဖြင့်  သူ(မ)လည်း အတိတ်ရှိပြဿနာများကို ပြန်တွေးပြီး ချက်ချင်း စိုးရိမ်သွားကာ- "နင် အမှန်အ တိုင်းပြော၊ အဲ့လူ နင့်နောက်လိုက်လာတာလား"

 

ထိုစကားကြောင့် အခြားသုတေသီ သုံးဦးတို့သည် ချောင်ရအား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

 

၎င်းတို့အထဲမှ လူနှစ်ယောက်သည် မျက်ခုံးများတွန့်ကွေးလျက် အတိတ်ရှိ အဖြစ်အပျက်များကို သတိရသွားကြသည်။

 

ချောင်ရသည် ချူရှင်းယွဲ့၏ မေးခွန်းကိုကြားလိုက်ရချိန် တုန်လှုပ်သွားပြီး "ရှင်းယွဲ့ နင်..."

 

[ဖီ! ညစ်ပတ်တဲ့အရာတွေမြင်ရတာ ရွံလိုက်တာ ]

 

ဤနေရာတွင် ကျီဖေး၏  အတွေးများကို ကြားနိုင်သည့် တစ်ဦးတည်သောလူ ချင်ကျောက်သည်  သူ(မ)၏ စကားကြောင့် အံ့သြသင့်သွားခဲ့သည်။

 

ချောင်ရ စကားပြောပြီးသည်နှင့် ချူရှင်းယွဲ့နှင့် အခြားသုံးယောက်တို့၏ မျက်နှာများပေါ်တွင် မနှစ်မျို့ကြောင်း အထင်အရှားပြနေသည်။

 

အခြား ယောင်္ကျားလေး နှစ်ယောက်သည် စကားတစ်ခွန်းမှ မပြောရဲချေ။ သူတို့သည် နောက်ဆုံးအခေါက်က ချောင်ရနှင့် သံသယ၀င်ခံရပြီး သူ(မ)ရည်းစားထံမှရိုက်နှက်ခြင်းခံခဲ့ရသည်။ သူတို့ ကိုယ့်ဒုက္ခကိုရှာမှာကြမည်မဟုတ်ချေ။

 

ကျန်ရှိသော အမျိုးသမီးသည်သာ သူ(မ)၏စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သည်။

 

"ရှောင်ရ သူ နင့်နောက်လိုက်လာပြီး ဒရာမာခင်းပြနေတာပဲ၊ နင် ဒါကြောင့်နဲ့ ထပ်ပြီး အလိမ်မခံရစေနဲ့၊ ဒီလိုလူမျိုးအတွက် နင်စိတ်မပျော့သင့်ဘူး"

 

"ဒါပေမယ့်...ငါတို့နှစ်ယောက် နှစ်ပေါင်းများစွာ အတူရှိခဲ့တာ၊ သူ့ကို စွန့်လွှတ်ဖို့က ငါ့အတွက်တကယ် ခက်တယ်၊ ဒီတစ်ခါတော့ သူ တကယ်ပြောင်းလဲသွားတဲ့ပုံပဲ၊ သူ့ပုံစံကအရင်ကနဲ့ မတူဘူး"

 

ချူရှင်းယွဲ့သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "နင် သူ့မှာ ကြမ်းတမ်းတဲ့ ဗီဇရှိတယ်ဆို နင်သိပါတယ်၊ သူ သံသယ၀င်လို့ နင်လည်း ခဏခဏဒုက္ခရောက်ရတယ်မလား၊ ပထမတော့ သူက တခြားသူတွေနဲ့ ပတ် သက်ပြီး ပိုင်စိုးပိုင်းနင်း လုပ်ပေမဲ့ နောက်ပိုင်းမှာ နင့်ကို ပြင်းပြင်းထန်ထန် ချုပ်ချယ်လာတယ်၊ နင် သူ့ကြောင့် နိုင်ငံခြားသွားဖို့ အခွင့်အရေးကို တကယ်လက်လွှတ်တော့မလို့လား၊ နင် တကယ်ပဲ..."

 

ချူရှင်းယွဲ့ မဆုံးခင် ကျီဖေးညသူ(မ)လက်ကို ပုတ်ကာတားလိုက်သည်။

 

ချူရှင်းယွဲ့ အံ့အားသင့်သွားသည်။ သူ(မ) ကျီဖေးကို မကြည့်ခင် ချောင်ရ၏အကြည့်ထဲမှ ပြင်းထန်သော မကျေနပ်မှုကို ခံစားရသည် ။

 

"ရှင်းယွဲ့ နင် ဘာလို့ အားကျစ်ကို မကောင်းတဲ့သူလို့ ထင်နေတာလဲ၊ ငါက သူနဲ့ ငယ်ငယ်လေးကတည်းက သိခဲ့ကြတာ၊ သူ့ကို ဘယ်သူတွေထက်မဆို ငါ ပိုနားလည်တယ်၊ နင် ဒီလိုပြောတာ မကောင်းဘူး"

 

ချောင်ရအား ရှင်းယွဲ့တို့ နှစ်ယောက် စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ချေ။ ချင်ကျောက်သည် ကျီဖေး၏အတွေးများကို မကြားရရင်‌တောင် အခြေအနေကိုမှန်းဆမိသည်။

 

"မင်း ဘာတွေပြောနေတာလဲ ? ရှင်းယွဲ့က စေသနာနဲ့ပြောတာ၊ မင်း သူ့စကားကို လက်မခံနိုင်တောင် လေးစားမှုရှိရမှာပေါ့"

 

ချင်ကျောက်သာမက သူ့မိသားစုအားလုံးသည် ချူရှင်းယွဲ့သည် မည်မျှ အဖိုးထိုက်တန်သည့် ရတနာလေးမှန်း နားလည်ကြသည်။

 

 သူ(မ)ကို မလေးစားသည့်လူတိုင်းအား ချင်ကျောက်လည်း ယဉ်ကျေးစရာမလိုချေ။

 

လွန်ခဲ့သည့် အချိန်ပတောအတွင်း ယဉ်ကျေးစွာပြောတက်သူတစ်ဦးသည် ရုတ်တရက် ရန်လိုနေသည်မှာ အလွန်ကြောက်စရာကောင်းသည်။

 

အထူးသဖြင့် ချင်ကျောက်အား အသေအချာ မသိသော ချောင်ရအတွက်  အလွန် ထိတ်လန့်တုန်လှုပ်သွားစေပြီး ချင်ကျောက်အား အံ့ဩစွာ စိုက်ကြည့်လိုက်သည်။

 

"ဟင့်အင်း၊ ကျွန်မက အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး"

 

"ရှင်းယွဲ့လည်း မပြောခဲ့ဘူးလေ!"

 

ချောင်ရ၏မျက်နှာသည် ရှုပ်ထွေးမှုနှင့် စိတ်ပူပန်မှုသွင်ပြင်များ ဖြတ်ပြေးနေလျက်ရှိသည်။  သူ(မ)သည် အသံတိတ်သာတွေးနေမိသည်။- ဘယ်သူက သေချာပြောနိုင်မှာလဲ ?

 

"ရှင်... ရှင်ဘာလို့ သူ့ကို ကာကွယ်နေရတာလဲ၊ ရှင် ဇာတ် လမ်းတစ်ခုလုံးကိုတောင် မသိပဲနဲ့" ချောင်ရ အလွန်စိတ် တိုသွားသည်။

 

သို့သော် သူ(မ)၏စကားများသည် ခံစားများထင်ကျန်‌ နေသည်။

 

ချင်ကျောက်သည်- 'မင်း ထက်စာရင် ငါ သူ့ဘက်မှာရပ်တည်တယ်၊ အဲ့တော့ ဘာဖြစ်ချင်လဲ'

 

"ငါ လုပ်ချင်လို့လုပ်တာလေ၊ ဒီလူက..."

 

"ချင်ကျောက်!"

 

ချင်ကျောက်သည် ပြန်ချေပတော့မယ့်အချိန် ချူရှင်းယွဲ့၏ဖြတ်‌တောက်ခြင်းကို ခံလိုက်ရသည်။ သူ(မ)၏ လေသံ အနည်းငယ်ခက်ထန်နေသော်လည်း သူ့အား မစ္စတာချင်မှ ချင်ကျောက်အဖြစ်သို့ ပြောင်းခေါ်ခဲ့သည်။

 

ချင်ကျောက်သည် သူ့အရိုးများ အရည်ပျော်တော့မလိုပင် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲတွင် လျှပ်စစ်လှိုင်းများ ဖြတ်ပြေးသွားသလိုပင်။ ချူရှင်းယွဲ့က သူ့နာမည်ကို ထပ်ခေါ်တာကြားချင်သည်။ သူ(မ) သူ့ကိုနောက်ဆုံးခေါ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

 

ချင်ကျောက်သည် သူ(မ)ကို စိတ်အားထက်သန်စွာ ကြည့်ကာ "မင်း ကိုယ့်နာမည်ကိုခေါ်သရွေ့ ကိုယ်ဘာဖြစ်ဖြစ်နားထောင်မယ်၊ ကိုယ်က လိမ္မာတယ်။"

 

ထိုစကားများသည် အလယ်တွင်ထိုင်နေသော ကျီဖေးအားအေးခဲသွားစေကာ သူ(မ) ကျောရိုးတစ်လျှောက်   အေးစိမ့်မှုများဖြတ်ပြေးသွားသလို ခံစားလိုက်ရသဖြင့် လည်ပင်းအနည်းငယ် ကျုံ့မိသွားသည်။

 

ချူရှင်းယွဲ့သည် စိတ်ပျက်စွာသာ ညည်းညူမိသည် — ဘာပဲဖြစ်ဖြစ် အပြင်လူဖြစ်တဲ့ ချင်ကျောက်က သူ(မ)တို့ အဖွဲ့၀င်တစ်ယောက်ကို အော်နေတာကြားမကောင်းဘူးလေ။

 

"ချောင်ရ… ငါတို့အဖွဲ့က မကြာခင် နိုင်ငံရပ်ခြားကို သွားရတော့မယ်၊ နင်ကိစ္စတွေကို သေချာစဉ်းစားမယ်လို့ မျှော်လင့်ပါတယ်"

 

ချူရှင်းယွဲ့သည် သူ(မ)ကို အကြိမ်ပေါင်းများစွာ အကြံ ဉာဏ်ပေးခဲ့သဖြင့် ပင်ပန်းစပြုလာသည်။ အကယ်၍ ချောင်ရသည် အကြိမ်တိုင်း သနားစရာကောင်းစွာ ငိုယိုနေခြင်းကြောင့် မဟုတ်ပါက ချူရှင်းယွဲ့သည်  သူ(မ) ကိစ္စများအား ၀င်စွတ်ဖက်မည်မဟုတ်ချေ။

 

အခုတော့ သူ(မ)ကို ၀င်စွတ်ဖက်ခဲ့သည်မှာ လုံလောက်လေပြီ။

 

ချောင်ရသည် လျှင်မြန်စွာမျက်တောင် တဖျက်ဖျက်ခတ်လိုက်မိသည်။ ချူရှင်းယွဲ့သည် နိုင်ငံရပ်ခြားသို့သွားတော့ မည်ဖြစ်သော်လည်း  သူ(မ)သည် ချူရှင်းယွဲ့အပေါ် သံသယများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

 

"ထားလိုက်ပါတော့၊ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို မပြောချင်တော့ဘူး၊ အားလုံးကို စိတ်ညစ်စရာတွေဖြစ်ခဲ့ရင် တောင်းပန်ပါတယ်" ချောင်ရ  ခပ်တိတ်တိတ် ပြောလိုက်သည်။

 

ထိုအခါမှ လေထုသည် အနည်းငယ် သက်တောင့်သက်သာရှိလာသည်။ လူတိုင်းသည် အခြားအကြောင်း အရာများကို  ပြောဆိုကြပြီး ယခင်အကြောင်းအရာနှင့်  တဖြည်းဖြည်း ဝေးကွာသွားကြသည်။

 

ထိုအခါမှ ချောင်ရသည် "ဒါဆို မစ္စတာချင်က ဒီကို ရင်းနှီးမြုပ်နှံဖို့ လာတာလား၊ ရှင့်လို စတားတစ်ယောက်က ဘာလို့ ရင်းနှီးမြုပ်နှံဖို့ စိတ်ကူးရှိသွားတာလဲ?"

 

ချင်ကျောက်သည် ထိုမိန်းကလေးကို အလွန်မနှစ်မျို့သော်လည်း ချူရှင်းယွဲ့၏ မျက်နှာကိုထောက်ကာ စကားအနည်းငယ် ပြန်ပြောရန်ပြင်လိုက်သည်။

 

သို့သော် ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျီဖေးသည် ရုတ်တရက် ပြောလာသည်။ "အိုး၊ အဲ့ဒါ  သူက ချူရှင်းယွဲ့ရဲ့ စေ့စပ်သူဟောင်းမို့လို့လေ"

 

သူ(မ)၏ စကားကြောင့်သည် လူတိုင်းတိတ်ဆိတ်သွားခဲ့သည်။

 

အခြားလူများသည် ထိုစကားကိုရှောင်ပြောကြလိမ့်မည်။ သို့သော် ယခုအခါ ကျီဖေး၏ပြတ်သားမှုကြောင့် အံ့ဩသွားကြသည်။

 

ချူရှင်းယွဲ့သည်လည်း ကျီဖေးကိုကြည့်ကာ အံ့အားသင့်သွားသည်။

 

ချင်ကျောက်လည်း မျက်မှောင်ကြုတ်လိုက်သည်။

 

ပထမတစ်ချက်အနေနဲ့ သူသည် "စေ့စပ်သူဟောင်း" ဆိုသည့် စကားလုံးကို မကြိုက်ချေ။

 

ဒုတိယအနေနှင့် ထိုစကားများသည် ချူရှင်းယွဲ့ကို စိတ် ဆိုးစေနိုင်မည့်အရာဖြစ်တာတောင် ကျီဖေး ဘာလို့ထုတ်ပြောလာတာလဲ?

 

ကျီဖေး ဘာကြံနေလဲ သူမသိသော်လည်း တိတ်ဆိတ်စွာသာနေရန် ဆုံးဖြတ်လိုက်သည်။

 

ထိုစဉ် သူသည် ကျီဖေး၏ဝမ်းသာအားရအသံကို ကြား လိုက်ရသည် "နင် ဘာလို့ အံ့သြသွားတာလဲ? ချူရှင်းယွဲ့ရဲ့ စေ့စပ်သူဟောင်းက ချင်ကျောက်လေ၊ နင် အဲ့ဒါကို မသိဘူးလား "

 

ချင်ကျောက်သည် ကျီဖေးမှာ ချောင်ရအားပစ်မှတ်ထားနေကို သဘောပေါက်သွားသည်။

 

"စေ့စပ်သူဟောင်း ? ချူရှင်းယွဲ့ရဲ့?!" ချောင်ရ၏ ပါးစပ်သည် ထိတ်လန့်စွာ ပွင့်ဟသွားသည်။ သူ(မ) လုံးဝမသိခဲ့ချေ။

 

ချောင်ရ ချူရှင်းယွဲ့နှင့် မိတ်ဆွေများစဖြစ်ချိန် ချင်ကျောက်သည် ချူရှင်းယွဲ့နှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်သည်။ သူ(မ) သူငယ်ချင်းများသည်လည်း ထိုဆက်ဆံရေးကို လေးစားမှုမဲ့စွာ မပြောရန် တွေးထားခဲ့သောကြောင့် ချောင်ရ ယခုထိတိုင် မသိခဲ့ခြင်းပင်။

 

ယခုအချိန်တွင် ချောင်ရ၏အကြည့်များသည် ၎င်းတို့နှစ်ဦးကြားတွင် မယုံနိုင်လောက်အောင် ကူးခတ်‌နေသည်။  သူ(မ)သည် ကျီဖေးနှင့် ချင်ကျောက်တို့ကို  လက်ညှိုးထိုးလိုက်ပြီး "ရှင်တို့နှစ်ယောက်က တွဲနေတာမဟုတ်ဘူးလား?"

 

ချင်ကျောက် ချက်ချင်းပင် ဒေါသများထောင်းခနဲဖြစ်သွားသည်။

 

"ငါက ချူရှင်းယွဲ့ရဲ့ မရီး၊ သူ့ရဲ့အာ့စောင်လေ"

 

ချောင်ရ၏အမူအရာသည် ပိုရယ်စရာကောင်းလာသည်။ ဤသည်မှာ ကျော်ကြားသည့် စေ့စပ်သူဟောင်းတင်မကဘဲ သူ့မိသားစုဝင်များလည်း ချူရှင်းယွဲ့ကို တွေ့ရန်လာခဲ့ကြသည်။

 

သူ(မ)ကို နားချဖို့ ဒီကိုရောက်နေတာလား?

 

ချူရှင်းယွဲ့သည် စိတ်မသက်မသာနှင့် "ငါနဲ့ မဆိုင်ပါဘူး၊ သူက ဖြတ်သွားနေရင်းနဲ့ ငါတို့စကားပြောတာကို ကြားပြီး ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးချင်နေတာ"

 

ချင်ကျောက်သည် ချူရှင်းယွဲ့အား ဝမ်းနည်းပူဆွေးစွာဖြင့် ကြည့်ပြီး အခြားဘာမှ ရှင်းမပြရဲပေ။

 

သို့သော် ကျီဖေးသည် "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ချင်ကျောက်က ရှင်းယွဲ့ရဲ့နှလုံးသားကိုမဖမ်းဆုတ်နိုင်ခဲ့ဘူး၊  သူက စွန့်ပစ်ခံလိုက်ရတော့ အခု... ကြည့် သနားစရာကောင်းအောင် ပြန်ပိုးပန်းနေရပြီလေ"

 

အားလုံးသည် ကျီဖေးကို ထိတ်လန့်တကြားကြည့်မိပြန် သည်။ ထိုသည်မှာ အမှန်ဖြစ်သော်လည်း သူ(မ)သည် ထိုကိစ္စကိုတိုက်ရိုက်မပြောသင့်ချေ။

 

ချင်ကျောက်: အမ်း... အဲ့ဒါကို အရှက်ရစရာလို့ သူမထင်ပေမဲ့ သူ(မ)ဘာဖြစ်ချင်နေတာလဲ? ကြည့်ရတာ သူ(မ) တစ်ခုခုကို တမင်တကာ ပြောနေသလိုပဲ

 

 

ကျီဖေး၏တောက်ပသော အပြုံးဖြင့် ဆန့်ကျင်စွာ ချောင်ရ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ ကျီဖေးသည် ချောင်ရကို လျစ်လျူရှုကာ ချူရှင်းယွဲ့ကို လှည့်ကြည့်လိုက်ပြီး "အာ... ဒီလို အရမ်းလှတဲ့ သုတေသီလေးက အရမ်းလည်းတော်သေးတယ်၊  သူ(မ) နောက်ဆိုရင် ယောက်ျားဘယ်နှစ်ယောက်ရဲ့ နှလုံးသားတွေကို ဖမ်းစာားနိုင်မှာလဲလို့ ငါတွေးမိတယ်၊ သေချာတာကတော့ အဲ့လူက ချင်ကျောက်ထက် ပိုချောတဲ့သူ၊ ချင်ကျောက်ထက် ပိုချမ်းသာတဲ့ သူ၊ ချင်ကျောက်ထက် နောက်ခံတောင့်တင်းတဲ့သူပဲဖြစ်လိမ့်မယ်"

 

ထိုစကားများသည် ချင်ကျောက်၏ ရင်ထဲသို့ မြှားများစွာဖြင့် ပစ်ခံရသလိုပင်။

 

ဟေး ဟေး ဟေး ? မင်း ဘာတွေပြောနေတာလဲ ?

 

သုတေသီသုံးယောက်သည် မထိန်းနိုင်ပဲ ရယ်မောလိုက်ကြသည်။

 

"ရှင်းယွဲ့က တကယ့်ကို ထူးချွန်တဲ့သူလေ၊ သူ(မ)ကို လိုက်နေတဲ့ သူတွေအများကြီးကို လျစ်လျူရှုထားတာ"

 

ချင်ကျောက်သည် ပိုလို့ပင်တုန်လှုပ်သွားသည်။

 

ချူရှင်းယွဲ့သည် ကူကယ်ရာမဲ့ခြင်း နှင့် အံ့ဩခြင်းတို့ဖြင့် ကျီဖေးကို ကြည့်လိုက်သည်။

 

သို့သော် ကျီဖေးသည် ရှောင်ရ၏ နီတစ်လှည့် စိမ်းတစ်လှည့် မျက်နှာကိုကြည့်ကာ သူ့ကြည့်ရသည်မှာ တွင်းတူးပုန်းလိုက်ချင်ပုံပေါက်နေသည်။ "မင်းရည်းစားဟောင်းပြောတာက မှားနေတာဖြစ်လိမ့်မယ်။ ရှင်းယွဲ့က ငါ့ရဲ့ နိုင်ငံကျော်စတား မတ်လေးအတွက်တေင် ခံစားချက်မရှိတာ၊ မင်း‌ရည်းစားဟောင်းကို ကြိတ် Crush ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

 

ထိုစာကြောင်းလေးသည် ကျည်ဆန်တစ်ခုကဲ့သို့ လူတိုင်းကို ထိမှန်သွားသည်။ သူတို့အံ့အားသင့်သွားသည် ဘာကို ပြောတာမှားတာလဲ?

 

"ဟမ်?" သုတေသနအဖွဲ့သည်လည်း တက်ညီလက်ညီ မေးလိုက်သည်။

 

ဘယ်သူက ဘယ်သူ့ကို crushနေတယ်လို့ သံသယ၀င်တာလဲ?

 

ချောင်ရသည် ရှက်စိတ်ကြောင့် တဆတ်ဆတ်တုန်နေပြီး သူ(မ)၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။

 

ချူရှင်းယွဲ့သည် ချောင်ရအား မယုံနိုင်စွာကြည့်လိုက်သည်။

 

ချင်ကျောက်၏ မျက်နှာသည်လည်း လုံးဝမည်းမှောင်သွားသည်။

 

"မင်းရဲ့အမှိုက်လိုချစ်သူက ရှင်းယွဲ့နဲ့ တူညီတဲ့ ကမ္ဘာမှာ နေဖို့တောင် မထိုက်တန်ဘူး၊ ချူရှင်းယွဲ့က သူ့အတွက် ခံစားချက်ရှိတယ်ဆိုတာ စိတ်ကူးယဉ်တော်တော်ဆန်တာပဲ၊ မင်းမှာ ဝက်ခေါင်းရှိလို့ သူပြောသမျှကိုယုံပြီး ချူရှင်းယွဲ့ရဲ့စေသနာတွေကို သံသယဝင်နေတာမလား၊ အချစ်ဆိပ်သင့်နေတဲ့ မင်းရဲ့ခေါင်းကို ဇွန်ဘီတွေတောင်စားချင်မှာမဟုတ်ဘူး"