Chapter 18
Viewers 1k

Chapter 18


“မရိုင်းပါဘူး။”




မနေ့ညက တစ်ညလုံးမိုးရွာနေပေမယ့် အခုတော့ ကောင်းကင်ကကြည်လင်နေသည်။



အပြင်ဘက်တွင်ကျနေသော သစ်ရွက်များက ခြံဝင်းထဲကိုလွင့်ပျံလာကာ မြေပြင်ပေါ်တွင် အဝါရောင်သစ်ရွက်များနှင့်ပြည့်နေသော်လည်း လေထုက မိုးရွာသွန်းမှုကြောင့် လတ်ဆတ်နေခဲ့သည်။



ရှန်းယုဟန်က မနက်နိုးလာသောအခါ မှန်ကိုကြည့်ပြီး မနေ့ကဝယ်လာသော ပတ္တမြားနားကပ်ကိုတပ်လိုက်ပြီး ရှန်ချီဟွမ်းရွေးပေးခဲ့သော လက်ကောက်ကို ဘယ်လက်တွင် ဝတ်လိုက်သည်။



သူက ဒီနေ့အတန်းမတက်သဖြင့် ရှူးဖိနပ်ကိုဝတ်ကာ ခြံဝင်းထဲက ဖန်အိမ်ကိုသွားလိုက်သည်။ ထိုနေရာတွင် အမည်မသိပန်းမျိုးစုံကို စိုက်ပျိုးထားပြီး ဥယျာဥ်မှူးက တစ်ပတ်တစ်ခါလာကြည့်ပေးပြီး ရေလောင်းပေးသည်ဟု အန်တီက ပြောခဲ့သည်။



ယခုအခါ ရှန်းယုဟန်က ဒီမှာရှိနေတော့ ဖန်အိမ်ထဲက ပန်းတွေကို ဂရုစိုက်ဖို့လူတစ်ယောက်ရှိလာလေပြီ။ သူက ပိုနေသောအကိုင်းအခက်ကို ဖြတ်ပေးပြီး အလှဆင်ပေးလိုက်သည်။





လွန်ခဲ့သောရက်အနည်းငယ်က သူဖြတ်ပေးခဲ့သော တရုတ်နှင်းဆီပန်းများက အနည်းငယ်ခြောက်သွေ့နေ၍ ဒီနေ့တွင် အစားထိုးပေးကာ အတော်လှသော ပန်းအနည်းငယ်ကို ဖြတ်ထည့်ပေးလိုက်သည်။



ရှန်းယုဟန်က ခြံဝင်းထဲမှာ ​ဖြည်းဖြည်းချင်းအပင်ညှိနေပြီး သူက ပန်းပင်များကို ပြုစုရသည်ကိုနှစ်သက်ပြီး သူ့လက်ရာကကောင်းသည်။ ချီတိုင်းပြည်၏ဧကရီကတောင် သူ့လက်ရာကိုချီးကျူးဖူးပြီး သူ့အသက် ဆယ်ခုနှစ်နှစ်ပြည့်သွားသော နွေဦးတွင် ဧကရီက ရာနှင့်ချီသော ပန်းအလှဆင်ပြိုင်ပွဲတွင် ဒိုင်လူကြီးလုပ်ပေးရန် ဖိတ်ခေါ်ခဲ့သည်။ သူ့တွင် ကိုယ်ပိုင်အလှတရားရှိပြီး ချီတိုင်းပြည်၏ မြို့တော်ရှိ အမျိုးသမီးနှင့်ကောများက သူ့ဆီက ပန်းအလှဆင်နည်းကို သင်ယူလိုကြသည်။ ခေတ်သစ်ပန်းအလှဆင်နည်းလမ်းများက တိုးတက်နေကြတယ်လို့ တွေးခဲ့ပေမယ့် တကယ်တမ်း ခေတ်သစ်လူသားတွေမှာ အသုံးပြုလို့ရသော ပန်းမျိုးစုံရှိနေတာဖြစ်၏။ ပန်းအလှဆင်နည်းက ခေတ်သစ်နှင့် ခေတ်ဟောင်းနှစ်ခုလုံးတွင် ရှိကြပြီး အများကြီးမကွဲပြားပေ။

ရှန်ချီဟွမ်းက ပုံမှန်ထက် စောစောနိုးလာပြီး သူ့အချိန်ဇယားက ပုံမှန်ဖြစ်နေကာ ထပ်မအိပ်ချင်တော့သောကြောင့်ဖြစ်မည်။



ရေချိုးပြီးနောက် သူက ဒီနေ့ရာသီဥတုကိုစစ်ဆေးဖို့ လသာဆောင်ကိုသွားပြီးနောက် ဖန်အိမ်အပြင်ဘက်မှာရပ်နေပြီး အကိုင်းအခက်များကို ဖြတ်နေသော ရှန်းယုဟန်ကိုတွေ့လိုက်ရသည်။



ဒီနေ့တွင် သူက လိမ္မော်နှင့်အဖြူစပ် ရှေ့ဖုံးခါးစည်းအင်္ကျီကိုဝတ်ထားပြီး လက်ထဲတွင် အပင်အကိုင်းအခက်များကိုညှပ်ရန် ကပ်ကြေးကိုကိုင်ထားသည်။ သူ့အင်္ကျီလက်က လက်မောင်းထိတင်ထားပြီး လက်ကောက်ဝတ်က ရွှေရောင်လက်ပတ်ကြိုးက နေရောင်အောက်တွင် တောက်ပနေပြီး နားရွက်ပေါ်ရှိ ပတ္တမြားနားကပ်ကလည်း အတော်လေး ထင်ပေါ်နေသည်။





မနေ့က ထိုအရာတွေက ဘယ်လောက်ထိကြည့်ကောင်းကြောင်း သတိမထားမိခဲ့ပေ။ သို့သော် ဒီနေ့မှာ ရှန်းယုဟန်က ထိုပစ္စည်းတွေကို ဘာကြောင့်ဝယ်ခဲ့လဲ သူနားလည်သွားသည်။ အကြောင်းမှာ ထိုပစ္စည်းတွေကို ဝတ်ဆင်ခြင်းက လူတစ်ယောက်၏ စိတ်နေသဘောထားကို မြှင့်တင်ပေးရုံသာမက အရောင်အသွေးစုံလင်သွားစေ၏။



သူ့ကိုမြှူစွယ်ဖို့ အလှတရားကို အသုံးပြုနေတာပဲ။





ရှန်ချီဟွမ်းက စိတ်ကူးပျံ့လွင့်နေစဥ် ရှန်းယုဟန်က အော်သံထွက်ပေါ်လာသည်။ သူ့လက်က အပင်ကိုင်းပေါ်က ဆူးကိုထိမိသွားပြီး လက်အိတ်ကို ဘယ်လိုဝတ်ရမလဲမသိဖြစ်နေ၏။





ရှန်းယုဟန်က သူ့လက်ချောင်းပေါ်က သွေးစက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဆူးက နည်းနည်းနာနေသည်။



သူက လက်ကိုပါးစပ်ထဲထည့်ပြီး စုပ်လိုက်ချင်ပေမယ့် ရှန်ချီဟွမ်း၏အသံက အပေါ်ထပ်မှထွက်ပေါ်လာသည်။ “မညစ်ပတ်ဘူးလား?”





“ဘာလဲ?” ရှန်းယုဟန်က မျက်မှောင်ကြုတ်ထားပြီး ခေါင်းမော့ကာ ရှမ်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ နိုးပြီလား?”



“ပါးစပ်နဲ့မစုပ်နဲ့၊ ညစ်ပတ်တယ်။” ရှန်ချီဟွမ်းက အပေါ်ထပ်ကနေ သူ့ကိုတားလိုက်သည်။ “ဧည့်ခန်းထဲသွားပြီး ငါ့ကိုစောင့်နေ။”



ရှန်းယုဟန်က သူ့လက်ချောင်းပေါ်က သွေးစက်လေးများကိုကြည့်ကာ ခါထုတ်မယ့်အစား ပြန်တုံ့ပြန်လိုက်သည်။ “ဟုတ်ကဲ့”



ဒါက လက်ထပ်ပြီးနောက် ပထမဆုံးပိတ်ရက်ဖြစ်ပြီး သူ့ခင်ပွန်းက အချိန်ပိုအလုပ်မဆင်းခဲ့ပေ။ ရှန်းယုဟန်က ပန်းအခက်နှင့်ကတ်ကြေးကို အောက်ချလိုက်ပြီး အိမ်ထဲဝင်သွား၏။



ရှန်ချီဟွမ်းက ဆေးဘက်ဆိုင်ရာ ကိရိယာအစုံကိုထုတ်လိုက်သည်။ ဖိနပ်လဲထားသော ရှန်းယုဟန်က အထဲဝင်လာပြီး ရှန်ချီဟွမ်းက သူ့ကိုလက်ယမ်းပြလိုက်သည်။ “ဒီကိုလာခဲ့။”





ရှန်းယုဟန်က သူ့ဘေးမှာနာခံစွာထိုင်နေပြီး ဆူးဝင်နေသောလက်ညိုးကို ဆန့်ထုတ်လိုက်သည်။



သူ့ခင်ပွန်းက တစ်ခါတစ်လေ လျှာစောင်းထက်ပေမယ့် နှလုံးသားက အမှန်တကယ် နူးညံ့ကြောင်း တွေ့ရှိခဲ့ရသည်။



ရှန်ချီဟွမ်းက သူ့ဒဏ်ရာအသေးလေးကို ပိုးသတ်ပေးပြီးနောက် ရေစိုခံပလာစတာကို ဂရုတစိုက်ကပ်ပေးလိုက်သည်။ လုပ်ငန်းစဥ်က သပ်ရပ်မြန်ဆန်နေ၏။



ရှန်ချီဟွမ်းသည် ရှန်းယုဟန်၏လက်ချောင်းများက သွယ်လျပျော့ပျောင်းကာ အလုပ်ကြမ်းနှင့်မသင့်တော်ပဲ စန္ဒယားတီးဖို့သာ သင့်တော်သည်ဟုတွေးလိုက်သည်။



တခြားတစ်ဖက်တွင် ရှန်းယုဟန်က သူ့လက်ပေါ်က ပလာစတာကို ပထမဆုံးအကြိမ်ကြည့်လိုက်ရာ အလွန်ဆန်းကြယ်သောအရာတစ်ခုကို တွေ့လိုက်ရသလို ဒုတိယအကြိမ်ပြန်မကြည့်ပဲ မနေနိုင်ပေ။



တကယ်တော့ သူ့လက်ပေါ်က ဒဏ်ရာအသေးလေးက ရေဆေးလိုက်ရုံနဲ့ ပြန်ကောင်းသွားမှာ မဟုတ်ဘူးလား?





သို့သော် သူ့ခင်ပွန်း၏ဂရုစိုက်မှုကို ခံလိုက်ရသဖြင့် အပြုံးပါးလေးတစ်ခုက ရှန်းယုဟန်၏နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာသည်။



ရှန်ချီဟွမ်းက ဆေးသေတ္တာကိုဖယ်ရှားလိုက်ပြီး တောက်ပြောက်လွန်းသော ရှန်းယုဟန်၏အပြုံးကို မြင်လိုက်ရသည်။



“ဂရုစိုက်ပါ၊ ဆူးရှည်ကိုဆွဲထုတ်ရရင် လက်ပါဖြတ်ရနိုင်တယ်။ ဒဏ်ရာအသေးလေးက အချိန်မီ ပိုးမသတ်နိုင်ရင် ဖြတ်ရလုနီးပါဖြစ်သွားမယ်။”



ရှန်းယုဟန်က ရှန်ချီဟွမ်း၏စကားကြောင့် အနည်းငယ်စိုးရိမ်နေသည်။ အဲ့လောက်တောင်ပြင်းထန်တာလား?





သူ့ခင်ပွန်းက ချဲ့ကားပြောပြီး သူ့ကိုခြောက်ဖို့ ကြိုးစားနေတာမှမဟုတ်ပဲ။ 



သို့ပေသိ သူ့မျက်လုံးထဲတွင် စနောက်နေသော အရိပ်အယောင်လည်းမရှိတော့ အမှန်ဖြစ်နိုင်လောက်လား?



“အဲ့ဒါ..အဲ့ဒါက..အဲ့လောက်ဆိုးသွားနိုင်လား?”



“သတင်းတွေမှာပါတယ်လေ။ မင်းအတွက် လက်အိတ်ထူထူရှာပေးဖို့ အန်တီကိုပြောလိုက်မယ်။ မင်းလက်တွေက နဂိုတည်းက ရုပ်ဆိုးနေတာ၊ ဆူးနှစ်ကြိမ်ထိရင် ပိုရုပ်ဆိုးသွားလိမ့်မယ်။”



ရှန်းယုဟန်က ခေါင်းငုံ့ကာ လက်ကိုကြည့်လိုက်သည်။ အတော်လေးဖြူဖွေးပြီး သူ့အရင်လက်ထက် အနည်းငယ်ကြမ်းတမ်းပေမယ့် အခုတလော သေချာဂရုစိုက်နေသဖြင့် သူ့လက်ကြားက အသားမာများက ပျောက်ကွယ်သွားပြီး စီးကရက်အနံ့လည်းမရတော့ပေ။ ဝါနေသောနေရာကလည်း ပြန်ဖြူလာတာကို ဘယ်နေရာရုပ်ဆိုးလို့လဲ?



“ရုပ်မဆိုးပါဘူး။” ရှန်းယုဟန်က သူ့ခင်ပွန်းကို ငြင်းဆိုလိုက်သည်။ “ဒါပေမယ့် အနာဂတ်မှာ ပိုဂရုစိုက်ပါမယ်၊ ယောကျာ်းစိတ်ပူပေးတာကို ကျေးဇူးတင်ပါတယ်။”



“မင်းကို ဘယ်သူကစိတ်ပူလို့လဲ၊ မင်းကစိတ်ကြီးဝင်နေတာပဲ။” ရှန်းယုဟန်က သူ့လက်ပေါ်က ပလာစတာကိုကြည့်ကာ ပြိုင်မငြင်းတော့ပေ။





ရှန်းယုဟန်​က အန်တီ့ဆီက လက်အိတ်အဖြူတစ်စုံ တောင်းလိုက်သည်။ သူက ကျန်နေသေးသည့်ပန်းအခက်များကို ရှင်းထုတ်လိုက်သည်။



သူက မနက်စာစားပြီးနောက် ပန်းအိုးကို အထဲသယ်လာကာ ဧည့်ခန်းထဲတွင်ထားလိုက်သည်။



ရှန်ချီဟွမ်းက ဆိုဖာပေါ်မှာထိုင်နေပြီး တီဗီဖွင့်နေသည်။



ရှန်းယုဟန်က သူ့ကိုပေါ့ပေါ့ပါးပါးမေးလိုက်သည်။ “ယောကျာ်း..ဒါကြည့်ကောင်းလား?”



ရှန်ချီဟွမ်းက တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “မဆိုးပါဘူး။” တကယ်တော့ သူက ပန်းအလှဆင်ရာတွင် တော်လွန်းသည်။ ကြည့်ရတာ ဒီရက်တွေမှာ အိမ်၏နေရာတိုင်းမှာတွေ့ရသော ပန်းတွေက သူ့လက်နဲ့လုပ်ထားပုံရပြီး အရည်အချင်းရှိလွန်းသည်။



ထိုအချိန်တွင် မနက်ခင်းသတင်းချန်နယ်တွင် စိတ်ဝင်စားစရာကောင်းသော သတင်းတစ်ပုဒ်ထွက်ပေါ်လာသည်။



“မနေ့က မနက်တစ်နာရီမှာ လူချမ်းသာမိသားစုရဲ့ ဒုတိယမျိုးဆက်နှစ်ယောက်က ကလပ်ထဲက လူချောလေးတစ်ယောက်ကို ရိုက်နှက်ခဲ့ပြီး ရဲတွေရောက်လာခဲ့ပါတယ်။ လူချမ်းသာမိသားစုရဲ့ ဒုတိယမျိုးဆက်နှစ်ယောက်က အငြင်းပွားနေစဥ် လူချောလေးရဲ့ အလုပ်သဘောသဘာဝကို ထုတ်ဖော်မိခဲ့ပြီး ဖြစ်စဥ်တစ်ခုလုံးကို ရဲတွေက မှတ်တမ်းယူထားပါတယ်။ လက်ရှိမှာ ကလပ်ဟောက်စ်က ပြည့်တန်ဆာရုံထောင်ထားတယ်လို့ သံသယရှိ၍ ချိတ်ပိတ်ခံထားရပါတယ်။”



ဤသတင်းမှာ ရှန်ချီဟွမ်းကို ဆွဲဆောင်သွားသည်မှာ လူချောလေးမဟုတ်ပဲ သတင်းထဲမှာပေါ်လာသော လူချမ်းသာမိသားစုက ဒုတိယမျိုးဆက်နှစ်ယောက်ဖြစ်သည်။



သူက ရှန်းယုဟန်ကိုကြည့်လိုက်သည်။ ကံကောင်းစွာပင် မနေ့က သူဘယ်မှမသွားခဲ့ပေ၊ မဟုတ်ရင် ဒီနေ့သတင်းမှာပါလာနိုင်၏။



တခြားတစ်ဖက်တွင် ရှန်းယုဟန်က “ပြည့်တန်ဆာ”ဆိုသော စကားလုံးကို အာရုံစိုက်နေသည်။ ချီတိုင်းပြည်မှာ ဒီလိုနယ်ပယ်ကို မပိတ်ပင်ထားပဲ ပြစ်ဒဏ်ကလည်း ပြင်းထန်မှုမရှိသည့်အပြင် သာယာပျော်ရွှင်ရေး ရပ်ကွက်များနှင့် ပြည့်တန်ဆာအခန်းငယ်များကို ဖွင့်လှစ်ထားသည်။ ကြည့်ရတာ ပြည့်တန်ဆာက ခေတ်သစ်မှာ ခွင့်ပြုထားခြင်းမရှိပုံပင်။



သူက သတင်းထဲက လူချောလေးကို တစ်ချက်ကြည့်လိုက်သည်။ သူက တကယ်ကိုကြည့်ကောင်းပြီး ချီတိုင်းပြည်တွင် နံပါတ်တစ်အမှုထမ်းဖြစ်နိုင်လောက်သည်။

(ပြည့်တန်ဆာအမှုထမ်းကိုပြောတာပါ။)



ရှန်ချီဟွမ်းက သူတို့သူငယ်ချင်းဂရုကိုကြည့်ကာ စကားပြောမှတ်တမ်းများက မနေ့ညဆယ်နာရီတွင် ရက်နေပြီး ယခုချိန်ထိ တိတ်ဆိတ်နေသည်။





သူက လျှိုထန်ကိုဖုန်းမခေါ်ခင် ရှန်းယုဟန်နှင့် မနက်စာစားလိုက်သည်။



လျှိုထန်က အိပ်မောကျနေသဖြင့် ဖုန်းကိုင်လိုက်စဥ် ကျိန်ဆဲမိမလိုဖြစ်သွားသည်။

“ဒီလောက်အစောကြီးဘာလို့ဖုန်းခေါ်တာလဲ၊ မင်းမအိပ်ဘူးလား?”

“မင်းမနေ့ကသွားခဲ့တဲ့ကလပ်ဟောက်စ်မှာ တစ်ခုခုဖြစ်ခဲ့သေးလား?”



“ပြောမနေနဲ့တော့၊ အဲ့ဒီထိပ်တန်းကျောင်းသားအတွက် အရူးနှစ်ယောက်က ရန်ဖြစ်ကြတာ။ မအေဘေးတစ်ကောင်က ရဲကိုခေါ်လိုက်တော့ အဲ့ဒီထိပ်တန်းကျောင်းသားရဲ့ အလုပ်ကို ထုတ်ဖော်မိသလိုဖြစ်သွားတယ်။ ရဲစခန်းရဲ့အရာရှိအသစ်က သုံးကြိမ်တိတိ စခန်းကိုခေါ်သွားပြီး ကလပ်ဟောက်စ်ကို တိုက်ရိုက်ချိတ်ပိတ်လိုက်တယ်။ ငါတို့အားလုံးကို တစ်ညလုံးစစ်ဆေးပြီး မနက်လေးနာရီမှ ရဲစခန်းကနေ ပြန်ထွက်လာရတယ်။ မင်းက ဘယ်လိုသိတာလဲ?”

“မင်းတို့ သတင်းထဲရောက်နေပြီ။”

“သေစမ်း! ငါမျက်နှာမပြခဲ့ဘူးလေ၊ ငါ့မျက်နှာပါနေတာလား၊ ငါ့အဖေသိရင် သေအောင်ရိုက်တော့မှာပဲ!”

“သူမင်းကိုမရိုက်ပါဘူး။ မင်းမျက်နှာမပါဘူး။ ဒါပေမယ့် ရန်ဖြစ်နေတဲ့ မျက်နှာနှစ်ခုကတော့ ရှင်းရှင်းလင်းလင်းပါလာတယ်။ သူတို့ကိုတွေ့တော့ မင်းမနေ့ညက အဲ့မှာရှိမှန်းသတိရသွားတာ။”



“မင်းမသွားခဲ့တာကောင်းသွားတယ်။ ပြဿနာက ငါမင်းကိုမနေ့ကပြောခဲ့တဲ့ ထိပ်တန်းကျောင်းသားပဲ။”



“အို၊ သူလည်းသတင်းမှာပါလာတယ်။ သူ့ရုပ်ကသာမန်ပါပဲ။” သူက ရှန်းယုဟန်၏တစ်ဝက်တောင် ကြည့်မကောင်းပေ။ မက်မွန်ပွင့်မျက်လုံးတွေက ဆွဲဆောင်မှုရှိပုံရပေမယ့် ရှန်းယုဟန်၏ အနီရောင်ဖီးနစ်မျက်လုံးများက ဆွဲဆောင်မှုပိုရှိသည်။



“ကျစ်၊ မင်းက တကယ့်ကိုစံသတ်မှတ်ချက်မြင့်တာပဲ၊ ဒီလိုသာမဖြစ်ခဲ့ရင် ဒီထိပ်တန်းကျောင်းသားက မကြာခင်မှာ တစ်ယောက်ယောက် ချုပ်နှောင်တာကိုခံရမှာပဲ။ သူ့ကိုထိရဲသူတိုင်း အရှုပ်တွေဖြစ်ကုန်မှာ။”



“မင်းတို့ကောင်တွေ စိတ်လျှော့ကြစမ်းပါ။ အဲ့ဒီကလပ်ကိုသွားပြီး သူတို့ညွှန်းတဲ့လူတွေနဲ့ သွားမရှုပ်ဖို့ ငါအရင်ကလည်းက သတိပေးခဲ့တာပဲ။”



“မင်းက တကယ့်ကိုညီအစ်ကိုကောင်းပဲ! စကားမစပ် မင်းရဲ့သူငယ်ချင်းလေးနဲ့ အဆင်ပြေရဲ့လား?”

“ဘာသူငယ်ချင်းလေးလဲ?”



“မင်းချော့ဖူးတဲ့တစ်ယောက်လေ၊ သူနဲ့ ပိတ်ရက်ကို အချိန်မကုန်ဆုံးခဲ့ဘူးလား?”



“ငါအိမ်မှာပဲရှိတာ..ဘာလို့အပြင်ထွက်ပျော်ရမှာလဲ?”



“မင်းဘက်ကအတည်ဆိုရင် သူ့ကိုအစားအသောက်ဖိတ်ကျွေးပြီး ရုပ်ရှင်တူတူကြည့်ပေးလိုက်၊ လူငယ်လေးတွေက အဲ့လိုအပြုအမူကိုသဘောကျတယ်။ အဆင်ပြေရင်တော့ အိပ်ရာပေါ်ဆွဲတင်လိုက်။” ရှန်ချီဟွမ်းက မငြင်းဆန်ခဲ့ပေ။ ထိုသည်မှာ သဘောတူလက်ခံသလို ဖြစ်နေတာကြောင့် လျှိုထန်က ရယ်မောကာ ပြောလိုက်သည်။ “ကြည့်ရတာ သူငယ်ချင်းလေးရှိနေပုံပဲ။”



“ပြန်အိပ်တော့၊ အပိုစကားတွေပြောနေတာပဲ။”



သူငယ်ချင်းလေးတော့မရှိဘူး။ တစ်နေကုန် မြှူစွယ်ဖို့တွေးနေတဲ့ ပရော်ပရည်လုပ်နိုင်လွန်းတဲ့ မြေခွေလေးပဲရှိတယ်။



နေ့လည်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အပြင်ခေါ်ထုတ်ရမလား မတွေးနိုင်ခင် ရှန်းယုဟန်က ကိုယ်တိုင်သူ့ဆီရောက်လာခဲ့သည်။



“ယောကျာ်း၊ တံဆိပ်တုံးဘယ်မှာရှိလဲသိလား?”



“မသိဘူး။” ရှန်ချီဟွမ်းက အေးစက်စက် ပြန်ဖြေလိုက်သည်။



“အို” ရှန်းယုဟန်က စိတ်ပျက်သွားကာ လှည့်ထွက်သွားမလို လုပ်နေသည်။



ရှန်ချီဟွမ်းက သူ့လေသံကို ပိုနူးညံ့လာအောင် ချက်ချင်းညှိယူလိုက်သည်။ “ဘာအတွက် တံဆိပ်တုံးရှာနေတာလဲ? အရင်နေ့က လမ်းဟောင်းပေါ်က ခေတ်စားတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။ တချို့ပစ္စည်းတွေက လက်နဲ့တံဆိပ်ထွင်းလို့ရတယ်။”



“လက်ရေးလှနဲ့ပန်းချီကို တံဆိပ်ထုချင်လို့” ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဖုံးကွယ်ထားစရာမရှိပေ။ “ခင်ဗျားပြောတော့မသိဘူးဆို။”





“အခုလေးတင်သတိရတာ၊ ငါအပြင်ထွက်ရင်ခေါ်သွားပေးမယ်။”



“ဒါဆိုအဝတ်အစားသွားလဲလိုက်ဦးမယ်။ ကျွန်တော့်ကိုစောင့်နေပါ။” ရှန်းယုဟန်က တွေးမိသွားသည်။ သူ့ခင်ပွန်းက ဘာလို့ အပြောတခြား၊ အလုပ်တခြားဖြစ်နေတာလဲပေါ့





“အွန်း”



တကယ်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန် ဘာဝတ်ဝတ်တူတူပဲလို့ တွေးနေသည်။

ထိုသည်မှာ ရှန်းယုဟန်အဝတ်အစားအသစ်များကို မဝတ်ခင်အထိဖြစ်၏။ သူက လွန်ခဲ့တဲ့မိနစ်အနည်းငယ်က တွေးထားတာကိုမေ့သွားခဲ့သည်။



မနေ့က ရှန်းယုဟန်က ဆွယ်တာအင်္ကျီကိုဝတ်ထားပြီး ကျောင်းသားလေးနှင့်တူနေသည်။ ရှန်းယုဟန်ရဲ့ဒီနေ့ပုံစံကို သူဘယ်လိုမြင်လဲ? သူက ရင်ဘတ်ပေါ်တွင် နာရီပုံစံ ရိုးရှင်းသော ဆွဲသားအင်္ကျီကိုဝတ်ထားပြီး ကိုယ်ကျပ်သိုးမွှေးကုတ်ကို ထပ်ဝတ်ထားသည်။ သူက အနည်းငယ်ပိုရင့်ကျက်ပုံပေါ်ကာ နားကပ်နှင့်လက်ကောက်ကြိုးကြောင့် အရောင်အသွေးစုံလင်နေ၏။



ထိုစဥ် ရှန်းယုဟန်က သူ့ခင်ပွန်း၏ကားနှင့် နောက်တစ်ကြိမ် အပြင်ထွက်ရမည်ကိုတွေးနေသည်။



ရှန်ချီဟွမ်းက ဒီနေ့မှာ ငွေဖြူရောင်ပြိုင်ကားတစ်စီးကို ပြောင်းခဲ့ပြီး အသံက ထူးခြားနေသည်။



ကားက မတူသလို ရှန်ချီဟွမ်း၏ အဝတ်အစားကလည်း ကွဲပြားနေသည်။ ပုံမှန်ဆိုရင် သူက suit နဲ့ သားရေဖိနပ်ကိုသာ ဝတ်လေ့ရှိသော်လည်း ဒီနေ့မှာ ပုံမှန်ထက်ပေါ့ပါးသော စတိုင်ဖြစ်သည့် အနက်ရောင်ဗီရှိတ်ဆွယ်တာနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူက အထူးသဖြင့် ရှန်းယုဟန်နှင့် ကာလာတူကုတ်ကို ဝတ်ဆင်ထားပြီး သူတို့ဝတ်စုံတွေက လိုက်ဖက်ညီနေသည်။



သို့သော်လည်း ရှန်းယုဟန်၏ ရှူးဖိနပ်ကတော့ အဝတ်အစားနဲ့လိုက်ဖက်မညီစွာ စနီကာကို ဝတ်ထားသည်။

ရှန်ချီဟွမ်းက သတိထားမိကာ မေးလိုက်သည်။ “မင်းမှာ အဲ့တစ်စုံပဲရှိတာလား?”



“အပြင်သွားရင်ဝတ်လို့ရတာ ဒီတစ်စုံပဲရှိတယ်။” ရှန်းယုဟန်က ခေါင်းငုံ့ကာ သက်တောင့်သက်သာရှိသော ဖိနပ်ကိုကြည့်လိုက်သည်။ 



“ဒီနေ့လည်မှာ မင်းကိုလိုက်ဝယ်ပေးမယ်၊ မင်းမှာ ဘာလို့ ဘာမှမရှိရတာလဲ?”



“အဲ့ဒါခန်းဝင်ပစ္စည်းမရှိလို့ မဟုတ်ဘူးလား” ရှန်းယုဟန်က တီးတိုးရေရွတ်လိုက်သည်။



“ကောင်းပြီ၊ငါမင်းအတွက်ဝယ်ပေးမယ်။” ရှန်ချီဟွမ်းက ခန်းဝင်ပစ္စည်းဆိုတာကိုကြားတော့ ရှန်းယုဟန်က သူ့ကိုနောက်နေတာဟု ထင်​နေသည်။



“ခင်ဗျားမှာ တခြားလုပ်စရာမရှိဘူးလား?” သူက လိုက်ဖက်တဲ့ခေတ်မီအဝတ်အစားကို သိပ်မသိပေမယ့် သူ့ခင်ပွန်းကိုနားထောင်လိုက်တာက အကြံကောင်းပင်။



“အစီအစဥ်ကိုဖျက်လိုက်ပြီ။” ရှန်ချီဟွမ်းက အမူအရာမပြောင်းပဲ လိမ်လိုက်ပေမယ့် ထိုသည်မှာ ရှန်းယုဟန်ကို စောင့်ကြည့်ချင်လို့ဖြစ်၏။ သူဘယ်အချိန်ထွက်​ပေးမလဲ မသိသဖြင့် သူ့ကိုစောင့်ကြည့်နေမှရမည်။



သူတို့နှစ်ယောက်ကားထဲရောက်တာနဲ့ ရှန်ချီဟွမ်းက ရှန်အိမ်တော်၏ အိမ်တော်ထိန်းဆီက ဖုန်းကောလ်တစ်ခုရရှိခဲ့သည်။ သူက ဒီနေ့ဘလူးတူနားကြပ်ယူလာသဖြင့် ဘယ်အချိန်မဆိုစကား​ပြောနိုင်သည်။



“ချီဟွမ်းလေး.. ဒီနေ့ ငါတို့ညစာအတူအစားရမယ့်နေ့လေ၊ ဒီနေ့ည ပြန်လာမှာမလား?”



သူဒီနေ့ ရှန်ထျန်းဖုန်း၏ နေရာတွင် ဒင်နာရှိသည်ကို မေ့လုနီးပါးပင်။



“မှတ်မိပြီ၊ညနေပြန်လာခဲ့မယ်။”



“သခင်ကြီးက ပြောတယ်။ မင်းနဲ့အတူ သခင်လေးရှန်းကိုပါ ခေါ်ခဲ့ပါတဲ့။”

“နားလည်ပြီ။”



ရှန်ချီဟွမ်း၏အပြင်ထွက်ချင်စိတ်က တစ်ဝက်ပျောက်ကွယ်သွားပြီး သူက ဘေးကရှန်းယုဟန်အား ပြောလိုက်သည်။ “ဒီနေ့ည ငါ့အဖေရဲ့နေရာမှာ ညစာသွားစားကြစို့။”



“ဒီည ကျွန်တော့်ယောက္ခထီးကို သွားတွေ့မှာလား?”



ရှန်ချီဟွမ်း၏မျက်နှာက အနည်းငယ်မဲမှောင်သွား၏။ “မင်းယောက္ခထီးကို တွေ့ရုံတင်မကဘူး။ မင်းယောက်ဖ ချီယွင်ကိုလည်း တွေ့လို့ရတယ်။”



“ယောကျာ်းကြည့်ရတာ သဝန်တိုနေသလိုပဲ။”

“…”







ရှန်းယုဟန်က သူ့ခင်ပွန်း၏ဆူပုတ်နေသောမျက်နှာကို တွေ့လိုက်ရပြီး သူ့အတွက် အခွင့်အရေးကို ရှာတွေ့သွားသည်။ ထိုအကြောင်းတွေးပြီးနောက် သူ့မှာ နောက်ထပ်ညီငယ်လေးတစ်ယောက် ရှိပုံရသဖြင့်.. “တခြားယောက်ဖတွေရောမရှိဘူးလား”



မင်းက တခြားယောက်ဖတွေအကြောင်း တွေးနိုင်သေးတယ်လား?



ရှန်ချီဟွမ်း၏မျက်နှာက ပို၍မှောင်မိုက်သွားသည်။



ရှန်ချီဟွမ်းက ရှန်းယုဟန် တံဆိပ်တုံးထုဖို့ ကျောက်စိမ်းတုံးတစ်ခုရွေးချယ်နိုင်ရန် လမ်းဟောင်းကိုခေါ်သွားခဲ့ပြီး ဖိနပ်တချို့ရွေးချယ်နိုင်ရန် ကုန်တိုက်ကိုခေါ်သွားခဲ့သည်။ ရှန်းယုဟန်က ဒီတစ်ကြိမ်မှာ ခြေအိတ်ဝတ်ထားပြီး ဆိုင်ဝန်ထမ်းအားလုံးက အမျိုးသမီးများဖြစ်သည်။ တခြားဝယ်သူလည်းမရှိတာကြောင့် သူက ဖိနပ်စမ်းဝတ်ကြည့်ရာမှာ သိပ်စိတ်မပူတော့ပေ။



ဒီနေ့နောက်ထပ် အထုပ်ကြီးတစ်ခုရခဲ့ပြန်သည်။



အိမ်ဟောင်းက ဒင်နာစားချိန်နီးကပ်လာ၍ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ခေါ်ကာ ထွက်သွားခဲ့သည်။



တိုက်ဆိုင်စွာပင် ကားပါကင်ထိုးလိုက်သည်နှင့် ကားထဲကထွက်လာသော ရှန်ချီယွင်နှင့် တိုက်မိသွားသည်။



ရှန်ချီယွင်က အများကြီးပြောင်းလဲသွားသော ရှန်းယုဟန်ကိုတွေ့လိုက်ရတော့ အနည်းငယ်စိတ်လှုပ်ရှားနေသည်။



“အစ်ကိုဟွမ်း၊ ယုဟန်။”



ရှန်ချီဟွမ်းက ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြကာ ရှန်းယုဟန်၏လက်ကို ကိုင်ထားလိုက်သည်။ “အထဲဝင်ရအောင်။”



ရှန်းယုဟန်က သူ့ဘေးကိုကပ်သွားပြီး တီးတိုးပြောလိုက်သည်။ “ယောကျာ်း၊ အပြင်မှာလက်ကိုင်ထားတာကို လူတွေမြင်သွားရင် ရိုင်းသလိုမဖြစ်ဘူးလား?”



ရှန်ချီဟွမ်းက အမူအရာမဲ့စွာ သူ့ကိုကြည့်လိုက်သည်။ “မရိုင်းဘူး။”

ရှန်းယုဟန်က သူ့ခင်ပွန်း၏ နွေးထွေးသောလက်ကို ပျော်ရွှင်စွာခါယမ်းလိုက်သည်။ 



ရှန်ချီယွင်သာ သူတို့နောက်မှာရှိမနေရင် ရှန်ချီဟွမ်းသည် ရှန်းယုဟန်က သူ့ကိုလူမြင်ကွင်းမှာ မြှူစွယ်နေတယ်လို့ တွေးမိမှာဖြစ်၏။



နောက်နှစ်လှမ်းမှာကျန်နေခဲ့သော ရှန်ချီယွင်က သူတို့စကားကို တစ်ခွန်းမကျန်နားထောင်နေပြီး ရင်ထဲမှာ ချဥ်စူးသွားသည်။



ရှန်းယုဟန်က ရှန်ချီဟွမ်းကို ယောကျာ်းလို့ခေါ်လိုက်တယ်!

ဘာလို့အဲ့လိုဖြစ်သွားတာလဲ?



သူသာ အဲ့ဒီအချိန်တုန်းက ရှန်းယုဟန်ကိုလက်ခံခဲ့ရင် အခုချိန် ယောကျာ်းလို့ အခေါ်ခံရမှာက သူဖြစ်နေမလား?