Chapter 17
Viewers 956

Chapter 17


“ယောကျာ်း….အဲ့သန်ကောင်ရှည်ကိုဖယ်ပေး။”



ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘေးတိုက်တစ်ချက်ကြည့်ပြီးနောက် ရှန်းယုဟန်က ပြတင်းပေါက်အပြင်ကို ကြည့်နေသည်ကို ေတွ့လိုက်ရစဥ် သူဘာတွေးနေလဲ မစဥ်းစားတတ်တော့ပေ။


သို့သော် သူပြောနိုင်သောတစ်ခုတည်းသောအရာက ခုနက ဖုန်းကောလ်ကြောင့် မသက်မသာဖြစ်နေရမှာကို အခုသူက ထပ်ပြီး သရုပ်ဆောင်နေပုံရသည်။


မီးနီကိုစောင့်နေစဥ် ရှန်ချီဟွမ်းက သူ့ကို ခေါ်လိုက်သေးသည်။ “ရှန်းယုဟန်။”

ရှန်းယုဟန်က တုံ့ပြန်လိုက်သည်။ “အွန်း” သူက ရှန်ချီဟွမ်းကိုပြန်မကြည့်ပဲ သူ့အသံမှာ ရှုပ်ထွေးနေပြီး ခုနက ချိုမြိန်သောသူ့ရုပ်နဲ့ယှဥ်လျှင် ယခုသူက ငိုတော့မည့်ပုံပေါက်သည်။

အပြင်မှာလေစိမ်းတိုက်ခတ်နေပြီး အနီရောင်ပလက်စတစ်အိတ်က ကောင်းကင်တွင် ပျံသန်းနေကာ သူ့အကြည့်ကလည်း ထိုလွင့်မျောနေသောအိတ်အနောက်ကို လိုက်ပါသွားသည်။


မီးစိမ်းပြတော့ သူတို့အိမ်ရောက်ခါနီးဖြစ်၍ ရှန်ချီဟွမ်းက စကားပြောတာကိုရပ်လိုက်ပြီး သူက ရှန်းယုဟန်နှင့် စကားကောင်းကောင်းပြောဖို့ လိုအပ်ကြောင်းတွေးလိုက်သည်။


မင်္ဂလာပွဲပြီးနောက် သူတို့က အနာဂတ်အတွက် သေချာမဆွေးနွေးဖြစ်ပဲ ထိုသူက ယခုလိုသရုပ်ဆောင်နေသည်။ သူက စိတ်အခြေအနေမကောင်းဘူး၊ ရှန်းယုဟန်ကရော အဲ့လိုမခံစားရဘူးလား?


သူတို့အိမ်ထောင်ရေးက ကြာရှည်ခံမှာမဟုတ်ပေ။ ယင်းမှာ အဘိုးကြီးအတွက် ပြဇာတ်တစ်ခုသာဖြစ်ပြီး လေးလေးနက်နက် သရုပ်ဆောင်ဖို့မလိုပေ။


အိမ်ပြန်ရောက်ပြီး ရှန်းယုဟန်က အထုပ်ကို စက်ရုပ်တစ်ရုပ်လို အိမ်ထဲသယ်လာပြီး ခုနကလို စျေးဝယ်ထွက်ရလို့ မပျော်တော့ပေ။ သူ့တစ်ကိုယ်လုံးမှာ လေဖိအားနည်းနေပြီး သူ့ခေါင်းအထက်မှာ နက်မှောင်သော တိမ်များရှိနေသည်။

သူ့အခန်းကိုပြန်ပြီးနောက် သူက ထုပ်ပိုးထားသောအဝတ်အစားများကို အဝတ်လျှော်အန်တီကို ပေးလိုက်သည်။


ထို့နောက် သူက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ စိတ်လွတ်ကိုယ်လွတ်ထိုင်ချကာ သူ့အ​ကြိုက်ဆုံးတီဗီချန်နယ်ကို ဖွင့်လိုက်ပေမယ့် သူ့အာရုံကိုမဆွဲဆောင်နိုင်ခဲ့ပေ။ တီဗီမျက်နှာပြင်က အစနေရာမှာသာရှိနေပြီး ဘာအသံမှထွက်မလာပေ။


ရှန်ချီဟွမ်းက လက်ဆေးပြီး ဆိုဖာပေါ်မှာထိုင်ကာ တီဗီကို ငေးမောနေသော ရှန်းယုဟန်ကို တွေ့လိုက်ရ၏။


အခုဖြစ်သွားတာအတွက် စိတ်ဆိုးနေတုန်းလား? သူတကယ်စိတ်ဆိုးနေတာလား၊ စိတ်ဆိုးချင်ယောင်ဆောင်နေတာလား?


တကယ်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန် သရုပ်ဆောင်နေသလား ခံစားချက်အစစ်ကိုပြနေသလား မ​ပြောနိုင်ပေ။


အချိန်တိုင်းမှာ သူ့အကြည့်နှင့် အမူအရာက ထိရောက်လွန်းလို့ သူက ယုံမိလုနီးပါးပင်။


ရှန်ချီဟွမ်းက တစ်ယောက်ထိုင်ဆိုဖာမှာ ထိုင်ချင်ပေမယ့် သူ့​ခြေထောက်က ရှန်းယုဟန်ဘေးက နေရာကိုရောက်သွားသည်။ “ဒီမှာဘာလုပ်နေတာလဲ? ဒယ်အိုးဝယ်ချင်လို့လား?”


တီဗီဖန်သားပြင်၏ ပထမဆုံးစာမျက်နှာပေါ်က လေးထောင့်ကွက်လေးက ဒယ်အိုးအတွက် ရှော့ပင်းချန်နယ်ကို ဖွင့်နေသည်။


ရှန်းယုဟန်က ခေါင်းမော့ကာ ရှန်ချီဟွမ်း ကုတ်မဝတ်ထားတာကိုတွေ့တော့ သူ့မျက်လုံးများက တောက်ပလာသည်။ “ခင်ဗျားအပြင်မသွားဘူးလား?”

“ငါအပြင်မသွားဘူး။ အပြင်မှာလေပြင်းတိုက်နေတယ်။ မကြာခင်မိုးရွာတော့မှာ။” ရှန်ချီဟွမ်းက အန်တီကို ပြတင်းပေါက်ပိတ်ခိုင်းလိုက်သည်။


“ဒါဆိုမိုးမရွာရင်သွားမှာလား?” ရှန်းယုဟန်က ထိတ်တန်းကျောင်းသားအကြောင်းတွေးပူပြီး မှုန်ကုပ်ကုပ်ပြောလိုက်သည်။


ရှန်ချီဟွမ်းက သူဘာပြောချင်လဲသိသည်၊ ကြည့်ရတာ သူက ဖုန်းထဲက ကိစ္စနဲ့ပတ်သတ်ပြီး စိတ်ပူနေဆဲဖြစ်ပုံပင်။


“ဘာပြောချင်တာလဲ?”


ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ ပြောလိုက်သည်။ “ခင်ဗျား ထိပ်တန်းကျောင်းသားကို သွားတွေ့မှာလား?”


ရှန်ချီဟွမ်းက ပြင်းထန်သောစကားလုံးအချို့ကို ပြောချင်နေသည်။ ငါထိပ်တန်းကျောင်းသားနဲ့ သွားတွေ့တာဘာမှားလို့လဲ? မင်းအရမ်းစွက်ဖက်လွန်းတယ်မထင်ဘူးလား? ငါတို့က ကိုယ့်ဘဝကိုယ်ရှင်သန်ရမှာ၊ မင်းက ငါ့အတွက်ဘာမှမဟုတ်ဘူးလေ။


သို့သော် သူက သူ့ကိုကြည့်နေသော ရှန်းယုဟန်၏ ရှင်းလင်းပြတ်သား သနားစရာကောင်းသော မျက်လုံးများကို တွေ့သောအခါ သူ့စကားလုံးများက ပြောင်းလဲသွားသည်။ “ငါသူ့ကိုမသိဘူး၊ ပြီးတော့ သွားလည်းမတွေ့ဘူး။”



ထားလိုက်တော့၊ ရှန်းယုဟန်က သရုပ်ဆောင်ချင်ရင်လည်း လိုက်လျောညီထွေဖြစ်ပုံရတဲ့ အကြင်လင်မယားပြဇာတ်ကို ခဏလောက်ကကြတာပေါ့၊ မိုးရွာတဲ့ရက်မှာ ပျင်းရိနေတာက ပျင်းဖို့ကောင်းသည်။


ရှန်းယုဟန်၏ သနားစရာကောင်းသော မျက်လုံးများက ချက်ချင်းတောက်ပသွား​သည်။ “တကယ်?”


“တကယ်” ရှန်ချီဟွမ်းက တွေးနေသည်။ သူ့စိတ်သဘောထားနဲ့ သရုပ်ဆောင်စွမ်းရည်က တဖြည်းဖြည်းတိုးတက်လာတာပဲ။


သူ့ခင်ပွန်း၏ခိုင်မာသောအဖြေကိုရရှိပြီးနောက် ရှန်းယုဟန်က မိန်းမောနေတာကိုရပ်ကာ ချန်နယ်ပြောင်းဖို့ ရမုကို ကောက်ကိုင်လိုက်သည်။ သို့သော် သူက ဒီနေ့တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချပေးရေး ဒရာမာကိုမကြည့်ချင်ပဲ သူ့ခင်ပွန်းနှင့် ကြည်နူးစရာကောင်းသောဇာတ်လမ်းတွဲကို ကြည့်ချင်နေသည်။ ခေတ်သစ်လူသားတွေက ရဲတင်းလွန်းပြီး အချိန်တိုင်းနေရာတိုင်းမှာ ထိုအရာကိုလုပ်နိုင်တာကြောင့် သူက ပုံမှန်ဆို တစ်ယောက်တည်းမ​ကြည့်ရဲပေ။ တစ်ယောက်တည်းကြည့်တိုင်း ရှက်သွေးဖြာရ၏။


သို့သော် သူ့ခင်ပွန်းနဲ့ကြည့်ရင် သူတို့ဆက်ဆံရေးက ပိုကောင်းလာနိုင်လား? ရှက်သွေးဖြာရတာ အဆင်ပြေပါတယ်။


“ယောကျာ်း၊ တခြားလုပ်စရာအလုပ်ရှိသေးလား?”


“တခြားအစီအစဥ်မရှိပါဘူး။” ရှန်ချီဟွမ်းက ပုံမှန်ဆိုရင် ပိတ်ရက်မှာ အလုပ်မရှိတတ်ပေ။ ထိုသည်မှာ အရေးပေါ်ကိစ္စမရှိမချင်းဖြစ်သည်။


“ဒါဆို ဇာတ်လမ်းတွဲကြည့်ဖို့ အဖော်ပြုပေးပါ။ ညစာစားချိန်မရောက်သေးဘူး။”


အဲ့ဒီဦးနှောက်သေစေတဲ့ဇာတ်လမ်းတွဲကြည့်ရမှာလား? ရှန်းယုဟန်က ခံစားချက်တိုးစေဖို့ သူနဲ့အတူ ရိုမန်တစ်ဆန်တဲ့ ဇာတ်လမ်းတွဲကြည့်တာက သူ့အပေါ်ထိရောက်မှုရှိလာမှာမဟုတ်ပေ။


“ကောင်းပြီ” ထိုအချိန်တွင် ရုပ်ရှင်ချန်နယ်လိုင်းကို ရောက်သွားပြီး မင်းသမီးနဲ့ မင်းသားက ရေထဲမှာနမ်းနေသည့် ဇာတ်ဝင်ခန်းကို ရောက်သွားသည်။ ရှန်းယုဟန်က နောက်ခလုတ်တစ်ခုကို မနှိပ်တော့ပဲရပ်လိုက်သည်။


အပြင်မှာလေပြင်းတိုက်ခတ်နေပေမယ့် အိမ်ထဲကလေထုက လိုက်လျောညီထွေကာ သက်တောင့်သက်သာဖြစ်နေသော်လည်း ခဏသာဖြစ်၏။


ရှန်းယုဟန်က ခဏလောက်ကြည့်ပြီး ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်၏။ “ယောကျာ်း၊ သူတို့က ရေထဲမှာ အသက်ရှူမကြပ်ဘူးလား? ရေပေါ်တက်မလာတာကြာနေပြီ။”


“သူတို့မသေနိုင်ဘူး၊သူတို့က ရိုက်ကူးနေစဥ် ရေထဲမှာရှိမနေဘူး။” ရှန်ချီဟွမ်းက သူကို လူသိများသော လက်တွေ့သိပ္ပံအချို့ကို ပြောပြခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်လိုက်သည်။ “မင်းသေချာလေ့လာခဲ့ရင် ဒီလိုမေးခွန်းမျိုးကိုမေးမှာမဟုတ်ဘူး။”

“အို့” ရှန်းယုဟန်က ခင်ပွန်းဖြစ်သူ၏ တရားပို့ချမှုကြောင့် စိတ်ဓာတ်မကျပေ၊ သူက အစတည်းက နားမလည်တာဖြစ်၏။ “ဒါဆို နောင်မှာ ကြိုးစားသင်ယူပါ့မယ်။”



ရှန်ချီဟွမ်းက အပြုံးမမည်သောအပြုံးဖြင့် သူ့ကိုကြည့်လိုက်သည်။ “ဒါဆို ငါစောင့်နေမယ်။”


တီဗီပေါ်က အမျိုးသားနှင့်အမျိုးသမီး၏ ဇာတ်လမ်းတွဲက ဆက်ပြနေသည်။



ဇာတ်ဝင်ခန်းက ပြောင်းသွားသည်၊ ဇာတ်လိုက်မက သူ့သူငယ်ချင်းပြင်ဆင်ပေးသော မာလကာဝိုင်ကို သောက်မိပြီး ရုတ်တရက် မသက်မသာဖြစ်လာကာ စားပွဲပေါ်မှာအန်ချလိုက်၏။ အရက်က ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲ့သွား​ကာ သူမကလည်း မြေပြင်ပေါ်ကို လဲကျသွားပြီး နာကျင်မှုကြောင့် အော်ဟစ်နေသည်။ ခဏအကြာတွင် ကြီးမားသောမြွေအမှီးက သူမအောက်ပိုင်းတွင် ထွက်ပေါ်လာပြီး ဧရာမမြွေပုံသဏ္ဍာန်ကို မသဲမကွဲမြင်နိုင်သည်။


အိမ်အပြင်မထွက်ဖူးပဲ မိသားစုနှင့်အတူ ဘုရားကျောင်းသွားကာ အမွေးတိုင်ပူဇော်၊ ဆုတောင်းလေ့ရှိသည့် ရှန်းယုဟန်က ထိုကဲ့သို့ဆိုးရွားသောအရာမျိုးကို တစ်ခါမှမမြင်ဖူးပေ။


သူက ကြောက်လန့်တကြားနောက်ဆုတ်ကာ ရှန်ချီဟွမ်း၏လက်မောင်းကို တင်းတင်းဖက်ထားလိုက်သည်။ “ယောကျာ်း..ယောကျာ်း..ဒီသန်ကောင်ရှည်ကို အမြန်ဖယ်ထုတ်လိုက်ပါ။ ကျွန်တော်ကြောက်တယ်!”


ရှန်ချီဟွမ်း၏လက်မောင်းက ရှန်းယုဟန်၏ ဖက်တွယ်ထားခြင်းကို ခံထားရပြီး သူကတကယ်ကို ​ကြောက်နေသဖြင့် ရှန်ချီဟွမ်းက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ “မင်းခုနကပဲ ဇာတ်ကားကို မြိန်ရေရှက်ရေကြည့်နေတာလေ၊ ဒါဇာတ်ကားသက်သက်ပဲ၊ ကြောက်စရာမလိုဘူး။”


“ဒါပေမယ့် သူမက သန်ကောင်အရှည်ကြီးဖြစ်နေတာလေ! မြန်မြန်နှိပ်လိုက်ပါ၊ မြန်မြန်!” ရှန်းယုဟန်က မျက်ရည်ဒလဟောကျနေပြီး ဆိုဖာပေါ်တွင် ခြေထောက်များကို ကွေးထားကာ သူ့တစ်ကိုယ်လုံးက သူ့ခင်ပွန်းကို ဖက်တွယ်ထားသည်။ သူက အရမ်းထိတ်လန့်နေသည်!


သူက မြွေဆိုသောစကားလုံးကို​တောင် မသုံးရဲပေ။


ရှန်ချီဟွမ်းက သူ့ကို မျက်လုံးလှိမ့်ပြလိုက်ချင်သည်။ “ဇာတ်ကားနာမည် မြွေဖြူအသွင်ပြောင်းလဲရေးဒဏ္ဍာရီက ညဘက်ထောင့်မှာ နဂိုတည်းက ရေးထားတာလေကွာ” သူ၏ကြောက်ရွံ့နေသော အသွင်အပြင်ကိုမြင်တော့ သူက ချန်နယ်ပြောင်းပေးလိုက်သည်။ “ကောင်းပြီ၊ ချန်နယ်ပြောင်းကြတာပေါ့။”


ရင်းနှီးသော ခေါင်းလျှော်ရည်ကြော်ညာအသံကိုကြားတော့ ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်မောင်းပေါ်က သူ့ခေါင်းကိုထောင်လိုက်ပေမယ့် သူ့တစ်ကိုယ်လုံးက ရှန်ချီဟွမ်းကိုမှီထားဆဲဖြစ်သည်။


ရှန်းယုဟန်က သူ့လက်မောင်းပေါ်က ကြက်သီးများကို ပွတ်လိုက်သည်။


“ဘယ်လိုဖြစ်ပြီး ဒီလိုကြောက်ဖို့ကောင်းတဲ့ သန်ကောင်ရှည်တွေ ထွက်လာရတာလဲ”


“အဲ့ဒါမြွေတစ်ကောင်ပဲ၊ ဘာရှိလို့….” ကြောက်စရာ ဘာရှိလို့လဲ။



ရှန်းယုဟန်က ရှန်ချီဟွမ်း၏ပါးစပ်ကို လက်ဖြင့်ကမန်းကတန်း ပိတ်လိိုက်ပြီး ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။ “အဲ့စကားလုံးကို မပြောရဘူး!”


မျက်နှာအုပ်ခံထားရသောရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ဖဝါးကို သူ့နှုတ်ခမ်းဖြင့်ထိလိုက်ပြီး ဒီ​ကောင်လေးက ပိုပိုပြီးမောက်မာလာသည်ဟုတွေးနေသည်။


ရှန်းယုဟန်က သူမကြားချင်သော စကားလုံးကို ကြားရသောအခါ ကြောက်ရွံ့မှုထဲမှာ နစ်မြှုပ်နေသည်။ ရှန်ချီဟွမ်းတွေးနေတာကို သူကဘာလို့ဂရုစိုက်နေရတာလဲ၊ ရှမ်ချီဟွမ်း၏ မပြတ်သားသော လက်ရှိအခြေအနေကို မသိပဲနဲ့လေ။

ရှန်ချီဟွမ်းက သူ့ကိုယ်ပေါ်က ရေချိုးဆပ်ပြာရနံ့၏ လွှမ်းမိုးမှုကိုခံလိုက်ရပြီး စိတ်ပျံ့လွင့်သွားသည်။ ရှန်းယုဟန်၏ နှုတ်ခမ်းနီးကပ်လာတာကိုတွေ့တော့ သူက နမ်းချင်လာသည်။ ထို့ကြောင့် သူက သန်မာသောလက်ဖြင့် ရှန်းယုဟန်၏လက်ကို ဖယ်ထုတ်လိုက်သည်။ “ကောင်းပြီ၊ မပြောတော့ဘူး။”


ရှန်းယုဟန်က ဆိုဖာပေါ်တွင် တစ်ဝက်ဒူးထောက်နေပြီး ရှန်ချီဟွမ်းက ရုတ်တရက်လက်ကိုဖယ်လိုက်တော့ သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သူ့ခေါင်းက ရှမ်ချီဟွမ်း၏ လက်မောင်းထဲကို ရောက်သွားပြီး နဖူးက ရှန်ချီဟွမ်းရင်ဘတ်နှင့် ထိသွားသည်။


ရှန်ချီဟွမ်းက ထိုကဲ့သို့ အလဲထိုးခံလိုက်ရပြီး အလန့်တကြားပွေ့ဖက်ထားတာကို စိတ်ပျက်သွားပေမယ့် သူက ရှန်းယုဟန်ကိုစိတ်မဆိုးပေ။ မြှူစွယ်တဲ့နေရာမှာ ဇွဲကောင်းလွန်းတဲ့ ဒီမြေခွေးလေးကတော့!


ကံကောင်းစွာပင် ရှန်ချီဟွမ်းက ပုံမှန်ဆို ခန္ဓာကိုယ်လေ့ကျင့်ခန်းကို ဂရုစိုက်သဖြင့် သူ့လက်မောင်းထဲရောက်လာသူကို မထုတ်လိုက်သည်။ ဤနူးညံ့မွှေးကြိုင်ပျော့ပျောင်းသော ကျောက်စိမ်းတုံးက သူ့ရင်ထဲမှာ ခဏသာရှိခဲ့သော်လည်း သူ့စိတ်က ရှုပ်ထွေးကာ အော်ဟစ်နေခဲ့သည်။ သူက ရှန်းယုဟန်ကို ဒီထပ်ပိုနီးကပ်လာခွင့်မပေးနိုင်ဘူးလို့ ဆုံးဖြတ်လိုက်သည်။ 

သူက ခြိမ်းခြောက်ခြင်းမမည်သော အသံဖြင့်ပြောလိုက်သည်။ “ရှန်းယုဟန်..ငါ့ရင်ခွင်ထဲပစ်ဝင်နိုင်ဖို့ အခွင့်အရေးယူမလာနဲ့။”


ရှန်းယုဟန်က နီရဲနေသောသူ့နဖူးကိုကာထားပြီး နှုတ်ခမ်းအနည်းငယ်ဆူသွားသည်။ “ခင်ဗျားနဲ့တိုက်မိတာ မတ်မတ်မရပ်နိုင်တော့လို့လေ၊ တမင်ရည်ရွယ်တာမှမဟုတ်တာ၊ ယောကျာ်း..ခင်ဗျားက ဘာလို့အဲ့လိုစကားမျိုးပြောနိုင်ရတာလဲ၊ ကျွန်တော်က ခင်ဗျားရဲ့ဇနီးပါ။ ခင်ဗျားရင်ခွင်ထဲဝင်ဖို့ ချောင်းနေတဲ့အပြင်လူမဟုတ်ဘူး။” အထူးသဖြင့် အဲ့ဒီထိပ်တန်းကျောင်းသားပေါ့!


သူပြောတာက အကျိုးကြောင်းသင့်၍ ရှန်ချီဟွမ်းက ပြန်ပြောင်းပြောလိုက်သည်။ “ငါပြောတာမှားသွားတယ်။ မင်းဘာမင်း တီဗီကြည့်နေပါ၊ ငါလုပ်စရာရှိလို့ စာဖတ်ခန်းထဲသွားဦးမယ်။”


ရှန်းယုဟန်က ပြောလိုက်သည်။ “အို့!”


အပေါ်ထပ်ကိုတက်သွားသော သူ့ခင်ပွန်း၏နောက်ကျောက ရှုံးသွားလို့ထွက်ပြေးတာနဲ့တူသည်ဟု အမြဲခံစားနေရသည်။


ရှန်ချီဟွမ်း အပေါ်ထပ်ကိုတက်သွားပြီးနောက် ရှန်းယုဟန်က ချန်နယ်အနည်းငယ်ကို လှည့်လိုက်ပေမယ့် ပျင်းရိလာကာ သူ့မှာ နောက်အပတ်အတွက် လက်ရေးလှနှင့် ပန်းချီလက်ရေးစာမူ အပြီးသတ်ရမည်ကို သတိရသွားသဖြင့် သူက တီဗီကိုပိတ်ကာ စာဖတ်ခန်းကိုသွားလိုက်သည်။


ချီတိုင်းပြည်၏ ဆောင်းဦးနှောင်းပိုင်း မိုးရာသီကိုသတိရကာ အခန်းက စိုစွတ်ပြီး အေးစက်နေသည်။ ရှန်းယုဟန်၏ အစေခံများက သူ့အတွက် ကျောက်မီးသွေးမြေသြဇာကို မီးရှို့ကာ ရွှေရောင်အစင်းကျား ကြောင်လေးက သူ့ခြံဝင်းထဲကို လာစားသောက်လေ့ရှိပြီး သူနဲ့အတူ မီးလှုံလေ့ရှိသည်။ သူက ရွှေရောင်အစင်းကျားကြောင်လေး သူ့နားမှာလာမအိပ်မချင်း စာဖတ်နေလေ့ရှိသည်။


သူက ထိုအဖြစ်အပျက်များကို ပြန်တွေးမိသွားသည်။


သူသာ ခေတ်သစ်မှာ အကြာကြီးနေရင် ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းသော အတိတ်အမှတ်တရတွေကို မေ့သွားမှာ စိုးရိမ်သည်။ ထိုထူးခြားသောခေတ်က ကိစ္စတွေကို မေ့ကာ သူက ဖောင်တိန်ကို ကောက်ကိုင်လိုက်ပြီး သူမှတ်မိသောမြင်ကွင်းကို ရေးဆွဲလိုက်ပြီး အရောင်ခြယ်လိုက်သည်။


ရှန်းယုဟန်က ပန်းချီထဲမှာနစ်မြောနေပြီး သူ့ဘေးခန်းက ရှန်ချီဟွမ်းက အိုင်ပတ်ပေါ်တွင် ဇာတ်ကားကို အဆုံးထိကြည့်နေသည်ကို သတိမထားမိလိုက်ပေ။


ရှန်ချီဟွမ်းက အစွဲအလမ်းလွန်ကဲမှုရောဂါနည်းနည်းရှိပြီး သူ့ကြည့်သောရုပ်ရှင် ဘယ်လောက်ဆိုးဆိုးကောင်းကောင်း အဆုံးထိသေချာပေါက်ကြည့်ကာ အဆုံးသတ်ကိုသိရမှ ကျေနပ်သူဖြစ်၏။


သူငယ်ချင်းများနှင့် စစ်တုရင်၊ကတ်စသည်တို့ကို ကစားပြီး ဝိုင်သောက်ကာ စကားစမြည်ပြောလေ့ရှိသော ရှန်ချီဟွမ်းက စာဖတ်ခန်းတွင် အဆင့်သတ်မှတ်ချက် ကြယ်ပွင့်ငါးပွင့်အောက်သာရှိသော နာမည်မရှိသည့်ရုပ်ရှင်ကို ကြည့်နေမယ်ဟု ဘယ်သူမှထင်မိမှာမဟုတ်ပေ။


မိုးမုန်တိုင်းကရပ်သွားပြီး မှန်ပြတင်းပေါက်ပေါ်က ရေစက်များ ပြန့်ကျဲနေကာ ရှန်ချီဟွမ်းက ရုပ်ရှင်ကို အရှိန်နှစ်ဆတင်ကာ ကြည့်လို့ပြီးသွားခဲ့သည်။


သူအချိန်ကိုကြည့်လိုက်စဥ် ညနေငါးနာရီထိုးနေပြီဖြစ်သည်။


သူအောက်ထပ်မှာ ရေသွားသောက်ဖို့ လုပ်လိုက်သောအခါ သူက ဘေးခန်းက မီးလင်းနေတာကို သတိထားမိသွားသည်။ ရှန်းယုဟန်က တံခါးပိတ်ရတာကိုမကြိုက်ပေ၊ ရည်ရွယ်ချက်ရှိရှိ ဖွင့်ထားလျှင်တောင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လှုပ်ရှားမှုတိုင်းကို သိချင်ပြီး သူ့လုပ်ရပ်တိုင်းကို စောင့်ကြည့်ကာ သူ့မှာအကြံအစည်တကယ်ရှိမှာကို စိုးရိမ်မိသည်။ 


သို့သော် ရှန်ချီဟွမ်းက အောက်ဆင်းပြီး အပေါ်ပြန်တက်လာသောအခါ ရှန်းယုဟန်က တူညီသောကိုယ်ဟန်အနေအထားနှင့်သာ ရှိနေပြီး လေးနက်ပြီး တည်ကြည်သောအမူအရာဖြင့် စုတ်တံကိုင်ကာ ပုံဆွဲနေသည်။


သူဘာဆွဲနေတာလဲ?



သူဒါကို မြင်အောင်ဆွဲနေတာတော့ မဟုတ်ဘူးမလား။


ရှန်ချီဟွမ်းက သူ့ဆန္ဒနောက်လိုက်ကာ အသံပြုလိုက်ရမလား တွေဝေနေ၏။


မဟုတ်ဘူး။ သူက ချွင်းချက််ထားလို့မရဘူး၊ သူက သူ့အတွက် ချွင်းချက်တစ်ခုထားရှိမှန်းသာ ရှန်းယုဟန်သိသွားရင် ရှန်းယုဟန်က သူ့အာရုံကိုဆွဲဆောင်ဖို့ နေ့တိုင်းဒီလိုလုပ်မှာမလား?


ရှန်းယုဟန် အောင်နိုင်သွားမှာကို ခွင့်မပြုနိုင်ဘူး။


ရှန်ချီဟွမ်းက နောက်ပြန်လှည့်ကာ စာဖတ်ခန်းကိုပြန်သွားလိုက်သည်။ သူက သူ့သူငယ်ချင်းတွေနဲ့ ဘာလို့ထွက်မကစားတာလဲ? ဘာလို့ သူကအိမ်မှာနေနေတာလဲ?


အပြင်က လေတိုက်သံကိုကြားတော့ သူက အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားသည်။ မိုးရွာပြီးလေတိုက်တာပြင်းတော့ အပြင်ထွက်ဖို့ တကယ်မသင့်တော်ဘူးလေ။


ညစာမတိုင်ခင် ရှန်းယုဟန်က ပန်းချီဆွဲပြီးသွားပြီး တံဆိပ်နှိပ်ဖို့လုပ်သောအခါ ခဏတာအေးခဲသွားသည်။

သူ့တံဆိပ်တုံးပျောက်သွားပြီ။


ခဏစဥ်းစားပြီးနောက် သူက ပန်းချီကားပေါ်တွင် ကိုယ်ပိုင်လက်မှတ်ရေးထိုးလိုက်၏။


ပန်းချီဆွဲခဲ့သူ ယိဖန့်ကျွီရှီး။

(ယိဖန့်ကျွီရှီးဆိုတာ သာမန်လူသားလို့ အဓိပ္ပါယ်ရပါတယ်။)


ညနေ ဆယ်နာရီခွဲတွင် မိုးမုန်တိုင်းက ရပ်ဆဲအနားယူသွားပြီး လူသားတို့၏အိပ်ရာဝင်ချိန်ကို ရောက်ရှိလာ၏။


ရှန်းယုဟန်က ရေချိုးပြီးနောက် ဒီနေ့ဝယ်လာသော လက်ကောက်ကြိုးနှင့် နားဆွဲကိုပတ်ထားကာ ရှန်ချီဟွမ်း၏စကားများကို စဥ်းစားနေသည်။ သူ့ရင်ခွင်ထဲပစ်ဝင်တယ်လို့ ပြောခဲ့ပေမယ့် ဒါတွေကိုတော့ သူကိုယ်တိုင်ဝယ်ပေးခဲ့တာပင်။


သို့သော် သူ့သူငယ်ချင်းတွေက သူ့ကို ထိပ်တန်းကျောင်းသားနဲ့ မိတ်ဆက်ပေးဖို့ ဖိတ်​ခေါ်ခဲ့သည့်အကြောင်းကို တွေးမိတော့ ထပ်ပြီးမပျော်မရွှင်ဖြစ်ရသည်။


ရေချိုးပြီးနောက် ရှန်းယုဟန်က သူ့ခင်ပွန်းကို ဒီညအိပ်ရာစောစောဝင်ဖို့ပြောရန် ဆုံးဖြတ်လိုက်သည်။ သူတံခါးဖွင့်လိုက်သည်နှင့် ရှန်ချီဟွမ်းက တံခါးနားမှာရပ်နေသည်။


ရှန်ချီဟွမ်းက ဘေးခန်းတွင် ရေချိုးပြီး တံခါးနားမှာရပ်နေသည်။ အကြောင်းမှာ လက်ထပ်ပြီး သီးသန့်ခွဲနေကြဖို့ ရှန်းယုဟန်ကို ပြောချင်လို့ပင်။ ထိုသည်မှာ သူက ရုပ်ရှင်ကို တစ်ညလုံးကြည့်ပြီး ပင်ပန်းနေကာ အိပ်ချင်နေလို့မဟုတ်ပေ။


သူတို့နှစ်ယောက်သား တစ်ယောက်ချင်းစီ အိပ်ရာဝင်ခဲ့ကြသည်။


မီးပိတ်ပြီးနောက် ရှန်းယုဟန်က ရှန်ချီဟွမ်းအနီးကို ကပ်လာခဲ့သည်။


သူက သူ့လက်ကို ရှန်ချီဟွမ်း၏လက်မောင်းပေါ်တွင် ငြင်ငြင်သာသာ တင်ထားလိုက်သည်။ “ယောကျာ်း၊ အိပ်နေပြီလား?”



ရှန်ချီဟွမ်းက သူ့ဇနီး၏ချိုမြိန်သောရနံ့ကို ရှူရှိုက်ရင်း သူက မိန်းမောကာ မျက်လုံးများရီဝေလာသည်။ “အိပ်နေပြီ။”


“ယောကျာ်း၊ အိပ်ပျော်အောင် ကျွန်တော့်လက်ကို ကိုင်ပေးထားနိုင်မလား?”



“မကိုင်ပေးနိုင်ဘူး”


“နေ့ခင်းကတွေ့ခဲ့တဲ့ သန်ကောင်ရှည်ကြောင့် ကြောက်နေသေးလို့ပါ၊ ခဏလေးပဲ ကိုင်ပေးထားပါနော်။”


ဒီမြှူစွယ်တတ်လွန်းတဲ့မြေခွေးလေးကတော့..


နောက်စက္ကန့်တွင် ရှန်ချီဟွမ်းက သူ့နှလုံးသားနောက်ကိုလိုက်ကာ ရှန်းယုဟန်၏ မွှေးကြိုင်နူးညံ့ပျော့ပျောင်းသောလက်ကို ကိုင်လိုက်သည်။ “ခဏပဲကိုင်ထားပေးမယ်။”


“အွန်း၊ယောကျာ်း၊ ကျွန်တော်အိပ်ပြီ။” ရှန်းယုဟန်၏ပါးစပ်ထောင့်က ကွေးညွတ်သွားပြီး သူက သူ့နဖူးကို ရှန်ချီဟွမ်း၏ပခုံးပေါ်ကိုတင်ကာ ရှန်ချီဟွမ်း၏လက်ဖဝါးကြီးကို ညင်ညင်သာသာဆုပ်ကိုင်ထားသည်။ လုံခြုံမှုရှိတယ်လို့ခံစားလိုက်ရပြီး မျက်လုံးပိတ်ကာ အိပ်ပျော်သွားသည်။



ခဏလောက်ပဲကိုင်ပေးထားမယ်ဟု ပြောခဲ့သောရှန်ချီဟွမ်းက နှစ်ယောက်သား အိပ်မပျော်မချင်း လက်ကိုကိုင်ထားခဲ့သည်။