Chapter 16
Viewers 970

Chapter 16


“ဝမ်းနည်းဖို့ကောင်းလွန်းသည်။”


အဝတ်အစားရွေးချယ်သော လုပ်ငန်းစဥ်သည် ရိုးရှင်းလွန်းပြီး စတိုးဆိုင်ကို ဝင်လိုက်ပြီးနောက် ရှန်းယုဟန်က ကုတ်ထူထူနှင့် လုံခြုံသော အတွင်းဝတ်ကိုသာ ရွေးချယ်နိုင်ပြီး သူ့အတွက် အမျိုးသားဝတ်အတွင်းခံကို လူရှေ့သူရှေ့မှာ ဝယ်ယူဖို့က မဖြစ်နိုင်ပေ။


စျေးဝယ်လမ်းညွှန်က သူ့အလုပ်ကိုလုပ်ဖို့တောင် အခွင့်အရေးမရှိသည်မှာ သိသာသည်။ ညှပ်ရိုးကို ဖော်ပြထားသော ဗီရှိတ်လည်ပင်းဆွယ်တာသို့မဟုတ် တခြားတစ်ခုခုက ပိုကြည့်ကောင်းပေမယ့် သူက ကန်းနေသလို ဘာကိုမှမမြင်နိုင်သဖြင့် ရှန်ချီဟွမ်းကတောင် ရှန်းယုဟန်၏ အမြင်က ဆိုးရွားသည်ဟု ခံစားလိုက်ရသည်။


ကောင်းသောအရာကတော့ ဤဆိုင်ရှိ စတိုင်များက အကုန်ကောင်ပြီး ကော်လံမြင့်အဝတ်အစားများက စိတ်နေစိတ်ထားကို ဖော်ပြပေးနေသဖြင့် ရှန်းယုဟန်က နဂိုရှိ၍ နဂိုင်းထွက်နေဆဲပင်။


စျေးဝယ်လမ်းညွှန်က အမျိုးသားတစ်ဦးဖြစ်ပြီး သူက အဝတ်စမ်းဝတ်ကြည့်ဖို့ ရှန်းယုဟန်ကို စိတ်အားထက်သန်စွာ အဝတ်လဲခန်းသို့ ခေါ်သွားဖို့ကြိုးစားပေးမယ့် ရှန်းယုဟန်က ထိုသေးငယ်သောအခန်း၏အပြင်တွင် လူစိမ်းတစ်ယောက်ရပ်နေစဥ် အဝတ်အစားလဲရမှာကို တွေးမိသောအခါ သူ့ခင်ပွန်းအပြင်မှာရှိနေရင်တောင် သူလက်မခံနိုင်ပေ။


မဖြစ်ဘူး…သူမလဲချင်ဘူး!


“စမ်းမဝတ်ကြည့်တော့ဘူး။ ကျွန်တော်နဲ့တော်မယ့် ဆိုဒ်ကိုသာပေးပါ။”


“တကယ်စမ်းမဝတ်ကြည့်တော့ဘူးလား?”


“မဟုတ်ဘူး၊ ကျွန်တော် မဝတ်ကြည့်ချင်တာ။” ရှန်းယုဟန်က အလေးအနက်ပြောလိုက်သည်။


စျေးဝယ်လမ်းညွှန်က ဝယ်သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အတတ်နိုင်ဆုံးကြိုးစားနေသည်။ “အိမ်မှာဝတ်ကြည့်လို့မတော်ရင် တံဆိပ်ကိုမဖြုတ်ရသေးသရွေ့၊ အထည်မပျက်စီးသရွေ့ နောက်ထပ်ဆိုဒ်တစ်ခုနဲ့ ပြန်လာလဲလို့ရပါတယ်ခင်ဗျ။”


ရှန်ချီဟွမ်းက အချိန်အကြာကြီးစောင့်ရမည်ဟုထင်ကာ အနားယူရန်နေရာတွင်ထိုင်နေပေမယ့် နှစ်မိနှစ်အတွင်း ရှန်းယုဟန် ထွက်လာတာကိုတွေ့လိုက်ရသည်။


“မင်းစမ်းဝတ်ကြည့်ပြီးပြီလား?”


“ကျွန်တော် စမ်းမဝတ်ချင်ဘူး။” ရှန်းယုဟန်က ပြောလိုက်သည်။


ရှန်ချီဟွမ်းက မဂ္ဂဇင်းကို အောက်ချကာ ပြောလိုက်သည်။ “မကြိုက်လို့လား?”


“မဟုတ်ဘူး။ ကျွန်တော်က စမ်းမဝတ်ချင်တာ၊ အရမ်းအခက်အခဲဖြစ်နေလို့။”


“ဟုတ်ပြီ၊ အရင်ဆုံးဝတ်ရမယ့်ဝတ်စုံအနည်းငယ် ရွေးကြည့်ရအောင်။” ရှန်ချီဟွမ်းက မစောင့်ချင်ပေ။ စျေးဝယ်ထွက်ရတာ အတော်ကိုဒုက္ခများသည်။


ဘယ်အစုံကိုဝယ်ရမလဲဆွေးနွေးပြီးနောက် ရှန်းယုဟန်က စျေးနှုန်းအကြောင်းမတွေးတော့ပေ။ အကြောင်းမှာကား အားလုံးကို သူ့ခင်ပွန်းက ပေးချေနေတာဖြစ်ပြီး သူ့ပိုက်ဆံအားလုံးကလည်း သူ့ခင်ပွန်းက ပေးထားတာဖြစ်လို့ သူ၏တုံးအသောအပြုအမူ ပေါ်မသွားစေရန် ငွေပေးချေဖို့ အလျင်စလိုမလုပ်ခဲ့ပေ။ 


ဆောင်းရာသီဝတ်အဝတ်အစားအိတ်က အကြီးကြီးဖြစ်ပြီး ရှန်ချီဟွမ်းက ကူသယ်လာပေးပြီး ရှန်းယုဟန်က အိတ်အသေးလေးသာ ကိုင်ထားရသည်။


ဇိမ်ခံလက်ဝတ်ရတနာဆိုင်ရှေ့ဖြတ်သွားရင်း ရှန်းယုဟန်၏ မျက်လုံးများက တောက်ပလာပြီး ခဏကြာသည်အထိ သူ့မျက်လုံးက လုံးဝမရွေ့ခဲ့ပေ။ သူက ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး အတန်ကြာအောင်ကြည့်နေစဥ် ရှေ့တွင် လမ်းလျှောက်နေသော ရှန်ချီဟွမ်းက သူ့နောက်မှာ လူလိုက်ပါမလာသည်ကို သိလိုက်ရစဥ် လူရှာဖို့နောက်ကိုပြန်ဆုတ်သွားခဲ့သည်။


ထို့နောက် သူက ပြတင်းပေါက်ရှေ့တွင် ပတ္တမြားနားကပ်ကို စိတ်အားထက်သန်စွာကြည့်နေသော ရှန်းယုဟန်ကိုတွေ့လိုက်ရသည်။


“ကြည့်ချင်ရင် အထဲဝင်လေ။” သူက ဒီနေ့တွင် ရှန်းယုဟန် နားဆွဲဝတ်ထားသည်ကို သတိထားမိခဲ့သည်။ ထိုငွေရောင်ကြိုးမျှင်လေးက ပေါ်လွင်နေပေမယ့် အရိုင်းမဆန်ပေ။


“ကောင်းပြီ” ရှန်းယုဟန်က သူ့ခင်ပွန်းအပေါ် သူစိမ်းဆန်နေမည်မဟုတ်ပေ။


စတိုးဆိုင်ထဲက ဝယ်သူများနှင့် စျေးဝယ်လမ်းညွှန်များမှာ အမျိုးသမီးဖြစ်သဖြင့် ထိုနေရာက ရှန်းယုဟန်ကို စိတ်ဖိစီးမှု သိပ်မဖြစ်စေပေ။


ချောမောခန့်ညားသော အမျိုးသားနှစ်ယောက်ဝင်လာတာကို စျေးဝယ်လမ်းညွှန်က သတိထားမိခဲ့ပြီး ရင်ဘတ်တွင် တံဆိတ်ချိတ်ဆွဲထားသော မန်နေဂျာအမျိုးသမီးက သူတို့ကို ကောင်တာသို့ ခေါ်ဆောင်လာခဲ့သည်။


“ဘာရှာနေတာလဲရှင့်? နေ့စဥ်ဝတ် လက်ဝတ်ရတနာလား တခြားတစ်ခုခုလား? လက်စွပ်တွေလား လည်ဆွဲတွေလား?”


ဘေးမှာ ရှန်ချီဟွမ်းရှိနေတော့ ရှန်းယုဟန်က ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ “ကျွန်တော် နားကပ်တွေကို ​​ကြည့်ချင်တာပါ။”


“ဒါဆို ဒီလမ်းကိုလိုက်ခဲ့ပေးပါ။”


ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းကို နားကပ်ကောင်တာကို ခေါ်သွားခဲ့ပြီး မန်နေဂျာက နားကပ်သုံးခုပါသော သေတ္တာကြီးတစ်ခုကိုယူဆောင်လာသည်။


ဆိုင်ထဲတွင် ချိတ်ဆွဲထားသောပုံစံအမျိုးမျိုးလည်းရှိသည်။


“ကျွန်တော်တို့ဆိုင်မှာရှိတဲ့ နားကပ်နမူနာအားလုံးနီးပါးက ဒီမှာပါ။”


ပထမဘူးလေးကိုဖွင့်လိုက်ပြီး ရှန်းယုဟန်က နားကပ်အမျိုးမျိုးကြောင့် ခဏတာ မိန်းမောနေပြီး ဘယ်တစ်ခုကိုရွေးရမလဲမသိပေ။ သူ့မှာ အများကြီးရှိခဲ့ဖူးသဖြင့် အရူးလိုတော့ မပြုမူခဲ့ပေ။ သို့ပေသိ သူ့မှာရှိခဲ့သောနားကပ်များက ကွဲပြားခြားနားခြင်းမရှိပေ။


ဒီတစ်ခုက ကြည့်ကောင်းပြီး ဟိုတစ်ခုကလည်း ကြည့်ကောင်းနေတယ်၊ ဘယ်တစ်ခုကိုရွေးရမလဲ?


ကံကောင်းစွာပင် ရှန်းယုဟန်က ရိုးရှင်းတာကိုကြိုက်သော ကိုယ်ပိုင်အမြင်ရှိသဖြင့် သူက အရမ်းတောက်ပြောင်တာမျိုးကို မဝတ်ချင်။


အဆုံးမှာ သူသည် ပတ္တမြားနားကပ်နှင့် နှင်းဆီရွှေရောင်စိန်နားကပ်..ထိုနှစ်ခုထဲက တစ်ခုကိုရွေးလိုက်သည်။


မန်နေဂျာအမျိုးသမီးက ရှန်းယုဟန်ကို ပတ္တမြားနားကပ်ကူဝတ်ပေးပြီး မှန်ရှေ့ကို တွန်းပို့လိုက်သည်။ “လူကြီးမင်း၊ ရှင့်အသားကဖြူတော့ ပတ္တမြားနဲ့အရမ်းလိုက်ဖက်ပါတယ်။”


အဲ့ဒါက တကယ်ကိုကြည့်ကောင်းနေသည်။


သူက မော်ဒယ်နှစ်ခုကိုကြည့်ကာ နှစ်ခုလုံးက ကြည့်ကောင်းနေပြီး ရွေးချယ်ကခက်နေသဖြင့် သူက ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ဘယ်တစ်ခုက ပိုကောင်းလဲ?”


ရှန်ချီဟွမ်းက အမေးခံရသောအခါ အံ့အားသင့်နေသည်။ သူက လက်ဝတ်ရတနာဆိုင်ကို ဘယ်သူနဲ့မှမသွားဖူးပေ။ ရှန်းယုဟန်နဲ့မှ ပထမဆုံးအကြိမ်ဖြစ်ပြီး အများဆုံးမှ သူက နာရီသာဝယ်လေ့ရှိပြီး တစ်ဖက်လူကို ဝယ်ယူဖို့ အကြံဉာဏ်ပေးတာရှားသည်။ သူ့သူငယ်ချင်းတွေကလည်း ကိုယ်ပိုင်ကြိုက်နှစ်သက်သည့်ပုံစံနှင့် သုံးစွဲသည့်အဆင့်တစ်ခုစီရှိကြသည်။


ရှန်ချီဟွမ်းက တစ်ခါမှ နားဆွဲမဝတ်ဖူးသဖြင့် သူက အကြံအများကြီးမပေးနိုင်ပေ။ သူ့ညီမသာ မေးခဲ့လျှင် ဝတ်ကျေတန်းကျေဖြေလိုက်မှာပေမယ့် ရှန်းယုဟန်က ခေါင်းစောင်းကာ လည်ပင်းကိုသူ့ရှေ့တည့်တည့် ဖော်ပြထားပြီး သူ့နားရွက်ပေါ်ရှိ နားဆွဲကိုညွှန်ပြပြီး မေးနေလေသည်။


ရှန်ချီဟွမ်းက ဘာအမူအရာမှမပြပဲ အလေးအနက်ပြောလိုက်သည်။ “အကုန်ကြည့်ကောင်းတယ်၊ အကုန်ဝယ်လို့ရတယ်။”


ရှန်းယုဟန်က ရှန်ချီဟွမ်း ပျော်မနေတာကိုတွေ့ရစဥ် စိတ်မရှည်တော့တာဖြစ်မည်ဟု တွေးမိသွားသဖြင့် သူက သူ့ခင်ပွန်းစကားကိုနားထောင်ဖို့ မန်နေဂျာကိုပြောလိုက်သည်။


မန်နေဂျာက တခြားဘာလိုသေးလဲ မေးခဲ့သည်။


“လောလောဆယ်တော့မရှိသေးပါဘူး။” ရှန်းယုဟန်က သူ့ခင်ပွန်းအကြာကြီး စောင့်ရလွန်း၍ နောက်တစ်ကြိမ် ခေါ်မလာမှာကို စိုးရိမ်နေသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မေးလိုက်သည်။ “မင်း တခြားဘာမှမဝယ်တော့ဘူးလား?”


တကယ်တော့ ရှန်းယုဟန်၏ အကြည့်က လက်ကောက်နားမှာ တဝဲလည်နေသည်။



ရှန်းယုဟန်က လိမ်တာမတော်သဖြင့် တောက်ပသောမျက်လုံးများကို တဖျပ်ဖျပ်ခတ်လိုက်သည်။ “လက်ကောက်နောက်တစ်ခုယူလို့ရလား?”


သူ ချီတိုင်းပြည်မှာ ရှိနေတုန်းက ဘယ်ဘက်လက်မှာ လက်ကောက်ကြိုးဝတ်ထားလေ့ရှိပြီး တစ်ခါတစ်ရံ ထိလိုက်ချင်ပေမယ့် လက်ကောက်ကြိုးရှိမနေတော့ လစ်ဟာနေခဲ့သည်။


“ဒါဆို နောက်တစ်ခုယူလိုက်..မန်နေဂျာ..ခင်ဗျားမှာ လိုက်ဖက်မယ့် လက်ကောက်ကြိုးတစ်ခုရှိရင် ကြည့်ချင်လို့ အကုန်ယူလာပေးပါ။”


မန်နေဂျာက သဘောတူလိုက်ပြီး နောက်ဆုံးပေါ်လက်ကောက်ကြိုးကို ချက်ချင်းသွားယူခဲ့သည်။


ရှန်းယုဟန်က ရှန်ချီဟွမ်းကို ပြုံးပြလိုက်ပြီး သူ့ခင်ပွန်းက  တချိန်လုံးကျေးဇူးတင်စကားမပြောရဟု ပြောထားတာကို သတိရသွားသောအခါ သူက ပြုံးသာပြုံးပြလိုက်သည်။

ရှန်ချီဟွမ်းက သူ့အပြုံးကြောင့် ထပ်ခါထပ်ခါယိမ်းယိုင်သွားပြီး သူ့စိတ်က ပျံ့လွင့်နေသည်။ ရလဒ်အနေဖြင့် ရှန်ချီဟွမ်းက 18k ရွှေလက်ပတ်ကို ကိုယ်တိုင်ကောက်ယူကာ ပြောလိုက်သည်။ “ဒီတစ်ခုမဆိုးဘူး။”


ထို့နောက် သူက ရှန်းယုဟန်ကိုမေးလိုက်သည်။ “ဘယ်ဘက်လက်မှာဝတ်မှာလဲ?”


ရှန်းယုဟန်က တောက်လောင်နေသော မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ ပြောလိုက်သည်။ “ဘယ်လက်။” သူ့ခင်ပွန်းက လက်ကောက်ကြိုးတစ်ခုကို ကိုယ်တိုင်ရွေးချယ်ပေးခဲ့သည်။



ရှန်ချီဟွမ်းက လက်ကောက်ကြိုးကို သူ့ဘယ်လက်မှာဝတ်ပေးနေစဥ် ရှန်းယုဟန်၏ လက်ကောက်ဝတ်က သူ့ထက်တစ်ဆိုဒ်သေးနေပြီး ကိုင်ကြည့်လိုက်စဥ် အရိုးများကို ရှင်းရှင်းလင်းလင်း ခံစားမိပြီး အနည်းငယ်ပိုသေးနေသည်။


ရှန်းယုဟန်က ဖန်စီနဲ့ ဒီတစ်ခုကိုယှဥ်ကြည့်ကာ သူ့ခင်ပွန်းက ရိုးရှင်းပြီး ရည်မွန်တာကိုကြိုက်ကြောင်းတွေးကာ သူနဲ့သူ့ခင်ပွန်းက တစ်ချိန််တည်းမှာ တူညီသောလက်ကောက်ကြိုးကို ရွေးချယ်မိသွားသဖြင့် အလွန်ပျော်ရွှင်နေသည်။


“ယောကျာ်း…ဒါဆို ဒါယူလိုက်မယ်။” အရေးပါဆုံးကတော့ ဒါက သူ့ခင်ပွန်း သူ့အတွက် ရွေးပေးခဲ့တာပင်။


မန်နေဂျာက ချက်ချင်းကူထုပ်ပေးလိုက်သည်။


နောက်ထပ်ပူဆာမှုတစ်ခု ထပ်မံရရှိခဲ့သော ရှန်းယုဟန်က ဒီတစ်ကြိမ်တွင် ရှော့ပင်းအိတ်ကို ကိုယ်တိုင်သယ်လိုက်သည်။ ပေါ့သည့်ပစ္စည်းက သူ့လက်ထဲမှာဖြစ်ပြီး လေးသောပစ္စည်းက ရှန်ချီဟွမ်း၏လက်ထဲမှာဖြစ်သည်။


အတိအကျပြောရလျှင် အဝတ်အစားနှင့် ဘောင်းဘီထုပ်များကို ရှန်ချီဟွမ်းက ကိုင်ဆောင်ထားပြီး ရှန်းယုဟန်က လက်ထဲတွင် လက်ဝတ်ရတနာကိုသာ ကိုင်ဆောင်ထားသည်။


ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းမှာ တခြားဝယ်ချင်တာရှိသေးလား?”



ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “မရှိတော့ဘူး၊ တော်ပြီ။”


ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ရှန်းယုဟန်သည် မကြာသေးခင်က ထသွားထလာ အဝတ်အစားများမှလွဲ၍ အလွန်ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ကြောင်း သတိထားမိသွားသည်။


“ကောင်းပြီ၊ မလောက်သေးရင် နောက်ထပ်ဝတ်စုံအနည်းငယ်ကို တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်။”


“အွန်း။”


သူတို့စကားပြောနေစဥ် ရှန်ချီဟွမ်း၏ ဖုန်းသံမြည်လာပြီး ခေါ်ဆိုသူမှာ လက်ထောက်ချွီဖြစ်သည်။

“ဘာကိစ္စလဲ?”


“သူဌေး.. မစ္စတာရှန်းက ဒီနေ့လည်မှာ အကသင်တန်းမသွားခဲ့ဘူးဆိုတာ သိထားလား?”

“အကသင်တန်း?”


“ဟုတ်ကဲ့၊ လေ့ကျင့်ရေးစင်တာက ကျွန်တော့်ကိုဖုန်းဆက်ပြီး သူမလာခဲ့ကြောင်းပြောခဲ့တယ်။”


“သူက ငါနဲ့အတူရှိနေတယ်၊ အတန်းကိုနောက်အပတ်စပြီး သူ့အတန်းကို တစ်ပတ်ငါးရက်ပြောင်းလိုက်၊ ဒရိုက်ဘာက ပိတ်ရက်မှာ နားချိန်တောင်မရှိဘူး။” ဝန်ထမ်းကို ပိတ်ရက်မှာအနားယူခွင့်မပေးတာက အရင်းရှင်ဆန်လွန်းတယ်။


“ကောင်းပြီ။” လက်ထောက်ချွီက စိတ်ထဲမှာတွေးနေသည်။ ခင်ဗျားမှာ အလှည့်ကျဆင်းနေတဲ့ ဒရိုက်ဘာနှစ်ယောက်တောင်ရှိတာ၊ ပိတ်ရက်လည်းမလိုအပ်ဘူးလေ…. အတန်းအချိန်ဇယားကိုလည်း တစ်ပတ်ခြောက်ရက် ကိုယ်တိုင်ပြောင်းခဲ့ပြီးတော့ အခုထပ်ပြောင်းချင်သေးတာလား?


ရှန်းယုဟန်က ဘေးမှာနားထောင်နေသည်၊ အကသင်တန်လား?


ဟုတ်သား၊ သူ့မှာ နေ့လည်ပိုင်း အကသင်တန်းရှိပေမယ့် သူ့ခင်ပွန်းနဲ့ ပထမဆုံးအကြိမ် ရှော့ပင်းထွက်ရတာဖြစ်လို့ အပျော်လွန်ပြီး မေ့သွားခဲ့သည်။ 


ဖုန်းချပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ပြောလိုက်သည်။ “နောက်တစ်ပတ်မှ အတန်းပြန်စရအောင်။”


“အွန်းအွန်း” ရှန်းယုဟန်က သူ့ခင်ပွန်းကို အချိန်ပိုပေးချင်သည်။ သူအကသင်တန်းမတက်ရလည်း ကိစ္စမရှိ၊ သူက အရင်ကလည်း အကသင်ဖူးသည်။ သူက ဆယ်နှစ်ကတည်းက ကျန်းမာရေးမကောင်းတော့ သမားတော်က သူအကသင်ရင် ချွေးထွက်မှာမို့ သူ့မိသားစုက သူ့အတွက် ဆရာတစ်ယောက်ကိုငှားပေးကာ ခန္ဓာကိုယ်အတွက်ကောင်းသော အခြေခံကကွက်တချို့ကိုသာ လေ့ကျင့်ပေးခဲ့သည်။


သူတို့ချီတိုင်းပြည်တွင် အကကို မိန်းကလေးနှင့်ကောများက စတူဒီယိုမှာသင်ကြားရပြီး အဆောင်မှမိန်းကလေးများနှင့် မိသားစုကြီးများက ကောများသည် အကကိုမသင်ရပဲ အများစုက ချင်ကိုသာ လေ့လာရပြီး အိမ်မှာ လက်ရေးလှ၊ပန်းချီနှင့် အလှပန်းထိုးနည်းကိုသာ သင်ယူကြသည်။ 


ရှန်ချီဟွမ်းက ရှန်းယုဟန် အမြန်လက်ခံလိုက််တယ်လို့ ခံစားရသဖြင့် မေးလိုက်သည်။ “မင်းအတန်းတက်ချင်လား၊ ငါမင်းကို သင်တန်းအများကြီးမှာ စာရင်းသွင်းပြီးပြီ။”


ရှန်းယုဟန်က အနည်းငယ် အံ့အားသင့်သွားသည်။ “မဟုတ်ဘူး၊ ကျွန်တော်က အတန်းတက်ရတာ သဘောကျတယ်၊ အိမ်မှာဆို ပျင်းဖို့ကောင်းတယ်။”


“ဒီလိုလား? သူငယ်ချင်းဟောင်းတွေနဲ့ မလည်ပတ်ချင်ဘူးလား? ဘားမသွားချင်ဘူးလား? ပြိုင်ပွဲတွေမသွားချင်ဘူးလား?”


ရှန်ချီဟွမ်းက ရုတ်တရက် ရန်လိုလာသဖြင့် ရှန်းယုဟန်က ပြောလိုက်သည်။ “ကျွန်တော်က လက်ထပ်ပြီးပြီလေ၊ ဒါကြောင့် တည်ငြိမ်ဖို့သင်ယူရမယ်။” သူက ရှန်ချီဟွမ်းစကားကိုသုံးကာ ပြန်အဖြေပေးလိုက်သည်။

“မင်းစကားကိုမှတ်ထားပြီး ငါစီစဥ်တာကို နားထောင်ရင် မင်းအတွက် အိပ်ဆောင်မုန့်ဖိုး အာမခံပေးနိုင်တယ်။”


“အိမ်အသုံးစရိတ်ကရော?” ရှန်းယုဟန်က အိပ်ဆောင်မုန့်ဖိုးနှင့် အိမ်အသုံးစရိတ်ကို ခွဲခြားထားကြောင်း သတိရသွားသည်။


“ဒါပေါ့၊ နှစ်ခုလုံးပေးနိုင်တယ်။”

ရှန်းယုဟန်က ရှန်ချီဟွမ်းနောက်ကနေ ကားရှိရာကိုလိုက်လာခဲ့ပြီး အကျိုးရှိသောခရီးကနေ အိမ်ပြန်လာခဲ့ပြီး အလွန်ပျော်ရွှင်နေသည်။



ဒီနေ့ကားမောင်းသူက သူ့ခင်ပွန်းဖြစ်ပြီး ခရီးသည်ထိုင်ခုံမှာ ပထမဆုံးထိုင်ရတာဖြစ်ပြီး သူက ထိုင်ခုံခါးပတ်ပတ်နည်းကို သင်ယူခဲ့ပြီး သူ့မျက်လုံးများတွင် အပြုံးတစ်ခုရှိနေသည်။


အရမ်းပျော်သည်။


ရှန်ချီဟွမ်းက သူ့ကိုကြည့်​သောအခါ မျက်နှာတည်မထားနိုင်တော့ပဲ သူကလည်း အပြန်လမ်းတစ်လျှောက် အပန်းပြေစေရန် သီချင်းဖွင့်ထားလိုက်သည်။ ထိုသီချင်းက ရှန်းယုဟန်၏အာရုံကိုဆွဲဆောင်သွားပြီး ခေတ်သစ်ကသီချင်းတွေက သူတို့ခေတ်က “ရားရား”ဆိုသော သံစဥ်နှင့်မတူပေ။ ရှင်းလင်းသောဘာသာစကားဖြစ်ပြီး တေးသွားကအတော်ကောင်းပြီး စာသားက တည့်တိုးဆန်တာကြောင့် လူတွေကို ရှက်သွေးဖြာစေသည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပူနွေးနေသောမျက်နှာကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။


“မင်းမျက်နှာဘာလို့အရမ်းနီနေတာလဲ? အအေးမိသွားတာလား?”


“အာ၊မဟုတ်ဘူး၊ နည်းနည်းပူနေတာ” တကယ်တော့ ရှန်းယုဟန်က သီချင်းစာသားကြောင့် ရှက်သွေးဖြာနေသည်ကို ဝန်ခံရမှာရှက်နေတာဖြစ်၏။



ရှန်ချီဟွမ်းက သူမူမမှန်ဘူးဟု တွေးနေသည်။



ထို့နောက် လျှိုထန်ဆီမှ ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။


ရှန်ချီဟွမ်းက အပြင်ထွက်တော့ ဘလူးတူးနားကြပ် မယူလာသဖြင့် သူက ဖုန်းစပီကာကို တိုက်ရိုက်ဖွင့်လိုက်သည်။


“ဘာလဲ?”


“မင်းတကယ်မလာဘူးလား? အဲ့ဒီဘွဲ့ရကျောင်းသားလေးက အသားဖြူဖြူနဲ့ တကယ်ကိုလှပြီး မသောက်မစားတတ်ဘူး။ အချိုးစားပြေပြစ်တာကိုလည်း တွေ့လိုက်တယ်။ သူ့မှာ မင်းကြိုက်တဲ့မျက်နှာနဲ့ အသံလည်းရှိတယ်။ လူတိုင်းက သူ့အကြောင်းကို စပ်စုနေတာ၊ သူ့ကိုသူများတွေ ပျက်စီးအောင်လုပ်လိုက်တာမျိုး မဖြစ်စေချင်ဘူး။”


ရှန်းယုဟန်က သူ့နားကိုစွင့်လိုက်၏။


ဘယ်ဘွဲ့ရကျောင်းသားလဲ? ဘာကိုအသားဖြူပြီး လှတာလဲ? ဘာကိုအချိုးအစားပြေပြစ်တာလဲ?


ရှန်ချီဟွမ်းက လျှိုထန် ဒီတစ်ကြိမ် တည့်တိုးဆန်လိမ့်မယ်လို့ မမျှော်လင့်ထားပဲ သူက ဖုန်းစပီကာကိုဖွင့်ထားခဲ့သည်။



သူက ရှန်းယုဟန်ကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။


“ငါစိတ်မဝင်စားဘူး။”



“လူတွေလာနေကြပြီ၊ သူကလည်း မင်းကြောင့်လာတာထင်တယ်၊ တင်းချွမ်နဲ့ တခြားသူတွေက မင်းလာမယ်ထင်နေတာ၊ မင်းအားရင်လာခဲ့လေ၊ ငါတို့တစ်ညလုံးရှိနေမှာ။”


“ကြည့်လိုက်ဦးမယ်။”



“သေချာပေါက်လာခဲ့၊ မလာရင် အခွင့်အရေးလွတ်သွားလိမ့်မယ်။ သူက ဘဏ္ဍာရေးဌာနရဲ့ ထိပ်တန်းကျောင်းသားပဲ၊ သူ့မှာ စကားပြောစွမ်းရည်လည်း ကောင်းကောင်းရှိပြီး မင်းနဲ့လိုက်ဖက်တယ်။”


“ငါကားမောင်းနေတယ်၊ ဖုန်းချတော့မယ်။”


ရှန်ချီဟွမ်းက တစ်စက္ကန့်တောင် နှောင့်နှေးမနေပဲ ဖုန်းချပစ်လိုက်သည်။


ရှန်းယုဟန်က သူတို့ပြောသမျှကိုကြားသွားပြီး သူ့မျက်လုံးထဲက အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး မျက်နှာကို ပြတင်းပေါက်ဖက် လှည့်ပစ်လိုက်သည်။


သူ့ခင်ပွန်း သူ့ကိုမထိသည့်အကြောင်းအရင်းက သူ့အသံကိုမကြိုက်လို့၊ သူ့အသွင်အပြင်ကိုမကြိုက်လို့၊ အသားအရမ်းမဖြူလို့၊ လုံလုံလောက်လောက်မလှလို့၊ ပြီးတော့ သူက ခေတ်မီထိပ်တန်းဘွဲ့ရကျောင်းသား ဟုတ်မနေလို့ပဲ။

ဘာပဲဖြစ်ဖြစ် သူက အနည်းငယ်သာ သင်ယူလေ့လာထားသည့် ရှေးခတ်လူသားတစ်ယောက်ဖြစ်ပြီး ချင်၊ဂို၊ လက်ရေးလှ၊ပန်းချီနဲ့ပတ်သတ်ပြီး အနည်းငယ်သာသိသည်။ ခေတ်သစ်လူသားများက ဤအရာများကို မသိကြပေ။ မူလရှန်းယုဟန်က ပြဿနာအများကြီး ရှာထားတာကြောင့် သူ့ခင်ပွန်းက သူ့ကိုစိတ်ပျက်နေပြီး ယခုဆိုလျှင် သူ့ကို အကုသိုလ်လို့ မှတ်ယူထားတာဖြစ်မည်။


ကားထဲက တေးသံက ဆက်သွားနေပေမယ့် ကြည့်ရတာ ဝမ်းနည်းစရာကောင်းသော ကြေကွဲစရာအချစ်သီချင်း ဖြစ်ပေလိမ့်မည်။


ပြတင်းပေါက်အပြင်က ကောင်းကင်က နက်မှောင်နေပြီး လေးလံနေကာ ရှန်းယုဟန်၏နှလုံးသားကပါ ထပ်တူလေးလံနေသည်။


ဇနီးကောင်းတစ်ယောက်အနေနဲ့ သူက အိမ်အပြင်ကလူလောက်တောင် သူ့ခင်ပွန်းကိုမကျေနပ်စေနိုင်ပေ။


ဝမ်းနည်းဖို့ကောင်းလွန်းသည်။