Chapter 15
“အရူးလုပ်မခံနဲ့!”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဟွမ်ရှန့်နှင့် တခြားသူများအား မိတ်ဆက်ပေးလိုက်သည့် အခိုက်အတန့်မှာ လေထုတစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။
ဟွမ်ရှန့်၊နဥ်ကျဲ့နှင့် တခြားသူများက ရှန်းယုဟန် စစ်ကူခေါ်လာမယ်လို့ မမျှောလင့်ခဲ့ပေ!
မဟုတ်ဘူး၊ သူတို့က ရှန်းယုဟန် စစ်ကူခေါ်လာမှာကို တွေးထားပေမယ့် ထိုစစ်ကူက သူ့ကောင်လေးဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့တာဖြစ်၏။
ရှန်ချီဟွမ်းက ကျောင်းသားအငွေ့အသက်များ ရှိနေသော ဤလူများကိုမကြောက်ပဲ ရှန်းယုဟန်နှင့် အတူထိုင်လိုက်ပုံမှာ အရှိန်အဝါကြီးမားသော သူရဲကောင်းနှင့်တူနေ၏။ သူ့သြဘာက ပြင်းထန်လွန်းသဖြင့် ဧည့်သည်နှင့် အိမ်ရှင်က သုံးဆယ်စက္ကန့်အတွင်း နေရာချိန်းသွားကြသည်။
ရှန်ချီဟွမ်းက လက်မြှောက်ကာ သူဌေးတစ်ယောက်၏ သဘာဝအသံအတိုင်းပြောလိုက်သည်။ “မင်းတို့က သူငယ်ချင်းတွေဆိုတော့ ဒီနေ့ ရှောင်ဟန်နဲ့ငါက ဒကာခံမယ်။ မင်းတို့စားချင်တာမှာကြပါ။ အားမနာပါနဲ့။”
ဟွမ်ရှန့်သည် ရှန်းယုဟန်၏ ခင်ပွန်းက သူတို့ကို မုန်းနေသည်ဟု တွေးလိုက်သည်။
သို့သော် သူပိုကြည့်လေ ရှန်းယုဟန်၏ခင်ပွန်းကို ရင်းနှီးသလို ပိုခံစားရလေဖြစ်ပြီး သူ့သူငယ်ချင်းကလည်း သတိထားမိသွားပြီး ဟွမ်ရှန့်ကို တိုးတိုးလေးမေးလိုက်သည်။ “ဒီလူကိုရင်းနှီးနေသလိုပဲ၊ တစ်နေရာမှာ ငါတို့တွေဖူးသေးလား?”
ဟွန့်ရှန်: “ငါလည်းအဲ့လိုထင််တယ်။”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ဘေးမှာထိုင်နေပြီး တစ်ဖက်လူနှင့်ဝေးနေသဖြင့် မလုံခြုံသလိုခံစားရကာ သူက တိတ်တဆိတ်ထိုင်ခုံကိုမကာ ရှန်ချီဟွမ်းဘေးကိုရွှေ့လိုက်သည်။ သူက တကယ်ကို သူစိမ်းယောကျာ်းလေးများနှင့် မနီးကပ်ချင်ပေ။ သူက လက်ထပ်ပြီးပြီမို့ ပုံမှန်အတိုင်း တခြားသူများနှင့် နီးကပ်စွာနေလို့မဖြစ်ပေ။ သူက အိမ်ထောင်သည်မဟုတ်ရင်တောင် သူတို့နဲ့ဝေးဝေးနေမှာဖြစ်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လှုပ်ရှားမှုအသေးစိတ်ကို လေ့လာနေပြီး သူ့ကိုယ်ထဲက ဆဲလ်များက ကျေနပ်မှုနဲ့ပြည့်နေသည်။
“ဘယ်သူမှမမှာချင်သေးရင် ကိုယ်တို့အရင်မှာကြတာပေါ့။” သူက ရှန်းယုဟန်ကို မေးလိုက်သည်။
“မင်းဘာစားချင်လဲ?”
ခင်ပွန်းဖြစ်သူ၏ စိတ်အားထက်သန်မှုကြောင့် ရှန်းယုဟန်က မီနူးပေါ်က အထူးလက်ရာကြက်စွပ်ပြုတ်ကို လက်ညိုးထိုးပြလိုက်သည်။ “ကျွန်တော်တို့ ဒါမှာရအောင်”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ကောင်းပြီ၊ တခြားအသားဟင်းလျာနဲ့ အရွက်ကြော်ကိုပါ မှာလိုက်ရအောင်၊ ဒါမှ အာဟာရမျှတမှာ။”
လူငယ်လေးဦးက အစားအသောက်အကြောင်း တီးတိုးပြောနေကြသော လင်မယားနှစ်ယောက်ကိုကြည့်ကာ လေးယောက်လုံးက သံသယဝင်သွားကြသည်။ “သူတို့ဒီကိုဘာလာလုပ်ကြတာလဲ?”
သူတို့မှာလို့ပြီးသည်နှင့် စားပွဲထိုးက လက်ဖက်ရည်လာချပေးသည်။
ဧည့်ခန်းက အလွန်ကျယ်ဝန်းပြီး ရှန်ချီဟွမ်းက ထိုကဲ့သို့ပေါ်လွင်သောနေရာမျိုးတွင် ထိုင်ခဲသည်။
လူငယ်လေးများက ဘာမှမပြောကြပေ။ ရှန်ချီဟွမ်းက ဧည့်သည်နှင့်အိမ်ရှင် နေရာလဲလှယ်ရေးကိစ္စကိုလုပ်ပြီးသားမို့ သူက တိုက်ရိုက်ပြောလိုက်သည်။ “မင်းတို့ဒီနေ့လာရောက်တဲ့ကိစ္စက ငါတို့ရှောင်ဟန်နဲ့ ပြဿနာတွေကို ဆွေးနွေးဖို့လို့ကြားတယ်? သူနဲ့အရင်းအနှီးဆုံးလူတစ်ယောက်အနေနဲ့ မင်းတို့စိတ်မရှိရင် ငါလည်းကြားချင််တယ်။ ရှောင်ဟန်က အရင်က အမှားတစ်ခုခုလုပ်မိခဲ့တာရှိရင် အထက်တန်းကျောင်းတုန်းက အတန်းဖော််တစ်ယောက်လို့ထည့်တွက်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။ အရင်ကဖြစ်ပျက်ခဲ့တဲ့ကိစ္စကို မင်းတို့ပြောပြပေးနိုင်မလား? အဲ့ဒါ နဥ်ကျဲ့လို့ခေါ်တဲ့ကျောင်းသားမလား?” သူက ရှန်းယုဟန်ကို ကြည့်လိုက်သည်။
ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “အွန်း..ဟုတ်တယ်။” ဒါပေမယ့် နဥ်ကျဲ့ဆိုတာဘယ်သူလဲ သူတကယ်မသိပေ။
ကံကောင်းစွာပင် နဥ်ကျဲ့က ကိုယ်တိုင်ထရပ်ပြလိုက်သည်။
“ကျွန်တော်ကနဥ်ကျဲ့” ရှန်ချီဟွမ်း၏အရောင်အဝါက ထင်းထွက်နေသဖြင့် စစ်ဆေးသူ၏မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှု ပေါ်လွင်နေသည်။
“ဒီတော့ အဲ့ဒါမင်းပေါ့၊ မင်းနဲ့ရှောင်ဟန်ကြားက ဖြစ်ပျက်ခဲ့တဲ့ နားလည်မှုလွဲတာကို ပြောပြနိုင်မလား?” ရှန်ချီဟွမ်းက ပါးနပ်စွာပြောလိုက်သည်။ ထိုသည်မှာ နားလည်မှုလွဲတာဆိုရင် ဖယ်ရှားပစ်နိုင်ပြီး၊ အနိုင်ကျင့်တာဆိုရင်တော့ ရှန်းယုဟန်၏ တစ်ဖက်သပ်ကျသော အနိုင်ကျင့်မှုဖြစ်လာနိုင်သည်။
ယနေ့အခြေအနေကို စီစဥ်သူဟွမ်ရှန့်သည် မေးခွန်းထုတ်ခံနေရသော နဥ်ကျဲ့က တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။
ဟွမ်ရှန့်က နျဥ်ကျဲ့အတွက် ပြောပေးချင်ခဲ့သည်။ “ကျွန်တော့်သူငယ်ချင်း..သူက…” ရှန်ချီဟွမ်းက ဟွမ်ရှန့်ကို အကြည့်စူးစူး တစ်ချက်ပေးလိုက်ပြီးနောက် သူ့အသံက ရုတ်ချည်းတိုးသွားသည်။ “ညီအစ်ကိုကျဲ့….မင်း သူတို့ကို ရှင်းပြလိုက်ပါ။”
နဥ်ကျဲ့က အပြုံးမမြည်သောအပြုံးဖြင့် သူ့ကိုကြည့်နေသော ရှန်ချီဟွမ်းကိုတွေ့လိုက်ရသောအခါ စကားအရှိန်က နှေးသွားသည်။ “ရှန်းယုဟန်နဲ့ ကျွန်တော့်ကြားမှာ နားလည်မှုလွဲခဲ့တာပါ။”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ညသန်းခေါင်မှာ အိမ်သာကို မသွားရဲဘူးဆိုတာဟုတ်လား?”
နဥ်ကျဲ့က အနည်းငယ်ဖြူဖျော့နေသည်။ “ဟုတ်ကဲ့”
ရှန်ချီဟွမ်းက သူ့ကို ငြင်ငြင်သာသာမေးလိုက်သည်။ “အဲ့ဒါရှောင်ဟန်ကြောင့်လား?”
နဥ်ကျဲ့: “ဟုတ်ကဲ့….”
ရှန်ချီဟွမ်း၏အသံက ထပ်ပြီးစူးရှသွားသည်။ “မင်းဘာပြောလိုက်တာ”
နဥ်ကျဲ့က တုန်ယင်နေသောပါးစပ်ဖြင့် ပြောလိုက်သည်။ “မဟုတ်ဘူး.. ကျွန်တော်က ငယ်ငယ်တည်းက ညသန်းခေါင်မှာ သန့်စင်ခန်းကို မသွားရဲတာပါ။”
ရှန်ချီဟွမ်း: “ဒါဆို အဲ့ဒါက ရှောင်ဟန်နဲ့မဆိုင်ဘူးပေါ့။”
နဥ်ကျဲ့: “.....” သူသည် အရင်က ရှန်းယုဟန်၏ စကားဖြင့်နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ယခုအခါ သူ့ကောင်လေး၏ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းကိုခံနေရသည်။ သူက အခုကစပြီး အိမ်သာသွားဖို့ သတ္တိရှိအောင်ဆုံးဖြတ်လိုက်သည်။
ရှန်ချီဟွမ်း: “ ရှောင်ဟန်နဲ့မဆိုင်ပေမယ့် မင်းနဲ့ရှောင်ဟန်ရဲ့ဆက်ဆံရေးကောင်းတာကို ထည့်တွက်ပြီး မင်းအတွက် စိတ်ကုထုံးပညာရှင််တစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ရတယ်၊ ဒီလိုဆိုရင် မင်းက စတူဒီယိုဖုန်းနံပါတ်ကို ချရေးထားပြီး ငါမိတ်ဆက်ပေးတာလို့ပြောလိုက်။ လူနာမသက်သာမချင်း ကုထုံးအတွက် ငါပေးချေပေးမယ်။”
“မလိုပါဘူး၊ စိတ်ကုထုံးပညာရှင်နဲ့ ပြဖို့မလိုဘူး။” နဥ်ကျဲ့က သူ့ကိုကူညီရန် ဟွမ်ရှန့်ကို ကန်လိုက်သည်။ ရှန်းယုဟန်က ပြိုလဲနေရင်တောင် သူက သွားထိလို့ရသူမဟုတ်ပေ။ သူ့မှာကြောက်စရာသော ကျောထောက်နောက်ခံလည်းရှိသည်။ ထိုလူက ဒုစရိုက်သမားထက် ပိုကြောက်ဖို့ကောင်းသော ဘေးအန္တရာယ်ဖြစ်သည်။
ရှန်ချီဟွမ်းက ထပ်ပြောလိုက်သည်။ “ဒီလိုလား? အဲ့တုန်းက ရှောင်ဟန်နဲ့ ဘယ်လိုနားလည်မှုလွဲတာလည်း ရှင်းပြပါဦး။”
ရှန်းယုဟန်က သူ့ယောကျာ်း စကားပြောနေတာကို တစ်ချိန်လုံးနားထောင်နေပြီး တခြားသူများ၏အပြုအမူနှင့် အမူအရာကိုလုံးဝမရုမစိုက်ပေ။
သူနဲ့ဆန့်ကျင်ဘက်တွင် ဟွမ်ရှန့်က ထိုင်ခုံပေါ်ကသူ့ဖင်ကို အကြိမ်ပေါင်းများစွာ ရွှေ့နေပြီး သူ့ဖုန်းကိုသာ ငုံ့ကြည့်နေသည်။ သူ့မျက်နှာက တဖြည်းဖြည်းဖြူဖျော့လာကာ ကြောက်စရာကောင်းသော အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရသလိုပင်။
ထို့နောက် တခြားသူတွေကလည်း သူ့လိုပင် ဖုန်းကိုသာကြည့်နေကြသည်!
ထိုသည်မှာ သူတို့ကိုရှောင်မင်က တိတ်တဆိတ်ပို့လိုက်သည့် စီးပွားရေးမဂ္ဂဇင်းကာဗာပုံနှင့် ထိုမဂ္ဂဇင်းပေါ်ကလူသည် ဤစားပွဲပေါ်တွင် သူတို့နှင့်အတူထိုင်နေသူဖြစ်ပြီး စီးပွားရေးလောကတွင် အရှိန်အဝါကြီး၍ ခန့်ညားလွန်းသည်။
ဒါကြောင့် သူ့ကို ရင်းနှီးနေတာပင်! သူက ဟွမ်ရှင်းအုပ်စုရဲ့ ဘစ်ဘော့စ် ရှန်ချီဟွမ်းဖြစ်ပြီး တက္ကသိုလ်ဆွေးနွေးပွဲကျင်းပဖို့ တစ်ချိန်က ငါတို့ကျောင်းကိုတောင်လာဖူးတယ်!
_ သေပြီ၊ သေပြီ၊ ငါတို့ဘာလုပ်ရမလဲ?
_ ရှန်းယုဟန်က ဘယ်လိုဖြစ်လို့ သူ့ကောင်လေးဖြစ်နေရတာလဲ!
မေးခွန်းထုတ်ခံနေရသော နဥ်ကျဲ့က ဝီချက်ဂရုကိုမကြည့်ပဲ ထိုအချိန်တုန်းက ဘာဖြစ်ခဲ့လဲရှင်းပြဖို့ စကားလုံးစီနေသည်။
“ဒီလိုပါပဲ၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်အိမ်သာသွားနေတုန်း သူနဲ့မတော်တဆတိုက်မိပြီး အငြင်းအခုံဖြစ်ခဲ့တယ်။”
ရှန်ချီဟွမ်းက ခွက်ထဲက လက်ဖက်ရည်ကိုသောက်ပြီး ပြောလိုက်သည်။ “တခြားဘာဖြစ်ခဲ့လဲ?”
“ပြီးတော့ ညနေအတန်းတက်ပြီး အိမ်သာသွားတိုင်း သူ့နဲ့ဆုံရင် သူက ကျွန်တော့်ကိုလမ်းပိတ်ပစ်တယ်။” နဥ်ကျဲ့က ရှန်းယုဟန်ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“သူက မင်းကိုဘာလုပ်ခဲ့လဲ? ထိုးတာလား ကန်တာလား? ဒါမှမဟုတ် ခြိမ်းခြောက်တာလား? သူမင်းကိုရိုက်လို့ ဒဏ်ရာရသွားတာမျိုးရှိခဲ့လား? သူမင်းကိုခြိမ်းခြောက်တာ ဒါမှမဟုတ် ဆဲဆိုတာမျိုးရှိခဲ့ရင် အသံသွင်းထားတာရှိလား? မဟုတ်ရင် မင်းလိမ်နေတယ်လို့ ယူဆလိုက်လို့ရလား။”
“ငါ….” နဥ်ကျဲ့က ရှန်းယုဟန်ကို မဝံ့မရဲဲကြည့်လိုက်သည်။ “ရှန်းယုဟန်၊ မင်းဘာလို့ဘာမှမပြောတာလဲ?”
ရုတ်တရုတ်နာမည်အခေါ်ခံလိုက်ရသော ရှန်းယုဟန်က သူ၏တောက်ပသောမျက်လုံးများကို သူ့ခင်ပွန်းဆီကနေ နဥ်ကျဲ့ဘက်ရွှေ့လိုက်သည်။ “မင်းနဲ့ပတ်သတ်ပြီး ဘာမှမမှတ်မိဘူး၊ အခု ငါ့ယောကျာ်းပြောတာပဲ နားထောင်မယ်။”
ရှန်ချီဟွမ်းက သူ့ပုံရိပ်ရုတ်တရက် မြှင့်တက်သွားသလို ခံစားလိုက်ရပြီး သူကစိတ်ကြည်လင်သွားသဖြင့် ထိရောက်သောနည်းလမ်းနှင့် ဖြေရှင်းဖို့ဆုံးဖြတ်လိုက်သည်။ “မင်းဘာလို့လိမ်ပြောတာလဲနားမလည်ဘူး။ မင်းပြောတာတွေက မသဲကွဲဘူး၊ ဒီလိုဆိုရင် ရှောင်ဟန်က မင်းကိုတောင်းပန်ဖို့ မဖြစ်နိုင်တော့ဘူး။”
နဥ်ကျဲ့က ရှန်ချီဟွမ်း၏အကြည့်အောက်တွင် ထိတ်လန့်နေပြီး သူက မတ်တပ်ထရပ်ကာ လွတ်ခနဲပြောမိလိုက်သည်။ “မှန်တယ်။ ကျွန်တော်လိမ်ခဲ့တယ်။ သူက ကျွန်တော့်ကိုအရင်ဆဲလို့ သူ့မှာမွေးအမေရှိပေမယ့် အမေမရှိတာနဲ့တူနေတယ်လို့ ပြန်ပြောခဲ့တယ်! အဲ့ဒီနောက်မှာ အဲ့ဒီစကားတစ်ခွန်းအတွက် သူက ကျွန်တော့်ကို ဆက်တိုက်အနိုင်ကျင့်ခဲ့တယ်!!”
ဟွမ်ရှန့်နှင့် တခြားသူတွေက ပို့လို့ပင်တိတ်ဆိတ်သွားသည်။
နဥ်ကျဲ့ဘာတွေပြောနေတာလဲ?
“သူက တစ်ဖက်သတ် အနိုင်ကျင့်ခံရတာမဟုတ်ဘူးလား?
ဘာလို့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေတာလဲ?
ထိုစကားကြားသည်နှင့် ရှန်းယုဟန်က ထိတ်လန့်သွားပြီး ဘယ်သူပင်ဖြစ်စေ အမေနဲ့ကိုင်ဆဲတာက တစ်ဖက်လူအတွက် ခါးသီးစရာကောင်းလွန်းသည်။ မူလကိုယ်ရှန်းယုဟန်က စိတ်တိုလွယ်လို့ သူ့ဘက်က ပြန်တိုက်ခိုက်တာ နားလည်ပေးလို့ရပေမယ့် နဥ်ကျဲ့က မူလကိုယ်ရှန်းယုဟန်ကိုယ်စား သူ့ကိုတောင်းပန်စေချင်သေးသည်။
“ငါ တောင်းပန်မှာမဟုတ်ဘူး။” ရှန်းယုဟန်က ပြောလိုက်သည်။
ရှန်းယုဟန်က အမှားလုပ်ခဲ့ရင်တောင် ဆုံးသွားတဲ့မိဘတွေကို ကျိန်ဆဲတာက ခွင့်မလွှတ်နိုင်စရာပင်။
နဥ်ကျဲ့က မျက်နှာလွှဲလိုက်ပြီး သူ့အိတ်ကိုဆွဲကာ ထွက်ပြေးသွားသည်။
သူတို့သူငယ်ချင်းထဲက တစ်ယောက်ကလိုက်သွားပြီး လူနှစ်ယောက်သာကျန်ခဲ့သည်။ တစ်ယောက်က ဟွမ်ရှန့်ဖြစ်ပြီး နောက်တစ်ယောက်က နှေးကွေးစွာ တုံ့ပြန်နေပြီး နောက်မှာကျန်နေခဲ့သည်။
ရှန်ချီဟွမ်းကို ရင်ဆိုင်တာက တကယ်ကိုဖိအားများလွန်းသည်!
ထိုလူက အနာဂတ်မှာ သူတို့အင်တာဗျူးဖြေမည့် ကုမ္ပဏီ၏သူဌေးဖြစ်နိုင်သဖြင့် တစ်ဖက်လူကိုစော်ကားတာက သူတို့အနာဂတ်ကို ဖျက်စီးပစ်သလို ဖြစ်မနေဘူးလား?
တွေးဖို့တောင် ဝမ်းနည်းဖို့ကောင်းလွန်းသည်။
ဟွမ်ရှန့်ခံစားနေရသည်မှာအဆိုးဆုံးပင်။ ရှန်းယုဟန်က သူ့အဖေပိုင်သော စတူဒီယိုမှာ အတန်းတက်နေတာဖြစ်လို့ အနာဂတ်မှာ သူ့ကိုနေ့တိုင်းတွေ့ရမှာဖြစ်သည်။
“ဥက္ကဋ္ဌရှန်း” ဟွမ်ရှန့်ကလည်း အတော်လေးရှက်နေသည်။ နဥ်ကျဲ့နှင့် ရှန်းယုဟန်ကြားက အတွင်းကျသောကိစ္စရပ်များကို ဘယ်သူကသိမှာလဲ! သူသာကြိုသိခဲ့ရင် ဒီညစ်ထေးသောကိစ္စမှာ ဝင်ပါမှာမဟုတ်ပေ။ အဓိက အကြောင်းအရင်းကတော့ သူရှန်ချီဟွမ်းကိုတွေ့ခဲ့တာပဲ!
“ခင်ဗျား ကျွန်တော့်အဖေကို သိလားမသိဘူး။”
“မင်းအဖေလား?” တောင်းပန်တာကို လိုလားသောသူက ထွက်ခွာသွားသဖြင့် ရှန်ချီဟွမ်းက စိတ်ကြည်နေသည်။ “သူ့နာမည်ကဘာလဲ?”
ဟွမ်ရှန့်က ပြောလိုက်သည်။ “ဟွမ်ထိုက်ဟို”
(နာမည်က ဧကရီလို့ အဓိပ္ပါယ်ရပါတယ်။)
ရှန်းယုဟန်က ထိုနာမည်ကြားသောအခါ လက်ဖက်ရည်ပူပူကြောင့် သူ့နှုတ်ခမ်းက အပူကျပ်သွားလေသည်။ ထိုနာမည်က တကယ်ကို မလေးစားရာကျလွန်းပေမယ့် သူ့ခင်ပွန်းက အတော်လေးကို တည်ငြိမ်နေသည်။
“အော်..ငါတို့ဆုံဖို့ အခွင့်အရေးမရသေးတာဖြစ်မယ်။ ဒါကြောင့် ငါတို့တစ်ယောက်နဲ့တစ်ယောက်မသိကြတာ။” သူက ထင်မြင်ချက်မပေးပဲပြောလိုက်သည်။ သူက စားပွဲထောင့်က လူနှစ်ယောက်ကိုကြည့်လိုက်သည်။ “ထောင့်မှာထိုင်နေတဲ့ မင်းသူငယ်ချင်းကို ငါတို့နဲ့ အတူလာစားဖို့ပြောလိုက်။ ရှောင်ဟန်ရဲ့ကိစ္စက လူနှစ်ယောက်ကြားက စကားငြင်းခုံမှုဖြစ်လို့ မင်းတို့ထဲကဘယ်သူကမှ သက်သေလုပ်ပေးလို့မရဘူး။ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေလည်းမရှိသလို ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာလည်း ဝေဖန်လို့မရဘူး။ မင်းတို့အများစုက ၉၈၅ ကျောင်းတော်က ကျောင်းသားတွေဆိုတော့ နောက်နှစ်ဆို အလုပ်သင်ဆင်းရတော့မယ်။ ငါမင်းတို့ကို အလုပ်သင်ခွဲတမ်းပမာဏ ငါးခုပေးနိုင်တယ်။ ဒါပေမယ့် မင်းတို့ နေနိုင်မလားဆိုတာကတော့ အရည်အချင်းပေါ်မူတည်တယ်။”
ရှန်ချီဟွမ်းက လက်ထောက်ချွီကို လုပ်ငန်းကတ်ငါးခုပေးလိုက်ပြီး ထိုကတ်များကို ကိုင်နေစဥ် သူတို့၏လက်များက တုန်ယင်နေသည်။
ဟွမ်ရှန့်က နည်းနည်းပိုတည်ငြိမ်နေပြီး သူ့မိသားစုက ပိုင်ဆိုင်မှုအနည်းငယ်သာရှိပေမယ့် ရှန်မိသားစုလို ချမ်းသာသော မိသားစုနှင့်ယှဥ်လျှင် သူတို့မိသားစုက သေးလွန်းသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ လုပ်ဆောင်မှုကို ဆက်တိုက်ကြည့်နေပြီး သူက ပြင်ဆင်လာခဲ့မှန်းသိသာပြီး သူ့ထက်ပိုစဥ်းစားပေးခဲ့သည်။ အလုပ်သင်ဆိုတာဘာလဲ သူမသိပေမယ့် သူလုပ်သမျှသည် ရှန်းယုဟန်၏ ရင်ထဲကိုနွေးထွေးစေသည်။
ရှောင်မင်၏မျက်နှာက ဂန္ဓမာပန်းတစ်ပွင့်လို ပြုံးနေသည်။ “ကျေးဇူးတင်ပါတယ်၊ ဥက္ကဋ္ဌရှန်း.. ကျွန်တော့်သူငယ်ချင်းကျဲ့မှာရော တစ်ခုရှိလားဗျ?”
ရှန်ချီဟွမ်း: “ဒါပေါ့၊ အတိတ်က ရှောင်ဟန်ရဲ့အပြုအမူတွေက သိပ်မကောင်းခဲ့ပေမယ့် သူက သူ့ကိုယ်သူပြုပြင်ဖို့ ကြိုးစားနေပါတယ်။ မိသားစုဝင်တစ်ယောက်အနေနဲ့ ငါက သူ့ကိုပြုပြင်ဖို့ အခွင့်အရေးပေးမယ်။ အခွင့်အရေးတွေက သူ့အတွက်အရေးကြီးသလို မင်းတို့အတွက်လည်း အရေးကြီးတယ်။”
အားလုံးက ရှန်ချီဟွမ်းကို ကျေးဇူးတင်နေပြီး သူတို့၏နေ့လည်စာကို မနှောင့်ယှက်ချင်တော့ပေမယ့် ဟင်းပွဲအားလုံးမှာပြီးနောက် ရှန်ချီဟွမ်းက သူတို့နဲ့အတူ ဆက်စားပေးသည်။
ရှန်းယုဟန်က ဖြစ်စဥ်တစ်ခုလုံးမှာ ပွင့်လင်းရိုးသားသူတစ်ယောက်အဖြစ်သာ သရုပ်ဆောင်ခဲ့ပြီး သူ့မျက်လုံးတွေက သူ့ခင်ပွန်း၏ ရှည်လျားကာ ခမ်းနားထည်ဝါသော ပုံရိပ်များနှင့်ပြည့်နေပြီး ရှန်ချီဟွမ်းကို မျက်နှာချိုသွေးနေခဲ့သည်။
နေ့လည်စာက သူတို့နှစ်ဦးအတွက် မြိန်လွန်းခဲ့၏။
ထို့နောက် ဟွမ်ရှန့်နှင့် တခြားသူများက ရှက်ကိုးရှက်ကန်း ထွက်ပြေးသွားခဲ့သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းအား အိမ်ပြန်ချင်လားလို့ မေးခဲ့သည်။
ရှန်ချီဟွမ်း: “ကုန်တိုက်ထဲရောက်နေမှတော့ စျေးဝယ်ထွက်ပြီး မင်းလိုအပ်တဲ့ အဝတ်အစားတွေကို ကြည့်ကြတာပေါ့။” သူဒီနေ့ဝတ်လာသော အဝတ်အစားများကို ကြည့်ကာ ပါးနေတယ်လို့ ခံစားလိုက်ရ၏။
ရှန်းယုဟန်က အခုဝတ်ထားသော အဝတ်အစားကို အမျိုးအစား မခွဲတတ်ပေ။ “ထူတာဝယ်မှာလား?” ဘာပဲဖြစ်ဖြစ် သူ့ပေါင်တွေကို မလှစ်ဟပြသရွေ့ အဆင်ပြေပါသည်။
ရှန်ချီဟွမ်း: “အွန်း၊ ဘယ်အထပ်လဲ ကြည့်ကြတာပေါ့။” သူက ပထမထပ်က ကုန်တိုက်လမ်းညွှန်ကိုကြည့်ကာ ရှန်းယုဟန်ကို စက်လှေကားဆီ တိုက်ရိုက်ခေါ်သွားလိုက်၏။
စက်လှေကားကို ပထမဦးဆုံးအကြိမ်စီးဖူးသော ရှန်းယုဟန်က ခြေတစ်လှမ်းပင် မလှမ်းရဲပဲ ရှန်ချီဟွမ်းက အရင်တက်သွားသောအခါ သူက စိတ်လှုပ်ရှားပြီး စက်လှေကားပေါ် ခြေလှမ်းဖို့ ကြံလိုက်သည်။ သို့သော် ထိုသို့ကြုံရာခြေလှမ်းများဖြင့် မတ်မတ်မရပ်နိုင်တော့ပဲ စက်လှေကား၏အရှိန်ကြောင့် နောက်ပြန်လဲကျမလိုဖြစ်သွားခဲ့သည်။ ကံကောင်းစွာပဲ ရှန်ချီဟွမ်းက သူ့ကိုအမြန်ဆွဲလိုက်ပြီး ရှန်းယုဟန်က ထိတ်လန့်ကာ သူ့လက်မောင်းထဲကို ခုန်ဝင်သွားသည်။ ထို့နောက် သူ့အင်္ကျီထောင့်ကိုဆွဲကာ လွှတ်မပေးတော့ပေ။
သူက နည်းနည်းထိတ်လန့်နေသည်။
ရှန်ချီဟွမ်းက သူ့ကို မတ်မတ်ရပ်နိုင်အောင် အရင်စောင့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ရှန်းယုဟန်၊ သတိထား.. မင်းလုံးဝငြိမ်မနေဘူး။”
ရှန်းယုဟန်က သူပထမဆုံးအကြိမ်စီးတာဖြစ်ကြောင်း မပြောနိုင်သဖြင့် ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။ သူက ပြန်တည်ငြိမ်သွားပြီးနောက် မျက်တောင်ခတ်ပြီး နှုတ်ခမ်းဖိကာ ပြောလိုက်သည်။ “ယောကျာ်း၊ ခုနက ရှောင်ဟန်လို့ ခေါ်တာလေ။”
ရှန်ချီဟွမ်းက ရင်ထဲကပြောလိုက်သည်။ သူက တမင်တကာ သူနဲ့ရင်းနှီးချင်ယောင်ဆောင်နေတာကို ရှန်းယုဟန်က မသိဘူးလား?
သူ၏တိတ်ဆိတ်မှုကြောင့် ရှန်းယုဟန်က သူ့ကိုထပ်မေးလိုက်သည်။ “ခင်ဗျားဘာလို့ ရှောင်ဟန်လို့ ထပ်မခေါ်တာလဲ?”
ရှန်ချီဟွမ်းက စိတ်မရှည်သလို ကြည့်လိုက်၏။ “ဘာကွာလို့လဲ?”
“ကွာတယ်” သူက တိုးတိုးလေးပြောလိုက်သည်။ “အဲ့ဒါက ကျွန်တော်တို့ကို ပိုရင်းနှီးစေလိမ့်မယ်။”
ရှေ့မှာရပ်နေသော ရှန်ချီဟွမ်းက ထိုစကားကိုကြားသွားပြီး ကြောင်ကလေးတစ်ကောင်၏ ကုတ်ခြစ်ခံရသလို ခံစားလိုက်ရသဖြင့် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
ဒါကလည်း သူ့ကိုမြှူစွယ်ဖို့ ရှန်းယုဟန်၏ လှည့်ကွက်အသစ်တစ်ခုဖြစ်ရမည်။
အရူးလုပ်မခံနဲ့!