Chapter 14
Viewers 959

Chapter 14


“အလွန်အရည်အချင်းရှိသော ခင်ပွန်း”


ချမ်းအေးလှသော ဆောင်းဦးရာသီက တိတ်တဆိတ် ချဥ်းကပ်လာသည်။ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ နွေးထွေး​သောလက်မောင်းထဲမှထကာ တိတ်တဆိတ်အပေါ်ကိုတက်လိုက်သည်။


သူက ပြတင်းပေါက်တံခါးကိုဖွင့်လိုက်သည်နှင့် ဆောင်းဦးလေက ညင်သာစွာတိုက်ခတ်လာပြီး သူ့လက်မောင်းက အေးလာသဖြင့် သူက ဆွယ်တာအင်္ကျီကိုကောက်စွပ်လိုက်သည်။

အားကစားဝတ်စုံက သူ့ကိုပိုငယ်စေပြီး သူ၏မူလမျက်နှာနှင့်ပိုတူလာသည်။


ရှန်းယုဟန်က ကိုယ်လုံးပေါ်မှန်တွင် သူ့နားရွက်ကိုဆွဲကာ နားကပ်တပ်လိုက်သည်။ သို့သော် ထိုသည်မှာ ရိုးရှင်းသောနားကပ်သာဖြစ်၏။


ယခုဆိုလျှင် သူ့နားမှာ နားကပ်အများကြီးရှိနေပြီး သူက မူလပုံပန်းသွင်ပြင်ကို ရချင်တာဖြစ်၏။ သူသည် ရတနာအိတ်ထဲက သိပ်မပေါ်လွင်သော ငွေရောင်ကြိုးတစ်ချောင်းကို တွေ့လိုက်ပြီး ဝတ်လိုက်တော့ ပိုလှသွားခဲ့သည်။


အရင်ကနဲ့ယှဥ်လျှင် ယခုဆံပင်ကပိုတိုသည်။


ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အမျိုးသားများက ဆံပင်တိုနှင့် သန့်ရှင်းသပ်ရပ်သော အသွင်အပြင်ကို နှစ်သက်ကြပြီး ဆံပင်ရှည်အမျိုးသားများ မရှိဘူးလို့တော့ မဆိုလိုပေမယ့် ပုံမှန်အားဖြင့် နည်းသည်။ 

ရှန်းယုဟန်က ဆံပင်အရှည်ထားဖို့ စဥ်းစားနေသည်။ သူသည်အတိတ်မှာ ဆံပင်လျှော်ပြီးရင် အခြောက်ခံဖို့ ခက်ခဲသဖြင့် ဆံပင်အရှည်မထားချင်ခဲ့ပေ။ သို့သော် ယခုအခါ ဆံပင်ခြောက်အောင်လုပ်နိုင်သော ဆံပင်လေမှုတ်စက်ရှိလာပြီဖြစ်၍ ဆံပင်အရှည်ထားလို့ရလေပြီ။ 


ရှန်ချီဟွမ်းက သူဆံပင်အရှည်ထားတာကို ကြိုက်ပါ့မလားတော့ မသိပေ။


ရှန်ချီဟွမ်းက ပိတ်ရက်ဆိုရင် ကုတင်ပေါ်မှာ ပျင်းရိစွာ လဲလျောင်းလေ့ရှိသည်။ ရှန်းယုဟန်က သူဒီနေ့အလုပ်နားတာကို သိသဖြင့် မနှောင့်ယှက်တော့ပဲ အောက်ထပ်မှာ မနက်စာသွားစားပြီး ဒရိုက်ဘာကို သင်တန်းလိုက်ပို့ခိုင်းခဲ့သည်။


ကားထဲရောက်တော့ ရှန်းယုဟန်က ရှန်ချီဟွမ်းကို သင်တန်းသွားပြီဖြစ်ကြောင်း မက်ဆေ့ပို့ခဲ့သည်။

“ယောကျာ်း၊ သင်တန်းသွားနေပြီ၊ ညနေ စန္ဒယားသင်တန်းမှာ လာတွေ့မလား? အဲ့ဒီကနေ ဟွမ်ရှန့်နဲ့ သွားတွေ့ကြမယ်။”


ရှန်းယုဟန်က ဟွမ်ရှန့်ပြောခဲ့သော မကျေနပ်ချက်များကို အကျဥ်းချုပ်ပြောပြခဲ့ပြီး ရှန်ချီဟွမ်းက ထိုကိစ္စကိုသိသည်။


ဒီမနက်စန္ဒယားသင်ခန်းစာက တစ်ယောက်ချင်းအတန်းဖြစ်ကာ သင်ပေးသူမှာ ရည်မွန်သော ဆရာတစ်ယောက်ဖြစ်ပြီး သူနှင့်အံဝင်ခွင်ကျဖြစ်သော သုံးလွှာဝတ်စုံကို ဝတ်ထားသည်။ ဤတေးဂီတသင်တန်း၏ ရွှေတံဆိပ်ဆုရဆရာများ၏ အခကြေးငွေမှာလည်း အလွန်စျေးကြီးသည်။




ရွှေတံဆိပ်ဆုရှင်ဆရာက လုံးဝမာနမကြီး​ပေ။ သူက ရှန်းယုဟန် ဂီတရမှတ်များကို သိမသိနှင့် တခြားဂီတတူရိယာများကို သင်ယူထားခြင်းရှိမရှိ ဦးစွာမေးမြန်းခဲ့သည်။



ရှန်းယုဟန်က ယောင်ချင်* လေ့လာထားကြောင့် ပြောလိုက်သည်။ 

(**ဂီတတူရိယာတစ်မျိုး)


ရွှေတံဆိပ်ဆုရှင်ဆရာက သူ့စွမ်းရည်အတွက် ချီးကျူးခဲ့ပြီး ​နောက်ရက်တွေမှာ အကြံဉာဏ်တောင်းမည်ဟု ပြောခဲ့သည်။


သို့သော် ရှန်းယုဟန်က စန္ဒယားမလေ့လာဖူးပေ။ တစ်ချိန်က ချူတိုင်းပြည်၏ အုပ်ချုပ်သူ တတ်မြောက်ထားသော အနောက်တိုင်းစန္ဒယားပညာက ဒီတစ်ခုနဲ့ တူလားတော့ မသိပေ။


ရှန်းယုဟန်သည် ဒီနေ့သူတို့ကို တွေ့နိုင်တာပဲကံကောင်းသည်။ သူက ဒီဘက်ခေတ်ကလူတွေထက် ကံကောင်းပုံရသည်။


ရှန်းယုဟန်က စန္ဒယားနှင့်ပတ်သတ်သော အခြေခံဗဟုသုတပင်မရှိပေ။ ရွှေတံဆိပ်ဆုရှင်ဆရာက ဂီတသံငါးသံကို စတင်သင်ကြားခဲ့ပြီး ရှန်းယုဟန်က ကောင်းကောင်းနားမလည်ပေ။ သူက ချီချင်အကြောင်းကိုသာ နားလည်ပြီး ဆရာသင်ပေးသော ဂီတံသံငါးသံကို နားမလည်တာကြောင့် အကူအညီမဲ့နေသည်။ သို့သော် ပထမရက်တွင် သူအိမ်ပြန်ပြီး ပြန်တွေးကြည့်စဥ် သူလေ့လာထားသော ဂီတအမှတ်နှင့် တူညီမှုအနည်းငယ်ကို တွေ့ခဲ့ရသည်။


အတန်းချိန်တွင် ဂီတအတန်း၏ ပြင်ပဧည့်ကြိုနေရာတွင် ချောမောသော အမျိုးသားတစ်ယောက် ထိုင်နေကြောင်း ရှန်းယုဟန်က မသိခဲ့ပေ။


ထိုအခိုက်အတန့်မှာ ထိုလူက အပြင်မှာရပ်နေသော မိန်းက​လေးများကို ဆွဲဆောင်နေပြီး ထိုမိန်းကလေးများက ဂီတအတန်းကို စာရင်းပေးသင့်မပေးသင့် စဥ်းစားနေသည်။


အချိန်က ဆယ်နာရီခွဲဖြစ်သည်။



ပြင်ပတွင်ထိုင်နေသောလူမှာ ရှန်ချီဟွမ်းဖြစ်သည်။


သူက ယနေ့တွင် ထချင်သည့်အချိန်မှထကာ နှိုးစက်ကို ပိတ်ထားခဲ့သည်။


ထလာပြီး​နောက် သူက သူ့ဘေးက နေရာလွတ်နေကြောင်း သိလိုက်ပြီး ရှန်းယုဟန်ကို ဘယ်နေရာမှရှာမတွေ့ခဲ့ပေ။ သူ့ဖုန်းကိုကြည့်ပြီး​နောက်မှာ ရှန်းယုဟန်က သင်တန်းကိုသွားတာဖြစ်ကြောင်း သိခဲ့သည်။ ရှန်ချီဟွမ်းက သူထွက်​ပြေးတာမဟုတ်မှန်း သိပြီးနောက် မျက်နှာသစ် သွားတိုက်လိုက်သည်။


မနက်စာအမြန်စားပြီးနောက် ရှန်ချီဟွမ်းက အိမ်မှာ အနည်းငယ်ပြောင်းလဲနေကြောင်း သတိထားမိခဲ့သည်။ စားပွဲပေါ်တွင် နက်ပြာရောင် ပန်းအိုးအသစ်တစ်လုံးရှိနေသည်။ ထိုအိုးက အနည်းငယ်သေးပြီး ပန်းမျိုးစုံကို စိုက်ထားသည်။ တချို့ပန်းကရှည်ကာ တချို့ကတိုပြီး စားပွဲပေါ်မှာတင်လိုက်သောအခါ အနုပညာလက်ရာတစ်ခုနှင့်တူ၏။ သူက ဘယ်လိုစိုက်ထားလဲမသိပေမယ့် အန်တီကြီးများ၏ လက်ရာနှင့် မတူသဖြင့် လက်ရှိ ပန်းအလှဆင်သင်တန်းတက်နေသော ရှန်းယုဟန်ဖြစ်ပေမည်။


သူက တကယ်အနုပညာပါရမီပါတာလား? သူ့ဆရာမက ကူစိုက်ပေးပြီး အိမ်ကိုပြန်ယူလာတာတော့ မဟုတ်ဘူးမလား?


သို့သော် ထိုလူက မကြာသေးခင်က အရမ်းပင်ပန်းနေပြီး ခေါင်းအုံးနှင့်ထိတာနဲ့ အိပ်ပျော်သွားသည်ကို တွေးမိလိုက်စဥ် သူအလုပ်ကြိုးစားနေတာကို တွေ့ခဲ့ရသဖြင့် ကိုယ်တိုင်လုပ်ခဲ့တယ်ဆိုတာကို သိလိုက်သည်။ 


သူ့ဘေးနားမှာ ယောကျာ်းလို့ခေါ်မည့်သူမရှိတော့ အလွန်ပျင်းစရာကောင်းပြီး ကွန်ပျူတာနှင့်ဖုန်းတောင်မတွေ့ချင်ပေ။ သူသည် ရှန်းယုဟန် နေ့လည်စာစားပြီးနောက် တီဗီကြည့်တာကို အနည်းငယ်ကျင့်သားရနေသည်။ သူကလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချပေးသော ဒရာမာများကို ကြည့်ရတာသဘောကျပြီး ရှန်းယုဟန်၏ ဝါသနာနှင့် စိတ်ဝင်စားမှုကိုတော့ မသိရသေးပေ။


ရှန်ချီဟွမ်းသည် ပိတ်ရက်မှာ သူငယ်ချင်းများနှင့် ဂေါက်ရိုက်ရန်၊ ညနေစာစားရန် ဖိတ်ခေါ်ပြီး အချိန်ဖြုန်းလေ့ရှိသည်။


သို့သော် ယခုအပတ်တွင် သူက ချိန်းဆိုမှုမပြုခဲ့ပေ။


ဂရုချက်ထဲမှာ ရွှင်မြူးနေသော သူငယ်ချင်းများကို​ကြည့်ကာ တချို့လူတွေက ညနေမှာ ဒင်နာအတူစားရန် ချိန်းဆိုထားကြပေမယ့် ရှန်ချီဟွမ်းက သွားဖို့အစီအစဥ်မရှိပေ။ ထို့နောက် လျှိုထန်ကလည်း အပြင်မှာတစ်ခုခုသွားစားရန် ချိန်းဆိုခဲ့သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်နဲ့လိုက်သွားရန် ကတိပေးခဲ့သဖြင့် တိုက်ရိုက်ငြင်းဆန်လိုက်သည်။


လျှိုထန်သည် ရှန်ချီဟွမ်းက လုပ်ငန်းစတင်တည်ထောင်စဥ် အနားယူဖို့သာ အာရုံစိုက်ခဲ့တာကိုသိသည်။ သို့သော် အချိန်အများစုမှာ ရှန်ချီဟွမ်းက ခရီးထွက်တာ ဒါမှမဟုတ် သူတို့နဲ့လည်ပတ်တာကိုသာ လုပ်တတ်သဖြင့် ယခုအခါတွင် တခြားတစ်ယောက်နှင့် ချိန်းထားတာက ထူးဆန်းနေသည်။



လျှိုထန်က ဖုန်းခေါ်လိုက်သည်။ “တကယ်မလာဘူးလား? နေ့ခင်းကျရင် နေ့လည်စာစားဖို့ ကလပ်ဟောက်စ်မှာချိန်းထားတယ်။ ဘွဲ့ရကျောင်းသားတစ်ယောက်လည်း ပါလာမှာဆိုတော့ မင်းနဲ့မိတ်ဆက်ပေးမလို့၊ မင်းမှာ တစ်ယောက်ရှိနေတယ်လို့ တင်းချွမ်က မနေ့ကပြောခဲ့တယ်၊ ဟုတ်လား?”


ရှန်ချီဟွမ်း: “ဘာတွေပြောနေတာလဲ၊ မရှိပါဘူး၊ ပေါက်ကရတွေမပြောနဲ့။”


သူသာ အပြင်မှာ​ခြေရှုပ်ရဲရင် အငိုသန်တဲ့ရှန်းယုဟန်နဲ့ဆိုရင် အိမ်က ရေမြုပ်သွားမှာပင်။ 


လျှိုထန်က ပြုံးလိုက်သည်။ “သူငါ့ကို ဒီအတိုင်းပြောခဲ့တာပါ။ တခြားဘာမှမပြောခဲ့ဘူး။”



ရှန်ချီဟွမ်း: “လျှောက်ပြောမနေကြနဲ့။”



လျှိုထန်: “ငါနားလည်ပြီ၊ ဒီအတင်းအဖျင်းကို ငါ့ဆီမှာပဲထားမယ်”


ရှန်ချီဟွမ်း: “ငါ့ဒီနေ့တကယ်လုပ်စရာရှိလို့ပါ၊ မင်းတို့ပဲပျော်ကြပါ။”


လျှိုထန်: “ဒါဆို မင်းအတော်ထူးဆန်းနေကြောင်း ငါသူတို့ကိုပြောလိုက်မယ်။”


ရှန်ချီဟွမ်းက ရင်ထဲကနေပြောလိုက်သည်။ သူ ရှန်းယုဟန်ကို ကူညီနေတာကို လျှိုထန်နှင့် တခြားသူတွေသာ သိခဲ့ရင် သေအောင်ရယ်ကြမှာပင်။ သူတို့ ဒီအကြောင်းသိလို့မရပေ။ အကြောင်းမှာ သူနဲ့ရှန်းယုဟန်က လက်ထပ်ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ဝင်မရှုပ်ပဲ ကိုယ့်ဘဝနဲ့ကိုယ်နေကြမှာဖြစ်ကြောင်း အာမခံခဲ့လို့ပင်။

သို့သော် ယခု ရှန်းယုဟန်က သူ့ကိုမြှူစွယ်ဖို့ ကြိုးစားနေသဖြင့် သူက ရှန်းယုဟန်နှင့် ဆန့်ကျင်ဘက်ကို ချက်ချင်းသွားလို့မဖြစ်ပဲ ရှန်းယုဟန် ဘာလုပ်ချင်ပြီး ဘာလိုချင်သလဲဆိုတာကို အဖြေရှာရမည်ဖြစ်သည်။


သူက ရှန်းယုဟန်၏ ဝီချက်အသံမက်ဆေ့ကို နောက်တစ်ကြိမ် ထပ်နားထောင်လိုက်သည်။


သို့သော် သူက ယောကျာ်းလို့အခေါ်ခံရတာကို အတော်ကြိုက်ပြီး သရုပ်ဆောင်မှုက သဘာဝဆန်လွန်းသည်။


ဒါက ရှန်းယုဟန် စန္ဒယားလေ့လာနေသည့် အတန်းရှေ့မှာ ရှန်ချီဟွမ်းပေါ်လာပြီး စန္ဒယားစတူဒီယို၏ ယာယီဆိုင်းဘုတ်ဖြစ်လာပုံဖြစ်သည်။



မန်နေဂျာက သူ့ကို ကော်ဖီနှင့်မုန့်ချပေးပြီး ဒီဧည့်သည်၏ ထူးကဲရည်မွန်သောမျက်နှာက ပိုကြာကြာခံဖို့ မျှော်လင့်နေသည်။


ရှန်းယုဟန်၏အတန်းက ကိုးခွဲကနေ ဆယ့်တစ်ခွဲဖြစ်သည်။


သူနဲ့သူဆရာ ပြန်ထွက်လာစဥ် အပြင်မှာ အနားယူထိုင်ခုံတွင် လူတစ်စုအုံနေတာကို တွေ့လိုက်ရပေမယ့် အားလုံးထဲမှာ ထင်သာမြင်သာသူက ဖုန်းနှင့်ဂိမ်းကစားနေသော ရှန်ချီဟွမ်းဖြစ်သည်။


မိန်းကလေးအများစုက သူ့နားမှာတမင်ထိုင်ကာ စကားပြောနေကြသည်။ သူတို့က အချိန်တိုင်းလိုလို နန့်တန့်တန့်ရယ်နေကြပြီး အကုန်လုံးက ချမ်းသာပြီး အာဏာကြီးသော မိသားစုမှ မိန်းကလေးများဖြစ်ကြသည်။ သို့သော် တချို့က ရှန်ချီဟွမ်း အာရုံစိုက်လာစေရန် သွယ်လျသော ပေါင်ဖြူဖြူများကို ဖော်ပြထားကြသည်။

ဘာလို့အဲ့လိုလုပ်တာလဲ၊ ရှန်ချီဟွမ်းက သူ့ခင်ပွန်းလေ!




ရှန်းယုဟန်က သူ့ကိုတံခါးအပြင်လိုက်ပို့ပေးသော ရွှေတံဆိပ်ဆုရှင်ဆရာကို ချက်ချင်းထားခဲ့ပြီး ရှန်ချီဟွမ်း၏ မူပိုင်ခွင့်ကို ကြေညာရန် အမြန်ပြေးသွားခဲ့သည်။



“ယောကျာ်း၊ စောင့်နေတာကြာပြီလား?”


သူပြောလိုက်တာနှင့် သူ့နောက်က ရွှေတံဆိပ်ဆုရှင်ဆရာအပါအဝင် သူ့နားကလူတွေအားလုံး တိတ်ဆိတ်သွားကြသည်။


ရှန်ချီဟွမ်းက ခေါင်းမော့ကာ ဖုန်းကိုချလိုက်သည်။ “မကြာသေးပါဘူး၊ မင်းအတန်းပြီးပြီလား?”


“ပြီးသွားပြီ” ရှန်းယုဟန်က ရှန်ချီဟွမ်းအနားကပ်သွားသည်။ “သွားကြတော့မလား?” သူက သူ့ယောကျာ်း ပေါင်ဖြူဖြူတွေကို သတိထားမိသွားမှာ မလိုလားပေ။ 


စန္ဒယားစတူဒီယို၏ မန်နေဂျာက သူတို့ကို ပြုံးပြခဲ့သည်။


ရွှေတံဆိပ်ဆုရှင်ဆရာက မန်နေဂျာကိုမေးလိုက်သည်။ “အဲ့ဒါဘယ်သူလဲ?”


ဒါက ဒီနယ်ပယ်မှာ စျေးအကြီးဆုံး စန္ဒယားစတူဒီယိုဖြစ်ပြီး လာရောက်သူတိုင်းက ချမ်းသာသော အထက်တန်းလွှာများ ဖြစ်ကြသည်။

မန်နေဂျာက ပြောလိုက်သည်။ “မင်းသူ့ကိုမှတ်မိလား? သူက ရှန်မိသားစုဝင် ရှန်ချီဟွမ်းလေ”


ရွှေတံဆိပ်ဆုရှင်ဆရာက ခေါင်းညိတ်ပြသည်။ “သူနဲ့ရှန်းယုဟန်က ဘယ်လိုဆက်ဆံရေးမျိုးလဲ?”

မန်နေဂျာက ပြောလိုက်သည်။ “အတော်ချစ်ကြတဲ့ ခင်ပွန်းနဲ့ဇနီးဆက်ဆံရေး”



ရွှေတံဆိပ်ဆုရှင်ဆရာက ပြုံးလိုက်သည်။ ဒီအချစ်က စစ်မှန်လား မမှန်လားသိပေမယ့် သူက ရှန်မိသားစု၏ နောက်ထပ်သခင်လေးတစ်ယောက်ဖြစ်သော ရှန်ချီယွင်ကိုတော့သိသည်။


ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က စန္ဒယားစတူဒီယိုမှ ထွက်ခွာသွားသောအခါ ကောင်းကင်က အိမ်ကထွက်လာတုန်းကထက် နက်မှောင်နေပြီး လေးအေးတိုက်ခတ်နေသည်။ ရှန်းယုဟန်၏ အဝတ်အစားက ပါးလွှာနေသဖြင့် သူက လေစိမ်းကြောင့် ကျုံ့ဝင်သွားသည်။


“ဝတ်ထားတာ ဒီလောက်ပါးနေတာကို မအေးရင် ထူးဆန်းနေပြီ။” ရှန်ချီဟွမ်းက သူ့ကိုပြောလိုက်သည်။ 


ရှန်းယုဟန်က အမှန်အတိုင်းပြောလိုက်သည်။ “အိမ်ကထွက်လာတုန်းက ကုတ်ထူထူရှာမတွေ့လို့ အဲ့လောက်အေးမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် အပူချိန် ရုတ်တရက်ကျဆင်းသွားမယ်လို့ ဘယ်သူကထင်မှာလဲ”


သူပြောပြီးသည်နှင့် ကုတ်တစ်ထည်က သူ့ပခုံးပေါ်ရောက်လာပြီး ထိုသည်မှာ ရှန်းယုဟန်၏ မတူညီသော ရေမွေးရနံ့နှင့် ပေါ့ပါးသော ကုတ်အင်္ကျီဖြစ်သည်။ 


“ကျွန်တော်ခင်ဗျားကုတ်ဝတ်လိုက်တော့ ခင်ဗျားက ဘာဝတ်မှာလဲ?”


“ငါ့ကိုယ်ခံအားက မင်းထက်ကောင်းတယ်၊ မင်းဖျားရင် မင်းကိုဂရုစိုက်ဖို့ လူတစ်ယောက်လိုလိမ့်မယ်။ ကားပါကင်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်။” ဒါက စီးပွားရေးလမ်းဆုံဖြစ်ပြီး ကားထိုးရပ်ဖို့မလွယ်သဖြင့် သူက နည်းနည်းဝေးသောနေရာတွင် ပါကင်ထိုးခဲ့သည်။



ရှန်းယုဟန်က လူတွေကို ဒုက္ခပေးရတာ တကယ်မကြိုက်ပေ။ “ကျေးဇူးပါယောကျာ်း”



ရှန်ချီဟွမ်းက ရှန်းယုဟန် ဘာလို့ကျေးဇူးတင်ရတာ အရမ်းကြိုက်လဲဆိုပြီး တွေးနေခဲ့သည်။


“မင်းတစ်ချိန်လုံးကျေးဇူးတင်စရာမလိုပါဘူး”


“ကောင်းပြီ” ရှန်ချီဟွမ်း သတိပေးပြီးနောက် ရှန်ချီဟွမ်းက သူ့ခင်ပွန်းဖြစ်တာကြောင့် ကျေးဇူးတင်စရာမလိုကြောင်း သိလိုက်ရသည်။


မီးနီရပ်သွားစဥ် သူတို့က လမ်းဖြတ်ကူးရသဖြင့် ဖြတ်သွားဖြတ်လာများရှိနေသောကြောင့် ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် လိုက်မမီနိုင်ဖြစ်နေသည်။ သူက လမ်းသွားလမ်းလာကိုပင် တိုက်မိလုနီးပါးဖြစ်သွားတာကြောင့် ရှန်ချီဟွမ်းက နောက်လှည့်ကာ သူ့ကိုပြန်ဆွဲလိုက်ရသည်။


သူ့ခင်ပွန်း၏ အဝတ်အစားများကို ဝတ်ထားကာ ခင်ပွန်းက လက်ကို ကိုင်ထားသဖြင့် ရှန်းယုဟန်၏မျက်နှာမှာ စတင်ပူနွေးလာခဲ့သည်။


သူတို့နှစ်ယောက်က ကုတစ်တစ်ခုတည်းမှာ အတူအိပ်ကြသော်လည်း လင်မယားအရာမရောက်မကြသေးပဲ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလည်း နည်းသွားခဲ့သည်။ ဤမမျှော်လင့်ထားသော အထိအတွေ့ကြောင့် ရှန်းယုဟန်၏ ရင်ခုန်သံကမြန်လာပြီး အားသိပ်မသုံးရဲပဲ ရှန်ချီဟွမ်း၏လက်ကို ပြန်ကိုင်ထားလိုက်သည်။


အပြင်မှာ လူတွေအများကြီးရှိနေဆဲပင်။


လမ်းကူးပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကို လွှတ်ပေးလိုက်သည်။


ရှန်းယုဟန်က နွေးထွေးနေသော သူ့လက်ကို အိပ်ကပ်ထဲထည့်ကာ လက်ချောင်းများကို ကွေးညွတ်လိုက်ပြီး သူ့ခင်ပွန်းက သူ့ကို ပိုကြာကြာကိုင်ထားဖို့ တောင့်တနေသည်။


ထိုစဥ် ရှန်ချီဟွမ်းက အနည်းငယ်တိတ်ဆိတ်နေသည်။


ရှန်းယုဟန်က ဆယ့်သုံးနှစ်အရွယ်လည်း မဟုတ်တာကို သူက ဘာလို့စိတ်ပူနေရတာလဲ။


သို့သော် သူက ရှန်းယုဟန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုရှိနေတာကိုမြင်ခဲ့၏။ သူရှုပ်ထွေးနေတာဖြစ်ပေလိမ့်မည်။


ဖူယွမ်ပလာဇာ။


ဟွမ်ရှန့်​က ရှန်းယုဟန်ကို လိပ်စာပို့ပေးထားသည်။ ယင်းမှာ ဖူယွမ်အဆောက်အအုံမှ စားသောက်ဆိုင်တစ်ခုဖြစ်သည်။ သူတို့က ဧည်််ခန်းက ခုံများကို ရွေးချယ်ထားပြီး ရှန်းယုဟန်ကို အရှက်ခွဲကာ တခြားသူများလည်း သူ၏ရှက်စရာကောင်းသော အခြေအနေကို မြင်တွေ့နိုင်ရန်ဖြစ်သည်။


နှာခေါင်းထိပ်တွင် ဝက်ခြံပေါက်နေသောနဥ်ကျဲ့က ဟွမ်ရှန့်ကို မေးလိုက်သည်။ “ငါတို့လုပ်နိုင်ပါ့မလား? ဒီနေရာက လူသွားလူလာအရမ်းများတယ်”


ဟွမ်ရှန့်က ပြောလိုက်သည်။ “ဘာမှားလို့လဲ၊ အရှက်ကွဲမှာရှန်းယုဟန်လေ၊ မင်းမှမဟုတ်တာ။ ငါအားလုံးပြင်ဆင်ပြီးပြီ။ ရှောင်မင်က ပုန်းနေပြီး ရှန်းယုဟန် တောင်းပန်နေတဲ့ဗီဒီယိုကို ရိုက်လိမ့်မယ်။ သူမင်းကိုအနိုင်ကျင့်ခဲ့ပြီး အခုမင်းသူ့ကို ဘယ်လိုအနိုင်ကျင့်မလဲ၊ တန်ပြန်လက်စားချေတာကို နားလည်လား?”


သူ့ဘေးက သူငယ်ချင်းအချို့ကလည်း ထောက်ခံလိုက်၏။ “ဟွမ်ရှန့်ပြောတာမှန််တယ်။ မင်းစိတ်ထားကောင်းနေလို့မရဘူး နဥ်ကျဲ့၊ မင်းက ကြင်နာတတ်လွန်းတယ်။ အစတည်းကသာပြောခဲ့ရင် မင်းသူ့ဆီက တစ်ချိန်လုံး အနိုင့်ကျင့်ခံခဲ့ရမှာမဟုတ်ပဲ ငါတို့ သေချာပေါက် မင်းကိုကူညီနိုင်ခဲ့မှာ!”



အရှက်ကွဲရခြင်းခံစားချက်ကို ပြန်တွေးမိလိုက်သော နဥ်ကျဲ့၏မျက်လုံးများက ဒေါသဖြင့်ပြည့်နှက်နေသည်။ “ကောင်းပြီ၊ သူငါ့ကိုတောင်းပန်တာကို လူတိုင်းသိသွားပါစေ၊ ဒါမှ သူငါ့ကိုဘယ်လိုအနိုင်ကျင့်ခဲ့လဲ လူတိုင်းသိသွားမှာ!”


ဆယ်မိနစ်စောင့်ပြီးနောက် သူတို့စောင့်နေသော လူက နောက်ဆုံးတွင်ရောက်လာခဲ့သည်။


ထိုလူရောက်လာပေမယ့် တစ်ယောက်တည်းတော့မဟုတ်ပေ။

ထိုအချိန်တွင် ရှန်းယုဟန်​က သူတို့ကို ရှာတွေပြီဖြစ်၏။


သတ္တိကိုရှေ့တန်းတက်ကာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ထိုလူအုပ်စုနှင့် မိတ်ဆက်ပေးလိုက်သည်။ “ဒါငါ့ခင်ပွန်းရှန်ချီဟွမ်း။”


ရှန်ချီဟွမ်းက အပြင်မထွက်ခင် အနက်ရောင်ကိုယ်ကျပ်တစ်ထည်ကို တမင်တကာဝတ်ဆင်ထားပြီး သူ၏ရှည်လျားသောအရပ်က ယခုချိန်တွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်နေခဲ့သည်။

ရှန်ချီဟွမ်းက ခေါင်းညိတ်ပြကာ သူတို့အား စူးရှသောမျက်လုံးများဖြင့် စစ်ဆေးလိုက်သည်။ “ဟယ်လို”


ဟွမ်ရှန့်နှင့်တခြားသူများ: “......”


တောင်းပန်ဖို့လာတာကို အတိုက်အခိုက်တော်ပုံရတဲ့ မင်းယောကျာ်းကိုခေါ်လာဖို့ လိုအပ်လို့လားကွ!