Chapter 13
Viewers 964

Chapter 13 


“သူကအမြဲတမ်းချွဲနေတာပဲ”

ရှန်ချီဟွမ်းသည် အပေါ်တက်သွားသော ရှန်းယုဟန်၏ နောက်ကျောကိုကြည့်လိုက်သည်။ သူသည် ထိုလူနှင့် နှစ်ရက်အတူနေပြီး​နောက် သူက အတိတ်တွင် ရှန်းယုဟန်နှင့်ပတ်သတ်ပြီး ပုံသေသဘောထားရှိခဲ့ပြီး ယခုတွင် ရှန်းယုဟန်က သူစစ်ဆေးခဲ့သော အချက်အလက်နှင့် ကွဲပြားနေတာကို တွေ့လိုက်ရသည်။ သူသည် ထိုလူ၏ မျက်လုံးများကိုကြည့်ရုံဖြင့် အကြံအစည်ရှိသည်လား၊ အပြစ်ကင်းပြီး ရိုးသားသည်လား ခွဲခြားနိုင်သည်။ သူက သုံးဆယ်မပြည့်သေးသော်လည်း ငယ်စဥ်ကတည်းက အိမ်တွင်းတိုက်ပွဲကြားမှာ ကြီးပြင်းလာသဖြင့် အပြန်အလှန်လှည့်ဖြားနေကြသည့် လူစုထဲမှာ ကွဲပြားသူကို ခွဲခြားနိုင်သော မျက်လုံးရှိသည်။



သူသည် တစ်ဖက်လူ၏စကားနှင့် အမူအကျင့်၊ ပညာရေးနှင့် ဘယ်လိုမိဘမျိုး၏ သင်ကြားမှုအောက်မှာ ကြီးပြင်လာသည်ကို ကြည့်ခြင်းဖြင့် သူတို့၏အတွေးများကို ခန့်မှန်းနိုင်သည်။ လွန်ခဲ့သည့်နှစ်တွေမှာ သူသင်ယူခဲ့ရတာတွေကြောင့် ရှန်းယုဟန်က သူထင်ထားသလို အကြံသမားမဟုတ်တာကို တွေ့လိုက်ရသည်။


သို့သော် ဝီချက်၏ ပထမဆုံးနေရာမှာ ဇနီးဆိုသော မှတ်စုကို တွေ့လိုက်ရစဥ် ညက သူမူးနေတုန်း တိတ်တဆိတ်ပြောင်းခဲ့တာလား မသေချာခဲ့ပေ။ သူက မူးလာရင် အလွယ်တကူအိပ်ပျော်သဖြင့် သူက ဝီချက်တွင်အပ်ဖို့ လက်ခံခဲ့တာကိုပဲမှတ်မိသည်။ တ​ခြားအရာများက မှုန်ဝါးဝါးဖြစ်နေပြီး မှတ်မိဖို့ ခဲယဥ်းနေသည်။


ရှန်ချီဟွမ်းက မှတ်စုကိုနှိပ်ကာ ထိုနာမည်ပြောင်ကို ပြောင်းလိုက်ချင်ပေမယ့် ဖျက်သည့်ခလုပ်ကို နှိပ်တော့မည်အချိန် တုံ့ဆိုင်းနေခဲ့သည်။


ထားလိုက်ပါတော့။ ရှန်းယုဟန်က သူ့အပေါ် ဘာလုပ်ချင်သေးလဲ စောင့်ကြည့်တာပေါ့။ အနည်းဆုံးတော့ သူက သူ့နောက်ကွယ်မှာ ရှန်ချီယွင်နဲ့တွေ့ပြီး သူ့ကို အရှက်မခွဲသေးဘူးလေ။


ဒုတိယထပ်တွင် စာဖတ်ခန်းနှစ်ခန်းရှိပြီး တစ်ခန်းက ကွန်ပျူတာစက်ပစ္စည်းများနှင့် ပြည့်နေကာ နောက်တစ်ခန်းက လွတ်နေသည်။ ဘေးခန်းနှင့်ယှဥ်လျှင် ခေတ်မီစားပွဲဖြူတစ်လုံးနှင့် ထိုင်ခုံတစ်လုံးသာရှိသည်။ အန်တီဝမ်က နေ့တိုင်းသန့်ရှင်းရေးလုပ်ထားသဖြင့် စားပွဲမှာဖုန်တစ်စက်မှမရှိပဲ သန့်ရှင်းနေသည်။ 


ရှန်းယုဟန်က ထိုအခန်းကိုရွေးကာ ပစ္စည်းတစ်စွန်းတစ်စကို စီလိုက်သည်။



ခဏအကြာတွင် စားပွဲခုံက ပိုသန့်ရှင်းသွားပြီး လေထုကလည်း ပြောင်းလဲသွားသည်။


ဤနေရာက ရှန်းမိသားစုမဟုတ်ပေ။ နေရာကသေးပြီး သူ့မှာရှိခဲ့သည့် စာဖတ်ခန်းအဖြစ် မပြောင်းနိုင်ပေ။ သို့သော် ဒီနေရာက ရှန်ချီဟွမ်းနှင့် သူ မျှဝေနေထိုင်သော နေရာဖြစ်ပြီး ရင်းနှီးသော စာရေးကိရိယာကို မြင်နေရသဖြင့် ပိုင်ဆိုင်သည့်ခံစားချက်လေးတော့ ရှိနေခဲ့သည်။


အရင်က သူဝယ်ခဲ့သောရတနာများက အိမ်တော်မှာကျန်ခဲ့တာ နှမြောစရာပင်။ သူက ထိုပစ္စည်းတွေ ဘယ်သူ့လက်ထဲရောက်သွားလည်း မသိပေမယ့် ဓားပြတွေ ဖျက်စီးပစ်လိုက်မှာကိုကြောက်သည်။


ထိုအတွက်တော့ ​ဝမ်းနည်းစရာနဲ့ နောင်တတွေပဲရှိသည်။




ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက အဆက်အဆံသိပ်မရှိသေးသဖြင့် သူတို့က ဝါသနာတူလား မသိရသေးပေ။ တစ်ယောက်က အောင်မြင်သည့်လုပ်ငန်းရှင်၊ တစ်ယောက်က ခေတ်သစ်က အရာများကို သင်ယူနေဆဲဖြစ်ပြီး ဆွေးနွေးကြဖို့ ခေါင်းစဥ်အများကြီး မရှိပေ။


သို့သော် သူတို့နှစ်​ယောက်က ညစာအတွက် အတူထိုင်ပြီး သဟဇာတဖြစ်နေသည်။


ဒီနေ့မီနူးက ပေါ့ပါးပြီး မနေ့ကအရက်သောက်ခဲ့သော ရှန်ချီဟွမ်းနှင့်သင့်တော်သည်။ ရှန်းယုဟန်ကလည်း အရသာပေါ့တာကို ကြိုက်သဖြင့် သူတို့နှစ်ယောက်က အစားအသောက်မှာတော့ အကြိုက်တူကြသည်။

ရှန်းယုဟန်က ဒီနေ့အသီးအနှံ​များက အရမ်းနူးညံ့တယ်လို့ ပြောလိုက်သဖြင့် ရှန်ချီဟွမ်းက များများစားလိုက်သည်။


ရှန်ချီဟွမ်းက ပိန်းဥဝက်နံရိုးကြော် အရမ်းနူးညံ့တယ်လို့ ပြောလိုက်သဖြင့် ရှန်းယုဟန်က ပိန်းဥနှစ်ကိုက်မြည်းပြီး အရသာကိုကြိုက်သွားသည်။ 



ဒီနေ့အတွက် ကြာပန်းစွပ်ပြုတ်က ချိုလွန်းသည်။ ရှန်းယုဟန်ကလည်း ကြိုက်သဖြင့် ပန်းကန်လုံးတစ်ဝက်လောက် သောက်ပစ်လိုက်သည်။ သူက ကိုးမှတ်ထိပြည့်အောင် စားလိုက်ပြီး ဗိုက်တင်းသွားခဲ့သည်။


ညစာစာပြီးနောက် ရှန်းယုဟန်က တီဗီခဏကြည့်ပြီး ပန်းချီလေ့ကျင့်ရန် စာဖတ်ခန်းကို သွားခဲ့ပြီး ရှန်ချီဟွမ်းက စာဖတ်ခန်းထဲမှာ သူငယ်ချင်းများနဲ့ စကားပြောနေသည်။ 


သူ့သူငယ်ချင်းများက အသက်မကြီးသေးသဖြင့် လက်မထပ်ရသေးတာကို ထည့်တွက်ရင် နှစ်ယောက်သာရှိတော့သည်။


သူက နေ့ခင်းက ကူညီပေးခဲ့သော အိမ်ထောင်ရှင်သူငယ်ချင်းတစ်ဦးနှင့် စကားစမြည်ပြောနေသည်။

ဟုတ်သည်၊ ရှန်ချီဟွမ်းက ပြင်ပအကူအညီယူခဲ့သည်။ မဟုတ်ရင် အလုပ်ပြီးတာနဲ့ ရှန်းယုဟန်ကို သွားကြိုခဲ့မှာမဟုတ်ပေ။



တင်းချွမ်: ငါ့နည်းလမ်းအလုပ်ဖြစ်လား?


ရှန်ချီဟွမ်း: ပြေလည်သွားပြီ။


တင်းချွမ်: မင်းကိုစိတ်ညစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ?



ရှန်ချီဟွမ်း: မင်းမသိတာပဲကောင်းတယ်။


တင်းချွမ်: မင်းနဲ့လက်ထပ်ခဲ့တဲ့ ရှန်းယုဟန်မလား?


ရှန်ချီဟွမ်း: သူဘယ်လိုဖြစ်နိုင်မလဲ၊ သူကငါ့ဆီက ကောင်းကောင်းဆက်ဆံခံရဖို့ ထိုက်တန်လို့လား?


တင်းချွမ်: မှန်တယ်၊ သူ့ဂုဏ်သတင်းက အတော်ဆိုးတယ်။ ဒါနဲဲ့ မင်းက လူတွေကို မချော့တတ်ဘူး။ တစ်ဖက်လူကို ပိုက်ဆံဘယ်လိုပေးလိုက်နိုင်ရတာလဲ၊ ေနာက်တစ်ကြိမ် တစ်ခုခုဖြစ်ရင် စျေးဝယ်ထွက်ဖို့ခေါ်သွားပြီး လက်ဆောင်ပေးလိုက်။ အမှန်ပြောရရင် မင်း လူတွေကို တိတ်တဆိတ်ပျိုးထောင်နေတာ ဘယ်သူမှမသိစေနဲ့။



ရှန်ချီဟွမ်း: ငါ့မှာဘယ်သူမှမရှိပါဘူး။


တင်းချွမ်: သူ့ကို ငါ့ဆီခေါ်လာပြီး မိတ်ဆက်ပေးဦး


ရှန်ချီဟွမ်း: ဘယ်သူမှမရှိဘူးလို့။


ခဏလောက်စကားပြောပြီး ရှန်ချီဟွမ်းက ကွန်ပျူတာဖွင့်ကာ အလုပ်လုပ်နေသည်။ အချိန်ကုန်လာသည်နှင့် တစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။


ထိုသည်မှာ ဖုန်းထဲက အိပ်ချိန်သတိပေးသံ ဆယ့်တစ်မတိုင်ခင်ထိဖြစ်သည်။ ရှန်းယုဟန်က ဒီည တံခါးလာမခေါက်ခဲ့ဘူး။


အိပ်နေပြီလား?


ရှန်ချီဟွမ်းက စာဖတ်ခန်းကထွက်ပြီး သူ့အခန်းကိုပြန်မလို့ လုပ်နေစဥ် ဘေးခန်းက မီးဖွင့်ထားတာကို တွေ့လိုက်ရသည်။


ညသန်းခေါင်ထိမအိပ်သေးဘူး၊ ဂိမ်းဆော့နေတာလား?


တံခါးက တစ်ဝက်ပဲပိတ်ထားသဖြင့် ရှန်ချီဟွမ်းက တံခါးခေါက်ကာ တွန်းဖွင့်လိုက်သည်။


ထိုအချိန်တွင် ရှန်းယုဟန်က လက်ရေးလှရေးနေပြီး သူ့ကိုယ်ဟန်က တည်ငြိမ်နေပြီး သူ့ကို ပြန်မတုံ့ပြန်ပေ။


တံခါးနားတွင်ရပ်ကာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မေးလိုက်သည်။ “ရှန်းယုဟန်၊ မအိပ်သေးဘူးလား?”


သူက သူ့ဘေးက အမှိုက်ပုံးတွင် လုံးထွေးထားသော စက္ကူအပုံကိုတွေ့လိုက်ရပြီး ကြည့်ရတာ ရှန်းယုဟန်က ဘောပင်နဲ့ ရုန်းကန်နေပုံရသည်။

ဒီလိုဇွဲရှိတာကောင်းပေမယ့် အိပ်ချိန်နောက်မကျသင့်ပေ။


ရှန်းယုဟန်က ဘာဆွဲရမလဲ မဆုံးဖြတ်ရသေးပဲ ဆရာမက နောက်ဆုံးရက်က နောက်တစ်ပတ်အင်္ဂါနေ့လို့ ပြောခဲ့သဖြင့် သူက အင်္ဂါမရောက်ခင် ပြီးအောင်ရေးရမည်။ သို့သော် ဒီညရေးထားတာကို မကျေနပ်သေးပဲ နောက်တစ်ပုံထပ်ဆွဲနေသည်။ 


သူက တစ်ညတည်းနဲ့ မပြီးနိုင်ခဲ့ပဲ အချိန်အများကြီး ဖြုန်းမိသွားသည်။


ထိုသည်မှာ ရှန်ချီဟွမ်း၏ အသံကို မကြားခင်အထိဖြစ်သည်။ “အွန်း?” အရမ်းနောက်ကျနေပြီ?”


ရှန်ချီဟွမ်းက သူ့ကိုသတိ​ပေးလိုက်သည်။ “ဆယ့်တစ်နာရီထိုးနေပြီ”


“ဒါဆိုသွားအိပ်လိုက်ပါမယ်။” ရှန်းယုဟန်က သူ့စုတ်တံကိုချကာ လက်ဆစ်ကိုအကြောလျှော့လိုက်ပြီး စားပွဲရှင်းကာ အခန်းထဲဝင်သွားခဲ့သည်။


ရှန်ချီဟွမ်းက သူ့အခန်းကိုပြန်ဖို့ လုပ်လိုက်သည်။

သူ့အခန်းဘက်လှည့်တော့မလို လုပ်နေစဥ် သမ်းဝေနေသော ရှန်းယုဟန်က တံခါးကိုတွန်းဖွင့်ကာ သူ့ကိုမေးလာသည်။ “ယောကျာ်း၊ အိပ်ရာခင်းဘာလို့လဲလိုက်တာလဲ?”


ရှန်ချီဟွမ်းက သူ့အခန်းရှေ့မှ ပြန်လှည့်လာကာ ရှန်းယုဟန်ဆီ လျှောက်လာသည်။ “အနီရောင်ကို ကြာကြာကြည့်တာက မျက်လုံးအတွက်မကောင်းဘူး၊ မနက်မပြန်ခင် လဲပေးခဲ့ဖို့ အန်တီဝမ်ကိုပြောခဲ့တာ။”


“အော်ဒီလိုလား” ရှန်းယုဟန်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။ အိပ်ရာခင်းအသစ်က ငွေရောင်ပိုးထည်နှင့်ပြုလုပ်ထားသဖြင့် ထိရတာ အလွန်ချောမွေ့သည်။. “ဒီအရောင်လေးလှတယ်။”


“နောက်ထပ်လေးစုံရှိသေးတယ်။ မင်းကြိုက်တဲ့အရောင် ပြောင်းခိုင်းလို့ရတယ်။” အရင်ရက်များက အိပ်ရာစောစောဝင်ခဲ့သော ရှန်ချီဟွမ်းက ရှန်းယုဟန်၏ သမ်းဝေမှုကြောင့် ကူးစက်သွားကာ အိပ်ချင်လာသည်။ “အွန်း၊ ရေချိုးပြီး အိပ်ရာဝင်ရအောင်။”


ရှန်းယုဟန်ရေချိုးပြီးထွက်လာတော့ ရှန်ချီဟွမ်းက ကုတင်ပေါ်မှာ လဲလျောင်းနေသည်။ 

သူက သူ့နေရာကိုသွားကာ ဖုန်းကို ဘေးစားပွဲမှာချလိုက်ပြီး စောင်ကိုရင်ဘတ်ထိခြုံကာ အိပ်လိုက်သည်။


ရှန်ချီဟွမ်းသည် သူ့အခန်းကိုပြန်ကာ ရေချိုးပြီးနောက် ဒီမှာဘာလို့လာအိပ်နေလဲ စဥ်းစားနေသည်။

သူက သူ့ကိုယ်သူသင့်လျော်သော အကြောင်းပြချက်ပေးလိုက်သည်။ သူက ရှန်းယုဟန်၏ ရည်ရွယ်ချက်ဆိုးတွေကို လေ့လာချင်လို့ပင်။


သို့သော် ရှန်းယုဟန်​က နေ့လည်တွင် အလွန်အကျွံ ငိုထားပြီး တစ်ညလုံးလက်ရေးလှလေ့ကျင့်ခဲ့သဖြင့် မျက်လုံးတွေလေးလံနေကာ ခေါင်းအုံးနှင့်ထိလိုက်တာနဲ့ အိပ်ပျော်သွားသည်။


ရှန်ချီဟွမ်းက သူ့ကို တိုးတိုးလေးခေါ်လိုက်သည်။ “ရှန်းယုဟန်”


ရှန်းယုဟန်​က စောင်လှန်ကာ ရေရွတ်လိုက်သည်။ “ယောကျာ်း၊ အရမ်းအိပ်ချင်နေလို့ ပြောစရာရှိရင် မနက်ဖြန်မှပြောတော့။”


သူအရမ်းအိပ်ချင်နေလို့ သူ့ခင်ပွန်းကို စကားမပြောချင်တော့ပေ။


ရှန်ချီဟွမ်းက စိတ်ပျက်သွားကာ ပြောလိုက်သည်။ “ထားလိုက်တော့၊ အိပ်လို့ရပြီ။”

မင်္ဂလာဦးညက အရိပ်အမြွက်ပေးခဲ့တဲ့ ရှန်းယုဟန်ဘယ်ရောက်သွားလဲ?



သူက ဒီမှာမနေသင့်ပဲ၊ ဟိုဘက်ခန်းမှာရှိနေသင့်တာ!


သို့သော် တစ်ခါတစ်ရံ ခန္ဓာကိုယ်က နှလုံးသားထက်ပိုရိုးသားသည်။ သူက နှစ်ဖက်လုံးက မီးအိမ်ကိုပိတ်ကာ ရှန်းယုဟန်အနားကို တိုးသွားလိုက်သည်။

အိပ်ပြီ!

ရှန်းယုဟန်က ကြာသပတေးနေ့မှာ သင်တန်းအသစ်တစ်ခု ယူခဲ့ပြီး ရှန်ချီဟွမ်းကုမ္ပဏီနှင့်နီးသည်။



မနက်ခင်းတွင် ပန်းအလှဆင်သင်တန်းရှိပြီး နေ့ခင်းတွင် အချက်အပြုတ်သင်တန်းရှိသည်။


ပန်းအလှဆင်သင်တန်းကျောင်းက စွန့်ဦးတီထွင်မှုသင်တန်းနှင့် အဆင့်မြင့်အရောင်းဆိုင်သင်တန်းဆိုပြီး ခွဲခြားထားကာ စွန့်ဦးတီထွင်မှုသင်တန်းက လေ့လာပြီးရင် ပန်းဆိုင်ဖွင့်ချင်သော ခေတ်မီအမျိုးသမီးများအတွက်ဖြစ်ပြီး အဆင့်မြင့်အရောင်းဆိုင်သင်တန်းက လူနေမှုအဆင့်အတန်းကို သင်ယူလိုသော အထက်တန်းလွှာ အမျိုးသမီးများအတွက်ဖြစ်သည်။ ရှန်းယုဟန်က နောက်သင်တန်းမှာရှိပြီး အခုခတ်မှာ လုပ်ငန်းများစွာ ရှိနေတာကိုသိလိုက်ရသည်။


သူတို့ချီတိုင်းပြည်တွင် လူချမ်းသာမိသားစုက စျေးကြီးသောပန်းများကို ပျိုးထောင်ဖို့ ဥယျာဥ်မှူးကိုသာ လိုအပ်ပြီး ခေတ်သစ်တွင် ပန်းပျိုးနည်းသိလျှင် အသက်မွေးဝမ်းကြောင်းအတွက် ငွေရှာလို့ရသည်။


ရှန်ချီဟွမ်း အပ်ပေးထားသော သင်တန်းများက အကုန်အသုံးဝင်ပြီး သူ့အတွက်မခက်ခဲပေ။ သူကောင်းကောင်းသင်ယူနိုင်ရင် သူလည်းနောင်မှာ အသက်မွေးဝမ်း​ကျောင်းလုပ်ငန်း ရှိလာလိမ့်မည်။ သူက ပန်းအလှပြင်ခြင်းသင်တန်းကို ကောင်းကောင်းအနားယူဖို့လိုသည်။ ဒါမှတစ်နေ့မှာ ပန်းအလှပြင်ခြင်း ပညာရပ်နှင့် ငွေရှာနိုင်မှာဖြစ်သည်။


ထို့နေ့တွင်ပင် ရှန်းယုဟန်က ပန်းအလှပြင်ခြင်းနှင့် ပတ်သတ်သော စာအုပ်များကို ဝယ်ခဲ့သည်။ 

နေ့ခင်းဘက်တွင် အနုပညာမြောက်သော အချက်အပြုတ်သင်တန်းရှိ၏။ သူက ချီတိုင်းပြည်တွင် ရိုးရှင်းသောဟင်းလျာများသာ ချက်လေ့ရှိပေမယ့် ခေတ်မီလူ့အဖွဲ့အစည်းတွင် တရုတ်နှင့်အနောက်တိုင်းအစားအစာဟူ၍ ခွဲထားသည်။ တရုတ်အစားအစာမှာ သူတို့နိုင်ငံက ဟင်းပွဲအားလုံးကို ပေါင်းစည်းထားသော နာမည်ဖြစ်ပြီး အဓိကဟင်းလျာရှစ်မျိုးပါဝင်သည်။


သို့သော် ရှန်းယုဟန် သင်ယူဖို့လိုအပ်သော ပထမဆုံးအရာမှာ ချက်ပြုတ်ဖို့မဟုတ်ပဲ ခေတ်မီမီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုနည်းဖြစ်သည်။


ဟင်းချက်သင်တန်းတွင် သူက ဗဟုသုတများစွာကို သင်ယူခဲ့ပြီး အခုကစပြီး အိမ်မှာ သူ့ခင်ပွန်းအတွက်​ ကောင်းကောင်းချက်ပေးလို့ရပြီ။



ရှန်းယုဟန်က နှစ်ရက်ဆက်တိုက် ခေတ်မီဗဟုသုတများကို ရေမြှုပ်ဖော့တစ််ခုလို လေ့လာခဲ့ပြီး နေ့စဥ် ပြီးပြည့်စုံသောဘဝကို နေ့ထိုင်ခဲ့သည်။ အရမ်းအလုပ်ရှုပ်နေလို့ ခင်ပွန်းပေးခဲ့သော အိမ်အသုံးစရိတ်ကိုတောင် မရေတွက်နိုင်ခဲ့ပေ။ ကြည့်ရတာ အရင်တစ်ကြိမ်နဲ့ တူလောက်သဖြင့် အချိန်အတိုင်းတစ်ခုအထိတော့ သုံးနိုင်ပေမည်။



ရှန်ချီဟွမ်းက ကုမ္ပဏီတွင် နှစ်ရက်တိတိ အတူနေ့လည်စာစားခဲ့ပြီး ကုမ္ပဏီကဖေးကို မသွားခဲ့ပေ။


ရှန်ချီဟွမ်းသည် များစွာသော သင်တန်းများ၏ နှိပ်စက်ခံနေရသော ရှန်းယုဟန်၏ ဆိုးရွာသောအခြေအနေကို မမြင်နိုင်တာ အနည်းငယ်နောင်တရနေသည်။ တစ်ဖက်လူက သင်တန်းမှာ အရမ်းပျော်နေပုံရသည်။ ပန်းအလှပြင်ဖို့ စျေးသက်သာသော ပန်းဆိုင်ကိုလည်း သူနဲ့ဆွေးနွေးသလို ချက်ပြုတ်ဖို့ အစာပလာမျိုးစုံဆန့်သော အိုးအကြောင်းလည်း သူနဲ့ဆွေးနွေးသည်။

ဒါက သူလိုချင်သောရလဒ်မဟုတ်သော်လည်း လမ်းကြောင်းကတော့ မှန်ကန်နေသည်။ အခုဆိုရင် ရှန်းယုဟန်က စိတ်သဘောထားပိုကောင်းလာပြိး တိုးတက်ထူးချွန်လာသော လူငယ်လေးဖြစ်လာသလို မကောင်းသောလမ်းမှ ရှောင်လွှဲနိုင်ခဲ့လေပြီ။


ရှန်းယုဟန်က ရှန်ချီဟွမ်း၏ အကြိုက်ဆုံးအစားအစာများကို မှတ်သားရန် ဘောပင်နှင့် မှတ်စုစာအုပ်ကို ယူလိုက်သည်။ သူက စိတ်အားထက်သန်စွာမေးလိုက်သည်။ “ယောကျာ်းက ဘယ်လိုဟင်းလျာတွေကိုကြိုက်လဲ၊ ကျွန်တော် အာရုံစိုက်သင်ယူပါမယ်။”



ရှန်ချီဟွမ်းက ပြောလိုက်သည်။ “အကုန်ကြိုက်တယ်၊ ချီးမများပါဘူး။”

ထို့နောက် ရှန်းယုဟန်က ချက်ချင်းဖော်ထုတ်ခဲ့သည်။ “ဒါပေမယ့် အန်တီဝမ်ပြောတော့ ခင်ဗျားက ချိုချဥ်ဟင်းလျာတွေမကြိုက်ဘူးဆို၊ ချိုချဥ်ငါး၊ ချိုချဥ်ကြက်သား၊ ချိုချဥ်နံရိုးအဲ့လိုမျိုးလေ။”


အန်တီဝမ်ပါးစပ်ကလည်းမြန်လိုက်တာ။


ရှန်ချီဟွမ်းက အရှက်မကွဲချင်ပေ။ “ဒါပါပဲ၊ ထပ်မရှိတော့ဘူး။”


ရှန်းယုဟန်: “ခင်ဗျားက တရုတ်နံနံမစားဘူး၊ မှိုမစားဘူး….”


ရှန်ချီဟွမ်း: “အန်တီက မင်းကို ဘယ်လောက်တောင် ပြောပြခဲ့တာလဲ?”




ရှန်းယုဟန်: “ပြောဖို့လိုအပ်တာတွေ အကုန်ပြောခဲ့တယ်။”

ရှန်ချီဟွမ်း: “....” 


ရှန်ချီဟွမ်းက ဆန့်ကျင်ဘက်က တောက်ပသောမျက်လုံးများနှင့် ရှန်းယုဟန်ကို ကြည့်လိုက်သည်။ ရုံးခန်းထဲက မီးရောင်က ရှန်းယုဟန်၏ ဖြူဖွေးနေသော အသားအရေကို ထင်ဟပ်နေသည်။ မကြာသေးခင်က သူက အိပ်ရာစောစောဝင်ပြီး စောစောထသဖြင့် မျက်ကွင်းညိုတာက ပျောက်ကွယ်သွားသည်။ ဒီလူကအလွန်တက်ကြွနေပေမယ့် ရှပ်အင်္ကျီ၏ကြယ်သီးကို တပ်ထားသဖြင့် ညှပ်ရိုးကြားက မှဲ့နီလေးကို မမြင်ရတော့ပေ။


သို့သော် ထိုစကားဝိုင်းက သိပ်မကြာခဲ့ပေ။ ရှန်းယုဟန်က နေ့လည်စာစားပြီးနောက် ဖုန်းကြည့်ကာ စျာန်ဝင်နေသည်။


သူအခု ဘာတွေတွေးမိနေတာလဲ?



ညနေအိပ်ပြန်မရောက်ခင် ရှန်းယုဟန်က စိုးရိမ်နေသော အမူအရာတစ်ခုရှိနေသည်။




ရှန်ချီဟွမ်းက ထိုညက သူ့ကိုစောင့်နေသော ရှန်းယုဟန်၏ ဝန်ဆောင်မှုကို သဘောကျသည်။ သူက နေ့ခင်းမှာ အစည်းအဝေးနောက်ကျသွားသဖြင့် အိမ်ကို နောက်ကျမှပြန်ရောက်ခဲ့သည်။


ညစာစားပြီးနောက် ရှန်းယုဟန်က ရှန်ချီဟွမ်း၏ဘေးတွင် ဖြည်ညှင်းစွာ ထိုင်ချလိုက်သည်။ ရှန်းယုဟန်က သူ့လှုပ်ရှားမှုကို မျက်လုံးထောင့်မှမြင်လိုက်ပြီး နည်းနည်းရယ်ချင်သွားသည်။ သူက အမှားလုပ်ထားပြီး မိဘကို ချော့ချင်သော ကလေးလေးနဲ့တူပေမယ့် သူကတော့ သူ့အဖေမဟုတ်ပေ။


သူက သူ့ခင်ပွန်း။


သူ့မှာတစ်ခုခုမေးစရာရှိတာဖြစ်မယ်။


ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ခွင့်ပြုချက်နှင့်အသက်ရှင်ရသလို သူ့ကိုမေးလိုက်သည်။ “ယောကျာ်း နက်ဖြန်နေ့လည်အားလား?”


ရှန်ချီဟွမ်းက ဒီနှစ်ရက်မှာ ရှန်းယုဟန်နှင့် အဆက်အဆံသိပ်မရှိပေ။ သူက ညတွင် လူမှုရေးပါတီတက်ရပြီး ​နောက်ကျမှပြန်ရောက်သဖြင့် သူပြန်လာရင် ရှန်းယုဟန်က အိပ်ပျော်နေပြီဖြစ်သည်။

အပြင်ထွက်ဖို့ ချိန်းမလို့လား?

နေ့လည်က သူ့ကို ​မေးဖို့မေ့နေတာလား?


ရှန်းယုဟန်က ဟွမ်ရှန့်ကိစ္စကြောင့် ပြဿနာတက်နေပြီး သူက သူစိမ်းများနှင့် တကယ်မတွေ့ချင်ပေ။ ဒါကြောင့် အရဲစွန့်ကာပြောလိုက်သည်။ “ကျွန်တော်မနက်ဖြန်ချိန်းထားတာရှိတယ်၊ ခင်ဗျား ကျွန်တော်နဲ့လိုက်မလား?”

ရှန်ချီဟွမ်းက မျက်ခုံးပင့်လိုက်သည်။ “ဘာလုပ်ဖို့လဲ?” သူ့ကိုခေါ်ပြီး တခြားတစ်ယောက်ကို သွားတွေ့မလို့လား?


ရှန်းယုဟန်က တီးတိုးပြောလိုက်သည်။ “သွားတောင်းပန်မလို့”


ရှန်ချီဟွမ်းက သူနားကြားမှားတာဟု ထင်လိုက်သည်။ “ဘာအတွက်တောင်းပန်မှာလဲ?”


ရှန်းယုဟန်က အမှန်အတိုင်းပြောလိုက်သည်။ “တောင်းပန်မလို့”


ရှန်ချီဟွမ်းက နားမလည်သလိုမေးလိုက်သည်။ “ဘာလို့ တောင်းပန်မှာလဲ?”


ရှန်းယုဟန်က တီးတိုးပြောလိုက်သည်။ “တစ်ဖက်လူက ညသန်းခေါင်မှာ အိမ်သာမသွားရဲတော့တာ ကျွန်တော့်ကြောင့်လို့ပြောတယ်။”


ရှန်ချီဟွမ်း: “..”


အိမ်သာမသွားရဲတာ ရှန်းယုဟန်အကြောင်းတွေးပြီး မအိပ်နိုင်လို့လား?


ရှန်းယုဟန်က ရှန်ချီဟွမ်း လိုက်ခဲ့မယ်လို့ မပြောတာကြောင့် ရှပ်ကော်လံကို ဆွဲလိုက်သည်။ “ဒါဆို လိုက်မှာလား?”


တကယ်ကြီး? အမြဲတမ်း သူ့ကိုလာချွဲနေတာ၊ သူက မလိုက်ချင်ပါဘူး။



ဒါပေမယ့် ရှန်ချီဟွမ်းက တစ်မျိုးတွေးပြီး နောက်တစ်မျိုးပြောလိုက်သည်။ “ကောင်းပြီ၊ မင်းနဲ့လိုက်မယ်။”



သူလည်း ရှန်းယုဟန်ကို တပ်မက်ရဲတဲ့ကောင်ကို သိချင်သည်။


သူသဘောတူတာကိုကြားပြီးနောက် ရှန်းယုဟန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူ့ခင်ပွန်းနဲ့ဆိုလျှင် သူက သူစိမ်းတွေကို တစ်ယောက်တည်းတွေ့စရာမလိုတော့ပေ။