Chapter 12
“အခုတော့ခွင့်လွှတ်လိုက်မယ်”
ကျုံးယုံမြို့စားကြီးက တစ်ဘဝလုံး စစ်တပ်ထဲမှာ အမှုထမ်းခဲ့တာဖြစ်ပြီး ကလေးနှင့်မြေးတွေ အများကြီးရှိပေမယ့် ကံမကောင်းစွာပင် မိသားစုထဲမှာ အမျိုးသမီးနှင့် ကော အများကြီးမရှိခဲ့ပေ။
ရှန်းယုဟန်က ရှန်းမိသားစု၏ ပထမဆုံးကောဖြစ်ပြီး မိသားစုက သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံဖူးပေ။ ထို့နောက် ဧကရာဇ်အမိန့်က ရင်ဆိုင်ဖို့ခက်သဖြင့် သူ့ကို လက်ထပ်ဖို့ စေလွှတ်ခဲ့သည်။ မင်္ဂလာပွဲနေ့တွင် သူ့ကိုအဖော်ပြုပေးခဲ့သော အစေခံအရေအတွက်က တစ်ရာသို့မဟုတ် ငါးဆယ်လောက်ရှိသည်။ ဒါတောင် ခန်းဝင်ပစ္စည်းကို မဖော်ပြရသေးပေ။ ခန်းဝင်ပစ္စည်းကလည်း ဆယ်မိုင်အနီလို့ရည်ညွှန်းရင်တောင် ချဲ့ကားနေခြင်းမဟုတ်။ မြို့ထဲကလူများက ပြောကြသည်မှာ ကျုံးယုံမြို့စားကြီးက ဒီထူးချွန်သောကောလေးကို အလွန်သဘောကျသည်ဟူ၍ပင်။
(ဆယ်မိုင်အနီခန်းဝင်ပစ္စည်းက ခန်းဝင်ပစ္စည်းကြွယ်ဝမှုအတွက် အသုံးအနှုန်းပါ။ တောင်-မူလယ်မြေနှင့် ဆယ်မိုင်အနီခန်းဝင်ပစ္စည်းဆိုပြီး တင်စားကြပါတယ်။)
သို့သော် ကံတရားက လှည့်စားတတ်တာကို ဘယ်သူကသိခဲ့မှာလဲ၊ ရှန်းယုဟန်က ခေတ်သစ်ကိုရောက်လာခဲ့ပြီး သူ့ခန်းဝင်ပစ္စည်းများက ဓားပြများ၏ လက်ထဲရောက်သွားခဲ့ရသည်။ ပြီးတော့ သူ့မှာ ဆယ်နှစ်ကျော်အထိ စုဆောင်းထားတာလည်း ရှိခဲ့သည်။ သူထိုအကြောင်းကို ပိုတွေးလေလေ ပိုနာကျင်ရလေဖြစ်သည်။
ရွံဖို့ကောင်းတဲ့ဓားပြတွေ!
အရည်အသွေးညံ့ဖျင်းသော ရေခဲကျောက်စိမ်းတုံးကို တီဗီပေါ်တွင် ၁၈၈၈၈နှုန်းနှင့် ရောင်းချကြသည်။ သူ့လက်ကောက်တစ်ကွင်းကတောင် ဒီထက်ပိုတန်ဖိုးရှိပြီး အားလုံးက ရှေးဟောင်းပစ္စည်းများဖြစ်ကြသည်။
အတိတ်ကသူဘယ်သွားသွား ကောဖြစ်နေတာကြောင့် မရေအတွက်နိုင်သောလူများ၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ပြီး ယခုတွင် သူ့မှာပိုက်ဆံမရှိသည့်အပြင် ခင်ပွန်းကလည်း သူလူတွေကို ပိုက်ဆံလိမ်နေသည်ဟု အထင်လွဲနေသည်။
ထိုကွာခြားမှုကြီးက အလွန်တရာ ခါးသီးဖို့ကောင်းပြီး ဒီလိုအခြေအနေမှာ ဘယ်လိုစိတ်လျှော့လို့ရမလဲ!
ပိုပြီးတွေးလေလေ ပိုပြီးစိတ်ထိခိုက်လာလေဖြစ်ပြီး ရှန်းယုဟန်၏ မျက်လုံးများတွင် မျက်ရည်ကျဆင်းလာပြီး သူက ဆိုဖာပေါ်မှာထိုင်ကာ ငိုနေသည်။
သူ့ဂုဏ်သိက္ခာကလည်း ရစရာမရှိတော့ဘူး!
မင်္ဂလာဦးညကို ပြန်ရောက်သွားသလိုပင် ရှန်ချီဟွမ်းက ရှန်းယုဟန် စကားတစ်ခွန်းကြောင့် ငိုလိမ့်မယ်လို့ မမျှော်လင့်ထားပဲ တအားငိုနေတာဖြစ်၍ တစ်ရှူးကမ်းပေးလိုက်ရသည်။
ရှန်းယုဟန်က ငိုရတာ ဘာလို့အရမ်းကြိုက်တာလဲ?
သို့သော် ဒီတစ်ကြိမ်က သူ့အမှားသာဖြစ်ပြီး ဆင်ခြေပေးလို့မရပေ။
သူလည်း စိတ်မတည်ငြိမ်တော့ပေ။ ရှန်းယုဟန်သာ ငွေလှည့်ဖြားနည်းသင်ယူခဲ့ရင် ယခုလိုကားနဲ့အိမ်ကို ရောင်းလိုက်ရပြီး လမ်းပေါ်ရောက်ကာ ရှန်မိသားစုကိုပဲ မှီခိုနေရမှာမဟုတ်ပေ။
ရှန်မိသားစုက ရှုပ်ထွေးပြီး သူ့ကိုပိုက်ဆံပေးသော တစ်ဦးတည်းသောသူမှာ ရှန်ထျန်းဖုန်းဖြစ်ပြီး ယခုအခါ ရှန်ထျန်းဖုန်းက ပိုက်ဆံမပေးတော့ တခြားလူတွေကို မှီခိုရတာ အဆင်ပြေမှာမဟုတ်ပေ။
ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်း၏ မျက်နှာသာပေးခြင်းကို မခံရသော်လည်း သူက အစားအသောက်နှင့် အဝတ်အစားမပြတ်လတ်ဖူးပေ။ သူငယ်စဥ်ကတည်းက ပိုက်ဆံမပြတ်လတ်သလို ကောလိပ်တက်ကတည်းက ငွေရှာနိုင်ခဲ့သည်။ အခက်ခဲဆုံးအချိန်က လုပ်ငန်းစတင်ခဲ့သည့် ကာလအတွင်း နောက်ကျကာ အချိန်ပိုလုပ်ခဲ့ရပေမယ့် ပိုက်ဆံပြတ်လတ်ခြင်း၏ နာကျင်မှုကိုတော့ မခံစားဖူးပေ။
ကြည့်ရတာ ပိုက်ဆံမရှိတာက လူတွေကို ဆိုးဆိုးရွားရွား ငိုအောင်လုပ်ပုံရသည်။
ရှန်းယုဟန် အငိုမရပ်သဖြင့် သူက အာစေးမိနေသည်။ ဒါကြောင့် ရှန်ချီဟွမ်းက သူ့ရှေ့မှာထိုင်ကာ တစ်ရှူးပေးလိုက်သည်။ “တောင်းပန်ပါတယ်၊ မရည်ရွယ်ခဲ့ပါဘူး။ မင်းအခြေအနေကိုမသိခဲ့ဘူး။ ပိုက်ဆံမရှိတာကို ဘာလို့မပြောခဲ့တာလဲ”
ရှန်းယုဟန်က အသက်ရှူမဝဖြစ်သည်အထိ ရှိုက်ကြီးတငင်ငိုနေပြီး အင်္ကျီလက်ဖျားက စိုရွှဲနေသည်။
အမှားလုပ်မိသော ရှန်ချီဟွမ်းကပဲ မျက်ရည်သုတ်ပေးလိုက်သည်။ “လက်လွတ်စပယ်ပြောခဲ့မိတာငါပါ။ မင်းကိုအရင်မမေးပဲ အထင်မလွဲခဲ့သင့်ဘူး။ တောင်းပန်ပါတယ်။ မငိုပါနဲ့။”
ရှန်းယုဟန်က သူ့လက်ကိုရိုက်ချကာ တစ်ရှူးနှင့်သုတ်လိုက်ပြီး ထပ်မငိုတော့ပေ။
သူက ရှန်ချီဟွမ်းကို ပြောလိုက်သည်။ “ခင်ဗျားကို မက်ဆေ့ပိုခဲ့တယ်။ ပြန်မဖြေခဲ့ဘူး။ ပြီးတော့ ရုံးခန်းရှေ့မှာ နာရီဝက်လောက်စောင့်ပြီး မတွေ့မှ ဦးလေးလီဆီက ပိုက်ဆံချေးခဲ့တာ။”
ရှန်ချီဟွမ်းက ဖုန်းကိုထုတ်လိုက်သည်။ တကယ်ကို သူ့ဇနီးဆီက အသံမက်ဆေ့နှစ်ခုဝင်ထားသည်။ သူကစာအဖြစ်ပြောင်းလိုက်ပြီး ဘာရေးထားလဲ တွေ့လိုက်ရသည်။
သူက မနက်က ကုမ္ပဏီအသစ်၏ တည်နေရာကို သွားကြည့်ခဲ့တာဖြစ်ပြီး အပြန်လမ်းမှာ ပင်ပန်းနေ၍ ကားထဲမှာ အနားယူခဲ့ပြီး ဖုန်းကို မစစ်ဆေးခဲ့ပေ။ ဖုန်းကိုအရင်စစ်ခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ပေ။
အခုသူက မိုက်မဲခဲ့မိလို့ ေနာင်တရနေသည်။ ပုံမှန်ဆို သူက ဒီလိုမဟုတ်ပေ။ ဖြစ်နိုင်တာက ရှန်းယုဟန်က သူနဲ့နှစ်ရက်လောက် အပြန်အလှန်ဆက်ဆံခဲ့ပြီး သူအရင်ကသိခဲ့သော ရှန်းယုဟန်နှင့်မတူကြောင်း တွေ့ရှိခဲ့ရလို့ပင်။ အတိတ်က အချက်အလက်တွေက ထိတ်လန့်စရာကောင်းလို့ သူ့တုံ့ပြန်မှုက ဒီလိုဖြစ်လာခဲ့သည်။
ရှန်းယုဟန် ငိုသွားတော့ သူက ဘာလုပ်ရမှန်းမသိသဖြင့် ရှန်ချီဟွမ်းသည် ဝီချက်ကိုကြည့်ကာ အကြံတစ်ခုပေါ်လာသည်။ သူက နှစ်ကြိမ်နှိပ်လိုက်ပြီးနောက် ရှန်းယုဟန်က သူ့ဖုန်းထဲမှာ ငွေလွှဲစာသတိပေးချက်ကို ရရှိခဲ့သည်။
“မင်းမှာပိုက်ဆံမရှိလည်း ကိစ္စမရှိပါဘူး။ အခုကစပြီး တာဝန်ယူပေးမယ်။ အိမ်မှာပိုက်ဆံလိုလည်း တောင်းလို့ရပါတယ်။”
ရှန်းယုဟန်သည် သူအရင်က မဆင်းရဲဘူးလို့ တွေးနေခဲ့သည်။ သို့သော် ယခုချိန်မှာ ဆင်းရဲနေတာကြောင့် ဒရိုက်ဘာဆီက ပိုက်ဆံချေးနေရပြီး ခင်ပွန်းဆီက သံသယဝင်တာခံနေရသည်။
ရှန်ချီဟွမ်းက သူတိတ်ဆိတ်နေသေးတာကိုတွေ့တော့ သတိပေးလိုက်သည်။ “မင်းဖုန်းကိုကြည့်လိုက်”
ရှန်းယုဟန်က ပက်စ်ဝေါ့နှိပ်ကာ ဖုန်းဖွင့်လိုက်ပြီး ဝီချက်မှ အလားတူ မက်ဆေ့ငါးခုကို တွေ့လိုက်ရသည်။
သူက တစ်ခုမှအသုံးမပြုဖူးပေမယ့် နှိပ်ရလွယ်သည်။
[မူကမ်းက သင့်ကို ယွမ်နှစ်သိန်း လွှဲပေးခဲ့သည်]
[မူကမ်းက သင့်ကို ယွမ်နှစ်သိန်း လွှဲပေးခဲ့သည်]
[မူကမ်းက သင့်ကို ယွမ်နှစ်သိန်း လွှဲပေးခဲ့သည်]
[မူကမ်းက သင့်ကို ယွမ်နှစ်သိန်း လွှဲပေးခဲ့သည်]
[မူကမ်းက သင့်ကို ယွမ်နှစ်သိန်း လွှဲပေးခဲ့သည်]
(မူကမ်း*သစ်သားတိုင်)
“နှိပ်လိုက်” ရှန်ချီဟွမ်းက ပြောလိုက်သည်။ “တောင်းပန်တာလို့ သတ်မှတ်လိုက်”
ရှန်းယုဟန်က နာခံစွာ ငါးကြိမ်နှိပ်လိုက်ပြီး အကုန်ယူလိုက်သည်။
ရှန်ချီဟွမ်းက သက်ပြင်းချလိုက်သည်။ သူ ဆက်ငိုနေရင်တော့ အပြင်မှာ အကူအညီသွားတောင်းတော့မည်။ “မလုံလောက်သေးရင် ထပ်တောင်းပါ။”
ရှန်းယုဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အွန်း” သို့သော် သူက ရှိုက်နေသေးသည်။
ကြည့်ရတာ ဒါဝီချက်ကနေငွေလွှဲခြင်းဖြစ်ပုံရသည်။ ဝီချက်ငွေက ပစ္စည်းတွေဝယ်လို့ရပြီး ပေးချေသည့်ကုဒ်သာ နှိပ်ဖို့လိုသည်ဟု စီရီကနေ သင်ယူခဲ့သည်။
“ဒါကအိမ်အသုံးစရိတ်လား?”
“အိမ်အသုံးစရိတ်အတွင် အပိုပေးမယ်၊ ဒါကမင်းအတွက် အိပ်ဆောင်မုန့်ဖိုးပါ။”
ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကို ဘယ်လောက်ပေးခဲ့တာလည်း မသိပေမယ့် အလွယ်တကူပေးနေတော့ သိပ်မများဘူးလို့ထင်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ “အင့်၊ အိုခေ။”
ရှန်ချီဟွမ်း: “ဒီဝီချက်လုပ်ဆောင်ချက်က ရိုးရှင်းလွန်းပြီး အကန့်အသတ်ရှိတယ်၊ နက်ဖြန်ကျရင် အိမ်အသုံးစရိတ်ထပ်လွဲပေးမယ်။”
ရှန်ချီဟွမ်းက အပြစ်ရှိသလို ခံစားရသေးသဖြင့် သူ့လေသံကို လျှော့လိုက်သည်။ “မျက်နှာသွားသစ်လိုက်၊ ကုမ္ပဏီကဖေးက နေ့လည်စာနှစ်ဘူးယူလာပေးဖို့ လက်ထောက်ချွီကို မှာလိုက်မယ်။”
ရှန်းယုဟန်က ရှိုက်သံပါသွားမှာစိုး၍ မဖြေတော့ပဲ ခေါင်းညိတ်လိုက်သည်။
သူက ရေချိုးခန်းထဲသွားကာ မျက်နှာသစ်လိုက်ပြီး နီရဲနေသော မျက်လုံးနှင့် နှာခေါင်းကိုကြည့်လိုက်သည်။ သူက အနည်းငယ်တုံးအပုံပေါ်ပြီး တက်တက်ကြွကြွမရှိပေ။ အစတည်းက မြို့တော်၏ပထမဆုံးကော ဖြစ်တာကြောင့် ငိုရတာကြိုက်ပါသည်။
သူက နှာခေါင်းရှုံ့လိုက်သော်လည်း အသုံးမဝင်ပေ။
မျက်နှာသုတ်ပုဝါယူလာပေးသော ရှန်ချီဟွမ်းက မှန်ထဲမှာ အနည်းငယ်ချစ်စရာကောင်းသော အမူအရာလုပ်နေသောသူကို မတော်တဆတွေ့လိုက်ရသည်။
ရှန်းယုဟန်က မျက်နှာကို မျက်နှာသုတ်ပုဝါနဲ့ ချက်ချင်းကာလိုက်ပြီး ပေါက်ကရလုပ်နေသည့် မျက်နှာကို ခင်ပွန်းကမြင်သွားလို့ ရှက်သွားသည်။
ခံစားချက်ကို ထိန်းလိုက်ပြီးနောက် ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက နေ့လည်စာအတူစားနေသည်။
ရှန်ချီဟွမ်းက ပန်းကန်နှင့်တူကို ပြင်ပေးလိုက်သည်။ ရှန်းယုဟန်က အံ့အားသင့်နေသည်။ မိသားစု၏ အိမ်ထောင်ဦးစီးက ထိုသို့လုပ်ပေးတာရှားသည်။ သူ့အဖေနဲ့အစ်ကိုတွေက တစ်ခုမှမလုပ်ပေးဖူးပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်အရှေ့မှာ စွပ်ပြုတ်ကိုတွန်းပေးလိုက်ကာ “ကုမ္ပဏီမှာ ကဖေးရှိတယ်။ မနေ့ကပေးထားတဲ့ဝင်ခွင့်ကတ်နဲ့ ကန်တင်းမှာ ဝင်စားလို့ရတယ်။ နက်ဖြန်ခေါ်သွားပေးမယ်။”
သူတို့က ရှန်ချီဟွမ်း၏ စားပွဲခုံမှာထိုင်စားနေပြီး ဟင်းပွဲတိုင်းက အရသာရှိသည်။
“အို” ရှန်းယုဟန်က လုံးဝမအံ့သြပေ။
ရှန်ချီဟွမ်းက သူစိတ်ဆိုးနေသေးမှာ စိုးရိမ်၍ အရင်ပြောလိုက်သည်။ “ဒီမနက်မှာ ကုမ္ပဏီရဲ့လုပ်ငန်းခွင်ကို သွားကြည့်ခဲ့တာ။ ဝန်ထမ်းတွေ တိုးချဲ့နေပြီး အဆောက်အဦးက နေရာမရှိတော့ဘူး၊ ဒါကြောင့် အသစ်ဆောက်ဖို့ပြင်နေတာ။”
ရှန်းယုဟန်၏ အသံက တိုးနေသည်။ “ဒီအဆောက်အဦးက ခင်ဗျားကုမ္ပဏီက ပိုင်တာလား?”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မဟုတ်ဘူး၊ ငှားထားတာ၊ စာချုပ်ပြည့်ဖို့ နှစ်နှစ်လိုသေးတယ်၊ ဘေးက အဆောက်အဦးအသစ်တွေကိုလည်း ပိုင်တယ်”
ဒီခေါင်းစဥ်က ရှန်းယုဟန်၏ အာရုံလမ်းကြောင်းကို အောင်မြင်စွာ ပြောင်းနိုင်ခဲ့သည်။
“ဒါဆိုဒီအဆောက်အဦးမှာ လူဘယ်နှစ်ယောက်ရှိလဲ?”
“၄၃၀၀”
ရှန်းယုဟန်က ဝန်ထမ်းတော်တော်များကြောင်း တွေးလိုက်သည်။ ရှန်းမိသားစုမှာ အစေခံအပါအဝင် လူသုံးလေးရာရှိသည်။ ထို့အပြင် သူ့အဖိုးက စစ်သားများကို တရားရုံးခေါ်လာစဥ် စစ်သားလေးထောင်သာရှိသည်။ သူ့ခင်ပွန်းက အရမ်းအင်အားကြီးလို့ လက်အောက်ငယ်သား အရေအတွက်က ဗိုလ်ချုပ်တစ်ယောက်ဦးဆောင်သည့် စစ်သားအရေအတွက်နှင့် ညီမျှနေတာဖြစ်မည်။
“အများကြီးပဲ”
ရှန်ချီဟွမ်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ကုမ္ပဏီမှာ အလုပ်လုပ်ချင်လား?”
သူသည် လွန်ခဲ့သည့်နှစ်ရက်က ရှန်းယုဟန်က ဘာမှမလုပ်တတ်ကြောင်း လက်ထောက်ချွီကို ပြောခဲ့သည်ကို လုံးလုံးမေ့သွားခဲ့သည်။ တကယ်တော့ သူက ရှန်းယုဟန်ကို ချော့ချင်နေတာဖြစ်သည်။ ဆန့်ကျင်ဘက်မှာထိုင်နေပြီး မျက်လုံးရဲရဲနီနေတာက သနားစရာကောင်းနေသည်။
“မလုပ်ဘူး။” ရှန်းယုဟန်၏ စိတ်က ရှင်းသည်၊ သူ ကုမ္ပဏီမှာ ဘာမှလုပ်နိုင်မှာမဟုတ်ပေ။ ပြဿနာရှာမိပြီး ညံ့ဖျင်းကြောင်း ပြသလိုဖြစ်သွားမည်။ “မသင့်တော်ပါဘူး။”
ရှန်ချီဟွမ်းက ရှန်းယုဟန် ကိုယ့်ကိုယ်ကိုယ် သိသားပဲဟု တွေးနေသည်။ အရင်ကသာ အရည်မချင်းမရှိတာကို သိခဲ့ရင် ငွေလိမ်ခံရပြီး အကြွေးတင်ခဲ့မှာ မဟုတ်ခဲ့ပေ။
နေ့လည်စာစားပြီးနောက် ရှန်ချီဟွမ်းက ရေခဲသေတ္တာမှရေခဲတုံးကိုယူကာ နီရဲနေသည့်မျက်လုံးကို ကပ်ပေးလိုက်သည်။
“မင်း အတန်းသွားတက်တော့မှာလား? အတန်းမတက်ရင် ရေခဲကပ်စရာမလိုဘူး။ ဖြည်းဖြည်းချင်း အရောင်ကျသွားလိမ့်မယ်။”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ကျွန်တော်သွားချင်တယ်။”
နေ့လည်ခင်းတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ကားဆီလိုက်ပို့ခဲ့သည်။
နာရီဝက်အကြာတွင် သူဌေးက ခင်ပွန်းကောင်းဖြစ်ကြောင့် ရုံးတစ်ခုလုံးသိသွားခဲ့သည်။
–
နေ့လည်ခင်းတွင် ရှန်းယုဟန်က စိတ်ငြိမ်စေရန် ပုံဆွဲနေသည်။ သူက အရူးတစ်ယောက်လို ငိုခဲ့၍ စိတ်မငြိမ်ဖြစ်နေသည်။ သူ့အပြုအမူတွေ မူလရှန်းယုဟန်နဲ့ မတူတာကို သူ့ခင်ပွန်း သတိမထားမိဖို့ မျှော်လင့်သည်။
ထို့နောက်သူက ပန်းပုံဆွဲကာ အရောင်မခြယ်ခဲ့ပေ။ ဆရာမက သူ့လက်ရာကို ချီးကျူးနေပြီး လစဥ်ဆုပေးသည့် ပန်းချီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ပြောလာခဲ့သည်။
ရှန်းယုဟန်က စိတ်ဝင်စားသွားသည်။ “ဆုကဘာလဲ?”
ဆရာမကပြောသည်။ “ပရောဂျက်တိုင်းမှာ ပထမနေရာအတွက် ငွေသားဆုရှိတယ်၊ ဒီလှုပ်ရှားမှုကိုလုပ်နေတာ သုံးနှစ်ရှိပြီ၊ သူကတရားမျှတပြီး သမာသမတ်ကျတယ်။ ဒိုင်တွေက မိတ်ဖက်တက္ကသိုလ်က ပါမောက္ခတွေပဲ။”
တက္ကသိုလ်ပါမောက္ခ၊ အဲ့ဒါက သင်ယူစရာလူတွေပဲ။
အရမ်းဆင်းရဲတယ်လို့ခံစားနေရသော ရှန်းယုဟန်က ချက်ချင်းပြောလိုက်သည်။ “ဒါဆိုဝင်ပြိုင်ချင်ပါတယ်၊ ဘယ်လိုပရောဂျက်တွေရှိလဲ”
စုတ်တံလက်ရေးလှ၊ဖောင်တိန်လက်ရေးလှနှင့် တရုတ်ပန်းချီပြိုင်ပွဲရှိတယ်လို့ ဆရာကပြောလာသည်။
ရှန်းယုဟန်က စုတ်တံလက်ရေးလှနှင့် တရုတ်ရိုးရာပန်းချီပြိုင်ပွဲကို ရွေးလိုက်သည်။ ဖောင်တိန်လက်ရေးလှကတော့ လေ့ကျင့်နေဆဲပင်။ သူက အိပ်ဆောင်ပိုက်ဆံရရင် ပိုပြီး စိတ်သက်သာရမယ်လို့ တွေးလိုက်သည်။
အတန်းပြီးသွားတော့ ဒရိုက်ဘာက လာကြိုခဲ့သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်း ကားထဲမှာ ထိုင်နေတာကိုတွေ့တော့ သူက တမင်တကာ မပြုံးပြပဲ စိတ်ဆိုးနေသောလေသံဖြင့် ပြောလိုက်သည်။ “ယောကျာ်း”
ရှန်ချီဟွမ်းက သူ့ခံစားချက်ကို ချက်ချင်းသတိထားမိလိုက်ပြီး ဘာမှမပြောပေ။ ကြည့်ရတာ စိတ်ဆိုးနေသေးပုံရသည်။
ဒါဆို သူ့ကိုခွင့်မလွှတ်သေးဘူးပေါ့။
ရှန်ချီဟွမ်းက ဖုန်းကိုဘေးချလိုက်သည်။ “ကားထဲဝင်”
ရှန်းယုဟန်က ပြိုင်ပွဲဝင်ရဖို့ အိမ်မှာလေ့ကျင့်ရမှာဖြစ်ပေမယ့် အိမ်မှာ ဘောပင်နှင့်စာရွက်မရှိပေ။
“အိမ်တန်းပြန်မှာလား? ကျွန်တော် မှင်နဲ့ဘောပင်ဝယ်ချင်လို့၊ အိမ်မှာဘာမှမရှိဘူး။”
“ဒီလိုအရာမျိုးတွေရောင်းတဲ့ ဆိုင်ကောင်းတစ်ခုကို ငါသိတယ်။ မင်းကိုခေါ်သွားပေးမယ်။” ရှန်ချီဟွမ်းက ဧည့်လမ်းညွှန်လုပ်လိုက်သည်။ “ဦးလေးလီ၊ မောင်းတော့”
ရှန်းယုဟန်က သူ့ကိုတီးတိုးပြောလိုက်သည်။ “ကျေးဇူးပါ၊ ယောကျာ်း။”
လေသံက ပုံမှန်ဖြစ်သွားပြီး ရှန်ချီဟွမ်းက စိတ်သက်သာရာရသွားသည်။ ထိုသည်မှာ ပုံမှန်လေသံဖြစ်ပြီး သူစိတ်ကြည်ရင် လေသံက မြှင့်တက်နေသည်လေ။
–
စုန့်ကျူးကျိုက်။
ထိုသည်မှာ စတိုးဆိုင်၏ ရတနာလေးပါးဖြစ်ပြီး သက်တမ်းသုံးရာကျော်သည့်သမိုင်းရှိသည်။ သူတို့အထဲဝင်လိုက်သည်နှင့် ရှန်းယုဟန်က ရင်းနှီးသော စာရွက်နှင့်မှင်နံ့ကိုရလိုက်သည်။ စတိုးဆိုင်က ခေတ်သစ်က ခေတ်မီပစ္စည်းများနှင့် ရောယှက်နေသော်လည်း လက်ရေးလှ၊ ပန်းချီစာရွက်၊ စုတ်တံ၊မှင်၊ မှင်ကျောက်၊ မင်ပြား၊ပေတံနှင့် ဘောပင်ခွက်ကိုပါ မြင်လိုက်သဖြင့် သူသည် ရှေးခတ်ကို ပြန်ရောက်သွားသလိုပင် ကောင်တာကလည်း ရှေးခတ်ကနဲ့တူနေသည်။
(ရတနာလေးပါးစုန့်ကျူးကျိုက်-မှင်၊မှင်ကျောက်၊စုတ်တံ၊စက္ကူ)
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ဘာဝယ်ချင်လဲ? ဘယ်လိုရွေးရမလဲမသိရင် သူဌေးကို အကြံပေးခိုင်းလိုက်မယ်။”
ရှန်းယုဟန်က ကိုယ်တိုင်ရွေးချင်သဖြင့် ငြင်းဆိုလိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် ရှန်းယုဟန်က လိုအပ်သည့်ပစ္စည်းအစုံရခဲ့သည်။
ငွေရှင်းနေစဥ် သူဌေးကပြုံးပြလာသည်။ “ဒီဝယ်သူက အမြင်ရှိတာပဲ၊ စုတ်တံနဲ့စာရွက်က ဒီမှာရှိတဲ့ အရည်အသွေးအမြင့်ဆုံးပဲ။”
“ကျေးဇူးပါ၊ ဆိုင်ရှင်၊ ကျွန်တော် ဒါတွေယူပါမယ်။” တကယ်တော့ ရှန်းယုဟန်သည် ဤစာရွက်များကို ကောင်းတယ်လို့ထင်ပေမယ့် သူအရင်က အကောင်းဆုံးကိုသုံးဖူးသည်။
ဆိုင်ရှင်က ဝယ်သူကို စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးလိုက်သည်။ “ကောင်းပြီ၊ ပါဆယ်ထုပ်ပေးပါမယ်။”
ဆိုင်ရှင်လို့ခေါ်သံက နားဝင်ချိုစေသဖြင့် အခုကစပြီး သူ့ကို ဆိုင်ရှင်လို့ခေါ်ဖို့ ဆိုင်ဝန်ထမ်းများကို ပြောလိုက်မည်။
ရှန်ချီဟွမ်းက ငွေရှင်းလိုက်သည်။
နှစ်ယောက်သား ကားထဲကိုပြန်ဝင်လာသည်။
ဒရိုက်ဘာက မောင်းထွက်သွားပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ညစာစားဖို့ ပြန်ခဲ့ကြသည်။
အိမ်ထဲမဝင်ခင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “စိတ်မဆိုးတော့ဘူးမလား?”
ရှန်းယုဟန်က ရှေ့ကိုလျှောက်ထွက်သွားသည်။ “ဘယ်တုန်းက စိတ်ဆိုးလို့လဲ?”
ရှန်ချီဟွမ်းက သူ့နောက်ကိုလိုက်လာကာ ခေါင်းနောက်ကိုကြည်ပြီး ရယ်လိုက်သည်။ “ကောင်းပါပြီ၊ မင်းစိတ်ဆိုးမနေပါဘူး။”
ရှန်းယုဟန်က သူ့အထုတ်ကိုယူပြီး အပေါ်မတက်ခင် ရှန်ချီဟွမ်းဘက် ပြန်လှည့်ကာ တီးတိုးပြောလိုက်သည်။ “အခုတော့ ခွင့်လွှတ်လိုက်မယ်။”
ရှန်ချီဟွမ်းက ရယ်မောလိုက်သည်။ “မင်း ဒုတိယထပ်က စာဖတ်ခန်းကို သုံးလို့ရတယ်။”
“အွန်း!” ရှန်းယုဟန်က ဒုတိယထပ်ကို အမြန်ပြေးတက်သွားသည်။
သူ့ခင်ပွန်းက ရတနာလေးပါးဝယ်ပေးခဲ့တယ်။ အရမ်းပျော်တာပဲ။