Chapter 11
“အရမ်းချမ်းသာခဲ့ဖူးတယ်။”
ရှန်းယုဟန်က ရှန်ချီဟွမ်း နေလို့မကောင်းတာကို တွေလိုက်ရသဖြင့် စကားတစ်ခွန်းမှမပြောပဲ သူ့အခန်းကို ပြန်သွားအိပ်ဖို့ပြောလိုက်သည်။
ရှန်ချီဟွမ်းက အနီရောင်မင်္ဂလာကုတင်ပေါ်တွင် လဲလျောင်းနေကာ လှုပ်တောင်မလှုပ်ချင်တော့ပေ။
ရှန်းယုဟန်က ရေချိုးခန်းထဲမှထွက်လာစဥ် ရှန်ချီဟွမ်းက အိပ်ပျော်နေလေပြီ။
သူက နှိုးလိုက်ရမလား ချီတုံချတုံဖြစ်နေပေမယ့် သူက တစ်ရေးတစ်မောမအိပ်ပဲ အပြင်မှာသွားသောက်လာတာကို တွေးမိလိုက်တော့ မနှိုးဖြစ်တော့ပေ။
ခင်ပွန်းဖြစ်သူက အပြင်မှာလူမှုရေးအရ သောက်စားပြီးပြန်လာရင် သူကအရက်ကိုမကြိုက်သည့်အတွက် သူ့ကိုလည်းမကြိုက်တာမျိုး ဖြစ်နိုင်တယ်လို့ အမေပြောဖူးတာကို မှတ်မိသေးသည်။
ရှန်းယုဟန်အတွက် ရှန်ချီဟွမ်း၏ အိပ်ပျော်နေသော မျက်နှာကိုတွေ့ရသည်မှာရှား၏။
သူ့ခင်ပွန်း၏နဖူးကကျယ်ပြီး မျက်ခုံးမှာစူးရှကာ တောက်ပသောမျက်လုံးများရှိ၏။ နှာတံကရှည်ကာ၊ ပါးလွှာသောနှုတ်ခမ်းပါးကို စေ့ပိတ်ထားသည်။ သူ၏မျက်နှာအသွင်အပြင်က တည်ကြည်လေးနက်ပြီး ပြုံးမနေချိန်မှာ အနည်းငယ်စူးရှပြီး ရံဖန်ရံခါ ပြုံးလိုက်လျှင် လူစွမ်းကောင်းနှင့်တူ၏။ သို့သော် သူ့ခင်ပွန်းက သူ့အဖေ၊အစ်ကိုများနှင့်ကွာခြားသည်။ သူတို့က လက်အောက်ငယ်သားတွေကို အမိန့်ပေးလေ့ရှိသည်။ အရာရှိအရေးကိစ္စရပ်ကလွဲရင် ကျန်တာတွေကိုဂရုမစိုက်ပေ။ သူတို့ဇနီးတွေကို ဂရုစိုက်ဖို့ဆိုရင် ဝေးသေးသည်။ သူ့ခင်ပွန်းကကွာခြားသည်။ သူက ဖုန်းဝယ်ပေးတာကအစ အသေးစိတ်ကို ဂရုစိုက်ပေးသည်။
အကြောင်းမှာကား ခေတ်သစ်တွင် အမျိုးသားများ၏ပညာရေးက ကွာခြားမှုရှိနေတာ သို့မဟုတ် သူ့ခင်ပွန်းက ကြင်နာတတ်သည့် လူကောင်းတစ်ယောက်ဖြစ်နေ၍ပင်။ တကယ်တော့ သူက အပြင်ပိုင်းတွင် အေးစက်ပုံရပေမယ့် လူတိုင်းမှာဖုံးကွယ်ထားသော တစ်ဖက်ခြမ်းရှိနေ၍ သူက နားလည်နိုင်သည်။
(*ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေတာကို ပြောတာပါ။)
ရှန်ချီဟွမ်းက အိပ်မောကျကာ ငြိမ်သက်နေပြီး လုံးဝမလှုပ်ပေ။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ပုံမှန်အသက်ရှူသံကို နားထောင်နေပြီး မသိလိုက်ပါပဲ သူပါအိပ်ပျော်သွားခဲ့သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်စဥ် သူက အိပ်ရာထဲမှာ တစ်ယောက်တည်းရှိနေပြီး ကောင်းကင်ကြီးက ကြည်လင်နေ၏။
သူကထပြီး အကျောဆန့်ကာ ကုတင်ပေါ်မှထလိုက်သည်။
–
ရှန်ချီဟွမ်းက မနေ့ည၉နာရီတွင် အိမ်ပြန်ရောက်ပြီး မကြာခင်မှာပင် ရေမချိုးပဲအိပ်ပျော်သွားကာ မနက်၆နာရီမှာ နိုးလာတာကို သတိထားမိသွားသည်။
သူမျက်လုံးဖွင့်လိုက်စဥ် သူက အနီရောင်ကုတင်ကို ထပ်တွေ့လိုက်ရသည်။
ရှန်းယုဟန်က မူးနေတာကို အခွင့်ကောင်းယူပြီး သူ့ကိုမြှူဆွယ်ခဲ့တာဖြစ်ပေမည်။
သူ့လက်မောင်းထဲမှာ အိပ်နေသော ရှန်းယုဟန်ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ သူအိပ်ပျော်သွားရင် ဘာလို့ ညတိုင်း ရင်ခွင်ထဲကို ဝင်လာလဲမသိ။ မြှူစွယ်ဖို့ရည်ရွယ်ချက်ရှိတာ သေချာသည်။
ရှန်ချီဟွမ်းက သူ ရှန်းယုဟန်၏ ခေါင်းအုံးကို အပိုင်စီးထားမိတာကိုတော့ အလိုအလျောက် လျစ်လျူရှုလိုက်သည်။
သူက သူ့အခန်းထဲပြန်သွားကာ ရေချိုးပြီး အဝတ်အစားလဲလိုက်သည်။ ထို့နောက် အောက်ဆင်းကာ ရှန်းယုဟန်၏အခန်းထဲက အိပ်ရာခင်းကိုလဲပေးဖို့ အန်တီဝမ်ကိုပြောလိုက်သည်။
လက်ထပ်ပြီးတာ ရက်အနည်းငယ်သာရှိသေးပြီး သူတို့က ကြင်စဦးမောင်နှံနှင့်တူပေမယ့် တကယ်တော့မဟုတ်ပေ။
ရှန်ချီဟွမ်းက မနက်ခင်းမှာ ချိန်းဆိုထားတာရှိ၍ မနက်စာစားပြီးတာနဲ့ ချက်ချင်းထွက်သွားခဲ့သည်။
ရှန်းယုဟန် ထလာသောအခါ သူ့ကိုမတွေ့ရသဖြင့် သူက သင်တန်းကိုပို့ပေးဖို့ ဒရိုက်ဘာကိုပြောလိုက်သည်။
တနင်္လာနှင့်အင်္ဂါနေ့အတန်းများက ပန်းချီနှင့် လက်ရေးလှဖြစ်သည်။
သူအထဲဝင်လိုက်သည်နှင့် ရှန်းယုဟန်က အတန်းထဲမှာ ဟွမ်ရှန့်ကိုတွေ့လိုက်ရသည်။
ဟွမ်ရှန့်က ရှန်းယုဟန်ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ့အပြုအမူက မနေ့ကထက်ပင် ပိုဆိုးနေသည်။ “ဟေး၊ ရှန်းယုဟန်၊ ငါ့ကိုမမေ့သေးဘူးမလား..ဟမ်?”
ရှန်းယုဟန်က အေးစက်စက်တုံ့ပြန်လိုက်သည်။ သူက သူစိမ်းယောကျာ်းလေးတွေနဲ့ မနီးကပ်ချင်သဖြင့် ဘေးကိုရွှေ့လိုက်သည်။ “မမှတ်မိဘူး။”
“ဒါဆိုမင်းလုပ်ခဲ့တာတွေရော မှတ်မိလား?” ဟွမ်ရှန့်က ထပ်ပြောလာသည်။
ရှန်းယုဟန်က ဘောပင်ခွက်တွင် စုတ်တံကိုထည့်လိုက်သည်။ “ငါဘာလုပ်ခဲ့လို့လဲ?”
ဟွမ်ရှန့်က သူ၏တည်ငြိမ်နေသော အမူအရာကြောင့် စိတ်တိုသွားသည်။ “မင်းက အရာရာကိုမေ့တတ်တဲ့ လူစားမျိုးပဲ!”
ရှန်းယုဟန်က သူ့ကိုစိုက်ကြည့်ကာ ပြန်မဖြေပေ။
ဟွမ်ရှန့်က ရွေးချယ်စရာမရှိတော့ပဲ ဆက်ပြောလိုက်ရသည်။ “အထက်တန်းကျောင်း ဒုတိယနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ မင်း နဥ်ကျဲ့ကို သန့်စင်ခန်းသွားနေတုန်း အနိုင်ကျင့်ခဲ့တယ်။ အဲ့ဒါကြောင့် သူက အခုဆို ညဘက်အိမ်သာတောင် မသွားရဲတော့ဘူး!”
မူလကိုယ်ရှန်းယုဟန်က ထိုလူကို အနိုင်ကျင့်ခဲ့လို့ ညဆိုသန့်စင်ခန်းမသွားရဲတော့တာလား?
“သူ့ကို တစ်ခုခု ပြန်လုပ်ပေးစေချင်တာလား?” ရှန်းယုဟန်က ဟွမ်ရှန့်ကိုမေးလိုက်သည်။
“မင်းသူ့ကိုတောင်းပန်ရမယ်!” ဟွမ်ရှန့်က ရှန်းယုဟန်ကိုကြည့်လိုက်သည်။ “မဟုတ်ရင် မင်းကိုသေအောင်ရိုက်ပစ်မယ်၊ အခုမင်းမှာပံ့ပိုးပေမယ့် အဖိုးမရှိတော့ ဘာလုပ်နိုင်လဲ ကြည့်ရသေးတာပေါ့”
“မင်းငါ့ကိုရိုက်ဖို့ လူရှာနိုင်ခဲ့ရင် အစောကြီးတည်းက ရိုက်ပြီးနေပြီ၊ အဲ့အချိန်တုန်းက မင်းသူငယ်ချင်း ကျဲ့ကို ဘာလုပ်ခဲ့လဲ ငါမေးမယ်၊ ငါ့အပြစ်ဆိုရင်တော့ တောင်းပန်နိုင်ပါတယ်။”
ရှန်းယုဟန်သည် ရှန်းယုဟန်'၏ ခန္ဓာကိုယ်ကို အသုံးပြုပြီးနောက် အတော်လေး စွမ်းဆောင်ရည်မရှိသလို ခံစားလိုက်ရသည်။ သူက တခြားတစ်ယောက်၏အရှုပ်ကိုပါ ရှင်းပေးနေရဆဲပင်။
သို့သော် ဒါကိုဘယ်လိုကိုင်တွယ်ရမလဲ သူမသိသဖြင့် တောင်းပန်လိုက်တာက ပိုကောင်းမည်။
ဟွမ်ရှန့်ကဝမ်းသာသွားသည်။ ရှန်းယုဟန်က မိသားစုဒေဝါလီခံသွားပြီးနောက်ပိုင်း ယခုလိုလိုက်လျောတတ်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။ “ကောင်းပြီ၊ တွေ့ဖို့ရက်ချိန်းပြီး ရန်ငြိုးဖြေလိုက်ရအောင်။”
“အင်း၊ အခုငါလက်ရေးလှကျင့်ရဦးမယ်။” ရှန်းယုဟန်က သူ့ကိုမနှောင့်ယှက်ဖို့ စကားလှလှသုံးလိုက်သည်။
ဟွမ်ရှန့်က ကိစ္စတွေချောမွေ့သွားမယ်လို့ မမျှော်လင့်ထားသဖြင့် သူက ဂရုထဲကို မက်ဆေ့ပို့ကာ နဥ်ကျဲ့ကို မန်ရှင်းခေါ်လိုက်ပြီး ရှန်းယုဟန်က နဥ်ကျဲ့ကို တောင်းပန်လာအောင် ဘယ်လိုလုပ်မလဲ လေးလေးနက်နက် ဆွေးနွေးနေသည်။
— သုံးကြိမ်တောင်းပန်ခိုင်းလိုက်!
—-- ဒူးထောက်ပြီး အသနားခံခိုင်း!
—- ညီအစ်ကိုကျဲ့ သူ့ကိုရိုက်ပါစေ၊ ဒါက ဒေါသဖြေဖို့ တစ်ခုတည်းသောနည်းလမ်းပဲ!
— ဒါပေမယ့် ညီအစ်ကိုကျဲ့ ဘာလို့ထွက်မလာတာလဲ? ငါ့သူ့ကိုအကြိမ်များစွာ ပြောခဲ့ပြီးတာကို။
— ညီအစ်ကိုကျဲ့က အဲ့ဒီငမိုက်သား သူ့ကိုလာတောင်းပန်မှာကိုသိရင် ပျော်သွားမှာပဲ၊ သူ့ကိုသတင်းကောင်းပေးဖို့ အခုဖုန်းခေါ်လိုက်မယ်။
—- ရှန်းယုဟန်က တကယ်တောင်းပန်မှာလား?
ဟွမ်ရှန့် : [ သူ့အဘိုးက ဆုံးသွားပြီ၊ နောက်ဆုံးအကြိမ်က သူငွေလိမ်ခံခဲ့ရတာ သူ့မှာအကြွေးတွေအများကြီးပဲ အခုသူ့မှာဘာမှမရှိတော့ဘူး၊ ဒါ့ကြောင့် သူ့အမှားကိုသိပြီး သေချာပေါက် တောင်းပန်မှာ]
— အဲ့လိုကိုး၊ ချမ်းသာတာတကယ်ကောင်းတာပဲ၊ ဟား၊ သူဒီလိုဖြစ်သွားမယ်လို့ ငါမမျှော်လင့်ထားဘူး!
— ငါတို့ကိုရိုက်ဖို့ သူလူမခေါ်လာလောက်ပါဘူးနော်
ဟွမ်ရှန့်: [ သူ့မှာသူငယ်ချင်းဘယ်လိုရှိနိုင်မှာလဲ၊ မင်းမသိဘူးလား? သူ့သူငယ်ချင်းတွေက သူ့ကိုလိမ်ခဲ့လို့ ပိုက်ဆံတွေဆုံးရှုံးခဲ့ရတာလေ]
— ဒါဆို သူက လက်ရေးလှလေ့ကျင့်ဖို့ မင်းအဖေရဲ့စတူဒီယိုကို ဘာလို့သွားခဲ့တာလဲ?
ဟွမ်ရှန့်: ….မသိဘူး။
ဟွမ်ရှန့်က ဖုန်းချကာ ရှန်းယုဟန်ကို လေ့လာနေသည်။ ဤရှုထောင့်ကနေ ရှန်းယုဟန်ကို 'အေးချမ်းတယ်'လို့ မြင်မိလိုက်စဥ် သူ့တစ်ကိုယ်လုံး ကြက်သီးထလာခဲ့သည်။
သူက တစ်ဖက်လူရေးထားသော စာလုံးကြီးတွေကို တိတ်တဆိတ်ကြည့်ကာ လှုပ်ရှားမှုတိုင်းက တင်းမာမနေပဲ ချောမွေ့နေသည်။
ဤသည်မှာ အထက်တန်းကျောင်းတုန်းက ရိုင်းစိုင်းလွန်းလို့ လူတိုင်းမုန်းကြသည့် ရှန်းယုဟန်ကို သတိရသွားစေသည်။ သူအိပ်နေစဥ် ရှေ့ခုံက နှောင့်ယှက်ခဲ့ရင် ထိုခုံက သေချာပေါက် လွှင့်ပစ်ခံခဲ့ရတာပင်။
ထိုရက်တွေမှာ ရှန်းယုဟန်က ကျောင်းအာဏာရှင်တစ်ဦးဖြစ်ပြီး အပြင်ကလူတွေနဲ့ သောက်စားကာ ရန်ဖြစ်သောင်းကျန်းပြီး အထူးသဖြင့် ကားပြိုင်ရတာကိုကြိုက်သည်။ တစ်ခါတစ်ရံ ကျောင်းကို ဆိုင်ကယ်စီးလာပြီး ဆရာများ၏ကားပါကင်တွင် တမင်တကာ ထိုးရပ်ထားလေ့ရှိ၏။ လမ်းညွှန်ပေးသော ဒါရိုက်တာများဆီက အဆူခံရပြီး ရှန်းယုဟန်ကလည်း သူတို့ကိုမကြိုက်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ကြိမ်းမောင်းခဲ့ကြသည်။ ရလဒ်ကတော့ သူ့အဘိုးက ကျောင်းကိုရောက်လာကာ ပညာရေးဌာနက ဒါရိုက်တာကို ဆက်တိုက်တောင်းပန်ခဲ့ရခြင်းပင်။
ဟွမ်ရှန့်က သူ့မှာ ဒီလိုမြေးတစ်ယောက်ရှိခဲ့ရင် သူ့ရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးထားမယ်လို့ တွေးနေသည်!
ယနေ့အောင်မြင်မှုက ပုံမှန်မဟုတ်ပေ။ အတိတ်မှာ ရှန်းယုဟန်က သူ့ကိုလုံးဝဂရုမစိုက်ပဲ လက်သီးစာကိုပင် စားခဲ့ရသေးသည်။
အရမ်းထူးဆန်းနေတယ်။
သူက ကျောင်းအာဏာရှင် ရှန်းယုဟန် မဟုတ်တော့ဘူးလား?
သူက ဆံပင်ကိုလည်းဆေးမဆိုးထား၊ ရိုင်းစိုင်းသော ဘာသာစကားလည်းမသုံး၊ မျက်မှောင်တောင် ကြုတ်မနေဘူး။ မနေ့ကသူ့ကိုတွေ့လိုက်ရတော့ သရဲကိုတွေ့လိုက်ရသလိုပင်။
နောက်အတွေးတစ်ခုမှာ သူ့မိသားစု၏ ရုတ်တရက်ပြောင်းလဲမှုက သူ့စိတ်သဘောထားကို သိသိသာသာ ပြောင်းလဲစေခဲ့တာ ဖြစ်ပေမည်။
နောက်ဆုံးတွင် ညီအစ်ကိုကျဲ့ဆီက ပြန်စာရခဲ့သည်။ သူက ရှန်းယုဟန်ကို နည်းနည်းကြောက်နေပြီး ထောင်ချောက်ဆင်နေသလား တွေးနေသည်။
ဟွမ်ရှန့်က ရှန်းယုဟန်၏ လတ်တလောအတွေ့အကြုံကို သိနေသဖြင့် ထောင်ချောက် မဟုတ်ဘူးလို့ပြောလိုက်သည်။ ထို့နောက် သူတို့ချိန်းဆိုလိုက်ကြသည်။
သူတို့က ကောလိပ်ကျောင်းသားတွေဖြစ်ပြီး စနေ၊တနင်္ဂနွေမှာပဲ အားတာကြောင့် စနေနေ့မနက်ဆယ်နာရီ ဖူယွမ်ကုန်သွယ်ရေးပလာဇာမှာ ချိန်းဆိုလိုက်ကြသည်။
ရှန်းယုဟန် စာရေးနေတာကိုစောင့်ရင်း ဟွမ်ရှန့်က လေသံမာချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “ငါ့သူငယ်ချင်းတွေနဲ့ ချိန်းဆိုပြီးပြီ စနေနေ့မနက်ဆယ်နာရီ၊ ဖူယွမ်ပလာဇာမှာ။”
“စနေနေ့လည်လုပ်လိုက်၊ မနက်သင်တန်းရှိတယ်။” ရှန်းယုဟန်က ဘောပင်ခွက်ထဲက စုတ်တံနှင့် စာလုံးသေးများရေးနေသည်။
“ကောင်းပြီ”
ဘာပဲဖြစ်ဖြစ် ပိတ်ရက်မလို့ အချိန်ရသည်။
ထိုအချိန်တွင် ဟွမ်ရှန့်က သူရှန်းယုဟန်၏ အတွေးကို လိုက်လျောမိလိုက်မှန်းမသိပဲ သူငယ်ချင်းအတွက် တစ်ခုခုလုပ်ပေးလိုက်ရလို့ ပျော်နေသည်။
–
လက်ရေးလှ ပထမအတန်းပြီးသွားတော့ ရှန်းယုဟန်က အိတ်လွယ်ကာ နောက်အတန်းတစ်ခုသွားပြီး လက်ရေးဟန်လေ့ကျင့်ဖို့ လုပ်လိုက်သည်။
ရှန်းယုဟန်က လူကြီးတန်းကိုရွေးချယ်ခဲ့၍ လူအများကြီးသိပ်မရှိချေ။ ရှန်းယုဟန်အပါအဝင် လေးငါးယောက်သာရှိသည်။
ခဲယဥ်းသော ဘောပင်လက်ရေးလှအတန်း၏ ဆရာမက ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူက နူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်ရှိသည်။ ရှန်းယုဟန်က လမ်းညွှန်မှုအောက်တွင် ခေတ်သစ်ဘောပင်ကို အမြန်ကိုင်တက်သွားပြီး ကွာခြားချက်က သဘာဝနှင့်အရောင်သာဖြစ်သည်။
တချို့ဖောင်တိန်တွေက လက်မှတ်ထိုးဖို့သုံးပြီး တချို့က စာမေးပွဲအတွက်သုံးသည်။ တချို့ကတော့ ပုံဆွဲဖို့ဖြစ်ပြီး ပုံဆွဲဖို့အတွက် ဖောင်တိန်အမျိုးအစား အများကြီးရှိ၏။ ရှန်းယုဟန်က သူသိသမျှကို ချရေးလိုက်ပြီး အိမ်ပြန်ရောက်ရင် စီရီကို ကူရှာပေးဖို့ မေးလိုက်မည်။
နေ့လည်စာစားချိန်ဖြစ်၍ ရှန်းယုဟန်က နေ့လည်စာစားရန် ရှန်ချီဟွမ်း၏ ကုမ္ပဏီကိုသွားခဲ့သည်။
သူက ရှန်ချီဟွမ်းကို ဝီချက်ကနေ အရင်ဆုံးမက်ဆေ့ပို့လိုက်သည်။
“ယောကျာ်း၊ အတန်းပြီးသွားလို့ ကုမ္ပဏီကိုလာနေပြီနော်”
သို့သော် ရှန်းယုဟန် ကားပေါ်ကဆင်းသည်အထိ ရှန်ချီဟွမ်းက စာမပြန်ပေ။
သူက ဝင်ခွင့်ကတ်ကို သုံးတတ်သဖြင့် ဓာတ်လှေကားနှင့် အပေါ်တက်လာသည်။ မနေ့က ရှန်ချီဟွမ်း၏ ရုံးခန်းရှိသော အထပ်ကိုမှတ်သားခဲ့သည်။
ထိုအချိန်တွင် ဝန်ထမ်းများက စားဖို့ထွက်သွားကြပြီး နေရာမှာမရှိကြပေ။ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရုံးခန်းကို တိုက်ရိုက်သွားလိုက်သည်။
သူကတံခါးခေါက်လိုက်စဥ် ဘယ်သူမှပြန်မဖြေပေ။
ရုံးခန်းကို သော့ခတ်ထားလို့ ဖွင့်လို့မရပေ။ ဘယ်သူမှလည်းမရှိဘူး၊ သူဘယ်သွားတာလဲ?
ရှန်းယုဟန်က ရှန်ချီဟွမ်းကို မက်ဆေ့တစ်စောင် ထပ်ပို့လိုက်သည်။ “ကျွန်တော် ရုံးခန်းရှေ့ရောက်နေပြီ”
ရှန်ချီဟွမ်းက မဖြေသေးပေ။
ရှန်းယုဟန်က တံခါးနားမှာ ဆက်စောင့်နေပြီး ဘယ်သူမှလည်း ရောက်မလာပေ။
သူက မနက်တည်းက ဘာမှမစားရသေးတာကြောင့် သူ့ဗိုက်က မြည်နေသည်။
နာရီဝက်ကြာတော့ ရှန်ချီဟွမ်း၏ ဝန်ထမ်းတစ်ယောက် ရောက်လာသည်။ တစ်ဖက်လူက ရှန်းယုဟန်ကို စူးစိုက်ကြည့်နေသည်။
ရှန်းယုဟန်က တခြားသူတွေမြင်သွားရင် မကောင်းသဖြင့် ဒီမှာဆက်မရပ်နိုင်တော့ပေ။
သူက အောက်ဆင်းသွားကာ ဒရိုက်ဘာဆီက ပိုက်ဆံနည်းနည်းချေးလိုက်မည်။ ပြီးရင် ကိုယ်တိုင်မုန့်သွားဝယ်ကာ ဒရိုက်ဘာ၏ဖုန်းနံပါတ်ကို မှတ်သားလိုက်မည်။
အောက်ကိုရောက်တော့ ထမင်းစားပြီးပြန်လာသော ဒရိုက်ဘာကို တွေ့လိုက်ရသည်။
သူက တစ်ဖက်လူကို ရှက်ကိုးရှက်ကန်း မေးလိုက်သည်။ “ဦးလေးလီ၊ ပိုက်ဆံနည်းနည်းလောက်ရှိရင် ကျွန်တော့်ကို ချေးပေးလို့ရမလား?”
ဦးလေးလီက ထိပ်ပြောင်နေသည့် လူကောင်းတစ်ယောက်ဖြစ်သည်။ “ဘယ်လောက်လိုအပ်တာလဲ၊ ဦးလေးဆီမှာအများကြီးမရှိဘူး”
“အများကြီးမလိုပါဘူး၊ တစ်ခုခုသွားဝယ်မလို့ပါ။”
ဦးလေးလီက ပိုက်ဆံအိတ်ကိုထုတ်လိုက်သည်။ “ငါးရာပဲရှိတယ်၊ လောက်ရဲ့လား?”
ရှန်းယုဟန်က ငွေကြေးစနစ်ကို သိသည်။ “တစ်ရာဆိုရပါပြီ။”
ဦးလေးလီက ရှန်းယုဟန်ကို ပိုက်ဆံပေးလိုက်ပေမယ့် ရှန်းယုဟန် မယူခင်မှာ ရှန်ချီဟွမ်း၏ အသံကို ကြားလိုက်ရသည်။ “ရှန်းယုဟန်၊ မင်းဘာလုပ်နေတာလဲ?” ရှန်းယုဟန် ရှင်းမပြခင်မှာ ရှန်ချီဟွမ်းက ဦးလေးလီကို ပြောလိုက်သည်။ “ဦးလေးလီ၊ ပိုက်ဆံကိုပြန်ယူသွားလိုက်ပါ။”
ဦးလေးလီက ရှန်ချီဟွမ်းပြန်လာတော့ ရှန်းယုဟန်က သူ့ဆီက ပိုက်ဆံချေးစရာမလိုတော့ကြောင်း သိလိုက်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ရုံးခန်းထဲဆွဲခေါ်သွားကာ တံခါးပိတ်လိုက်သည်။ သူ့မျက်နှာက တင်းမာနေသည်။
“ဦးလေးလီဆီက ပိုက်ဆံလိမ်ယူဖို့ မင်းသူငယ်ချင်းတွေဆီက ဘယ်လိုသင်ယူခဲ့တာလဲ?”
ထိုစကားမတိုင်ခင် ရှန်းယုဟန်က လွန်ခဲ့တဲ့နှစ်ရက်ကလို သူ့အား အပြုံးမျက်လုံးဖြင့် ကြည့်နေခဲ့တာဖြစ်သည်။
“ကျွန်တော် ဦးလေးလီရဲ့ပိုက်ဆံကို မလိမ်ပါဘူး။ နေ့လည်စာစားဖို့ ယွမ်တစ်ရာပဲချေးခဲ့တာ၊ ဘာလို့အထင်လွဲနေတာလဲ?”
ရှန်ချီဟွမ်းက ဒီလိုဖြစ်နေမယ်လို့ မမျှော်လင့်ထားပေ။ သူ့ဒေါသက ဖြည်းဖြည်းချင်း ပြန်လျော့သွားသည်။ “မင်းမှာပိုက်ဆံမရှိဘူးလား?”
ထိုမှသာ ထိုစကားတွေက ရှန်းယုဟန်၏ ကိုယ့်ကိုကိုယ် လေးစားမှုကို ထိခိုက်သွားပြီး ဝမ်းနည်းအောင် လုပ်မိလိုက်မှန်းသိလိုက်သည်။
ရှန်းယုဟန်က ပါးစပ်ကိုဖိကာ မျက်လုံးတွေနီရဲလာပြီး ရှန်ချီဟွမ်းကို ကျောပေးလိုက်သည်။ သူ့မျက်ရည်တွေက မထိန်းချုပ်နိုင်အောင် ကျဆင်းလာပြီး လက်နဲ့သုတ်ပစ်လိုက်သည်။ သို့သော် သူသုတ်လေ ပိုကျလာလေဖြစ်သည်။