Chapter 10
Viewers 954

Chapter 10


“ဇနီးလေး”


“လူတိုင်း ဘေးကအစည်းအဝေးခန်းထဲအရင်ဝင်ပေးပါ။ ငါ ဆယ်မိနစ်နေရင် လာခဲ့မယ်။” ရှန်ချီဟွမ်းက ကမန်းကတန်းတုံ့ပြန်ကာ အားလုံးကို အရင်ထွက်သွားခိုင်းလိုက်သည်။


သူက ရှန်းယုဟန်နှင့်နေတာ မကြာသေးသော်လည်း လွန်ခဲဲ့သည့်နှစ်ရက်မှာ ရှန်းယုဟန်က ‘ယောကျ်ား'ဆိုသော စကားလုံးကို လေသံအမျိုးမျိုးနဲ့ခေါ်ဖူးပေမယ့် ဒီအသံကိုတော့ မကြားဖူးခဲ့ပေ။ သူ၏ဖြူဖျော့ပြီး စိတ်လွင့်နေသော မျက်လုံးများကိုတွေ့လိုက်တော့ တစ်ခုခုမှားနေတယ်ဆိုတာ သိလိုက်သည်။ သူက အိပ်မက်ကြောင့် အလွန်ထိတ်လန့်နေတယ်ဆိုတာကို မြင်နိုင်သည်။


လက်အောက်ငယ်သားတွေက တစ်ယောက်ချင်းထွက်ခွာသွားပြီး ဧည့်ခန်းထဲက ထွက်လာသူက ဘော့စ်၏ဇနီးဆိုတာကို ခန့်မှန်းလိုက်ကြပြီး ကြာကြာမနေရဲတော့ပေ။


ကြည့်ရတာ သူဌေးနှင့် သူဌေး၏ဇနီးကြားရှိဆက်ဆံရေးမှာ အတော်ကောင်းပုံရသည်။ သူ့ကိုခေါ်သည့်ပုံစံက အလွန်ရင်းနှီးပြီး သူဌေးကို သက်ရောက်မှုရှိနေတာ အံ့သြဖို့ကောင်းသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ဆီလျှောက်သွားကာ တခြားသူတွေမမြင်အောင် သူ့အရပ်နဲ့ကာပေးလိုက်သည်။

ထိုအချိန်တွင် ရှန်းယုဟန်က အိပ်မက်ဆိုးမှ အသိပြန်ဝင်လာသည်။


အိ​ပ်မက်ထဲကအရာအားလုံးက သူကိုယ်တိုင်ကြုံတွေ့ဖူးတာကြောင့် သူနိုးလာသည့်အခါ အိပ်မက်လား အစစ်အမှန်လား မခွဲနိုင်ခဲ့ပေ။ ဒါကြောင့် သူက အရူးလိုပြေးထွက်လာခဲ့သည်။

ရှန်ချီဟွမ်း၏ ​အေးစက်သောလက်က သူ့နဖူးပေါ်ရောက်လာသည်။ “နေမကောင်းဘူးလား?”

“မဟုတ်ဘူး။” ရှန်းယုဟန်က ဖြည်းဖြည်းချင်းပြန်ကောင်းလာပြီး နဖူးပေါ်ကချွေးများ ပြန်ပျောက်သွားသည်။ သို့သော် သူ့ခြေထောက်တွေကို တ​ခြားသူတွေမြင်သွားတာကြောင့် ထိတ်လန့်ကာ ငိုချမလိုဖြစ်နေသည်။ “ကျွန်တော်…ဖိနပ်မဝတ်ခဲ့ဘူး။”

သူက ခြေဗလာကို သူများမြင်သွားမှာ ကြောက်နေဆဲပဲ။


ချီတိုင်းပြည်မှာ ဓလေ့စည်းမျဥ်းတစ်ခုရှိသည်။ အမျိုးသမီးဖြစ်စေ ကောဖြစ်စေ ခြေထောက်တွေကို အမျိုးသားတွေမြင်အောင် ဖော်ပြလို့မရပေ။ မြင်ခဲ့လျှင် အကျင့်ပျက်ပြီး မသန့်စင်တော့ဟု သတ်မှတ်ကာ ကဲ့ရဲ့လေ့ရှိပြီး မိသားစုက သူတို့ကို သူတို့ခြေထောက်ကိုမြင်သွားသူနှင့် အတင်းလက်ထပ်ပေးပြီး ကံကောင်းရင် ဇနီးဖြစ်ပြီး ကံမကောင်းရင် ကိုယ်လုပ်တော်ဖြစ်သွားမည်။



ရှန်ချီဟွမ်းကလွဲရင် ရှန်းယုဟန်၏ခြေထောက်ကို ဘယ်သူမှမမြင်ဖူးပေ။ ထိုအုပ်စုထဲမှာ အမျိုးသမီးနှစ်ယောက်သာရှိပြီး ကျန်တာက အမျိုးသားတွေဖြစ်သည်!


ရှန်ချီဟွမ်းက သနားစရာသူ့ပုံစံကို​ကြည့်ကာ စကားကြမ်းကြမ်းပြောရင် ငိုသွားမှာစိုးရိမ်၍ ညင်ညင်သာသာ ပြောလိုက်သည်။ “ဒါဆိုလည်း ဖိနပ်ဝတ်လိုက်လေ”

အိပ်မက်ကအရမ်းကြောက်စရာကောင်းတာလား?


ရှန်းယုဟန်က နာခံစွာ ဧည့်ခန်းထဲဝင်ပြီး ဖိနပ်နဲ့ ခြေစွပ်ကိုဝတ်လိုက်သည်။

သူက မျက်ရည်ထိန်းကာ အသက်ရှူသွင်းလိုက်သည်။


အခုက ခေတ်သစ်လူ့အဖွဲ့အစည်းဖြစ်၍ အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးလုံးက ဖိနပ်ပါးဝတ်နိုင်ပြီး တချို့လူတွေက ပေါင်ကိုတောင်ဖော်ထားနိုင်သည်။ ခြေ​ထောက်က သိပ်အရေးမကြီးပဲ သူက စိတ်အပူလွန်နေတာပင်။ သူက ဒီအတိုင်း အိပ်မက်ကြောင့် ထိတ်လန့်ကာ သူ့ခင်ပွန်းမုန်းသွားမှာကို ကြောက်နေတာပင်။


ရှန်ချီဟွမ်းက သူပြန်ထွက်လာတော့ အဆင်ပြေသွားပေမယ့် နှာခေါင်းနီနေတာကို တွေ့လိုက်ရသည်။ သူက ဘာလို့အဲ့လောက်ငိုတာကိုကြိုက်တာလဲ?


နောက်ဆုံးအကြိမ် ဧည့်ခံပွဲမှာ ကဲ့ရဲ့ခံရတာကိုတောင် မငိုခဲ့ပေ။ သူက အမျိုးသမီးတစ်ယောက်၏ဆံပင်ကို လက်ထဲအပြည့်ပါအောင် ဆွဲနိုင်ခဲ့သေးသည်။ ရေကူးကန်ထဲကရေတွေ သူ့မျက်လုံးထဲဝင်သွားပြီး ငိုနိုင်တဲ့စွမ်းရည်ရသွားတာတော့ မဟုတ်ဘူးမလား?

သူတကယ်ကိိုစိတ်လွတ်နေတာလား?


ရှန်ချီဟွမ်းက သူ့ကိုရေတစ်ခွက်ထည့်ပေးပြီး ပြောလိုက်သည်။ “အောက်ထပ်ကိုခေါ်သွားပေးမယ်၊ ဒရိုက်ဘာစောင့်နေတယ်။”



ရှန်းယုဟန်က ရေထိုင်သောက်ပြီး ခေါင်းညိတ်လိုက်သည်။ “အွန်း” သူက စိတ်ရှုပ်နေဆဲပင်။

ရှန်ချီဟွမ်းက အင်တာကွန်းဖုန်းကိုခေါ်လိုက်သည်။ “ဝင်ခွင့်ကတ်အသစ်တစ်ခု ယူလာပေး”

လက်ထောက်ချွီက နေရာအနည်းငယ်ကို ဝင်ရောက်နိုင်သော အဆင့်မြင့်ဘက်စုံသုံးကတ်ကို လုပ်နိုင်သော်လည်း သီးသန့်ကတ်တော့လုပ်မထားပေ။


ရှန်းယုဟန်​က ရေသောက်ပြီးနောက် သူက ရှန်ချီဟွမ်းအနောက်ကနေ အောက်ထပ်ကိုဆင်းသွားသည်။

သို့သော် ရှန်ချီဟွမ်းက သူ့လက်ဗလာကိုတွေ့တော့ မေးလိုက်သည်။ “မိုဘိုင်းဖုန်းဘယ်မှာလဲ? ယူလာခဲ့လား?” 


ရှန်းယုဟန်က သူ့အိပ်ကပ်ကိုစမ်းလိုက်ပြီး ကုတင်ဘေးစားပွဲပေါ်မှာ ထားခဲ့တာကိုသတိရသွားသည်။ သူက မသဲကွဲသောအသံဖြင့် ပြောလိုက်သည်။ “ကျွန်တော် ကုတင်ဘေးစားပွဲပေါ်မှာတင်ခဲ့တယ်။”


“ကောင်းပြီ၊ငါသွားယူလိုက်မယ်၊ အရမ်းပေါ့ဆတာပဲ။” ဒီလူဘယ်လိုကြီးပြင်းလာလဲမသိဘူး။ အရမ်းမေ့တတ်ပြီး အမြဲမေ့ကျန်သည်။ သူ့ကိုမကြိုက်ကြတာလည်း မဆန်းတော့ပါဘူး။

ရှန်ချီဟွမ်းအသံကိုနား​ထောင်ကာ ရှန်းယုဟန်၏ နှလုံးသားက ငြိမ်သက်သွားသည်။

ရှန်ချီဟွမ်းက သူ့မိုဘိုင်းဖုန်းနှင့်အတူ ထွက်လာပြီး သူငယ်ချင်းတစ်ယောက်ပေးခဲ့သော စလွယ်အိတ်ကို ရှန်းယုဟန်ကို ကမ်းပေးလိုက်သည်။ “နောက်မှာလွယ်ထား၊ ဖုန်းက အထဲမှာထည့်ထားတယ်။”

ရှန်းယုဟန်က ထိုအိတ်မျိုးကိုတစ်ခါမှမလွယ်ဖူးသဖြင့် ဘယ်လိုလွယ်ရမလဲမသိ၍ လက်ထဲမှာသာ ကိုင်လိုက်သည်။ သူ့ခင်ပွန်းက အရမ်းစဥ်းစားပေးတာပဲ၊ သူ့ကိုအိတ်တောင်ပေးခဲ့သည်။ “ကျေးဇူးပါ၊ ယောကျာ်း”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏နာမ်စားကို ပိုပြီးနေသားကျလာသည်။


သူများတွေက အကျင့်တစ်ခုကို နေသားကျဖို့ ၂၈ရက်ကြာသော်လည်း သူကတစ်ဖက်လူ၏အကျင့်ကို နေသားကျဖို့ နှစ်ရက်သာကြာခဲ့သည်။

ပုံမှန်အားဖြင့် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့ဘာသူ အောက်ဆင်းသွားစေချင်ပေမယ့် သူစိတ်အခြေအနေမကောင်းတာကိုတွေ့တော့ လိုက်ပို့ပေးခဲ့ပြီး အသိစိတ်ဝင်လာသောအခါ သူက ဓာတ်လှေကားထဲတောင် ရောက်နေလေပြီ။ 


ကားတံခါးကိုပိတ်နေစဥ် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုပြောလိုက်သည်။ “တစ်ခုခုလိုရင်ဖုန်းဆက်ပါ။ ညနေကျရင် ကိုယ့်ဘာကိုယ် ပြန်လာခဲ့။”



ရှန်းယုဟန်​က ခေါင်းညိတ်လိုက်သည်။ သူ့စိတ်က ခင်ပွန်း၏ဂရုစိုက်မှုကြောင့် ပိုကောင်းလာသည်။ “နားလည်ပါပြီ”


သူက ရှန်ချီဟွမ်းကို အပေါ်ယံပြုံးပြလိုက်သည်။


ရှန်ချီဟွမ်းက လက်လှမ်းကာ သူ့မျက်နှာကိုထိလိုက်ချင်ပေမယ့် သူက အဆုံးမှာ ရှန်းယုဟန်အတွက် တံခါးပိတ်ပေးလိုက်သည်။




ဆယ်မိနစ်တောင်မကြာလိုက်ပဲ ကုမ္ပဏီတစ်ခုလုံးတွင် သူဌေးက ဇနီးကို အရမ်းသဘော​ကျကြောင်း ပျံ့နှံ့သွားသည်။


လက်ထောက်ချွီက သူဝင်လာတော့ ကုမ္ပဏီအတင်းအဖျင်းတစ်ခုကို ကြားလိုက်ရသည်။ သူ့သူဌေး၏ ဖုန်းဝယ်ခဲ့သောအပြုအမူကို တွေးမိလိုက်သည်။ ဘော့စ်က ချက်စ်ကစားပြီး ရှန်းယုဟန်လက်ထဲက ပိုင်ဆိုင်မှုတွေကို လိုချင်နေတာလား? ဒါပေမယ့် ကုမ္ပဏီအခြေအနေကလည်း ပုံမှန်ဖြစ်ပြီး ဘဏ်ချေးငွေကလည်း ချောမွေ့နေသည်။


သူဌေးက အမြတ်မရရင် အိပ်ရာပင်မထချေ။ ကြည့်ရတာ အ​မြတ်ရဖို့ အလားအလာရှိပုံရသည်။


ရှန်ချီဟွမ်း၏ စီစဥ်မှုအောက်တွင် ရှန်းယုဟန်က ဖုန်းပါသောအိတ်နှင့် ရှန်ချီဟွမ်း၏ ကုမ္ပဏီဝင်ခွင့်ကတ်နှင့်အတူ ပန်းချီနှင့်လက်ရေးလှသင်တန်းကို ပြန်သွားလိုက်သည်။ လမ်းတွင် အိတ်ကြော်ညာတွေအများကြီးတွေ့ခဲ့သဖြင့် သူက ဘယ်လိုလွယ်ရမလဲသိသွားသည်။


ဧည့်ကြိုအမျိုးသမီးက ပန်းချီအတန်းကိုလိုက်ပြပေးသည်။ “ကျွန်မနဲ့လိုက်ခဲ့ပေးပါ။”


ရှန်းယုဟန်က တောင်ပေါ်ဓားပြအကြောင်း တွေးတာကိုရပ်လိုက်ပြီး ခဲယဥ်းသော ဘောပင်လက်ရေးလှသင်ရိုးသို့ အာရုံပြောင်းလိုက်သည်။ 

“ကျွန်တော် ခဲယဥ်းတဲ့ဘောပင်လက်ရေးလှသင်တန်းကို ​ပြောင်းချင်လို့ ညှိလို့ရမလား?”


“ရပါတယ်။ ဗီအိုင်ပီမန်ဘာမို့ ကြိုက်တာပြောင်းလို့ရပါတယ်။ တစ်ယောက်ချင်းသင်တာကိုလိုချင်လား အများနဲ့သင်ချင်လား?”


“အများနဲ့ပါ” သူက လူတွေရဲ့အပြုအမူနဲ့ အပြောအဆိုကို မနီးမဝေးမှလေ့လာနိုင်သည်။


“ရှင့်မှာ ဒီအပတ် လက်ရေးလှအတန်းသုံးခုရှိတယ် ဘယ်အတန်းကို ခဲယဥ်းတဲ့ဘောပင်လက်ရေးလှအတန်းနဲ့ ပြောင်းချင်လဲ? ဒါမှမဟုတ် အတန်းတစ်ခုထပ်တိုးချင်လား?


“ထပ်မတိုးချင်ဘူး၊ ခဲယဥ်းတဲဲ့ ဘောပင်လက်ရေးလှအတန်းနှစ်ခုနဲ့ ရိုးရိုးလက်ရေးလှအတန်းတစ်ခုကို ပြောင်းပေးပါ” သူ့မှာတခြားတက်စရာအတန်းများ ရှိသေးသည်။


“ကောင်းပြီ၊ အခုစီစဥ်ပေးလိုက်ပါမယ်။”


တရုတ်ပန်းချီအတန်းက ငါး​​​ယောက်မှ ဆယ်ရောက်အတန်းဖြစ်သည်။ ရှန်းယုဟန်က အတန်းထဲဝင်လာတော့ အတန်းထဲမှာ အသက်ခြောက်ဆယ်အရွယ် အဘွားတစ်ယောက်တည်းရှိပြီး ရှန်းယုဟန်ဝင်လာတော့ သူမက အပြုံးလေးနဲ့နှုတ်ဆက်ပြီး ရှန်းယုဟန်က သူစိမ်းတစ်ယောက်ဆီမှ ကြင်နာမှုကိုရရှိခဲ့သည်။

အတန်းထဲမှာဘယ်သူမှမရှိသဖြင့် အဘွားက ရှန်းယုဟန်ကို စကားပြောလာသည်။


အများအားဖြင့် အဘွားကမေးခွန်းတွေမေးနေပြီး ရှန်းယုဟန်က ဖြေနေသည်။


“လူချောလေး၊ တရုတ်ပန်းချီကို ဘာလို့လေ့လာတာလဲ? အဲ့ဒါကအရမ်းကွာခြားပြီး လူငယ်အနည်းစုကပဲ ​ကြိုက်ကြတာ။”


“အဆင်​ပြေပါတယ်။” အဘွား၏စိတ်အားထက်သန်မှုကို ရင်ဆိုင်ရာမှာရှန်းယုဟန်က ရှက်နေသည်။


“အရင်ကသင်ဖူးလား?”


“နည်းနည်းသင်ဖူးပါတယ်။”


“မင်းရဲ့လေယူလေသိမ်းက ဒေသခံနဲ့လည်းမတူဘူး”


“အဲ့လိုပါပဲ၊ ကျွန်တော့်မိသားစုက ဒီမှာနေတာပါ။”


“လှလိုက်တဲ့ကောင်လေး၊မင်းမှာလက်တွဲဖော်ရှိိလား? အဘွားမြေးမလေးက ပေကျင်းတက္ကသိုလ်မှာ ပညာသင်ယူနေတာ၊ သူကမင်းနဲ့ရွယ်တူပဲ၊ ဒီမှာကြည့် အဘွားမြေးမလေးရဲ့ဓာတ်ပုံ..”


“ကျွန်တော့်မှာရှိပါတယ်”

“…”


စကားဝိုင်းကရုတ်ချည်းပြီးဆုံးသွားသည်။


ထိုအချိန်တွင် လူငယ်အများစုက အတန်းထဲဝင်လာပြီး အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်က အချင်းချင်းသိပုံရသည်။

ရှန်းယုဟန်၏ဘေးမှာထိုင်သူက ဆယ့်ရှစ်၊ဆယ့်ကိုးနှစ်အရွယ်ဖြစ်ပြီး ဂျင်းပြဲကိုဝတ်ထားကာ ပီကေဝါးနေသည်။


အခန်းထဲမှာ မိန်းကလေးတွေရှိ၍ ရှန်းယုဟန်က ပိုပြီးသက်တောင့်သက်သာဖြစ်ပြီး မွန်းကြပ်သလို မခံစားရတော့ပေ။


အတန်းက ဒီနေ့မှစတာမဟုတ်ပဲ ရှန်းယုဟန်က တစ်ဝက်လောက်မှ ဝင်လာပေမယ့် ကိစ္စမရှိပေ။ သူ့မှာ အခြေခံအုတ်မြစ်ရှိပြီး မှင်ဆေးပန်းချီက သူ့အတွက် စိတ်နေသဘောထား ပျိုး​ထောင်ဖို့သာဖြစ်သည်။ 


ဆရာက ဒီအတန်းတွင် ပုဇွန်ဆွဲနည်းကိုသင်ပေးခဲ့ပြီး ရှန်းယုဟန်က ပေါ့ပါးသောရိုက်ချက်အနည်းငယ်ဖြင့် ပုဇွန်ပုံမျိုးစုံကိုဆွဲကာ ပန်းချီရေးဆွဲလိုက်သည်။

ရှန်းယုဟန်၏ ပုဇွန်ကိုတွေ့ပြီးနောက် ဆုတံဆိပ်ရထားသော ဆရာက စင်ပေါ်တွင် ပြသထားသော သူ့လက်ရာများကို တိတ်တဆိတ် ဘေးချကာ ရှန်းယုဟန်၏ပန်းချီက တကယ်လှကြောင်း တောင့်တင်းသောအပြုံးဖြင့် ပြောလာခဲ့သည်။


ရှန်းယုဟန်က ဆရာချီးကျူးလွန်းနေပြီဟု ပြန်ပြောလိုက်သည်။


သူ့ဘေးကမိန်းကလေးက အချိန်အတော်ကြာသည်အထိ ပုဇွန်တစ်ကောင်မဆွဲနိုင်ခဲ့ပေ။ ဆရာက မေးခွန်းတွေမေးနေသာ အဘွားကိုသင်ပြရန် ရှန်းယုဟန်အနားက ထွက်သွားသည်။


ရှန်းယုဟန်က သူ့ပန်းချီကို ဘာထပ်ထည့်ရမလဲ စစ်ဆေးနေစဥ် ဘေးကမိန်းကလေးက မေးလာခဲ့သည်။ “ဟယ်လို၊ အကိုချောလေး၊ ရှင်ရဲ့ပန်းချီက အရမ်းလှလွန်းတယ်၊ ကျွန်မကိုသင်ပေးလို့ရမလား?”


ရှန်းယုဟန်က တစ်ဖက်လူက အချိန်မှန်မှာရောက်လာတာပဲဟု တွေးလိုက်သည်။ “ကောင်းပြီ၊ ပုဇွန်ဆွဲနည်းသင်ပေးမယ်၊ မင်းရော ငါ့ကိုတစ်ခုလောက် ကူညီပေးလို့ရမလား?”

မိန်းကလေးက ရှန်းယုဟန်ကို တစ်ချက်ကြည့်ကာပြုံးလိုက်သည်။ “အိုကေ”


ရှန်းယုဟန်က သူ့ကိုရေးဆွဲချက်တစ်ချို့ကို သင်ပေးပြီးနောက် မိန်းကလေးက ပုံဆွဲခဲ့ပြီး သူ့နာမည်က လင်းမုန့်ဆိုတာကို စတင်မိတ်ဆက်လာခဲ့သည်။


သူက မိန်းကလေးနဲ့စကားပြောနေရသဖြင့် ရှန်းယုဟန်က ပိုပြီးသဘာဝဆန်တယ်လို့ ခံစားလိုက်ရပြီး မနက်ကထက် စကားပိုပြောခဲ့သည်။


အနားယူချိန်တွင် ရှန်းယုဟန်က သူမကို မိုဘိုင်းဖုန်း ဘယ်လိုသုံးရသလဲ မေးလိုက်သည်။


ရှန်းယုဟန်၏လေယူလေသိမ်းက ဒေသခံနှင့်မတူသဖြင့် လင်းမုန့်သည် ထိုလူက နိုင်ငံရပ်ခြားက လာတာဖြစ်မည်ဟု တွေးလိုက်သည်။ သူ့တရုတ်စကားပြောက သိပ်မကောင်းပေ။ မိုဘိုင်းဖုန်း ဘာကြောင့်မသုံးတတ်လဲဆိုတာတော့ သူမက မမေးခဲ့ပေ။ သူက ဝီချက်အကောင့် မှတ်ပုံတင်နည်းကိုပါ သင်ပေးလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် အပ်လိုက်ကြသည်။


နေ့ခင်းပိုင်းတွင် ရှန်းယုဟန်က Siri (စီရီ) သုံးနည်းကိုသင်ခဲ့ပြီး ဝီချက်သုံးပြီး သူငယ်ချင်းတွေကို အပ်ကာ စာလုံးနှင့် အီမိုဂျီသုံးနည်းကိုလည်း သိသွားခဲ့ပြီး ဝီချက်တရားဝင်အကောင့်ကို ဖောလိုးလုပ်ကာ လူမှုရေးဆိုင်ရာ ဆော့ဖ်ဝဲတွေကို သူဖုန်းထဲဒေါင်းလုဒ်ဆွဲခဲ့သည်။

.


ညနေအိမ်ပြန်ရောက်ပြီးနောက် ရှန်းယုဟန်က ဆိုဖာပေါ်တွင်ထိုင်ကာ စီရီကို ဝီချက်သုံးနည်းမေးလိုက်သည်။ သူက ကောင်းကောင်းဆော့နေပြီး ကမ္ဘာအသစ်တစ်ခုကို ဖွင့်၍ ပျော်နေလေသည်။  


ထို့နောက် သူက သမိုင်းကို လေးလေးနက်နက် နားလည်လာခဲ့သည်။ ချီတိုင်းပြည်က အဆုံးမှာဘာဖြစ်သွားလဲ?


ညနေရှစ်နာရီတွင် ကြမ်းပြင်မျက်နှာကြက်ဆက် ပြတင်းပေါက်အပြင်တွင် ကားမီးလင်းလာပြီး ကားဘီးသံကိုကြားလိုက်ရသည်။ သူက ဖိနပ်မြန်မြန်စီးကာ တံခါးသွားဖွင့်ခဲ့သည်။


အရက်နံ့နံနေသော ရှန်ချီဟွမ်းက ရှန်းယုဟန်၏ အပြုံးမျက်နှာကို တွေ့လိုက်ရစဥ် လူအများနှင့်ဆက်ဆံရာမှာ ကြုံတွေ့ခဲ့သော မကျေနပ်မှုတွေက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။


ရှန်းယုဟန်က ပုံမှန်အတိုင်း သူ့လက်ဆွဲအိတ်ကို ယူလိုက်သည်။ “ယောကျာ်းပြန်ရောက်ပြီ”


ရှန်ချီဟွမ်းက ဒီညအမျာကြီးသောက်လာတာကြောင့် အာလေးလျှာလေးဖြင့် ပြောလိုက်သည်။ “အွန်း”

သူတို့နှစ်ယောက်က အိမ်ထဲကိုဝင်သွားပြီး ရှန်ချီဟွမ်းက ပိုင်ကျိုး(အရက်ကြည်) သောက်ထားသဖြင့် သူ့ခေါင်းက အနည်းငယ်မသက်မသာဖြစ်နေသည်။ ဒါကြောင့် သူက ဆိုဖာမှာ အနားယူရန်ထိုင်လိုက်ပြီး တီဗီကကြော်ညာသံ ထွက်လာပေမယ့် စိတ်မရှုပ်သွားပေ။

ရှန်းယုဟန်က ရှန်ချီဟွမ်း၏ လက်ဆွဲအိတ်ကို ဘေးမှာချလိုက်ပြီး ရေတစ်ခွက်ထည့်ပေးလိုက်သည်။ “ရေသောက်ပါဦး၊ ယောကျာ်း”


“ကျေးဇူး” ရှန်ချီဟွမ်းက ရေသောက်ပြီး ခွက်ပြန်ပေးလိုက်ကာ ရှန်းယုဟန်၏ တောက်ပ​သောမျက်လုံးတွေကို ​ကြည့်လိုက်သည်။


သူက နှစ်ရက်အတွင်း ရှန်းယုဟန်၏မျက်လုံးထဲက အချက်အလက်များကို အဓိပ္ပါယ်ကောက်နိုင်ခဲ့သည်။ “ဘာလဲ?”


ရှန်းယုဟန်က စားပွဲပေါ်က ဖုန်းကိုယူကာ ရှန်းချီဟွမ်းဘေးမှာထိုင်ပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်စွာ ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ခင်ဗျားရဲ့ဝီချက်အပ်ချင်လို့”

ရှန်ချီဟွမ်းက ဖုန်းဖွင့်ပေးကာ စကင်ဖတ်ဖို့ ကျူအာကုဒ်ဖွင့်ပေးလိုက်သည်။ “အပ်လိုက်” နေ့လည်ကအပ်ဖို့မတွေးခဲ့တာလား? သို့သော် သူ့စိတ်က အနည်းငယ်မြင့်တက်လာခဲ့သည်။


ရှန်းယုဟန်က ဖုန်းဘယ်လိုသုံးရမလဲ နေ့လည်ကသင်ယူနေစဥ် လင်းမုန့်က သူ့အကောင့်နှင့်နမူနာပြခဲ့သည်။ ရှန်းယုဟန်က အခုမှ သူကိုယ်တိုင် သူငယ်ချင်းစအပ်တာဖြစ်သည်။

ရှန်ချီဟွမ်းက သူပထမဆုံးအပ်ခဲ့သော သူငယ်ချင်းဖြစ်ပြီး သူ့ခင်ပွန်းလည်းဖြစ်သည်။


သို့သော် သူက ထည့်သွင်းနည်းကို မလေ့လာရသေးသဖြင့် ရှန်ချီဟွမ်းအတွက် မှတ်စုနာမည်ပြောင်းခဲ့ပဲ ထိုအစား ရှန်ချီဟွမ်းက သူ့အတွက်မှတ်စုပြောင်းပေးခဲ့သည်။

ဒီနေ့သောက်ခဲ့သောအရက်က တအားမူးနေသဖြင့် သူကအများကြီးမစဥ်းတော့ပဲ မသိစိတ်က လက်ချောင်းတွေနဲ့ စာရိုက်ထည့်လိုက်သည်။


_____ ဇနီးလေး 


________________________


(အရက်အကြောင်းပြတာ သက်သက်ကြီး)