Chapter 22
Viewers 1k

Chapter 22


“ငါတို့စကားကောင်းကောင်းပြောဖို့လိုပြီ။”

လူများစွာသည် အရွယ်ရောက်လာသောအခါ သူတို့၏စိတ်နေသဘောထားကို တဖြည်းဖြည်းဖိနှိပ်ထားပြီး လူမှုပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် တခြားသူများကို အတုအယောင်မျက်နှာသာပြပြီး သဟဇာတဖြစ်မှုကို မထိခိုက်စေရန် သူတို့မျက်နှာပေါ်တွင် စစ်မှန်သောအတွင်းစိတ်ခံစားချက်ကို ရေးဖို့မလိုလားကြပေ။ 



ရှန်ချီဟွမ်းက အမြဲတမ်းဒီလိုလူစားဖြစ်ခဲ့ပြီး သူ့စိတ်ခံစားချက်ကို သိပ်မဖော်ပြပဲ သူတကယ်ပျော်နေလား မပျော်ဘူးလား ဖော်ပြတာထက် အချိန်အများစုမှာ သူက အမူအရာမဲ့နေလေ့ရှိသည်။


သို့သော် လက်ရှိတွင် ရှန်ချီဟွမ်း၏ ရင်ထဲမှာမီးလောင်နေပြီး သူ့ခံစားချက်ကို မဖိနှိပ်ချင်တာကြောင့် သူက ရှန်းယုဟန်ကို တိုက်ရိုက်နှိုးကာ အသံနက်ကြီးဖြင့်မေးလိုက်သည်။ “ရှန်းယုဟန်..ငါက ဘယ်သူလဲ?”




ရှန်းယုဟန်က တကယ်အိပ်ချင်နေသဖြင့် သူ့မျက်လုံးကို မှေးဖွင့်လိုက်သည်။ ရှန််ချီဟွမ်း၏လက်ကိုဆွဲပြီး သူ့လက်ဖဝါးထဲထည့်ကာ သူ့နဖူးကို လက်ထိပ်မှာဖိထားလိုက်သည်။

“ယောကျာ်း?” သူက ယောင်ဝါးဝါးပြောလိုက်သည်။ “ပြန်ရောက်ပြီလား?”


သူက သူ့ကိုထိုသို့ခေါ်လိုက်စဥ် ရှန်ချီဟွမ်း၏ ရင်ထဲကဒေါသမှာ နည်းနည်းစီလျော့သွားခဲ့သည်။ 


ရှန်းယုဟန်က ဘယ်သူ့နာမည်ကိုခေါ်ခေါ် သူကဘာလုပ်ရမှာလဲ? အဲ့ဒါတွေက အတိတ်ကပဲ။


ထားလိုက်တော့၊ သူ့မှာဂရုစိုက်ပိုင်ခွင့်လည်းမရှိဘူး..ရှန်ချီယွင်က သူ့ရှေ့မှာ တစ်ဝဲလည်လည်လုပ်နေသေးတာ… သူနဲ့ဘာမှမဆိုင်ဘူး။

“အွန်း” ရှန်းယုဟန်၏ နူးညံ့သောလေသံကိုနားထောင်ပြီး ရှန်ချီဟွမ်းက ဒေါသကိုမပြတော့ပေ။


တကယ်တော့ ရှန်းယုဟန်က အိပ်မောကျပြီး အိပ်ငိုက်နေကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ကျွန်တော်နဲ့ ခဏလောက်အိပ်ပေးနိုင်မလား၊ ကျွန်တော်နည်းနည်းအိပ်ချင်သေးတယ်။”

ရှန်ချီဟွမ်းက အချိန်ကိုကြည့်ကာ သူ့တောင်းဆိုချက်ကို တွန့်ဆုတ်စွာသဘောတူလိုက်သည်။ “ဘေးနည်းနည်းတိုးပေး။”



ရှန်းယုဟန်က မျက်လုံးမှိတ်ကာ ဘေးကိုတိုးခဲ့သည်။ သူက ရှန်ချီဟွမ်း ကုတင်ပေါ်တက်လာတာကို ကြောင်တက်တက်ဖြင့် ယောင်ဝါးဝါးခံစားလိုက်ရပြီး သူက ချက်ချင်းသူ့ကိုမှီပစ်လိုက်သည်။ သူ့ခင်ပွန်း၏ရနံ့ကိုရှူပြီးအိပ်ရင် လုံခြုံတယ်လို့ခံစားရသည်။

သူအပေါ်တက်လိုက်သည်နှင့် နွေးထွေးသောရနံ့ရှိပြီး နူးညံ့သော ကျောက်စိမ်းနှင့်တူသော ရှန်ချီဟွမ်းနှင့်ဆုံသွားသည်။ “.......” ကောင်းပြီ၊ အိပ်ကြတာပေါ့။

နေ့လည်တစ်ရေးတစ်မောအိပ်ခဲသော ရှန်ချီဟွမ်းက သူ့ကိုယ်ပေါ်က မွှေးရနံ့ကြောင့် အိပ်ပျော်သွားပြီး သူနိုးလာတော့ ရှန်းယုဟန်က သူဖိနပ်နှင့်ခြေအိတ်ကို ဝတ်ထားပြီး အခန်းထဲမှာ ဟိုဟိုသည်သည်ရှာနေသည်၊ သူဘာလုပ်ချင်နေတာလဲမသိသေးပေ။


ရှန်ချီဟွမ်းက နိုးလာကာ သူ့ကိုမေးလိုက်သည်။ “ဘာရှာနေတာလဲ?”


ရှန်းယုဟန်က အံဆွဲဖွင့်ကာ စိတ်ပျက်သလိုပြောလိုက်သည်။ “ကျွန်တော်ရေသောက်ချင်လို့ ခွက်မရှိလို့ ခွက်ရှာနေတာ။”

ရှန်ချီဟွမ်းက သူ့ပါးစပ်ထောင့် ခြောက်သွေ့နေပြီး အရေပြားကွာနေတာကိုတွေ့လိုက်သည်။ “အခန်းထဲမှာခွက်မရှိဘူး..ငါရှာပေးမယ်။”

ရှန်းယုဟန်က သူ့နောက်လိုက်သွားပေမယ့် ရှန်ချီဟွမ်း၏ ရေခွက်က အပြင်စားပွဲပေါ်မှာရှိနေပြီး ခွက်အပိုမရှိပေ။


လွန်ခဲ့သည့်ရက်အနည်းငယ်က လေပြင်းတိုက်ပြီး ခြောက်သွေ့နေသဖြင့် ရှန်းယုဟန်နိုးလာတော့ သူ့လည်ပင်းက ခြောက်ကပ်နေပြီး မသက်မသာခံစားနေရသည်။

ရှန်ချီဟွမ်းက နောက်တစ်ခွက်ကို ရှာမတွေ့ပဲ အတွင်းဖုန်းလိိုင်းကို ခေါ်ပေမယ့် ဘယ်သူမှမဖြေပေ.. အနားယူနေတာဖြစ်ပေမည်။

“လောလောဆယ်ခွက်မရှိဘူး..ငါ့ခွက်ပဲရှိတယ်။”


“ကျွန်တော်ခင်ဗျားခွက်ကိုသုံးရင် စိတ်ဆိုးမှာလား?” ရှန်းယုဟန်၏အသံက အက်ကွဲနေပြီး ရေမသောက်လျှင် ပိုပြီး မသက်မသာဖြစ်လိမ့်မည်။


ရှန်းယုဟန်က ကြားရတာမသက်မသာဖြစ်နေပြီး သူ့မှာပိုးမွှားကြောက်ရွံ့ခြင်းရောဂါမရှိပဲ သူတို့နှစ်ယောက်က အတူနေထိုင်နေပြီး ရှန်းယုဟန်ကလည်း နေ့စဥ် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းရေးလုပ်၍ သူက ရှန်းယုဟန်ကို ရုပ်ပိုင်းဆိုင်ရာမုန်းတီးမှုမရှိချေ။


“ကိစ္စမရှိဘူး၊ ခွက်ထဲကရေက မနက်ကဖြည့်ထားတာ၊ သွန်ပြီး အသစ်ခပ်ပေးမယ်။”



ရှန်းယုဟန်က သူ့လည်ချောင်းကိုဖိကာ ချောင်းဆိုးလိုက်သည်။ “အွန်း”


ရှန်ချီဟွမ်းက ပုံမှန်ဆိုလျှင် သူ့အတွက် ကော်ဖီဖျော်ပေးသူရှိပြီး သူ့ရေခွက်ကို သိပ်မသုံးဖြစ်ပဲ သူက ရုံးခန်းထဲမှာလည်း သိပ်မနေချေ။ ယင်းမှာ ရှန်းယုဟန်သည် မကြာသေးမီက နေ့လည်စာစားပြီး အနားယူဖို့ ရောက်လာတာကြောင့် သူက ကြာကြာနေခဲ့တာဖြစ်သည်။


ရှန်ချီဟွမ်းက ရေသန့်စက်မှ ရေတစ်ခွက်ဖြည့်ပြီး ရှန်းယုဟန်ကို ပေးလိုက်သည်။


ရေသောက်ပြီးနောက် ရှန်ချီဟွမ်းက အတွင်းဖုန်းလိုင်းကို ထပ်ခေါ်ခဲ့ပြီး ဒီတစ်ကြိမ်တွင်ကိုင်ခဲ့သည်။ လက်ထောက်ချွီက သူ့ကို သူဘာမှာချင်လဲမေးနေသည်။


“ငါ့မှာမသုံးရသေးတဲ့အပူအအေးခွက်ရှိတာကိုမှတ်မိတယ်၊ ဘယ်မှာထားခဲ့တာလဲ?”


“သူဌေး.. ခင်ဗျား နောက်ဆုံးအကြိမ်က ရေခွက်အဖြူသုံးရတာ ကလေးဆန်တယ်လို့ ပြောခဲ့လို့ ကျွန်တော်ဖယ်ထားလိုက်တာ အခုလိုချင်လို့လား?”

“ယူလာပေး၊ သင်တန်းကို သောက်ရေယူသွားဖို့ ရှန်းယုဟန်ကိုပေးလိုက်။”



ခဏအကြာတွင် လက်ထောက်ချွီက အဖြူရောင်အပူအအေးခွက်အသစ်ကို ထုတ်ပြီး ယူမသွားခင် ရေနွေးကြိုရန် လက်ဖက်ရည်ခန်းကို ဝင်သွားခဲ့သည်။



သူအထဲဝင်သွားသည်နှင့် ရှန်းယုဟန်က သူဌေး၏ရေခွက်နှင့် ရေသောက်နေသည်ကို တွေ့လိုက်ရပြီး သူ့သူငယ်အိမ်က တုန်လှုပ်ခြောက်ခြားမှုကြောင့် ကျွတ်ထွက်လုနီးပါးပင်။

ရှန်းယုဟန်က သူဌေးရဲ့ရေခွက်နဲ့သောက်နေတယ်!?


သူဌေး၏ပိုးမွှားကြောက်ရောဂါက သိပ်မပြင်းထန်သော်လည်း သူက တခြားသူများနှင့် ရေဘူးတူတူသောက်တာကိုတောင် မမြင်ဖူးချေ။ သူက တခြားတစ်ယောက်၏ ခွက်ကရေကို သောက်ရမှာထက် အငတ်ခံပေလိမ့်မည်၊ တခြားသူကို သူ့ခွက်ပေးသုံးဖို့ဆိုတာကတော့ ဝေးသေးသည်။

ရှန်းယုဟန်က တစ်ပတ်အတွင်း သူဌေး၏ဇနီးအဖြစ် အောင်အောင်မြင်မြင် ရာထူးတိုးလာတယ်လို့ ဆိုလိုတာလား?


လက်ထောက်ချွီက သူဌေးနှင့် သူ့ဇနီးကြားရှိဆက်ဆံရေးကို နားမလည်နိုင်ပဲ ရှုပ်ထွေးလွန်း၍ သူ့အလုပ်ကိုသာ ကောင်းကောင်းလုပ်သင့်သည်။

ရှန်းယုဟန်က ရေသောက်ပြီးနောက် သူ့လည်ချောင်းကစိုစွတ်လာပြီး သူ့အသံက အရင်ကလိုပြန်ကောင်းလာသည်။ 


သင်တန်းသွားချိန်ရောက်လာ၍ ရှန်းယုဟန်က ရေခွက်ကို ရှန်ချီဟွမ်း၏စားပွဲမှာ ပြန်တင်ထားလိုက်သည်။


“ယောကျာ်း၊ ကျွန်တော်အတန်းသွားတော့မယ်၊ ကျွန်တော့်ကို ဒီညလာကြိုမှာလား?”



“ငါနေ့လည်မှာအပြင်သွားစရာမရှိလို့ မင်းကိုလာကြိုမယ်။”

“ဒါဆို..သွားတော့မယ်။”


ရှန်းယုဟန်က ကျောပိုးအိတ်အသေးလေးကိုလွယ်ကာ ထွက်သွားသည်၊ သူက အပူအအေးခွက်ကိုယူဖို့ မတွေးခဲ့ပေ။


သူထွက်သွားတော့ ရှန်ချီဟွမ်းသည် ရေနွေးဖြည့်ထားသော အပူအအေးခွက်က စားပွဲပေါ်မှာရှိနေသေးတာကို တွေ့လိုက်ရသည်။ “သေစမ်း..မင်းက ခွက်ယူသွားဖို့တောင် သတိမရဘူး” သူက ခွက်ကိုကိုင်ကာ သူ့နောက်လိုက်သွားသည်။


ဓာတ်လှေကားပိတ်ခါနီးမှာ ရှန်ချီဟွမ်းက ဓာတ်လှေကားထဲ တိုးဝင်လိုက်သည်။


ရှန်းယုဟန်က သူ့ကြောင့်လန့်သွားသည်။ “ဘာလို့ဝင်လာတာလဲ?”


“မင်းက ရေနွေးခွက်ကို မယူသွားဘူး။” ရှန်ချီဟွမ်းက ခွက်ကို သူ့လက်ထဲထည့်လိုက်သည်။


“ကျေးဇူးပါ..ယောကျာ်း” ရှန်းယုဟန်က အဖြူရောင်ရေနွေးခွက်ကိုကိုင်ကာ သူ့မျက်လုံးများက အပြုံးတစ်ခုကြောင့် မှေးသွားပြီး သူ့ခင်ပွန်းက အပြောတစ်ခု အလုပ်တစ်ခုဆိုတာကို ထပ်ပြီးသက်သေပြခဲ့သည်။

ရှန်ချီဟွမ်းက သူ့အပြုံးကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဓာတ်လှေကားဆင်းသွားတော့ သူဆင်းဖို့ပါမေ့နေပြီး ပထမထပ်ကိုရောက်တော့ ရှန်းယုဟန်ကို ကားဆီတစ်ခါတည်းပို့ပေးလိုက်ပြီး ထွက်လာခဲ့သည်။

အခုတော့ ဝန်ထမ်းများက လူသိရှင်ကြားထုတ်ပြောစရာတောင် မလိုတော့ချေ၊ သူတို့သူဌေးက အလုံးစုံ ဇနီးကျွန်ဖြစ်တာကို အားလုံးသိသွားကြသည်။ သူဌေး၏ဇနီး ကုမ္ပဏီကိုလာတိုင်း သူဌေးက သူထွက်ခွာရင် အောက်ထပ်လိုက်ပို့ပေးပြီး တကယ်ကို ကာကွယ်ပေးလွန်းသည်။


သေချာသည်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်း ကားဆီလိုက်ပို့ပေးတာကို နှစ်ခြိုက်ပြီး ယင်းမှာ သူ၏ကြွားဝါလိုခြင်းဂုဏ်ကို ကျေနပ်စေပြီး သူက ရှန်ချီဟွမ်း၏အာရုံ သူ့အပေါ်မှာပဲရှိနေဖို့ သဘာဝကျကျမျှော်လင့်နေသည်။

နေ့လည် တရုတ်ပန်းချီအတန်းမှာ ရှန်းယုဟန်က သူ့ကိုဖုန်းသုံးနည်းသင်ပေးသော မိန်းကလေးနှင့် ပြန်ဆုံခဲ့ပြီး ထိုမိန်းကလေးက ဒီနေ့မှာ ဂျင်းပြဲကိုဝတ်ဆင်ထားသည်။ ရှန်းယုဟန်က အဲ့ဒါကိုကြည့်ကာ အေးလာပြီး သူမအတွက် ဖာပေးဖို့ အပ်ချုပ်ကိရိယာကို ထုတ်လိုက်ချင်ပေမယ့် သူ့မှာ လောလောဆယ် အပ်ချုပ်ကိရိယာရှိမနေချေ။

“မင်းမအေးဘူးလား?” ရှန်းယုဟန်က သူမဘောင်းဘီကို တမင်ထိုးပြလိုက်သည်။ “အပူချိန်က ဒီနေ့ကျနေတယ်။”

“အဆင်ပြေပါတယ်၊ ကျွန်မအအေးဒဏ်ခံနိုင်တယ်၊ အပူချိန်က ကျွန်မကိုမထိခိုက်နိုင်ဘူး၊ ရှင်က ကျွန်မထက် အဝတ်အစားပိုဝတ်ထားတာပဲ။”

“ငါက အအေးမိမှာကြောက်လို့ပါ။” ရှန်းယုဟန်က ငယ်ငယ်တည်းက အအေးဒဏ်ကိုကြောက်ပြီး ဆောင်းရာသီတိုင်းမှာ သူ့ကိုယ်သူဖက်ထုပ်လို ဝတ်ဆင်လေ့ရှိသည်။


သူ့လက်ရှိခန္ဓာကိုယ်က အရင်နဲ့တူပြီး အပူချိန်ကျလေ အအေးဒဏ်ကို ပိုကြောက်လေဖြစ်ပြီး သူက သူ့ခင်ပွန်း၏နွေးထွေးသော လက်ကိုအားကျကာ အပြင်ထွက်တိုင်း ဆုပ်ကိုင်ထားတာကို ခံချင်သည်။


လင်းမုန့်က အဆင်ပြေပြီး နေ့လည်မှာ သူမက ရှန်းယုဟန်ကို အသုံးများသောဆော့ဖ်ဝဲများစွာ ညွှန်းပေးခဲ့သည်။ သို့သော် ရှန်းယုဟန်က တခြားသူများ၏ကြင်နာမှုကို တစ်ဖက်သတ်လက်ခံဖို့ မလိုလားတာကြောင့် အပြန်အလှန်အနေဖြင့် သူမကို ရှုခင်းပန်းချီဆွဲနည်း သင်ပေးခဲ့သည်။


တရုတ်ပန်းချီသင်တန်း၏ ဆရာမက ရှန်းယုဟန်ကို သဘောကျပြီး သူ ပြိုင်ပွဲအတွက် လက်ရေးလှနှင့် ပန်းချီစာမူတင်သွင်းထားလားဆိုတာကို သီးသန့်ခေါ်မေးခဲ့ပြီး ရှန်းယုဟန်က တင်သွင်းထားတယ်လို့ ပြောခဲ့သည်။ ထို့နောက် ဆရာမက အရမ်းတော်တယ်လို့ပြောကာ ရှေ့ရုံးက အနှစ်ချုပ်ပြီး အကဲဖြတ်ဖို့အတွက် ဌာနမှူးနှင့် တခြားအာဏာပိုင်ဆရာများဆီ လွှဲပြောင်းပေးမည်ဟု ပြောခဲ့သည်။


ရှန်းယုဟန်က ကော်ရီဒါအပြင်ဘက်မှာ ချိတ်ဆွဲထားသော ပန်းချီများကိုသဘောကျကာ သူ့အဆင့်က သူတို့အထက်မှာ ရှိလိမ့်မည်ဟုတွေးလိုက်သည်။ သူက အဆင့်ကောင်းရသင့်ပြီး ပိုက်ဆံရှာနိုင်ဖို့ မျှော်လင့်သည်။ သူ့ဝင်ငွေကိုတော့ မစဥ်းစားသေးပဲ အသုံးဝင်ကြောင်းသာ သက်သေပြချင်၏။


ရှန်ချီဟွမ်းထုပ်ပိုးပေးလိုက်သော ရေနွေးကိုသောက်ကာ သူ့ရင်ထဲနွေးထွေးသွားပြီး ပိုက်ဆံဆုရခဲ့ရင် သူ့ခင်ပွန်းအတွက် လက်ဆောင်လေးတစ်ခု ဝယ်ပေးလိုက်မည်။

သို့သော် အဆင့်ကောင်းမရရင် ပျော်ရွှင်မှုက အချည်းနှည်းဖြစ်သွားမှာစိုး၍ သူက ဒီကိစ္စကို ဖုံးကွယ်ထားရမည်။

နေ့လည်တရုတ်ပန်းချီသင်တန်းက အမြန်ပြီးသွားကာ ရှန်းယုဟန်က လင်းမုန့်ကိုနှုတ်ဆက်ပြီး ကားထဲဝင်သွားသည်။

ကတိအတိုင်း ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လာကြိုခဲ့သည်။


အပြင်မှာလေထန်နေ၍ ရှန်းယုဟန်က ကုတ်ကိုတင်းတင်းဆုပ်ထားကာ ကားထဲဝင်လာပြီး ခဏအကြာတွင် သူ့နှာခေါင်းက နီမြန်းလာပြီး ထိုင်လိုက်တာနှင့် နှာချေမိသွားသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့ရောက်ရင် ဖုန်းကိုဘေးချထားလေ့ရှိသည်။ “အရမ်းအေးလို့လား?”


ရှန်းယုဟန်က ယားယံနေသောနှာခေါင်းကိုပွတ်ရင်း “အွန်း..အပြင်မှာအေးနေပြီ။”

“အပူချိန်က ပိုတောင်ကျလာမှာ၊ လေဖောင်းဂျာကင်ကို ဝတ်ထားပါ။” ရှန်ချီဟွမ်းက သူ့ကိုအကြံပေးလိုက်သည်။

“လေဖောင်းဂျာကင်? ကျွန်တော့်မှာရှိလို့လား?” ရှန်းယုဟန်က မသဲမကွဲဖြစ်နေပြီး သူ့မှာ လေဖောင်းဂျာကင်ရှိလား မမှတ်မိပေ။

“အင်း..တစ်နေ့က မင်းအတွက် တစ်ထည်ဝယ်ပေးထားတယ်၊ အဖြူလေး” ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် ဝယ်ပေးခဲ့သော အဝတ်တစ်ထည်ချင်းစီကို မှတ်မိနေသည်။ 

တကယ်တော့ ရှန်းယုဟန်က လေဖောင်းဂျာကင်ဘယ်လိုလဲဆိုတာ မမှတ်မိပေမယ့် ယှဥ်ကြည့်ရင် ပိုထူတာပဲဖြစ်မည်ဟု တွေးလိုက်ပြီး ရှန်ချီဟွမ်းက တိုက်ရိုက်ညွန်ပြလိုက်တော့ သူက မှတ်မိသွားသည်။

အပြန်လမ်းမှာ ရှန်ချီဟွမ်းက စကားမပြောပဲ ရှန်းယုဟန်က ကားပြတင်း​ပေါက်အပြင်က ကမ္ဘာကိုသဘောကျနေကာ ဆောင်းလယ်မှာ ခြေထောက်များကို ဖော်ထားသော မိန်းကလေးများရှိသေးတာကိုတွေ့တော့ တုန်လှုပ်သွားသည်။

ရှန်ချီဟွမ်းက သူအနည်းငယ်ကျုံ့သွားတာကိုတွေ့တော့ လေအေးပေးစက်ကို နည်းနည်းမြှင့်ပေးဖို့ ဒရိုက်ဘာအား ပြောလိုက်သည်။ 

အိမ်ရောက်တော့ ရှန်းယုဟန်က သူ့ကုတ်ကိုချွတ်လိုက်ပြီး အိမ်မှာက အပြင်ထက်နွေးသည်။

သူက ဒီနေ့စိတ်ကြည်နေသဖြင့် ရှန်ချီဟွမ်းတောင် သူ့ပျော်ရွှင်မှုကို ခံစားမိသည်။

ညစာစားပြီးနောက် ရှန်းယုဟန်က တီဗီဇာတ်လမ်းတွဲကြည့်ပြီး အန်တီက သူတို့အတွက် အသီးလှီးပေးကာ ရှန်ချီဟွမ်းက သူ့ဘေးမှာထိုင်နေသည်။ “မင်းဒီနေ့ပျော်စရာရှိနေတာလား?”

ရှန်းယုဟန်က သူ့နှာခေါင်းကိုထိလိုက်သည်။ “အဲ့လိုပုံပေါက်လား?” သူက ရှင်းရှင်းလင်းလင်း ဖော်ပြနေမိတာလား?

ရှန်ချီဟွမ်းက ပြန်မေးသည်။ “မဟုတ်ဘူးလား?”

သူ့ခင်ပွန်းရှာတွေ့သွားမှတော့ ရှန်းယုဟန်က ဝန်ခံလိုက်သည်။ “ရှိတယ်..ဒါပေမယ့် ပြောပြလို့မရသေးဘူး။”

“ဘာလို့ပြောမရတာလဲ?”

“လျှို့ဝှက်ချက်”

ရှန်ချီဟွမ်းက တခြားလူများ၏ လျှို့ဝှက်ချက်ကို စူးစမ်းချင်စိတ်မရှိပေမယ့် ရှန်းယုဟန် နှစ်ခါခေါ်ခဲ့သော မော့ကျူးအကြောင်းကို တွေးမိသောအခါ သူက စိတ်ပျက်ကာ မတ်တပ်ထရပ်ပြီး အပေါ်ထပ်ကိုတက်သွားခဲ့သည်။

ရှန်းယုဟန် အနားမှာရှိနေရင် သူတည်တည်ငြိမ်ငြိမ် မတွေးတောနိုင်ဘူး။

သူက ဒီည စာဖတ်ခန်းကိုမသွားသလို ဘေးအခန်းကိုလည်းမသွားခဲ့ပဲ သူ့အခန်းကိုပြန်သွားခဲ့သည်။

သူ မအိပ်ခဲ့တာတစ်ပတ်ကြာနေသောအခန်းက တကယ်ကိုဘေးအခန်းထက် အေးနေပြီး သူ့ကိုယ်ပိုင်စတိုင်.. အရင်က ​သူ့ပုံစံကို ငြီးငွေ့​လာအောင် လုပ်ပေးခဲ့သော မွေးကြိုင်သောရနံ့ထုတ်လွှင့်ပေးသော ပန်းစည်းများလည်းမရှိပေ။ 

သူက မကြာသေးမီက ရှန်းယုဟန်၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် စိတ်အေးအေးနှင့်အာရုံစုစည်းဖို့လိုပြီး သူက အဝေးကိုရောက်မနေပဲ သူနှင့်သက်ဆိုင်သော နေရာကိုသာ ပြန်ရောက်လာဖို့လိုအပ်သည်။ ထိုလူက ဘယ်လိုဇာတ်လမ်းမျိုးကို သရုပ်ဆောင်နေပါစေ.. သူ့ကိုထပ်ပြီး စိတ်မဝင်စားတော့ဘူးဆိုတာကို ဒီညရှင်းလင်းအောင် လုပ်ရလိမ့်မည်။ 

ယနေ့အတွက် ဆင်းရဲနွမ်းပါးမှုလျော့ချရေးဇာတ်လမ်းတွဲက အလွန်ဆွဲဆောင်မှုရှိပြီး အမျိုးသားဇာတ်ဆောင်က ပြည်သူများအတွက် စံနမူနာယူထိုက်သည်။ နှစ်ပိုင်းပြီးတော့ ရှန်းယုဟန်က သူ့အခန်းကိုပြန်သွားခဲ့ပြီး ဆံပင်ကိုအခြောက်ခံပြီးနောက် ခဏစောင့်ခဲ့ပေမယ့် ရှန်ချီဟွမ်းက သူ့အခန်းကို ပြန်မလာခဲ့ချေ။

သူ့ခင်ပွန်းဘာတွေတွေးနေလဲ သူနားမလည်ပေ။

သူက ဘာမှမထူးခြားဘူးလို့လည်း ပြောမရပေ။ သူက ဒီနေ့ သူ့အတွက် ရေနွေးခွက်လည်းပြင်ပေးခဲ့ပေမယ့် ဒီညအနည်းငယ်ထူးဆန်းနေပြီး သူ့ကိုလည်း စကားသိပ်မပြောပေ။


ရှန်းယုဟန်က အခန်းတံခါးဖွင့်ပြီး ခဏအကြာတွင် ဆူညံသံအချို့ကို ကြားလိုက်ရသဖြင့် သူ့ခင်ပွန်း ပြန်လာအိပ်မှာကိုသိလိုက်သည်။

သူမျှော်နေစဥ် ရှန်ချီဟွမ်းက ဘေးအခန်းကိုဝင်သွားပြီး ရှန်းယုဟန်က တံခါးပိတ်သံကိုကြားလိုက်ရသည်။

သူက ဒီညသူနဲ့မအိပ်ဘူးလား?

ရှန်းယုဟန်က ကုတင်စွန်းမှာထိုင်ကာ တွေဝေနေပြီး ခဏအကြာတွင် မတ်တပ်ရပ်ကာ ဘေးအခန်းကို တံခါးခေါက်လိုက်သည်။

ရှန်ချီဟွမ်းက ရေချိုးပြီး၍ ရေချိုးဝတ်ရုံကိုဝတ်ထားပြီး ခါးမှာ ခါးပတ်ကြိုးကို လျော့တိလျော့ရဲချည်ထားသည်။ သူ၏တောင့်တင်းသော ကိုယ်အပေါ်ပိုင်းကနေ ရေစီးကျနေ​သော အရိပ်အယောင်ရှိပြီး ရှန်းယုဟန်က သူ့ခင်ပွန်း ဒီလိုဝတ်ထားတာကို မမြင်ဖူးပေ။ သူက သာမန်အတိုင်း ညအိပ်ဝတ်စုံနဲ့ အိပ်ရာဝင်ရင်တောင် သူ့မျက်နှာက နီမြန်းနေတတ်သည်။

ယင်းမှာ ထုတ်ဖော်ပြလွန်းနေပြီး သူ့ကိုဆက်ကြည့်နေဖို့ သွေးဆောင်နေသည်။

အနာဂတ်ခင်ပွန်းက ဘယ်လိုပုံစံရှိရမလဲ တွေးဖူးပေမယ့် ဒီပုံစံကိုတော့ မတွေးဖူးချေ။ သူ့ခင်ပွန်းက ခန့်ညားချောမောရုံတင်မကပဲ ပြီးပြည့်စုံသော ခန္ဓာကိုယ်လည်းရှိသည်။

သူက ခေါင်းငုံ့ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ဒီညဘယ်မှာအိပ်မှာလဲ?”

ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ခြေချောင်းများကို ငုံ့ကြည့်ပြီး နားရွက်ဖျားမှာ နီရဲတွတ်နေတာကိုတွေ့တော့ မလိုလားစွာမေးလိုက်သည်။ “မင်းက ငါ့ကိုဘယ်မှာအိပ်စေချင်တာလဲ?”

ရှန်းယုဟန်က ခေါင်းငုံ့ထားကာ တိုးတိုးလေးပြောလိုက်သည်။ “ပုံမှန်…ပုံမှန်နေရာမှာ။”

ရှန်ချီဟွမ်းက သူစကားအများကြီးမပြောနိုင်ဘူးလို့ တွေးလိုက်ပြီး ရှန်းယုဟန်၏နားရွက်​ပေါ်က သူ့အကြည့်ကိုလွှဲလိုက်ကာ သူ့အသံမှာ အေးစက်လာခဲ့သည်။ “အထဲဝင်ခဲ့.. ငါတို့စကားကောင်းကောင်းပြောဖို့လိုပြီ။”

ရှန်းယုဟန်က သူ့ခင်ပွန်း ဘာအကြောင်းပြောမလဲမသိချေ၊ သူတို့လက်တလောအဆင်ပြေမနေလို့လား?

ရှန်ချီဟွမ်းအနောက်ကို လိုက်သွားပြီးနောက် ရှန်းယုဟန်က တစ်ခန်းလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ဒီအခန်းက သူ့ခင်ပွန်းအိပ်နေကြအိပ်ခန်းဖြစ်မည်။

အတွင်းပုံစံက နေရာတိုင်းမှာအေးစက်နေပြီး သူ့ရုံးခန်းနှင့်တူသည်။ ထူးခြားတာမရှိပဲ အိပ်ဖို့နေရာသာဖြစ်ပုံရသည်။

“ထိုင်” ရှန်ချီဟွမ်းက အခန်းထဲရှိ လက်ဖက်ရည်စားပွဲဘေးက တစ်ယောက်ထိုင်ဆိုဖာကိုညွှန်ပြလိုက်သည်။ 

ရှန်ချီဟွမ်း၏မရင်းနှီးသောအပြုအမူက ရှန်းယုဟန်ကို နေရခက်စေပေမယ့် သူက ထိုင်ချပြီး သူ့ခင်ပွန်းကို နားလည်ရခက်စွာမော့ကြည့်နေသည်။

ရှန်ချီဟွမ်းက ဆိုးရွားသည့်တစ်ခုခုပြောတော့မည်ဟု သူ့ဆဋ္ဌမအာရုံက သတိပေး​နေသဖြင့် သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။

“ကျွန်တော့်ကိုဘာပြောချင်တာလဲ?”

ရှန်ချီဟွမ်းက ဆန့်ကျင်ဘက်တွင်ထိုင်ကာ လွန်ခဲ့သောတစ်နာရီလောက်က စီခဲ့သောစကားများကို တွေးလိုက်သည်။ “ရှန်းယုဟန်…မင်းသိလား… ငါတို့က ငါ့အဖေရဲ့ဆန္ဒကြောင့် လက်ထပ်ခဲ့ပြီး ချစ်လို့ လက်ထပ်ခဲ့တာမဟုတ်ဘူး။”

ရှန်းယုဟန်က အသေအချာမသိတော့ ရှန်ချီဟွမ်းကိုကြည့်လိုက်သည်။ “ဒါဆို ဘာဖြစ်လို့လဲ?”

ရှန်ချီဟွမ်းက ဆက်ပြောသည်။ “ငါတို့ချစ်နေကြသလို နေ့တိုင်းသရုပ်ဆောင်စရာမလိုဘူး၊ လက်မထပ်ခင်က ငါတို့ကြားမှာ ဘာဆက်ဆံရေးမှမရှိသလို မင်းကလည်း ရှန်ချီယွင်ကိုလိုက်နေခဲ့တာ။ ငါတို့က လက်ထပ်ပြီးသားဆိုပေမယ့် အကောင်းဆုံးက ကိုယ့်ဘဝကိုယ်ရှင်သန်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ကြဖို့ပဲ။”

သူပိုနားထောင်လေ ရှန်းယုဟန်၏မျက်နှာက ပိုဖြူဖျော့လာကာ သူ့နှလုံးသားအောက်ခြေက ပိုအေးစက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးက ရေခဲတိုက််မှာ လမ်းလျှောက်နေရသလို အေးစက်နေသည်။

သူက အားတင်းကာမေးလိုက်သည်။ “ဒါပေမယ့် ကျွန်တော်တို့က အဆင်မပြေလို့လား?”

ရှန်ချီဟွမ်း၏မျက်လုံးများက ကော်ဖီစားပွဲပေါ်က ဆေးလိပ်ပြာခွက်ပေါ်မှာ မှီဝဲနေပြီး သူက ရှန်းယုဟန်၏ ကြည်စင်ပြီး အပြစ်ကင်းသော မျက်လုံးများကို လျစ်လျူရှုလိုက်သည်။ “မင်းရင်ထဲမှာဘယ်သူရှိလဲ မင်းသိမှာပါ။ ငါမင်းကို အရင်ကမ​ကြိုက်ခဲ့သလို နောင်လည်းကြိုက်လာမှာမဟုတ်ဘူးလို့ သေချာပြောနိုင်တယ်။ ငါမင်းနဲ့ ဒီရက်တွေမှာ သရုပ်ဆောင်ရတာ ပင်ပန်းလှပြီ၊ ငါ အနာဂတ်မှာ မင်းရဲ့အသုံးစရိတ်ကို တာဝန်ယူပေးနိုင်ပေမယ့် ကိုယ့်ဘဝကိုယ်နေကြပြီး ဝင်မရှုပ်ကြရအောင်။”

“တစ်ယောက်နဲ့တစ်ယောက် ဝင်မရှုပ်ကြရအောင်? ခင်ဗျားတကယ်ပြောနေတာလား?” ရှန်းယုဟန်သည် နေ့လည်က ခံစားခဲ့ရသော စိတ်မသက်မသာခံစားချက်ကို ပြန်ရခဲ့သည်။

“ငါအတည်ပြောနေတာ၊ အခုကစပြီး ဟန်ဆောင်စရာမလိုပဲ မင်းလည်း ငါ့ကို ယောကျာ်းလို့ခေါ်ဖို့မလိုတော့ဘူး။ ငါမကြားချင်ဘူး။”

“ကျွန်တော်….”

ရှန်းယုဟန်က သူ့ပါးစပ်ကိုဖွင့်ကာ အချိန်အတော်ကြာအောင် စကားမပြောနိုင်တော့ပဲ ရှန်ချီဟွမ်းကို တိုက်ရိုက်ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ ဘာထူးခြားမှုမှမတွေ့ရချေ။

ထူးခြားမှုမရှိတာက အရက်စက်ဆုံးပျက်စီးခြင်းဖြစ်သည်။

သူသည် ရှန်ချီဟွမ်းက ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးကို သူနဲ့ဖြတ်သန်းချင်တယ်လို့ တွေးထားခဲ့ပေမယ့် အဲ့လိုမဟုတ်ခဲ့ပေ။ 

ရှန်ချီဟွမ်းက သူသရုပ်ဆောင်နေတာလို့ တွေးနေပုံရသည်။

ရှန်းယုဟန်၏လည်ချောင်းက ဆို့နင်လာပြီး ဘာမှမပြောနိုင်တော့ပေ။

သူက မူလရှန်းယုဟန်မဟုတ်လို့ ယခင်ကအာဃာတများ၏ အမှန်နဲ့အမှားကို နားမလည်ပဲ ဖြစ်ပျက်ခဲ့သမျှက အမှန်သာဖြစ်သည်။

ရှန်ချီဟွမ်းက အတိတ်ကိုဂရုစိုက်ပြီး သူက စိတ်ခံစားချက်အတွေ့အကြုံရှိဖူးသော လူတစ်ယောက်ကို မကြိုက်နိုင်သည်မှာ အမှန်တရားဖြစ်၏။

ရှန်းယုဟန်က သူ့ကိုလက်ထပ်ထားတာလည်း အမှန်တရားဖြစ်သည်။

သူငိုမိတော့မှာစိုး၍ ရှန်းယုဟန်က နီရဲသောမျက်လုံးများနှင့် ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။ “ကျွန်တော်အခန်းထဲပြန်တော့မယ်။”

သိသာနေသောရှိုက်သံကြောင့် ရှန်ချီဟွမ်းက သူ့နောက်ကို လိုက်မိလုနီးပါးဖြစ်သွားပေမယ့် သူက ဆိုဖာပေါ်မှာထိုင်ကာ မလှုပ်ဖို့ သူ့ကိုယ်သူတွန်းအားပေးခဲ့သည်။

အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ရှင်းထုတ်လိုက်တော့ အားလုံးအတွက်ပိုမကောင်းဘူးလား?

သူက စီးပွားရေးသမားဆိုတော့ အရှုံးမပေါ်ဖို့ အချိန်မီတားဆီးရမယ်ဆိုတာကို သဘောပေါက်သည်။