Chapter 21
“မော့ကျူးကဘယ်သူလဲ?”
မထင်မှတ်ထားသော မတော်တဆတစ်ခုကို ကြုံရပြီးနောက် ရှန်းယုဟန်က ရှန်ချီဟွမ်းဘေးမှာ ရှက်ရွံ့စွာထိုင်နေသည်။
နှာဘူးကြီးက သူ့ယောက်ဖ၏မန်နေဂျာဖြစ်သည်။ သူနားလည်သလောက်ဆိုရင် မန်နေဂျာဆိုတာ လက်ထောက်ဖြစ်ပြီး သူ့ခင်ပွန်းမှာလည်း လက်ထောက်အနည်းငယ်ရှိသည်။
“တောင်းပန်ပါတယ်၊ မရည်ရွယ်ခဲ့ပါဘူး၊ ခင်ဗျားက ရုတ်တရက်ပေါ်လာတော့ လန့်သွားလို့ပါ။”
ရှန်းယုဟန်က လေးလေးနက်နက် တောင်းပန်လိုက်သည်။
ဆန့်ကျင်ဘက်တွင်ထိုင်နေသော သန်းထူကျိက အဝတ်စားလဲပြီးခါစဖြစ်သည်…မဟုတ်…မန်နေဂျာကျော့ရုံက နေရခက်စွာ တုံ့ပြန်လိုက်ပြီး တစ်ဖက်လူ တောင်းပန်တာကို လက်မခံရဲပေ၊ သူ့ဘေးမှာ ထိုင်နေတဲ့ဗုဒ္ဓကိုမတွေ့ဘူးလား?
“မဟုတ်..မဟုတ်.. ကျွန်တော်အလျင်လိုသွားလို့ အခြေအနေအရမှားသွားတာပါ။”
သူ့ကိုယ်သူပဲ အပြစ်တင်မည်၊ သူ ရှန်ချီရှင်းကို လာကြိုတိုင်း ဤဗုဒ္ဓမရှိသဖြင့် သူက သတိမထားမိခဲ့ပေ။ မမျှော်လင့်ထားစွာ အလှလေးက ရှန်ချီရှင်း၏သူငယ်ချင်း ဟုတ်မနေပဲ မရီးဖြစ်နေသည်။ သူက ရူးသွပ်လုနီးပါးဖြစ်၍ ရှန်ချီရှင်းကိုသာ စိတ်ထဲကနေ ဆူပူလိုက်သည်။ သူက မနေ့ညထဲက ရှင်းရှင်းလင်းလင်းမပြောပြခဲ့ဘူး!
ရှန်ချီဟွမ်းက ကျော့ရုံကို အေးစက်စက်ကြည့်ပြီး ရှန်းယုဟန်ကိုပြောလိုက်သည်။ “နောက်တစ်ခါ ရေမပက်မိအောင်သတိထား။” ရှန်းယုဟန်က အလွယ်တကူလန့်လွယ်သည်။
မတ်မတ်ထိုင်နေသောရှန်းယုဟန်က တီးတိုးရေရွတ်လိုက်သည်။ “ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။” သူက နေ့ခင်းကြောင်တောင် သူခိုးပေါ်လာတယ်လို့ ထင်ခဲ့မိသည်။
“နယ်မြေထဲမှာလုံခြုံရေးရှိတယ်၊ အိမ်ကိုနေ့ခင်းကြောင်တောင် ဝင်လာနိုင်တဲ့သူတွေက ဧည့်သည်တွေပဲ။”
“ဒါဆို အထဲဝင်လာရဲရင်ရော? ကျွန်တော်သူ့ကိုလည်းမသိဘူးလေ။”
“နောက်တစ်ကြိမ် ဧည့်သည်လာမယ်ဆို ကြိုပြောထားပေးမယ်၊ မပြောထားရင် ဝင်လာတဲ့သူကိုစိတ်ကြိုက်သာရိုက်။” ရှန်ချီဟွမ်းက လက်ထောက်ချွီ၏ စုံစမ်းမှုအရ ရှန်းယုဟန်က ကျောင်းမှာ ရန်ဖြစ်လေ့ရှိတာကို မှတ်မိသည်။
“အွန်း”
မျက်နှာပေါ်မှာ နာကျင်မှုပေါ်လွင်နေသော ကျော့ရုံ “.....”
သူတို့နှစ်ယောက်က စကားပြောနေကြပြီး တခြားလူတွေကို မေ့နေသဖြင့် ရှန်ချီရှင်းနှင့် ကျော့ရုံက သူတို့ကိုယ်သူတို့ လူပိုတွေလို့ ခံစားလိုက်ရပြီး ဒီမှာရှိမနေသင့်တော့ပေ။
–
မနက်ခင်းမှာ အတော်မြန်ဆန်ပြီး ရှန်ချီရှင်းက ဒီနေ့ညနေ ဆုပေးပွဲအခမ်းအနားအတွက် ပြင်ဆင်ရမှာဖြစ်၍ သူနဲ့ကျော့ရုံက စောစောထွက်ခွာသွားပြီး ရှန်းယုဟန်ကလည်း ရှန်ချီဟွမ်းကားနဲ့ ပါသွားသည်။ တစ်ယောက်က အတန်းကိုဖြစ်ပြီး နောက်တစ်ယောက်ကအလုပ်ကိုဖြစ်၍ အကျိုးအကြောင်းသင့်နေသည်။
အရင်ကနဲ့ယှဥ်လျှင် ဒီနေ့ရှန်းယုဟန်မှာ ပြိုင်ပွဲအတွက် လက်ရေးလှနှင့် ပန်းချီစာမူအပိုဆောင်းရှိနေသည်။
ရှန်ချီဟွမ်းက သူ့ရလဒ်များကို ကြည့်ချင်ပေမယ့် ဆရာအား သူပေးခဲ့သောအိမ်စာသည် ခွေးတွားသွားတာနှင့် ဆင်တူသည်ဟု ခံစားရသဖြင့် တစ်ချက်ကြည့်ပြီး ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
“နေ့လည်ကျရင် ငါကုမ္ပဏီမှာမရှိဘူး၊ မင်းကိုနေ့လည်စာအတွက် ကုမ္ပဏီကဖေးကိုခေါ်သွားဖို့ လက်ထောက်ချွီကို မှာထားလိုက်မယ်။”
“ခင်ဗျား ရုံခန်းမှာမရှိရင် ကျွန်တော်အထဲမှာအနားယူလို့ရလား?”
“ရတယ်” ရုံးခန်းထဲက အရေးကြီးအချက်အလက်များက လုံခြုံသောနေရာမှာ သိမ်းဆည်းထားတာကြောင့် ရှန်းယုဟန်က စီးပွားဖြစ် သူလျှိုလုပ်ချင်ရင်တောင် လုပ်လို့မရပေ။
“ဒါဆို..ယောကျာ်း..မက်ဆေ့ပို့ဖို့မမေ့နဲ့နော်..” အသိမိတ်ဆွေမရှိသောနေရာမှာ ရှန်ချီဟွမ်း၏အသံကိုနားထောင်ရတာ သို့မဟုတ် မက်ဆေ့ဖတ်ရတာက သူ့အား လုံခြုံမှုကိုခံစားရစေမည်။
“ငါတို့ပြန်တွေ့မှာပဲ။”
ရှန်းယုဟန်က ထိုအဖြေကြောင့် နည်းနည်းစိတ်ပျက်သွားသည်။ သူက ရှန်ချီဟွမ်းကို အနီရောင်ဖီးနစ်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ကာ ပြောဖို့တုံ့ဆိုင်းနေသည်။ သူက သူ့ခင်ပွန်း၏အလုပ်ကို မနှောင့်ယှက်သင့်ပေ။
ရှန်ချီဟွမ်းက သူ့အကြည့်ကြောင့် အပြစ်ရှိသလို ခံစားလိုက်ရသည်၊ သူ့သရုပ်ဆောင်စွမ်းရည်က တစ်နေ့တခြားပိုကောင်းလာသည်။
“အချိန်ရရင်ပို့လိုက်ပါမယ်။”
ရှန်းယုဟန်၏ အနီရောင်ဖီးနစ်မျက်လုံးတစ်စုံက ချက်ချင်းပြုံးရိပ်သန်းသွားသည်။ “ဒါဆိုအထဲဝင်တော့မယ်။”
သူ့ခင်ပွန်း၏ကားထွက်ခွာပြီးနောက် ရှန်းယုဟန်က အတန်းထဲဝင်သွားသည်။
ရှန်ချီဟွမ်းက ပြန်လှည့်လိုက်တော့ သူက ထိုနေရာမှာရပ်နေသေးသည်ကို တွေ့လိုက်ရပြီး ရှေ့ကိုပြန်လှည့်ကာ ပြုံးမိသွားသည်။
ခင်ပွန်းအလုပ်သွားတာကိုကြည့်နေတဲ့ ပြဇာတ်လုပ်နေတာလား? ဒီလောက်ထိသရုပ်ဆောင်နေဖို့လိုလား?
ထိုသည်မှာ လှည့်စားမှုတစ်ခု ဖြစ်မယ်ဆိုရင်တောင် သူက နာခံမှုရှိသော ရှန်းယုဟန်၏အပြုအမူကို တကယ်ကျေနပ်နေမိသည်။
တကယ်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ကောလိပ်ပို့ဖို့ ပိုသင့်တော်တယ်လို့ ခံစားမိသည်၊ အကြောင်းမှာ သူက ကျောင်းတက်ရမည့်အရွယ်ပဲ ရှိသေးလို့ပင်။ သို့သော် ကောလိပ်သွားတက်ရင်း ရှန်းယုဟန်က သတီစရာကောင်းသော သူ့သူငယ်ချင်းများနှင့် မလွဲမသွေဆုံတွေ့ရမည်ကို တွေးမိသောအခါ ရှန်ချီဟွမ်းက လောလောဆယ် ဤအစီအစဥ်ကို စွန့်လွှတ်လိုက်ရသည်။
လောလောဆယ်ဒီတိုင်းထားပြီး သူကျောင်းသွားချင်မှပဲ ထပ်ပြောကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သူ့အတွက် အစားအစာနဲ့ အဝတ်အစားပြတ်လတ်နေတာမဟုတ်လို့ သူကိုယ်တိုင်ကျောင်းသွားကာ ဒီပလိုမာရဖို့ ငွေသုံးပေးချင်သည်။ သူက သူ့ကို တက္ကသိုလ်ထိပ်တန်းကျောင်းသားဖြစ်ဖို့နှင့် သူ၏ပညာရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာဖို့ မမျှော်လင့်ထားပေ။
ဒါပေါ့၊ သူတက်ချင်ရင် ရှန်းယုဟန်က အရှုပ်တွေမလုပ်ပါဘူးလို့ ကတိပေးမှရမည်။
–
ရှန်းယုဟန်က နေ့စဥ်အချိန်မှန် လက်ရေးလှသင်တန်းတက်နေပြီး သူက တခြားလက်ရေးလှအတန်းများကို ခက်ခဲသောဘောပင်လက်ရေးလှအတန်းသို့ ပြောင်းလိုက်သည်။ ကြာလာတော့ သူစကားလုံးများကို ပိုလေ့လာလေ အပြည့်အဝပေါင်းစည်းနိုင်လေဖြစ်လာသည်။ သူက ဒီနေ့ကစပြီး ဖုန်းထဲတွင် လက်ရေးနှင့်စာရိုက်တာကို လေ့ကျင့်ဖို့စီစဥ်ထားပြီး သူ့ခင်ပွန်းကိုစာပို့ခြင်းက အကောင်းဆုံးလေ့ကျင့်နည်းဖြစ်သည်။
သူက ပြိုင်ပွဲဝင်ရန် အရှေ့က ကောင်တာအမျိုးသမီးဆီ သွားခဲ့သည်။
ဒီနေ့ကောင်တာအမျိုးသမီးက အရင်နေ့က ဘဲဥပုံမျက်နှာနဲ့တစ်ယောက်မဟုတ်ပဲ ထူးခြားသောမျက်နှာနှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူက တခြားသူလောက် သဘောမကောင်းပဲ သူမအလုပ်ကို ဂရုစိုက်ပုံမရပေ။
ရှန်းယုဟန်က ပြောလိုက်သည်။ “ဟယ်လို၊ ဒါက ငါ့ရဲ့ဝင်ပြိုင်ခွင့်လက်ရာပါ၊ ငါမင်းကို ဒါအပ်လိုက်လို့ရတယ်လို့ ဆရာမကပြောခဲ့တယ်။”
ကောင်တာက မိန်းကလေး: “ကောင်းပြီ၊ ဒီမှာထားခဲ့ပါ။”
“ဒါက လက်ရေးလှနဲ့ ဒါက ပန်းချီပါ။” ရှန်းယုဟန်က စကားလုံးအချို့ကို အရင်ရှင်းပြလိုက်သည်။
မိန်းကလေးက စိတ်မရှည်ဖြစ်လာသည်။ “ကောင်းပြီ၊ ကျွန်မက ကွာခြားချက်ကို သိပြီးသားပါ၊ ရှင့်အတွက်စာရင်းသွင်းပေးလိုက်မယ်။”
သူမ၏အပြုအမူက အရင်တစ်ယောက်လောက် မကောင်းသော်ငြား သိပ်တော့မဆိုးပေ၊ သူမက သေချာမကြည့်တာဖြစ်လို့ ရှန်းယုဟန်က ဘာမှမပြောတော့ပေ။
ရှန်းယုဟန်က လှည့်ထွက်သွားတော့ မိန်းကလေးက မနေ့ညက မပြီးသေးသည့် တီဗီဇာတ်လမ်းတွဲကို ဆက်ကြည့်နေခဲ့သည်။ သူမက ရှန်းယုဟန်ပေးခဲ့သော လက်ရေးလှနှင့်ပန်းချီကို ချက်ချင်းမချထားပဲ နောက်လှည့်လိုက်တော့ စာရင်းသွင်းဖို့မေ့သွားခဲ့သည်။
ခဏအကြာတွင် အမျိုးသားတစ်ဦးဝင်လာပြီး ကောင်တာဆီလျှောက်လာသည်။ သူက စားပွဲပေါ်ကပန်းချီကို အရင်ဆုံးကောက်ကိုင်ကာ တစ်ချက်ဖွင့်ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။
သူက ကောင်တာမိန်းကလေးကို မေးလိုက်သည်။ “ဘယ်သူ့ဟာလဲ?”
ကောင်တာမိန်းကလေးက ခေါင်းမော့ကာ “ဟွမ်ချွမ်.. ဘာလို့ဒီရောက်နေတာလဲ?”
ဟွမ်ချွမ်က ပြောလိုက်သည်။ “ဒါက ငါ့ဦးလေးရဲ့ စတူဒီယိုလေ၊ လာလို့မရဘူးလား?”
မိန်းကလေးက ပြောလိုက်သည်။ “ဟွမ်ရှန့်လည်း ဒီရောက်နေတယ်။”
ဟွမ်ချွမ်: “သူကဘာလုပ်နေတာလဲ?”
မိန်းကလေး “သူဌေးက သူလက်ရေးလှလေ့ကျင့်ဖို့ စီစဥ်ပေးထားတာ၊ ကြည့်ရတာ အမျိုးသားလက်ရေးလှပြိုင်ပွဲရှိပုံပဲ သူကောင်းကောင်းလေ့ကျင့်ဖို့ ညွှန်ကြားပေးနေတဲ့ ဆရာတစ်ယောက်လည်းရှိတယ်။”
ဟွမ်ချွမ်ကခေါင်းညိတ်ပြသည်။ “ကောင်းပြီ၊ ငါနားလည်ပြီ.. ဒီနှစ်ခုက ဘယ်သူ့စာမူလဲ?”
မိန်းကလေးက ကမန်းကတန်း စာရင်းသွင်းဖို့လုပ်လိုက်ပေမယ့် သူ့နာမည်ကိုမေ့သွားခဲ့သည်။ “ဒါဘယ်သူ့ဟာလဲမေ့သွားပြီ၊ မန်ဘာအသစ်ရဲ့စာမူတွေထင်တယ်။”
ဟွမ်ချွမ်: “ဘာဆွဲထားလဲ မင်းကြည့်ပြီးပြီလား?”
ကောင်တာမိန်းကလေး: “မကြည့်ရသေးဘူး။”
ဟွမ်ချွမ်: “ကောင်းပြီ၊ ဒါဆို ငါဒီနှစ်ခုကိုယူသွားလိုက်မယ်၊ ပြီးတော့ နောက်ကျရင် ဒီလက်ရေးလှနဲ့ ပန်းချီက ပြိုင်ပွဲမှာအနိုင်မရခဲ့ဘူးလို့ ပြောလိုက်၊ သူတို့မင်းကိုမေးရင် အဲ့ဒါတွေက ရေစိုသွားပြီး ပန်းချီနဲ့ လက်ရေးကို ရှင်းရှင်းလင်းလင်း မင်းမမြင်ခဲ့ဘူး…ဒီအတိုင်းပြောရမယ်.. နားလည်လား?”
မိန်းကလေး: “အဲ့လိုလုပ်တာမကောင်းဘူးနော်…သူက ငါတို့ရဲ့မန်ဘာလေ။”
ဟွမ်ချွမ်: “ငါက ဒါကို ဆရာကိုပြဖို့ပဲသုံးမှာပါ၊ အဆင်ပြေပါတယ်၊ အကျိုးအမြတ်ကို မင်းဖုန်းထဲလွှဲပေးမယ်။”
ဝီချက်ငွေလွှဲကိုလက်ခံရရှိခဲ့သော မိန်းကလေးက ချက်ချင်းပျော်ရွင်သွားသည်။ “ကောင်းပြီ၊ နင်ဒီနေ့စတူဒီယိုကို မလာခဲ့ဘူး။”
ဟွမ်ချွမ်က စာမူနှစ်ခုကိုကိုင်ကာ လှည့်ထွက်သွားပြီး သူ့မှာ နောက်အပတ် ပန်းချီပြပွဲအတွက် လက်ရာရှိသွားပြီ။
–
ထိုအချိန်တွင် အတန်းထဲဝင်လာသော ရှန်းယုဟန်က ကောင်တာမှာဘာဖြစ်ခဲ့လဲ မသိပေ။
အိပ်ချင်နေသောဟွမ်ရှန့်က ရှန်းယုဟန်ကိုတွေ့တော့ ရုတ်တရက် ရွှင်မြူးသွားသည်။
သူက ရှန်းယုဟန်ဆီ လျှောက်သွားလိုက်သည်။ “ရှန်းယုဟန်…စနေနေ့က အဖြစ်အပျက်နဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မမေးခဲ့မိတာ ငါပါ။ ငါက အတည်ပြုဖို့ နဥ်ကျဲ့နဲ့ပြန်တွေ့တော့ သူက သူ့ဘက်ကစမှားခဲ့တာလို့ ပြောခဲ့တယ်။ သူက မင်းမိဘတွေဆုံးသွားတာကို တမင်လှောင်ပြောင်ခဲ့ပြီး ဆိုးဆိုးရွားရွားပြောခဲ့လို့ မင်းက ဒေါသထွက်ပြီး သူ့ကိုလက်တုံ့ပြန်ခဲ့တာလို့ ပြောတယ်။ သူက မစ္စတာရှန်ပေးတဲ့ အလုပ်သင်အခွင့်အလမ်းကိုလည်း လက်ခံခဲ့ပြီး အခုကစပြီး ကိစ္စတွေပြေလည်သွားပြီနော်၊ တွင်းရေက မြစ်ရေကို မကျူးကျော်နိုင်ပါဘူး။”
ရှန်းယုဟန်က ပြောလိုက်သည်။ “ရပါတယ်၊ အဲ့ဒါက မှားယွင်းပြီး လက်စားချေမိခဲ့တာပါပဲ။”
ဖြေရှင်းပြီးပြီဆိုတော့ ပြဿနာမဟုတ်တော့သဖြင့် ဆက်ပြီးကြိုးကြိုးစားစား သင်ယူရမည်။
အပြန်အလှန်စကားအများကြီးပြောပြီးနောက် ဟွမ်ရှန့်က ရှန်းယုဟန် အများကြီးပြောင်းလဲသွားတာကို တွေ့ခဲ့ရသည်။ သူက အရင်ကဆိုလျှင် ပါးစပ်ဖွင့်တိုင်း ဆဲဆိုလေ့ရှိပြီး အခုချိန်တွင် မတ်မတ်ထိုင်ကာ ဖြောင့်မတ်သောကိုယ်ဟန်နှင့် အရင်ရှန်းယုဟန်နှင့်မတူစွာ ယဥ်ကျေးသိမ်မွေ့နေသည်။ ကောလိပ်သွားခဲ့လို့ လူတစ်ယောက်က ပြောင်းလဲသွားတာလား? အဲ့ဒါလည်းမမှန်ဘူး၊ သူချစ်မိသွားလို့ဖြစ်နိုင်တယ်!
ရှန်ချီဟွမ်းလို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်က ရှန်းယုဟန်ကို ဘာလို့ချစ်မှာလဲ? တကယ်ကို နားမလည်နိုင်စရာပဲ…
သူတစ်ခုခုပြောဖို့လုပ်စဥ် ဆရာရောက်လာသည်။
လက်ရေးလှအတန်းပြီးသွားတော့ ရှန်းယုဟန်က လက်ရေးအတန်းကိုသွားခဲ့သည်။
သူက တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်းသင်ယူနေသည်၊ ရှန်းယုဟန်က အတတ်မြန်ပြီး မှတ်မိမြန်ကာ မနက်ခင်းတစ်ခုက ပြီးဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နေ့လည်ခင်းကိုရောက်လာပြီး ဟွမ်ရှန့်က ကျောင်းသွားရမှာမို့ စောစောထွက်သွားခဲ့သည်။
ရှန်းယုဟန်က ကားပေါ်တက်လိုက်သည်။
သူက မက်ဆေ့ကိုဘယ်လိုပြင်ရမလဲ သင်ယူခဲ့ပြီး ထည့်သွင်းနည်းလမ်းကို လိုက်လုပ်ခဲ့ပြီး အချိန်ယူကာ တစ်ကြိမ်လျှင်တစ်ကြိမ် စာလုံးအသစ်များကို သင်ယူခြင်းက သူ့အတွက် မခက်ခဲတော့ပေ။
သူက နေ့စဥ်အသက်မွေးဝမ်းကြောင်းအတွက် စဥ်းစားစရာမလိုပဲ ကြိုးကြိုးစားစား သင်ယူဖို့ပဲလိုသဖြင့် သူ့မှာအချိန်အများကြီးရှိသည်။
သူ ဒီကမ္ဘာကိုရောက်တော့ သူ့ခင်ပွန်းက သူ့ကိုဆိုးဆိုးရွားရွား မဆက်ဆံသဖြင့် သူက ခေတ်သစ်လူနေမှုဘဝကို အလွန်ကျေနပ်နေသည်။
ခဏအကြာမှာ သူက မက်ဆေ့ကိုပြင်ပြီးသွားသည်။
တစ်ချိန်တည်းမှာ ရှန်ချီဟွမ်းက တွဲဖက်ကုမ္ပဏီကလူများနှင့် ထမင်းစားစားပွဲတွင်ထိုင်နေသည်။ လူတိုင်းက စကားစမြည်ပြောနေပြီး သူက စကားတစ်ခွန်းနှစ်ခွန်းသာ ဝင်ပြောကာ တခြားသူများက ခွက်မြှောက်ကြစဥ် သူကအများကြီးမသောက်ပဲ ဖုန်းကိုသာ တစ်ချိန်လုံးကြည့်နေသည်။
အကြာကြီးစောင့်ပြီး ဆယ့်တစ်ခွဲကျော်သွားတော့ ရှန်းယုဟန်၏ အတန်းကပြီးသွားသည်။
သူက ဘာလို့ မက်ဆေ့ချက်ချင်းမပို့တာလဲ?
နောက်ထပ်ဆယ်မိနစ်စောင့်ပြီးမှ မက်ဆေ့ရောက်လာသည်။
[ဇနီးလေး: ယောကျာ်း..အတန်းပြီးပြီ။ ]
[မူကမ်း:အွန်း]
နောက်မက်ဆေ့တစ်ခုရောက်လာစဥ် နောက်ထပ်ဆယ်မိနစ်ကုန်သွားခဲ့သည်။
[ဇနီးလေး: ယောကျာ်း၊ လက်ထောက်ချွီက ညစာအတွက် လာခေါ်နေပြီ။]
[မူကမ်း:အွန်း]
ထိုအချိန်တွင် လက်ထောက်ချွီက ရှန်းယုဟန်ကို ကုမ္ပဏီကဖေးသို့ ခေါ်သွားခဲ့သည်။
လက်ထောက်ချွီ၏မျက်နှာက မှတ်မိလွယ်ပြီး သူက ကုမ္ပဏီ၏ ဌာနအစည်းအဝေးအမျိုးမျိုးကို သူဌေးကိုယ်စားတက်ရောက်ဖူးတာကြောင့် စီနီယာဝန်ထမ်းအများစုက သူ့မျက်နှာကိုမှတ်မိနေကာ လူတိုင်းက သူ့ကိုနှုတ်ဆက်ကြသည်။ ရှန်းယုဟန်က မတော်တဆ လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
လက်ထောက်ချွီမရှိလျှင်ပင် ရှန်းယုဟန်က လူတွေဆီမှ အကြည့်တချို့ကိုရနေခဲ့သည်။
လက်ထောက်ချွီက သူ့ကိုနေရာအနှံ့ခေါ်သွားဖို့ အစွမ်းကုန်ကြိုးစားခဲ့သည်။
ရှန်ချီဟွမ်း၏ ကုမ္ပဏီကဖေးက အလွန်ကောင်းမွန်သောဝန်ဆောင်မှုကိုပေးပြီး နေရာမျိုးစုံက ထူးခြားသည်။
စွပ်ပြုတ်၊ထမင်း၊ဆန်ပြုတ်၊မီနီဟော့ပေါ့၊အစေ့အဆန်များ၊ အသားအိုး၊ မုန့်များ၊ အသီးနှင့် ဒိန်ချဥ်ရှိသည်။
ရှန်းယုဟန်က အားလုံးကိုတောင် မကြည့်နိုင်ပေ။
လူလေးထောင်ကျော်ရှိတဲ့ ကဖေးကဒါမျိုးပဲ၊ ခမ်းနားလွန်းသည်။
လက်ထောက်ချွီသည် ကဖေးက လူစုအလိုက် ကျွေးမွေးပြီး နေ့လည်ဆယ့်နှစ်နာရီက အစည်ကားဆုံးအချိန်ဖြစ်ကြောင်း ပြောပြခဲ့သည်။
ရှန်းယုဟန်က ဤကဖေးက ရှန်မိသားစုကကျွေးသော အစားအစာထက် ပိုလျှံပြီး လူတိုင်းစားနိုင်တာကြောင့် သူက သူ့ခင်ပွန်းအတွက် အနည်းငယ်ဂုဏ်ယူမိသွားသည်။ သူ့ဝန်ထမ်းဖြစ်ရတာ တကယ့်ကောင်းချီးပဲ။
သူက အသားဟင်း၊အရွက်ဟင်း၊ ဟင်းချိုနှင့် စတော်ဘယ်ရီကိတ်ကို မှာခဲ့ပြီး သူ့ကိုဝန်ဆောင်မှုပေးသော ဝန်ထမ်းက တက်ကြွနေသည်။
သူတို့နှစ်ယောက်က ခုံရွေးထိုင်ကာ နေ့လည် လူများချိန်ဖြစ်၍ တခြားလူများနှင့် စားပွဲပေါင်းထိုင်ရသည်။ ရှန်းယုဟန်က စိတ်မရှိပဲ ကိုယ်လုံးကိုယ်ပေါက်မျိုးစုံရှိသော အမျိုးသမီးဝန်ထမ်းများနှင့် အတူထိုင်ရပြီး သူက အမျိုးသမီးများနှင့် သဘာဝအရရင်းနှီးသည်။
သူတို့လေးယောက်က လက်ထောက်ချွီကိုသိကြပေမယ့် သူက ခေါင်းဆောင်ဖြစ်နေတာကြောင့် အနည်းငယ်ကြောက်ကြသည်။
သူတို့က အစက ထွက်ပြေးသွားချင်ပေမယ့် လက်ထောက်ချွီဘေးက သူဌေး၏ဇနီးဆိုတာကို သိသောအခါ သူတို့က စောင့်ကြည့်ဖို့ ကြာကြာနေလိုက်ကြသည်။
သူက အနီးကပ်ကြည့်တော့ တကယ်ကိုလှတာပဲ!
သူဌေး၏ဇနီး ကဖေးမှာပေါ်လာသည်နှင့် လုပ်ဖော်ကိုင်ဖက်များက ဗီဒီယိုနှင့်ဓာတ်ပုံရိုက်ထားကာ ကုမ္ပဏီဂရုများကို ပို့နေကြသည်။
ကိုယ်လုံးကိုယ်ပေါက်မျိုးစုံနှင့် အမျိုးသမီးဝန်ထမ်းများက ပျော်လွန်းလို့ရူးသွားကြသည်။
သူတို့ဆက်တိုက်ပြုံးပြနေတာကိုတွေ့တော့ ရှန်းယုဟန်ကလည်း ပြုံးပြလိုက်သည်။ “အားလုံးပဲမင်္ဂလာပါ၊ ကဖေးကအစားအသောက်က အရသာရှိလား?”
အမျိုးသမီးဝန်ထမ်းများကပြောလိုက်သည်။ “အရသာရှိတယ်၊ ကုမ္ပဏီရဲ့အထောက်အပံ့က ကျွန်မသူငယ်ချင်းကုမ္ပဏီကထက် ပိုကောင်းတယ်၊ တခြားကုမ္ပဏီတွေမှာဆို ထုပ်ပိုးသွားလို့ပဲရတယ်။”
ရှန်းယုဟန်က ပြောလိုက်သည်။ “ငါမင်းအတွက် ဥက္ကဋ္ဌရှန်းကို သေချာပေါက်ပြောပေးမယ်။” သူက လက်ထောက်ချွီကို လှည့်မေးလိုက်သည်။ “လက်ထောက်ချွီ၊ ထုပ်ပိုးသွားတာကဘာလဲ?”
အမျိုးသမီးဝန်ထမ်းများက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်.. အိုဘုရားသခင်.. သူဌေးရဲ့ဇနီးက နတ်သမီးလေးလား? အရင်က ပါဆယ်တောင် မထုပ်ဖူးဘူးဆိုတော့!
လက်ထောက်ချွီက ရင်ထဲကပြောလိုက်သည်။ ရှန်းယုဟန်က သူဌေးရဲ့ဇနီးအနေနဲ့ သရုပ်ဆောင်ပိုမနေဘူးလား?
သူက ပူးပေါင်းဆောင်ရွက်သလို ရှင်းပြလိုက်သည်။ “အဲ့ဒါက စားသောက်ဆိုင်တွေက အစားအသောက်တွေကို ပြင်ဆင်ထုပ်ပိုးပြီး ပို့ပေးတဲ့ ပါဆယ်ဝန်ဆောင်မှုကိုပြောတာ။”
“အော်အဲ့လိုကိုး။” ပါဆယ်စနစ်က သူတို့ချီတိုင်းပြည်မှာလည်း ရှိပေမယ့် ခေတ်သစ်လူသားတွေလို အဆင်မပြေလှပေ။
နေ့လည်တွင် ရှန်းယုဟန်က စားသောက်ပြီးနောက် ရှန်ချီဟွမ်း၏ကဖေးကို စစ်ဆေးခဲ့ပြီး သူက သူ့ခင်ပွန်းအနားယူသည့် ကုတင်ပေါ်မှာလှဲကာ မက်ဆေ့ပို့လိုက်သည်။
ထိုအချိန်တွင် ရှန်ချီဟွမ်းက ပျင်းရိစရာကောင်းသော လူမှုရေးလှုပ်ရှားမှုများကို ပါဝင်နေရဆဲဖြစ်ပြီး အတန်ကြာစောင့်ပြီးနောက် သူသည် အားပေးထားသော စာတစ်စောင်ကိုရခဲ့သည်။
[ဇနီးလေး: ယောကျာ်း..ခင်ဗျားကအရမ်းတော်တာပဲ]
[မူကမ်း: ဘယ်လောက်တော်လဲ?]
ထို့နောက် ပြန်မဖြေတော့ပဲ ရှန်ချီဟွမ်းက ပါတီမပြီးခင်အထိ ပြန်စာမရခဲ့ပေ။
ရှန်ချီဟွမ်းက ကုမ္ပဏီပြန်ရောက်ပြီး ပထမဆုံးလုပ်ချင်သည်မှာ ရှန်းယုဟန်ကို သူဘယ်နေရာကောင်းလဲ မေးတာဖြစ်သည်။
သို့သော် တံခါးဖွင့်လိုက်သောအခါ သူ့အရှိန်က လျော့သွားခဲ့သည်။
ရှန်းယုဟန်က ကုတင်ပေါ်မှာလဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ရှန်ချီဟွမ်းက ကုတင်စွန်းမှာထိုင်ကာ သူ့ကိုကြည့်နေပြီး အကျင့်ယုတ်စွာ နှာခေါင်းကိုဆွဲဆိတ်လိုက်သည်။
“ဟူး….” ရှန်းယုဟန်က မကျေမနပ်ရေရွတ်သည်၊ “မော့ကျူး၊ ပြဿနာမရှာနဲ့။”
ရှန်ချီဟွမ်း၏လက်ကရပ်သွားသည်။
မော့ကျူးကဘယ်သူလဲ?
ဒါက ထိုနာမည်ကို ဒုတိယအကြိမ်ကြားတာဖြစ်ပြီး အမျိုးသားတစ်ယောက်နာမည်နှင့်တူသည်။
ငယ်ချစ်ဦးလား လရောင်ဖြူလား? နှစ်ခုလုံးက မနှစ်မြို့စရာပဲ။