Chapter 31.2
Viewers 996

Chapter 31.2


“အချစ်ကိုပြသခြင်း”


ရှန်ချီဟွမ်းက ဘေးက သီးသန့်ခန်းကိုပြန်သွားနေစဥ် သူက သခင်ကြီးကျန်းလည်းရှိနေတာကို တွေ့လိုက်ရသည်။ 



သူက မကြာသေးခင်က ပြဿနာတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ​အရင်မြေကွက်၏ ပထဝီဝင်ပတ်ဝန်းကျင်အနေအထားက ကောင်းပြီး အစိုးရကလည်း ပံ့ပိုးပေးသည်။ မြို့သစ်စီမံကိန်းမှာ ဖြတ်သွားလို့ရမည့် မြေအောက်ရထားပါဝင်နေပြီး သူက ထိုမြေကိုရခဲ့ရင် အကျိုးအမြတ်ရနိုင်ပြီး သူ့ကို ထိခိုက်စေတော့မှာ မဟုတ်ပေမယ့် ရုတ်တရက် လူတစ်ယောက်က ဝင်လာပြီး လုယူသွားခဲ့သဖြင့် ဒီနေ့ဆွေးနွေးဖို့ ရောက်လာတာဖြစ်သည်။


ဒီနေ့မှာ သူသိသော စီးပွားဖက်မိတ်ဆွေတစ်ယောက်က တစ်ဖက်လူကိုသိတာကြောင့် ရှန်ချီဟွမ်းက သူ့ကိုကြားခံလူလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် နှစ်ယောက်သားက သဘောတူညီချက်မရသေးတာကြောင့် ရှန်ချီဟွမ်းက ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌကို နောက်မှာထားခဲ့ပြီး ရှန်းယုဟန်ကိုသွားရှာခဲ့သည်။ မမျှော်လင့်ထားစွာ သူပြန်လာတော့ အဘိုးကြီးကျန်းက အထဲမှာထိုင်နေသည်။


အဘိုးကြီးကျန်းက သူ့ကိုတွေ့တော့ သူ့မျက်နှာက ပျော်ရွှင်နေသည်။ “ရှောင်ရှန်က ခုထိပြန်မသွားသေးဘူးလား? ရှောင်ရှန်းဘယ်မှာလဲ?”

ရှန်ချီဟွမ်းက အပြုံးလေးနဲ့ဖြေလိုက်သည်။ “ဘေးက သီးသန့်ခန်းထဲမှာ သူက ဗိုက်လေးနေတယ်။”

သူက ဘာဖြစ်နေလဲနှင့် အန်ကယ်ကျန်းက ဘာလို့ဒီကိုရောက်နေလဲဆိုတာကို နားမလည်သဖြင့် ဒုဥက္ကဋ္ဌက ကြားခံလူ၏စကားကို ရှန်ချီဟွမ်းနားထဲသို့ တီးတိုးပြောလိုက်သည်။ “ဥက္ကဋ္ဌလျန့်က သခင်ကြီးကျန်းရဲ့ ယွဲ့မိသားစုရဲ့ဆွေမျိုးဖြစ်ပြီး ဆက်ဆံရေးက တကယ်ကောင်းတယ်။”


ရှန်ချီဟွမ်းက တိုးတိုးလေးပြောလိုက်သည်။ “ငါဒီလောက်ထိမသိခဲ့ဘူး။” အမှန်တော့ သူနဲ့သခင်ကြီးကျန်း၏ ဆက်ဆံရေးက အလွန်ရိုးရှင်းသည်။


ဥက္ကဋ္ဌလျန့်က ဘီယာဗိုက်နှင့် အသက်ငါးဆယ်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး သူက မြေကွက်၏တစ်စိတ်တစ်ပိုင်းကို လိုချင်နေပြီး သူ့ရည်ရွယ်ချက်ကလည်း သန်မာသည်။ သူ ဒီနေ့ဒီနေရာမှာထိုင်နေတာက ကြားခံလူကို မျက်နှာသာပေးဖို့ဖြစ်ပြီး ရှန်ချီဟွမ်းက ရှန်မိသားစုဝင်ဖြစ်နေတာကြောင့် သူက ရှန်ချီဟွမ်းနှင့် သူ့အန်ကယ်မှာ ဆက်ဆံရေးကောင်းရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သခင်ကြီးကျန်းမှာ တခြားဝါသနာမရှိပဲ သူက စစ်တုရင်ကစားရတာကိုသာကြိုက်သည်။ “​ရှောင်ရှန်း..မင်းက ဒီညနေအထိ ဘာအစီအစဥ်မှမရှိဘူးမလား”

ရှန်ချီဟွမ်းကပြောလိုက်သည်။ “ကျွန်တော်တကယ်ကိုဘာမှမစီစဥ်ရသေးတာ၊ အစက ဒီအပတ်ပိတ်ရက် လမ်းလျှောက်ထွက်ဖို့ စီစဥ်ထားတာ။”



သခင်ကြီးကျန်းကပြောလိုက်သည်။ “ရက်အတိအကျရွေးမယ့်အစား ဘာလို့လုပ်နိုင်သမျှမလုပ်တာလဲ၊ ငါရဲ့သေးငယ်ပြီး ကျဥ်းမြောင်းတဲ့ ဥယျာဥ်မှာ ရှောင်ရှန်းကို လာကစားဖို့ဖိတ်ခေါ်ဖို့ရလား?”

ဥက္ကဋ္ဌလျန့်က အဖိတ်ခံရသော ရှန်ချီဟွမ်းထက် ပိုအံ့သြသွားသည်။ “ကျွန်တော် ခင်ဗျားရဲ့ ဥယျာဥ်ကို လာမလည်တာတောင် အတော်ကြာခဲ့ပြီ။”


“ရှောင်ရှန်က တစ်ခါမှမရောက်ဖူးဘူး။ မင်းလည်းအရင်ကမ​ရောက်ဖူးတာမဟုတ်ဘူးလေ။” သခင်ကြီးကျန်းကပြောလိုက်သည်။ “မင်းတို့က ဒီနေ့ ဥယျာဥ်ထဲမှာ လက်ဖက်ရည်သောက်ကြ၊ ငါနဲ့ရှောင်ရှန်းက ဂိမ်းနှစ်ပွဲကစားမယ်။”

“ကောင်းပြီ” ရှန်ချီဟွမ်းကပြုံးလိုက်သည်။ သခင်ကြီးကျန်းက ဒီလောက်ထိပြောနေမှတော့ ငြင်းဖို့အကြောင်းပြချက်လည်းမရှိပေ။


အစက ဥက္ကဋ္ဌလျန့်နှင့် စကားဆက်ပြောဖို့ မဖြစ်နိုင်တော့ပေမယ့် အခုသူတို့ကထပ်ညှိနှိုင်းလို့ရပြီး ထိုအတွက် ရှန်းယုဟန်ကို ကျေးဇူးတင်ရမှာဖြစ်သည်။

ဒါက ဒုတိယအကြိမ်ဖြစ်ပြီး အရင်တစ်ခေါက်က ထိုကလပ်နှင့်ပတ်သတ်တာဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ သခင်ကြီးကျန်းကြောင့်ဖြစ်သည်။ ရှန်းယုဟန်က ကံကောင်းသောကြယ်ပွင့်လေးဖြစ်ပြီး သူက ဒဏ္ဍာရီလာ ကံကောင်းခြင်းမျက်နှာဖြစ်နေမလား?


ရှန်ချီဟွမ်းက သူ့ကိုယ်ပိုင်အတွေးများကြောင့် ရှော့ခ်ရနေပြီး သူ့စိတ်ထဲက ထူးဆန်းသောအတွေးများကို ဖယ်ထုတ်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။



ဒီလိုနဲ့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ကားဆီခေါ်သွားပြီး အပြင်ထွက်လာတော့ ရှန်းယုဟန်က အန်ကယ်ကိုထပ်တွေ့ခဲ့ပြီး အန်ကယ်က သူ့ကိုထပ်တွေ့မယ်ဟု စိတ်အားထက်သန်စွာပြောလာသည်။


ရှန်းယုဟန်က နားမလည်နိုင်သောမျက်နှာဖြင့် ပြတင်းပေါက်အပြင်ကိုကြည့်လိုက်သည်။ “ယောကျာ်း..ကျွန်တော်တို့ဘယ်သွားနေတာလဲ?”


ရှန်ချီဟွမ်းက ရုတ်တရက်စနောက်လိုက်သည်။ “ငါမင်းကိုရောင်းစားတော့မလို့”


ရှန်းယုဟန်က ခဏလောက်အံ့အားသင့်နေပြီး သူက လှည့်ကြည့်ကာ ရှန်ချီဟွမ်းကို အပြစ်တင်သလိုကြည့်လိုက်သည်။ “ခင်ဗျားကျွန်တော့်ကိုရောင်းရင် ခင်ဗျားမှာဇနီးရှိတော့မှာမဟုတ်ဘူး။”


ရှန်ချီဟွမ်း၏နှလုံးသားက ထိုစကားကြောင့် တင်းကျပ်သွားသည်။ “ကောင်းပြီ၊ ငါမရောင်းတော့ဘူး။”


ရှန်းယုဟန်က ပေါ့ပါးပါးပါး ညည်းညူလိုက်သည်။ “ကျွန်တော်အရမ်းစားလို့ ကျွန်တော့်ကို တင်မကျွေးထားနိုင်တော့တာလား?”



ထိုစကားကိုကြားပြီးနောက် ရှန်ချီဟွမ်း၏ မသိစိတ်က စတင်သတိရှိလာပြီး ဘယ်အဖြေက သင့်တော်မလဲစဥ်းစားနေသည်။ ထိုစကားက ရှန်းယုဟန်ကို စိတ်ဆိုးသွားစေမှန်းသိသည်။ သူအဲ့လို အချိန်တိုအတွင်းစိတ်ဆိုးသွားတာမျိုး တစ်ခါမှမမြင်ဖူးပေ။


“ငါတတ်နိုင်တယ်၊ ငါက ဒီတိုင်းနောက်နေတာ၊ မင်းစားချင်တာမှန်သမျှ ဝယ်ကျွေးနိုင်တယ်။” ရှန်ချီဟွမ်းက ကမန်းကတန်း ပြောလိုက်သည်။


“ခင်ဗျားကျွန်တော့်ကိုတင်မကျွေးထားချင်တော့ပါ၊ ကျွန်တော်သိတယ်၊” ရှန်းယုဟန်က ခေါင်းငုံ့ကာ လက်ကိုဆွဲဆိတ်လိုက်သည်။” မဟုတ်ရင် ရောင်းဖို့ဘယ်လိုပြောထွက်မှာလဲ?”


“ငါတကယ်နောက်နေတာပါ” သူက ရှန်းယုဟန် ရုတ်တရက်ထိရှလွယ်သွားမယ်လို့ ဘယ်လိုသိနိုင်ခဲ့မှာလဲ၊ စကားတစ်ခွန်းက အတွေးများစွာကို ဖြစ်ပေါ်စေခဲ့သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းဆီကနေ မျက်နှာလွှဲလိုက်သည်။ “တစ်ခါတစ်လေ ခင်ဗျားပါးစပ်ကထွက်တဲ့ စကားတွေက စိတ်ရင်းတွေပဲ။”


ရှန်ချီဟွမ်းက လွန်ခဲ့တဲ့တစ်မိနစ်က အချိန်ကိုပြန်သွားကာ သူ၏စျေးပေါသောပါးစပ်ကို ပိတ်ထားလိုက်ချင်သည်။


“ငါတကယ်ကိုမရည်ရွယ်ပါဘူး။” ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိတော့ပဲ သူ့လက်ကိုဆွဲကာ ဆုပ်ကိုင်ထားလိုက်သည်။ “တောင်းပန်ပါတယ်”


ရှန်းယုဟန်က နောက်တစ်ကြိမ် ညည်းညူလိုက်ချင်ပေမယ့် ရှန်ချီဟွမ်း၏လက်ကို ဆွဲမဖယ်ပဲ သူ့ခင်ပွန်း၏အကိုင်ခံထားရသဖြင့် သူ့လက်နဲ့ နှလုံးသားက နွေးသွားခဲ့သည်။


သူက ခေါင်းကိုလှည့်လိုက်တော့ ရှန်ချီဟွမ်းက သူလုံးဝစိတ်မဆိုးခဲ့တာကို သိလိုက်ရပြီး သူ့မျက်လုံးများက အပြုံးရိပ်နှင့်ပြည့်နေသည်။

ဒီပရော်ပရည်လုပ်နိုင်လွန်းတဲ့ မြေခွေးလေးကတော့။


သို့သော် တစ်ချိန်တည်းမှာ သူလည်းစိတ်သက်သာရာရသွားပြီး သူက သူစိတ်ဆိုးမှာကို နည်းနည်းကြောက်နေခဲ့သည်။


သခင်ကြီးကျန်းပြောခဲ့သော သေးငယ်ပြီးကျဥ်းမြောင်းသော ဥယျာဥ်က မသေးသလို ကျဥ်းလည်းမကျဥ်းပေ။ သူက ထိုနေရာကိုဝယ်ဖို့ ယွမ်ဆယ်သန်းအကုန်အကျခံကာ ​ပျက်စီးနေသောနေရာများကို ပြန်ပြင်ဖို့ ကျွမ်းကျင်အဖွဲ့အစည်းတစ်ခုကို ငှားရမ်းခဲ့သည်။ ပြုပြင်မွမ်းမံသောစရိတ်က ကုန်ကျစရိတ်ထက်ပိုကြီးသည်။


ပြုပြင်ပြီးနောက် ဥယျာဥ်က သခင်ကြီး၏ သီးသန့်အနောက်ဥယျာဥ်ဖြစ်လာပြီး သူက မကြာခဏဧည့်သည်လက်ခံလေ့ရှိကာ ရံဖန်ရံခါ လာရောက်နေထိုင်လေ့ရှိသည်။


သခင်ကြီးကျန်းက ဥယျာဥ်ထဲမှာ ရှန်းယုဟန်နှင့် စစ်တုရင်ကစားဖို့ တွေးထားပြီး ဒီနေရာမှာ လေထုကသာယာသည်။


သူက သစ်သားစစ်တုရင် ဘုတ်ပြားနောက်တစ်ခုကို ယူဆောင်လာပြီး ဤအစုံက နေ့လည်က အဖြူရောင်ကျောက်စိမ်းအစုံထက် ပိုတန်ဖိုးရှိသည်။


ရှန်ချီဟွမ်းက သူတို့ကို ဂိမ်းခန်းမှာကစားဖို့ အကြံပြုလိုက်သည်။ အကြောင်းမှာ အခန်းထဲမှာနွေးနေပြီး အပြင်မှာအေးနေလို့ဖြစ်ကာ သခင်ကြီးကျန်းကိုယ်တိုင်က ဖျားတာမကြောက်ပေမယ့် ရှန်ချီဟွမ်းက ရှန်းယုဟန်ဖျားမှာကို စိုးရိမ်နေပြီး အဆုံးမှာ သူပဲဒုက္ခရောက်ပြီး သူ့ကိုဂရုစိုက်ပြုစုရမှာဖြစ်သည်။

အဘိုးကြီးနဲ့လူငယ်လေးက ဤနေရာမှာ စစ်တုရင်ကစားနေပြီး ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌလျန့်နှင့် တခြားသူများက ဘေးခန်းမှာ မာဂျောင်းကစားနေပြီး သူတို့က သခင်ကြီးကျန်းကြောင့် ဤနေရာမှာနေကြတာဖြစ်သည်။


ကစားနေစဥ် ဥက္ကဋ္ဌလျန့်က ရှောင်ရှန်းနှင့်ရှန်ချီဟွမ်းကြားက ဆက်ဆံရေးကိုလေ့လာနေပြီး သူ့အန်ကယ်က ဤနေရာမှာရှုပ်ထားသဖြင့် သူက အေးစက်သောမျက်နှာကို ထိန်းမထားနိုင်တော့ပဲ မာဂျောင်းစားပွဲပေါ်မှာ ပေါ့ပါးလွတ်လပ်နေသည်။ သူက ပုံမှန်အတိုင်းဖြစ်နေခဲ့ပြီး ဒီနေ့အနီရောင်အတွင်းခံမဝတ်ခဲ့တာကို အတော်နောင်တရနေသည်။


ရှန်ချီဟွမ်းက မာဂျောင်းကစားတာကို စိတ်မဝင်စားပေမယ့် သူက သင်္ချာတော်သဖြင့် အကြိမ်အနည်းငယ်အပြီးမှာ သူက ရှန်းယုဟန်အတွက် မုန့်ဝယ်ပေးဖို့ ပိုက်ဆံအချို့နိုင်ခဲ့သည်။

ထိုအချိန်တွင် သခင်ကြီးကျန်းက ရှန်းယုဟန်ကို မေးခဲ့သည်။ “ရှောင်ရှန်း၊ ငါ့ရဲ့ဥယျာဥ်ကို ဘယ်လိုမြင်လဲ?”

ရှန်းယုဟန်က ရိုးရိုးသားသား ပြောလိုက်သည်။ “ဆောင်းရာသီမှာနွေးထွေးပြီး နွေရာသီမှာအေးမြတဲ့ ဥယျာဥ်လို့ထင်တယ်။ ဥယျာဥ်ကိုဂရုစိုက်ဖို့ လူတွေကို အထူးခန့်ထားတာလား? ကျွန်တော်အရမ်းကြိုက်တယ်။”


သခင်ကြီးကျန်းက ရိုးသားသောကလေးများနှင့် စကားပြောရတာနှစ်သက်သည်။ “မင်းအချိန်ရရင် ငါနဲ့မကြာခဏလာကစားပေးပါ၊ ငါ့မှာ မင်းနဲ့ရွယ်တူ မြေးချွေးမတစ်ယောက်ရှိတယ်၊ သူက ငါနဲ့ပုံမှန်လာကစားပေးလေ့ရှိလို့ မင်းအတွက် စကားပြောစရာ လူတစ်ယောက်ရမှာသေချာတယ်။”


“ဒါဆို နောက်ကျရင် ကျွန်တော့်ကိုသူနဲ့မိတ်ဆက်ပေးလေ” သူက ထိုလူက လှပသောအမျိုးသမီးဖြစ်မယ်လို့ တွေးလိုက်သည်။


သူတို့စကားပြောနေစဥ် ထိုလူက ရောက်လာခဲ့သည်။

ရှန်းယုဟန်က သခင်ကြီးကျန်းနဲ့ စစ်တုရင်ကစားနေပြီး သူပြောခဲ့သည့်မြေးနှင့် မြေးချွေးမက ဥယျာဥ်ထဲကို ရောက်လာတော့ ရှန်ချီဟွမ်းနှင့် တခြားလူများကို အရင်တွေ့သွားခဲ့သည်။


ကျန်းလောလင်းက ရှန်ချီဟွမ်းကို အရင်မှတ်မိသွားပြီး မယုံနိုင်သလိုပြောလိုက်သည်။ “ရှန်ချီဟွမ်း? မင်းက ငါ့အိမ်မှာ မာဂျောင်းကစားနေတယ်!”

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ဒါက တိုက်ဆိုင်မှုသက်သက်ပါပဲ။” သူက သူ့နေရာကို နောက်တစ်ယောက်ကိုပေးကာ ကျန်းလောလင်းနှင့်အတူ မာဂျောင်းအခန်းမှထွက်လာခဲ့သည်။


“ မတွေ့ရတာကြာပြီ” ပြောလာသူက ကျန်းလောလင်း၏ချစ်သူ ဝမ်းယန်ဖြစ်သည်။

သူတို့သုံးယောက်က အထက်တန်းကျောင်းက အတန်းဖော်တင်မဟုတ်ပဲ သုံးနှစ်ဆက်တိုက် အတန်းတူခဲ့ကြသည်။


ကျန်းလောလင်းက ရှန်ချီဟွမ်းလို အရပ်ရှည်ပြီး မျက်မှန်တပ်ထားသော ဝမ်းယန်က သိမ်မွေ့ပြီး ပိန်သည်။ သူတို့နှစ်ယောက်လုံးက ကြည့်ကောင်းကြပြီး အထက်တန်းကျောင်းမှာ သြဇာကြီးသော လူနှစ်ယောက်ဖြစ်ခဲ့သည်။


သူတို့သုံးယောက်က ဧည့်ခန်းမှာထိုင်လိုက်ကြပြီး အစေခံက လက်ဖက်ရည်ယူလာပေးသည်။


“မင်းတို့နှစ်ယောက် လက်ထပ်ပြီးပြီလား?” ရှန်ချီဟွမ်းက သူတို့လက်နှစ်ဖက်လုံးမှာ ဆင်တူလက်စွပ်ဝတ်ထားတာကို တွေ့လိုက်ရသည်။ 


“အာ၊ ငါတို့က အရင်နှစ်က လက်ထပ်ခဲ့ကြတာ” ကျန်းလောလင်း၏ တစ်ကိုယ်လုံးက ထိုစကားကိုပြောနေစဥ် တောက်ပနေသည်။ “မင်းကရော တစ်ယောက်တည်းပဲလား?”


ဝမ်းယန်က ပြောလိုက်သည်။ “မကြာသေးခင်က မင်းအိမ်ထောင်ကျခဲ့တယ်လို့ ​ငါကြားခဲ့တယ်၊ ဒါပေမယ့် ငါမယုံနိုင်သေးဘူး။”

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ငါအိမ်ထောင်ကျသွားပြီ၊ မင်းတို့နှစ်ယောက် ဘယ်အချိန်ကလက်ထပ်ခဲ့တာလဲ၊ ဘာလို့ ဘာသတင်းမှမရှိရတာလဲ။”


“ငါတို့ဧည့်ခံပွဲမကျင်းပခဲ့ဘူး။ လက်ထပ်စာချုပ်ပဲယူထားတာ၊ ငါက သူနဲ့ နိုင်ငံခြားမှာ ကျောင်းတက်နေတာ နှစ်နှစ်ရှိပြီ၊ ဒီနှစ်မှ ပွဲကျင်းပဖို့ပြန်လာမှာ” ကျန်းလောလင်းက ပြောလိုက်သည်။ “အချိန်ရောက်ရင် ငါတို့မင်္ဂလာဝိုင်ကို လာသောက်ဖို့မမေ့နဲ့၊ ပြီး​တော့ မိသားစုကိုပါခေါ်လာခဲ့”


“သေချာပေါက်ပေါ့” ရှန်ချီဟွမ်းက ရှန်းယုဟန်အကြောင်းကိုမပြောခဲ့ပဲ နောက်မှပဲ မိတ်ဆက်ပေးလိုက်မည်။


ခဏလောက်စကားပြောပြီးနောက် ကျန်းလောလင်းက သူအဘိုးကိုသွားတွေ့မယ်ဟုပြောလာပြီး ရှန်ချီဟွမ်းက အတူသွားမယ်လို့ပြောလိုက်သည်။


ကျန်းလောလင်းက ခဏလောက် အံ့အားသင့်သွားသည်။ “မင်းဒီနေ့လာတာ ငါ့အဘိုးကိုလာရှာဖို့လား?”


ရှန်ချီဟွမ်းက အရိပ်အမြွက်ကိုပြောလိုက်သည်။ “နောက်ကျရင်သိမှာပါ၊ ငါမင်းအဘိုးကိုတောင်းပန်စရာရှိတယ်။” သူက ရှန်းယုဟန်ကိုအမြန်ပြန်ပေးဖို့ သခင်ကြီးကျန်းအား တောင်းပန်ရမည်။


ကျန်းလောလင်းက သူ့ကိုသတိပေးလိုက်သည်။ “ငါ့အဘိုးက စကားပြောရမလွယ်ဘူး”


ရှန်ချီဟွမ်း: “ဒီနေ့တော့ စကားပြောဖို့လွယ်ပါတယ်”


လက်ဖက်ရည်ခန်းကိုသွားသော ကော်ရီဒါက ကျဥ်းတာကြောင့် ထိုလင်မယားက နောက်ကလိုက်လာပြီး လမ်းကိုရင်းနှီးသော ရှန်ချီဟွမ်းက ရှေ့ကလျှောက်သွားသည်။


ကျန်းလောလင်းက ဝမ်းယန်ကို တိုးတိုးလေးပြောလိုက်သည်။ “သူ့ကို သူ့အဖေက အတင်းလက်ထပ်ခိုင်းခဲ့တာလို့ ငါဘယ်မှာကြားခဲ့ရပါလိမ့်?” 


ဝမ်းယန်က သူ့ကိုတံတောင်ဆစ်နဲ့ထိုးလိုက်သည်။ “တကယ်လား?”


ကျန်းလောလင်း: “ငါတို့အဲ့လူအကြောင်းမေးနေပေမယ့် သူက မဖြေခဲ့ဘူးလေ၊ အဲ့ဒါက ဆက်ဆံရေးအဆင်မပြေလို့မလား”



ဝမ်းယန်: “ဟုတ်မှာပေါ့”


ကျန်းလောလင်း “ ရှောင်ယန်၊ ငါတို့ကပိုကောင်းတာပေါ့”



ဝမ်းယန်က မျက်မှန်ကိုပင့်တင်ကာ သူ့ကိုအကြည့်တစ်ချက်ပေးလိုက်သည်။ “ရှန်ချီဟွမ်းအရှေ့မှာ အချစ်ကိုထုတ်ပြလို့မကောင်းဘူး၊ အေးဆေးနေ၊ သူ့ကိုရန်မစနဲ့။”


ကျန်းလောလင်းက အရမ်းနာခံနေသည်။ “ဟုတ်တယ်၊ သူက ဒေါသကြီးပြီး တခြားသူတွေထက် အတိုက်အခိိုက်ကျွမ်းတယ်”

သူတို့သုံးယောက်က ခဏလောက်လမ်းလျှောက်နေပြီး စစ်တုရင်ကစားခန်းကို ရောက်လာကြသည်။


ကျန်းလောလင်းနှင့် ဝမ်းယန်က အခန်းထဲဝင်ကာ သူတို့အဘိုးကိုခေါ်ဖို့လုပ်လိုက်ပေမယ့် သူတို့ရှေ့မှာ လူတစ်ယောက်ရှိနေသည်။ ထိုလူ၏အသွင်အပြင်က ကျောက်စိမ်းလိုနူးညံ့ပြီး အသားကဖြူဖွေးကာ ကိုယ်ဟန်က ဖြောင့်တန်းနေသည်။ သူ့အဝတ်အစားက ခမ်းနားနေပြီး လက်မှာဝတ်ထားသော အဝါရောင်စိန်လက်စွပ်က ပေါ်လွင်နေပြီး သူက ရှန်ချီဟွမ်းဆီကို လျှောက်သွားခဲ့သည်။

ရှန်းယုဟန်​က သူ့ခေါင်းကိုမော့ကာ ရှန်ချီဟွမ်းကိုကြည့်လိုက်ပြီး သူ့အပြုံးမျက်လုံးများက ထိုလူနှင့်ပြည့်နေသည်။ “ယောကျာ်း၊ ဒီရောက်နေတာလား?”


ရှန်းယုဟန်က သခင်ကြီးကျန်းနဲ့ ကစားတာပြီးသွားပြီး သူက ရှန်ချီဟွမ်းကိုတွေ့တော့ သူ့ဆီလျှောက်သွားခဲ့တာဖြစ်သည်။



ရှန်ချီဟွမ်းက ရှန်းယုဟန်ဘေးကိုသွားကာ သူ့လက်ကို ရှန်းယုဟန်၏ခါးပေါ်တင်လိုက်ပြီး ပိုင်ဆိုးပိုင်နင်းနိုင်သောပုံစံဖြင့် အတန်းဖော်ဟောင်းနှစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။ “ငါ့ရဲ့လက်တွဲဖော်..ရှန်းယုဟန်”

ကျန်းလောလင်းနှင့် ဝမ်းယန်၏စိတ်ထဲတွင် စကားလုံးရှစ်လုံးက တစ်ပြိုင်နက်ပေါ်လာသည်။ : အချစ်ကိုပြတဲ့နေရာမှာ သူတို့ရှုံးသွားတာပဲ!