Chapter 32.2
“နည်းနည်းပဲနမ်းမယ်”
ကျန်းအိမ်တော်မှာ ညစာစားပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုခေါ်ပြီး ကားထဲအမြန်ဝင်ကာ အိမ်ပြန်သွားခဲ့ပြီး အကြောင်းပြချက်မဲ့စွာ စိုးရိမ်ပူပန်နေခဲ့သည်။
ဝမ်းယန်က ပန်းပင်စိုက်ပျိုးခြင်းနှင့်ပတ်သတ်ပြီး ရှန်းယုဟန်နှင့် စကားပြောချင်နေဆဲဖြစ်သည်။
“သူတို့ဘာလို့ကားထဲအမြန်ဝင်သွားတာလဲ?” ဝမ်းယန်က ရှန်းယုဟန်ကို တော်တော်လေးသဘောကျသည်။
“မင်းတို့နှစ်ယောက်အရမ်းအဆင်ပြေနေပုံပဲ။” ကျန်းလောလင်း၏စကားက အနည်းငယ်ချဥ်စူးနေသည်။
“သူက ချစ်ဖို့ကောင်းတယ်လို့မထင်ဘူးလား?” ဝမ်းယန်က ကျန်းလောလင်း သဝန်တိုနေတာကို သတိမထားမိပေ။ “ငါသာ မင်းကိုမသိခဲ့ရင် သူ့ကိုလက်ထပ်ချင်လိမ့်မယ်ထင်တယ်။”
ကျန်းလောလင်းက ရန်သူကိုရင်ဆိုင်နေရသည့်အလား သူ့လူကို အထဲဆွဲခေါ်သွားသည်။ “မင်းရဲ့ဒီအတွေးက အရမ်းအန္တရာယ်များတာပဲ”
အနာဂတ်မှာ သူတို့နှစ်ယောက်က အပြင်တစ်ယောက်တည်းမထွက်သင့်တော့ပေ၊ ထိုနေ့လည်ခင်းမြင်ကွင်းက ကြောက်ဖို့ကောင်းလွန်းသည်!
–
ဒီနေ့ ရှန်းယုဟန်က စိတ်ကြည်နေပြီး သူ့ခင်ပွန်းက သူ့ကို သူငယ်ချင်းတွေနဲ့တွေ့ဖို့ခေါ်သွားသည်။ သူက ဝမ်းယန်နဲ့လည်း ဝီချက်မှာ သူငယ်ချင်းလုပ်ခဲ့ပြီး အနာဂတ်မှာ တစ်ခုခုနားမလည်ရင် သူ့ကိုမေးနိုင်သည်။ ခေတ်သစ်ကိုရောက်လာပြီးနောက် ဝမ်းယန်က သူရိုးရိုးရှင်းရှင်းရခဲ့သော ပထမဆုံးသူငယ်ချင်းဖြစ်သည်။
ယင်းတင်မကပဲ သူက အန်ကယ်ကျန်းဆီက အဖြူရောင်ကျောက်စိမ်း စစ်တုရင်ဘုတ်ကိုလည်းရခဲ့သည်။
ရေချိုးပြီး ကုတင်ပေါ်မှာလှဲကာ ရှန်ချီဟွမ်းကိုစောင့်နေပြီးနောက် သူက ပြုံးနေခဲ့သည်။ ရှန်ချီဟွမ်းက ရေချိုးပြီး အိပ်ရာပေါ်တက်လာကာ နေ့လည်က ဝမ်းယန်နှင့် ရှန်းယုဟန် အတူရပ်နေသောမြင်ကွင်းက သူ့စိတ်ထဲမှာပေါ်လာခဲ့သည်။
သူက ခေါင်းငုံ့ကာ ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းဝမ်းယန်နဲ့ စကားပြောရတာကြိုက်လား?”
ရှန်းယုဟန်က သူ့ကိုကြည့်ရန် ဘေးစောင်းလိုက်ပြီး တုံ့ဆိုင်းမနေပဲပြောလိုက်သည်။ “ကြိုက်တယ်၊ သူကအများကြီးသိတယ်၊ ဒီနေ့ ဥယျာဥ်မွမ်းမံတာနဲ့ပတ်သတ်ပြီး အများကြီးပြောပြခဲ့တယ်။ ပြီးတော့ သူက ဗိသုကာဒီဇိုင်နာတဲ့၊ အရမ်းမိုက်တာပဲ” ဗိသုကာပညာရှင်များက ပိုက်ဆံအများကြီးရှာနိုင်တယ်လို့ စီရီကပြောခဲ့သည်!
ရှန်ချီဟွမ်းက မှုန်ကုပ်ကုပ်တွေးပြီး သူက ဝမ်းယန်ကို အရမ်းသိနေတာကြောင့် ဘေးလှည့်ကာ ရှန်းယုဟန်ကို မကြည့်တော့ပေ။ သူက သူ့နှုတ်ခမ်းကို အမြဲစိုက်ကြည့်နေတာကို တွေ့ခဲ့ရသည်။
ရှန်ချီဟွမ်း စကားပြန်မပြောတာကိုတွေ့တော့ ရှန်းယုဟန်က သူစိတ်ဆိုးနေလားအံ့သြနေသည်။ ဝမ်းယန်က အမျိုးသားဖြစ်ပြီး ရှန်းယုဟန်က သူ့ယောကျာ်းအပါအဝင် တခြားသူများ၏ စိတ်ခံစားချက်ကို ခံစားနိုင်ဆဲဖြစ်သည်။
ရှန်းယုဟန်က သူ့ကို မဝံ့မရဲမေးလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားစိတ်ဆိုးနေတာလား?” ဝမ်းယန်က ဘယ်လောက်ကောင်းသည်ဖြစ်စေ သူ့မှာခင်ပွန်းရှိတာတောင် သူကတခြားအမျိုးသားတစ်ယောက်ကို စဥ်းစားရဲသည်။
ရှန်ချီဟွမ်းက ခေါင်းအနောက်ဘက်မှာ လက်တစ်ဖက်ကိုတင်ထားပြီး မျက်နှာကျက်ကိုကြည့်ကာ မရိုးသားစွာပြောလိုက်သည်။ “ငါဘာလို့စိတ်ဆိုးရမှာလဲ?”
အခန်းကနွေးနေပြီး ရှန်းယုဟန်က ရှန်ချီဟွမ်းဆီ တိုးသွားပြီး သူ့အပေါ်ကနေလက်ထောက်ကာ ရှန်ချီဟွမ်းကို ငုံ့ကြည့်ပြီး သူ့ပခုံးကိုထိလိုက်သည်။ “တကယ်လား?”
ရှန်ချီဟွမ်းက မျက်ခွံကို အပေါ်မြှောက်ကာ သူ့ကိုငုံ့ကြည့်နေသော ရှန်းယုဟန်ကိုကြည့်လိုက်သည်။ ဤပုံစံက ဓာတ်ပုံရိုက်တဲ့အခါ လူတစ်ယောက်၏မျက်နှာကို မမှတ်မိနိုင်အောင် ပြောင်းလဲပေးနိုင်သော ဆိုးရွားသောရှုထောင့်လို့ပြောကြပြီး ရလဒ်ကတော့ ကြောက်စရာကောင်းသော ပိုင်မုန့်မျက်နှာဖြစ်ပေမယ့် ရှန်းယုဟန်က ဘုရားသခင်၏ ကောင်းချီပေးတာကို ခံထားရပုံပေါ်သည်။ သူ့မျိုးရိုးဗီဇကကောင်းလွန်းသဖြင့် သူက လုံးဝရုပ်မဆိုးပဲ ဆန့်ကျင်ဘက်အနေနဲ့ သူ့အသွင်အပြင်က လုံးဝပြောင်းလဲမသွားပဲ ကွဲပြားသော ဆွဲဆောင်မှုတစ်ခုရှိနေသည်။
သူက ရှန်းယုဟန်၏ ကြည်လင်သော မျက်လုံးများကိုကြည့်ကာ သူ့ကိုနမ်းချင်စိတ်ပေါ်လာပြီး ရှန်ချီဟွမ်းက သူ့ကိုယ်သူရူးနေပြီဟု တွေးလိုက်သည်။ သူက ထိုနေ့က ရင်ပြင်မှာလုပ်ခဲ့သလို ရှန်းယုဟန်ကို နမ်းချင်နေသည်။
သို့သော် သူက ထိုအကြောင်းကို သိပ်မဂရုမစိုက်နိုင်ပဲ အရမ်းမတွေးချင်ပေ။
သက်ပြင်းချလိုက်ရင်း သူက ခေတ်နောက်ကျသော နည်းလမ်းကိုတွေးကာ ရှန်းယုဟန်ကိုပြောလိုက်သည်။ “မင်းမျက်နှာမှာတစ်ခုခုရှိနေတယ်၊ ခေါင်းငုံ့လိုက်”
ရှန်းယုဟန်က သူ့မျက်နှာပေါ်မှာ တစ်ခုခုပေနေတယ်လို့ တကယ်ထင်သွားသည်။ သူအခုလေးတင် မျက်နှာသစ်လာတာမဟုတ်ဘူးလား?
သူက သူ့ခေါင်းကိုနာခံစွာငုံ့လိုက်ပေမယ့် ရှန်ချီဟွမ်းက သူ့ကိုစောင့်နေတာကိုမသိခဲ့ပေ။ ရှန်းယုဟန်က မပြင်ဆင်ထားခင်မှာ ရှန်ချီဟွမ်းက တစ်ပတ်လှိမ့်ကာ ရှန်းယုဟန်ကို ခေါင်းအုံးပေါ်မှာဖိချလိုက်ပြီး နှုတ်ခမ်းကို သူ့စိတ်ကြိုက်နမ်းကာ နမ်းနေစဥ် သွားကိုဖွင့်လိုက်သည်။
ရှန်းယုဟန်က နည်းနည်းရှုပ်ထွေးသွားပြီး သူက အသက်ရှူကျပ်တော့မည်ဟု ခံစားမိလိုက်သော်လည် ဒီလိုအသက်ရှူကျပ်ခြင်းက သူ့တစ်ကိုယ်လုံးကိုတင်းမာစေပြီး သူကမလှုပ်ရဲပေ။ ထိုအနမ်းမှာ ရှန်ချီဟွမ်းက နူးညံ့နေလို့ ပိုကောင်းလာပြီး ရှန်းယုဟန်က သူ့လျှာထိပ်နှင့် တုံ့ပြန်ဖို့ကြိုးစားနေသည်။
သူ့တုံ့ပြန်မှုက ရူးသွပ်နေသော ရှန်ချီဟွမ်းကို အသိစိတ်ပြန်ဝင်သွားစေပေမယ့် သူက မရပ်တန့်ချင်ခဲ့ပေ။
သူက သူဘာလုပ်နေလဲဆိုတာကိုသိပြီး သူက တစ်ခါလောက်တော့ အရူးထသင့်တယ်လို့တွေးလိုက်သည်။ ဒီလူက သူ၏တရားဝင်လက်တွဲဖော်ဖြစ်ပြီး နမ်းလိုက်လို့ အသားပဲ့မသွားပေ။
အနမ်းအဆုံးသတ်သွားစဥ် ရှန်းယုဟန်က အသက်ပြင်းပြင်းရှုနေပြီး အသက်ရှူကျပ်လုနီးပါးဖြစ်နေ၍ ကံကောင်းစွာပင် ရှန်ချီဟွမ်းက သူ့ကိုလွှတ်ပေးလိုက်သည်။
ရှန်ချီဟွမ်းက အနောက်နည်းနည်းဆုတ်သွားပြီး ထမသွားပဲ စိတ်ငြိမ်စေရန် ဘေးအခန်းကိုလည်း မသွားခဲ့ပေ။
ရှန်းယုဟန်က ဒီနေ့ သူခင်ပွန်းက မင်္ဂလာဦးညက သူ့ခင်ပွန်းနှင့် မတူဘူးဟုတွေးနေသည်။
သူက နီရဲနေသော သူ့နှုတ်ခမ်းကို ညင်ညင်သာသာ ဖွင့်လိုက်သည်။ “ယောကျာ်း?”
ရှန်ချီဟွမ်းက စိတ်လိုက်မာန်ပါလုပ်ချင်စိတ်ကို မဖုံးဖိနိုင်သော သူ့မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ “ရှန်းယုဟန်၊ ငါ့ကိုမကြည့်နဲ့”
“ဘာလို့လဲ?” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရင်ဘတ်ပေါ်မှာ အနားယူနေပြီး သူက မင်္ဂလာဦးညဖြစ်တော့မည်ဟု တွေးမိလုနီးပါးပင်။ “ယောကျာ်း”
ရှန်ချီဟွမ်း၏အသံက အက်ကွဲနေပြီး တစ်ခုခုကို ထိန်းချုပ်ထားရသလို ခက်ထန်စွာအမိန့်ပေးလိုက်သည်။ “မြန်မြန်သွားအိပ်တော့”
ထို့နောက် သူက ရှန်းယုဟန်၏မျက်လုံးများကို ဖုံးထားသော သူ့လက်ကိုဖယ်ကာ ကုတင်ဘေးက မီးအိမ်ကိုပိတ်လိုက်သည်။ ထို့နောက် အခန်းထဲက မထွက်သွားပေမယ့် ရေချိုးခန်းထဲဝင်သွားခဲ့သည်။
ရှန်းယုဟန်၏မျက်နှာက သူ့လက်နဲ့ဖုံးထားခံရလို့ နွေးနေမလား၊ ဒါမှမဟုတ် သူနဲ့ရင်းနှီးတာကိုလုပ်မိလို့ နားရွက်ထိပ်က နွေးနေမလား မသိနိုင်ပေ။
လက်မထပ်ခင် ယောကျာ်းတစ်ယောက်က သူ့ကိုစိတ်ဝင်စားရင် သူ့ခန္ဓာကိုယ်က တုံ့ပြန်လာပြီး ထိုနေရာက အရမ်းဖောင်းလာမယ်လို့ သူ့မော့မော့ကပြောခဲ့ဖူးသည်။
သူက စောင်ကိုဖြည်းဖြည်းချင်း မျက်နှာပေါ်ခြုံလိုက်သည်။
သူက သူ့ခင်ပွန်း၏ခန္ဓာကိုယ်တုံ့ပြန်မှုကို ခံစားလိုက်ရသည်!
ဒီတော့ သူ့ခင်ပွန်းက သူ့အပေါ်ခံစားချက်မရှိတာမဟုတ်ရင် ဘာလို့ထိန်းချုပ်နေရတာလဲ?
ရှန်းယုဟန်က နားမလည်နိုင်ဖြစ်နေသည်။
ရှန်ချီဟွမ်းက သူထွက်မလာခင် နာရီဝက်ကြာအောင် ရေချိုးခန်းထဲမှာနေခဲ့ပြီး ကုတင်ပေါ် တိတ်တဆိတ်တက်လာခဲ့သည်။
ထိုအချိန်တွင် ရှန်းယုဟန်က သူ့ကိုနောက်ကျောပေးထားပြီး စောင်ကို နားရွက်ဖုံးအောင်ခြုံထားကာ သူက သူအိပ်ပြီလား မအိပ်သေးဘူးလားပင် မသိရပေ။
ပထမဆုံးအကြိမ်အဖြစ် ရှန်းယုဟန်က အိပ်ရာဝင်မည့် ရှန်ချီဟွမ်းကို မချဥ်းကပ်လာခဲ့ပေ။
ရှန်ချီဟွမ်းက သူ့ကျောနားကိုတိုးသွားကာ ခဏကြာတော့ ရှန်းယုဟန်က တိတ်တဆိတ် နောက်ရွှေ့လာပြီး အိပ်ပျော်တော့မည့် ရှန်ချီဟွမ်း၏ လက်မောင်းထဲကိုရောက်သွားသည်။
ရှန်းယုဟန်က သူ့ပခုံးကိုပွတ်လိုက်ကာ ဒီလိုအိပ်ရတာ သက်တောင့်သက်သာရှိနေသည်။
–
နောက်တစ်နေ့တွင် ရှန်းယုဟန်နိုးလာသောအခါ ရှန်ချီဟွမ်းက အိမ်မှာမရှိတော့ပဲ သူက ကုမ္ပဏီကို မနက်အစောကြီးထွက်သွားခဲ့သည်။
မနေ့က သူ့ခင်ပွန်း ဒီနေ့အပြင်စောစောထွက်ရမယ်လို့ ပြောတာကိုမကြားခဲ့ပေ။
လက်ရေးလှနှင့် ပန်းချီသင်တန်းကို ဖျက်သိမ်းပြီးနောက် ရှန်းယုဟန်၏ တနင်္လာနှင့် အင်္ဂါအတန်းများကို အသစ်မပြင်ဆင်ရသေးတာကြောင့် သူက အပြင်ထွက်ပြီး လက်ရေးလှလေ့ကျင့်ရေးစာအုပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက မနေ့က သူပြောခဲ့သော လဲ့ချာကိုလည်းမှတ်မိသွားပြီး ထိုလက်ဖက်ရည်က အရင်ကလို ကောင်းပါဦးမလားတော့မသိပေ။
သူက စုတ်တံဖြင့် စာရင်းရေးဆွဲကာ အန်တီဝမ်ကိုပေးလိုက်သည်။
အန်တီဝမ်က စာရွက်ပေါ်ကလက်ရေးကို ကြည့်လိုက်တော့ ဘိုးဘေးဘီဘင်များရေးထားသော ဆေးစာနဲ့တူတာကြောင့် မနေနိုင်တော့ပဲ ချီးကျူးလိုက်သည်။ “မစ္စတာရှန်းရဲ့လက်ရေးက တကယ်ကိုလှတာပဲ”
“သာမန်ပါပဲဗျ” ရှန်းယုဟန်က ကျုံးနွံစွာပြောလိုက်သည်။
မနက်စာစားပြီးနောက် သူက လက်ရေးလှစာအုပ်ဝယ်ရန် ဒရိုက်ဘာကို လိုက်ပို့ခိုင်းလိုက်သည်။ ခက်ခဲသောဘောပင်လက်ရေးလှစာအုပ်များက ရှာရှလွယ်ကူဆဲဖြစ်ပြီး သူလေ့ကျင့်နိုင်သရွေ့ အရည်အသွေးမြင့်လွန်းတာကို ရွေးချယ်ရန်မလိုပေ။
–
ကုမ္ပဏီက ရှန်ချီဟွမ်းက ရှန်းယုဟန် အပြင်သွားတာကိုမသိပဲ ရှန်းယုဟန်၏ ပန်းချီအကြောင်းကို စဥ်းစားနေသည်။
ဒီကိစ္စက အင်တာနက်သုံးစွဲသူများ၏ အာရုံကိုဆွဲဆောင်ခဲ့ပြီး ကျန်းချန်ရဲစခန်း၏ တရားဝင်ဝေ့ပေါ်က စစ်ဆေးမှုအပြီးမှာ အမှုကို ဝေ့ပေါ်တွင်တိုက်ရိုက်တင်ခဲ့သည်။ သူက ရှန်းယုဟန်၏ ပန်းချီနဲ့လက်ရေးလှကို စျေးကွက်ပေါ်တင်ပေးမယ့်အစား အသေးစားကြော်ညာပေးပြီး ကူညီရန်တွေးနေသည်။ ဒါကြောင့် သူက သူ့ကိုယ်ပိုင်ဝေ့ပေါ်အကောင့်ကို ဝင်လိုက်ကာ ယင်းမှာ ဖောလိုးဝါးတက်လာပေမယ့် သတင်းပို့စ်အများစုက တက်မလာပဲ အချိန်အတော်ကြာ အကောင့်သေနေခဲ့သည်။
နောက်ဆုံးအကြိမ် ဝေ့ပေါ်မှာသူတင်ခဲ့တာက သုံးလကြာခဲ့ပြီး ကုမ္ပဏီပွဲတစ်ခုအတွက် ကြော်ညာကိုတင်ခဲ့တာဖြစ်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ပန်းချီကားပုံကို ရိုက်ယူခဲ့ပြီး ဆယ်မိနစ်လောက် ပြင်ပြီးနောက်မှာ သူက ပန်းချီကားကိုပေါ်လွင်စေမယ့် အတောက်ပဆုံးအလင်းရောင်ကို ရွေးလိုက်ပြီး စကားလုံးအနည်းငယ်ရေးကာ တင်လိုက်သည်။
[အဖိုးမဖြတ်နိုင်တဲ့ရတနာ. {ပန်းချီကားပုံ)]
ရှန်ချီဟွမ်း၏ဝေ့ပေါ်က Followers ဆယ်သန်းရှိပြီး ပန်းချီကို ဒီပုံစံဖြင့် သူကိုယ်တိုင်တင်လိုက်တော့ စတိုင်ကျနေပြီး ပန်းချီကားပိုင်ရှင်၏ ဆန်းကျယ်မှုကိုလည်း ထိန်းထားနိုင်ပြီး တစ်ယောက်ယောက်က ပန်းချီကားကို အနာဂတ်မှာ ထင်ကြေးပေးလာနိုင်သည်။ ယိဖန့်ကျွီရှီးအယောင်ဆောင်ရဲသူကတော့ တရားရုံး၏ဆင့်ခေါ်ချက်ကိုရမှာဖြစ်သည်။
–
ရှန်းယုဟန်က သူ့ခင်ပွန်း သူ့ပန်းချီကားကို ကြော်ညာပေးနေတာကိုမသိပဲ သူက အိမ်မှာ လက်ဖက်ရည်ပါတီလုပ်နည်းကို လေ့လာနေပြီး သူ့မှာ သူငယ်ချင်းအများကြီးမရှိပေမယ့်လည်း လုံလောက်သောလေးစားမှုပေးရမည်။
ရှန်ချီဟွမ်းက ဝေ့ပေါ်မှာတင်ပြီးနောက် ကုမ္ပဏီ၏အီးမေးလ်များကိုဖတ်နေကာ ပရဟိတ အီးမေးလ်တစ်စောင်က သူ့အာရုံကို ဆွဲဆောင်ခဲ့သည်။
မဆိုးဘူး၊ မဆိုးဘူး၊ သူ့ကုမ္ပဏီက ဒီပရဟိတလှုပ်ရှားမှုကို မြှင့်တင်ပေးရင် ရှန်းယုဟန်က သဘောကျမှာပဲ။
ထိုညမှာ ရှန်းယုဟန်က ကားသံကြားလို့ တံခါးမှာရပ်ကာ သူ့ကိုစောင့်နေခဲ့သည်။
ကားပြင်ထွက်ပြီးနောက် ရှန်ချီဟွမ်းက သူ့ကိုအိမ်ထဲကိုတွန်းလိုက်သည်။ “အပြင်မှာအေးနေပြီ၊ ဒီမှာဘာလုပ်နေတာလဲ”
ရှန်းယုဟန်က သူ့ကိုယ်ပေါ်က ခြုံထည်ကို ရှန်ချီဟွမ်းအတွက် ချွတ်ပေးလိုက်သည်။ “ခင်ဗျားကိုစောင့်နေတာ၊ ယောကျာ်းချမ်းနေပြီလား?”
“မချမ်းဘူး” ရှန်ချီဟွမ်းက အပြင်မှာအေးနေ၍ သူ့ကိုမစောင့်ဖို့ပြောချင်ပေမယ့် သူက သူအိမ်ပြန်လာချိန် တစ်ယောက်ယောက်က သူ့ကိုစောင့်နေတာကို သဘောကျတာကြောင့် သူက ပြုံးလိုက်ကာ အေးစက်သောလက်ချောင်းများဖြင့် ရှန်းယုဟန်၏လည်ပင်းကို ဖိလိုက်သည်။
ရှန်းယုဟန်က အေးစက်မှုကြောင့် ထိတ်လန့်သွားပြီး သူ့လက်ကိုရိုက်ထုတ်လိုက်သည်။ “ယောကျာ်းက ကလေးဆန်လိုက်တာ!”
“မင်းလောက်တော့ ကလေးမဆန်ဘူး၊ ဒီအရွယ်ကြီးနဲ့ ယုန်ဖြူပူဖောင်းကြီးကို ဝယ်ချင်နေတယ်” သူက အထဲရောက်သည်နှင့် လေလျော့နေသည့် ပူဖောင်းကိုတွေ့လိုက်ရသည်။
ရှန်းယုဟန်က မငြင်းပဲ သူ့ခင်ပွန်းက ညစာအတွက် အိမ်ပြန်လာဖို့ အားတာရှားပြီး သူက အတန်းမသွားခဲ့ရသဖြင့် သူတို့နှစ်ဦးစာ ဟင်းလျာများကို ကိုယ်တိုင်ချက်ခဲ့သည်။
ထိုင်ချပြီးနောက် သူက သူ့ခင်ပွန်း အရသာမြည်စမ်းပြီး သူ့ကိုချီးမွမ်းတာကို စောင့်နေသည်။
ရှန်းယုဟန်က သူ့အတွက် ဟင်းလျာများကိုပြင်ပေးဖို့ လက်မြှောက်လိုက်ပြီး သူဒီနေ့ကြော်ခဲ့သော ဆောင်းမျှစ်ကိုပေးလိုက်သည်။ “ဒီနေ့ဟင်းတွေမှာ ထူးခြားတာရှိလား?”
ရှန်ချီဟွမ်းက တစ်ကိုက်ပြီးတစ်ကိုက်စားကာ လေးနက်စွာပြောလိုက်သည်။ “ရှိတယ်” ရှန်ချီဟွမ်းက သူ့ကို တမင်တကာမေးလိုက်သည်။ “အန်တီရဲ့ ဟင်းချက်စကေးလ်တွေက ဒီရက်ပိုင်းကျနေတာလား?”
ရှန်းယုဟန်၏ မျှော်လင့်ချက်မျက်လုံးများက သိသိသာသာမှိန်သွားခဲ့သည်။ “ဒီတစ်ခုကရော?.
ရှန်ချီဟွမ်းက ဆက်ပြီးဟန်ဆောင်လိုက်သည်။ “ဒါလည်း သာမန်ပဲ၊ အန်တီက ဒီနေ့စိတ်မကြည်လို့လား?”
ရှန်းယုဟန်က သူ့ကို အစားအသောက် ထပ်မထည့်ပေးတော့ပဲ သူ့မျက်နှာပေါ်က မျှော်လင့်ချက်က ပျောက်သွားခဲ့သည်။
သူနောက်တစ်ခါမချက်တော့ဘူး၊ ယောကျာ်းက အရသာမကောင်းဘူးလို့ပြောနေတယ်။
သို့သော် နှုတ်ခမ်းပေါ်မှာ ကဲ့ရဲ့ရှုံ့ချနေသော စကားများကို တမင်ပြောနေစဥ် ရှန်ချီဟွမ်းက အားလုံးစားလို့ကုန်သွားပြီး သူဗိုက်ပြည့်မှပြောလိုက်သည်။ “ရှန်းယုဟန်.. မင်းချက်ထားတာ အရမ်းအရသာရှိတယ်”
ချီးကျူးခံရပြီးနောက် အပြုံးတစ်ခုက ရှန်းယုဟန်၏မျက်လုံးထဲမှာပေါ်လာပြီး သူက အပေါ်ယံပြုံးပြလိုက်ပေမယ့် ရှန်ချီဟွမ်းက ထိုအပြုံးကို နှစ်စက္ကန့်လောက်ကြည့်နေခဲ့သည်။
–
သူက ညနေပိုင်းရေချိုးပြီးနောက် ဆံပင်ကိုလေမှုတ်နေစဥ် ရှန်းယုဟန်က သူ့ဆံပင်ကို နှစ်ခါထိကြည့်လိုက်ပြီး အရှည်မြန်တာကိုတွေ့ခဲ့ရသည်။ သူက ညင်သာစွာဆုပ်ကိုင်လိုက်တော့ အရင်ကခံစားချက်ပြန်ရောက်လာခဲ့သည်။
သူ့ဆံပင်ကို လေမှုတ်ပြီးနောက် ဆိုဖာပေါ်မှာ ဝေ့ပေါ်ကွန်းမန့်ဖတ်နေသော ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ဆံပင်အရှည်ထားလို့ရလား?”
ရှန်ချီဟွမ်းက မော့ကြည့်ကာ ရှန်းယုဟန်၏ ဆံပင်ရှည်ကို သူ့စိတ်ထဲမှာ စိတ်ကူးယဥ်ကြည့်နေပြီး ခေါင်းညိတ်ပြလိုက်ကာ ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။ “မင်းထားချင်ရင် ထားလို့ရတယ်”
သူလိုချင်သောအဖြေကိုရပြီးနောက် ရှန်းယုဟန်က အိပ်ရာပေါ်မှာလဲလျောင်းကာ သူ၏ရှင်းသန့်ကြည်လင်သော မျက်လုံးများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ အနားယူတော့မှာလား?”
ရှန်ချီဟွမ်းက မွှေးကြိုင်နေသော သူ့အသွင်အပြင်ကြောင့် နှိုးဆွခံရပြီး ဖုန်းကိုင်ထားသော လက်ကအေးခဲသွားသည်။ “အနားယူမယ်”
ရှန်ချီဟွမ်းက ကုတင်ဘေးကမီးအိမ်ကို မီတ်လိုက်ပြီး ရှန်းယုဟန်က သူ့မျက်နှာတစ်ဝက်ကို စောင်ခြုံကာ တီးတိုးပြောလိုက်သည်။ “ယောကျာ်း၊ ဒီည ခင်ဗျားကျွန်တော့်ကိုနမ်းချင်လား?”
ရှန်ချီဟွမ်း၏ အမူအရာက ခဏရပ်သွားကာ ခေါင်းမာသောပါးစပ်ဖြင့်ပြောလိုက်သည်။ “မနမ်းဘူး” တစ်ဝက်တောင်မနမ်းဘူး။
ရှန်းယုဟန်က သူ့ကို တံတောင်နဲ့တွက်လိုက်ပြီးနောက် အဖိခံလိုက်ရကာ တစ်ဝက်တောင်မနမ်းဘူးလို့ပြောခဲ့သော လူတစ်ယောက်၏ အကြာကြီးနမ်းခြင်းကို ခံလိုက်ရသည်။
ဒီပရော်ပရည်လုပ်တတ်တဲ့ မြေခွေးလေးက ဗားရှင်း 2.0 ကိုပြောင်းလဲနေကြောင်း သူမသိခဲ့ပေ။
ရှန်ချီဟွမ်းက စိတ်ထဲမှာတွေးလိုက်သည်: ငါနည်းနည်းပဲနမ်းလိုက်မယ်။