Chapter 39.2
Viewers 985

Chapter 39.2


“မရင်းနှီးသောလူ”


ရှန်းယုဟန် နေ့တိုင်း အိမ်မှာ ထိုင်မှိုင်းနေသည့် အဓိကအကြောင်းရင်းက ပျင်းရိနေလို့ဖြစ်ပြီး သူငယ်ချင်းအသစ်ရှာခြင်းနှင့် အပြင်ထွက်ကစားခြင်းကြားမှာ သူက နောက်ကတစ်ခုကိုရွေးချယ်ခဲ့သည်။


သူတို့နှစ်ယောက်က ဒီနေ့မှာ ငြိမ်ငြိမ်လေး စကားပြောနေစဥ် အသံတစ်ခုက သူတို့လေထုကြား လာနှောင့်ယှက်ခဲ့သည်။


“ရှန်ချီဟွမ်းလား? အားဟွမ်း?”



အမျိုးသားတစ်ယောက်က ရှန်ချီဟွမ်းကို ခေါ်နေတာပင်။


ရှန်းယုဟန်က လူတွေ သူ့ခင်ပွန်းကို ဥက္ကဋ္ဌရှန်၊ အစ်ကို၊ စီနီယာအကိုလို့ခေါ်တာသာ ကြားဖူးပေမယ့် အားဟွမ်းလို့ခေါ်တာတော့ မကြားဖူးသဖြင့် ဒီအားဟွမ်းက အနည်းငယ်ကွဲပြားနေသည်။



ရှန်ချီဟွမ်းက အသံလားရာကို ရှာကြည့်တော့ သူ့ဘေးမှာ ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။


သူက ရှန်းယုဟန်ကို အရင်ပြောလိုက်သည်။ “သူငယ်ချင်းတစ်​ယောက်ကိုတွေ့လို့ အရင်ဖုန်းချလိုက်မယ်။”


“အွန်း” ရှန်းယုဟန်က ထိုအကြောင်းသိပ်မစဥ်းစားပဲ သူက သူ့ခင်ပွန်းနှင့် နာရီဝက်နီးပါး စကားပြောခဲ့ရလို့ ပျော်နေသည်။ သူက ခေတ်မီဟိုတယ်ဧည့်ခန်းကိုလည်း တွေ့ခဲ့ရပြီး ယင်းမှာ ချီတိုင်းပြည်၏ စျေးအကြီးဆုံး ဇိမ်ခံတည်းခိုဆောင်ထက် ခမ်းနား၏။ အပြင်အဆင်က သူ့ခင်ပွန်းကုမ္ပဏီနှင့် ကွဲပြားပြီး ကုမ္ပဏီက တင်းကျပ်ကာ ကြော့ရှင်းပြီး ဟိုတယ်က ပိုခမ်းနားသည်။


သူ အောက်ထပ်မှာ လက်ဖက်ရည်ဖျော်ဖို့ ဆင်းသွားပြီးနောက် ပန်းချီဆက်ဆွဲနေကာ ပန်းချီကား၏ ကျန်နေသောအပိုင်းကို အပြီးသတ်လိုက်သည်။ သူက အရောင်ခြယ်တာ အပြီးသတ်ပြီးရင် သူ့ခင်ပွန်းကိုပြဖို့ ဓာတ်ပုံရိုက်ရဦးမယ်။



ထိုအချိန်မှာ ရှန်ချီဟွမ်းက သူ့ကို​ခေါ်ခဲ့သော လူတစ်ယောက်နှင့် စကားပြောနေသည်။


“ချူးရှို့?” ရှန်ချီဟွမ်းက သူဘယ်သူလဲမသိဖို့က လုံးဝမဖြစ်နိုင်ပေ၊ သူတို့က အထက်တန်းကျောင်းမှာ နှစ်နှစ်ကြာအောင် အဆောင်တူခဲ့သည်။


ဤအချိန်ကာလက ထူးဆန်းနေသည်။ သူက သူ့အတန်းဖော်များနဲ့ အမြဲဆုံနေသည်။


“ကျန်းလောလင်းနဲ့ ဝမ်းယန်က မင်းအကြောင်းပြောပြတာကို ငါကြားခဲ့တယ်။” ချူးရှို့က အလွန်ပျော့ပျောင်းသော အပြုအမူဖြင့် ပြောလာသည်။ “မင်းအားလား? ငါတို့ဒီနေ့ အေးအေးဆေးဆေး ထမင်းစားကြမလား?”


“ကောင်းပြီ” ရှန်ချီဟွမ်းက ခုနလေးတင် ရှန်းယုဟန်နှင့် ဖုန်းပြောခဲ့တာဖြစ်၍ စိတ်ကြည်နေသည်။ “ငါတို့မတွေ့တာနှစ်အတော်ကြာပြီ၊ ငါကျွေးပါရစေ။”


“ဒါဆို ငါအားနာမနေတော့ဘူး။” ချူးရှို့က ပြုံးသည်။


ရှန်ချီဟွမ်းက ချူးရှို့နှင့် ထမင်းစားပြီး ချူးရှို့က မနက်ဖြန်ညမှာ ကျန်းချန်ကိုသွားမှာ သိခဲ့ရပြီး ယင်းမှာ တိုက်ဆိုက်မှုတစ်ခုသာဖြစ်ပြီး သူတို့က လေယာဥ်လည်း တူနေတာကြောင့် ရှန်ချီဟွမ်းနှင့် ချူးရှို့က ဟိုတယ်ကနေ လေဆိပ်ကို အတူသွားဖို့ ချိန်းလိုက်ကြသည်။


သူတို့ အဆောင်မှာနေစဥ်က မကြာခဏ စကားစမြည်ပြောဖြစ်ကြပြီး ဘွဲ့ရပြီးတော့ နှစ်များစွာကြာခဲ့တာတောင် သူတို့နှစ်ယောက်က စကားကောင်းနေဆဲပင်။


သူက နိုင်ငံခြားမှာ ပညာသင်ပြီး အလုပ်အတွေ့အကြုံအကြောင်း ပြောပြခဲ့သလို နိုင်ငံခြားမှာ ကျန်းလောလင်းနှင့်ဝမ်းယန်ကို တွေ့ခဲ့တာလည်း ထည့်ပြောခဲ့သည်။


ရှန်ချီဟွမ်းကလည်း သူ့ကိုယ်ပိုင်လုပ်ငန်းနှင့် နိုင်ငံခြားကို နှစ်နှစ်လောက် ပညာသင်ဖို့သွားခဲ့ကြောင်း ပြောခဲ့သည်။ သူက သူတို့နှစ်ယောက်က နိုင်ငံတစ်ခုထဲမှာရှိပေမယ့် တက္ကသိုလ်မတူကြောင်း သိခဲ့ရသည်။


သူဌေးတစ်ယောက်အနေနဲ့ ရှန်ချီဟွမ်းက အရည်အချင်းစုဆောင်းသည့် နည်းလမ်းဖြင့် လူတွေကိုကြည့်ကာ ဆက်ဆံတတ်သည်။ ချူးရှို့၏ ကျွမ်းကျင်မှုနှင့် ဦးတည်ချက်က သူတို့ကုမ္ပဏီနှင့် အတိုင်းအတာတစ်ခုအထိ အံဝင်ခွင်ကျဖြစ်၍ သူက သူ့ကို သူ့တောင်ပံအောက်မှာ ခေါ်ထားဖို့ စိတ်ကူးရှိခဲ့သည်။


“မင်းတရုတ်ကိုပြန်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်မှာလား ဒါမှမဟုတ် တခြားအစီအစဥ်ရှိလား?”



“လောလောဆယ်တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အစီစဥ်မရှိသေးဘူး။ ကျန်းချန်မှာ ငါစကားပြောထားတဲ့ ကုမ္ပဏီကောင်းနှစ်ခုရှိတယ်၊ အဓိကက သူတို့ရဲ့တိုးတက်မှုလမ်းကြောင်းကို ဆွေးနွေးဖို့ရယ်၊ ပြည်တွင်းစျေးကွက်ကို ကြည့်ဖို့ရယ်။”



“မင်းစိတ်မရှိရင် ငါ့ကုမ္ပဏီကိုပါ ထည့်စဥ်းစားကြည့်ပါလား? ငါတို့မှာလည်း မင်းလိုစွမ်းဆောင်ရည်ရှိတဲ့လူကို လိုနေတာ။ မင်းမှာ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ဖို့ အတွေ့အကြုံလည်းရှိနေတာပဲ။”


“ကောင်းပြီ၊ ​နောက်မှ အသေးစိတ်ပြောကြတာပေါ့၊ နောက်ကျနေပြီ၊ မင်းမှာလည်း နက်ဖြန်လုပ်စရာရှိတယ်မလား၊ လေယာဥ်ပေါ်မှာ စကားပြောလို့ရပါတယ်။”


ရှန်ချီဟွမ်းက အချိန်ကိုကြည့်လိုက်တော့ တကယ်ကိုနောက်ကျနေပြီး ဆယ်နာရီကျော်ပြီဖြစ်၍ ရှန်းယုဟန်က အိပ်ပျော်နေလောက်ပြီ။


ရှန်းယုဟန်က သူ့ပခုံးကိုပွတ်လိုက်ပြီး သူက ပန်းချီအရောင်ခြယ်လို့မပြီးသေးပေ။ သူက အိမ်ခေါင်မိုးကို သရုပ်ဖော်ဖို့ အချိန်ယူခဲ့ရပြီး သူ့ခြံဝင်း၏ပန်းချီကို ပိုကောင်းအောင် ဆွဲချင်နေသည်။


သူက ဘောပင်ကိုချကာ အကြောဆန့်လိုက်သည်။ ဆယ်နာရီထိုးပြီဖြစ်၍ ဖုန်းကိုကြည့်လိုက်တော့ သူ့ခင်ပွန်းက သူ့ကိုမက်ဆေ့မပို့ထားသလို ဖုန်းလည်းမခေါ်ထားပေ။ သူအလုပ်ရှုပ်နေတာလား?


သူက ​နေ့လည်က သူ့ခင်ပွန်းကိုခေါ်လိုက်သော အသံကိုတွေးမိသွားသည်။ သူ့ခင်ပွန်းက သူငယ်ချင်းနဲ့စကားပြောနေလို့ အချိန်ကိုမေ့နေတာလား။


ဒါဆိုရင် သူ့ကိုမနှောင့်ယှက်တာ ပိုကောင်းမည်။



ရှန်းယုဟန်က မအိပ်ခင်မှာ ရှန်ချီဟွမ်းကို ဂွတ်နိုက်လို့ ပို့ခဲ့သည်။


နောက်နေ့မနက်နိုးလာတော့ သူက ရှန်ချီဟွမ်းဆီက ဂွတ်နိုက်မက်ဆေ့တစ်စောင့် ပြန်ရထားသည်။


ရှန်ချီဟွမ်းက နေ့ဘက်မှာ အလုပ်ရှုပ်နေသည်။ မနေ့က သူ့မှာ အားလပ်ချိန်ရှိလို့ ရှန်းယုဟန်နှင့် ဗီဒီယိုကောလ်ပြောခဲ့ပေမယ့် သူက ရံဖန်ရံခါ မက်ဆေ့ပို့ထားခဲ့သည်။


သို့သော် ဒီနေ့ ရှန်ချီဟွမ်းက အလွန်ငြိမ်သက်နေပြီး သူ့ကိုစာမပြန်ပေ။


ရှန်ချီရှင်းက နေ့လည်ထိ နိုးမလာခဲ့ပေ။ သူက သူ့မရီး ကလေးချန်နယ်ဖွင့်ပြီး မျက်မှောင်ကြုတ်ကာ အတွေးလွင့်နေတာကိုတွေ့တော့ မေးလိုက်သည်။ “မရီး၊ ကျွန်တော့်အစ်ကို ဒီနေ့ဘယ်အချိန်ပြန်လာမှာလဲ?”


“ညနေ၈နာရီလောက်မှာ လေယာဥ်ထွက်မှာထင်တယ်။ သူပြန်ရောက်တဲ့အခါ ညသန်းခေါင်ဖြစ်လောက်တယ်။” ရှန်းယုဟန်က စာလုံးဝရောက်မလာတာကို ကြည့်နေသည်။ သူ့ခင်ပွန်းက မနက်ကစာမပို့ခဲ့သလို ဘာတွေလုပ်နေလဲဆိုတာလည်း မသိရပေ။ အရင်နှစ်ရက်က အလုပ်ရှုပ်နေရင်တောင် မနက်စာပုံရိုက်ပို့ပေးသည်။


သို့သော် သူအလုပ်ရှုပ်နေတာကို နားလည်နိုင်သည်။


ရှန်ချီရှင်းက သူ့အလုပ်သူအာရုံစိုက်ကာ ပြောလိုက်သည်။ “ကျွန်တော့်အစ်ကို ပြန်မလာခင်ထိ မနှိုးပါနဲ့” သူက တစ်ညလုံး ရေဒီယို အတင်းနားထောင်ရပြီး ဖုန်းအားကုန်သွားတာမျိုး မဖြစ်ချင်ပေ။ သူဌေးက ဆိုးတာကြောင့် သူ့ကိုတစ်ညလုံးစောင့်ကြည့်ကာ အိပ်ပျော်တော့မယ်အချိန်တိုင်း သူ့ကိုနှိုးခဲ့သည်။



“အို..ကောင်းပြီ။” ရှန်းယုဟန်က ရုတ်တရက် ရှန်ချီရှင်းကို ကြည့်လိုက်သည်။ သူ ရှန်ချီဟွမ်းနှင့် လက်ထပ်ပြီးကတည်းက သူက သူတို့မိခင်အကြောင်း မပြောဖူးပေ။ ရှန်ချီရှင်း၏ အကျင့်စရိုက်က တကယ်ကောင်းတာကြောင့် သူ့ယောက္ခမက ဘယ်လိုလူမျိုးလဲ သိချင်နေသည်။


“ယောက်ဖ၊ တစ်ခုလောက်မေးလို့ရလား?”


“မေးပါ”


“ငါ့ယောက္ခမ၊ မင်းအမေက ဘယ်လိုလူမျိုးလဲ?”


ရှန်ချီရှင်းက သစ်တော်သီးကိုက်နေတာကိုရပ်ကာ ပြောလိုက်သည်။ “အမှန်​ပြောရရင်၊ အမေက ကျွန်တော်သုံးနှစ်သား မူကြိုအရွယ်တည်းက သီလရှင်ဝတ်သွားတာ။ နှစ်အတော်ကြာပြီမို့ ကျွန်တော်က သူ့ကို စိတ်ထဲသိပ်မရှိဘူး။ ကျွန်တော့်အစ်ကိုနဲ့ တခြားသူတွေကတော့ ပိုသိလိမ့်မယ်။ တတိယအစ်ကိုကို မေးကြည့်ပါ။”


“မင်းတို့ညီအစ်ကိုတွေ ဆက်ဆံရေးကောင်းကြတာ အံ့သြစရာမရှိတော့ဘူး။” ရှန်းယုဟန်က သူ့အစ်ကိုကြီးနှင့် တခြားသူများကိုလွမ်းသွားသည်။


“ကျွန်တော်က သူတို့မျက်စိအောက်မှာ ကြီးပြင်းလာတာ။ ကျွန်တော့်ခံစားချက်က တခြားညီတွေရဲ့ ခံစားချက်နဲ့မတူဘူး။ ကျွန်တော့်အစ်ကိုကြီးက စည်းကမ်းပိုတင်းကျပ်တယ်။ တတိယအစ်ကိုနဲ့ အစ်မလတ်က ကျွန်တော့်ကို ပိုညှာတယ်၊ ပြီးတော့ ကျွန်တော်ဘာလုပ်လုပ် သူတို့ကအားပေးတယ်။ အခုကစပြီး ကျွန်တော်တို့က မိသားစုတွေပဲ၊ ကျွန်တော်တို့မိသားစုက သာမန်နဲ့ကွဲပြားတာကို ခင်ဗျားလည်းသိပါတယ်။ သာမန်လူတွေက ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကို နားလည်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ပုံစံနဲ့ မျိုးရိုးက ခမ်းနားတယ်လို့ လူတိုင်းက မြင်ကြပေမယ့် တကယ်တော့ အပြင်လူတွေမသိတဲ့ ညစ်ပတ်တဲ့အချက်တွေအများကြီးရှိတယ်။ ကျွန်တော့်အစ်ကိုနဲ့ တခြားလူတွေက ကျွန်တော် အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးခဲ့တာ။ အခုကစပြီး ကျွန်တော့်အစ်ကိုကို ဂရုစိုက်ပေးဖို့ တောင်းဆိုပါတယ်။ တတိယမရီး။”


ကြီးမားသောတာဝန်ကို ရုတ်တရက် အပ်နှင်းခံလိုက်ရတာကြောင့် ရှန်းယုဟန်က ပြုံးမိသွားသည်။ “အွန်း၊ ငါသူ့ကိုဂရုစိုက်မှာပါ။” အဓိကအချက်က သူက ဤခေတ်သစ်လူ့အဖွဲ့အစည်းကို ပထမဆုံးဝင်ဆံ့နိုင်ခဲ့ခြင်းဖြစ်သည်။


သို့သော် ရှန်မိသားစု၏ ဒီလိုမိသားစုတည်ဆောက်ပုံက ရှန်းယုဟန် နားလည်နိုင်သောအရာဖြစ်သည်။ ဘယ်သူကမှ ရှန်းယုဟန်ထက် နားမလည်နိုင်တာလည်း ဖြစ်နိုင်သည်။ ဒါပေမယ့် ထိုစကားကို ရှန်ချီရှင်းကို ပြောပြဖို့မဖြစ်နိိုင်ပေ။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဒီနေ့မက်ဆေ့အနည်းငယ်ပို့ခဲ့သည်။ တစ်ခုက လေယာဥ်ပေါ်မတက်ခင်ဖြစ်ပြီး တစ်ခုမှာ လေယာဥ်ပေါ်တက်ပြီးဖြစ်သည်။ 


ရှန်းယုဟန်က အခန်းထဲပြန်သွားကာ အိမ်မှာ အပူချိန်ရှိနေသော်လည်း ညဆိုအေးနေဆဲဖြစ်ပြီး သူက ကုတင်ပေါ်မှာလှဲကာ ရှန်ချီဟွမ်းကို စောင့်ဖို့ဆုံးဖြတ်လိုက်သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပြန်စာကိုမရခဲ့ပေ။ ရှန်းယုဟန်က စောင့်နေရင်း အိပ်ချင်လာသဖြင့် သူ့ခင်ပွန်းအတွက် ကုတင်ဘေးက မီးအိမ်ကိုဖွင့်ထားကာ အိပ်လိုက်သည်။


ထိုအချိန်တွင် ရှန်ချီဟွမ်းက အလုပ်ရှုပ်နေခဲ့ပြီး ညမှာ လေယာဥ်စီးရသဖြင့် ရှန်းယုဟန်နှင့် ဗီဒီယိုကောလ်မပြောနိုင်ခဲ့ပေ။ ရှန်ချီဟွမ်းက အရည်အချင်းရှိသော အတန်းဖော်ဟောင်းဖြစ်သည့် ချူးရှို့ကို အမြန်ဆုံးအလုပ်ခန့်ချင်နေတာကြောင့် သူက တစ်ဖက်လူကို ပရောဂျက်အသစ်အေကြာင်း ဆက်တိုက်ပြောနေခဲ့ပြီး ရှန်းယုဟန်ကို မက်ဆေ့ချက်ချင်းမပို့ခဲ့ပေ။ သူက လေယာဥ်ပေါ်မတက်ခင် အိပ်ရာအရင်ဝင်နှင့်ပြီး နောက်ကျတဲ့ထိမနေဖို့သာ မက်ဆေ့တစ်ဆောင်ပို့ခဲ့သည်။

လေယာဥ်မထွက်ခင် နာရီဝက်ကျော်ကြာခဲ့ပြီး လေယာဥ်ထွက်ချိန်မှာ ဆယ့်တစ်နာရီထိုးခဲ့ပြီ။ ခရီးဆောင်အိတ်ကို စောင့်ကာ လေဆိပ်မှထွက်ခွာပြီး ကားပေါ်တက်တော့ ညသန်းခေါင်ဖြစ်သည်။


ရှန်ချီဟွမ်းက ချူးရှို့ တရုတ်ပြည်ပြန်လာခါစဆိုတာကို သိတာကြောင့် သူ့ကိုလိုက်ပို့ပေးသည်။ ချူရှို့က လမ်းခရီးမှာ ဟိုတယ်ကို အခန်းကျန်သေးလားမေးခဲ့ပေမယ့် ဟိုတယ်က ကြိုတင်စာရင်းသွင်းဖို့​လိုကြောင်း ပြောခဲ့သဖြင့် ဒီအချိန်မှာ ဟိုတယ်ရှာဖို့ အတော်ခက်ခဲနေသည်။ ဒါကြောင့် ရှန်ချီဟွမ်းက လူကောင်းဖြစ်သွားသည်။


“မင်းငါ့အိမ်မှာနေလိုက်ပါလား၊ နောက်ကျနေပြီဆိုတော့ ဟိုတယ်ရှာဖို့ခက်တယ်၊ ရာသီဥတုကလည်း အေးနေတယ်။” ရှန်ချီဟွမ်းက သူ့လက်ထောက်များကို ဒုက္ခထပ်မပေးချင်၍ အပူချိန်ကလည်း အမြန်ကျသွားတာကြောင့် သူတို့ကို အိမ်မှာ စောစောအနားယူခွင့်ပေးခဲ့သည်။

ချူးရှို့က ဟန်ဆောင်တတ်သူမဟုတ်သလို သူတို့က ကျောင်းတုန်းက အဆောင်တူသည့် အတန်းဖော်ဖြစ်ခဲ့တာကြောင့် အတန်းဖော်ဟောင်း၏ အိမ်မှာ နေလိုက်တာက ကိစ္စကြီးတော့မဟုတ်ပေ။


“ကောင်းပြီ၊ ဒါဆို မင်းကို ဒီညနှောင့်ယှက်ရတော့မယ်။”

ရှန်ချီဟွမ်းက ချူးရှို့ကို အိမ်ပြန်ခေါ်သွားပြီး အခန်းကနွေးနေကာ ဧည့်ခန်းဝင်ပေါက်မှာ မီးဖွင့်ထားသဖြင့် ရှန်းယုဟန်လုပ်ထားတယ်ဆိုတာ သိလိုက်သည်။


နောက်ကျနေတာကြောင့် ရှန်ချီဟွမ်းက ချူးရှို့ကို ဒုတိယထပ်ရှိ ဧည့်ခန်းသို့ တိုက်ရိုက်ခေါ်သွားပြီး လူအခြေချပြီးမှသာ သူက အနားယူဖို့ အပေါ်တက်သွားသည်။

ထိုအချိန်မှာ ရှန်းယုဟန်က အိပ်မောကျနေပြီး သူ့မျက်နှာတစ်ဝက်ကိုသာ ဖော်ထားသည်။


ရှန်ချီဟွမ်းက အခန်းထဲ တိတ်တိတ်လေးဝင်သွားပြီး သူအသက်ရှူရခက်မှာစိုးတာကြောင့် စောင်ကိုလည်ပင်းနားထိ ဆွဲချပေးလိုက်သည်။


ဘေးခန်းမှာရေချိုးပြီးနောက် သူက ကုတင်ပေါ်တက်ကာ ရှန်းယုဟန် နဖူးကိုနမ်းလိုက်သည်။


သို့သော် ရှန်းယုဟန်က သူ့မုတ်ဆိတ်မွေးကြောင့် အနှောင့်အယှက်ဖြစ်သွားပြီး မျက်လုံးမဖွင့်ပဲ အပူအရင်းအမြစ်လာရာ လမ်းကြောင်းကိုရွှေ့သွားခဲ့သည်။


“အင်း၊ ငါပြန်လာပြီ၊ အိပ်တော့။” သူက လေယာဥ်ဆင်းပြီး ချက်ချင်းမက်ဆေ့မပို့ခဲ့၍ ပြန်လာမှ လူကိုယ်တိုင်ပြောလိုက်သည်။ “ဂွတ်နိုက်”


“နိုက်” ရှန်းယုဟန်က ယောင်နေပြီး ရှန်ချီဟွမ်း၏လက်မောင်းထဲမှာ သက်တောင့်သက်သာရှိသော နေရာကိုတွေ့ခဲ့ရပြီး ဆက်အိပ်လိုက်သည်။

နောက်တစ်နေ့။


ရှန်းယုဟန်မျက်လုံးဖွင့်တာနဲ့ သူ့ခင်ပွန်း၏ ခန့်ညားသောမျက်နှာကိုတွေ့ခဲ့ရပြီး ရှန်းယုဟန်က နောက်ဆုံးတော့ သူ့ခင်ပွန်းနဲ့ပြန်တွေ့ခဲ့ရသဖြင့် ဖက်ထားလိုက်သည်။ သို့သော် သူ့ခင်ပွန်းက ဒီလောက်အသံကျယ်သော လှုပ်ရှားမှုကြောင့်ပင် နိုးမလာပေ။ သူ့ခင်ပွန်းက အိပ်ရတာကြိုက်သော ခင်ပွန်းဖြစ်နေဆဲဆိုတာတော့ သေချာသည်။


သူနောက်ကျမှပြန်လာပြီး အချက်ပေးသံကိုလည်း မကြားရတာကိုတွေးမိတော့ သူက သူ့ကို နောက်မှလာနှိုးဖို့ဆုံးဖြတ်လိုက်သည်။

ရှန်းယုဟန်က ရေချိုးဖို့ထလာပြီး လိုက်ကာတစ်ဝက်ကို တိတ်တဆိတ်ဖွင့်လိုက်သည်။


သူက စိတ်ကြည်နေပေမယ့် ရာသီဥတုက တိမ်ထူပြီး ခြံဝင်းထဲက စိမ်းလန်းမှုက တက်ကြွမနေပဲ သူအပြင်ထွက်ရင် အေးနေမှာသေချာသည်။


ရှန်းယုဟန်က သူ့ခင်ပွန်းအတွက် မနက်စာပြင်ဖို့ အောက်ထပ်ကိုဆင်းသွားခဲ့သည်။


သူအောက်ထပ်ရောက်တာနဲ့ ကမန်းကတန်းအဝတ်အစားဝတ်ကာ ခရီးဆောင်အိတ်ကိုသယ်ပြီး ပြေးထွက်လာသော ရှန်ချီရှင်းကို တွေ့လိုက်ရသည်။


“မင်းသွားတော့မှာလား?”


“သွားတော့မယ်၊ မန်နေဂျာက ညနေခင်းမှာ သရုပ်ဆောင်ရွေးချယ်ပွဲရှိတယ်လို့ ပြောခဲ့တယ်။ ကျွန်တော် မေ့တော့မတတ်ပဲ။”


“မင်း မနက်စာစားမသွားဘူးလား?”


“နောက်ကျနေပြီ”



“ခဏစောင့်ဦး၊ မနေ့ညက ဖက်ထုပ်လုပ်ဖို့ အန်တီ့​ကိုပြောထားတယ်။ မင်းအတွက် သူမကိုပြုတ်ခိုင်းလိုက်မယ်။ မင်းထုပ်ပြီးယူသွားလိုက်။”


“ကောင်းပြီ...ကျွန်တော့်မန်နေဂျာက ဆယ်မိနစ်နေမှရောက်မှာ။”


ဆယ်မိနစ်ကြာတော့ ရှန်ချီရှင်းက ဖက်ထုပ်ကိုကိုင်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူ့ကိုဂရုစိုက်ပေးတဲ့ မရီးရှိနေတဲ့ ခံစားချက်က ကောင်းချီးပေးခံရတာပဲ။


ရှန်းယုဟန်က သူ့ကိုတံခါးနားလိုက်ပို့ပြီး ဧည့်ခန်းထဲပြန်ဝင်သွားသည်။


သူက အပေါ်ထပ်တက်နေသော လူတစ်ယောက်ကို သတိထားမိလိုက်ပြီး သူ့ခင်ပွန်းလို့ထင်လိုက်သည်။ သို့သော် သူပါးစပ်ဖွင့်လိုက်တော့ မရင်းနှီးသော လူတစ်​ယောက်က ဒုတိယထပ်မှဆင်းလာတာကို တွေ့လိုက်ရသည်။


သူ့ခင်ပွန်းမဟုတ်ဘူး။


သူ့ခင်ပွန်းက မနေ့ညက လူတစ်​ယောက်ခေါ်လာတာလား?


ရှန်းယုဟန်က တစ်စက္ကန့်အတွင်း နိုးကြားလာသည်။ “ခင်ဗျားကဘယ်သူလဲ?”