Chapter 39.1
Viewers 983

Chapter 39.1


“မရင်းနှီးသောလူ”

Hot Search နဲ့ပတ်သတ်ပြီး ထိုမျှလောက်မရိုးရှင်းတာကို ရှန်ချီဟွမ်းကသိသည်။


ရှန်ချီယွင်က ဘယ်လောက်ပဲရွံစရာကောင်းပါစေ တခြားသူများထိခိုက်စေပြီး သူ့အတွက်အကျိုးမရှိသည့် အရာမျိုးကိုလုပ်မှာမဟုတ်ပေ။ သူက သူ၏တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့်သာ ရှန်းယုဟန်ကို နှောင်ယှက်နေပေမယ့် သူက မကြာသေးခင်က ချီမိသားစု၏ သားမက်ဖြစ်ချင်နေတာကြောင့် သူ့ကိုယ်သူ hot search ပေါ်မှာ ရောက်အောင်လုပ်ခဲ့တာတော့ မဖြစ်နိုင်ပေ။ 


တစ်ဖက်လူက ရှန်းယုဟန်နဲ့ ရှန်ချီယွင်၏ ဒီနေ့ hot search ကို အခွင့်ကောင်းယူပြီး နောက်ထပ်အငြင်းပွားမှုဖြစ်ပေါ်အောင် လုပ်နေမှာကိုစိုးရိမ်မိသည်။ အဓိကရည်ရွယ်ချက်က ရှန်ချီယွင်နဲ့ ရှန်ချီဟွမ်း သိက္ခာကျစေဖို့ဖြစ်ပြီး ရှန်းယုဟန်ကတော့ မတော်တဆအသုံးချခံရသူတစ်ဦးပင်။


အတိတ်မှာ ရှန်ချီဟွမ်းက အိမ်တော်သုံးခုကြားက အပြန်အလှန်လုပ်ကြံခြင်းများကို ဂရုမစိုက်ခဲ့ချေ၊ သူက သူတို့နဲ့ပတ်သတ်ရင် သူ့တစ်ကိုယ်လုံး ညစ်ညမ်းသွားမှာစိုးလို့ပင်။ အခုတော့ သူတို့က သူ့ခြံဝကိုရောက်နေပြီး အထဲဝင်ချင်နေကြသည်။ သူတို့ပင်မအိမ်တော်က လွပ်လပ်ခွင့်အရမ်းပေးထားကြတာပဲ။


ရှန်းယုဟန် အဲ့နေ့က ဒုတိယမဒမ်ကိုပြောခဲ့သလို ပင်အိမ်တော်ရဲ့ ကိစ္စက သူတို့နဲ့ဘာဆိုင်လို့လဲ?


သူတို့က ရှန်းယုဟန်၏အတိတ်နဲ့ပတ်သတ်ပြီး ဇာချဲ့ချင်ရင် သူ့ဆီကခွင့်ပြုချက်တောင်းရမည်။


ရှန်ချီဟွမ်းက Hot Search ကို ပိုက်ဆံသုံးပြီးဖယ်ရှားဖို့မလုပ်ခဲ့ပေ။ Hot Search ကိုဖယ်ရှားရင်တောင် သူတို့က ပြဿနာတက်နေဦးမှာမို့ အဲ့လိုလုပ်ဖို့မလိုပေ။ ပင်မအိမ်တော်သုံးခုကို ဘယ်လိုမီးရှို့ရမလဲ စဥ်းစားတာပိုကောင်းသည်။


ရှန်ထျန်းဖုန်းက သူ့သားနှစ်ယောက်၏ အချစ်ရေးပြဿနာ Hot Search ပေါ်ရောက်နေတာကို စိတ်မဝင်စားပေမယ့် အိမ်တော်သုံးခုလုံးက Hot Search ပေါ်ရောက်နေရင် သူဘယ်လိုနေမလဲ?


တစ်ယောက်တည်းပျော်ရတာက တခြားသူများနှင့်အတူ ပျော်ရတာလောက်မကောင်းပေ။


နောက်ကွယ်ကလူက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့သတ်ချင်ပြီး ပင်မအိမ်တော်နဲ့ တတိယအိမ်တော်၏ ဆက်ဆံရေးကို လှုံ့ဆော်ပေးတာက သူတို့အတွက်အကျိုးရှိနိုင်သည်။ ဒီလိုဆိုရင်တော့ ရှန်ထျန်းဖုန်းနဲ့ မဒမ်များစွာကြားက ဆက်ဆံရေးကိုလှုံ့ဆော်ပေးလို့ သူ့ကိုအပြစ်မတင်နဲ့။ ရှန်ချီဟွမ်းက လက်ရှိမှာ ရှန်ထျန်းဖုန်းမရှိပဲ အခြေချနိုင်ပြီဖြစ်ပေမယ့် ထိုအိမ်တော်များစွာကတော့ မလုပ်နိုင်သေးပေ။ ဘယ်အိမ်တော်က ရှန်ထျန်းဖုန်းဆီက ခုချိန်ထိ ငွေမတောင်းလို့လဲ? ရှန်ထျန်းဖုန်းမရှိရင် သူတို့အိမ်တော်သုံးအိမ်က ဘာလုပ်နိုင်မှာလဲ? ပြီးတော့ သူတို့က လေနဲ့လှိုင်းတွေကို ခံနိုင်ပါ့မလား?


သူတို့က သူတို့နာမည်အောက်က ကုမ္ပဏီတွေကို သူတို့အပိုင်လို့ မောက်မာစွာ တွေးထားကြပေမယ့် လှိုင်းထန်မှုကို ဘယ်လောက်ခံနိုင်ရည်ရှိမှာလဲ? စတည်ထောင်ခါခ ကုမ္ပဏီတွေက လှိုင်းလုံးတွေကြားမှာ သေသွားတာကို မသိကြဘူးလား… ရှန်ထျန်းဖုန်းက အိမ်တော်သုံးခုကို အခြေအနေတိုင်းမှာ ထောက်ပံ့နေမှာလား?



အရင်ကဆိုရင် ရှန်ချီဟွမ်းက သူတို့မွှေနေတာကို ထိုင်ကြည့်နေပြီး အနည်းဆုံးတော့ သူတို့က သူ့ရဲ့ အရေးပါဆုံးအပိုင်းကိုတော့ မထိခဲ့ကြပေမယ့် အခုချိန်မှာ ဒီလူတစ်စုက ပိုပိုပြီးသတ္တိရှိလာကာ ထိုက်စွေ့*လိုပြုမူလာကြသည်။ 

(ထိုက်စွေ့- ဒဏ္ဍာရီလာ အာဏာရှင်တစ်ဦး)



သူက လက်ချောင်းလှုပ်ကာ အီးမေးလ်ပို့လိုက်သည်။ မင်းတို့မှာရှိတာက အပေါ်ယံအချက်အလက်ဖြစ်ပြီး ငါ့မှာရှိတာကတော့ လူတစ်ယောက်ကို ဖျက်စီးပစ်လို့ရတဲ့ သတင်းကြီးပဲ။


ဒီတစ်ပတ်ပိတ်ရက်သည် ရှန်မိသားစု၏ ဖျော်ဖြေမှုနဲ့ စတင်ခဲ့သည်။


မနက်ကိုးနာရီမှာ ရှန်ချီဟွမ်း၏ ကြင်စဦးချစ်သူ ရှန်းယုဟန်နှင့် တတိယအိမ်တော်မှ ရှန်ချီယွင်ကြားက အချစ်​ဟောင်းဖြစ်သည်။


မနက်၉နာရီခွဲတွင် ဒုတိယအိမ်က ရှန်ချီပိုင်သည် တစ်နေ့ကို အမျိုးသမီးသုံးယောက်နဲ့ အပျော်အပါးလိုက်စားသည်ဟု ဖော်ထုတ်ခံခဲ့ရသည်။ ဒါတင်မကပဲ ရှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ဖျက်ချခဲ့သည့် လက်ရှိကောလိပ်ရည်းစားတစ်ဦးက ဒုတိယမဒမ်က သူမကို ကိုယ်ဝန်ခဏခဏဖျက်ချလို့ စော်ကားဆဲဆိုခဲ့ပြီး သူမကို အဆင့်နိမ့်မွေးမြူရေးသမားလို့ခေါ်ကာ သူမက အနာဂတ်မှာ ကလေးမရတော့လို့ ရှန်ချီပိုင်နဲ့မတန်သဖြင့် ရှန်ချီပိုင်နဲ့ ဝေးဝေးနေပြီး ရှန်မိသားစုဝင်ဖြစ်လာဖို့ ခွင့်မပြုကြောင်းပြောခဲ့တာကို ဗီဒီယိုတစ်ခုထဲမှာ ဖော်ပြခဲ့သည်။


မနက်ဆယ်နာရီခွဲတွင် ကိုယ်ကျင့်သိက္ခာကောင်းသလို ဟန်ဆောင်ကာ သူတို့ကိုယ်သူတို့ ဂုဏ်ယူလေ့ရှိပြီး ဒီလိုကိစ္စများမှာမပါဝင်ပဲ ရှန်ထျန်းဖုန်းနှင့် အနုပညာအကြောင်းသာ ဆွေးနွေးပြီး ယောဂကျင့်သော ဓာတ်ပုံများကို ပို့လေ့ရှိသည့် စတုတ္တအိမ်တော်သည် မကြာသေးခင်က အင်တာနက်မှာပေါ်လာသော နှိုက်ကလပ်က မိတ်ကပ်အထူကြီးလိမ်းထားသော အမျိုးသမီး၏ ဓာတ်ပုံကိုမဖုံးကွယ်နိုင်ခဲ့ပေ။ အရေးကြီးဆုံးအရာမှာ သူမအဝတ်အစားမဟုတ်ပဲ သူမက အရပ်ရှည်ပြီး တောင့်တင်းသော လူငယ်အမျိုးသားတစ်ဦးကို မှီထားလို့ဖြစ်သည်။ 



ထို Hot Search သုံးခုထွက်လာသောအခါ ရှိသမျှလူအားလုံးက ရှော့ခ်ရသွားခဲ့သည်။


ယင်းမှာ ပွဲကြည့်ရတာကြိုက်သော အင်တာနက်သုံးစွဲသူများကို ရွှင်မြူးစေခဲ့ပြီး ဖျော်ဖြေရေးသတင်းထောက်အချို့က သူတို့အကျိုးအတွက် ထိုအခွင့်အရေးကိုယူကာ ချမ်းသာပြီး အာဏာရှိသောမိသားစု၏ မဟုတ်မမှန် အတင်းအဖျင်းကို စတင်ရေးသားလာခဲ့သည်။ ထိုထက်ဆိုးသည်မှာ ယင်းက တခြားသော ချမ်းသာပြီး အာဏာရှိသည့်မိသားစုများကို ရေထဲအတူဆွဲခေါ်သွားပြီး အတိုချုပ်ပြောရရင် ချမ်းသာပြီး အာဏာရှိသည့်မိသားစုများက အလွန်ဆိုးရွားစွာ ဖရိုဖရဲဖြစ်နေသည်ဟု ဆိုနိိုင်သည်။



ချမ်းသာပြီး အာဏာရှိသောမိသားစုများက ရှုပ်ထွေးကြတယ်လို့ပြောကြပေမယ့် သူတို့က ဒီလောက်ရှုပ်ထွေးမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အင်တာနက်သုံးစွဲသူများက ဒီကိစ္စများကို ဘယ်သူဖော်ခဲ့လဲ စိတ်မဝင်စားပဲ အတင်းအဖျင်းကိုသာ အာရုံစိုက်နေကြသည်။

အားလုံးပြီးသွားတော့ ရှန်ချီဟွမ်း၊ရှန်းယုဟန်နှင့် ရှန်ချီယွင်ကြားရှိ ပြဿနာကို ဘယ်သူမှဂရုမစိုက်ကြတော့ပေ။


ရှန်ချီယွင်က ရှန်းယုဟန်ကို အရင်ကလုံးဝလက်မခံခဲ့ပေမယ့် အခုတော့ ရှန်းယုဟန်မှာ ပြန်ဖို့ကိုယ်ပိုင်နေရာရှိနေပြီ။ သူ့ကို ပျဥ်ချပ်အဖြစ် အသုံးချနေခြင်းက သူ့ခင်ပွန်းကို သေလူလို့သတ်မှတ်နေတာမလား?


အပြစ်မရှိတဲ့လူကို ဆွဲချခဲ့တယ်…ကျစ်…


မနက်ခင်းအဆုံးမှာ ရှန်ချီဟွမ်းက မရေမတွက်နိုင်သော ဝီချက်မက်ဆေ့များနှင့် ဖုန်းခေါ်ဆိုမှုများကို ရရှိခဲ့သည်။


ရှန်ချီဟွမ်းက မထီမဲ့မြင် တစ်ချက်ကြည့်လိုက်သည်။ အခုမှနောင်တရနေလည်း နောက်ကျသွားပြီ။


ကစားချင်ရင် အတူကစားကြတာပေါ့ ဘယ်သူက ဘယ်သူ့ကိုကြောက်လို့လဲ?


ဒါပေမယ့် ဘယ်သူက ရှန်ချီဟွမ်းရဲ့ ပျားအုံအသိုက်ကို ထိုးခဲ့တာလဲ?


ဒါက ကောင်းမှုနဲ့မကောင်းမှုကို အတူတကွ ပျက်စီးစေခဲ့တာပဲ!


ထိုအချိန်တွင် ဝေ့ပေါ်မသုံးတတ်သော ရှန်းယုဟန်က သူ့ကြောင့်ဖြစ်သွားသော အင်တာနက်ပေါ်က ရုတ်ရုတ်သဲသဲသတင်းများကို လုံးဝမသိပေ။


သူက သူ့ခင်ပွန်း မနက်ဖြန်ပြန်လာမှာကို စောင့်မျှော်နေသည်။



သို့သော် ဒီနေ့အတွက် သူ့အချိန်ဇယားကလည်း ပြည့်နေသည်။

သူက လက်ဖက်ရည်စားပွဲ ဒီဇိုင်းများကိုကြည့်ရန် ဖုန်းအရင်သုံးခဲ့ပေမယ့် ထိုဒီဇိုင်းများကို မကြိုက်ခဲ့ပေ။


သူက ဟိုတုန်းက သူသုံးခဲ့ဖူးသော လက်ဖက်ရည်စားပွဲများကို တွေးမိသွားသည်။ အရည်အသွေးက အတော်ကောင်းပြီး သူက သူ့အခန်းကိုပြန်သွားကာ သူသုံးခဲ့ဖူးသည့် လက်ဖက်ရည်စားပွဲကိုပုံဖော်ရန် ပန်းချီဆွဲဖို့ဆုံးဖြတ်လိုက်သည်။ ပြီးရင် သူ့စိတ်ကြိုက်ဒီဇိုင်း မှာနိုင်မယ့်နေရာကို သူ့ခင်ပွန်းကိုမေးလိုက်မည်။ 

ရှန်းယုဟန်က အစက လက်ဖက်ရည်စားပွဲကို ဆွဲချင်ခဲ့ပေမယ့် ချီတိုင်းပြည်ရှိ ကိစ္စရပ်များကို သူမှတ်မိနေသေးတာကို အခွင့်အရေးယူကာ အတိတ်က ရင်းနှီးသည့်အရာများကို ရေးဆွဲပြီး သူ့အတွက် အမှတ်တရအဖြစ် မှတ်ယူလိုက်တာ ပိုကောင်းမည်ဟု တွေးလိုက်သည်။

နေ့လည်သုံးနာရီမှာ ရှန်ချီဟွမ်းက အလုပ်ပြီးသွားလို့ ကားပေါ်ရောက်တော့ ရှန်းယုဟန်ကို မက်ဆေ့ပို့ကာ သူအိမ်မှာဘာလုပ်နေလဲဟု မေးလိုက်သည်။

ရှန်းယုဟန်က ဘောပင်ကိုချကာ ဖြေလိုက်သည်။ “ယောကျာ်း…ကျွန်တော်ပန်းချီဆွဲနေတာ။”


ထို့နောက် ရှန်ချီဟွမ်းက ဗီဒီယိုကောလ်ခေါ်ကာ ရှန်းယုဟန်က သူတစ်ခုခုလုပ်စရာရှိလို့ဖြစ်မည်ဟုတွေးကာ ဖြေလိုက်သည်။ 


“ယောကျာ်း…ခင်ဗျားအလုပ်မရှုပ်တော့ဘူးလား?”


“အွန်း..ဒီနေ့အတွက်ပြီးသွားပြီ.. အခုဟိုတယ်ကိုပြန်နေပြီ.. မင်းဘာဆွဲနေတာလဲ” 



“ရှေးခတ်ဘဝရဲ့ ပုံတစ်ပုံကို ဆွဲနေတာ။”



“ငါ့ကိုပြလို့ရမလား?”


ရှန်းယုဟန်က ကင်မရာကိုပြောင်းလိုက်၏။ မနေ့ညက သူက ကင်မရာသုံးပုံကိုလေ့လာခဲ့သည်။ သူက သူ့စိတ်တိုင်းကျ မှန်ကိုပြောင်းနိုင်ပြီး ဒီနေ့မှာ သူက သင်ယူထားတာကို ချက်ချင်းအကောင်အထည်ဖော်လိုက်သည်။


သူက ရှန်ချီဟွမ်းကို မေးလိုက်သည်။ “တွေ့ရလား?”




ရှန်ချီဟွမ်းက ရှန်းယုဟန်၏ တရုတ်ရိုးရာပန်းချီစွမ်းရည်ကို သိပြီးကတည်းက သူ့ပန်းချီကားများကို စိတ်ဝင်စားခဲ့တာဖြစ်သည်။ နောက်ဆုံးတစ်ခေါက်က အလှလေးနဲ့ကြောင်ပန်းချီကားကိုလည်း အိမ်မှာချိတ်ဆွဲထားသည်။ ဒါပေါ့…လူတစ်ယောက်က ပန်းချီကားဘယ်ရောက်သွားလဲဆိုပြီး ရှန်ချီဟွမ်း၏ဝေ့ပေါ်မှာ လာ​မေးခဲ့ပေမယ့် သူက မှဲ့အနီရောင်ရှိသည့် ပန်းချီကားပေါ်က အလှလေးက ရှန်းယုဟန်နှင့်တူသည်ဟု တွေးမိခဲ့၍ သူက ပန်းချီကားကို ကိုယ်တိုင်ယူထားလိုက်သည်။


“အင်း၊ မင်းဆွဲလို့ပြီးပြီလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ပန်းချီကို ကင်မရာကနေမြင်နိုင်ပြီး ၎င်းက သူ့ကိုယ်ပိုင်ပန်းချီကားဖြစ်ပြီး ရှင်းမပြနိုင်လောက်အောင် ချစ်ဖို့ကောင်းနေကာ ကြည့်နေရုံနဲ့ ပင်ပန်းနွမ်းနယ်မှုကို ပျောက်စေသည်။


“ပြီးသွားပြီ…အရောင်ခြယ်တာကို ခဏစောင့်ပေးပါ။” ရှန်းယုဟန်ဒီနေ့ဆွဲခဲ့တာက သူနေခဲ့တဲ့ခြံဝင်းနဲ့ နွေရာသီရှုခင်းတစ်ခုဖြစ်သည်။


ရှန်ချီဟွမ်းက သူ့ပန်းချီကားကို ဖုန်းမှတစ်ဆင့် သဘောကျနေခဲ့သည်။


ပန်းချီကားထဲက လူတွေက ပုံသဏ္ဍန်ပြောင်းလဲနေသည်။ တချို့က တောက်ပြောင်စွာ ဝတ်ဆင်ထားသော အစေခံများ၊ တချို့​က သာမန်အစေခံများ၊ သူတို့မှာ ကွဲပြားသောအမူအရာရှိပြီး သွက်လက်ကြသည်။ တစ်ယောက်ချင်းစီက စာရွက်ပေါ်မှာ ကွက်ကွက်ကွင်းကွင်း ပေါ်နေသည်။



“အရောင်ခြယ်ပြီး လက်မှတ်ထိုးပြီးရင်၊ ငါ့ကိုဓာတ်ပုံရိုက်ပို့ပေး။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့အတွက် တင်ပေးစေချင်လား မေးခဲ့သည်။


“ကောင်းပြီ” ရှန်းယုဟန်က ဓာတ်ပုံရိုက်ဖို့ ဘာလို့လိုတာလဲမမေးတော့ပဲ သူက ဖုန်းကိုသုံးပြီး အမှတ်တရဓာတ်ပုံရိုက်လို့ရတယ်ဆိုတာ မနေ့ကသိရှိခဲ့ပြီး သူ့ခင်ပွန်းလည်း ဒီလိုပဲတွေးနေမယ်ဟု ထင်ခဲ့သည်။



သူ့ခင်ပွန်းခေါ်နေမှတော့ ရှန်းယုဟန်က အနားယူဖို့ဆုံးဖြတ်လိုက်ပြီး လက်ဖက်ရည်စားပွဲမှာလို့ရသည့် နေရာကို ရှန်ချီဟွမ်းအား မေးလိုက်မည်။


“လက်ဖက်ရည်စားပွဲလား?” ရှန်ချီဟွမ်းက ပြောလိုက်သည်။ “တစ်ခုတော့ရှိတယ်၊ နာမည်ကြီးဆိုင်တစ်ခုကနေ နောက်မှမှာလိုက်ရအောင်၊ တခြားလိုချင်တာရှိသေးလား၊ မင်းရဲ့စာဖတ်ခန်းအတွက် စားပွဲ၊ စင်…အဲ့ဒါတွေမှာဖို့လိုတယ်။”


ရှန်းယုဟန်၏ မျက်ခုံးက အနည်းငယ်မြှင့်တက်လာပြီး သူ၏အနက်နှင့်အဖြူရောင်မျက်လုံးများမှာ ပျော်ရွှင်မှုရှိနေသည်။ “မှာလို့ရလား? ဒါဆို သေချာစဥ်းစားလိုက်မယ်။ မှာချင်တာတွေအများကြီးရှိတယ်။”


လက်ရှိစာဖတ်ခန်းကို အရင်ကလိုပြင်ဆင်ဖို့ စာအုပ်စင်၊ စင်၊ ချင်(တူရိယာ)တင်စားပွဲ..စသဖြင့်တကယ်လိုအပ်သည်။ သူက အနားယူဖို့ ခေါက်ကုတင်လည်း ထည့်ထားရမည်။ သူ့ခင်ပွန်းက အနိုင်ကျင့်လာရင် စာဖတ်ခန်းထဲမှာ အိပ်လိုက်မယ်!


သူက ခေတ်မီစင်များကိုသဘောကျပေမယ့် သူနဲ့မသက်ဆိုင်သလိုခံစားရသည်။



ရှန်ချီဟွမ်းက အလျင်မလိုပဲ “အရင်စဥ်းစားထား၊ ငါပြန်လာရင် စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ ပရိဘောဂ ဒီဇိုင်နာတစ်ယောက်ကို ရှာပေးမယ်။”


“ကောင်းပြီ..ယောကျာ်း၊ ခင်ဗျားက အရမ်းကောင်းတာပဲ။” ရှန်းယုဟန်က တုံ့ဆိုင်းမနေပဲ သူ့ခင်ပွန်းကို ချီးကျူးလိုက်သည်။



ချီးကျူးခံရလို့ နေရခက်နေသော ရှန်ချီဟွမ်းက ချောင်းဟန့်လိုက်သည်။ သူက ဟိုတယ်သွားနေသော လမ်းမှာရှိနေဆဲဖြစ်ပြီး ကားပေါ်မှာ လက်ထောက်များရှိသည်။ လက်ထောက်ချီနှင့် တခြားသူများက သူတို့ဖုန်းကို ငုံ့ကြည့်ကာ မကြားသလို ဟန်ဆောင်နေကြ၏။


သူဌေးနှင့် သူဌေး၏ဇနီးကြားရှိ နက်ရှိုင်းသောအချစ်က အတုအယောင်မဟုတ်မှန်း နောက်တစ်ကြိမ်သိလိုက်ရသည်!

ဟိုတကယ်အပြန်ခရီးက မကြာခဲ့ပဲ ရှန်ချီဟွမ်းက အားလုံးကို အသေးစိတ်မေးခဲ့ပြီး ရှန်းယုဟန်ကို နေ့လည်စာဘာစားခဲ့လဲ မမေးခင်မှာ ဟိုတယ်ကိုရောက်သွားခဲ့သည်။


သူကားပေါ်မှဆင်းတော့ ရှန်းယုဟန်ကို သူတည်းနေသော ဟိုတယ်နှင့်မိတ်ဆက်ပေးလိုက်သည်။




ရှန်းယုဟန်က သူနေသောဟိိုတယ်ကို စိတ်ဝင်စားနေသည်။ “ယောကျာ်း၊ ဟိုတယ်က ဘယ်လိုမျိုးလဲ ကြည့်ချင်တယ်။”


“မင်းကမ္ဘာကြီးကို မမြင်ဖူးဘူးလား?” ရှန်ချီဟွမ်းက သူ့ကိုရယ်လိုက်ပေမယ့် ဟိုတယ်ဧည့်ခန်းကို ပြပေးလိုက်သည်။


“မမြင်ဖူးဘူး။” ရှန်းယုဟန်က အမှန်တရားကိုပြောလိုက်သည်။ သူ့မျက်လုံးများက ရိုးသားသည်။ “ကျွန်တော်အတွေ့အကြုံရဖို့ ကျွန်တော့်ခင်ပွန်းက ကူညီပေးလို့မရ​ဘူးလား”


ရှန်ချီဟွမ်းက သူ့ကိုဘာမှမပြောနိုင်တော့ပဲ ရှန်းယုဟန်က သူ့ကိုနောက်နေတာဟု တွေးလိုက်သည်။ “ကြည့်ကောင်းလား?”

“ကောင်းတယ်၊ နန်းတော်ထက်ပိုခမ်းနားတယ်။” ရှန်းယုဟန်၏ မျက်လုံးထဲမှ အံ့အားသင့်မှုက ဘယ်သူ့ကိုမှမလိမ်နိုင်ပေ။


“မင်းအရမ်းကြိုက်လား?” ရှန်ချီဟွမ်းက လမ်းလျှောက်ရင်းမေးလိုက်သည်။ လက်ထောက်ချွီက သူတခြားသူများနဲ့ မတိုက်မိအောင် လမ်းရှင်းပေးနေသည်။


“ကြိုက်တယ်၊ ကျွန်တော် မြင်ချင်တာတွေ အများကြီးရှိသေးတယ်၊ ပြီးတော့ အပြင်ကမ္ဘာကိုလည်း မြင်ချင်တယ်။” ရှန်းယုဟန်၏ မျက်လုံးများက မျှော်လင့်ချက်နှင့် အားကျမှုများနှင့် ပြည့်နေသည်။


“နောက်တစ်ခါ ပိုကောင်းတဲ့ဟိုတယ်ကို ခေါ်သွားပေးမယ်။ ဒီတစ်ခုက သာမန်ပဲ၊ အခန်းတွေက ဟောင်းနေပြီး တည်နေရာက မကောင်းဘူး။” ရှန်ချီဟွမ်းက ဟိုတယ်များစွာမှာ နေဖူး၍ ဒီနေရာက သူ့မျက်လုံးထဲမှာ တကယ်သာမန်ဆန်သည်။


“အမျိုးကောင်းသားက ကတိတည်ရမယ်နော်” ရှန်းယုဟန်က ဝမ်းသားအာရပြောလိုက်သည်။ 


“ကောင်းပြီ၊ မင်းက ဒေသိယစကားတောင် သုံးခဲ့တာပဲ။” ရှန်ချီဟွမ်းက သူ့ပျော်ရွှင်မှုကို ခံစားမိသည်။ သူက နောက်တစ်ခါ အလုပ်ခရီးသွားရင် သူ့ကို​ခေါ်သွားမယ်လို့ စိတ်ပိုင်းဖြတ်လိုက်သည်။ ဒါမှသာ သူအိမ်မှာ တစ်ယောက်တည်း မကျန်ခဲ့ပဲ စိတ်မပူရမှာဖြစ်သည်။