Chapter 38.2
Viewers 990

Chapter 38.2


“ယောကျာ်းကိုအရမ်းလွမ်းတာပဲ”


ပိုင်ယွင်ဘုရားကျောင်းက ဘုရားဖူးများကြားမှာ သိမ်မွေ့သောငြိမ်းချမ်းမှုကို အမြဲထိန်းသိမ်းလေ့ရှိပြီး ထိတ်လန့်စရာဖြစ်ရပ်မျိုး မကြုံခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပေမယ့် ကံကောင်းစွာပင် အရေးပေါ်အစီအစဥ်တစ်ခု ထားရှိခဲ့ပြီး ပြည့်ကျပ်နေသော ခရီးသည်များက နောက်ဆုံးမှာ ရှင်းလင်းသွားခဲ့သည်။


ရှန်းယုဟန် ဝင်ပုန်းဖို့စီစဥ်​ပေးသော ဆရာတော်က အထဲဝင်လာပြီး သူ့ကိုကြိုဖို့ အပြင်မှာ လူလေးယောက်ရောက်နေကြောင်းပြောခဲ့သည်။ သူတို့က ဓာတ်ပုံတစ်ပုံကိုတောင် ယူလာခဲ့သဖြင့် ရှန်းယုဟန်ကို လာခေါ်တယ်ဆိုတာသိခဲ့သည်။



ရှန်းယုဟန်က ဆရာတော်ယိဖျင်နဲ့ ဂိုးဂိမ်းကစားလို့ပြီးသွားတော့ ထရပ်ကာ ဆရာတော်ကိုနှုတ်ဆက်လိုက်သည်။

“ကျွန်တော််ကို အထဲဝင်ပြီး ခိုလှုံခွင့်ပေးခဲ့လို့ ဆရာတော်ကို ကျေးဇူးတင်ပါတယ်။”


“ကိစ္စမရှိပါဘူး။ ငါတို့က အတူရှိဖို့ ကံပါခဲ့လို့ပဲ။” ရှန်းယုဟန်က ထွက်သွားမလို့လုပ်စဥ် ဆရာတော်က တုံ့ဆိုင်းစွာ သူ့ကိုမေးလိုက်သည်။ “သူငယ်ချင်းလေး၊ ထွက်မသွားခင် ငါတို့ အဖွဲ့ဓာတ်ပုံရိုက်ကြမလား?”


ရှန်းယုဟန်က အနည်းငယ်ရှုပ်ထွေးသွားသည်။ “အဖွဲ့ဓာတ်ပုံ?.

ဆရာတော်က ချောင်းဟန့်ကာပြောလိုက်သည်။ “ဘုန်းကြီးတွေနဲ့ ဓာတ်ပုံရိုက်ရတာ ဆန်းကြယ်တယ်လို့ မထင်ဘူးလား၊ နောက်မှ လူမှုကွန်ရက်မှာ ပြန်တင်လို့ရတယ်လေ”


ရှန်းယုဟန်က ယနေ့ခေတ်လူငယ်တွေကြား ဆက်သွယ်ရေးနည်းလမ်းတစ်ခုက တခြားသူတွေနဲ့ ဓာတ်ပုံရိုက်ပြီး moments (အခိုက်အတန့်ပုံ) မှာတင်ဖို့ဆိုတာကို ရုတ်တရက်သတိရသွားသည်။


ဒါပေမယ့် သူငယ်ချင်းအသိုင်းအဝိုင်းက ဘယ်မှာလဲ? ဘယ်ကိုပို့ရမလဲ?


ဆရာတော်က ပြောနေမှတော့ သူနဲ့ဓာတ်ပုံရိုက်လိုက်ရမလား?


ဝေ့ပေါ်? ဒါက ရှန်းယုဟန် မသိသောနေရာဖြစ်သည်။



ထိုအချိန်မှာ သူက ခေါင်းသာညိတ်ပြလိုက်သည်။ “ရပါတယ်၊ ဆရာတော်ရဲ့သဘောပါ။”


သူတို့နှစ်ယောက်က ဘေးချင်းကပ်ကာ အဖွဲ့ဓာတ်ပုံရိုက်ခဲ့သည်။


ဆရာတော်က ခေါင်းညိတ်ပြသည်။ “မင်းငါ့ကိုဝီချက်မှာထည့်ပြီး အချိန်ရရင် နောက်ထပ်ဂိမ်းတစ်ခု ကစားလို့ရတယ်။”


ရှန်းယုဟန်က ဝေ့ပေါ်ကိုမသိပေမယ့် ဝီချက်ကိုတော့သိသည်။ နောက်ဆုံးမှာ သူနားလည်တဲ့စကားတစ်ခွန်းရှိခဲ့ပြီ။



သူက ဖုန်းကိုချက်ချင်းဖွင့်ကာ ဝီချက်ကိုဖွင့်လိုက်သည်။ “ကျွန်တော် စကင်န်ဖတ်ရမလား၊ ဆရာတော် စကင်န်ဖတ်မလား?


ကျူအာကုဒ်ဖလှယ်နည်းကိုတော့ သူလေ့ကျင့်ပြီးပြီ။


သူတို့နှစ်ယောက်က ဝီချက်အက်ဒ်ပြီး ရှန်းယုဟန်က ခေတ်သစ်ဗဟုသုတတစ်ခုကို သင်ယူပြီးမြောက်သွားခဲ့သည်။ ဒီနေ့မှာ သူအပြင်ထွက်စဥ် သူမသိတာအများကြီးရှိပြီး ဆက်ကြိုးစားဖို့လိုကြောင်း သိရှိခဲ့ရသည်။



ဆရာတော်က ပြောလိုက်သည်။ “နောက်မှဓာတ်ပုံတွေပို့ပေးလိုက်မယ်။”

ရှန်းယုဟန်: “ဒါဆို…ဆရာတော်…နောက်မှတွေ့ကြတာပေါ့..”


ဆရာတော်က သူ့ကိုလက်ယမ်းပြပြီး သူထွက်သွားပြီးနောက် ခေါင်းခါလိုက်သည်။ သူက အဖွဲ့ဓာတ်ပုံမရိုက်ချင်ပဲ ရိုက်ခဲ့ရတဲ့ လူငယ်လေးတစ်​ယောက်ကို တွေ့ခဲ့တာပဲ။


ထို့နောက် သူကထိုင်ပြီး ဝေ့ပေါ်မှာတင်ဖို့ ပုံပြင်ရန် ခေါင်းငုံ့လိုက်သည်။ သူ့ပရိသတ်တွေကို ပုံပို့ပေးရမယ့်အချိန်ပဲ။


ဆရာတော်က ရှန်းယုဟန်ကို လာခေါ်သော သက်တော်စောင့်လေးယောက်ဆီ ပို့ပေးခဲ့ပြီး ရှန်းယုဟန်က ဆရာတော်ကို နောက်တစ်ကြိမ် ကျေးဇူးတင်စကားပြောပြီး ဘုရားကျောင်းမှ ချောချောမွေ့မွေ့ ထွက်သွားခဲ့သည်။




ဆယ်မိနစ်အကြာမှာ ရှန်းယုဟန်က မျက်ရည်ကျလုမတတ် ပျော်ရွှင်နေသော ရှန်ချီရှင်းကိုတွေ့ခဲ့ရသည်။

ရှန်ချီရှင်းက သူ့ကိုဖက်မလို့လုပ်ပေမယ့် ရှန်းယုဟန်က တည်ငြိမ်စွာ သူနဲ့ခွာလိုက်သည်။ “ယောက်ဖ၊ ဝေးဝေးနေပါ။”



“ကောင်းပြီ” ရှန်ချီရှင်းက ရှန်းယုဟန် သူ့ကိုစိတ်ဆိုးနေတာလို့ ထင်သွားသည်။ “မရီး… ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့၊ ကျွန်တော်ထွက်လာတော့ မရီးကိုထားခဲ့ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ဖို့တောင် ခက်ခဲနေတာ… ခင်ဗျားထိခိုက်သွားသေးလား? အဲ့အရူးတွေ ဖျစ်ညှစ်တာကိုခံလိုက်ရသေးလား?

“မဟုတ်ပါဘူး။ ငါပုန်းနေခဲ့တာ။”


“ကံကောင်းလို့ပေါ့၊ မရီးက ဉာဏ်ကောင်းတယ်။” ရှန်ချီရှင်းက သူ့ကို အပေါ်အောက်ကြည့်ပြီး သူတကယ်အဆင်ပြေတာကို တွေ့လိုက်သဖြင့် သူက သူ့တတိယအစ်ကိုကို စတင်စိတ်ပူလာခဲ့သည်။ “အဲ့ဒါက…မရီး… ကျွန်တော့်အစ်ကိုပြန်လာလို့ ဒီကိစ္စကိုမေးရင် ကျွန်တော့်ကို ကူညီပေးနော်။”

ရှန်းယုဟန်က ပြောလိုက်သည်။ “ကောင်းပြီ၊ ပြီးတော့ ငါက မင်းကို ဒီကိုလိုက်ပို့ခိုင်းတဲ့သူပဲဆိုတော့ မင်းအစ်ကိုက မင်းကို အခက်တွေ့အောင် မလုပ်စေရပါဘူး။”

“ကောင်းလိုက်တာ…ကောင်းလိုက်တာ..” သူ့အစ်ကိုက သူ့ကိုဦးနှောက်မရှိဘူးလို့ မပြောခဲ့တာကြာပြီဖြစ်ကာ ဒီတစ်ကြိမ်မှာ သူက တကယ်စိတ်ဆိုးနေခဲ့သည်။ “ပြီးတော့ ကျွန်တော်တို့ ဝေ့ပေါ်မှာရောက်နေတဲ့ ကိစ္စလည်းရှိသေးတယ်။ ကျွန်တော့်မန်နေဂျာက ကျွန်တော်တို့ဆက်ဆံရေးကိုရှင်းဖို့ ဝေ့ပေါ်ပို့စ်တစ်ခုပြင်ပေးထားတယ်။”

ဒါက တစ်ယောက်ယောက်က ဝေ့ပေါ်အကြောင်း​ပြောတာကို ဒုတိယအကြိမ်ကြားရတာဖြစ်သည်။ ဝေ့ပေါ်က အရေးကြီးကိစ္စလား? စကားလုံးအသစ်များကို ဒီနေ့မှာ စုဆောင်းမိခဲ့ပြီး ရှန်းယုဟန်က စိတ်ထဲမှာ ​အမြန်မှတ်သားလိုက်သည်။



သူက ဝေ့ပေါ်ဆိုတာကို မသိသေးတာကြောင့် သူ့ယောက်ဖက ​ဖြေရှင်းနိုင်ရင် ပိုကောင်းမည်။


ရှန်ချီရှင်းက ပြဿနာတက်မှာ ကြောက်နေတာကြောင့် သူတို့နှစ်ယောက်က နေ့လည်စာစားဖို့ အိမ်ပြန်ခဲ့ကြသည်။


အိမ်ပြန်ရောက်သည့်အခါ နေ့လည်တစ်နာရီထိုးနေပြီး သူတို့နှစ်ယောက်က ဗိုက်ဆာလွန်းလို့ နောက်ကျောနဲ့ရင်ဘတ်ကို ဖိထားကြသည်။ ကံကောင်းစွာပင် အန်တီက သူတို့အတွက် နေလည်စာ စောစောပြင်ပေးထားခဲ့သည်။

ရှန်းယုဟန်က သူဘေးကင်းကြောင်း သတင်းပို့ဖို့ သူ့ခင်ပွန်းကို မက်ဆေ့ပို့ပြီး နေ့လည်စာ စတင်စားသောက်ခဲ့သည်။

ရှန်ချီဟွမ်းက ဖုန်းကိုကိုင်ထားပုံရသည်။ သူက စာရောက်တာနဲ့ ချက်ချင်းပြန်ဖြေပေမယ့် ရှန်းယုဟန်က ထမင်းသွားစားသဖြင့် ချက်ချင်းမဖြေခဲ့ပေ။


သူသတိရသွားတော့ သူ့ခင်ပွန်းက အစည်းအဝေးလုပ်နေလောက်တယ်ဟု တွေးကာ စာမပြန်ဖြစ်တော့ပေ။



မနက်ခင်းမှာ စာလုံးအသစ်များကို လေ့လာပြီးနောက် ရှန်းယုဟန်က စာဖတ်ခန်းမှာပုန်းနေပြီး နေ့လည်မှာ စီရီကိုမေးလိုက်သည်။


ပထမဆုံးမေးခွန်းက ဝေ့ပေါ်ကဘာလဲ?


ဒုတိယမေးခွန်းက ဒီနေ့ခတ်လူငယ်တွေ ဘာကစားရတာကြိုက်လဲ?


ဝေ့ပေါ်ရှင်းလင်းချက်ကာ အမြန်ထွက်လာသည်။ ရှန်းယုဟန်က နားလည်သွားပြီး ယင်းမှာ အချက်အလက်မျှဝေပေးသော လူမှုကွန်ရက်တစ်ခုဖြစ်ပြီး သုံးဖို့အတွက် မှတ်ပုံတင်ရမည်။ ရှန်းယုဟန်က ပေါ့ပေါ့တန်တန် မှတ်ပုံမတင်ရဲတာကြောင့် သူက လောလောဆယ်တော့ လွှတ်ထားလိုက်သည်။


လူငယ်တွေ ပုံမှန်အားဖြင့် ဘာ​ကြိုက်လဲဆိုတာကတော့ စီရီက သူ့ကို လင့်ခ်မျိုးစုံပေးခဲ့ပြီး ရှန်းယုဟန်က သင်ရိုးအသစ်များကို ရရှိခဲ့သည်။

996*၊ အချိန်ပိုဆင်းခြင်း၊ Honor of Kings ၊ PUBG၊ နို့လက်ဖက်ရည်သောက်ခြင်း၊ Cokeသောက်ခြင်း၊ ဇာတ်လမ်းတွဲကြည့်ခြင်း၊ ဝတ္တုဖတ်ခြင်း၊ Roast (ဟာသရသစုံရှိုး) ကြည့်ခြင်း၊ နောက်ကျတဲ့ထိနေ​​ခြင်း၊ ထိပ်ပြောင်ခြင်း။



တစ်ခုချင်းစစ်ပြီး ရှန်းယုဟန်က ဒီနေ့ခေတ်လူငယ်များက တကယ်တော်ကြတယ်လို့ တွေးလိုက်သည်။ သူတို့က မနက်၉နာရီအလုပ်သွားပြီး ညနေ၉နာရီအလုပ်ဆင်းသည်။ သူတို့က ၆ရက်လုပ်ရပြီး အချိန်ပိုလည်းဆင်းရသည်။**

(အပေါ်က 996* ရဲ့အဓိပ္ပါယ်ပါ)


ထို့အပြင် သူတို့က နေ့လည်မှာ နို့လက်ဖက်ရည်သောက်ပြီး PUBG နှင့် Honor of Kings ဂိမ်းနှစ်မျိုးကို ကစားကြသည်။ ညနေတွင် Coke သောက်ကာ ဝေ့ပေါ်ကိုသုံးဖို့ ညနက်တဲ့ထိနေကြပြီး တီဗီဇာတ်လမ်းတွဲကြည့်ခြင်း၊ ဝတ္တုဖတ်ခြင်း၊ Roast ကြည့်ခြင်းနှင့် နောက်ဆုံးရလဒ်က သူတို့ကို​ထိပ်ပြောင်ခြင်းနှင့် မိတ်ဆက်ပေးခဲ့သည်။


ရှန်းယုဟန်က ဤအရာများကို သူ့ကိုယ်ပိုင်အချိန်ဇယားအဖြစ် စီစဥ်ရန် လက်ချောင်းများကို အသုံးပြုခဲ့ပြီးနောက် အနည်းငယ် စိတ်ရှုပ်သွားသည်။

ဒီလောက်အလုပ်ရှုပ်နေတာကို တခြားသူတွေနဲ့ ဆက်ဆံနေစဥ် သူတို့ ဘယ်လိုလုပ် အဖွဲ့ဓာတ်ပုံရိုက်နိုင်သေးတာလဲ?



သူက ခေတ်သစ်လူငယ်တစ်ယောက် လုံးဝမဖြစ်ချင်သလို ထိပ်လည်းမပြောင်ချင်ပေ။ ထိပ်ပြောင်နေတာ ဘယ်လောက်ရုပ်ဆိုးလိုက်မလဲ….ဆန့်ကျင်ဘက်ပြောရရင် ချီတိုင်းပြည်က ပိုကောင်းသည်။


ရှန်ချီဟွမ်း၏ အလုပ်ခရီး ဒုတိယညမှာ သူက ကုန်သယ်ကြီးများအသင်းက သူဌေးများစွာကို ဧည့်ခံပြီးနောက် ဟိုတယ်ကိုပြန်လာခဲ့သည်။


ထိုင်လိုက်သည်နှင့် ပထဆုံးလုပ်သည့်အရာက ရှန်းယုဟန်ကို ဖုန်းခေါ်တာဖြစ်သည်။


ထိုအချိန်တွင် ရှန်းယုဟန်သည် သူက အရည်အချင်းရှိသော လူငယ်တစ်ယောက် ဖြစ်နိုင်ချေရှိမရှိ ရုန်းကန်နေဆဲဖြစ်ပြီး ရှန်ချီဟွမ်းဆီက ဖုန်းလာသောအခါ သူက မှန်ရှေ့မှာ ဆံပင်အခြောက်ခံနေခဲ့သည်။

.


ရှန်ချီဟွမ်းက ရှန်းယုဟန် ရှေ့ကင်မရာကိုမဖွင့်တာ သည်းမခံနိုင်တော့ပဲ ဝိုင်လည်းနည်းနည်းမူးနေတာကြောင့် ရှန်းယုဟန်၏မျက်နှာကိုမြင်ချင်နေသည်။


ဗီဒီယိုကောလ်ဖွင့်လိုက်တာနဲ့ သူက သူ့ဆန္ဒပြည့်ပြီး သူ့ဇနီး၏ချောမောသော မျက်နှာလေးကိုတွေ့ရတော့မယ် ထင်လိုက်ပေမယ့် အနီးကပ်ကြည့်တော့ ထိုသို့မဟုတ်ပေ။


“မှန်ရှေ့မှာဘာလုပ်နေတာလဲ? 


“ကျွန်တော် နောက်ကျတဲ့ထိနေဖို့တွေးနေတာ ဒါပေမယ့် ထိပ်ပြောင်မှာကြောက်တယ်။” ရှန်းယုဟန်က သူ့အခက်အခဲနဲ့ပတ်သတ်ပြီး သူ့ခင်ပွန်းကိုပြောပြချင်သည်။


“ဘာလို့နောက်ကျတဲ့ထိနေမှာလဲ?” ရှန်းချီဟွမ်းက အနည်းငယ်အံ့သြနေသည်။ နေ့စဥ် ညဆယ်နာရီတိုင်း အိပ်ရာစောစောဝင်တဲ့သူက ဘာလို့နောက်ကျတဲ့ထိနေချင်တာလဲ? “ဂိမ်းကစားချင်လို့လား? တီဗီရှိုးကြည့်ချင်လို့လား?”


ရှန်းယုဟန်က ထိုကိစ္စနှစ်ရပ်ကို လောလောဆယ်မတွေးသေးပဲ သူက ဂိမ်းကစားတာကိုမသိသလို သူကြိုက်သည့် ဇာတ်လမ်းတွဲကလည်း နေ့တိုင်းပြသဖြင့် ကြည့်စရာမလိုတော့ပေ။ လတ်တလော သူ​ကြည့်နေသည့် ဇာတ်လမ်းတွဲက မိသားစုကျင့်ဝတ်ဇာတ်ကားဖြစ်ပြီး တစ်ရက်ကိုနှစ်ပိုင်းပြကာ မင်းသားက သူမြင်ဖူးသော အိမ်ရှေ့မင်းသားနဲ့တူသည်။ 

“မဟုတ်ဘူး။” ရှန်းယုဟန်က နူးညံ့သော သူ့မေးစေ့ကိုကိုင်ကာ ပြောလိုက်သည်။ 


ရှန်ချီဟွမ်းက သူ့အင်္ကျီကော်လာကို အနောက်သို့ဆွဲကာ သူ့ညှပ်ရိုးကိုဖော်လိုက်သည်။ “ဒါဆိုမင်းမအိပ်ဘူးလား?”


“ကောင်းပြီ၊ ကျွန်တော်အခုအိပ်တော့မယ်။” ရှန်းယုဟန်က သူ့ခင်ပွန်း အခုထိ အဝတ်မချွတ်သေးတာကို အံ့အားသင့်ကာကြည့်နေသည်။


ရှန်ချီဟွမ်းက သူ့လက်ကိုရပ်လိုက်သည်။ “နေဦး..ငါ့စကားကိုနားထောင်။”


“အွန်း” ရှန်းယုဟန်က ရှုပ်ထွေးသွားသည်။



“ဖုန်းစခရင်ရဲ့ ဘယ်ဘက်ထောင့်က 'ကင်မရာကိုနှိပ်ပါ'ဆိုတဲ့ ကလစ်ကိုနှိပ်လိုက်။” ရှန်ချီဟွမ်းက သူ့ဇနီး၏မျက်နှာကို နေ့တိုင်းမမြင်ရ၍ သည်းမခံနိုင်တော့ချေ။

ရှန်းယုဟန်က သူ့စကားအတိုင်း ခလုတ်ကိုနှိပ်လိုက်သည်။ သူက မတော်တဆပိတ်မိသွားမှာစိုး၍ အရင်ကဆို လှုပ်တောင် မလှုပ်ရဲခဲ့ပေ။ ခလုတ်ကိုနှိပ်ပြီး​နောက် သူ၏ အနည်းငယ် အံ့သြနေသောမျက်နှာကို တွေ့လိုက်ရသည်။


ဝေါင်း..ဖုန်းကိုလည်း မှန်လိုသုံးလို့ရတာပဲ!

ရှန်ချီဟွမ်းက သူ့ဇနီး၏မျက်နှာကိုမြင်ရပေမယ့် နမ်းလို့မရပေ။ သူက အင်္ကျီကြယ်သီးနှစ်လုံးကို လက်တစ်ဖက်ဖြင့် ဖြုတ်လိုက်သည်။ “ပြောပါဦး…မင်းငါ့ကို ဘာလို့ မျက်နှာမပြရတာလဲ”

ဒီခလုတ်က သူ့ခင်ပွန်း သူ့ကိုမြင်နိုင်ဖို့ ခွင့်ပြုပေးတာကို ရှန်းယုဟန်က ရုတ်တရက်နားလည်သွားသည်။ အခုသူက သူ့ခင်ပွန်းကိုမြင်နေရသလိုပေါ့? သူက သာဓကတစ်ခုမှ ကောက်ချက်ချရန် သင်ယူခဲ့ပြီး သူ့ခင်ပွန်းကို ကျိုးကြောင်းဆီလျော်အောင် ရှင်းပြလိုက်သည်။ 


ရှန်းယုဟန်က သူ့ကိုပြန်မေးလိုက်သည်။ “ဘယ်လိုထင်လဲ?” ဒါပေါ့ သူက နားမလည်ခဲ့လို့ဆိုပြီး မပြောနိုင်ပေ။



ရှန်ချီဟွမ်းက အရင်ကဖြစ်ရပ်ကို တွေးမိသွားသည်။ “ကောင်းပြီ၊ အချိန်အကြာကြီးနေမှ စိတ်ဆိုးပြေသွားတာပဲ”


“အွန်း” ရှန်းယုဟန်က သူဘာပြောနေတာလဲဆိုတာကိုသိသည်။ ရှန်းယုဟန်က ဖုန်းကိုကိုင်ပြီး ကုတင်ပေါ်တက်သွားကာ ကုတင်အစွန်းမှာထိုင်လိုက်ပြီး စောင်ကို ဗိုက်တစ်ဝက်ထိ ဆွဲလိုက်သည်။ ထို့နောက် သူ့ခင်ပွန်းကို ဒီနေ့ဖြစ်ခဲ့တာကို ပြောပြလိုက်သည်။ “ယောကျာ်း…ကျွန်တော်ဒီနေ့ အရမ်းကြောက်သွားခဲ့တာ။”


“ဒါဆို ငိုခဲ့တာလား?” ရှန်ချီဟွမ်းက သူ့ကိုရယ်နေသည်။


“ဘယ်တုန်းကငိုလို့လဲ?” ရှန်းယုဟန်က ညည်းတွားပြလိုက်သည်။ သူက ထိုင်နေရင်း သက်တောင့်သက်သာမရှိတာကြောင့် လဲလျောင်းလိုက်သည်။ “အဲ့ဒါတွေအားလုံးက ခင်ဗျားကျွန်တော့်ကို အနိုင့်ကျင့်ခဲ့လို့လေ။”



ရှန်ချီဟွမ်းက ထိရှလွယ်သောအရာကို ပြောလိုက်မိ၍ သူ့ကိုယ်သူရိုက်ချင်နေသည်။ “ငါမှားသွားတာပါ။ နောက်တစ်ခါအပြင်သွားရင် ရှန်ချီယွင်ကို မခေါ်သွားနဲ့၊ သူက ယုံလို့မရဘူး။”


“အွန်းပါ…ယောကျာ်း.. ကျွန်တော်ခင်ဗျားအတွက် ငြိမ်းချမ်းခြင်းအဆောင်တောင်းခဲ့တယ်။”


ယင်းမှာ အံ့သြစရာမဟုတ်သော်လည်း သူပြောပြလိုက်တော့ ရှန်ချီဟွမ်း၏နှလုံးသားက နွေးထွေးသွားသည်။ “ငါသိတယ်။ အမြန်သွားအိပ်တော့၊ နောက်ကျတဲ့ထိမနေနဲ့။”


“ဒါဆို ခင်ဗျားလည်းစောစောအိပ်တော့” ရှန်းယုဟန်က သူ့ခေါင်းတစ်ဝက်ကို ခေါင်းအုံးထဲမှာ မြှုပ််လိုက်ပြီး တီးတိုးပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ခင်ဗျားကိုလွမ်းတယ်။”

ရှန်ချီဟွမ်း၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားသည်။ “အွန်း..ငါမင်းကိုမလွမ်းဘူး။”

ရှန်းယုဟန်က နှစ်ကြိမ်ညည်းလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ဒါဆိုနောက်နှစ်ရက်မှ ပြန်လာတော့”


ရှန်ချီဟွမ်းက ညင်ညင်သာသာ ရယ်မောလိုက်သည်။ “သွားအိပ်တော့၊ ငါ သဘက်ခါပြန်လာမယ်။”


သူ့ခင်ပွန်း၏ရင်းနှီးသော ရယ်သံတိုးတိုးလေးကိုကြားတော့ ရှန်းယုဟန်က သူ့မျက်နှာကိုဖော်ကာ ပြောလိုက်သည်။ “ယောကျာ်း၊ ဂွတ်နိုက်”


“ဂွတ်နိုက်” ရှန်ချီဟွမ်းက နောက်ဆုံးမှာ သူ့အင်္ကျီကြယ်သီးအားလုံးကို ချွတ်လိုက်သည်။ 

ဖုန်းချပြီးနောက် ရှန်းယုဟန်၏မျက်နှာက ပူနွေးနေသည်။ သူက သူ့ခင်ပွန်း၏ရင်ဘတ်ကိုမြင်လိုက်ရပြီး ယင်းမှာ သူ့ရှေ့မှာရှိနေသည့်အတိုင်းပင်။ 


ယောကျာ်းကိုအရမ်းလွမ်းတာပဲ။


နောက်နေ့မနက်သူနိုးလာတော့ ရှန်းယုဟန်က ရှန်ချီရှင်း၏ မျက်လုံးအောက်က ပြာနေတာကိုတွေ့လိုက်ရပြီး ရှေးရိုးဆန်သော အပြုအမူဖြင့်ပြောလိုက်သည်။ “လူငယ်လေး၊ နောက်ကျတဲ့ထိမနေနဲ့”


သူ့အစ်ကို၏ ဗီဒီယိုထဲက အသံနဲ့ တစ်ညလုံးနှိပ်စက်ခံထားရသော ရှန်ချီရှင်း “.....” ဒါကို ငါဘယ်သူ့အတွက်လုပ်နေတာလဲ!


တစ်ချိန်တည်းမှာ ရှန်းယုဟန်နှင့် သက်ဆိုင်သော Hot Search တစ်ခုတက်လာခဲ့ပြီး ရှေ့ဆုံးစာမျက်နှာမှာ တိုက်ရိုက်ပေါ်လာခဲ့သည်။


#ရှန်ချီဟွမ်းနှင့်ရှန်ချီယွင်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း#