Chapter 38.1
“ယောကျာ်းကိုအရမ်းလွမ်းတာပဲ။”
အဓိကတရားခံဖြစ်သော ရှန်ချီရှင်းက လူအုပ်ကြောင့် ကားထဲကမထွက်ရဲပဲ သူက သူ့အစ်ကိုအား မြေပြင်အခြေအနေကိုရှင်းပြနေသည်။
မြို့တော်ကနေ အခုချိန်မှာ ထွက်ခွာလို့မရသော ရှန်ချီဟွမ်းက ရှန်ချီရှင်းကို တွဲလောင်းချိတ်ပြီး ရိုက်ချင်နေသည်။ “ဘာဖြစ်သွားတာလဲ?”
ရှန်ချီရှင်းကပြောလိုက်သည်။ “ကျွန်တော်တို့ အမွှေးတိုင်ပူဇော်ဖို့ ဘုရားကျောင်းကိုသွားတာ.. ကျွန်တော်ဆောင်းထားတဲ့ ဦးထုပ်က မတော်တဆပြုတ်ကျသွားပြီး ပရိသတ်တစ်ယောက်ရဲ့ ဓာတ်ပုံရိုက်တာကို ခံလိုက်ရတယ်။”
အချိန်အတော်ကြာ အေးစက်သောစကားကိုမပြောခဲ့သော သူ့တတိယအစ်ကိုက သူ့အပေါ်ကို ခွေးသွေးလောင်းချခဲ့သည်။ “မင်းဦးနှောက်ကသုံးစားမရရင် မသုံးနဲ့၊ မင်းကအနုပညာရှင်ဖြစ်ပြီး မင်းမရီးကို လူစုလူဝေးထဲ ခေါ်သွားရဲသေးတယ်!”
ရှန်ချီရှင်းက ရှင်းပြဖို့အကောင်းဆုံးကြိုးစားခဲ့ပြီး သူ့အစ်ကို သူ့ကိုမရိုက်အောင် တောင်းပန်နေသည်။ “အဲ့ဒါက ကျွန်တော့်မရီးက ငြိမ်းချမ်းခြင်းအဆောင်ကို တောင်းချင်ခဲ့လို့ ဖြစ်သွားတာပါ။ ပိုင်ယွင်ဘုရားကျောင်းက ပိုပြီးသက်ဝင်ယုံကြည်ကြတယ်လို့ပြောလို့ မရီးက ခေါ်သွားခိုင်းတော့ ခေါ်သွားပေးခဲ့တာ။”
ရှန်ချီဟွမ်းက အဝေးကနေ သူ့ကိုမျက်လုံးလှိမ့်ပြလိုက်သည်။ “မင်းက ဦးနှောက်မရှိတာပဲ၊ ငါ့ကိုဆင်ခြေလာပေးရဲသေးတယ်။ ကားထဲမှာပဲနေ..မင်းမရီးကို ဒီနေ့ဘေးကင်းကင်း အိမ်ပြန်မပို့နိုင်ရင် ငါပြန်လာရင် မင်းအရေခွံကိုချွတ်ပစ်မယ်။”
“အဲ့လောက်ထိတောင်လား?” ရှန်ချီရှင်းက တိုးတိုးလေးပြောလိုက်သည်။
“အဲ့လောက်ထိ!” သူက ရှန်းယုဟန်ကို အဲ့လောက်ပိန်ပြီး အပျော်စီးကားထဲမှာ လူကြမ်းတွေနဲ့ ကစားပေးတဲ့ထိ ကြင်နာတတ်အောင် ပျိုးထောင်ခဲ့လို့လား? ရှန်းယုဟန်က သူ့လက်ချောင်းဆူးရှသွားရင် မျက်မှောင်ကြုတ်တတ်ပြီး ခြေထောက်အနာဖြစ်ရင်တောင် ဆေးလိမ်းပေးဖို့ သူ့ဆီလာတတ်တာလေ!
ရှန်ချီရှင်းက သူ့လည်ပင်းကိုကျုံ့ထားပြီး ဘာမှထပ်မပြောရဲတော့ပဲ သူ့မန်နေဂျာက သူ့ကိုပို့ပေးခဲ့သော hot search များစွာကို စိုးရိမ်နေသည်။
သူ့တတိယအစ်ကို အဲ့လောက်ထိဒေါသမထွက်တာ ကြာခဲ့လေပြီ။
အဲ့ဒါက သူ့မရီးကြောင့်တဲ့လား?
သို့သော် သူ့တတိယအစ်ကို ပြန်လာရင် သူ့ကိုပြဿနာရှာတော့မယ်ဆိုတဲ့ အတွေးက သူ့ကိုခေါင်းကိုက်စေသည်။
မရီးရေ…မြန်မြန်ပြန်လာပါတော့!
–
လူများစွာရှိနေ၍ ရှန်းယုဟန်က လူတွေရဲ့တွန်းအားကြောင့် လုံးဝပြန်မထွက်နိုင်ခဲ့ပေ။
တချို့လူတွေက ဘုရားကျောင်းထဲမှထွက်ကာ ရှန်ချီရှင်းအနောက်ကိုလိုက်သွားပေမယ့် သူက တခြားတစ်ယောက်ထပ် အရပ်ပုနေတာကြောင့် ထိုလူ၏ပိတ်ဆို့မှုကို ခံလိုက်ရသည်။ ထို့နောက် တချို့လူတွေက သူ့ကိုအနုပညာရှင်လို့ထင်နေပြီး သူ့မျက်နှာကိုရိုက်ဖို့ ဖုန်းကိုကိုင်ထားကြသည်။ ရှန်းယုဟန်က အရင်တစ်ခေါက် ရဲစခန်းက သတင်းထောက်များ၏ ကင်မရာကို သတိရသွားပေမယ့် ထိုအချိန်မှာ သူ့ခင်ပွန်းနှင့် သက်တော်စောင့်တွေရှိနေခဲ့သည်။ ဒါကြောင့် သူက လုံးဝစိတ်မပူခဲ့ပေမယ့် လက်ရှိမှာ သူ့ယောက်ဖ၏ အင်္ကျီစကိုတောင် မမြင်နိုင်ပဲ ဒီလူအုပ်ကြီးကို ကိုယ်တိုင်ရင်ဆိုင်နေရသည်။
သူက လူအုပ်ကြီးကြားထဲမှာ မနေချင်တာကြောင့် နောက်ဆုတ်ကာ သူ့အားတိုးဝှေ့နေသော လူတွေကို ရှောင်ရှားလိုက်သည်။
သို့သော် ယင်းမှာ အလွန်ထူးဆန်းသည်။ သူက အနုပညာရှင်မဟုတ်ပါပဲ ဒီလူတွေက နာမည်ကြီးမင်းသားကိုပစ်ပြီး သူ့ပုံကိုဘာလို့ရိုက်နေကြတာလဲ။
ဒီလူတွေက ဘာမေးခွန်းမှမမေးတာကြောင့် ရှန်းယုဟန်က မကြောက်ပေ၊ သူတို့က သူ့ကိုဝန်းရံထားပြီး သူတို့ဖုန်းနှင့်သာ ချိန်ရွယ်ထားကြသည်။
သို့သော် သူက ဒီလူတွေ သူ့ကို ထိခိုက်စေမှာကို စိုးရိမ်နေပြီး သူက ကားထဲကမထွက်ခင် ရှန်ချီရှင်း၏ဖုန်းနံပါတ်ကို မယူထားလိုက်မိသည့်အတွက် နောင်တရနေသည်။ လက်ရှိမှာ သူ့ကိုဆက်သွယ်ဖို့ နည်းလမ်းမရှိပဲ သူက သူ့ဘေးက အခြေအနေကို တည်ငြိမ်စွာလေ့လာလိုက်သည်။ သူတို့အားလုံးက ဘုရားဖူးတွေဖြစ်တာကြောင့် သူက ပင်မခန်းမကိုသွားကာ ပုန်းဖို့အခန်းတစ်ခန်းစီစဥ်ပေးရန် ကျောင်းတော်ရှိ ဘုန်းကြီးများနှင့် ဆရာတော်များအား တောင်းဆိုဖို့သာလိုသည်။ သူတို့က ဘုရားကျောင်းထဲမှာတော့ ရုန်းရင်းဆန်ခတ်မှုများကို ဖန်တီးကာ မတော်မဆဖြစ်စေမှာ မဟုတ်ပေ။
“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ” ရှန်းယုဟန်က ဘေးကိုတိုးကာ သူတို့ကိုပြောလိုက်သည်။ “ကျွန်တော်က အနုပညာရှင်မဟုတ်လို့ ကျွန်တော့်ကို ဓာတ်ပုံရိုက်လို့ ခင်ဗျားတို့အတွက် အသုံးဝင်မှာမဟုတ်ဘူး။”
ဘုရားဖူးများက ရပ်သွားသည်။ ဒီကောင်ချောလေးက အနုပညာရှင်မဟုတ်ဘူးလား? မဖြစ်နိုင်တာ။
“လူလိမ်၊ မင်းက အရမ်းကြည့်ကောင်းတာကို ဖျော်ဖြေရေးနယ်ပယ်ကို ဘာလို့မဝင်တာလဲ?”
“ဒါပေမယ့် တကယ်မဟုတ်ပါဘူး။” ဖျော်ဖြေရေးနယ်ပယ်ကဘာလဲ?
ဘုရားဖူးများက ဂရုမစိုက်၊ လူတိုင်းက ပုံရိုက်နေတော့ သူတို့မရိုက်ရင် နစ်နာသွားမှာ မဟုတ်ဘူးလား၊ အလှလေးတစ်ယောက်ကို မြင်ဖို့ကလည်း ရှားပါးတဲ့အခွင့်အရေးဖြစ်လို့ ပုံရိုက်တာက အသားပဲ့ပါသွားမှာမဟုတ်၊ သူတို့က အိမ်ပြန်ရောက်ရင် ကြွားလုံးထုတ်နိုင်လိမ့်မယ်။ အနုပညာရှင်မဟုတ်တော့ဘာဖြစ်လဲ?
ရှန်းယုဟန်က သူ့ပတ်ဝန်းကျင်ရှိ လူများသိပ်မများတာကို အခွင့်ကောင်းယူကာ ဧည့်ခန်းထဲကို ပြေးသွားခဲ့သည်။
သူ့ကို ကောင်းချီးပေးခဲ့သော ဆရာတော်ထိုင်နေတာကိုမြင်တော့ သူက အကူညီတောင်းလိုက်သည်။ “ဆရာတော်ဘုရား…အပြင်ကဘုရားဖူးတွေက ကျွန်တော့်ကိုဝန်းရံထားကြလို့ ကျွန်တော့်ကို ခဏလောက် ပုန်းခိုခွင့်ပေးလို့ရမလား?
ဆရာတော်က အပြင်ကိုကြည့်ကာ လူတစ်စုရှိနေတာကိုတွေ့လိုက်ရသည်။ “ငါနဲ့လိုက်ခဲ့…အနောက်ဘက်မှာ ဘုန်းကြီးတွေအတွက် ဧည့်ခန်းတစ်ခန်းရှိတယ်။ မင်းအထဲမှာအရင်ပုန်းနေလိုက်၊ လုံခြုံရေးအစောင့်တွေကို ခေါ်ပေးမယ်။”
“ကျေးဇူးပါ..ဆရာတော်” ရှန်းယုဟန်၏မျက်လုံးများက ကျေးဇူးတရားနဲ့ပြည့်နေသည်။
ဆရာတော်က ရှန်းယုဟန်၏ ငြိမ်းချမ်းရေးအဆောင်ကို ကောင်းချီပေးခဲ့ပြီး သူ့မျက်နှာက အတော်လေးမှတ်မိလွယ်ကာ သူနဲ့ ဦးထုပ်ဆောင်းထားသော လူငယ်လေးတစ်ယောက်က ရက်ရောစွာပေးကမ်းခဲ့သဖြင့် သူက ရှန်းယုဟန်ကို ကူညီချင်သည်။
ဖုန်းကိုင်ထားသော ခေတ်သစ်ဆရာတော်က သူ့ကို အခန်းတစ်ခုသို့ခေါ်သွားပြီး အရမ်းမရှည်သော ကော်ရီဒါစင်္ကြတစ်ခုကနေ ဖြတ်သွားခဲ့သည်။ ဘုရားဖူးဝင်ခွင့်မပြုလို့ရေးထားသော ဆိုင်းဘုတ်များရှိနေပြီး ခဏလျှောက်ပြီးနောက် စည်ကားနေသော နေရာကနေဝေးသွားခဲ့သည်။
၎င်းကို ဆိတ်ငြိမ်ရာသို့ ခေါ်ဆောင်သွားနေသော အကွေ့အကောက်များသော လမ်းကြောင်းအဖြစ်ဖော်ပြနိုင်ပြီး အပြင်ကကြည့်ရင် စီးပွားရေးအငွေ့အသက်ပြည့်နေသည့် ခမ်းနားသော ခန်းမနဲ့တူပြီး အထဲမှာတော့ ခေတ်မီသောလေထုအငွေ့အသက်မရှိပေ။
ကြင်နာတတ်သော မျက်နှာထားရှိသည့် ဆရာကပြောလာသည်။ “ဒီမှာအရင်ထိုင်နေ…အပြင်က ကိစ္စတွေအခုထိ ငြိမ်သက်သေးမှာမဟုတ်ဘူး။ လုံခြုံရေးအစောင့်တွေ ရှင်းပြီးသွားရင် လာခေါ်လိုက်ပါမယ်။”
ရှန်းယုဟန်က လက်အုပ်ချီကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…ဆရာတော်ဘုရား..”
ဆရာတော်ထွက်သွားတာနဲ့ ရှန်းယုဟန်က ဗုဒ္ဒဘာသာဘုန်းကြီး၏ နေထိုင်ရာအခန်းကိုဝင်သွားခဲ့ပြီး အပြင်အဆင်က ရိုးရှင်းကာ ကဗျာဆန်သည်။
လက်ဖက်ရည်စားပွဲပေါ်မှာ ဂိုးစစ်တုရင်ဘုတ်ပြား*ရှိနေပြီး လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်က အငွေ့ထွက်နေဆဲဖြစ်ကာ လူတစ်ချို့ ဒီကိုရောက်လာခဲ့တာဖြစ်နိုင်သည်။
(တရုတ်မှာဆော့တဲ့ဂိုးစစ်တုရင်ပါ။)
ရှန်းယုဟန်က ချီတိုင်းပြည်ကို ပြန်ရောက်သွားသလို ခံစားမိပေမယ့် အဲ့လိုမဟုတ်တာသူသိသည်။ သို့သော် ခေတ်သစ်လူ့အဖွဲ့အစည်းက တချို့နေရာများက ရှေးခေတ်၏ရိုးရာကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ဥပမာ..ဒီနေ့ခတ်၏ အမွှေးနံ့သာပူဇော်သော ဘုရားကျောင်းများက အတိတ်နဲ့တူပြီး အပြောင်းအလဲမှာ ဘုရားဖူးနှင့် ဆရာတော်များသာဖြစ်သည်။
သူက သူနဲ့လူကွဲသွားသည့် ရှန်ချီရှင်းကို စိတ်မပူပေ။ တစ်ဖက်လူက ခေတ်သစ်လူသားတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ဖြေရှင်းနိုင်တာကြောင့် သူက သူ့ကိုကားထဲမှာ စောင့်နေလောက်သည်။
ရှန်းယုဟန်က ကူရှင်ကိုရွေးကာ ထိုင်လိုက်ပြီး ယင်းမှာ ဂိုးစစ်တုရင်ဘုတ်ပြားဘေးဖြစ်ပြီး သူက မပြီးသေးသောဂိမ်းကို စိတ်ဝင်စားနေသည်။ ထိုလူက အမဲရောင်ကိုရွှေ့ထားတော့ သူက ဘာကိုရွှေ့ရမလဲ?
ခဏလောက်စဥ်းစားပြီး ရှန်းယုဟန်က သူ့ဘေးက ဂိုးကျောက်တုံးကို မသိစိတ်က ကောက်ကိုင်လိုက်သည်။ ရွှေ့တော့မလို့လုပ်စဥ် ပုံရိပ်တစ်ခုက သူ့ရှေ့ကိုရောက်လာသည်။
ရှန်းယုဟန်က ခေါင်းမော့ကာ ရောက်လာသူက ပြုံးနေသော ဘုန်းတော်ကြီးဖြစ်သည်။ ရှန်းယုဟန်က အနက်ရောင်ကျောက်တုံးကို ပြန်ထားကာ မတ်တပ်ရပ်လိုက်သည်။
“တောင်းပန်ပါတယ်…ဆရာတော်ဘုရား…ကျွန်တော်က ဂိမ်းကိုစွဲလမ်းနေလို့ပါ။”
“ဟုတ်ပါပြီ…သူငယ်ချင်းလေး…မင်းစိတ်ဝင်စားရင် ငါနဲ့အတူကစားလို့ရပါတယ်…ထိုင်ပါ။”
“ဆရာတော်က ဘယ်သူလဲ?”
“ငါက ဒီကဆရာတော်ပါ၊ မင်းငါ့ကို ဆရာတော်ယိဖျင်လို့ခေါ်လို့ရပါတယ်။”
“ဆရာတော်ယိဖျင်…ဧည့်ဝတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။” ရှန်းယုဟန်က သူ့ကိုပြုံးပြလိုက်သည်။
“ငါတို့က တွေ့ဆုံဖို့ကံပါလာတော့ အားနာနေစရာမလိုပါဘူး။” တရာတော်ယိဖျင်က ပြုံးကာ ရှန်းယုဟန်ကို ထိုင်ဖို့ဖိတ်လိုက်သည်။ သူက ရှန်းယုဟန်၏ မျက်နှာကိုကြည့်လိုက်သည်။ ထိုလူလေးက ချောမောခန့်ညားပြီး အသွင်အပြင်က ယောကျာ်းလေးဆိုသော်ငြား အမျိုးသမီးတစ်ယောက်နှင့်တူပြီး ကြင်နာတတ်ပြီး ထက်မြက်ပုံရသည်။ “မင်းဘယ်ကိုရွှေ့မလို့လဲ? မင်းရဲ့ရွှေ့ကွက်က အရမ်းသေသပ်တယ်လို့ထင်တယ်။”
“ကျွန်တော်က ဒီကိုရွှေ့ချင်တာ။” ရှန်းယုဟန်က အနက်ရောင်ကျောက်တုံးကိုယူကာ သူရွှေ့ချင်သောနေရာမှာထားလိုက်သည်။ “ဆရာတော်ယိဖျင်”
သူတို့နှစ်ယောက်က ဒီလိုနဲ့ ဂိုးကိုပြန်ကစားဖြစ်သွားသည်။
ဆရာတော်ယိဖျင်က သခင်ကြီးကျန်းထက် ပိုတော်ပြီး သူတို့ကြားမှာ ဘာဆက်နွယ်မှုမှမရှိတာကြောင့် ရှန်းယုဟန်က ပိုပြီးလွတ်လွတ်လပ်လပ်ကစားနိုင်ပြီး ထိန်းထားစရာမလိုပေ။
ဆရာတော်ယိဖျင်က လိုက်ဖက်ညီသော ပြိုင်ဘက်နှင့်တွေ့ဆုံရန် ရှားပါးသောအခွင့်အရေးကိုရခဲ့သည်။ သူက အစကတော့ ပေါ့ပေါ့ပါးပါးကစားနေပြီး နောက်တော့ လေးနက်လာခဲ့သည်။ သူသာ မလေးနက်ရင် မိသားစုတစ်ခုက အလိုလိုက်ခံထားရသော သခင်လေးနှင့်တူသည့် သူရှေ့က နူးညံ့သောလူငယ်လေးကို အရှုံးပေးရတော့မှာပင်။
ရှန်းယုဟန်က ဆရာတော်ယိဖျင်နဲ့ကစားနေစဥ် ပတ်ဝန်းကျင်က အတော်တိတ်ဆိတ်နေပြီး အပြင်မှာ ဆူညံသံက သူတို့နဲ့လားလားမျှမဆိုင်ပေ။
သို့သော် ရွှေ့ကွက်အနည်းငယ်အပြီးမှာ ရှန်းယုဟန်၏ဖုန်းကမြည်လာသည်။
သူက ဆရာတော်ယိဖျင်ကို အားနာသလိုပြုံးပြလိုက်သည်။ “တောင်းပန်ပါတယ်။ မိသားစုဝင်တစ်ယောက်က ကျွန်တော့်ကိုရှာနေတာဖြစ်လိမ့်မယ်။ ကျွန်တော်ဖုန်းဖြေလိုက်ပါဦးမယ်။”
ဆရာတော်ယိဖျင်က ခေါင်းခါပြသည်။ “ကိစ္စမရှိပါဘူး။ ဖြေပါ။”
ရှန်းယုဟန်က ဤမြင်ကွင်းကို ရင်းနှီးသလိုခံစားလိုက်ရပြီး ထိုသည်မှာ သခင်ကြီးကျန်းနှင့် ဂိုးဂိမ်းစကားစဥ်က ဖုန်းခေါ်ဆိုမှုကို ရခဲ့သလိုပင်။
သေချာတာပေါ့၊ သူ့ယောကျာ်းခေါ်နေတာပင်။
ရှန်းယုဟန်က ဖုန်းဖြေဖို့ နောက်လှည့်လိုက်တော့ ရှန်ချီဟွမ်းက မတူညီသော ရှုခင်းတစ်ခုကို မြင်လိုက်ရပြန်သည်။ ဒီတစ်ကြိမ်မှာတော့ သစ်သားဘုတ်အဟောင်းများနှင့် သူ့တို့ပေါ်ကခြစ်ရာများဖြစ်သည်။
ရှန်းယုဟန်က ချိတ်ဆက်ပြီးတာနဲ့ ပါးစပ်မဖွင့်နိုင်ခင်မှာ ရှန်ချီဟွမ်းက စိတ်ပူပြီး အလောတကြီးပြောလာသည်။ “ရှန်းယုဟန်…မင်းအခုဘယ်မှာလဲ? ထိခိုက်မိသေးလား”
“ယောကျာ်း၊ မထိခိုက်ပါဘူး။ ကျွန်တော်က အနောက်ဘက်က ဘုန်းကြီးတွေနေတဲ့ အခန်းမှာရှိနေတာ။ ကျွန်တော်က ဆရာတော်ယိဖျင်နဲ့တွေ့လို့ ဂိုးဂိမ်းကစားနေတာ။” ရှန်းယုဟန်က အကုန်ရှင်းပြလိုက်သည်။ “ကျွန်တော့်ကို ကူညီပေးတဲ့ဆရာတော်က အရှေ့ဘက်မှာ လုံခြုံရေးအစောင့်တွေ ထိန်းချုပ်ပြီးတဲ့ထိစောင့်ဖို့ ပြောခဲ့တယ်။ စိတ်ပူစရာမလိုတော့ပါဘူး။”
ရှန်ချီဟွမ်းက ဒီတစ်ကြိမ်မှာ သူ့ကို မာမာထန်ထန် မပြောတော့ပေ။
“ကောင်းပြီ၊ မင်းကိုလာကြိုဖို့ သက်တော်စောင့်တွေကိုပြောလိုက်မယ်။ သူတို့ရောက်လာရင် ဘုရားကျောင်းထဲကထွက်ခဲ့၊ ငါအိမ်ပြန်ရောက်ရင် မင်းကိုကူညီပေးတဲ့ ဆရာတော်ကို ကျေးဇူးတင်ကြောင်းပြောပြီး ဘုရားကျောင်းအတွက် အမွှေးနံ့သာနဲ့ အလှူငွေထည့်ပေးပါမယ်။”
ရှန်းယုဟန်က ဖုန်းကင်မရာကို ရွှေ့လိုက်တော့ ဆရာတော်၏မျက်နှာကို မြင်လိုက်ရသည်။ ရှန်ချီဟွမ်းက ဤဘုန်းတော်ကြီးကိုရင်းနှီးသလို ခံစားလိုက်ရသည်။
ဘုန်းတော်ကြီးက ပြုံးပြပြီး သူပြောတာကိုနားထောင်နေတာ သိသာသည်။ “လူငယ်လေးကို ကြိုပြီးကျေးဇူးတင်ပါတယ်။”
ရှန်ချီဟွမ်းက အဝေးကနေပြောလိုက်သည်။ “ဆရာတော်ကို ဒုက္ခဖြစ်စေမိတာ ကျွန်တော်တို့ပါ။”
ဆရာတော်ယိဖျင်: “ကိစ္စသေးသေးလေးပါ။ စိတ်ပူစရာမလိုပါဘူး။”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ငါ ချီရှင်းရဲ့ဖုန်းနံပါတ်ကို ပို့လိုက်မယ်။ သူအပြင်မှာစောင့်နေတယ်၊ မင်းတို့နှစ်ယောက် ဆက်သွယ်လိုက်ကြ။”
ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “အွန်း…နားလည်ပါပြီ။ ခင်ဗျားအလုပ်ရှုပ်နေလား?”
ရှန်ချီဟွမ်းက သူ့ကိုပြောလိုက်သည်။ “ငါကအစည်းအဝေးတက်ရဦးမှာ၊ မင်းအိမ်ပြန်ရောက်ရင် မက်ဆေ့ပို့ဖို့မမေ့နဲ့။”
ရှန်းယုဟန်: “အိုကေ..ယောကျာ်း…တာ့တာ။”
“အွန်း” ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကိုမမြင်ရပေမယ့် သူက ဝမ်းနည်းပြီး သနားစရာကောင်းအောင် မငိုခဲ့ဘူးဆိုတာကို သူ့အသံမှတစ်ဆင့်သိနိုင်သည်။ သူ့မှာ နီရဲနေသော အငိုမျက်လုံးမရှိသဖြင့် သူက စိတ်မပူခဲ့တာဖြစ်မည်။ ထိုအချိန်မှာ ရှန်းယုဟန်၏ဖုန်းက သူ့အီမေးလ်နဲ့ပက်စ်ဝေါ့ကို သုံးထားသဖြင့် သူက ရှန်းယုဟန်၏တည်နေရာကို မြင်နိုင်ခဲ့ပြီး ၎င်းမှာ သူပျောက်သွားခဲ့သော ပိုင်ယွင်ဘုရားကျောင်းကို ညွှန်ပြနေခဲ့သည်။
ဆရာတော်ယိဖျင်က ရှန်းယုဟန်၏လက်က စိန်လက်စွပ်ကိုသတိထားမိပေမယ့် သူက လူငယ်တွေက လက်ဝတ်ရတနာကြိုက်တယ်လို့သာ ထင်ခဲ့ပြီး ဒီလောက်ငယ်ငယ်လေးနဲ့ လက်ထပ်ထားမယ်လို့ မမျှော်လင့်ထားပေ။ သူ့ပုံစံက သူ့လက်ထပ်ဖော် ဖုန်းခေါ်လာသည်နှင့် တစ်ခုခုကိုရသွားသလို ပျော်ရွှင်နေခဲ့သည်။
ရှန်းယုဟန်က ဖုန်းကိုချကာ ဆရာတော်နှင့် ဆက်ကစားနေသည်။
နေ့လည်ပိုင်းနေထွက်ချိန်မှာ ရှန်ချီရှင်း၏ ထွက်ပေါ်လာမှုကြောင့် မငြိမ်သက်မှုဖြစ်သွားသော ဘုရားကျောင်းက တိတ်ဆိတ်သွားခဲ့ပေမယ့် အချိန်နှစ်နာရီနီးပါးကြာခဲ့သည်။ အဓိကအကြောင်းအရင်းမှာ အပြင်ကလူတစ်ချို့က နာမည်ကြီးတစ်ယောက်ရှိနေကြောင်း ကြားလိုက်ရ၍ ဝင်ပေါက်မှာ ကြည့်ရှုရန်ပိတ်ဆို့ထားကာ အထဲကလူက အပြင်ထွက်မရခဲ့လို့ပင်။