Chapter 37.2
Viewers 1k

Chapter 37.2


“သတင်းဆိုးတစ်ခု”

ရှန်းယုဟန်က အခန်းပြန်ပြီး အဝတ်အစားရှာဖို့လုပ်နေသော ရှန်ချီရှင်းကိုမေးလိုက်သည်။ “ယောက်ဖ၊ နေ့လည်စာအတွက် ဟင်းနှစ်မျိုးပဲချက်ထားတယ်၊ အဆင်ပြေရဲ့လား?”


ရှန်ချီရှင်းက အသေးအဖွဲကိစ္စကို စိတ်မပူပေ။ “ပြေပါ့ဗျာ..ထမင်းပိုချက်ပေးပါ…မကြာသေးခင်က မန်နေဂျာက ကြွက်သားတွေပိုထွားလာအောင်လုပ်ဖို့ ပြောထားတယ်။ သူက ကျွန်တော့်ကို အမဲသားနေ့တိုင်းစားဖို့ ပြောထားတာ ကျွန်တော်အန်မိလုနီးပါးပဲ။ အမဲသားမဟုတ်သရွေ့ ဘာမဆိုစားနိုင်တယ်!”


၎င်းမှာ ရှန်ချီရှင်း၏ စကားပြောသောအကျင့်ကြောင့်လားတော့ မသိပေမယ့် သူတို့နှစ်ယောက်က ပေါင်းသင်းဆက်ဆံရတာ အဆင်ပြေနေပြီး သူက သူ့ဆီက သရုပ်ဆောင်အလုပ်နဲ့ပတ်သတ်ပြီး အများကြီးသင်ယူခဲ့ရသည်။


သူက စကားပြောမရပ်သော လူမျိုးဖြစ်ပြီး စားနေရင်တောင် စကားပြောမရပ်ပေ။


ရှန်းယုဟန်က နေ့လည်စာအတွက် ဟင်းနှစ်မျိုးကို ချက်ခဲ့သည်။

စားနေစဥ် ရှန်ချီရှင်းက ရုတ်တရက်မေးလာသည်။ “မရီး…ကျွန်တော့်တတိယအစ်ကိုက အပြင်မှာအေးစက်ပြီး အတွင်းကနွေးထွေးတယ်။ သူက ပါးစပ်ဆိုးပေမယ့် နှလုံးသားက နူးညံ့တယ်၊ သူစကားပြောမတတ်ရင် စိတ်ထဲမထားပါနဲ့။”


“ငါသိပါတယ်၊ အရင်စားကြည့်ဦး…အကြိုက်တွေ့ရဲ့လား။” သူက သူ့ခင်ပွန်း အပြင်ပိုင်းမှာခက်ထန်ပြီး နှလုံးသားနူးညံ့တာကိုသိသည်။ 


ရှန်ချီရှင်းက ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များစွာမှာ နေ့လည်စားစားလေ့ရှိပြီး သူက အစားအသောက် ပူပူနွေးနွေး စားရတာကိုပဲ ကျေနပ်လေ့ရှိပေမယ့် ပါးစပ်ထဲရောက်တာနဲ့ စားတာမရပ်နိုင်တဲ့အထိ ဖြစ်သွားမယ်လို့ မမျှော်လင့်ထားပေ။ အရမ်းအရသာရှိတာပဲ!

ရှန်ချီရှင်းက စကားကိုမချန်ပဲ ချီးကျူးလိုက်သည်။ “မရီး၊ ခင်ဗျားချက်တာအရမ်းကောင်းတာပဲ! ကျွန်တော့်အစ်ကိုက မရီးကို တစ်နေ့သုံးကြိမ်ခေါ်တာ အံ့သြစရာမရှိတော့ဘူး။ သူက ခင်ဗျားထွက်ပြေးသွားမှာ စိုးရိမ်နေတာ။”


“တစ်နေ့သုံးကြိမ်မဟုတ်ပါဘူး။” ရှန်းယုဟန်က အလေးအနက်ပြောလိုက်သည်။ “စကားမစပ်၊ ယောက်ဖ..မနက်ဖြန်အားလား?”


“မနက်ဖြန်အားတယ်။” ရှန်ချီရှင်းက ပြောလိုက်သည်။


ရှန်းယုဟန်က နောက်ဆုံးမှာ သူယုံလို့ရသည့် လူတစ်ယောက်ကိုတွေ့သွားခဲ့သည်။ “ဒါဆို နက်ဖြန်အမွှေးနံ့သာပူဇော်ဖို့ ဘုရားကျောင်းကို ခေါ်သွားပေးလို့ရမလား?”



“ဘယ်လိုအမွှေးနံ့သာပူဇော်တာမျိုးလဲ?” ရှန်ချီရှင်းက ဘုရားကျောင်းမှာ အမွှေးတိုင်ပူဇော်တာမျိုး တစ်ခါမှမလုပ်ဖူးပေ။


“မင်းရဲ့တတိယအစ်ကိုအတွက် ငြိမ်းချမ်းခြင်းအဆောင်တောင်းမလို့။” ရှန်းယုဟန်က ပြောလိုက်သည်။


ရှန်ချီရှင်းက သူ့မရီးကိုကြည့်ကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ကျွန်တော်လည်း လတ်တလောကံဆိုးနေတာ၊ လူတွေက ကျွန်တော်နဲ့ CP* ထွက်ချင်နေတာ။ ကျွန်တော်ရဲ့ကံဆိုးမှုကိုဖယ်ရှားဖို့ ဂါရဝပြုဖို့လိုတယ်။”

(စုံတွဲကောလဟာလသတင်း)



ရှန်ချီရှင်းက သူ့တတိယအစ်ကိုက ကံကောင်းလွန်းတယ်လို့ စိတ်ထဲမှာမတွေးပဲမနေနိုင်ပေ။ ဒီလိုခေတ်မှာ သူ့အတွက် အမွေးနံ့သာပူဇော်ပေးမယ့်သူ ရှိနေပြီး ထိုသည်မှာလည်း ငြိမ်းချမ်းခြင်းအဆောင် တောင်းပေးဖို့ဖြစ်သည်။ 


ငြိမ်းချမ်းခြင်းအဆောင်တောင်းဖို့ ကျန်းချန်ရှိ ယုံကြည်သက်ဝင်စရာအကောင်းဆုံး ဘုရားကျောင်းကိုရောက်လာပြီးနောက် ရှန်းယုဟန်က ဖုန်းတစ်လုံး၊အိတ်အသေးတစ်လုံးနှင့်အတူ ကားပေါ်ကဆင်းလာပြီး အိတ်အသေးထဲမှာ သူ့ခင်ပွန်းထွက်မသွားခင် ပေးခဲ့သော ပိုက်ဆံအိတ်ပါပြီး ငွေသားနှင့် ဘဏ်ကတ်များလည်းပါသည်။


ဦးလေးလီက သူတို့ကိုလိုက်ပို့ပြီး ကားပါကင်မှာ စောင့်နေမယ်လို့ပြောခဲ့သည်။


ရှန်ချီရှင်းက တံငါသည်ဦးထုပ်နှင့် မတ်စ်တပ်ထားပြီး ရှန်းယုဟန်သည် သူက မနေ့ကထက် ဒီနေ့မှာ သူခိုးနဲ့ပိုတူတယ်လို့ ခံစားမိသည်။


“မင်းကိုယ်မင်း ဘာလို့ဒီလိုထုပ်ပိုးထားတာလဲ?” သူက သိပ်နားမလည်ပေ။


“မရီး၊ ကျွန်တော်က အနုပညာရှင်လေ၊ မှတ်မိရင် ပြဿနာဖြစ်သွားလိမ့်မယ်၊ ခင်ဗျား အမွှေးနံ့သာပူဇော်ဖို့လာတဲ့ ဘုရားကျောင်းက အရမ်းနာမည်ကြီးတယ်။ အဲ့ဒီအချိန် အထဲမှာပိတ်မိပြီး အပြင်ပြန်ထွက်လို့မရရင် ဘယ်လိုလုပ်မလဲ? လူပြည့်ကျပ်အောင်လုပ်တာ ငရဲကြီးလိမ့်မယ်။”


ရှန်းယုဟန်က ရုတ်တရက်နားလည်သွားကာ ပြောလိုက်သည်။ “ဒါဆို မင်းက အတော်နာမည်ကြီးမှာပဲ၊ မင်းက နာမည်ကြီးမင်းသားပဲဆိုတော့။”


“ကျွန်တော်နာမည်ကြီးတာမသိဘူးလား? ကျွန်တော်က ကိုယ်ပိုင်လမ်းကြောင်းရှိတဲ့ မင်းသားတစ်ယောက်ပါ။” သူက သူ့မျက်နှာကိုထိကာ သူ့ကိုယ်ပိုင်ဆွဲဆောင်မှုကို သံသယမဝင်ပဲ မနေနိုင်တော့ပေ။

သူတို့က ဘုရားကျောင်းက လက်မှတ်ဖြတ်ကောင်တာကို ရောက်လာပြီး ရှန်ချီရှင်းက ဝီချက်ကိုအသုံးပြုကာ လက်မှတ်ဝယ်လိုက်သည်။ သူတို့နှစ်ယောက်က ကျူအာဖတ်ကာ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားခဲ့သည်။


ဘုရားကျောင်းက ရှန်းယုဟန်သွားခဲ့ဖူးသော တစ်ခုနှင့်သိပ်မကွာပဲ သူတို့က အလကားရသော အမွှေးတိုင်ကိုယူကာ ဘုရားကျောင်းထဲတွင် သူတို့လက်မထက်ပိုထူသော အမွှေးတိုင်ရောင်းချနေတာကိုတွေ့တော့ ရှန်းယုဟန်က ဝယ်ချင်နေသည်။


သူက ပိုကြီးတာကိုဝယ်ရင် ဗုဒ္ဓက သူ့ခင်ပွန်းကို ပိုဂရုစိုက်နိုင်တယ်မလား?

“ယောက်ဖ၊ ငါတို့ အဲ့လိုထူပြီးရှည်တဲ့ အမွေးတိုင်ကို ဝယ်ဖို့လိုလား? သက်ဝင်မှုပိုရှိနိုင်တယ်။”


ရှန်ချီရှင်းက ထိုအမွှေးတိုင် တကယ်ထူပြီး ပေါ်လွင်နေတာကို တွေ့လိုက်ရသည်။ “ကျွန်တော်တို့ တစ်ခုစီဝယ်ကြမလား”


စိတ်ပိုင်းဖြတ်ပြီးနောက် သူတို့နှစ်ယောက်က အမွှေးတိုင်ထူထူနှစ်ချောင်းဝယ်ဖို့ တန်းစီလိုက်သည်။



ရှန်းယုဟန်က လေဖောင်းဂျာကင်ကိုသာ ဝတ်ထားသော်လည်း သူ့မှာလှပသောမျက်နှာနှင့် တောက်ပသောမျက်လုံးများရှိနေပြီး ထူသောအမွှေးတိုင်ရှည်ကို ကိုင်ထားပုံက လူကြားထဲမှာ ထင်းခနဲမြင်သာနေခဲ့သည်။


ရှန်ချီရှင်းက ရှန်းယုဟန်ထက်အရပ်ရှည်ပြီး အဆုံးမှာ သူက ရှန်ချီဟွမ်း၏ ညီဖြစ်တာကြောင့် ရှန်ချီဟွမ်းနှင့်အရပ်တူကာ ခဏအကြာတွင် သူတို့နှစ်​ယောက်က ဘုရားဖူးများ၏ အာရုံကိုဆွဲဆောင်နေခဲ့သည်။


အမွှေးတိုင်ဝယ်နေသော လူများစွာရှိပေမယ့် ရှန်းယုဟန်လိုလူတော့ အများကြီးမရှိပေ။ လူနှစ်ယောက်က အမွေးတိုင်ထူထူကို တိုက်ရိုက်ဝယ်လာပြီး သူတို့အမွှေးတိုင်က ထူပြီးရှည်ကာ ထွန်းဖို့အချိန်ပိုယူခဲ့ရသည်။ သို့သော် အရည်အသွေးက အရမ်းကောင်းပြီး အမွှေးတိုင်မီးတောက်က အရမ်းပြင်းသည်။


အမွေးတိုင်ထွန်းပြီးနောက် ရှန်းယုဟန်က အမွှေးတိုင်အပေါ်ကို ဘယ်လက်နှင့်ကိုင်ကာ အောင်ခြေကိုညာလက်နှင့်ကိုင်ထားပြီး ခေါင်းပေါ်​မြှောက်ကာ သူ့ရှေ့က ခန်းမထဲရှိ ဗုဒ္ဒရုပ်ပွားတော်ကို ဦးညွတ်လိုက်သည်။ 


ရှန်ချီရှင်းကလည်း သူ့အတိုင်းလိုက်လုပ်သည်။


နှစ်ယောက်သားက ဘုရားကျောင်းထဲတွင် ထူးခြားသောရှုခင်းတစ်ခုဖြစ်လာသည်။


ခေတ်မီနည်းလမ်းအရ အမွှေးတိုင်ကို အမွှေးတိုင်မီးခွက်ထဲမှာ ထည့်ပြီးနောက် ပင်မခန်းမကိုပြန်လာခဲ့ကြသည်။

ရှေ့မှ သက်ဝင်ယုံကြည်သူတွေ ထွက်သွားပြီးနောက် ရှန်းယုဟန်က ကူရှင်ပေါ်တွင် ဒူးထောက်ကာ လက်အုပ်ချီထားသည်။ ထို့နောက် ခေါင်းပေါ်မြှောက်ကာ နှုတ်ခမ်းလှုပ်ပြီး ဘုရားလောင်းအား ဆုတောင်းနေသည်။


ခရီးဝေးထွက်နေတဲ့ ကျွန်တော့်ခင်ပွန်း ဘေးကင်းစွာရောက်ပြီး ဘေးကင်းစွာပြန်လာနိုင်ပါစေ။

ရှန်းမိသားစု ကပ်ဘေးနဲ့ အခက်အခဲများမှ ကင်းဝေးပြီး စစ်ပွဲနှစ်များမှ ရှင်သန်နိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ပါစေ။


ဒီကမ္ဘာမှာ ကျွန်တော်နဲ့ ကျွန်တော့်ခင်ပွန်း တစ်သက်လုံးအတူနေရပြီး အတူကြီးပြင်းလာဖို့ မျှော်လင့်ပါတယ်။

ရှန်ချီရှင်းက တခြားသူများဆီကသင်ယူကာ သူ့မရီးလို ဒူးထောက်ရှိခိုးလိုက်သည်။ ကန်တော့နေစဥ်မှာ သတိမထားမိပဲ တံငါသည်ဦးထုပ် ကျွတ်ကျသွားကာ ခေါင်းမော့လိုက်တော့ မိန်းကလေးနှစ်ဦးက သူ့ကိုမြင်သွားပြီး အံ့သြနေကြသည်။


“အိုးမိုင်ဂေါ့၊ ဒါကရှန်ချီရှင်းလား?”


ရှန်ချီရှင်းက သူ့ဦးထုပ်ကို ပြန်ဆောင်းလိုက်ပေမယ့် အသုံးမဝင်တော့ပဲ ဘုရားကျောင်းမှာ သူ့ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့သည်။


ထိုအချိန်မှာ ရှန်းယုဟန်က ဗုဒ္ဓမြတ်စွာဘုရားကို စိတ်အားထက်သန်စွာ ဆုတောင်းနေသည်။ ကန်တော့ပြီးနောက် သူက ငြိမ်းချမ်းခြင်းအဆောင်ကို တောင်းချင်နေပြီး  ဆုမွန်ကောင်းနှင့်အတူ မကြာခဏခရီးထွက်လေ့ရှိသော သူ့ခင်ပွန်းကို ပေးချင်သည်။



သို့သော် ရှန်ချီရှင်းက ထိုဆန္ဒကို ဖြည့်ဆည်းမပေးနိုင်သည်မှာ သိသာနေပြီး သူတို့ ခန်းမထဲကထွက်လာပြီးနောက် ရှန်ချီရှင်းက သူ့ကိုဆွဲခေါ်သွားခဲ့သည်။


“မရီး၊ အမြန်ပြန်ရအောင်၊ ကျွန်တော်တို့ကိုတွေ့သွားပြီ!”


ရှန်းယုဟန်က ဆွဲခေါ်ခံလာရသောအခါ နားမလည်နိုင်ဖြစ်နေသည်။ “ဘာကိုတွေ့သွားတာလဲ? ငါ ငြိမ်းချမ်းခြင်းအဆောင် မတောင်းရသေးဘူး။”


ရှန်ချီရှင်းက သူ့ကိုရှင်းပြလိုက်သည်။ “ကျွန်တော့် ဦးထုပ်က ကြမ်းပြင်ပေါ်ပြုတ်ကျသွားလို့ သူတို့တွေ့သွားကြတယ်။ ကျွန်တော်တို့ကို ဓာတ်ပုံတွေအများကြီးရိုက်နေတာ မတွေ့ဘူးလား?”


ဓာတ်ပုံမရိုက်ဖူးသော ရှန်းယုဟန်က ထိုခံယူချက်လုံးဝမရှိပေ။


“ဒါပေမယ့် ငါတို့ရောက်ပြီးနေပြီ၊ ခဏလောက်နေလို့မရဘူးလား?” ရှန်းယုဟန်က သူအပြင်ထွက်ဖို့ မလွယ်ဘူးလို့ စိတ်ထဲကနေတွေးလိုက်သည်။ သို့သော် သူမော့ကြည့်လိုက်တော့ လူများစွာ ဖုန်းထောင်ကာ သူတို့ကိုကြည့်နေသည်။ ရှန်ချီရှင်းက သူ့ဦးထုပ်ကို တင်းတင်းဆုပ်ကိုင်ထားပေမယ့် ရှန်းယုဟန်က စိုးရိမ်မှုမရှိပေ။


သူအပြင်ထွက်ရင် ဖြတ်သွားဖြတ်လာများ၏ အကြည့်ခံရတာကို နေသားကျနေခဲ့ပြီး သူအပြင်ထွက်တိုင်း တစ်ယောက်ယောက်က ရှန်းမိသားစုကလို့ မှတ်မိသွားလေ့ရှိသည်။


ရှန်ချီရှင်းက သူ့ကိုမေးလိုက်သည်။ “သေချာလား?”


ရှန်းယုဟန်က အလွန်တည်ငြိမ်နေသည်။ “နှစ်ခါအကြည့်ခံရရုံပါပဲ၊ ကိစ္စမရှိဘူး။ ကျင့်သားရအောင်လုပ်လိုက်။”


ရှန်ချီရှင်းက သူ့မရီးက အရင်ကအနုပညာရှင်ဖြစ်ဖူးသလို ပြောနေတာကိုကြားလိုက်ရပြီး သူ့အမူအရာမှာ တကယ်ကိုတည်ငြိမ်နေသည်။


ရှန်းယုဟန်က သူ့အတွက် အကြံတစ်ခုရသွားသည်။ “မင်းငါ့ကိုကားထဲမှာ သွားစောင့်နေပါလား၊ ငါ ငြိမ်းချမ်းခြင်းအဆောင်သွားတောင်လိုက်ဦးမယ်။”


ရှန်ချီရှင်းက ထိုသို့မလုပ်ရဲပေ။ သူထွက်ပြေးသွားရင် လူတွေက ရှန်းယုဟန်ကို သေချာပေါက်ဖမ်းပြီး အလွတ်ပေးမှာမဟုတ်ပေ။


သူက စိတ်နည်းနည်းငြိမ်သွားသည်။ အကြောင်းမှာ သူ့မန်နေဂျာက သူ့ကိုပုန်းဖို့ အမြဲပြောတာကြောင့် လူအုပ်ကြီးနဲ့ဆုံသွားသည့်အခါ သူက ထိတ်လန့်လာတတ်သည်။ “ထားလိုက်တော့၊ ကျွန်တော် သတ္တိရှိရှိနဲ့ ငြိမ်းချမ်းခြင်းအဆောင်တောင်းဖို့ ခင်ဗျားနဲ့လိုက်ခဲ့ပါမယ်။ သူတို့ဒီကိုလည်းမလာဘူးဆိုတော့ ပုံနည်းနည်းရိုက်ခံရတာက အဆင်ပြေပါတယ်။”


“မင်းတွေးတာမှန်တယ်၊ သူတို့မင်းကိုပိုကြည့်ရင်တောင် မင်းအသားပဲ့ပါမသွားဘူး။ အဲ့ဒါက သူတို့အပေါ် မင်းရဲ့ရင်းနှီးမှုကိုလည်း ပြပေးလိမ့်မယ်။”

“အဲ့ဒါအဓိပ္ပါယ်ရှိတယ်။”


သူတို့နှစ်ယောက်က အပြင်ကနေ ငြိမ်းချမ်းရေးအဆောင်ဝယ်ပြီး ဆရာတော်ဆီက ဆုမွန်ကောင်းတောင်းဖို့ ဧည့်ခန်းထဲဝင်သွားခဲ့သည်။ 



ဘုရားကျောင်းက အလွန်စည်းကားပြီး ကောင်းချီယူဖို့စျေးနှုန်းက မနည်းပဲ ဧည့်ခန်းထဲမှာ လူသိပ်မရှိတာကြောင့် ဆရာတော်က သူတို့ကိုတန်းစီဖို့ ဖိတ်ကြားခဲ့သည်။ 


ရှန်ချီရှင်းက အထဲမှာ လူနည်းနည်းပဲရှိတာကိုတွေ့တော့ စိတ်သက်သာရာရသွားသည်။


ရှန်းယုဟန်က ဆရာတော်ဆီက ဆုမွန်ကောင်းတောင်းပြီး ပြန်ဖို့အသင့်ဖြစ်နေသည်။


လူအနည်းစုက သူတို့နောက်ကနေ ဧည့်ခန်းထဲလိုက်လာသော်လည်း ဧည့်ခန်းက ငြိမ်သက်ပြီး ဓာတ်ပုံရိုက်ဖို့ခွင့်မပြုတာကြောင့် လူတိုင်းက တိတ်ဆိတ်နေပြီး ရှန်ချီရှင်းနှင့် ရှန်းယုဟန်ကို သေချာစိုက်ကြည့်နေကြသည်။


သူတို့က အစကတော့ ရှန်ချီရှင်းကိုလေ့လာနေပေမယ့် ရှန်းယုဟန်၏ကြည့်ကောင်းသော မျက်နှာကိုတွေ့သွားကြသည်။


သူ့အသားအရေကိုထည့်မပြောရင်တောင် သူ့မှာ လှပသော ဖီးနစ်မျက်လုံးတစ်စုံနှင့် နူးညံ့သောနှာတံရှိသည်။ သူ့မှာ အတုအယောင်ပုံရိပ်မရှိသော သဘာဝမျက်နှာလေးရှိကာ ဆံပင်က ထက်ဝက်ရှည်ပေမယ့် အရမ်းမတိုသဖြင့် နူးညံ့သောသူ့မျက်နှာလေးကို ပေါ်လွင်စေသည်။


အမေ၊ ဒါက ရှန်ချီရှင်းရဲ့ ကောင်လေးအသစ်လား? သူက အရမ်းလှတာပဲ!


သူ့ကောင်လေးပဲဖြစ်မယ်၊ မဟုတ်ရင် ဘယ်သူက အမွှေးတိုင်ပူဇော်ဖို့ သူငယ်ချင်းနဲ့လာမှာလဲ? သူတို့လက်ထပ်ဖို့အတွက်ပဲဖြစ်ရမယ်။


မဖြစ်နိုင်ဘူး။ ဒါကို ဝေ့ပေါ်မှာ လူတွေနဲ့မျှဝေရမယ်!

ရှန်ချီရှင်းနှင့် ရှန်းယုဟန်က ဧည့်ခန်းထဲကထွက်လာပြီး အပြင်မှာ လူအုံနေတာကို တွေ့လိုက်ရသည်။ လူတိုင်းက နာမည်ကြီးတွေကို တွေ့ဖို့ခဲယဥ်းတယ်ဆိုပြီး ကြိတ်ကြိတ်တိုးနေကြသည်။


ရှန်ချီရှင်းက သူ့မျက်နှာကိုဖုံးကာ ပြောလိုက်သည်။ “သေပြီ!” သူ့မန်နေဂျာက သူနဲ့ စုံတွဲကောလာဟလထွက်နေသော hot search ကို မနေ့ကလေးတင် ငွေသုံးပြီး ဖယ်ရှားခဲ့ရတာပင်!


“မရီး၊ ကျွန်တော်တို့ မြန်မြန်ပြေးမှရမယ်၊ အပြင်ကလူတွေက ဒီကိုလာနေပြီ။”



ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ သူက သူ့ယောက်ဖ အဲ့လောက်နာမည်ကြီးမယ်လို့ မမျှော်လင့်ထားပေ။ “အိုကေ”

ရှန်ချီရှင်းက ရှန်းယုဟန်နှင့် အပြင်ကိုပြေးထွက်သွားပေမယ့် ထိုအချိန်မှာ အနုပညာရှင်တစ်ယောက် ဘုရားကျောင်းကို ရောက်လာကြောင်း ပျံ့နှံ့နေခဲ့သဖြင့် လူတိုင်းက သူတို့ကို စေ့စေ့စပ်စပ်ကြည့်နေကြသည်။ ထို့အပြင် ရှန်းယုဟန်၏မျက်နှာက တကယ်ကိုထင်းနေပြီး သူကလည်း အနုပညာရှင်နဲ့တူနေတာကြောင့် လူတိုင်းက သူ့ကိုအနုပညာရှင်လို့သာ သတ်မှတ်လိုက်သည်။


သူ့ကိုယ်သူမတ်စ်နဲ့ကာထားသော ရှန်ချီရှင်းက လူအုပ်ကြားထဲကထွက်ဖို့ သူ့ကြံ့ခိုင်မှုကို အားကိုးခဲ့သည်။ 

“မရီး၊ နောက်ဆုံးတော့ ငါတို့ထွက်လာနိုင်ပြီ!”


သို့သော် သူလှည့်ကြည့်လိုက်တော့ သူ့နောက်မှာ သူ့မရီးမရှိတော့ပေ။ သူ့နောက်ကိုလုံးဝလိုက်မလာခဲ့ပဲ လူအုပ်ကြီး၏တွန်းထုတ်မှုကြောင့် အမည်မသိနေရာကို ရောက်သွားခဲ့သည်!


“သွားပြီ၊ ဘယ်ရောက်သွားတာလဲ? သူ့အစ်ကိုရဲ့ သေအောင်ရိုက်တာကို ခံရတော့မှာပဲ။”


ရှန်ချီရှင်း၏ တတိယအစ်ကို ရှန်ချီဟွမ်းက အစည်းအဝေးပြီးသွားပြီး နားချိန်ရောက်လာကာ ကုမ္ပဏီတစ်ခု၏သူဌေးက သူနဲ့ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားနေတာဖြစ်သည်။ သို့သော်ထိုအချိန်တွင် လက်ထောက်ချွီက သူ့ဘေးကိုလျှောက်လာကာ တီးတိုးပြောလိုက်သည်။


“သူဌေး၊ တစ်ခုခုဖြစ်ခဲ့တယ်။”



ရှန်ချီဟွမ်းက ထိုသူဌေးကိုတောင်းပန်ကာ အစည်းအဝေးခန်းမှထွက်လာသည်။ “ဘာဖြစ်လို့လဲ?”


လက်ထောက်ချွီက hot search ကိုပြလိုက်သည်။ “ပဉ္စမသခင်လေးနဲ့ သူဌေးရဲ့ဇနီးက hot search ပေါ်မှာရောက်နေတယ်!” 


ရှန်ချီဟွမ်းက ဖုန်းကိုအမြန်ယူကာ အနီးကပ်ကြည့်လိုက်သည်!


သူက အလုပ်ခရီးတစ်ရက်ပဲထွက်ရသေးတာကို ရှန်းယုဟန်မှာ သူ့ညီနဲ့အတူရိုက်ထားတဲ့ ပုံတွေအများကြီးရှိနေတယ်။ မနေ့ကတော့ သူက တတိယအိမ်တော်က ယောက်ဖနဲအတူရှိခဲ့ပြီး ဒီနေ့တော့ သူ့ယောက်ဖနဲ့အတူရှိနေကာ ပုံတင်မဟုတ်ပဲ ဗီဒီယိုတွေလည်း ရှိနေတယ်!


သူမျက်မှောင်ကြုတ်လိုက်စဥ် သူ့ဖုန်းကမြည်လာပြီး ရှန်ချီရှင်းက ခေါ်လာသည််။



ရှန်ချီဟွမ်း ဖုန်းဖြေလိုက်တာနဲ့ သူ့ညီက သတင်းဆိုးတစ်ခုကို ကျယ်ကျယ်လောင်လောင် ပြောလိုက်တာကို ကြားလိုက်ရသည်။ “တတိယအစ်ကို၊ ကျွန်တော်ဘယ်လိုလုပ်ရမလဲ? မရီးပျောက်သွားပြီ!”

ရှန်ချီဟွမ်း: “....”


မင်းကိုယ်မင်း ပျောက်သွားအောင် ဘာလို့အရင်မလုပ်ခဲ့တာလဲ!!!