Chapter 40.2
Viewers 989

Chapter 40.2


“အမှတ်အများဆုံးလူ”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပန်းချီကားများကို အသေးစိတ်အသိအမှတ်ပြုနေစဥ် ရှန်းယုဟန်က သူဆွဲထားသောပန်းချီကားများကို ထုတ်ကာ ရှန်ချီဟွမ်းကိုပြလိုက်သည်။ “ကျွန်တော်ဒါတွေလိုချင်တယ်၊ ရနိုင်ပါ့မလားတော့မသိဘူး။”


“ကိစ္စမရှိဘူး။” ရှန်ချီဟွမ်းက ပရိဘောဂပုံများကိုကြည့်ကာ ရိုးရှင်းသောပုံများဖြစ်သော်လည်း ပန်းချီဆရာ၏ ဆွဲဆောင်မှုရှိနေတာကို သတိထားမိသည်။ စားပွဲတစ်လုံး၊ လက်ဖက်ရည်စားပွဲတစ်လုံး၊ ဆိုဖာတစ်ခုနှင့် ချင်တူရိယာစားပွဲတို့ပါဝင်သည်။ 


သူက ရှန်းယုဟန်၏ ပန်းချီကားများကို တင်ဖို့တွေးထားပေမယ့် အခုသူ့မှာ လက်ရေးလှ၊ ပန်းချီကားနှင့် ပရိဘောဂပုံတွေတောင် ရှိနေပြီဆိုတော့ ကိုးထောင့်ဇယားကွက်နှင့် မဆန့်တော့ပေ။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းရဲ့ပန်းချီကားနဲ့ လက်ရေးလှကို တခြားသူတွေကို မျှဝေဖို့တွေးဖူးလား?”


“အဲ့လိုဖြစ်နိုင်လား?” ရှန်းယုဟန်က သေချာပေါက် မျှဝေချင်ပေမယ့် ဘယ်လိုလုပ်ရမလဲမသိပဲ သူက ယုံကြည်ချက်လည်းမရှိပေ။ “လူတွေကကြိုက်ပါ့မလား? ကျွန်တော့်ပန်းချီကားက သာမန်ပါပဲ”


“ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့၊ ပန်းချီပြပွဲကို ရောက်သွားခဲ့တဲ့ ပန်းချီကားကိုမှတ်မိသေးလား၊ သူက hot search မှာရှိနေတုန်းပဲ၊ လူတွေ ဘယ်လောက်ကြိုက်ကြလဲသိသာတယ်။ မဟုတ်ရင် အဲ့ဒီတစ်ယောက်က ပန်းချီကားကို သူ့အပိုင်ပါလို့ ဘာလို့ငြင်းခဲ့မှာလဲ။ မင်းရဲ့ပန်းချီမှာ ကိုယ်ပိုင်ပုံစံရှိလို့ မြင်ဖူးတဲ့လူတိုင်းကြိုက်ကြတယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန်က 2G ခေတ်မှာနေထိုင်ကြောင်း တွေ့ရှိသွားပြီး အင်တာနက်နှင့် ဝေ့ပေါ်မသုံးပဲ ဗုဒ္ဓဘာသာဝင်ဘဝတစ်ခုကို လုံးလုံးလျားလျားနေထိုင်နေသလိုပင်။


“အဲ့ဒါကြောင့်ပြောတာလေ၊ ဘယ်လိုမျှဝေလို့ရမှာလဲ…ကျွန်တော်က လူအများကြီးမသိဘူး။” ရှန်းယုဟန်က ခဏလောက်တုံ့ဆိုင်းပြီးမှမေးလိုက်သည်။


“ကိစ္စမရှိဘူး၊ ငါရှိတာပဲ။” ရှန်ချီဟွမ်းက ထိုကိစ္စကို သေချာပေါက်အာမခံနိုင်သည်။ “ငါ့ဝေ့ပေါ်မှာ Followers တချို့ရှိလို့ မင်းအတွက်တင်ပေးနိုင်တယ်။ မင်းက နောက်မှ ဝေ့ပေါ်အကောင့်တစ်ခုဖွင့်လိုက်။”


“တကယ်လား?” ရှန်းယုဟန်က သူ ဝေ့ပေါ်အကြောင်း ထပ်ပြောတာကိုကြားလိုက်ရသည်။ ကြည့်ရတာ သူ ဝေ့ပေါ်သုံးနည်းလေ့လာဖို့လိုအပ်ပုံပဲ။ Followers ဆိုတာ အားပေးသူလို့ ဆိုလိုတာလား?


“အင်း..မင်းငါ့ကိုမယုံဘူးလား?” ရှန်ချီဟွမ်းက ရှည်လာသော သူ့ဆံပင်ကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။


“ကျွန်တော်ခင်ဗျားကိုယုံပါတယ်။” ရှန်းယုဟန်၏ မျက်လုံးများက သူ့ကိုယုံ​ကြည်ကြောင်း ပြသနေသည်။


အားပေးခံလိုက်ရသော ရှန်ချီဟွမ်းက မနေ့က ရှန်းယုဟန်ဆွဲခဲ့သောပုံကို သူ့ဖုန်းနဲ့ပုံရိုက်လိုက်ပြီး လေ့ကျင့်နေစဥ် သူရေးလေ့ရှိသော လက်ရေးလှပန်းချီအချို့ကို ရွေးလိုက်သည်။ ယနေ့ပရိဘောဂပုံများအပါအဝင် ပန်းချီကားအားလုံးက ရိုးသားမှုနဲ့ပြည့်နေသည်။ အရင်ကဆို ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် တင်ပေးချင်ပေမယ့် အခုတော့ တခြားသူများကိုပါ ကြွားချင်နေသည်။


ကိုးထောင့်ကွက်နဲ့ထည့်ဖို့ တစ်မိနစ်သာလိုပြီး ရှန်ချီဟွမ်းက နောက်ဆုံးအကြိမ်ကထက် ပန်းချီကား၏ရလဒ်ကို ဝေ့ပေါ်မှာ သေချာပြင်နေပြီး ကောင်လေးတစ်ယောက်နှင့် ကြောင်လေးတစ်ကောင်၏ ပန်းချီကိုလည်း ထပ်ထည့်လိုက်သည်။


{ ငါ့မိသားစုရဲ့သူငယ်ချင်းလေးက အားတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးဆွဲထားတာ။ မှတ်ချက်: သူငယ်ချင်းလေးက ကောင်လေးတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်ရဲ့ပန်းချီကို (ဆောင်းယဥ်စွန်းချိန်)လို့ပေးထားတယ်၊ ပြီးတော့ အဲ့ဒါက ကောင်မလေးမဟုတ်ဘူး။} ပုံကိုးပုံကိုတွဲထားပြီး ပန်းချီအသစ်များကြားမှာ ကျောက်စိမ်းလက်စွပ်ပုံလေးရှိနေသည်။


ဝေ့ပေါ်မှာတင်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့သူငယ်ချင်းညွှန်းပေးသော ရိုးရာပရိဘောဂစတိုးကို ခေါ်သွားခဲ့ပြီး သူ့ဝေ့ပေါ်က ပို့စ်တစ်ခုကြောင့် ပွက်လောရိုက်နေသော ဆွေးနွေးမှုများကို ဂရုမစိုက်တော့ပေ။


စုစုပေါင်း အချက်နှစ်ချက်ရှိသည်။


ပထမအချက်က ရှန်ချီဟွမ်းမိသားစုရဲ့ သူငယ်ချင်းလေးက ဘယ်သူလဲ? ကြင်စဦးလက်တွဲဖော်လား? အစ်ကိုနဲ့အစ်မလား?


ဒုတိယအချက်က ပန်းချီဆရာက (နွေဦးစတင်ချိန်)ဆိုသော လက်ရာအသစ်ကို တင်ခဲ့သည်။


လှိုင်းပေါ်ရှိအလှက သူတို့မျက်လုံးထက်ဝက် နိမ့်ကျသွားစေသည်။ သူတို့ပုံစံက ညှို့ဓာတ်ပြင်းပြီး ရင်ခုန်သွားစေနိုင်သည်။ မြင်သူတိုင်းက သူတို့ကို ချစ်ကျွမ်းဝင်သွားမှာပင်!


လက်ရာအသစ် (နွေဦးစတင်ချိန်) သည် ချစ်စရာကောင်းသော ဇာတ်ကောင်များပါဝင်ရုံတင်မဟုတ်ပဲ ရှုခင်းအသေးစိတ်က စေ့စပ်မှုရှိသည်။ ရှေးခတ်က ချမ်းသာသောမိသားစု၏ ပြတင်းပေါက်လက်ရန်းများ၊ ဆံထုံးထုံးထားသော အစေခံကောင်လေးနှစ်ယောက်နှင့် အစေခံကောင်လေးများကို တစ်ခုခုရှင်းပြနေသော အစေခံတစ်ယောက်…. ထိုသည်မှာ နွေဦးရာသီတစ်ရက်ဖြစ်ပုံရပြီး ချမ်းသာသောမိသားစုက သခင်လေးက ခြံဝင်းထဲမှာ နွေဦးရာသီကို ပေါ့ပေါ့ပါးခံစားနေသည်။ သူ့စိတ်ထဲမှာ ဘယ်လိုလှပတဲ့အရာမျိုးကို တွေးနေမလဲမသိနိုင်ပေ။

သူ့ကိုကြည့်ကာ မပြုံးပဲမနေနိုင်ပေ။


ပန်းချီဆွဲခြင်းက အနုပညာစွမ်းရည်ကို လိုအပ်ရုံတင်မကပဲ အပြစ်ကင်းပြီး ရိုးသားသောစိတ်ရှိဖို့လိုသည်။


ရုပ်ရည်အလှ၊ ရှုခင်းအလှနှင့် နှလုံသားအလှ………


ဓာတ်ပုံထဲက နူးညံသိမ်မွေ့ပြီး သွယ်လျသောလက်ကို ဖျတ်ခနဲမြင်လိုက်ရတာက အဆုံးမရှိသော အတွေးများကိုဖြစ်ပေါ်စေပြီး သုံးမိနစ်အတွင်းမှာ ဒီစွဲမက်ဖွယ်ကောင်းတဲ့သူရဲ့ အချက်အလက်အားလုံးကို သိချင်လာသည်!

မှန်ဘီလူးသုံးကာကြည့်နေကြသော အင်တာနက်သုံးစွဲသူများက ထိုစွဲမက်ဖွက်ကောင်းသောလူ၏ လက်စွပ်က လွန်ခဲ့တဲ့နှစ်ရက်က ဘုရားကျောင်းမှာ ဓာတ်ပုံရိုက်ခဲ့သည့် ရှန်းယုဟန်ဝတ်ထားသော လက်စွပ်နှင့်ဆင်တူတာကို တွေ့သွားခဲ့သည်။ 


သူငယ်ချင်းလေးက ရှန်ချီဟွမ်းရဲ့ အိမ်ထောင်ဖက်ပဲ!


ဒါမမှန်ဘူး။ ရှန်းယုဟန်က ဘာကျွမ်းကျင်မှုမှမရှိတဲ့ လူတစ်ယောက်မလား? ဒီပန်းချီနဲ့ လက်ရေးလှက သူ့ဟာလား?


ထိုအချိန်မှာ စွဲမက်ဖွယ်ကောင်းသောသူက သူလိုချင်သောပရိဘောဂနဲ့ပတ်သတ်ပြီး လက်သမားဆရာနှင့် လေးလေးနက်နက်ဆွေးနွေးနေသည်။


ဖြစ်စဥ်တစ်ခုလုံးမှာ ရှန်ချီဟွမ်း​က စကားတစ်ခွန်းမှမပြောပဲ ရှန်းယုဟန်က လက်သမားဆရာနှင့် ကိုယ်တိုင်ပြောခဲ့သည်။ သူက သူလိုချင်သောဒီဇိုင်းကိုယူလာကာ လက်သမားဆရာက တစ်ချက်ကြည့်လိုက်ရုံနှင့် ရှန်းယုဟန်လိုချင်တာ သာမန်ပစ္စည်းမဟုတ်မှန်းမသိလိုက်ပြီး သစ်သားအနည်းငယ်ကို အကြုံပြုပေးခဲ့သည်။


ရှန်းယုဟန်က သူ့မှတ်ဉာဏ်ထဲမှာရှိနေသော သစ်သားကိုအခြေခံကာ ရွေးချယ်လိုက်သည်။

လက်သမားဆရာက သူ့မှာအမြင်ရှိတယ်လို့ ပြောလာသည်။



ရှန်ချီဟွမ်းသည် ဤနယ်ပယ်မှာ အတွေ့အကြုံနည်းသူဖြစ်သော်လည်း သူက ရှန်းယုဟန်အတွက် ငွေပေးချသည့် အတွေ့အကြုံတော့ အများကြီီးရှိသည်။


အော်ဒါမှာပြီးနောက် သူတို့အလျင်လိုနေတာကိုတွေ့တော့ လက်သမားဆရာက တစ်လအတွင်း ပြီးအောင်လုပ်ပေးမယ်လို့ ပြောလာသည်။


ပရိဘောဂဆိုင်ကထွက်လာတော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လိုချင်တာရှိသေးလားမေးခဲ့သည်။ အပြင်ထွက်ရတာရှား၍ သူက အကုန်ဝယ်ပေးချင်နေသည်။


ကားပေါ်မှာ ရှန်းယုဟန်က အေးခဲနေသော သူ့လက်များကို ပွတ်သပ်ကာ လက်ဖဝါးထဲ လေမှုတ်နေသည်။ “ယောကျာ်း…ကျွန်တော် ချင်တူရိယာလိုချင်တယ်။”


“ကောင်းပြီ..ဝယ်ဖို့ခေါ်သွားပေးမယ်။” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူက လက်ရေးလှနှင့် ပန်းချီမှာတော်ပြီး ချင်တီးခတ်တတ်သည်မှာ ကျိုးကြောင်းသင့်လျော်သည်။ သို့သော် သူက ရှန်းယုဟန် အအေးဒဏ်ကိုကြောက်တာတွေ့တော့ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ “မင်းလက်က ဘာလို့အမြဲအေးနေတာလဲ?”


“မသိဘူး။” ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ယောကျာ်း.. ခဏကိုင်ထားပေး”


အိုကေ၊ အဲ့ဒါကိုဂရုစိုက်ပေးဖို့ တရုတ်ဆေးဆရာဝန်ကို သွားရှာရအောင်။ အရင်က ရှန်းယုဟန်၏ဘဝက တကယ်ကိုပုံမှန်မဟုတ်ပဲ သူ့ခန္ဓာကိုယ်က ငယ်ငယ်လေးနဲ့ အားနည်းကာ တခြားလူငယ်များက အားအင်ပြည့်ဝနေပေမယ့် သူကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။


သို့သော် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လတ်တလောအပြုအမူကို ပြန်စဥ်းစားကာ ပြောလိုက်သည်။ “မင်းက ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီအားလုံးကိုသင်ထားတယ်။ မင်း ရှေးခတ်မှာဆိုရင် အမှတ်အများဆုံးသူဖြစ်နိုင်တယ်။”


ရှန်းယုဟန်က ထိုစကားကြားတော့ သူက ခဏလောက်စဥ်းစားကာ လေးလေးနက်နက်ဖြေလိုက်သည်။ “မဖြစ်နိုင်ဘူး။ အမှတ်အများဆုံးသူဖြစ်ဖို့ခက်တယ်။” သူ့ဒုတိယအစ်ကိုတောင် စာမေးပွဲမှာ နှစ်ကြိမ်သာ ဒုတိယနေရာရဖူးသည်။ သို့သော် သူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “ကျွန်တော်က အမှတ်အများဆုံးသူရဲ့ ဇနီးတောင်မဖြစ်နိုင်ဘူး။”


သူ့အဖေက အရင်က အမှတ်အများဆုံးသူအတွက် အမြင်ရှိခဲ့ပေမယ့် နောက်တော့ အမှတ်အများဆုံးသူက ရုပ်ဆိုးပြီးအသက်မငယ်ဘူးလို့ ပြောကြသည်။ သူ့မိသားစုမှာ တရားဝင်ဇနီးမရှိပေမယ့် ကိုယ်လုပ်တော်နှစ်ယောက်ရှိခဲ့သည်။ ထိုအကြောင်းကြားတော့ ရှန်းယုဟန်က သူ့အမေကိုပြောခဲ့ဖူးသည်၊ အမေတို့ကောက တခြားတစ်ယောက်နဲ့ သူ့​ယောကျာ်းကို မျှဝေမှာမဟုတ်ဘူးဆိုတာပင်။

“ဒါဆို မင်းအခု အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်နေပါပြီ။” ရှန်ချီဟွမ်းက ကားကိုခဏရပ်လိုက်တော့ နှင်းထူနေကာ အေးစက်နေသည်။ ကားကိုအရင်ဆုံး အပူပေးလိုက်ပြီး ရှန်းယုဟန်၏လက်ကလည်း ဖြည်းဖြည်းချင်း နွေးလာကာ ထို့နောက်မှသာ သူက စမောင်းလိုက်သည်။ 


ရှန်းယုဟန်က သူ့ခေါင်းကိုစောင်းကာ သူ့ကိုကြည့်လိုက်သည်။ “ယောကျာ်း၊ ခင်ဗျားက အမှတ်အများဆုံးသူမှ မဟုတ်တာ၊ ကျွန်တော်က ဘယ်လိုလုပ်အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်နိုင်မှာလဲ?”


“မင်းမသိပါဘူး။ ငါက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း ကျန်းချန်မြို့ရဲ့ သိပ္ပံပညာမှာ အမှတ်အများဆုံးရခဲ့တဲ့လူဖြစ်ခဲ့တာ၊ အခုမင်းဆန္ဒပြည့်သွားပြီ၊ မင်းက အမှတ်အများဆုံးသူရဲ့ ဇနီးပဲ။ ဘယ်လိုခံစားရလဲ?” ရှန်ချီဟွမ်းက မေးစေ့ကိုမော့ကာ ဂုဏ်ယူစွာပြောလိုက်သည်။ 


ရှန်းယုဟန်က အနည်းငယ်အံ့သြသွားသည်။ “တကယ်? ယောကျာ်း…ခင်ဗျားက ချူးရှို့ထက်ပိုတော်တာလား?” သူက အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်သွားပြီလား?


“ချူးရှို့က ငါ့လောက်မတော်ဘူး။ သူက ငါ့အဖြေတွေကို သိချင်လို့ ငါ့စာအုပ်ကိုငှားလေ့ရှိတယ်။” ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါကျောင်းမှာတုန်းက အမြဲတမ်းပထမပဲ ..သူကတော့ဒုတိယ၊ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ တတိယနေရာပဲရခဲ့တယ်။ သူ နိုင်ငံခြားသွားခဲ့တာက သူတက်ချင်တဲ့ကျောင်းကို မတက်နိုင်ခဲ့လို့ပဲ။”


ရှန်းယုဟန်က သူ့ခင်ပွန်းကို အထင်မကြီးပဲ မနေနိုင်တော့ချေ။ သူက ရုတ်တရက်ကြီး အမှတ်အများဆုံးသူရဲ့ ဇနီးဖြစ်သွားတာကြောင့် ပျော်ရွှင်သွားသည်။ သူက အဖေ့ရဲ့ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းပေးလိုက်တာလို့ သတ်မှတ်လို့ရလား?



ရှန်းယုဟန်က သိလိုစိတ်ပြင်းပြကာ သူ့ကိုမေးလိုက်သည်။ “ဒါဆို ခင်ဗျားက ချူးရှို့နဲ့ ဆက်ဆံရေးကောင်းရှိလား?”


ရှန်ချီဟွမ်းကပြောလိုက်သည်။ “မဆိုးပါဘူး။ သာမန်သူငယ်ချင်းနဲ့ သူငယ်ချင်းကောင်းရဲ့ကြားမှာရှိပေမယ့် ငါတို့က မတွေ့ရတာ နှစ်များစွာကြာပြီမို့ ဆက်ဆံရေးက ကျန်းလောလင်းနဲ့ တခြားသူတွေလို တူတူပါပဲ။ မနေ့ညက သူ့ကိုတစ်ညအိပ်ဖို့ ခေါ်လာတာကို မင်းကိုမပြောမိလို့ ဒီမနက်စိတ်ဆိုးခဲ့သေးလား?”


ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “စိတ်မဆိုးပါဘူး။ ယောကျာ်းက အကူအညီလိုလို့ ကူညီပေးခဲ့တာပဲ။ နောက်တစ်ခါဆို မက်ဆေ့ပို့ပေးပါ။ အဲ့ဒါမှကျွန်တော်သိမှာ။” သူက တွန့်တိုတတ်သူမဟုတ်ပေ။ လူတစ်ယောက်တည်းက ကိစ္စရပ်တိုင်းကို ဂရုစိုက်ဖို့ မဖြစ်နိုင်ပေ။


ရှန်ချီဟွမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မတွေးခဲ့မိတာငါပါ၊ အစက မင်းကို ဝီချက်မက်ဆေ့ပို့ချင်ပေမယ့် ဝီချက်မက်ဆေ့မှာ အချက်ပေးသံပါတော့ မင်းထပြီး ဖတ်နေရလိမ့်မယ်။”


သူ့ခင်ပွန်းက စဥ်းစားပေးတတ်လွန်းပြီး အမှတ်အမြင့်ဆုံးသူ၏ ရာထူးတိုးခံရသော ​ကြင်စဦးဇနီးလေး၏ နှလုံးသားက နွေးထွေးသွားသည်။ နှင်းကျတဲ့နေ့တွေကလည်း နွေးထွေးပုံရသည်။


ရှန်းယုဟန်က သူ့ဖုန်း၏သတိပေးချက်ကို မပိတ်ထားပေ၊ အကြောင်းမှာ သူ့ခင်ပွန်းမက်ဆေ့ပို့ရင် ​အမြန်ဆုံးမြင်နိုင်လို့ပင်။

ဒါပေါ့၊ သူက ဝီချက်သတိပေးချက်အသံကို ဘယ်နားပိတ်ရမလဲမသိပေ။ လောလောဆယ်တော့ အသံကိုတိုးပြီး ညှိထားလိုက်မည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နေ့လည်မှာ ဟော့ပေါ့စားဖို့ ခေါ်သွားသည်။ စားပြီးနောက် သူ့တစ်ကိုယ်လုံးက နွေးလာခဲ့သည်။


ထို့နောက် နေ့လည်မှာ သူက ချင်တူရိယာကိုဝယ်ဖို့သွားခဲ့သည်။


ဒါက ရှန်ချီဟွမ်းမသိသည့် အရာတစ်ခုဖြစ်တာကြောင့် ချင်တူရိယာဆိုင်ကို လျှိုထန်ကညွှန်းပေးခဲ့သည်။ နောက်ဆုံးအကြိမ်က ချင်တီးခတ်နည်းသင်ယူနေသည့် မိန်းကလေးကိုလိုက်ဖို့ လျှိုထန်က ချင်တူရိယာကို ဝယ်ပေးခဲ့သေးသည်။ အရည်အသွေးက ဆိုးမယ့်ပုံမပေါ်တာကြောင့် ရှန်ချီဟွမ်းက သူညွှန်းပေးသော ဘရန်းဆိုင်ကို သွားခဲ့သည်။ 


ရှန်းယုဟန်က ဆိုင်ကိုရောက်တာနဲ့ သူက တူရိယာကိုရွေးလိုက်ပြီး ချင်ကိုဝယ်တဲ့အခါ ပစ္စည်းနှင့် အသံအရည်အသွေးပိုင်းကို ကြည့်သင့်သည်။ ဒါပေါ့ အရေးကြီးဆုံးက ကြိုးကို စစ်ဆေးဖို့ဖြစ်ပြီး အမျိုးအစားကောင်းက တော်ရုံရှာမတွေ့နိုင်ပေ။


သူက ချင်နှစ်မျိုးကို စမ်းကြည့်ပြီး ကြိုးက သာမန်ဖြစ်နေ၍ သူက သူတို့ကိုမ​ကြိုက်ပေ၊ သူသုံးဖူးသော အမျိုးအစားနှင့်ကွာနေသည်။


သူဌေးက နောက်ထပ်ချင်တစ်မျိုးကို ညွှန်းပေးသည်။ “ညီလေး၊ ဒီတစ်ခုကို ဘာလို့မစမ်းကြည့်တာလဲ၊ အဲ့ဒါက နာမည်ကျော် မစ္စတာရှီးကိုယ်တိုင် လက်နဲ့လုပ်ထားတာ”


ရှန်းယုဟန်က ချင်၏ကိုယ်ထည်ကို ညင်ညင်သာသာ ထိကြည့်ပြီး ချင်၏ပုံစံက အရင်နှစ်ခုထက်ပိုကောင်းသည်။ သူက ထိုင်လိုက်ပြီး notes တချို့ကိုတီးကြည့်လိုက်သည်။ သူက ချင်ကိုမထိတာကြာပြီမို့ သူ့လက်က နာလာပြီး ဆက်မတီးနိုင်တော့ချေ။


ရှန်ချီဟွမ်းက သူ့ဘေးမှာရပ်နေပြီး သူမကြားဖူးသော ချင်အသံကိုနားထောင်နေပြီး သူ့နှလုံးသားက အေးချမ်းသွားသည်။ ထို့နောက် သူက ချင်ကိုအလေးအနက်တီးနေသော ရှန်းယုဟန်ကိုကြည့်ကာ အနည်းငယ်မိန်းမောသွားသည်။ ထိုအချိန်မှာ ရှန်းယုဟန်က ချင်တီးခတ်ရင်း ပျော်ရွှင်နေသော ရှေးခတ်က လူငယ်လေးတစ်ယောက်နှင့်တူနေပြီး သူက သူ့ပန်းချီကားကို မတွေးပဲမနေနိုင်ချေ။ (နွေဦးစတင်ခြင်း) သူက သူ၏ ထူးဆန်းသော ရင်ခုန်သံကို ကြားလိုက်ရသည်။


ရှန်းယုဟန်က သီချင်းတစ်ပုဒ် မပြီးလိုက်ပေမယ့် အသံကိုတော့စစ်ဆေးခဲ့သည်။ ကြိုးက ပြေလျော့နေပြီး ခံစားချက်ကကောင်းနေကာ သူက ဒီချင်ကိုလိုချင်သွားသည်။ 


“ယောကျာ်း၊ ကျွန်တော်ရွေးပြီးပြီ၊ ဒီတစ်ခုပဲ။”


ရင်ခုန်သံကြောင့် ထိတ်လန့်နေသော သူ့ခင်ပွန်းက ငွေမချေခင် ခဏလောက် အေးခဲသွားသည်။


ငွေပေးချေတာကတော့ စဥ်းစားဖို့ပင်မလို…သူက အလွန်ရင်းနှီးနေသည်။


ရှန်ချီဟွမ်းကတွေးလိုက်သည်။ သူ ရှန်းယုဟန်ကို အစတည်းက စန္ဒယားသင်တန်း ဘာလို့မအပ်ခဲ့တာလဲ?

သူက အသိစိတ်ဝင်သွားသည်။ လက်ရေးလှ၊ ပန်းချီ၊ ပန်းအလှဆင်သင်တန်း၊ အချက်အပြုတ်သင်တန်းတွေက လိုမှမလိုခဲ့တာ!


ကားပေါ်ပြန်ရောက်ပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန် စိတ်ကြည်နေတာကို သတိထားမိသဖြင့် မေးလိုက်သည်။ “ဒီလောက်တောင်ပျော်လား?”



ရှန်းယုဟန်က အပြုံးလေးနဲ့ပြောလိုက်သည်။ “ပျော်တယ်၊ ကျွန်တော် ဒီနေ့ ချင်ရခဲ့ပြီ၊ ပြီး​တော့ အမှတ်အများဆုံးသူရဲ့ ဇနီးလည်းဖြစ်ခဲ့တယ်။”


ရှန်ချီဟွမ်းက ရှေ့တိုးကာ အသေးစားတောင်းဆိုလိုက်သည်။ “ဒါဆို..အမှတ်အများဆုံးသူရဲ့ဇနီးလေးရေ… မင်းရဲ့အရှင်ခင်ပွန်းကို မနမ်းချင်ဘူးလား”


ရှန်းယုဟန်က သူ့ခုံမှာနောက်မှီထားကာ သူ့မျက်နှာက နီမြန်းနေပြီး သူ့ခင်ပွန်းစကားကို နား​ထောင်ကာ တီးတိုးရေရွတ်လိုက်သည်။ “အရှင်ခင်ပွန်း၊ အပြင်ရောက်နေတယ်လေ”


ရှန်ချီဟွမ်းက သူ့ကိုစချင်သေးပေမယ့် ဘယ်အလိုက်မသိတဲ့ကောင်က သူ့ကိုဖုန်းခေါ်ခဲ့တာလဲ မသိပေ။


ခေါ်ဆိုသူမှာ သူ့အစ်ကိုကြီးဖြစ်တာကိုတွေ့တော့ ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိတော့ပဲ ဖုန်းမဖြေခင် ရှန်းယုဟန်၏ နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည်။



သူ့အစ်ကိုကြီးက ပြောလာသည်။ “ချီဟွမ်း၊ အဖေလဲကျသွားလို့ ဆေးရုံကိုရောက်နေတာ တစ်နေရာကြာပြီ၊ ဆေးရုံကိုအခုလာခဲ့။”