Chapter 48.2
“ကျက်သရေမရှိဘူး”
လျှိုထန်က သူ့အသုံးအဆောင်ပစ္စည်းများက သူ့အဖေ၏ပစ္စည်းများထက် ပိုပြီးသပ်ရပ်သည်ဟု တွေးမိသွားသည်။ ပြီးတော့ သူက လုံးဝမကြမ်းတမ်းပေ၊ သူက သူဒိတ်ဖူးခဲ့သည့် အမျိုးသမီးတွေထက် ပိုလှပြီး အဝတ်အစားမှာလည်း အမြင်ရှိသည်။ သူတပ်ထားသည့် နားကပ်နှင့် လက်ကောက်ကြိုးမှာ အလွန်ချဲ့ကားထားသည့်ပုံမပေါ်သလို သူ့ခန္ဓာကိုယ်မှာ တပ်ဆင်ဖို့ လုပ်ထားသလို စိတ်နေသဘောထားနဲ့လည်း ကိုက်ညီနေသည်။ သူ့အပြုံးကနွေးထွေးပြီး နူးညံ့သည်။ သူက သူ့ဖခင်နှင့် ရင်ဆိုင်ရာမှာ သတိရှိပြီး ယဥ်ကျေးသည်။ အတိုချုပ်ပြောရရင် ယဥ်ကျေးသိမ်မွေ့သော လူငယ်လေးတစ်ယောက်၏ လေထုကို ပိုင်ဆိုင်ထားသည်။
ဒီလိုလူမျိုးက ထက်မြက်သင့်သည်။ သူက ရှန်ချီယွင်ကြောင့် အမျိုးသမီးတစ်ဦးနဲ့ ရန်ဖြစ်ပြီး ရေထဲကိုကျခဲ့တာ ဘယ်လိုဖြစ်နိုင်တာလဲ?
လျှိုထန်က လူတစ်ယောက်၏စိတ်နေသဘောထားကို အတုအယောင်ဖန်တီးလို့မရမှန်းသိသည်။ ကိုယ်ကျင့်သိက္ခာအဆင့်အတန်းမရှိရင် တစ်ချက်ကြည့်ရုံနဲ့ ချို့ယွင်းချက်များ ပေါ်လာနိုင်သည်။ သို့သော် ထိုရှန်းယုဟန်က နောက်ဆုံးအကြိမ်ရေပူစမ်းမှာ ဆုံကတည်းက အောက်တန်းကျသောလုပ်ရပ်များကို မလုပ်ခဲ့သလို ကျိန်ဆဲသောစကားလုံးကိုတောင် မသုံးခဲ့ပေ။ ထိုသည်မှာ ခေတ်မီလူငယ်တွေကြား အတော်ရှားပါးသည့်အရာဖြစ်သည်။
၎င်းကိုစီစစ်ပြီးနောက် လောင်ရှန် ချစ်မိသွားတာကို မအံ့သြတော့ပေ။ ရှန်းယုဟန်က အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ရင် သူက သူ့ကိုလိုက်ခဲ့မိလောက်သည်။
ရှန်းယုဟန်က အချိန်တိုအတွင်း စာလုံးအကြီးတစ်ချို့ကိုရေးကာ လေ့ကျင့်တာသာဖြစ်၍ သူက သူ့ဘောပင်ကိုချကာ လက်ရေးနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေလား စစ်ဆေးနေစဥ် လူနှစ်ယောက်က တံခါးဝကိုရောက်လာခဲ့သည်။
လူသားအားလုံးကို အထင်သေးသလို ပြုမူနေသည့် မောက်မာသောအမူအရာရှိသည့် အမျိုးသားတစ်ယောက်က သခင်ကြီးလျှို၏ ပြိုင်ဘက်ဟောင်းဆီကို လျှောက်သွားခဲ့သည်။ နောက်တစ်ယောက်ကတော့ ရှန်းယုဟန်နှင့်တစ်ခါဆုံဖူးသည့် ဝမ်းယိုဖြစ်သည်။ သူက လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှန်းယုဟန်ကို ဒဏ်ရာအသေးစားရအောင် လုပ်ခဲ့သူဖြစ်သည်။
ဝမ်းယိုက ရှန်းယုဟန်ကို တစ်ချက်ကြည့်ပြီး အံ့အားသင့်သွားသည်။ သူက ထိုနေ့က သူ့ဖုန်းနံပါတ်ကိုပေးခဲ့ပြီး သူဝယ်လာသော ပစ္စည်းတွေ ပျက်စီးသွားပြီလားဆိုတာ စိုးရိမ်နေခဲ့ပေမယ့် တစ်ဖက်လူက သူ့ကိုအကြောင်းမပြန်ခဲ့သဖြင့် အနာဂတ်မှာ ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့သည်။
သူက ဆံပင်မီးခိုးရောင်အဘိုးကြီးတစ်ယောက်ကို အရင်သွားနှုတ်ဆက်ပြီး ရှန်းယုဟန်ဆီလျှောက်လာခဲ့သည်။
ဝမ်းယိုဆီမှ ငယ်ရွက်နုပျိုသောအားမာန်ကို အားလုံးမြင်နိုင်ပြီး သူ့စကားကတောင် စိတ်အားထက်သန်နေခဲ့သည်။ “ဟိုး၊ မင်းနေကောင်းလား၊ ငါမင်းကိုထပ်တွေ့ရမယ်လို့ မထင်ခဲ့ဘူး။”
ရှန်းယုဟန်က ဘောပင်ကို ဘောပင်ခွက်ထဲထည့်ပြီး ခေါင်းညိတ်ပြသည်။ “ဟယ်လို”
“မင်းလက်ပြန်ကောင်းသွားပြီလား?” ဝမ်းယိုက သူ့လက်ကိုစိတ်ပူနေဆဲပင်။
“ကောင်းသွားပြီ” ရှန်းယုဟန်က သူ့လက်ဖဝါးကိုပြလိုက်သည်။
လောင်ရှန်၏ ညွှန်ကြားမှုကိုတွေးကာ လျှိုထန်က သူ့ရှေ့က လူငယ်လေးကို ခန့်မှန်းကာမေးလိုက်သည်။ “ယုဟန်၊ ဒါဘယ်သူလဲ?”
ဝမ်းယိုက လူမှုရေးအရမိတ်ဆက်လိုက်သည်။ “ကျွန်တော့်နာမည်က ဝမ်းယို၊ ခင်ဗျားတို့ကို ဘယ်လိုခေါ်ရမလဲတော့မသိဘူး။”
ကြည့်ရတာ သူက ရှန်းယုဟန်ရဲ့ နာမည်ကိုတောင်မသိသေးပုံပဲ။ ဒါဆို လောင်ရှန်အတွက် ထိုလူကိုစောင့်ကြည့်ဖို့ မလိုလောက်ဘူး….သူကလည်း ထိုလူကိုမသိဘူးဆိုတော့..
ဒုတိယအကြိမ်တွေ့ဆုံမှုမှာ ရှန်းယုဟန်က တစ်ဖက်လူကို သူ့နာမည်ပြောပြလိုက်ပြီး လျှိုထန်ကိုလည်း အတိုချုံးမိတ်ဆက်ပေးလိုက်သည်။
လူတွေ တဖြည်းဖြည်းရောက်ရှိလာတာနဲ့ ပြိုင်ပွဲစဖို့ အချိန်နီးလာပြီး ဝမ်းယိုမှာ ရှန်းယုဟန်ဘေးမှာရပ်ဖို့ နေရာတစ်နေရာတွေ့သွားခဲ့သည်။
ပြိုင်ပွဲလုပ်ငန်းစဥ်ကို ကြေညာဖို့ အချိန်ကျပြီ။
သူတို့ကို စာရေးချိန်နာရီဝက်နှင့် ပန်းချီဆွဲဖို့အချိန် နှစ်နာရီပေးထားပြီး နေ့လည် ၁၂နာရီမတိုင်ခင်ပြီးရမည်။ ဆုပေးပွဲက ၂နာရီစမှာဖြစ်ပြီး ကြားထဲမှာ အကဲဖြတ်ဖို့နဲ့ အဆင့်သတ်မှတ်ဖို့ အချိန်နှစ်နာရီရှိသည်။
လုပ်ငန်းစဥ်ကိုကြေညာပြီးနောက် လူငယ်တွေကို အချိန်ပေးခဲ့ပြီး လူကြီးတွေက လက်ဖက်ရည်ပါတီလုပ်ဖို့ ကပ်လျက်က အစည်းအဝေးခန်းကို သွားခဲ့ကြသည်။
စာရေးဖို့အချိန်ကိုကန့်သတ်ထားပေမယ့် ရှန်းယုဟန်၏နှုန်းက အလွန်မြန်သည်။ ရေးဆွဲချက်က အလွန်မြန်ပြီး စတိုင်က ယခုလေးတင် လျှိုထန်တွေ့ခဲ့ရသော စာလုံးများနှင့်မတူပေ။ လျှိုထန်က ရှန်းယုဟန်ကို မှင်ကြိတ်ပေးနေပြီး ရှန်းယုဟန် လက်ရေးလှရေးပြီးတာကို ကြည့်နေသည်။
သူက တိုးတိုးလေးမေးလိုက်သည်။ “မင်း တခြားလက်ရေးလှပုံစံကိုသိလား?”
ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ကျွန်တော် အားလပ်ချိန်တွေမှာ တခြားလက်ရေးစာလုံးတွေကို လေ့လာခဲ့တယ်။ သူတို့ထုတ်ပေးတဲ့ကဗျာက ဒီလိုစာလုံးမျိုးနဲ့ ပိုလိုက်ဖက်မယ်ထင်တယ်။”
“စဥ်းစားတတ်တာပဲ၊ အဲ့ဒါအရမ်းကောင်းတယ်လို့ငါထင်တယ်။” လျှိုထန်က သူ့လက်ရေးလှကိုကြည့်ကာ သက်တောင့်သက်သာ ခံစားရသည်။ “မင်းရဲ့လက်ရေးလှကို လက်မှတ်ထိုးပြီး ငါ့ကိုပေးပါလား”
“လေ့ကျင့်ထားတဲ့တစ်ခုလား?”
“ဟုတ်တယ်”
“တကယ်တော့ ကျွန်တော်ခင်ဗျားအတွက် ထပ်ရေးပေးလို့ရပါတယ်။”
“ရပါတယ်..ရပါတယ်” သူကလက်ခံရဲပေမယ့် လောင်ရှန်ကလက်ခံမှာမဟုတ်။ ရှန်းယုဟန်ကို အခွင့်ကောင်းယူတယ်ထင်ပြီး မုန့်ဖို့ပမဏတစ်ခုကို ထပ်ရိတ်သွားနိုင်သည်။
သို့သော် သူက ဒီနေ့မှာ ရှန်းယုဟန်အပေါ် အထင်ကြီးမိသည်။ သူ့အရည်အချင်းက ကြွားရုံသာမဟုတ်ပဲ လက်ရေးက အတုအယောင်လည်းမဟုတ်ပေ။
ရှန်းယုဟန်က ရေးပြီးတော့ လက်ရေးလှကို လက်မှတ်ထိုးကာ ဘေးမှာအခြောက်ခံလိုက်သည်။ ထို့နောက် လျှိုထန်က သူပန်းချီဆွဲနေစဥ် ပြခန်းမှာချိတ်ဆွဲလိုက်သည်။
ယနေ့အတွက် ပန်းချီကား theme က အလွန်ရိုးရှင်းပြီး “ဆောင်းရာသီ”ဆိုသော စကားလုံးတစ်လုံးသာပါသည်။
“ဆောင်းရာသီ”ဆိုသောစကားလုံးက အရာများစွာကို အကျုံးဝင်စေပြီး ပုံစံအမျိုးမျိုးကို ရေးဆွဲနိုင်ပေမယ့် ရှန်းယုဟန်က စိတ်ကူးတစ်ခု အမြန်ရသွားခဲ့သည်။
သူက သူ၏ဖန်တီးမှုစိတ်ကူးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး သူက ချီတိုင်းပြည်၏ အရာအားလုံးကိုလည်း ထိန်းသိမ်းထားချင်ဆဲဖြစ်သည်။ ဤအခြေအနေမှာ အခွင့်အရေးရလာတော့ ဘာလို့အခွင့်ကောင်းမယူရမှာလဲ။ ပြီးတော့ ချီတိုင်းပြည်က ပြည်သူများ၏ဘဝရှုခင်းနှင့် အငွေ့အသက်ကို လူတွေကိုသိစေချင်သည်။
သူ့မှာဖန်တီးဖို့ အချိန်နှစ်နာရီသာရှိတာကြောင့် သူက ခက်ခဲတာဆွဲလို့မရပေ။ ပန်းချီကားကတင် သူလွယ်လွယ်လုပ်လို့ရသည့် အရာတစ်ခုဖြစ်ပြီးခဲ့ပြီ။
သူက ရှုခင်းလေးတစ်ခုကို ရွေးချယ်ချင်ခဲ့သည်။
လျှိုထန်က ရှန်းယုဟန်ဘေးမှာထိုင်ပြီး သူ့အတွက်မှင်ကြိတ်ပေးနေသည်။ သူက လက်နာလာလို့ လက်ကောက်ဝတ်ကိုပွတ်လိုက်ပေမယ့် ရှန်းယုဟန်ကိုတော့ အနှောင့်အယှက်မဖြစ်စေခဲ့ပေ။ ရှန်းယုဟန်က သူ့ပန်းချီကမ္ဘာထဲမှာ နစ်မြှုပ်နေပြီး လျှိုထန်က ထိုမြင်ကွင်းကြောင့် ဆွဲဆောင်ခံရလုနီးပါးပင်။
နှစ်နာရီကြာတော့ ရှန်းယုဟန်က သူ့ပန်းချီကို လက်မှတ်ထိုးပြီး အပ်လိုက်သည်။
လျှိုထန်က သူ့ပန်းချီကြောင့် သဘောခွေ့နေပြီး ယင်းမှာ လှလွန်းသည်။ သူက ပန်းချီကား၏ဖန်တီးမှုကို တွေ့မြင်ခဲ့ရသည်။ ထိုအချိန်မှာ သူက ပန်းချီအရည်အသွေးကို အာမခံနိုင်ပြီး တတိယမြောက် ပန်းချီကား၏နာမည်ကို စဥ်းစားနေသည်။
(ဆောင်းယဥ်စွန်းချိန်)၊ (နွေဦးစတင်ချိန်).....ဒီတစ်ခုကိုဘယ်လိုခေါ်မလဲ?
ရှန်းယုဟန်က လျှိုထန်ကိုပြောလိုက်သည်။ “ဘဝရှုခင်းပန်းချီဆိုတော့ (လေဟာပြင်စျေး) လို့ခေါ်ကြတာပေါ့။”
လျှိုထန်က (လေဟာပြင်စျေး) ဆိုသောနာမည်က ရွေးချယ်မှုကောင်းဖြစ်ပြီး သူက ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်သောပန်းချီကိုကြည့်ခဲ့ရသည်။ သူက ထိုနေရာမှာရှိနေခဲ့သလိုပင် ခံစားချက်က တကယ်ကိုထူးခြားသည်။ လောင်ရှန်က တကယ့်ရတနာလေးကိုတွေ့ခဲ့တာပဲ….
သူတို့နှစ်ယောက်က ပြိုင်ပွဲခန်းမကနေ နောက်ဆုံးမှထွက်လာပြီး ရှန်းယုဟန်က တစ်မနက်လုံးမတ်တပ်ရပ်ခဲ့တာကြောင့် သူ့ခြေထောက်က အနည်းငယ်ထုံကျင်ကိုက်ခဲနေသည်။
လျှိုထန်က သူခြေထောက်ထုနေတာကိုတွေ့တော့ ပြောလိုက်သည်။ “မင်းက လေကျင့်ခန်းမလုပ်လို့ဖြစ်မယ်။ လူငယ်တွေက များများပြေးသင့်တယ်။”
“ကောင်းပြီ၊နားလည်ပါပြီ” ရှန်းယုဟန်က လေ့ကျင့်ခန်းစကားလုံးနှင့်မစိမ်းပေ၊ သူ့ခင်ပွန်းက အားကစားလေ့ကျင့်ခန်းထဲမှာ ညဆိုတစ်နာရီပြေးပြီး ချွေးတလုံးလုံးဖြစ်လေ့ရှိသည်။ အချိန်တိုင်းမှာ သူ့ချွေးတွေကလည်း မိုးရေစက်လိုစီးကျနေတတ်သည်။
သခင်ကြီးလျှိုက အပြင်မှာလူတွေနဲ့စကားပြောနေပြီး သူတို့ထွက်လာတာကိုတွေ့တော့ ပန်းချီဆွဲတာအဆင်ပြေရဲ့လား မေးခဲ့သည်။ အကြောင်းမှာ သူတို့က ဝင်ကြည့်ခွင့်မရှိလို့ပင်။
လျှိုထန်က သူရိုက်ထားသည့်ဗီဒီကိုပေးလိုက်သည်။ “ယုဟန်ဆွဲထားတာ ကြည့်လိုက်ပါဦး.. သူ့ကို (လေဟာပြင်စျေး)လို့ခေါ်တယ်။”
သခင်ကြီးလျှိုက ပန်းချီကိုမြင်ပြီးနောက် သူ့မျက်လုံးကတောက်ပလာပေမယ့် သူက လူတွေဒီလိုမျိုးဝတ်ဆင်ထားတာကို တစ်နေရာမှာမြင်ဖူးသလို ခံစားလိုက်ရသည်။ သို့သော် သူက လက်ရှိမှာ မမှတ်မိပေ။ “ရှောင်ရှန်းက တကယ်ကိုဉာဏ်ကြီးရှင်ပဲ၊ ဒီပန်းချီကအရမ်းလှတယ်။ သူတို့အဆင့်သတ်မှတ်ပြီးမှ ငါထပ်ကြည့်ဦးမယ်။”
ရှန်းယုဟန်က သူ့လက်ကောက်ဝတ်ကိုပွတ်ကာ ပြောလိုက်သည်။ “အန်ကယ်က ကြင်နာလွန်းနေပြီ။”
သူတို့က ဟိုတယ်မှာ နေ့လည်စာစီစဥ်ထားပြီး လျှိုသားအဖက ရှန်းယုဟန်ကိုခေါ်သွားပြီး ရှန်းယုဟန်ကလည်း ဗိုက်ဆာနေခဲ့သည်။
သူတို့က စားပွဲနှစ်ခုခွဲထားပြီး အခန်းနှစ်ခန်းရှိသည်။ တစ်ခန်းက လူကြီးများအတွက်ဖြစ်ပြီး တစ်ခန်းက လူငယ်တွေအတွက်ဖြစ်သည်။ ရှန်းယုဟန်နှင့် လျှိုထန်က လူငယ်အခန်းကိုသွားခဲ့သည်။ သူအပြင်ထွက်ရင် အမျိုးသားများနှင့် စားပွဲတစ်ခုတည်းမှာ မကြာခဏထိုင်လေ့ရှိသော်လည်း ယင်းမှာ သူ့ခင်ပွန်းရှိနေစဥ်သာဖြစ်သည်။ ဒီတစ်ကြိမ်မှာ လူအများကြီးပြည့်နေသဖြင့် သူက အတော်လေးနေရခက်နေသည်။
ဝမ်းယိုက ရှန်းယုဟန်ကို သူ့ဘေးမှာထိုင်စေချင်ပမယ့် ရှန်းယုဟန်က မိန်းကလေးတစ်ယောက်ဘေးကို ရွေးချယ်ပြီး ဝမ်းယိုဘေးကခုံကို လျှိုထန်အား ပေးခဲ့သည်။
ဝမ်းယိုနဲ့လျှိုထန် “......”
လျှိုထန်က ဒါက ကောင်းတာပဲလို့တွေးလိုက်သည်။ ရှန်းယုဟန်က အမျိုးသားတွေကို ဘယ်လိုရှောင်မလဲသိသလို သံသယကို ရှောင်ရှားရမှန်းလည်းသိသည်။ ဒါတောင် လောင်ရှန်က ဘာကိုစိတ်ပူနေလဲမသိပေ။
လူတိုင်းထိုင်လို့ပြီးတော့ ဝိတ်တာက တစ်ယောက်ချင်းစီအတွက် ဟင်းပွဲများချပေးသည်။
စားပွဲတစ်ခုတည်းက လူငယ်များကြားမှာ မောက်မာသောတစ်ယောက်က လျှိုထန်နဲ့သိပြီး သူတို့စားပွဲကိုရောက်လာတာနဲ့ မောက်မာသောလူငယ်က သူ့ကိုကဲ့ရဲ့နေသည်။ သူတို့နှစ်ယောက်က အကြောင်းအရာတစ်ခုကို အကြိမ်များစွာဆွေးနွေးနေပြီး ထိုသည်မှာ လျှိုထန်က ဖုန်းဖြေဖို့အပြင်ထွက်သွားပြီး သီးသန့်ခန်းထဲက အနံ့ပျောက်မသွားခင်အထိဖြစ်သည်။
သို့သော် မောက်မာသောလူငယ်က အသာစီးမရခဲ့တာကြောင့် သူ့အမူအရာက မကျေမနပ်ဖြစ်နေပြီး လျှိုထန်က တိုက်ပွဲကနေ ထွက်ပြေးသွားတယ်လို့ ခံစားမိလိုက်သည်။ ထို့နောက် သူက ရှန်းယုဟန်ကို လက်ညိုးထိုးလိုက်သည်။
“ဟေး၊ မင်းကဘယ်သူလဲ၊ မင်းနဲ့လျှိုထန်ရဲ့ဆက်ဆံရေးက ဘာမို့လို့ သူကမင်းအတွက် မှင်ကြိတ်ပေးချင်ရတာလဲ” သူက ရှန်းယုဟန်နှင့် လျှိုထန်ကြားက ဆက်ဆံရေးကို တမင်တကာ အထင်လွဲအောင် ပြောခဲ့တာဖြစ်သည်။ “သူအခုယောကျာ်းလေးတွေကို ကြိုက်လာမယ်လို့ ငါမထင်ထားမိဘူး”
မယဥ်ကျေးတာကြောင့် ရှန်းယုဟန်က သူ့ကို့အကြည့်တစ်ချက်မပေးပေ။ ဝမ်းယိုက သည်းမခံနိုင်ပဲ ရှန်းယုဟန်ဘက်က ရပ်တည်ပေးခဲ့သည်။ “ကျန်းထုံ၊ ဘာလို့အဲ့လိုပြောနေတာလဲ၊ လူတစ်ယောက်မှာ နာမည်နဲ့ မျိုးရိုးနာမည်ရှိတယ်။”
ထိုမှသာ ရှန်းယုဟန်က သူတို့နှစ်ယောက်သိကြတာကို သဘောပေါက်သွားသည်။
“သူက လျှိုထန်လေ၊ မင်းမသိဘူးလား? မင်းက လျှိုထန်ဘယ်သူလဲနဲ့ သူဘယ်သခင်လေးတွေနဲ့ လည်ပတ်လဲဆိုတာကို မသိလောက်ဘူး။” ကျန်းထုံက တော်တော်သိပုံရသည်။ “အဲ့ဒီနေရာက မင်းလိုရိုးရှင်းတဲ့ကလေးတွေ သွားလို့ရတဲ့နေရာမျိုးမဟုတ်ဘူး။ သူတို့သခင်လေးအုပ်စုက တကယ်စားနိုင်သောက်နိုင်ကြတယ်။ ဒါပေမယ့် မင်းက မင်းအစ်ကိုရဲ့ ဖိတ်ခေါ်မှုကြောင့်သာမဟုတ်ရင် ဒီကိုအဖိတ်ခံရမှာမဟုတ်ဘူး။ အဲ့လိုဟာမျိုးက ငါ့ကိုအော်ရဲတယ်လား”
ဝမ်းယိုမှာ နွေးထွေးသောအကျင့်စရိုက်ရှိပြီး တခြားသူများကို ယဥ်ကျေးပေမယ့် သူက ငြင်းခုံတာမတော်ပေ။ သူက စိတ်တိုလာသောအခါ သူ့မျက်နှာက နီရဲလာသည်။ သူက ပါးစပ်ကိုအကြာကြီးဖွင့်ထားပေမယ့် ဆဲဆိုကြိမ်းမောင်းသည့်စကားလုံးကို မပြောနိုင်ပေ။ အဲ့လိုလုပ်တာထက် လူကိုသာ ထရိုက်ပစ်လိုက်မည်!
ကျန်းထုံက သူ့ကိုယ်သူဂုဏ်ယူနေပြီး တစ်ခုခုကိုဆက်ပြောမလို့ လုပ်ခါနီးမှာ ထပ်နားမထောင်နိုင်တော့သည့် ရှန်းယုဟန်က သူ့လက်ချောင်းများကို တစ်ရှူးနဲ့သုတ်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ “မင်းက တော်တော်မိုက်ရိုင်းတာပဲ၊ လူ့ကျင့်ဝတ်နားမလည်ဘူးလား၊ မင်းကဘယ်လိုဟာလဲ?” သူက ရေစိုတစ်ရှူးကို စားပွဲပေါ်တင်ကာ မတ်တပ်ရပ်လိုက်၏။ “မင်းနဲ့ထိုင်ရတာ လုံးဝကျက်သရေမရှိဘူး။”
ပြောပြီးသည်နှင့် ရှန်းယုဟန်က မတ်တပ်ရပ်ကာ သီးသန့်ခန်းမှထွက်သွားခဲ့သည်။
ဝမ်းယိုက ခဏတာအံ့သြသွားပြီး နောက်က ကမန်းကတန်း လိုက်သွားခဲ့သည်။ တခြားသူများက တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ကြည့်ကာ ရှန်းယုဟန်ဘေးမှာထိုင်နေသော မိန်းကလေးကလည်း ထထွက်သွားသည်။ ဘယ်သူကမှမမိုက်မဲပေ၊ သူတို့အားလုံးက ထရပ်ကာ ထွက်သွားကြသည်။