Chapter 50
Viewers 951

Chapter 50 


“ရုပ်ရှင်ကြည့်ခြင်း”


ဟိုတယ်စည်းဝေးခန်းရှိ ခင်ကျင်းထားသောခုံများမှာ မြင့်မားသောနောက်မှီထိုင်ခုံများဖြစ်ပြီး ရှန်းယုဟန်တို့သုံးယောက်က အနောက်မှာ ဝပ်ထိုင်နေကြပြီး သူတို့ရှေ့ကလူတွေက သူတို့ကိုမမြင်နိုင်ကြပေ။

ရှန်ချီဟွမ်းက ဟိုဘက်လှည့်နေပြီး ဒီဘက်ပြည့်လှည့်လာကာ သူကရှန်းယုဟန်ကိုရင်ဆိုင်လိုက်သည်။ သူက ဘာလို့စိတ်ပူနေရမှာလဲ။


သူ့စိတ်က လျင်မြန်စွာလည်ပတ်နေပြီး သူက အရေးပေါ်ကြံဖန်လိုက်သည်။ “ငါဘာမှမလုပ်ဘူး။ လျှိုထန်ရဲ့ ရှပ်အင်္ကျီကြယ်သီးပြုတ်ကျသွားလို့ သူ့ကိုကူရှာပေးနေတာ။”


သူပြောတာကြားတော့ ရှန်းယုဟန်က ကော်ဇော်ပေါ်မှာ ချက်ချင်းငုံ့ကာ သူတို့ကို ကူရှာပေးချင်နေသည်။ “ကျွန်တော်က မျက်စိလျင်တယ်။ အကိုလျှိုထန်ကို ကူရှာပေးမယ်လေ”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်မောင်းကို ချက်ချင်းကိုင်လိုက်ပြီး “ရပါတယ်၊ ကြယ်သီးတစ်လုံးပါပဲ၊ ပျောက်တော့လည်းပျောက်ပေါ့” သူပြောပြီးသည်နှင့် ရှန်းယုဟန် အာရုံစိုက်မနေတာကို အခွင့်ကောင်းယူကာ လျှိုထန်၏အင်္ကျီလက်ဖျားကို အတင်းဆောင့်ဆွဲလိုက်ပြီး သူ့အင်္ကျီပေါ်က ကြယ်သီးကိုဖြုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ “တွေ့ပြီ”


လျှိုထန်က ဒေါသမထိန်းနိုင်တော့လောက်အောင်ပင်၊ သူက ရှန်ချီဟွမ်းကိုဆွဲထိုးပစ်ချင်နေသည်။ ဒီစက်ဖို့ကောင်းတဲ့ ကလိန်ကကျစ်ကောင်ကတော့! ယွမ်တစ်သောင်းရှစ်​ထောင်ပေးရတဲ့ အင်္ကျီကွ! သူ့ဇနီးရှေ့မှာ ဆင်ခြေပေးချင်တာနဲ့ သူ့အင်္ကျီကို ဖျက်စီးပစ်စရာလား!


ရှန်းယုဟန်က ရှန်ချီဟွမ်း ကြမ်းပြင်ပေါ်မှာ အပြာနုရောင်ကြယ်သီးတစ်လုံး ကောက်လိုက်တာကို သူ့မျက်လုံးနဲ့မြင်လိုက်ရပြီး တကယ်ဖြစ်ပုံရတာကြောင့် သူက တိုးတိုးလေးအကြံပေးလိုက်သည်။ “အပ်ချည်ကြိုးတွေပွင့်ကုန်ပြီ၊ အကိုလျှိုထန် အိမ်ပြန်ပြီး ချုပ်လိုက်ပါ။ နောက်တစ်ခါကျရင် အရည်အသွေးကောင်းတာလေးဝယ်ပါ”


လျှိုထန်က အပြုံးတစ်ခု ညှစ်ထုတ်လိုက်ပြီး ရှန်ချီဟွမ်းလက်ထဲက ကြယ်သီးကိုဆွဲယူကာ အံကြိတ်ပြီးပြောလိုက်သည်။ “အင်း၊ အဲ့လောက်အရည်အသွေးညံ့တဲ့ အဝတ်အစားတွေကို ငါ့ကိုဘယ်လိုရောင်းရဲတာလဲ ဆိုင်ရှင်သူဌေးကို သွားမေးဦးမယ်!” ထိုစကားပြောပြီးနောက် သူက ရှေ့တန်းက ခုံမှာသွားထိုင်ပြီး ရှန်ချီဟွမ်းနဲ့အတူထိုင်ဖို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။


ရှန်ချီဟွမ်းက သူထွက်သွားတာတွေ့တော့ သက်ပြင်းတစ်ချက် ချက်ချင်းချလိုက်ပြီး နောက်ဆုံးတော့ ရှောင်ထွက်လိုက်နိုင်ပြီ။


သူက ရှန်းယုဟန်ကို ဆွဲထူကာ ဒီတစ်ကြိမ် ခုံပေါ်မှာ ပေါ်ပေါ်ထင်ထင်ထိုင်လိုက်သည်။



သူထိုင်ချလိုက်တာနဲ့ ရှန်ချီဟွမ်းက ရှန်းယုဟန်၏ သိလိုစိတ်ပြင်းပြသောအကြည့်ကို တွေ့သွားသည်။ “ငါ့ကိုဘာလို့ကြည့်နေတာလဲ၊ တင်ဆက်သူက မင်းနာမည်ကိုခေါ်လိုက်လား သေချာနား​ထောင်။”


ရှန်းယုဟန်က သံသယများပြည့်နေပေမယ့် သူ့ခင်ပွန်းက ​စကားလွှဲဖို့ကြိုးစားနေတာ သိသာတာကြောင့် သူက သူ့သံသယများကို အရင်ဘေးချိတ်ထားလိုက်သည်။


ထိုအချိန်မှာ တရုတ်ပန်းချီဆုပေးပွဲက ဒုတိယဆုကိုကြေညာလိုက်ပြီး ကျန်းထုံ အနိုင်ရခဲ့ကာ အားလုံးကပျော်နေကြပေမယ့် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုရှိမနေပဲ လူတိုင်းက သူ့အပေါ် အကြွေးသန်းတစ်ရာတင်နေသလိုပင်။

ရှန်းယုဟန်က သူဆုရမရကို စိတ်ပူမနေပေ။ သူက လက်ရေးလှမှာ ပထမဆုရထားပြီးလို့ တရုတ်ပန်းချီမှာ ဘယ်သူရရ တူတူပဲဖြစ်ပေမယ့် တစ်စုံတစ်ယောက်က သူ့ထက်ပိုစိတ်လှုပ်ရှားနေပြီး သူ့လက်ကို ရှန်ချီဟွမ်းက ငြိမ်ငြိမ်လေးကိုင်ထားသည်။ 


ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ “မင်းအရမ်းစိတ်လှုပ်ရှားနေမှာပေါ့။”


ရှန်းယုဟန်က သူ့ကိုယ်ပိုင်အသိစိတ်အတိုင်း ပြောလိုက်သည်။ “ကျွန်တော် စိတ်လှုပ်မရှားပါဘူး။”


ရှန်ချီဟွမ်းက ကော်ဇောပေါ်က သူ့ဖိနပ်ကို ပွတ်သပ်နေသည်။ “မင်းစိတ်လှုပ်ရှားနေပါတယ်။”


ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ သူ့စိတ်နှင့်ဆန့်ကျင်ဘက် ပြောဆိုလိုက်ရသည်။ “ဟုတ်ပါပြီ၊ ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။” ရှန်းယုဟန်က သူ့ကိုယ်သူ တည်ငြိမ်နေတယ်လို့ ခံစားမိလိုက်ပြီး အားမရှိသလိုဟန်ဆောင်ကာ သူ့ခင်ပွန်းလက်ကိုလှုပ်ရမ်းပြီး ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေတယ်။ ပထမဆုမရရင် ဘယ်လိုလုပ်ရမလဲ?”

ရှန်ချီဟွမ်းက သူ့ကိုနှစ်သိမ့်လိုက်သည်။ “မစိုးရိမ်ပါနဲ့၊ မင်းပထဆုရရ မရရ ကိစ္စမရှိဘူး။ ငါရှိတယ်။”


ရှန်းယုဟန်က သူ့ခင်ပွန်းက ဒီမှာ သူ့ထက် ပိုစိတ်လှုပ်ရှားနေတာကို တွေ့ခဲ့ရသည်။ “ဒါဆို စိတ်မပူတော့ပါဘူး။”


ရှန်ချီဟွမ်းက အမူအရာမဲ့စွာပြောလာသည်။ “မင်းစိတ်ပူသင့်တယ်။”


ရှန်းယုဟန်က သူ၏ပူပန်မှုကို ပြစရာမလိုတော့ပေ။ တင်ဆက်သူကလည်း သံသယဖန်တီးနေတာပြီးသွားတော့ အနိုင်ရသူ၏နာမည်ကို တိုက်ရိုက်ဖတ်လိုက်သည်!

“ပထမဆု၊ ရှန်းယုဟန်!”


ယခုလေးတင် စိတ်လှုပ်ရှားမှုကို ကြုံခဲ့ပြီးသော ရှန်းယုဟန်က လုံးဝမစိုးရိမ်တော့ပဲ လှည့်လိုက်တော့ သူ့ခင်ပွန်း၏ ပျော်ရွှင်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။


“ယောကျာ်း၊ ကျွန်တော် ဆုသွားယူတော့မယ်။”


“သွားတော့”


ရှန်းယုဟန်က လက်ရေးလှပထမဆုရတော့ အလယ်ခုံမှာထိုင်ခဲ့တာဖြစ်ပြီး ယခုချိန်မှာ သူက အနောက်တန်းမှ ရုတ်တရက်ထလာသည်။ လူတိုင်းက တင်ဆက်သူ၏အကြည့်နောက်မှလိုက်ကာ သူ့ကိုကြည့်နေပြီး သူ့ဘေးက သေသေသပ်သပ်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ကို တွေ့သွားသည်။ 


ထိုအချိန်မှာ ရှန်ချီဟွမ်းက သူ့ဇနီးမမြင်အောင် ပုန်းနေဖို့မလိုတော့ပေ။ ရှန်းယုဟန်က သူလာခဲ့တာကို သတိထားမိသွားပြီဖြစ်၍ သူက ပွင့်ပွင့်လင်းလင်းသာ ပြုမူလိုက်သည်။ သူက ယခုလေးတင် အလွန်ထိတ်လန့်သွားခဲ့တာဖြစ်သည်။ သူက ရှန်းယုဟန် ပထမဆုရသွားတာကို အရမ်းဝမ်းသာနေပြီး သူ့မျက်ခုံးမွှေးမှာ ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။


အတိတ်မှာ ရှန်းယုဟန်ဟာ တ​ခြားသူများရှေ့ စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ခဲ့သူ ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပေမယ့် ယခုရှန်းယုဟန်က အရမ်းထူးချွန်တာကြောင့် ရှန်ချီဟွမ်းက သူ့အတွက် အရမ်းဂုဏ်ယူသည်။ ဤသည်မှာ သူတို့၏ကျန်းချန်စာရေးဆရာအသင်းက ကျင်းပပေးသော ပြိုင်ပွဲဖြစ်ပြီး အကဲဖြတ်ဒိုင်များကလည်း မျှတသည်။ သူက အကဲဖြတ်ဒိုင်များ၏ နာမည်ကိုချရေးကာ သူတို့ဝေ့ပေါ်ပို့စ်ကို မျှဝေပြီး သူတို့၏ထူးခြားသောအမြင်ကို ချီးကျူးလိုက်ဦးမည်ဟု တွေးထားသည်။


ရှန်ချီဟွမ်းက ရှန်းယုဟန် စင်ပေါ်မှာ ဆုလက်ခံနေသောပုံကိုရိုက်ရန် ဖုန်းကိုထုတ်လိုက်ပြီး ဤသည်မှာ သူ့ကိုလက်ထပ်ပြီးနောက် ရှန်းယုဟန် ပထမဆုံးရခဲ့သည့် ဆုဖြစ်ပြီး သူက တစ်ချိန်တည်းမှာ ဆုနှစ်ခုရရှိခဲ့သဖြင့် ကျေနပ်စရာကောင်းပြီး ဂုဏ်ပြုဖို့ထိုက်တန်လွန်းသည်။


သို့သော် ရှန်းယုဟန်က ဆုယူပြီး ရှန်ချီဟွမ်းဆီကို ချက်ချင်းပြန်မလာခဲ့ပေ။


ရှန်းယုဟန်က ကျန်းချန်လက်ရေးလှနှင့် ပန်းချီအသင်းကို တိုက်ရိုက်ဝင်ရောက်နိုင်ကြောင်း အသင်းဥက္ကဋ္ဌက တစ်ခါတည်းကြေညာခဲ့ပြီး သူ့အရည်အချင်းက သိသာထင်ရှားနေပြီး အကဲဖြတ်ဒိုင်များက သူ့ကို အသိအမှတ်ပြုကာ အသင်းဝင်ခြင်းက သူ့အတွက် ပြီးပြည့်စုံပြီးသားအလှကို ပိုပြီးပြည့်စုံစေမှာလို့ပြောခဲ့သည်။


ရှန်းယုဟန်ကို ဖိတ်ခေါ်ခဲ့သော သခင်ကြီးလျှိုက အရယ်မရပ်တော့ပဲ သူက ဒီလူကိုခေါ်လာခဲ့တာလူတိုင်းသိသည်။ သူ့သားက သူ့လက်ရေးလှနဲ့ ပန်းချီပညာကို အမွေဆက်မခံဘူးလို့ နေ့တိုင်းဝေဖန်ခဲ့ကြသည့် အဘိုးကြီးများက ယခုချိန်မှာ သူ့ကိုအားကျနေကြသည်။ သူက ရှန်းယုဟန်ကို ဘယ်ကရှာတွေ့ခဲ့လဲမသိပေမယ့် ရှန်းယုဟန်က လျို့ဝှက်ထားသော သူ့တပည်လေးဖြစ်ပြီး ကမ္ဘာကြီးကို တစ်ကြိမ်တည်းနဲ့ အံ့သြစေခဲ့တာကို တွေ့ခဲ့ရသည်။


ဆုပေးပွဲပြီးတော့ ရှန်းယုဟန်က အသင်းဝန်ထမ်းနှင့် ပူးပေါင်းဆောင်ရွက်ကာ သူ့ဖုန်းနံပါတ်ကိုပေးလိုက်သည်။ သူတို့က သူ့ကို အဖွဲ့ဝင်အချက်အလက်ဖြည့်သွင်းဖို့ ဆက်သွယ်မည်ဖြစ်​ကြောင်း ပြောခဲ့သည်။


ရှန်းယုဟန်က အချက်အလက်တချို့အရင်ဖြည့်ပြီး သခင်ကြီးလျှို၏ ချီးကျူးစကားကိုနား​ထောင်ဖို့ ဆွဲခေါ်ခံလိုက်ရသည်။ ထို့နောက် ဝမ်းယို၊လျန်ချီနဲ့ တ​ခြားသူများက သူ့ကိုဂုဏ်ပြုစကားပြောပြီး ပန်းချီအတွက် စိတ်ကူးဘယ်လိုရခဲ့လဲမေးခဲ့သည်။ ယင်းမှာ တကယ်ကိုချစ်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းသလို တစ်ချက်ကြည့်ရုံဖြင့် ရှေးခတ်လူနေမှုဘဝနှင့်တူပြီး အစစ်လိုပင်။။ သို့သော် ရှန်းယုဟန်ကတော့ အစစ်နဲ့မတူပဲ ကြော့ရှင်းသောမင်းသားလေးတစ်ပါးနဲ့ ပိုတူ၏။ 


လူအများကြီးက ရှန်းယုဟန်ကို စားပွဲထောင့်တစ်ခုမှာ ပိတ်ထားကြပြီး သူက ပြုတ်ကျတော့မလိုဖြစ်သွားတာကြောင့် သန်မာသောလက်တစ်ဖက်က သူ့ကိုဖမ်းလိုက်သည်။


ထိုလူက လူတိုင်းရှေ့မှာ ကာကွယ်လိုသောအပြုအမူကိုပြခဲ့သည်။ “ရှန်းယုဟန်၊ မင်းအဆင်ပြေလား?”


ထိုမှသာ ရှန်းယုဟန်က လူအုပ်ကြီး၏ စိတ်အားထက်သန်မှုမှ လွတ်မြောက်လာပြီး လူတိုင်းက သူနဲ့သူငယ်ချင်းဖြစ်ချင်နေကြသည်။ သူက အတော်​လေးပျော်နေပြီး ​ခေါင်းမော့ကာ သူ့ခင်ပွန်းကိုကြည့်လိုက်စဥ် သူ့ခင်ပွန်း၏မျက်နှာမှာလည်း ပျော်ရွှင်မှုထင်ဟပ်နေပြီး တောက်ပသောမျက်လုံးများမှာ ထိုပျော်ရွှင်မှုကိုရေးသားထားသည်။


“ကောင်းပြီ၊ အိမ်ပြန်ကြမလား?”


ဝမ်းယိုက လူစိမ်းတစ်ယောက် ရှန်းယုဟန်ကို ရုတ်တရက် ပွေ့ဖက်လိုက်တာတွေ့သွားပြီး သူ့နှလုံးသားက တစ်ချက်ခုန်သွားကာ ချက်ချင်းအေးစက်သွားသည်။ ဒီလူက ရှန်းယုဟန်ရဲ့အစ်ကိုမလား?


သူက ရှန်းယုဟန်ကို ကမန်းကတန်းမေးလိုက်သည်။ “ယုဟန်၊ နောက်တစ်ခါ အပြင်မှာ နို့လက်ဖက်ရည်သွားသောက်ရအောင်”

ရှန်းယုဟန်က ပြုံးပြလိုက်သည်။ သူက တန်းပြီးလက်မခံခဲ့ပေ။ သူက သူ့ခင်ပွန်းရှေ့မှာ တခြားတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကို ဘယ်လိုလက်ခံရမှာလဲ။


သူ၏တုံ့ပြန်မှုကင်းမဲ့ခြင်းက ရှန်ချီဟွမ်း၏စိတ်ကို လုံခြုံမှုပေးခဲ့ပြီး သူက ဝမ်းယိုကိုကြည့်ကာ ပြောလိုက်သည်။ “မင်းကိုရင်းနှီးသလိုပဲ”


ရှန်းယုဟန်က သူ့ကိုသတိပေးလိုက်သည်။ “နောက်ဆုံးအကြိမ်က ကျွန်တော့်ကို မတော်တဆတိုက်မိခဲ့တာ သူလေ၊ သူ့နာမည်က ဝမ်းယို”


“အော်” ရှန်ချီဟွမ်းက ဝမ်းယို ရှန်းယုဟန်ကိုကြည့်သော ပုံစံကိုမကြိုက်ပေ။ “ဒါဆို သွားရအောင်”

ရှန်းယုဟန်က ပြန်ဖို့အချိန်ကျပြီလို့ ခံစားမိလိုက်ပြီး ဤသည်မှာ သူ အပြင်မှာ မရင်းနှီးသောလူများနှင့် အကြာကြီးနေခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူက သူ့လက်ရေးလှနှင့် ပန်းချီကိုလည်း ပြန်ယူသွားခဲ့သည်။ အကြောင်းမှာ ၎င်းက သေးငယ်သော သီးသန့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုများကို အသင်းက​ထောက်ပံ့တာမဟုတ်သဖြင့် သူတို့ပန်းချီကားများကို ပြန်သယ်သွားတာ ပြဿနာမရှိပေ။


ရှန်းယုဟန်က သူဆုံခဲ့သော သူငယ်ချင်းအနည်းငယ်ကို နှုတ်ဆက်လိုက်ပြီး ရှန်ချီဟွမ်းနှင့်အတူထွက်သွားသည်။ ရှန်ချီဟွမ်းက သူ့လက်ကိုကိုင်ထားချင်ပေမယ့် ကံမကောင်းစွာပင် ရှန်းယုဟန်က ပစ္စည်းအများကြီးကိုကိုင်ထားရပြီး သူ့လက်ကမအားတာကြောင့် သူက သူ့လက်ကိုမကိုင်နိုင်ခဲ့ပေ။


သူတို့ လျှိုသားအဖနဲ့ထွက်သွားပြီးနောက် ဝမ်းယိုက သူ့ကိုဖိတ်ခဲ့သော လူကြီးတစ်ယောက်ကိုမေးလိုက်သည်။ “အဘိုး၊ အဲ့ဒီလူကိုသိလား”


အဘိုးကပြောလိုက်သည်။ “သူ့ကိုသိတယ်လို့ပြောလို့ရတယ်။ သူက ရှန်မိသားစုကလေ။”


ဝမ်းယိုက မေးလိုက်သည်။ “ရှန်းယုဟန်က သူ့ဝမ်းကွဲလား?” သူက ထိုလူ ရှန်းယုဟန်ကို စကားပြောသည့်ပုံစံကိုမကြိုက်ပေ။ ယင်းမှာကြမ်းတမ်းလွန်ပြီး ရှန်းယုဟန်က ပိုပြီး ညင်ညင်သာသာ ဆက်ဆံခံရသင့်သည်။


အဘိုးကပြောလိုက်သည်။ “မသေချာဘူး။ ရှန်မိသားစုက က​မောက်ကမဖြစ်နေတာ။ လူငယ်တွေအများကြီးရှိတယ်။ ငါကအိုနေပြီဆိုတော့ ဘယ်သူကဘယ်သူလဲဆိုတာမပြောနိုင်ဘူး။ သူ့အဖေမျိုးဆက်ကလူတွေကိုပဲ မှတ်မိတယ်။ ဒီလူငယ်လေးက ရှန်မိသားစုမှာ အတော်လေးထူးချွန်တယ်။ သူက ငယ်ရွယ်ပြီးအလားအလာရှိတယ်။ ငါသူ့ကို ဧည့်ခံပွဲတွေမှာ အကြိမ်အနည်းငယ်တွေ့ဖူးတယ်။ တခြားဘာမှမသိဘူး။ မင်းအစ်ကိုနဲ့တခြားသူတွေကိုမေးကြည့်လေ။ ကျန်းမိသားစုနဲ့ရှန်မိသားစုက အချင်းချင်းသိကြတယ်။”


ဝမ်းယိုက ခေါင်းညိတ်ပြလိုက်သည်။ သူက ရှန်းယုဟန်မှာ ထိုမစ္စတာရှန်နှင့် ရင်းနှီးသောဆက်ဆံရေးရှိတာကိုသိသည်။ သူထင်ထားသလိုတော့မဟုတ်နိုင်ပေ။ ရှန်းယုဟန်ကချစ်ဖို့ကောင်းပြီး လှလည်းလှသည်။


ရှန်းယုဟန်​က ဆုဖလားများစွာဖြင့် ရှန်ချီဟွမ်း၏ကားထဲကိုဝင်ခဲ့ပြီး သူက သူ့ခင်ပွန်းကို ညအထိမတွေ့ရတော့ဘူးလို့ ထင်ထားတာဖြစ်ပေမယ့် နေ့လည်သုံးနာရီဟိုတယ်ကို ရောက်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။

“ယောကျာ်း၊ ခါးပတ်ပတ်ပါ။”



ရှန်ချီဟွမ်းက သူ့ခါးပတ်ကိုတပ်လိုက်ပေမယ့် ရှန်းယုဟန်က သူ့ခါးပတ်ကိုတပ်ဖို့ပြောတာမဟုတ်ပဲ သူ့ကိုပတ်ပေးဖို့​ပြောနေတာဖြစ်ကြောင်း သိလိုက်ရပြီး သူက သူ့ခါးပေါ်က လက်ကိုဖယ်လိုက်သည်။


“ငါမင်းကို တကယ်အကြွေးတင်နေတာပဲ။” ရှန်ချီဟွမ်းက သူ့အတွက် ခါးပတ်ပတ်ပေးရင်း နှုတ်ခမ်းကိုဖြတ်ခနဲ နမ်းလိုက်သည်။ 


ရှန်းယုဟန်က သူ့အနမ်းကိုမပြင်ဆင်ခဲ့ရသဖြင့် ကားထဲမှာ အမှတ်အများဆုံးသူအကြောင်း ပြောခဲ့သည့် အချိန်ကိုသတိရသွားကာ မအော်ပဲ မနေနိုင်တော့ချေ။ “အရှင်ခင်ပွန်း၊ ခင်ဗျားကျွန်တော့်ကို အပြင်မှာထပ်နမ်းပြန်ပြီ။”


“မနမ်းပါဘူး။” ရှန်ချီဟွမ်းက ဝန်မခံပဲ ရှန်းယုဟန် သူ့ကိုနာမည်အသစ်ခေါ်တာကို ကြားခဲ့ရသည်။ “အရှင်ခင်ပွန်း? အခုကစပြီးအဲ့လိုပဲခေါ်တော့။”


ရှန်းယုဟန်က ထိုင်ခုံခါးပတ်မှာ သူ့လက်ကို ချိတ်ထားလိုက်ပြီး ခေါင်းခါကာ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “မခေါ်ဘူး။”

ဒါပေါ့ ရှန်ချီဟွမ်းက သူ့ကိုမတိုက်တွန်းပေမယ့် ထွက်မလာခင်က ဝမ်းနာမည်နဲ့လူငယ်လေးတစ်ယောက်က ရှန်းယုဟန်ကို ​နောက်တစ်ကြိမ် နို့လက်ဖက်ရည်သောက်ဖို့ ချိန်းဆိုနေတာကို သတိရသွားသည်။


“မင်းဘယ်အချိန်က လူတွေနဲ့အပြင်ထွက်ပြီး နို့လက်ဖက်ရည်သောက်ခဲ့တာလဲ?” သူကလည်း ငယ်ရွယ်ပြီး ခန့်ညားသော လူငယ်တစ်ဦးဖြစ်သည်။ ထိုကဲ့သို့ လွတ်လပ်ပေါ့ပါးသော လူငယ်မျိုးကို ကုမ္ပဏီမှာ သိပ်မတွေ့ဖူးတာကိုတော့ သူဝန်ခံသည်။


“ကျွန်တော် ဘယ်သူ့ကိုမှအပြင်မခေါ်ပါဘူး။” ရှန်းယုဟန်က သူ့ကို သေချာရှင်းပြခဲ့သည်။ “တစ်ယောက်ယောက်က ခေါ်ရင်လည်း ယောကျာ်းခွင့်ပြုမှသွားမှာပါ။”

ရှန်ချီဟွမ်းက ရှန်းယုဟန်၏စကားကြောင့် စိတ်ဆိုးပြေပြီး ခဏတာ အံ့အားသင့်သွားခဲ့သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဆုံးဖြတ်ခွင့်အာဏာပေးထားသည်။ သူ့ကိုအပြင်ထွက်ခွင့်ပေးရင် သူက သဝန်တိုလို့မရတော့ပေ။ လက်မခံပေးရင်လည်း ရှန်းယုဟန် သူငယ်ချင်းဖွဲ့မှာကို မတားနိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက လူငယ်တွေဖြစ်ပေမယ့်လည်း သူက သူ့သူငယ်ချင်းအသစ််များ၏ နောက်ကြောင်းကိုသိဖို့လိုသည်။ ရှန်းယုဟန်က ထပ်ပြီးလှည့်စားခံရရင် ဘယ်လိုလုပ်မလဲ? သူက အရမ်းတုံးတယ်။ သို့သော် သူက ထိုအတွေးများကို လောလောဆယ် စိတ်ထဲမှာပဲ သိမ်းထားလိုက်သည်။

“ဟုတ်ပါပြီ၊ ငါ ဒီနေ့ မင်းကိုအပြင်ထွက်ခွင့်မပေးဘူး။ မင်းငါနဲ့ ရုပ်ရှင်လိုက်ကြည့်ရမယ်။” ရှန်ချီဟွမ်း၏ အကြောင်းပြချက်က အတော်လေး ဆီလျော်သည်။

“ရုပ်ရှင်ကြည့်မယ်?” ရှန်းယုဟန်က ချန်နယ်စစ်က ရုပ်ရှင်ပြတာကိုသိသည်။ သူက စီရီကို ရုပ်ရှင်ရုံကဘာလဲမေးဖူးပြီး စီရီက ရုပ်ရှင်ရုံက ရုပ်ရှင်ကြည့်ဖို့ အထူးပြုလုပ်ထားသည့်နေရာလို့ပြောခဲ့ပေမယ့် သူက ရုပ်ရှင်ရုံမှာ တီဗီကြည့်​ခြင်းနဲ့ အိမ်မှာတီဗီကြည့်ခြင်း၏ ကွာခြားချက်ကို နားမလည်ပေ။ သူ့ခင်ပွန်းက စဥ်းစားပေးတတ်လွန်းသည်။ သူက နေရာအသစ်ကို မစူးစမ်းနိုင်ခင်မှာပဲ သူ့ကိုရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်လာခဲ့သည်။


“အွန်း၊ မင်းပင်ပန်းနေတယ်မလား၊ အိမ်အရင်ပြန်ရအောင်၊ ရုပ်ရှင်ကနက်ဖြန်ကြည့်လို့ရပါတယ်”


“အိမ်မပြန်ဘူး။ ရုပ်ရှင်ကြည့်ချင်တယ်။” သူက ရုပ်ရှင်ရုံကိုမရောက်ဖူးပေ။ သူ့ခြေထောက်က တစ်မနက်လုံးရပ်နေရလို့ နာကျင်နေပေမယ့်လည်း သူက တက်ကြွနေဆဲဖြစ်ပြီး ကြည်လင်တောက်ပသော မျက်လုံးများက ရုပ်ရှင်ကြည့်ဖို့ မျှော်လင့်ချက်များပြည့်နေသည်။


ရှန်ချီဟွမ်းက ရှန်းယုဟန် သူနဲ့ဒိတ်လုပ်ပြီး ရုပ်ရှင်ကြည့်ချင်နေတယ်လို့ ခံစားမိပြီး မနက်ခင်းမှာ ရုပ်ရှင်သုံးသပ်ချက်၊ ကြည့်ရှုသူရီဗျူး၊ အဆင့်သတ်မှတ်ချက်နှင့် ရုပ်ရှင်ရွေးဖို့အညွှန်းများ ဖတ်ထားတာက အချည်းနှီးမဖြစ်တော့ပေ။ ရိုမန်တစ်ဆန်သော ရုပ်ရှင််များက ချစ်သူတွေကြားက ဆက်ဆံရေးကို တိုးတက်စေတယ်လို့ ပြောကြတာကြောင့် သူက အဆင့်သတ်မှတ်ချက် 6.5 အချစ်ရုပ်ရှင်တစ်ကားကို ရွေးချယ်ခဲ့သည်။



ရှန်းယုဟန်အတွက်က ရုပ်ရှင်ရုံကို ပထမဆုံးသွားဖူးတာဖြစ်ပြီး သူတွေ့သမျှအရာအားလုံးက စိတ်ကူးယဥ်ဆန်သည်။


မွန်းလွဲပိုင်းဆိုသော်ငြား ရုပ်ရှင်ရုံမှာ လူအများကြီးရှိနေပြီး အများစုက စုံတွဲများ ဒါမှမဟုတ် လူငယ်သုံးလေးယောက် အတူထိုင်နေပြီး တစ်ယောက်ချင်းစီက ပေါက်ပေါက်ပုံးလေးနဲ့ အအေးတစ်ခွက်စီကိုင်ထားကြသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုခေါ်ကာ လက်မှတ်အရင်ဝယ်ပြီး သူက ရှန်းယုဟန် တခြားသူများ၏ ပေါက်ပေါက်ကိုကြည့်နေတာ သတိထားမိသွားသည်။ “စားချင်လား?” ရှန်းယုဟန်က ​ခေါင်းညိတ်သည်။ “အွန်း၊ အရသာရှိမဲ့ပုံပဲ။” သူက သူ့ခင်ပွန်းကို မျှော်လင့်တကြီးကြည့်နေသည်။

“ဒါဆိုတစ်ပုံးဝယ်လိုက်ရအောင်” ရှန်ချီဟွမ်းက သူ ရှန်းယုဟန်၏ အကြည့်ကို မငြင်းနိုင်တာကို သဘောပေါက်သွားသည်။ 


သူတို့နှစ်ယောက်က တန်းစီပြီး Meal Set တစ်ဘူး၊  ပေါက်ပေါက်တစ်ပုံးနှင့် အပူနှစ်ခွက်ကို ဝယ်လာပြီး ရှန်းယုဟန်က နို့လက်ဖက်ရည် သောက်ချင်ပေမယ့် ရုပ်ရှင်ရုံက နို့လက်ဖက်ရည်ကမကောင်းဘူးလို့ ရှန်ချီဟွမ်းက ပြောခဲ့သည်။ ဒါကြောင့် သူက မဝယ်တော့ပဲ ပျားလက်ဖက်ရည်နှစ်ခွက်ကိုမှာပြီး ရှန်းယုဟန်က တစ်ငုံသောက်လိုက်တော့ ချိုပြီးအရသာရှိသည်။


ခေတ်သစ်လူသားများ၏ တီထွင်မှုက တကယ်ကိုများလွန်းပြီး သူက နေ့တိုင်း အရသာတစ်မျိုးသောက်ရင်တောင် အကုန်လုံးကို စမ်းကြည့်နိုင်ဦးမှာမဟုတ်ပေ။

သူတို့နှစ်ယောက်က ရုပ်ရှင်ရုံထဲဝင်သွားစဥ် မပြခင် ငါးမိနစ်လိုနေသေးသည်။ 


သူ့ခင်ပွန်းက ဘေးမှာရှိတော့ ရှန်းယုဟန်က သူ့ခုံကို လွယ်လွယ်ကူကူရှာတွေ့သွားသည်။ သူတို့နှစ်ယောက်က ဘေးချင်းကပ်လျက်ထိုင်နေပြီး သူတို့ဘေးမှာ စုံတွဲတွေရှိသည်။ သူတို့က မြင်ကွင်းအကောင်းဆုံး အလယ်မှာထိုင်နေခဲ့သည်။


ထိုအချိန်မှာ ကားကြော်ညာကို ပြသနေပြီး ရှန်းယုဟန်က တီဗီမျက်နှာပြင်ကိုကြည့်တော့ အိမ်ကတီဗီထက်ကြီးနေပြီး အံ့သြစရာကောင်းသည်။ ဖန်သားပြင်က လူနဲ့ကားကလည်း ကြီးနေပြီး ကြည့်ရသည့် ခံစားချက်က ကွာခြားသည်။


အရမ်းကြီးတာပဲ!


ရှန်ချီဟွမ်းက သူ့ပါးစပ်ထဲ ပေါက်ပေါက်ထည့်လိုက်သည်။ “မင်းပါးစပ်က ဘာလို့ပွင့်နေတာလဲ၊ မသိရင် ကားမမြင်ဖူးတာကျလို့”


သူ့ခင်ပွန်းရှေ့မှာ ထုတ်ဖော်မိသွားမှာစိုး၍ ရှန်းယုဟန်က အ​ခြေအနေကို ချက်ချင်းပြောင်းလိုက်သည်။ အိမ်မှာရှိတာနဲ့မတူလို့”

“ဒီကားက ယွမ်နှစ်သိန်းသုံးသိန်းပဲတန်တာ။ စျေးပေါလွန်းတယ်၊ မင်းကြိုက်ရင်တောင် ငါဝယ်ပေးမှာမဟုတ်ဘူး။” ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ငါတို့မိသားစုက အဲ့လိုစျေးပေါတဲ့ကားမစီးဘူး။”


ရှန်းယုဟန်က သူ့ကို အမှန်တရားပြောပြလိုက်သည်။ “ကျွန်တော်မမောင်းတတ်လို့ မဝယ်ပါဘူး။”



“ဒါဆိုသင်ချင်လား?” ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။


“လောလောဆယ်မသင်ချင်ဘူး။ ဦးလေးလီ မောင်းပို့တာပဲ စီးချင်တယ်။ ယောကျာ်း၊ ကျွန်တော်တို့ ကားဂိုဒေါင်မှာ ကားအများကြီးရှိလား?” ရှန်းယုဟန်က သူ့ကိုအပြစ်ကင်းစွာမေးလိုက်သည်။


“အများကြီးမရှိဘူး။ ဒါဇင်လောက်ပဲရှိမယ်။ မင်းမောင်းတတ်သွားရင် ကိုယ်တိုင်မောင်းပြီး အပြင်ထွက်လို့ရတယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ကားမောင်းတာ သင်စေချင်ပေမယ့် သူရှုပ်ထွေးပြီး လုံခြုံရေးကို အာရုံမစိုက်မှာ စိုးရိမ်တာကြောင့် သူက ပြောလိုက်သည်။ “ထားလိုက်တော့၊ သင်စရာမလိုဘူး။”


ရှန်းယုဟန်က သက်ပြင်းချလိုက်ပြီး သူသာ တကယ်သင်ရမယ်ဆိုရင် ကားနဲ့ပတ်သတ်သော ဝေါဟာရကို အရင်သင်ယူရဦးမည်။ မဟုတ်သေးဘူး… သူအိမ်ပြန်ရင် သင်ယူရမှာဖြစ်သည်!

သူတို့နှစ်ယောက်ပြောတာ မကျယ်သော်လည်း သူတို့စကားကို ဘေးက စုံတွဲနှစ်တွဲက ကြားသွားသည်။ 


ဘယ်ဘက်ကစုံတွဲ: ဒီစုံတွဲက အသုံးအဖြုန်းကြီးလွန်းတယ်။ ကိုယ့်အိမ်မှာ ကားဘယ်နှစ်စီးရှိလဲတောင် မသိဘူးလား?

ညာဘက်ကစုံတွဲ: သေစမ်း၊ သာမန်အလုပ်သမားတွေရဲ့ မျက်ရည်က တိတ်တဆိတ်ကျလာတာပေါ့။ ငါဘာလို့ ဒီခုံကိုရွေးခဲ့မိတာလဲ!


ရုပ်ရှင်စပြခဲ့ပြီ။


ဇာတ်လမ်းက အကြမ်းဖျင်းအားဖြင့် ငယ်စဥ်အခါက ချစ်ပြီးလမ်းခွဲခဲ့ကြသော စုံတွဲအကြောင်းဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာ သူတို့နှစ်ယောက်က တစ်မြို့တည်းမှာ ဆုံတွေ့ကြပြီး သူတို့၏ဆက်ဆံရေးဟောင်းကို ပြန်လည်စတင်ခဲ့ပြီး ကြည်နူးစရာကောင်းသော ကိစ္စရပ်များဖြစ်ပျက်ခဲ့သည်။ အွန်လိုင်းကွန်းမန့်များက ရုပ်ရှင်ကြည့်ဖို့ တစ်ရှူးဆောင်လာရန် ပြောထားသည်။


ရှန်ချီဟွမ်းက သေချာပြင်ဆင်ထားပြီး အိတ်ကပ်ထဲမှာ တစ်ရှူးဆောင်ထားကာ ရှန်းယုဟန် လှုပ်ရှားတာကို စောင့်နေခဲ့သည်။


ရုပ်ရှင်က အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြား ချိုမြိန်သော ချစ်ခြင်းမေတ္တာနဲ့စတင်ခဲ့ပြီး မင်းသမီး၏ မိသားစုက ကြီးမားသောပြောင်းလဲမှုကို ရုတ်တရက်ခံစားခဲ့ရပြီး သူမက ကျောင်းထွက်ကာ မိသားစုနှင့် တခြားမြို့ကို ပြောင်းသွားခဲ့လို့ သူတို့နှစ်ယောက်က လမ်းခွဲခဲ့ကြတာပင်။


သူတို့က မိုးရွာသောနေ့မှာ လမ်းခွဲခဲ့ကြပြီး ကောင်လေးက သူမအကြောင်းကို ဆက်မတွေးစေရန် မင်းသမီးက အကြောင်းပြချက်ပေးပြီး ထွက်သွားခဲ့သည်။



သူတို့ဘေးက စုံတွဲက စတင်ဝမ်းနည်းလာပြီး ချိုမြိန်သောစုံတွဲ အတူမရှိနိုင်ခဲ့တာအတွက် နှမြောနေသည်။


ထိုအချိန်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ သူတို့က တံစက်မြိတ်အောက်မှာ ခိုလို့ရတာကို ဘာလို့လမ်းပေါ်မှာရပ်နေတာလဲ၊ ကားတွေသွားလာနေတာ ယာဥ်တိုက်မှုမဖြစ်နိုင်ဘူးလား? သူတို့က ယာဥ်စည်းကမ်းလည်း မလိုက်နာကြဘူး။”


ရှန်ချီဟွမ်းက သတင်းကြည့်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို နောက်ဆုံးမှာသိလာခဲ့သည်။ “ဒါကအဓိပ္ပါယ်ရှိတယ်၊ ​ပြီးတော့သူတို့ဖိန​ပ်က မစိုသေးဘူး၊ မိုးရေက အတုဖြစ်မယ်။”


ရှန်းယုဟန်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်၊ မိုးအရမ်းရွာနေတာကို တကယ်လည်း စိုမနေဘူး။”


အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်က ငိုယိုနေပြီး ကြည့်ရှုသူများက ဖန်သားပြင်ပေါ်က အမှားကိုရှာနေကြသည်။


စုံတွဲနှစ်တွဲက သူတို့ပြောတာကိုကြားသွားပြီး သူတို့၏ မြင့်တက်နေသော ခံစားချက်များက ချက်ချင်းပျောက်ကွယ်သွားသည်။ သူတို့နှစ်ယောက်ပြောတာ ဘာလို့အဓိပ္ပါယ်ရှိနေတာလဲ!


နောက်ထွက်နာရီဝက်ကြာတော့ ဇာတ်လမ်းက အထွတ်အထိပ်ကိုရောက်သွားကာ အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်က ပြန်ဆုံတော့ အတိတ်အကြောင်း ပြန်ပြောနေကြသည်။ ဤအပိုင်းက မျက်ရည်ယိုစရာဖြစ်ပြီး အငွေ့အသက်နှင့်တေးဂီတက ကွက်တိဖြစ်ကာ စိတ်ခံစားချက် နေရာတကျဖြစ်တာနဲ့ ငိုလို့ကောင်းသော အချက်ဖြစ်သည်ဟု အင်တာနက်ပေါ်မှာပြောနေကြသည်။


သူတို့ဘေးကစုံတွဲက ခံစားချက်တွေ ထပ်ပြီးမြှင့်တက်လာဖို့ အစွမ်းကုန်ကြိုးစားနေကြသည်။



ထိုအချိန်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို မေးခွန်းနောက်တစ်ခုမေးခဲ့သည်။ “ယောကျာ်း၊ သူတို့ဘာစားနေတာလဲ?”


“ကျောက်ပုဇွန်” ရှန်ချီဟွမ်းက ပြောလိုက်သည်။




“ပုဇွန်တုပ်ထက်ကောင်းတာလား?” ရှန်းယုဟန်က ခေတ်သစ်မှာ ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ကိုစားဖူးပေမယ့် ကျောက်ပုဇွန်မစားဖူးပေ။


ရှန်ချီဟွမ်းကပြောလိုက်သည်။ “မင်းစားချင်ရင် ရုပ်ရှင်ပြီးရင် သွားစားကြမယ်။” ဒီရုပ်ရှင်က လုံးဝမကောင်းတာကြောင့် ရှန်းယုဟန်က တည်ငြိမ်နေ၏!


ရှန်းယုဟန်က ဤစာပေအချစ်ဇာတ်လမ်းကို တကယ်နားမလည်ပေ။ သူက အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက် ဘာလို့ ရုတ်တရက် ချုံးပွဲချထငိုတာလဲ နားမလည်ပေ။ တော်တော်ထူးဆန်းတာပဲ!


သူတို့ဘေးက စုံတွဲနှစ်တွဲက: “.....” သေစမ်း၊ ကျောက်ပုဇွန်ကို ငါတို့လည်း သတိထားမိပါတယ်၊ စားချင်လိုက်တာ!


နောက်ရီဝက်ကြာတော့ အမျိုးသားနှင့်အမျိုးသမီးဇာတ်လိုက်မှာ တိုတောင်းသော အိပ်ရာပေါ်ဇာတ်ဝင်ခန်းရှိခဲ့သည်။


ရှန်းယုဟန်က မျက်နှာလွှဲကာ ရှန်ချီဟွမ်းကို တိုးတိုးလေးပြောလိုက်သည်။ “အဲ့ဒီမိန်းကလေးက အိပ်နေတာတောင် မိတ်ကပ်မဖျက်​ဘူး၊ နေရမခက်ဘူးလား?”


ရှန်ချီဟွမ်း: “......”



ရုပ်ရှင်က တစ်နာရီနဲ့ မိနစ်သုံးဆယ်ကြာပြီး ရှန်းယုဟန်က အသစ်အဆန်း ဘာမှမသင်ယူခဲ့ရတာကြောင့် သူက လုံးဝစိတ်မဝင်စားခဲ့ပေ။ ရှန်ချီဟွမ်းက သူ၏ အစွဲလမ်းလွန်ရောဂါကြောင့်သာ ဆိုးရွားသောရုပ်ရှင်ကို ပြီးအောင်ကြည့်ခဲ့တာဖြစ်ပြီး ရှန်းယုဟန်က လုံးဝမငိုပဲ တစ်ချိန်လုံးမျက်မှောင်ကြုတ်နေသည်မှာ ဒါရိုက်တာ၏ ညံ့ဖျင်းမှုကို ပြနေလေသည်။

ရုပ်ရှင်အဆုံးသတ်မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မေးလိုက်သည်။ “ကောင်းလား?”



“ကောင်းတဲ့ပုံပါပဲ” ရှန်းယုဟန်သည် သူ့အကြိုက်က ခေတ်သစ်လူသားတွေနဲ့ ကွာခြားတာကို သိလိုက်ရသည်။


“ဘယ်နေရာကောင်းတာလဲ?” ရှန်ချီဟွမ်းက ခဏလောက်ရပ်ပြီး မင်းက သုံးကြိမ်လောက် မကျေမနပ်ပြောခဲ့တာတောင် ကြည့်ကောင်းသေးတာလား?


ရှန်းယုဟန်က ခဏလောက် စဥ်းစားပြီး “မင်းသမီးက ကြည့်ကောင်းတယ်၊ ကောင်းကောင်းကတတ်တယ်။”


ရှန်ချီဟွမ်းက တီဗီမျက်နှာပြင်ကိုကြည့်ကာ ပထမဆုံးအနေနဲ့ သူက ရုပ်ရှင်တစ်ကားကို အပြီးထိကြည့်ပြီး သူ၏အစွဲအလန်းလွန်ရောဂါကို ကုသနိုင်ခဲ့သည်။ သူက ဇာတ်လမ်း၏အဆုံးသတ်ကိုတောင် မသိချင်ခဲ့ပေ။


သူကတည်ငြိမ်စွာပြောလိုက်သည်။ “ရုပ်ရှင်ပြီးရင် ကျောက်ပုဇွန်သွားစားမယ်။”



ရှန်းယုဟန်က ကျောက်ပုဇွန်စားချင်နေပြီး ရုပ်ရှင်ကိုစိတ်မဝင်စားခဲ့ပေ။ ဇာတ်သိမ်းပြီး ပျော်ရွှင်စရာအဆုံးသတ်သွားတော့ သူနဲ့ ရှန်ချီဟွမ်းက ချက်ချင်းထွက်လာခဲ့ကြသည်။


သူတို့ဘေးတစ်ဖက်တစ်ချက်စီက စုံတွဲနှစ်တွဲက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငုံ့လိုက်ပြီး ဇာတ်ကားနှင့် လိင်တူစုံတွဲအကြောင်းကို ဆိုရှယ်မီဒီယာမှာ မကျေမနပ်ပြောခဲ့ကြသည်။



ငါကတော့ တစ်ရှူးတောင်သယ်လာတာ၊ ငါ ဘာလို့ သူတို့နဲ့ လာဆုံရတာလဲ!