Chapter 52.1
Viewers 946

Chapter 52.1



“ကောဆိုတာမရှိပါဘူး။”


ရှန်းယုဟန်က နေ့လည်ခင်းမှာ ဆိုဖာပေါ်က ထလာပြီးနောက် ရှန်ထျန်းဖုန်းနေမကောင်းတာကို ရှန်ချီဟွမ်းက ပြောပြခဲ့ပြီး အနည်းငယ်လေးနက်ပုံရသည်။



သူက ခါးနောက်မှာ ကူရှင်ခံလိုက်ပြီး ဆိုဖာပေါ်မှာထိုင်ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ဒီ​ရောဂါက အရမ်းပြင်းထန်လား?”

ရှန်ချီဟွမ်းက သူ့မှာ ရှန်ထျန်းဖုန်းအတွက် ခင်တွယ်မှု အနည်းငယ်သာရှိတာကို အမြဲတမ်းသိခဲ့ပေမယ့် ဒီလူက ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားတော့မှာကို တွေးမိသောအခါ သူ့ခံစားချက်က မတူတော့ပေ။ သူက တည်ငြိမ်နေပေမယ့် အနည်းငယ်ခံစားရပြီး သူအမြဲမုန်းခဲ့သည့်သူ့အဖေက အများဆုံးဆယ်နှစ်သာ အသက်ရှင်နိုင်တော့သည်။


သူက ရှန်းယုဟန်ကို အေးအေးဆေးဆေးရှင်းပြခဲ့သည်။ “ဆရာဝန်က ကင်ဆာအစောပိုင်းအဆင့် လက္ခဏာလို့ ပြောခဲ့တယ် ဒါပေမယ့် ထပ်ပြီးစစ်ဆေးဖို့လိုသေးတယ်။ ကုသတာအောင်မြင်ရင် နောက်ထပ်ဆယ်နှစ်လောက်ထိ အသက်ရှင်နိုင်ပြီး နောက်ဆုံးအဆင့်ဆိုရင် ကုလို့မရတော့ဘူး။ နောက်ကျမှရှာတွေ့ရင် တစ်လနှစ်လပဲ အသက်ရှင်ရတော့မှာ။”


ရှန်းယုဟန်က ရုတ်တရက် နားလည်သွားသည်။ “ဒီလိုဆိုရင် ကျွန်တော်တို့က အဖေနေကောင်းဖို့ပဲ ဆုတောင်းနေရမှာပေါ့။ ဒါပေမယ့် အဲ့ဒီမဒမ်တွေနဲ့ ခင်ဗျားရဲ့ညီအစ်ကိုတွေက ငြိမ်ငြိမ်နေဖို့မဖြစ်နိုင်ဘူး။” သူက ခေတ်သစ်ရောဂါများကို နည်းနည်းသာသိပြီး သူတို့ခေတ်က အအေးမိရုံနဲ့ လူကိုသေစေနိုင်ပေမယ့် အခုချိန်မှာ သူက အအေးမိရင် ဆေးသောက်ရုံနဲ့ မြန်မြန်ပြန်ကောင်းနိုင်သည်။


သူက ရှန်းယုဟန်၏နဖူးမှဆံပင်ကို သပ်တင်ပေးခဲ့သည်။ “ကိုယ်မင်းကို ဆံပင်ညှပ်ဖို့ ခေါ်သွားပေးချင်ပေမယ့် ဒီနေ့ သွားလို့မရတော့ဘူး။”


ရှန်းယုဟန်က ထိုင်ရခက်နေသဖြင့် ခေါင်းအုံးထဲမှာ ခေါင်းကိုမြှုပ်ကာ မှောက်လျက်လဲလျောင်းလိုက်သည်။ သူက ရှန်ချီဟွမ်းကိုကြည့်ဖို့ မျက်နှာတစ်ဝက်သာဖော်ထားပြီး သူတို့နှစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုရှိခဲ့တာကို မယုံနိုင်ဖြစ်နေသည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကိုယုံပြီး သက်တောင့်သက်သာခံစားခဲ့ရသလို သူ့နှလုံးသားကလည်း တည်ငြိမ်လာပြီး ထိုသည်မှာ အာမခံချက်တစ်ခုဖြစ်နိုင်သည်။



ချီတိုင်းပြည်မှာဖြစ်စေ ချူတိုင်းပြည်မှာဖြစ်စေ သူ့ခင်ပွန်းက သူ့ကိုမထိတာကြာရင် သူအရမ်းဝမ်းနည်းမိမှာဖြစ်ပေမယ့် ကံကောင်းစွာပင် သူ့ခင်ပွန်းက သူ့ကိုလက်ခံဖို့ဆန္ဒရှိသည်။ ထို့အပြင် သူက သူတို့နှစ်ယောက်အနာဂတ်အတွက် ခေတ်သစ်ဗဟုသုတများကို အစွမ်းကုန်ကြိုးစားသင်ယူမှာဖြစ်၏။ သူတို့နှစ်ယောက်ပိုရင်းနှီးလေ သူ့ချို့ယွင်းချက်များကို ဖော်ပြဖို့ လွယ်ကူလေဖြစ်သည်။


ရှန်းယုဟန်က တစ်နေ့မှာ ရှန်ချီဟွမ်း သူ့အကြောင်းသိသွားရင် လန့်သွားမှာကိုမလိုချင်ပေ။ သူက ထိုအရာကို လျို့ဝှက်ချက်တစ်ခုအဖြစ် အတတ်နိုင်ဆုံးလျို့ဝှက်ထားမည်။ တကယ်တော့ သူက ရှန်ချီဟွမ်းကို မသိခဲ့ပေ။ ခေတ်သစ်လူသားများ၏ ပြောပုံအရဆို သူတို့အိမ်​ထောင်ရေးက အိမ်ကစီစဥ်ပေးသော အိမ်ထောင်ရေးဖြစ်သည်။

သူနဲ့ သူ့ခင်ပွန်း၏ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှုအပြီးမှာ သူက ဆုံးရှုံးရမှာကို စိတ်ပူနေကာ ပိုပြီးစိတ်မသက်မသာဖြစ်လာခဲ့သည်။

“မင်းဘာလို့စကားမပြောတော့တာလဲ၊ အိပ်နေပြီလား? ဒါမှမဟုတ် မင်းခန္ဓာကိုယ်က အဆင်မပြေလို့လား?” ရှန်ချီဟွမ်းက မနေ့ညက တကယ်ကို အထိန်းအကွပ်မဲ့ပြီး ရှန်းယုဟန်၏ကိုယ်ပေါ်မှာ အမှတ်အသားအချို့ ချန်ထားခဲ့မိသည်။ သူက ရှန်းယုဟန်၏နဖူးကို ထိလိုက်သည်။ “အဖျားလည်းမရှိပါဘူး။”



“ကျွန်တော်အဆင်ပြေပါတယ်။” ရှန်းယုဟန်က သူ့ခေါင်းကို ရှန်ချီဟွမ်း၏လက်ဖဝါးမှာ ဖိထားလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား အဖေ့ကိုသွားတွေ့မှာလား?”


ရှန်ချီဟွမ်းက သူ့နဖူးကိုထိကာ အဖျားမရှိမှန်းသိသွားပြီး ရှန်းယုဟန်က အပျင်းကြီးနေပုံရသည်။ “လောလောဆယ်တော့ မလိုသေးဘူး။ ဒုတိယအကြိမ်စစ်ဆေးဖို့လိုသေးတယ်။ ဒါပေမယ့် နောက်တစ်ပတ်မှာ အိမ်ပြန်ပြီး ညစာသွားစားမယ်။ အဲ့ဒီအချိန်ကျရင် ရလဒ်ကိုအတိအကျသိနိုင်ပြီ။ အဖေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး အစ်ကိုကြီးက ဘယ်သူ့ကိုမှမပြောထားဘူး။ အဖေ အဲ့ဒီမိန်းမတွေကို ကိုယ်တိုင်မပြောမချင်းပေါ့။”


“သူတို့က ခင်ဗျားကိုတိုက်ခိုက်မှာလား?” ရှန်းထျန်းဖုန်း၏ရောဂါက ကုသလို့မရရင် အိမ်တော်များစွာ၏ မဒမ်များက သူမသေခင်မှာ သေချာပေါက်ဖိအားပေးကြမှာပင်။ အစတည်းက သူတို့က သူတို့ပိုင်သော ရှယ်ရာများကိုရဖို့ ရှန်ထျန်းဖုန်းကို အားကိုးနေကြတာဖြစ်ပြီး အခုတော့ ရှန်ဂရုက သူတို့၏ပစ်မှတ်ဖြစ်လာခဲ့လေပြီ။ “ခင်ဗျားက ပင်မအိမ်တော်ကဆိုတော့ ခင်ဗျားနဲ့ရင်ဆိုင်ဖို့ သူတို့ပူးပေါင်းသွားမှာကို စိုးရိမ်တယ်။”


ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့အတွက် စိတ်ပူနေတာကို ခံစားမိသည်။ “စိတ်ပူစရာမလိုပါဘူး။ ကိုယ်က တရားဝင်ကလေးပါ။ သူတို့သားတွေက မိသားစုသစ်ပင်ထဲပါရင်တောင် တရားမဝင်ဘူး။ အခုတော့ အဲ့ဒါက ဥပဒေစိုးမိုးထားတဲ့ လူ့အဖွဲ့အစည်းပဲ။ ကိုယ့်မှာတောင်းဆိုချက်တစ်ခုပဲရှိတယ်။ မင်းကိုယ်မင်း သေချာကာကွယ်ပါ။ မင်းကိုပြောစရာရှိသေးတယ်။ ကိုယ်မနက်ဖြန် အလုပ်ခရီးထွက်ရမှာ။ နှစ်ကုန်မှာ အလုပ်ရှုပ်တော့ နေရာတော်တော်များများကို ခရီးထွက်ရမယ်။ အစက မင်းကိုပါ ခေါ်သွားဖို့ စီစဥ်ထားပေမယ့် မင်းက အခုအပြင်ထွက်လို့မရသေးဘူး။”


ရှန်းယုဟန်က ဝမ်းနည်းသောလေသံဖြင့် ပြောလိုက်သည်။ “အပြင်ထွက်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားတာလား?”


“ဟုတ်တယ်။” ရှန်ချီဟွမ်းက သူ့ခါးအနောက်ကို ဖိထားလိုက်သည်။ “အလျော်ပြန်ပေးမယ်လေ၊ နှိပ်ပေးပါ့မယ်။”


“အဲ့ဒါလည်းကောင်းပါတယ်။” ရှန်းယုဟန်က ညည်းတွားပြီး လဲလျောင်းလိုက်သည်။ “ယောကျာ်း၊ ညင်ညင်သာသာနှိပ်ပေးပါနော်။”


မနေ့ကညနေမတိုင်ခင်မှာ သူက ရှန်းယုဟန် ဒီလိုစကားပြောတာကို ခံနိုင်ရည်ရှိပေမယ့် ရှန်ချီဟွမ်းက အသားစားဖူးပြီဖြစ်၍ အောင့်မခံနိုင်တော့ပဲ တစ်ခုခုလုပ်ချင်လာသည်။ နှစ်စက္ကန့်လောက်ရုန်းကန်ပြီးနောက် သူက ရှန်းယုဟန်အတွက် စိတ်မကောင်းဖြစ်ကာ နှစ်ရက်လောက် သည်းခံဖို့ဆုံးဖြတ်လိုက်သည်။



သူမလုပ်ချင်လို့လား? သူလုပ်ချင်တာပေါ့။


သူတိုနှစ်ယောက်ကြားမှာ ရင်းနှီးသောဆက်ဆံရေးရှိခဲ့ပေမယ့် ပေါင်းသင်းဆက်ဆံရေးပုံစံက အများကြီးမပြောင်းလဲသွားပေ။ ရှန်းယုဟန်က ရှန်ချီဟွမ်းရှေ့မှာ ချိုမြိန်သောစကားများကို နေ့တိုင်းမပြောချင်ပေ။ သူက အခုချိန်မှာ ခပ်ခွာခွာဆက်ဆံရေးကို ပိုနှစ်သက်လာသည်။ ဘာပဲဖြစ်ဖြစ် သူတို့က လင်မယားဖြစ်ပြီး အိပ်ဖော်လည်းဖြစ်တာကြောင့် သူ ရှန်ချီဟွမ်းကို နားလည်သလို ရှန်ချီဟွမ်းကလည်း သူ့ကိုနားလည်ပေးလိမ့်မည်။

 

ရှန်ချီဟွမ်း၏ ဒီတစ်ကြိမ်အလုပ်ခရီးကတော့ သူလိုက်မသွားချင်ပေ။ သူသက်သာသွားရင် အနာဂတ်အကြောင်းနှင့် စာဘယ်လိုလေ့လာမလဲဆိုတာကို စဥ်းစားရဦးမည်။

 



အရေးကြီးဆုံးအရာက သမိုင်းစာအုပ်ဖတ်ဖို့ပင်။


ရှန်းယုဟန်က နူးညံ့သောလေသံဖြင့်ပြောလိုက်၏။ “​ယောကျာ်း၊ ခင်ဗျားခရီးမသွားခင် ကျွန်တော် အချိန်ဖြုန်းနိုင်ဖို့ သမိုင်းစာအုပ်အချို့ဝယ်ပေးနိုင်မလား?”


ရှန်ချီဟွမ်းကပြောလိုက်သည်။ “ကောင်းပြီ၊ မင်းကို သမိုင်းစာအုပ်ဝယ်ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။ တစ်စုံတစ်ယောက်က အချိန်ဖြုန်းဖို့ သမိုင်းစာအုပ်ဖတ်တယ်ဆိုတာ ဒါပထမဆုံးကြားဖူးတာပဲ။ မပျင်းဘူးလား?”


“ကျွန်တော်က ခန္ဓာကိုယ်နဲ့ စိတ်ကိုအစာကျွေးနေတာ။” မူလရှန်းယုဟန်၏ စိတ်နေသဘောထားနှင့်ဆိုလျှင် ဤသည်မှာ သူအသုံးပြုနိုင်သည့် အကောင်းဆုံးရှင်းလင်းချက်ဖြစ်ပြီး ရှန်ချီဟွမ်းက ထိုအရာနဲ့ပတ်သတ်ပြီး သံသယဝင်နိုင်မှာမဟုတ်ပေ။



ညနေမှာ ရှန်ချီဟွမ်းက ရှန်းယုဟန်လိုချင်သော သမိုင်းစာအုပ်အထူများကို ယူလာခိုင်းပြီး သူကလည်း ရှန်းယုဟန်၏ပန်းချီကို သူ့ဖန်များနှင့် မျှဝေရန် ဝေ့ပေါ်မှာတင်ခဲ့သည်။ ဖန်များက အောက်မှာကြိတ်ကြိတ်တိုးနေပြီး သူဘယ်လောက်အရည်အချင်းရှိလဲ ပြောနေကြသည်။ ရှန်းယုဟန်၏ လက်ရာအသစ်က Hot Search ထပ်ဝင်သွားပြီး (လေဟာပြင်စျေး) က ပထမပန်းချီကားနှစ်ချပ်နှင့်ကွာခြားကာ ဒီတစ်ခုက လက်တွေ့ပိုဆန်ကာ ဇာတ်ကောင်တစ်ခုချင်းစီ၏ ဖော်ပြချက်က အလွန်အသက်ဝင်သည်။



နောက်နေ့မှာ ရှန်ချီဟွမ်းက အလုပ်ခရီးထွက်သွားခဲ့သည်။


ရှန်းယုဟန်က အိမ်မှာတစ်ယောက်တည်းနေခဲ့ပြီး လက်ဖက်ရည်ပါတီကျင်းပမယ်လို့ အရင်ကပြောခဲ့ပေမယ့်  ခေတ္တရွှေ့ဆိုင်းထားခဲ့ရပြီး အခုတော့ ပိုလို့တောင် မဖြစ်နိုင်တော့ပြီ။ သူ့ခင်ပွန်းက အပြင်ထွက်သွားပြီး ဒီတစ်ကြိမ်မှာ ဘယ်အချိန်ပြန်လာမလဲ မပြောခဲ့ပေ။ သူက အလျင်စလိုထွက်သွားခဲ့တာဖြစ်ပြီး သေချာတာကတော့ ဤသည်မှာ သူ့အတွက် ကမ္ဘာ့သမိုင်းနဲ့ ခေတ်သစ်သမိုင်းကို လေ့လာဖို့ အချိန်လုံလောက်ခဲ့သည်။ 


ရှန်ချီဟွမ်းက ရံဖန်ရံခါ ခရီးသွားရမယ်ဆိုသည့်အချက်ကို ရှန်းယုဟန်က ခုအချိန်မှာ နားလည်သွားခဲ့လေပြီ။


နေ့ခင်းဘက်မှာ ရှန်ချီဟွမ်းက အပြင်မှာ အစည်းအဝေးများနှင့် အလုပ်ရှုပ်နေပြီး ရှန်းယုဟန်က အိမ်မှာ သမိုင်းဗဟုသုတများကို အရူးအမူးလေ့လာနေသည်။ သူတို့နှစ်ယောက်က နေ့လည်မှာ ဝီချက်မက်ဆေ့ပို့ကြပြီး ရှန်ချီဟွမ်းအားသည့် ညခင်းမှာ ဗီဒီယိုကောလ်ပြောကြသည်။



လက်ရှိနိုင်ငံသည် ရှေးဦးလူ့အဖွဲ့အစည်း၊ ကျွန်လူအဖွဲ့အစည်း၊ ပဒေသရာဇ်လူ့အဖွဲ့အစည်း၊ အရင်းအနှီးလူ့အဖွဲ့အစည်းနှင့် ဆိုရှယ်လစ်လူ့အဖွဲ့အစည်းအပါအဝင် ခေတ်များစွာကို ကျော်ဖြတ်ခဲ့ရပြီး သူအခုနေ​ထိုင်သော လူ့အဖွဲ့အစည်းက ဆိုရှယ်လစ်လူ့အဖွဲ့အစည်းဖြစ်၏။


ထူးဆန်းတာက ချီတိုင်းပြည်နှင့် ချူတိုင်းပြည်က သမိုင်းမှာပါမလာခဲ့ပေ။ စာအုပ်မှာပါလာသော ချီတိုင်းပြည်နှင့် ချူတိုင်းပြည်က သူရင်းနှီးသော နိုင်ငံတွေမဟုတ်ပေ။ ဒါဆို သူကဘယ်ကလာခဲ့တာလဲ?



သမိုင်းစာအုပ်ထဲမှာ ကောအကြောင်းဘာလို့မပြောထားတာလဲ? သမိုင်းစာအုပ်ရဲ့အစပိုင်းက ဒဏ္ဍာရီလာပုံပြင်ထဲမှာတောင် ကောဖြစ်တည်မှု ​ပါမလာဘူး။


ခေတ်သစ်လူ့အဖွဲ့အစည်းက အမျိုးသားနှင့် အမျိုးသမီးဟူ၍ နှစ်မျိုးသာခွဲခြားထားပြီး ကောများမပါဝင်ပေ။ ဘာကြောင့်လဲ?


သမိုင်းသင်ရိုးမှာ အမှားအယွင်းတွေရှိနေတာလား? ချူတိုင်းပြည်နဲ့ချီတိုင်းပြည်က မငြိမ်မသက်ဖြစ်တဲ့ ကာလတစ်ခုမှာ ပျက်သုဥ်းသွားခဲ့ပြီး ထပ်ပေါ်မလာတော့တာလား?


ရှန်းယုဟန်က ထိုကိစ္စကို တွေးနေစဥ် သူ့ခန္ဓာကိုယ်က ပြန်ကောင်းနေပြီဖြစ်တာကြောင့် သူက ခုန်ပေါက်ကာ ကန်ကျောက်နေခဲ့သည်။ 


သူက ကျန်းချန်မြို့၏ အကြီးဆုံးစာအုပ်ဆိုင်ကိုလည်း သွားခဲ့သည်။ စာအုပ်ဆိုင်က အမျိုးအစားအလိုက် ခွဲထားပြီး အစုံရှိပေမယ့် သူက ချီတိုင်းပြည်နှင့် ချူတိုင်းပြည် ဘယ်ရောက်သွားလဲသိရဖို့ စိတ်အားထက်သန်နေသည်။ သူက စာအုပ်ဆိုင်မှာ ချီတိုင်းပြည်၊ ချူတိုင်းပြည်နှင့် ပတ်သတ်သော စာအုပ်အားလုံးကိုရှာခဲ့ပေမယ့် သူလိုချင်သောစာအုပ်များမဟုတ်ခဲ့ပေ။ သူက ထိုစာအုပ်များမှာ ပေါ်လာသော ဇာတ်ကောင်တစ်ခုမှကို မမှတ်မိပေ။


ရှန်းယုဟန်က ခဏလောက်စဥ်းစားပြီး သူက တစ်ယောက်ယောက်ကို မေးချင်နေသည်။ သူက ဝမ်းယန် ဗိသုကာပညာ လေ့လာထားတာကို မှတ်မိသွားပြီး သူက အများကြီးသိနိုင်တာ​ကြောင့် သူ့ကိုမေးသင့်သည်။ အနည်းဆုံးတော့ သူတို့က စကားစမြည်ပြောကာ အချိန်ကောင်းကိုဖြတ်သန်းဖူးပြီး ဝမ်းယန်က ဗဟုသုတနှံ့စပ်သူဖြစ်ကာ တက္ကသိုလ်တစ်ခုမှာ ကျောင်းဆရာဝင်လုပ်နေတယ်လို့ သူ့ခင်ပွန်းကပြောခဲ့ဖူးသည်။

ရှန်းယုဟန် သိသလောက်ဆိုရင် တက္ကသိုလ်ဆိုတာ ယနေ့ခေတ်မှာ ကမ္ဘာပေါ်က သင်ယူမှုအမြင့်ဆုံး သင်ကြားရေးအဖွဲ့အစည်းဖြစ်ကာ အတန်းများလည်းရှိပြီး ဝမ်းယန်က အရမ်းတော်လောက်သည်။ သူက ဆရာဖြစ်တာကြောင့် တော်တော်များများကို သိလောက်သည်။


ထို့ကြောင့် ရှန်းယုဟန်က ဝမ်းယန်၏ဝီချက်အကောင့်ကို ရှာကာ သူ့မှာစကားပြောဖို့အချိန်ရှိလား မေးလိုက်သည်။

ဝမ်းယန်က အတန်းချိန်မရှိလို့ သူ့မှာအချိန်ရှိတယ်လို့ ချက်ချင်းဖြေလာသည်။ 


သူတို့နှစ်ယောက်က ခဏလောက်စကားပြောကာ ဝမ်းယန်က သူ့ကို အပြင်ထွက်ပြီး လည်ချင်လား မေးခဲ့သည်။ တကယ်တော့ သူက ရှန်းယုဟန်ကို အတော်သဘောကျသည်။


ရှန်းယုဟန်က သူ့ကိုအကူအညီတောင်းရမှာဖြစ်၍ နေ့လည်မှာ လက်ဖက်ရည်သောက်ဖို့ ချိန်းဆိုခဲ့ပြီး သူက သူကိုယ်တိုင်လုပ်ထားသော ကွတ်ကီးများကို ယူဆောင်သွားခဲ့သည်။ ယင်းမှာ အန်တီဝမ် မနေ့ကသူ့ကိုသင်ပေးခဲ့တာဖြစ်၏။



သင်ယူနေစဥ် အားလပ်ချိန်မှာ သူက သူ၏အချက်အပြုတ်စွမ်းရည်ကို တိုးတက်အောင်လုပ်ပြီး နေ့တိုင်း အသစ်တစ်ခုကိုလေ့လာသည်။ ကျွမ်းကျင်မှုအများကြီးရှိတာက ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ အန်တီဝမ်ကလည်း သူ့ကို အတတ်မြန်လို့ ချီးကျူးခဲ့ပြီး သူက ဆိုင်ခွဲစားသောက်ဆိုင်ဖွင့်ဖို့ အသင့်ဖြစ်လုနီးပါးပင်။