Chapter 52.2
“ကောဆိုတာမရှိပါဘူး။”
ဝမ်းယန်နှင့်ချိန်းဆိုမှုက နေ့လည်နှစ်နာရီဖြစ်ပြီး ဦးလေးလီက သူ့ကို သတ်မှတ်နေရာသို့ ပို့ပေးခဲ့သည်။
ယင်းမှာ ကြောင်ကဖေးဖြစ်ပြီး ဆိုင်တံခါးမှာ ဧရာမကြောင်ပုံကြီးရှိပြီး ယင်းက ရှန်းယုဟန်ကို ထိတ်လန့်စေပေမယ့် ဒုတိယအကြိမ်ကြည့်ပြီးနောက်မှာ ကြည့်ကောင်းတယ်လို့ တွေးမိခဲ့၏။
ဝမ်းယန်ကလည်း ကြောင်ချစ်တာကို သိခဲ့ရသည်။
ဤသည်မှာ တစ်စုံတစ်ယောက်နှင့် အပြင်ထွက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူက ဝမ်းယန်နဲ့ အပြင်ထွက်သောအခါ သက်တောင့်သက်သာ ပိုရှိခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက သခင်ကြီးကျန်း၏ချွေးမဖြစ်ပြီး ရှန်းယုဟန်က သူ့ကို ‘ဇနီး'အမျိုးအစားအဖြစ် တစ်ဖက်သက် သတ်မှတ်ထားတာကြောင့် သူက သူနဲ့သူငယ်ချင်းလုပ်လို့ရသည်။
(ဝမ်းယန်က Gong Type မို့ ရှန်းယုဟန်က သူနဲ့သူငယ်ချင်းလုပ်လို့ရအောင် ဇနီးအမျိုးအစားလို့ အတင်းသတ်မှတ်ပေးထားတာကို ပြောတာပါ။)
ဒါပေါ့၊ သူက ရှန်ချီဟွမ်းကို သူအပြင်သွားသည့်အကြောင်း မက်ဆေ့ပို့ထားပြီး သူ့ခင်ပွန်းက ဒီနေ့ အရမ်းအလုပ်ရှုပ်နေပြီး သူ့ကိုစာတောင်မပြန်ပေမယ့် သူက အရမ်းစိတ်ပူမနေပေ။ သူ့ခင်ပွန်းက အပြင်မှာပြေးလွှားနေရပြီး သူ့ခံစားချက်ကိုပါ ဂရုစိုက်ပေးနေရရင် ပင်ပန်းသွားပေမည်။
ရှန်းယုဟန်က ဒုတိယထပ်မှာ ဝမ်းယန်ကိုရှာတွေ့ခဲ့သည်။
ဒီနေ့ဝမ်းယန်က သူတွေ့ဖူးခဲ့သည့် ဝမ်းယန်နှင့်တူပေမယ့် သူက ဒီနေ့မှာ မျက်မှန်ဝတ်ထားတာကြောင့် ရှန်းယုဟန်က မမှတ်မိသလို ဖြစ်သွားခဲ့၏။
ရှန်းယုဟန် ထိုင်ပြီးနောက် သူက သူ့ကိုမေးလိုက်သည်။ “အကိုဝမ်းယန်၊ အဲ့ဒါကြီးဘာလို့ထပ်ထားတာလဲ?” သူက သူ့မျက်မှန်ကို ထိုးပြလိုက်သည်။
ဝမ်းယန်က မျက်မှန်ကို ညင်ညင်သာသာ ပင့်တင်လိုက်သည်။ “အမြင်အာရုံသိပ်မကောင်းလို့ မနက်ပိုင်းအတန်းတက်ရင် တပ်ထားရတယ်၊ ကျောင်းသားတွေရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်လေ၊ ပုံမှန်အချိန်ဆို တပ်တာရှားတယ်၊ လိုအပ်ရင်တော့ မျက်ကပ်မှန်တပ်တယ်။”
ရှန်းယုဟန်က သူမျက်မှန်ပင့်တင်လိုက်သော ပုံစံက အနည်းငယ်ကွာခြားနေတယ်လို့ ခံစားမိပြီး သူက အမြဲတမ်း ပွင့်ပွင့်လင်းလင်းပဲ ပြောလေ့ရှိသည်။ “ခင်ဗျားဒီတစ်ခါ တပ်ထားတဲ့ပုံစံက အရင်တစ်ခေါက်နဲ့ ကွာနေတယ်။”
“အို? ဘာလို့ကွာတာလဲ?” ဝမ်းယန်က မျက်မှန်သိပ်ဝတ်လေ့မရှိတာကြောင့် ထိုအကြောင်းနဲ့ပတ်သတ်ပြီး လူတွေ သူ့ကို ထင်မြင်ချက်ပေးတာကို ကြားရခဲသည်။ သို့သော် သူမျက်မှန်တပ်တာကို ကျန်းလောလင်းက သဘောကျတာကြောင့် ထိုစကားက သိပ်တော့လေးနက်မနေပေ။
ရှန်းယုဟန်က စဥ်းစားပြီးမှပြောလိုက်သည်။ “မျက်နှာနည်းနည်းပိုတည်သွားလားလို့” သူ မပြုံးပြတဲ့အခါမှာ သူ့မျက်လုံးများက ပိုစူးရှနေသည်။
ရှန်းယုဟန်၏သတိပေးချက်ကို ကြားလိုက်ရတော့ ဝမ်းယန်က နောက်ဆုံးမှာ ကျန်းလောလင်း၏ မလျော်ကန်သောအချက်ကို သတိထားမိလိုက်ပြီး သူက ပြုံးပြကာ မျက်မှန်ကိုချွတ်လိုက်သည်။ “အခု ကြည့်လိုကောင်းသွားပြီလား?”
“အကုန်ကြည့်ကောင်းပါတယ်။ ခင်ဗျားအဆင်ပြေသလိုဝတ်ပါ။” ရှန်းယုဟန်က သိလိုစိတ်ပြင်းပြနေသည်။ “ကျွန်တော်က အရမ်းထူးခြားတယ်လို့ ထင်ရုံပါ။ မျက်မှန်က လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲပေးနိုင်တာပဲ”
“ဟုတ်တယ်၊ ဒါပေမယ့် အမြင်အာရုံအားမနည်းတဲ့ လူတွေကိုတော့ ဒီလိုအသုံးအဆောင်တွေ တပ်ဖို့အားမပေးချင်ဘူး။ အဲ့ဒါက မျက်လုံးအတွက်မကောင်းသလို အဝေးမှုန်ဖြစ်သွားစေနိုင်တယ်။” ဝမ်းယန်က ရှန်းယုဟန်ကို မီနူးကမ်းပေးရင်းပြောလိုက်သည်။ “မင်းဘယ်လိုလက်ဖက်ရည်သောက်ချင်လဲ? သစ်သီးလက်ဖက်ရည်ဆိုရင်ရော”
“ဘာမဆိုအဆင်ပြေပါတယ်။” ထိုမှသာ ရှန်းယုဟန်က စက္ကူအိတ်ထဲက ကွတ်ကီးကိုထုတ်လိုက်သည်။ “အကိုဝမ်းယန်၊ ဒါကျွန်တော်လုပ်ထားတဲ့ ကွတ်ကီးတွေပါ၊ ဒီမနက်မှလုပ်ထားတာ စားကြည့်ပါ။”
ဝမ်းယန်က ရှန်းယုဟန်၏ ကိုယ်ကျင့်သိက္ခာကို ထပ်မံအံ့သြသွားသည်။ သူကလည်း အသက်နှစ်ဆယ်ပဲရှိသေးပြီး သူရော ရှန်းယုဟန်ရော တခြားတစ်ယောက်ကိုသာ လက်မထပ်ထားရင် သူက ရှန်းယုဟန် သူ့ကို လိုက်နေတယ်လို့ အထင်လွဲသွားမှာဖြစ်၏။
သူက ရှန်းယုဟန် ဒီနေ့ပြောင်းလဲနေတာကို တွေ့လိုက်ပေမယ့် ပြောင်းလဲမှုက ဘာလဲဆိုတာကို မပြောနိုင်ပေ။ “မင်းကတကယ်ကိုတော်တာပဲ၊ ဒါက လက်ဖက်ရည်နဲ့လိုက်ဖက်တယ်။ ကိတ်ရောစားချင်လား? မင်းစားချင်ရင် မှာပေးမယ်။”
“ဟုတ်ကဲ့” သူစားချင်သည်။ အရသာရှိရင် ကိုယ်တိုင်လုပ်တတ်အောင် သင်ယူလိုက်မည်။ ကျွမ်းကျင်မှုအများကြီးရှိတာက ဝန်ထုပ်ဝန်ပိုးမဟုတ်ဘူးလို့ အင်တာနက်မှာပြောထားသည်။
တကယ်တော့ သူပြန်ရောက်လာတုန်းက ရှန်ချီဟွမ်းနှင့် ရှန်ချီဟွမ်းကြားရှိ ကောလာဟလအများကြီးကို ကြားခဲ့ရပြီး ထိုကောလာဟလများက အင်တာနက်မှာလည်း ရှိပေမယ့် သူက မယုံနိုင်ခဲ့ပေ။ သူသာ ရှန်းယုဟန်နှင့် ရင်းနှီးဖို့ဖြစ်မလာခဲ့ရင် ရှန်းယုဟန်က ရိုးသားသည့်လူတစ်ယောက်ဆိုတာကို သူသိခဲ့မှာမဟုတ်ပေ။ ရှန်ချီဟွမ်းက အရမ်းကာကွယ်ပေးနေတာလည်း အံ့သြစရာတော့ပေ။
သူတို့နှစ်ယောက် အော်ဒါမှာပြီးတော့ ဝမ်းယန်က ရှန်းယုဟန် သူ့ကိုမေးစရာရှိတယ်လို့ ပြောခဲ့တာကိုမှတ်မိသွားသည်။
“မင်းငါ့ကိုဘာမေးချင်တာလဲ?”
“အာ၊ အဲ့ဒါကဒီလိုပါ” ဝမ်းယန်က တည့်တိုးဆန်တဲ့လူဆိုတာကို ရှန်းယုဟန်က သိတာကြောင့် သူက စကားကို သွယ်ဝိုက်မနေတော့ပေ။ “သမိုင်းမှာ ကောရှိလားသိချင်လို့ပါ?”
ဝမ်းယန်က သူဘာမေးချင်လဲမသိပေ။ “ဘာကောလဲ? အဲ့ဒါက Natsume Soseki ရဲ့စာအုပ် (Botchan) လား? ရှေးခတ်မှာ တချို့အမျိုးသားတွေကို ကောလို့ခေါ်တာကြားဖူးတယ်။ ဘာလို့မေးတာလဲ?”
ကံကောင်းစွာပင် ရှန်းယုဟန်က ခေတ်သစ်ဝေါဟာရအများကြီးကို လေ့လာထားပြီး သူ့မေးခွန်းကို သေချာရှင်းပြနိုင်သည်။ “ကျွန်တော်မေးချင်တာက လိင်အမျိုးအစားတစ်ခုပါ။ အမျိုးသားနဲ့ အမျိုးသမီးကြားက အမျိုးအစားကို ကောလို့ခေါ်တယ်။ ကျွန်တော်သမိုင်းစာအုပ်ဖတ်ခဲ့ပေမယ့် အဲ့အကြောင်းကို မပြောထားကြဘူး။”
ထိုမှသာ ဝမ်းယန်က တုံ့ပြန်ခဲ့သည်။ အရင်က သူ ကျန်းလောလင်းကို ကြိုက်နေတာလား စမ်းသပ်ဖို့အတွက် သန်းမေ့(Danmei) ဝတ္တုအများကြီးကိုဖတ်ခဲ့ပြီး ရှန်းယုဟန်က ထိုမေးခွန်းကို အလေးအနက်မေးလာသောအခါ သူက အထူးလေးနက်သောမေးခွန်းကို မေးနေတယ်လို့ထင်ခဲ့ပြီး သူ ဒါကိုလေ့လာထားမယ်လို့ မမျှော်လင့်ခဲ့ပေ။
သူက သူနောက်နေတယ်လို့သာ ယူဆခဲ့သည်။ “မင်းမေးနေတာက ဝတ္တုဖတ်တဲ့အချိန်မှာပဲ ငါဖတ်ဖူးခဲ့တာ။ မင်းလတ်တလော ဝတ္တုစွဲလမ်းနေတာလား?”
“ဒီလိုလိင်အမျိုးအစားက ဝတ္ထုထဲမှာပဲ ပေါ်လာတာလား? သမိုင်းမှာ အဲ့လိုအရာမျိုးမရှိဘူးလား?” သူက သူ့ကိုယ်သူ စာအုပ်အများကြီးမဖတ်ဖူးတာ ဒါမှမဟုတ် ဤအရာက ပိတ်ပင််တားမြစ်ထားသည့် သမိုင်းအပိုင်းအစတစ်ခုဖြစ်ပြီး လူသိရှင်ကြားမဖော်ပြခဲ့ကြတာလို့ ထင်ခဲ့တာဖြစ်၏။
“ငါတကယ်ကိုမကြားဖူးဘူး။ မင်းဒီလိုမျိုးစာပေကို လျှော့ဖတ်သင့်တယ်။ အရမ်းမစွဲလမ်းစေနဲ့၊” ဝမ်းယန်က သူဝတ္တုစွဲလမ်းနေတာလို့ထင်နေပြီး ရှန်းယုဟန်က တီဗီကြည့်ပြီး အဓိကဇာတ်ကောင်များကို တုပတတ်သည့် လူတွေလိုဖြစ်သွားမှာကို စိုးရိမ်နေတာဖြစ်၏။ ဒါကြောင့် သူက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်အကြောင်းကို တုံ့ဆိုင်းစွာ မေးမြန်းလိုက်သည်။ “ယုဟန်၊ မင်းလတ်တလော ရှန်ချီဟွမ်းနဲ့ ရန်ဖြစ်ထားလို့ ဒီမေးခွန်းကိုမေးတာလား?”
ရှန်ယုဟန်က ခေါင်းခါလိုက်သည်။ “ကျွန်တော်တို့ရန်မဖြစ်ပါဘူး။ သူက အလုပ်ခရီးရောက်နေတာ။”
ဝမ်းယန်က ရင်ထဲကပြောလိုက်သည်။ ဟုတ်ပါပြီ၊ အားလပ်ချိန်က ပြဿနာဖြစ်သွားစေတာဖြစ်မယ်။
ရှန်းယုဟန်က ကျောင်းမသွားသလို အလုပ်လည်းမလုပ်ပဲ အိမ်မှာနေတိုင်းပျင်းနေတာကြောင့် ဒီလိုအစွန်းမရောက်ရင် ထူးဆန်းနေပေမည်။ ဒါကြောင့် သူက ကောကိုစလေ့လာခဲ့တာဖြစ်မည်။ ဤစိတ်ကူးယဥ်ဇာတ်ကောင်အမျိုးအစားမှာ ဒွိလိင်ဖြစ်သည်။
ဒါဆိုရင် သူက ကုသိုလ်ကောင်းမှုလုပ်ပြီး ဗုဒ္ဓကို အနောက်အရပ်ပို့ကာ ရှန်ချီဟွမ်းကို ကူညီသင့်သည်။
ဝမ်းယန်က ရှန်းယုဟန်အတွက် သစ်သီးလက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။ “ဒီတော့ မင်းက ဒီရက်ပိုင်းအလုပ်ရှုပ်မနေဘူးပေါ့၊ ဟုတ်လား?”
ရှန်းယုဟန်က ခဏလောက်စဥ်းစားလိုက်သည်။ “အရမ်းအလုပ်မရှုပ်ပါဘူး။”
ဝမ်းယန်ကမေးလိုက်သည်။ “ငါတို့ကျောင်းကိုလာလည်ပါလား? အနာဂတ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေချင်လား?”
သူက ငယ်ငယ်တည်းက ကျောင်းကိုမမြင်ဖူးတာကြောင့် မြင်ချင်နေပြီး သူ့ခင်ပွန်းကလည်း အိမ်မှာမရှိသဖြင့် သွားချင်သည်။
သို့သော် သူက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့တော့ မတွေးခဲ့ပေ။ သူက နိုင်ငံခြားဘာသာစကားနှင့် သင်္ချာစာမေးပွဲဖြေရမှာဖြစ်၍ ဤအခက်အခဲနှစ်ရပ်ကို မကျော်ဖြတ်နိုင်ပေ။
ရှန်းယုဟန်က ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ “ကျွန်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ မတွေးရသေးဘူး။”
ဝမ်းယန်က ကျိုးကြောင်းဆီလျော်သူဖြစ်သည်။ “ကိစ္စမရှိဘူး၊ ငါက ဒီတိုင်းမေးလိုက်တာ၊ မင်းရဲ့ပန်းချီက အရမ်းကောင်းတယ်၊ ပန်းချီကိုအာရုံစိုက်တာက ပိုကောင်းပါတယ်။ ကောလိပ်ဆိုတာ တော်ပြီးသားပညာက်ို ပိုတော်အောင်လုပ်တာပါပဲ။ ဒါက ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့ပြဿနာပဲ၊ ငါအရင်က ဒီလိုပြဿနာမရှိခဲ့ဘူး။”
သူလိုချင်သောအဖြေကိုမရတာကြောင့် ရှန်းယုဟန်က ရှုပ်ယှက်ခက်မနေတော့ပဲ သူတို့ကမ္ဘာမှာ ရှေးခတ်ကတည်းက ကောဆိုတာမရှိတာမျိုးဖြစ်နိုင်သည်။
သူနဲ့ဝမ်းယန်က စကားပြောကောင်းနေကြပြီး သူတို့စကားပြောတာနဲ့ သူတို့ခင်ပွန်းဖြစ်သူ၏ ချို့ယွင်းချက်များ ပါလာကြသည်။
ဝမ်းယန်က ကြိမ်းမောင်းလိုက်သည်။ “ကျန်းလောလင်းမှာ ပြဿနာအများကြီးရှိတယ်။ သူဘယ်လိုဝတ်စားလဲဆိုတာကို မကြည့်နဲ့၊ သူက အိမ်မှာဆိုရင် အမြဲတမ်းညစ်ပတ်နေတာ၊ သူ့မှာထူးဆန်းတဲ့ အကျင့်တွေလည်းရှိသေးတယ်။ ငါ့ကိုအမြဲဒေါသထွက်အောင် လုပ်နေတော့တာပဲ။”
ရှန်းယုဟန်က သူ့ခင်ပွန်းက အဆင်ပြေတယ်လို့တွေးလိုက်သည်။ “ကျွန်တော့်ခင်ပွန်းမှာလည်း ထူးဆန်းတဲ့အကျင့်တွေရှိတယ်၊ သူက ကျွန်တော့်ကိုဝေဖန်ရတာကြိုက်တယ်။ သူက အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဆိုပေမယ့် ဝန်ခံမှာမဟုတ်ဘူး။”
ဝမ်းယန်: “ကျန်းလောလင်းလည်း တူတူပါပဲ။ သူတိုမှာဘာလို့အကျင့်ဆိုးတွေရှိတာလဲ၊ သူတို့ပြောင်းလဲနိုင်ပါ့မလားတောင် မသိဘူး။”
ရှန်းယုဟန်: “မပြောင်းလဲနိုင်လောက်ဘူး။ အကိုနဲ့ အကိုလောလင်းက အတူရှိခဲ့တာကြာပြီလေ။”
“မင်းပြောတာမှန်တယ်။” ဝမ်းယန်က ရုတ်တရက် ရှန်းယုဟန်ကို တိုးတိုးလေးမေးလိုက်သည်။ “မင်းတို့ရော အဲ့ဒီနေရာမှာ သဟဇာတဖြစ်လား?”
ဤမေးခွန်းက ရှန်းယုဟန်၏မျက်နှာကို နီမြန်းလာစေပြီး သူတို့နှစ်ယောက်က တိုးတိုးလေးပြောဖို့ အနားကပ်လိုက်သည်မှာ ချစ်သူတွေနဲ့တူနေ၏။
“ကျွန်တော်၊ ကျွန်တော်မသိဘူး။ ဒီလိုပါပဲ။ အဆင်ပြေပါတယ်။” ရှန်းယုဟန်က ဒီလိုစကားတွေကို ဘယ်လိုပြောနိုင်မှာလဲ၊ သူက ထိုအကြောင်းတွေးလိုက်သောအခါ ရှက်သွေးဖြာနေပြီး တခြားသူတွေကိုပြောပြဖို့က ရှက်ဖို့ကောင်းလွန်းသည်။
သူ့ကိုထိုပုံစံဖြင့်မြင်ရသော ဝမ်းယန်က သူ့ကိုယ်သူအရမ်းပွင့်လင်းတယ်လို့ ခံစားလိုက်ရသည်။
သူတို့နှစ်ယောက်က နေ့လည်ခင်းမှာ စကားစမြည်ပြောပြီး ထိုအတောအတွင်းမှာ ကြောင်ပေါက်များနဲ့လည်း ဆက်သွယ်ခဲ့ကြပြီး ပြန်ခါနီးမှာ နောက်နှစ်ရက်နေရင် ရှန်းယုဟန်ကို သူတို့ကျောင်းသို့ အလည်ခေါ်သွားမယ်ဆိုသည့် ကတိကိုပေးခဲ့သည်။
သူတို့နှစ်ယောက်တွေ့ဆုံမှုက ရိုက်ကူးခံခဲ့ရ၏။
ဒီနေ့မှာ ရှန်းယုဟန်က အရမ်းပျော်နေပြီး သူက ဝမ်းယန်နဲ့ စကားပြောပြီး အချိန်ကောင်းကို ဖြတ်သန်းခဲ့ကြောင်း ရှန်ချီဟွမ်းကို မက်ဆေ့ပိုချင်ခဲ့ပေမယ့် ထူးဆန်းတာက သူမနက်က ရှန်ချီဟွမ်းကို ပို့ပေးခဲ့သော မက်ဆေ့က ညနေအထိပြန်စာတောင်မရခဲ့ပေ။ ရှန်ချီဟွမ်းက အတန်းဖော်ဟောင်းနဲ့ ထပ်ဆုံသွားလို့ သွားသောက်နေတာဖြစ်နေမလား?
ဒါပေမယ့် သူက ပုံမှန်ဆို သူ့ကိုပြောပြလေ့ရှိပါတယ်။ ဟုတ်တယ်မလား?
ရှန်းယုဟန်က အိပ်ရာမဝင်ခင် ဂွတ်နိုက်မက်ဆေ့နောက်တစ်ခုကို ပို့လိုက်သည်။
နောက်နေ့မနက်နိုးလာတော့ ရှန်းယုဟန်က မနက်ခြောက်နာရီမှာ ရှန်ချီဟွမ်း သူ့ကိုဖြေထားသော မက်ဆေ့တစ်စောင်ကို ရရှိခဲ့သည်။
သူက နောက်ရက်အနည်းငယ်အတွင်း ပြန်လာနိုင်မှာမဟုတ်ကြောင်းနှင့် ဗီဒီယိုကောလ်လည်း ခေါ်နိုင်မှာမဟုတ်၍ အချိန်ရှိရင် ရှန်းယုဟန်ကို ဖုန်းခေါ်ပါ့မယ်လို့ ပြောထားသည်။
ဗီဒီယိုကောလ်မခေါ်နိုင်ဘူးလား?
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက သူတို့ခွဲခွာရတိုင်း နေ့တိုင်းဗီဒီယိုကောလ်ပြောကြပြီး ဒီတစ်ကြိမ်မှာ သူတို့က ဗီဒီယိုကောလ်ပြောတာကို ရပ်လိုက်ကြပြီး ရှန်းယုဟန်က အနည်းငယ်စိတ်ထိခိုက်နေပေမယ့် ဘာမှမှားနေတယ်လို့ မခံစားမိပေ။ သူက ဒီအတိုင်း အလုပ်ရှုပ်နေတာဖြစ်ပေမည်။
နောက်တစ်ရက်ကုန်သွားခဲ့သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုခေါ်ဖို့ အချိန်မရှိတာကို တွေ့ခဲ့ရပြီး တစ်နေ့ကိုမက်ဆေ့တစ်စောင်သာရှိသည့်အပြင် သူမက်ဆေ့ပို့ထားသည့်အချိန်က သူအိပ်ပျော်နေစဥ်ဖြစ်သည်။
ရှန်းယုဟန်က အနည်းငယ်ရှုပ်ထွေးလာသည်။ သူ့ခင်ပွန်းက သူ့ကိုဒီလိုတစ်ခါမှ မဆက်ဆံဖူးပေ။
ဘာတွေဖြစ်နေတာလဲ?
.
ရှန်းယုဟန်က ထိုအကြောင်းကို ပိုတွေးလေ တစ်ခုခုမှားနေတာကို ခံစားမိလေဖြစ်ပြီး သူ့ခင်ပွန်းအိမ်ကထွက်သွားတာ ခုနှစ်ရက်ကြာခဲ့လေပြီ။
သူမနက်စာစားပြီးတော့ ပြန်ခေါ်ခဲ့ပေမယ့် သူ့ခင်ပွန်းဖုန်းကို ဘယ်သူမှမဖြေပေ။ သူက အကြိမ်ပေါင်းများစွာခေါ်ခဲ့ပေမယ့် ဘယ်သူမှမဖြေခဲ့ပေ။
ထိုအချိန်မှာ သူက ဝီချက်မက်ဆေ့တစ်စောင်ရရှိခဲ့သည်။ ယင်းက ရုပ်ရှင်ရိုက်ကွင်းကိုရောက်နေသော သူ့ယောက်ဖရှန်ချီရှင်းဆီကဖြစ်၏။
ရှန်ချီရှင်း: မရီး၊ ခင်ဗျား Hot Seach မဖတ်ရသေးတာဖြစ်မယ်။ ဒီနေ့ Hot Search မှာ ဘာမှစိတ်ဝင်စားစရာမရှိပါဘူး။
Hot Search?