Chapter 53
Viewers 969

Chapter 53


“တစ်ယောက်တည်းလေယာဥ်စီးခြင်း”


ရှန်းယုဟန်က မကြာသေးမီက Hot Search ဆိုသောစကားကို ကြားဖူးခဲ့ပြီး ထိုထက်ပိုသည်မှာ ထိုအရာက ဝေ့ပေါ်ဆိုသော စကားလုံးနှင့် ချိတ်ဆက်နေပြီး ရှန်ချီရှင်းကပြောလိုက်သောအခါ သူ့စိတ်က 'ဝေ့ပေါ် Hot Search’ ဟူသော စကားလုံးနှင့် ချက်ချင်းချိတ်ဆက်မိသွားသည်။


အဲ့ဒါက ဝေ့ပေါ်က hot search လား?


သူ့ခင်ပွန်းကလည်းပြောခဲ့ဖူးပြီး အခု သူ့ယောက်ဖကလည်း သူ့ကိုပြောပြခဲ့သည်။ ဘာတွေဖြစ်နေတာလဲ?


သူ့ယောက်ဖက ဒီနေ့ hot searchကို မဖတ်ဖို့ ဘာလို့တကူးတကပြောခဲ့တာလဲ?


သိချင်စိတ်က လူ့ဗီဇဖြစ်သည်။ ရှန်ချီရှင်းမပြောခဲ့ရင် အဆင်ပြေပေမယ့် ပြောလိုက်သောအခါ ရှန်းယုဟန်က ပိုပြီးစိတ်ပူလာသည်။


သူခန့်မှန်းတာမှန်မယ်ဆိုရင် ထို hot search က သူ့ခင်ပွန်းနှင့် ပတ်သတ်နေမှာပင်။ မဟုတ်ရင် ရှန်ချီရှင်း၏ တည့်တိုးဆန်သောသဘာဝအရ သူက ရှန်းယုဟန်ကို တမင်တကာ သတိပေးခဲ့မှာမဟုတ်ပေ။ ရည်ရွယ်ချက်က ကောင်းတာဖြစ်နိုင်ပေမယ့် သူပြောလိုက်သောအခါ ရှန်းယုဟန်အတွက် မစုံစမ်းဖို့ မဖြစ်နိုင်တော့ပေ။



ရှန်းယုဟန်က သူ့ဖုန်းကို ချက်ချင်းဖွင့်လိုက်ပြီး ဖုန်းထဲက အဝါအနီစပ်မျက်လုံး (Weibo App) ကိုတွေ့ခဲ့ရပြီး နှိပ်လိုက်သည်။


သူက ဝေ့ပေါ်ကို အရင်ကမသုံးဖူးသလို ဝီချက်ကိုလည်း အပြည့်အဝမသုံးဖူးပေ။ သူ့ခင်ပွန်းကလည်း ဝေ့ပေါ်သိပ်မသုံးတာကြောင့် သူကလည်း အသုံးနည်းသည်။ သူ့မှာ ပေါင်းသင်းဆက်ဆံဖို့ သူငယ်ချင်းအများကြီးမရှိတာ​ကြောင့် သူအခုလိုအပ်နေတာက သင်ယူဖို့ဖြစ်သည်။



ဒါပေမယ့် ဝေ့ပေါ်က အခုချိန်မှာ သူ့ခင်ပွန်းနဲ့ပတ်သတ်တဲ့ အချက်အလက်ကို ​ပြပေးနိုင်တာလား?


ရှန်းယုဟန်က ဝေ့ပေါ် Hot Search ကိုရှာဖို့ စီရီ၏ ညွှန်ကြားချက်အတိုင်း တစ်ဆင့်စီလိုက်လုပ်ပြီး ပထမနေရာမှာ ထင်ရှားသောအရာတစ်ခုကို တွေ့လိုက်ရ​ကာ သူ့နောက်မှာ ‘ပေါက်ကွဲမှု'ဟူသော စကားလုံးရှိသည်။


သူက ထိုစကားလုံးအနည်းငယ််ကို လက်နဲ့ထိကြည့်တော့ တကယ်ကို စကားလုံးအနည်းငယ်ဖြစ်ပေမယ့် တစ်လုံးချင်းဖတ်ကြည့်သောအခါ မှားဖတ်မိမှာကို စိုးရိမ်နေပြီး လူမှား​သွားမှာကို ကြောက်နေသည်။



သူက တစ်ကြောင်းလုံးကို ငါးကြိမ်ဖတ်ပြီး နှစ်ကြိမ်အတည်ပြုခဲ့ကာ နောက်ဆုံးမှာ သူဖတ်တာမှန်သည်ဟု အတည်ပြုလိုက်သည်။

 

#ရှန်ချီဟွမ်း၏ယာဥ်မတော်တဆမှု#


သူ့ခင်ပွန်းက ယာဥ်တိုက်မှုဖြစ်ခဲ့တာလား?



ရှန်းယုဟန်၏ မျက်လုံးက နက်မှောင်သွားပြီး သူသာ ဆိုဖာပေါ်မှာထိုင်မနေရင် ကြမ်းပြင်ပေါ် လဲကျသွားလောက်ပြီဖြစ်သည်။


ရှန်းယုဟန်​က မျက်လုံးကို တစ်မိနစ်လောက်မှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ မျက်လုံးတွေက နီရဲနေရုံတင်မကပဲ မျက်ရည်များနှင့်ပြည့်နေပြီး တစ်စက်ချင်း ကျဆင်းနေသည်။



သူက ရံဖန်ရံခါ သတင်းကြည့်လို့ ယာဥ်မတော်တဆမှု၏ အဓိပ္ပါယ်ကိုသိသည်။ 



အန်တီဝမ်က မီးဖိုချောင်ကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး​နောက် သူ့ကိုတစ်ခုခုဝယ်ဖို့လိုလားလို့ မေးခါနီးမှာ သူမက သူ့မျက်ရည်များကို တွေ့သွားခဲ့သည်။


အန်တီဝမ်က အနည်းငယ်စိတ်ပူနေကာ ပြောလိုက်သည်။ “မစ္စတာရှန်း၊ ဘာဖြစ်လို့လဲ?”


ရှန်းယုဟန်က မျက်လုံးကိုဖိပွတ်ကာ ရှိုက်လိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ အန်တီ အလုပ်အရင်သွားလုပ်ပါ။”



အန်တီဝမ်က အနည်းငယ်အိုနေပြီး သူမက ကိစ္စများကို စစ်ဆေးဖို့ ဖုန်းအမြဲကိုင်ထားတာ မဟုတ်သဖြင့် သူမက ဘာဖြစ်ခဲ့လဲဆိုတာကို မသိခဲ့ပေ။ သူမက သူရှန်ချီဟွမ်းနှင့် ရန်ဖြစ်ခဲ့တာလို့သာ တွေးခဲ့ပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အတော်လေးကောင်းတာ​ကြောင့် အိပ်ရာပေါ်မှာ စိတ်ဆိုးပြေမည့် အငြင်းပွားမှုလို့သာ တွေးမိကာ သူမက ဂရုမစိုက်တော့ပဲ ထွက်သွားခဲ့သည်။


အန်တီထွက်သွားတာနဲ့ ရှန်းယုဟန်က ရှိုက်ကြီးတငင် ဝမ်းနည်တကြီးငိုနေခဲ့သည်။


သူ့ခင်ပွန်းရဲ့ ယာဥ်မတော်တဆမှုက ပြင်းထန်လား?



သူဘယ်နေရာတွေ ထိခိုက်သွားသေးလဲ?

လွန်ခဲ့တဲ့နှစ်ရက်က သူ့ကိုကိုယ်တိုင်မက်ဆေ့ပို့ခဲ့တာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကိုခိုင်းခဲ့တာလား? အဓိကအချက်က သူကအရမ်းစိုးရိမ်နေပေမယ့် လူကိုဘယ်နားရှာရမလဲမသိပေ။


ဘုရားကျောင်းမှာ သူဆုတောင်းခဲ့သော ငြိမ်းချမ်းရေးအဆောင်က ဘာမှအသုံးမဝင်ပေ။ ဗုဒ္ဓသားတော်က သူ့ခင်ပွန်းကို ဘာလို့ကောင်းချီးမပေးတာလဲ!


ဟင့် ဟင့် ဟင့်!

သူက မူးဝေလာသည်အထိငိုနေပြီး ခဏလောက် ဘာလုပ်ရမလဲမသိခဲ့ပေ။ သူ့စိတ်အခြေအနေ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည့်အခါ သူက ရှန်ချီရှင်းကို တိုက်ရိုက်ခေါ်လိုက်သည်။


ရှန်ချီရှင်းက ဖုန်းကိုချက်ချင်းကိုင်ပြီး သူ့မရီးကို ယခုလေးတင် မက်ဆေ့ပို့ခဲ့မိတာကို နောင်တရပေမယ့် သူလည်း မရည်ရွယ်ခဲ့ပေ။ သူ့အစ်ကို မမေ့သွားခင်မှာ သူ့ကိုအရင်ခေါ်ပြီး အရေးကြီးစကားတစ်ခွန်းပြောခဲ့သည်။ ရှန်းယုဟန်ကို ယာဥ်မတော်တဆမှုအကြောင်း မသိစေနဲ့တဲ့!


ရှန်ချီရှင်းက ထိုအချိန်မှာ အလိုက်အထိုက် ကတိပေးခဲ့ပြီး သူ့မရီးကို သူ့အစ်ကိုအစား လုံခြုံကြောင်းမက်ဆေ့ကို ပုံမှန်ပို့ပေးခဲ့ပေမယ့် သူ့တတိယအစ်ကို၏ ယာဥ်မတော်တဆမှုက သတင်းပေါက်ကြားသွားမယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။ ရှန်ချီရှင်းက စိုးရိမ်လွန်ကာ မစဥ်းစားပဲ သူ့မရီးကို မက်ဆေပို့ခဲ့မိသည်။ သို့သော် မက်ဆေ့ပို့ပြီးမှ တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။ အဲ့ဒါက သူ့မရီးကို ဝေ့ပေါ်မှာ စုံစမ်းဖို့ သတိပေးလိုက်သလို ဖြစ်မသွားဘူးလား…


သူက အချိန်ကိုကြည့်လိုက်သည်။ သုံးမိနစ်ကျော်သွားလို့ မက်ဆေ့ကိုပြန်ဖျက်လို့မရတော့ပေ။


သူကိုယ်တိုင်က ပူလောင်နေသည်။ သူ့မရီးသိသွားရင် ဘာဖြစ်မလဲ? ဒါ​ကြောင့် သူက စိုးရိမ်တကြီးစောင့်နေခဲ့သည်။


နောက်ဆုံးမှာ သူက မရီးဆီက ဖုန်းတစ်ကောလ်ရခဲ့ပြီး သူအရင်ဆုံးပြောလိုက်သည်မှာ: “မရီး၊ ခင်ဗျားအကုန်သိသွားပြီလား?”



ရှန်းယုဟန်က သူငိုထားတာမသိသာအောင် အသံကိုထိန်းချုပ်ဖို့ ​ကြိုးစားနေပြီး သူက သူ့ခင်ပွန်းဘေးကို သွားချင်ကြောင်း ရှင်းရှင်းလင်းလင်း တွေးထားပြီးပြီဖြစ်သည်။ ဒီမတိုင်ခင်မှာ သူက အခြေအနေကို သေချာသိရဖို့ သူ့ယောက်ဖကိုမေးရမှာဖြစ်၏။ သူ့ယောက်ဖက ထိုကိစ္စအကြောင်း သိပြီးဖြစ်လို့ ထိုနေရာမှာရှိနေတာဖြစ်ရမည်။ သူ့ခင်ပွန်းက တစ်နေ့တည်းက သူ့ကိုဗီဒီယိုကောလ်မခေါ်ခဲ့သဖြင့် ထိုနေ့တည်းက တစ်ခုခုဖြစ်ခဲ့တာပင်။



ယာဥ်မတော်တဆမှုဆိုတာကို တွေးပြီး သူက သူနဲ့အတူရှိမနေခဲ့တာကြာင့် အရမ်းစိတ်ထိခိုက်နေသည်။ သူက သူ့မိသားစုကို ဆုံးရှုံးခဲ့ရတာဖြစ်၍ သူ့ခင်ပွန်းကို ထပ်ပြီးအဆုံးရှူံးမခံနိုင်ပေ!


သူက မျက်ရည်များကို ထိန်းဖို့ကြိုးစားခဲ့ပြီး ရှန်ချီရှင်းကို မေးခွန်းများစွာ တစ်ခါတည်းမေးလိုက်သည်။ “ငါ့ခင်ပွန်းဘယ်လိုနေလဲ? သူဘေးကင်းရဲ့လား? သူ့ကိုတွေ့လို့ရလား? ဘာတွေဖြစ်နေတာလဲ?”


ကံကောင်းစွာပင် ရှန်ချီရှင်းက စာကြောင်းများကို မှတ်သားနိုင်စွမ်းရှိပြီး သူ့​မေးခွန်းများကို တစ်ခုချင်းဖြေပေးလိုက်သည်။

“တတိယအစ်ကိုက ICU အခန်းထဲမှာပဲ ရှိနေသေးတယ်။ ယာဥ်တိုက်မှုရဲ့ အ​ခြေအနေတစ်ခုအတွက် အဲ့ဒီအချိန်က သူနဲ့အတူရှိနေတဲ့သူကို ကျွန်တော်တို့ မေးဖို့လိုတယ်။ ဒရိုက်ဘာနဲ့ လက်ထောက်ချွီလည်း ဒဏ်ရာရထားတယ်။ ရဲတွေက မေးခွန်းမေးဖို့ လာခဲ့ပြီး ပြစ်မှုကျုးလွန်သူက ​ထောင်ကလွတ်လာတာ မကြာသေးဘူးလို့ပြောတယ်။ သူက မူးနေလို့ပါဆိုပြီးပြောပေမယ့် ကိစ္စက အဲ့လောက်မရိုးရှင်းတာကို ကျွန်တော်သိတယ်!”

ရှန်းယုဟန်က သူ တတွတ်တွတ်ပြောနေတာကို တကယ်နားမထောင်ချင်ပေ။ “သူ့ကိုတွေ့လို့ရလား…. ဘယ်မှာရှာရမလဲ?” မျက်ရည်များက ဆန္ဒမရှိပဲ ထပ်ကျလာပြန်သည်။


ရှန်ချီရှင်းက သူ့ရှိုက်သံကိုကြားနိုင်သည်။ “မရီး၊ စိတ်မပူပါနဲ့၊ ခင်ဗျားလာချင်ရင် လာလို့ရပါတယ်။ ကျွန်တော် လေယာဥ်လက်မှတ်ဝယ်ပေးထားမယ်၊ လေယာဥ်ပေါ်ကဆင်းရင် ကျော့ရုံနဲ့ လာကြိုခိုင်းလိုက်မယ်။ တတိယအစ်ကိုက ယာဥ်မတော်တဆမှုအပြီးမှာ ကျွန်တော့်ကိုဖုန်းခေါ်ခဲ့တယ်။ ကံကောင်းတာက ကျွန်တော်ကိုင်လိုက်လို့ပေါ့။ ကျွန်တော်တောင်းပန်ပါတယ်။ မရီးကိုဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး၊ တတိယအစ်ကိုက မပြောခိုင်းလို့ပါ။”

ရှန်းယုဟန်က တုံ့ဆိုင်းမှုမရှိပဲ ပြောလိုက်သည်။ “ငါသိပါတယ်။ ငါအခုပဲ ခရီးဆောင်အိတ်ထုပ်ပိုးပြီး လေဆိပ်ကိုထွက်လာပါမယ်။”

သူတို့နှစ်ယောက် ဖုန်းချလိုက်ပြီးတော့ ရှန်းယုဟန်က မျက်ရည်သုတ်ကာ မသုံးရသေးသော ခရီးဆောင်အိတ်ကို တွေ့သွားခဲ့ပြီး အဝတ်အစားနှစ်စုံနှင့် မှတ်ပုံတင်စာရွက်စာတန်းများကို သိပ်ထည့်လိုက်သည်။


သူ့ခင်ပွန်း အလုပ်ခရီးသွားတိုင်း သူက အိုင်ဒီကတ်၊ ငွေသားနှင့် ဘဏ်ကဒ်၊ ဖုန်း၊ အားသွင်းကြိုးနှင့် ပါဝါဘန့်ကိုယူသွားလေ့ရှိပြီး နောက်ဆုံးမှာ Boarding Process** ကို စီရီကိုမေးပြီး လက်ရေးနှင့်မှတ်သားထားလိုက်သည်။

(လေယာဥ်ပေါ်တက်ရင် ပြရမယ့်စာရွက်ပိုင်းလေးနဲ့ ပြရမယ့်နေရာတွေပါ။)


သူ့ခင်ပွန်းက ခရီးသွားရင် သူဘယ်ရောက်နေလဲ အမြဲပြောလေ့ရှိပြီး လေယာဥ်ပေါ်တက်သောနေရာ၊ လုံခြုံရေးစစ်ဆေးသောနေရာ စသဖြင့် လေယာဥ်ပေါ်ယူဆောင်လို့မရသည့် ပစ္စည်းပါရင် စစ်ဆေးခံရမှာဖြစ်သည်။



သူ့အတွက် ပထမဆုံးခရီးထွက်တာဖြစ်သော်လည်း သူက ကြောက်စရာမလိုပဲ လမ်းပျောက်သွားရင် သူက လေဆိပ်ဝန်ထမ်းနဲ့ ရဲကိုအကြောင်းကြားလိုက်မှာပင်!


သူက သူ့ခင်ပွန်း ခရီးဆောင်အိတ်ထုပ်ပိုးတာကို ကူညီပေးခဲ့ဖူးပြီး ခရီးဆောင်အိတ်၏ ပါဝင်ပစ္စည်းများကို သိတာ​ကြောင့် သူက သူ့ခင်ပွန်း၏ညွှန်ကြားချက်အတိုင်း တုပလုပ်ဆောင်လိုက်သည်။



ရှန်ချီရှင်းက ရှန်းယုဟန်၏ အိုင်ဒီကတ်နံပါတ်ကိုမေးခဲ့ပြီး ခဏကြာတော့ ရှန်းယုဟန်က သူမှာထားသောလက်မှတ် စခရင်ရှော့ကို ရရှိခဲ့သဖြင့် သူလုပ်ရမှာက အိုင်ဒီကတ်ကို လေဆိပ်ကိုယူသွားပြီး လက်မှတ်ထုတ်ရမှာဖြစ်၏။


သူထုပ်ပိုးပြီး​နောက် အားလုံးစည်းစနစ်တကျရှိလား စစ်ဆေးခဲ့ပြီး သူက ခရီးဆောင်အိတ်အသေးလေးကို အောက်ထပ်ကိုသယ်လာတော့ တံခါးဝမှာ အန်တီဝမ်ကိုတွေ့လိုက်ရသည်။


အန်တီဝမ်က အနည်းငယ်အံ့အားသင့်နေသည်။ မစ္စတာရှန်းက လွန်ခဲ့သည့်လအနည်းငယ်မှာ ခရီးဝေးမထွက်ဖူးပေ။ “ရှောင်ရှန်းက အပြင်သွားမလို့လား?


ရှန်းယုဟန်က ခါးသီးစွာခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊ အန်တီဝမ်…. ကျွန်တော် ရက်အနည်းငယ်လောက် ပြန်မလာနိုင်လောက်ဘူး။”


အန်တီဝမ်က ဂရုတစိုက်​ပြောလိုက်သည်။ “ဒါဆိုလမ်းမှာဂရုစိုက်ပါ။ အပြင်မှာအရမ်းအေးလို့ နွေးနွေးထွေးထွေးနေဖို့မမေ့နဲ့။”


သူမက မစ္စတာရှန်းနှင့် မစ္စတာရှန် ​စကားများခဲ့လို့ ရှန်းယုဟန်က စိတ်ဆိုးကာ သူငယ်ချင်းအိမ်မှာ နှစ်ရက်လောက်သွားနေမယ်လို့ ထင်ခဲ့သည်။



ရှန်းယုဟန်က ခေါင်းညိတ်ကာ နားလည်ကြောင်းပြောလိုက်သည်။ ထို့​နောက် ကားပေါ်တက်ကာ ဦးလေးလီကို လေဆိပ်လိုက်ပို့ခိုင်းခဲ့သည်။



ထိုအချိန်မှာ သူက ဝမ်းနည်းပူဆွေးနေပြီး ခံစားချက်နှစ်ခုရောယှက်ကာ သူ့မျက်ရည်ကို ထိန်းထားရသည်။



သူက ချီတိုင်းပြည်က နံပါတ်တစ်ကောဖြစ်ပြီး သူက အသန်မာဆုံးဖြစ်ကာ သေခြင်းတရားကိုတောင် ကြုံခဲ့ဖူးပြီး ​ကြောက်စရာဘာမှမရှိပေ။ အဝေးကို ပထမဆုံးခရီးထွက်ဖြစ်ပြီး သူတစ်ခါမှမရောက်ဖူးသော လေယာဥ်ပေါ်မှာ ထိုင်တာကို သူလုပ်နိုင်မှာလား? သူလုပ်နိုင်သည်။ သူက ချီတိုင်းပြည်၏ ဉာဏ်အကောင်းဆုံးကောဖြစ်သည်။ 


ရှန်းယုဟန်က သူကားပေါ်မှာရှိနေစဥ် လေယာဥ်လက်မှတ်ဘယ်လိုစစ်ဆေးရမလဲ ရှာခဲ့ပြီး တစ်နာရီအတွင်း လေဆိပ်ကိုရောက်လာခဲ့သည်။ သူက ဆော့ဖ်ဝဲသုံးနည်း အမြန်လေ့လာခဲ့ပြီး လေယာဥ်အချက်အလက်ကိုရှာတွေခဲ့ကာ တစ်ဆင့်ချင်းသင်ယူလိုက်သည်။ 


တစ်ခါတစ်ရံ လူတွေက သင်ယူဖို့ တွန်းအားပေးခံရတတ်၏။


ဒါပေါ့…. ဒါက သူ၏ကိုယ်တိုင်သင်ယူခြင်း အလေ့အကျင့်ကို ကျေးဇူးတင်ရမှာဖြစ်ပြီး သူက ဥပမာတစ်ခုကနေ ကောက်ချက်ချရေးဆွဲနိုင်သည်။ ဆော့ဖ်ဝဲမှတ်ပုံတင်ခြင်းက အားလုံးတူတူဖြစ်ကာ သူ့ဖုန်းနံပါတ် မှန်နေသရွေ့ သူက အတည်ပြုမက်ဆေ့ကို ရရှိနိုင်ပြီး သူ့အိုင်ဒီကိုမှတ်မိတာ​ကြောင့် ဘာအခက်အခဲမှမရှိချေ။

ဦးလေးလီက ရှန်းယုဟန်ကို သက်ဆိုင်ရာလေဆိပ်အထွက်ဂိတ်ကို ပို့ပေးခဲ့ပြီး ရှန်းယုဟန်က ကားပေါ်ကဆင်းကာ သူ့ခရီးဆောင်အိတ်ကိုကိုင်ပြီး ဦးလေးလီထွက်သွားတာကို ကြည့်လိုက်သည်။


သူက လူအုပ်ကြီးထဲမှာ ရှုပ်ထွေးမှုအနည်းငယ်ဖြင့် ရပ်နေပြီး လမ်း​ကြောင်းတူ ကားပေါ်မှဆင်းလာသော လူများက လမ်း​​ကြောင်းတူဦးတည်ရာကို လျှောက်လာကြပြီး ရှန်းယုဟန်က သူ့ခြုံပုဝါကို အပေါ်ဆွဲကာ သက်ဆိုင်ရာဂိတ်တံခါးကိုဖြတ်သွားခဲ့သည်။


သူက လူဝင်မှုကြီးကြပ်ရေးအပေါ်ထပ်ကို အရင်သွားခဲ့ပြီး ခဏလောက်စောင့်ပြီးနောက် သူက သူသွားရမည့်လေကြောင်းလိုင်း၏ နေရာကို စတင်ရှာဖွေလိုက်သည်။ သူက အင်္ဂလိပ်လို သိပ်နားမလည်ပေမယ့် ပုံသဏ္ဍန်ကိုကြည့်ကာ ရှာဖွေနိုင်သည်။ စာလုံးများကမှတ်မိဖို့လွယ်ကူပြီး Pinyinနှင့် အတော်တူကာ အသံထွက်ပဲကွာခြားသည်။ သူက သက်ဆိုင်ရာအသံထွက်ကို အကြိမ်များစွာကြားခဲ့ရပြီး အပိုင်းအသေးလေးတစ်ခုကို မှတ်မိခဲ့သည်။



ဧရိယာ D၊ ဧရိယာ D၊ တွေ့ပြီ!


သူက လက်မှတ်ရဖို့ အိုင်ဒီကတ်ကိုသုံးပြီး သူ့ဘေးမှာ ဝန်ထမ်းများနှင့် သူ့ရှေ့မှာလူတွေရှိသည်။ သူက တခြားသူတွေ ဘယ်လိုလုပ်ဆောင်လဲဆိုတာကို လေ့လာပြီး သေချာသည်မှာ သူ့အိုင်ဒီကတ်ကတော့ တကယ်လိုအပ်သည်။


​နောက်ဆုံးတော့ ရှန်းယုဟန်၏အလှည့်ရောက်လာခဲ့သည်။ သူက စက်ပေါ်မှာဖော်ပြထားသော စာလုံးကြီးများကိုနားလည်ပြီး ညွှန်ကြားချက်က အရမ်းရှင်းကာ တစ်ဆင့်ချင်းလုပ်ဆောင်ရသော စာကြောင်းဖြစ်၏။ ၎င်းက အိုင်ဒီကတ်ကို ဓာတ်ပုံစာသားနှင့်အတူ ဘယ်လိုသွင်းရမလဲဖော်ပြထားတာကြောင့် သူက နားလည်နိုင်သည်။


ရှန်းယုဟန်က သူ့လက်မှတ်က ပထမတန်းလား ရိုးရိုးတန်းလား ဂရုမစိုက်ပေ။ သူက ပထမတန်း check-in counterကို ရှာဖို့လိုအပ်ရင် သူနောက်ကျသွားနိုင်သည်။ သူက လက်မှတ်အရင်ယူဖို့လိုပြီး လေယာဥ်ပေါ်စတက်လို့ရသောအချိန်က တစ်နာရီသာလိုသည်။ သူက လုံခြုံရေးစစ်ဆေးမှုကိုဖြတ်ပြီး စောင့်နေရုံသာဖြစ်သည်။



သူ့လက်မှတ်ယူသည့်လုပ်ငန်းစဥ်က ချောချောမွေ့မွေ့ ပြီးသွားပြီး သူက လေယာဥ်ပေါ်တက်သည့်အခါ ခရီးဆောင်အိတ်ကို စစ်ဆေးခံဖို့လိုလားလို့ ဝန်ထမ်းကိုမေးလိုက်ပြီး အန္တရာယ်ရှိသောပစ္စည်းမပါရင် စစ်ဆေးခံဖို့မလိုဘူးလို့ ဝန်ထမ်းကပြောလာသည်။


သူက ဗဟုသုတလေးတွေကို ထပ်မံချရေးလိုက်သည်။


သူ့လက်မှတ်ကိုကြည့်ပြီးနောက် လုံခြုံရေးဂိတ်ကို တန်းတန်းမတ်မတ်ရောက်သွားပြီး ဤနေရာက လုံခြုံရေးစစ်ဆေးမှုကို ပထမတန်းနှင့် ရိုးရိုးတန်းဟူ၍ နှစ်မျိုးခွဲထားပြီး လုံခြုံရေးစစ်ဆေးသူက ပထမတန်းလုံခြုံရေးဂိတ်ကို ညွှန်ပြခဲ့ပြီး ထိုမှသာ သူ့လက်မှတ်က ပထမတန်းဖြစ်ကြောင်း သိလိုက်ရသည်။


သူက လုံခြုံရေးစစ်ဆေးမှုကို အောင်မြင်စွာ ထပ်မံစစ်ဆေးပြီးနောက် ဂိတ်တံခါးကို အောင်မြင်စွာတွေ့ရှိခဲ့သည်။ ခဏလောက်ထိုင်ပြီးရင် သူ့ခင်ပွန်းခရီးသွားသော လေယာဥ်ပေါ်ကို တက်ရမှာဖြစ်ပြီး နောက်ဆုံးမှာ သူက သူ့ခင်ပွန်းနှင့် ပို၍ နီးကပ်လာခဲ့ပြီဖြစ်၏။

သိပ်မကြာခင်မှာ သူက လေယာဥ်ပေါ်တက်ဖို့ ဖိတ်ခေါ်ခံရပြီး သူက ပထမတန်းစားလက်မှတ်ကိုရထားပြီး အရင်ဆုံးတက်ဖို့ ဦးစားပေးခံရသည်။


အတိုချုပ်ဆိုရရင် ဗုဒ္ဓက သူ့ကိုကောင်းချီးပေးလိုက်ပုံရပြီး သူ့ကို ဒီနေ့တစ်နေကုန် ကာကွယ်ပေးခဲ့သည်။ သူက လက်မှတ်ကို စိတ်လှုပ်ရှားစွာကိုင်ထားပြီး လေယာဥ်ပေါ် ချောချောမွေ့မွေ့ တက်သွားခဲ့၏။


ထို့နောက် သူက လေယာဥ်မယ်များ၏ သီးသန့်ဝန်ဆောင်မှာကိုကြုံတွေ့ခဲ့ရပြီး လေယာဥ်မယ်များက သူ့ခရီးဆောင်အိတ်ကို ကူသယ်ပေးရုံမကပဲ သူ့အတွက် ထိုင်ခုံကိုပါညှိပေးခဲ့သည်။ သူတို့မှာ အပြုအမူကောင်းရှိပြီး ဝန်ဆောင်မှုကအဆင့်မြင့်ကာ သူတို့အားလုံးက နူးညံ့သိမ်မွေ့ကြသည်။


သူက မအံ့သြပဲမနေနိုင်ပေ။ သူ့ခင်ပွန်းက အလုပ်ခရီးအတွက် လေယာဥ်စီးတိုင်း ဒီလိုဝန်ဆောင်မှုကိုရတာလား?


မဟုတ်ဘူး။ ဒီအချိန်က မနာလိုဖြစ်ရမယ့်အချိန်မဟုတ်ဘူး။ သူ့ခင်ပွန်းက ဆေးရုံမှာပဲရှိသေးပြီး အိုင်ရှီယိုးအခန်းထဲရောက်နေတယ်လို့ ယောက်ဖကပြောခဲ့သည်။ သူက ထိုအရာကိုဘာမှန်းမသိသော်လည်း အလွန်လေးနက်သောအရာဖြစ်ပေမည်။ မဟုတ်ရင် သူက သူ့ကို ဖုန်းမခေါ်ဖို့ လုံးဝမဖြစ်နိုင်ပေ။


( ရှန်းယုဟန်က ICU နဲ့ အိုင်ရှီယိုး အသံထွက်မှားနေတာပါ။)


သူအပြင်းအထန်ဒဏ်ရာရပြီး သတိလစ်သွားတာဖြစ်နိုင်မလား?


သူ့ခင်ပွန်း၏ဒဏ်ရာက ဘယ်လောက်ပြင်းထန်လဲ တွေးမိသွားသောအခါ သူက ဝမ်းနည်းလွန်းလို့ ငိုချင်လာပြီး သူ့မျက်လုံးများက နီရဲလာပြန်သည်။


သူစိမ်းများ၏ဝန်းရံခံထားရပြီး ဟိုဟိုသည်သည်လျှောက်ကာ ရှန်းယုဟန်က ခေါင်းငုံ့လိုက်ပြီး သူ့မျက်နှာတစ်ဝက်ကို ခြုံပုဝါနှင့်အုပ်ထားပြီး ပြတင်းပေါက်အပြင်ဘက်ကို​ကြည့်ရန် ခေါင်းလှည့်ကာ သူ့ခင်ပွန်းအကြောင်းကိုတွေးပြီး သူ့မျက်လုံးက နီရဲနေသည်။

သူက သူ့ခင်ပွန်းကို မတွေ့ရတာ တစ်ပတ်ကြာပြီမို့ အရမ်းလွမ်းနေသည်။

သူက သူ့အဘိုး သူ့ကိုပြောခဲ့ဖူးတာကို မှတ်မိသည်။ စစ်ပွဲအတွင်းမှာ သူတို့က ဒဏ်ရာရပြီး အချိန်မီ နောက်ပြန်မဆုတ်ရင် ဒါမှမဟုတ် အနာရင်းနေတာမျိုး တစ်ခုခုဖြစ်ခဲ့ရင် လူအများစုက အသက်မရှင်နိုင်ကြပေ။ သူတို့က လူဘယ်နှစ်ယောက် သေဆုံးခဲ့ရတယ်ဆိုတာလည်း မသိနိုင်ပေ။ အကြောင်းမှာ ထိုအချိန်က ဒဏ်ရာများနှင့် ဖျားနာမှုက ကုလို့မရသောကြောင့်ပင်။


သူက သူ့ခင်ပွန်းအဆင်ပြေရဲ့လားမသိပေမယ့် သူက သူ့ကို အခုချက်ချင်းတွေ့ရဖို့ မျှော်လင့်နေသည်။


လေယာဥ်က ချောချောမွေ့မွေ့ ထွက်ခွာသွားသည်။


ရှန်းယုဟန်က လေယာဥ်ဝန်ဆောင်မှုကို ခံစားဖို့ စိတ်မဝင်စားပဲ သူက ခရီးစဥ်တစ်လျှောက် ရေပဲသောက်ပြီး ဘာမှမစားခဲ့ပေ။


ပြတင်းပေါက်အပြင်ဘက်မှာ အပြာရောင်ကောင်းကင်နဲ့ အဖြူရောင်တိမ်တိုက်များရှိနေပြီး သူက ပထမဆုံးအကြိမ် တိမ်များနှင့် နီးကပ်နေတာဖြစ်ပေမယ့် သူတို့ကိုကြည့်လိုက်စဥ် ဘာကိုမှသတိမထားမိပဲ သူ့စိတ်က ရှုပ်ပွနေခဲ့သည်။


နှစ်နာရီကြာ​တော့ သူက ပန်းတိုင်ကို အောင်မြင်စွာရောက်သွားခဲ့သည်။


သူက လေယာဥ်ပေါ်မတက်ခင်ကထက် စိတ်လှုပ်ရှားမနေတော့ပဲ သူက လေယာဥ်ဆင်းတာနဲ့ ရှန်ချီရှင်းကို ချက်ချင်းဆက်သွယ်လိုက်ပြီး ထွက်ပေါက်ကို ရှာတွေ့သွားခဲ့သည်။ သူ့ကိုလာကြိုသောလူမှာ ရှန်ချီရှင်း၏မန်နေဂျာ ကျော့ရုံဖြစ်သည်။

ကျော့ရုံက မျက်နှာကိုဘယ်လိုကြည့်ရမလဲသိပြီး သူ့မျက်လုံး ဘာကြောင့်နီနေလဲဆိုတာကို မမေးခဲ့ပေ။


ကားက လမ်းတစ်ဝက်ကျော် ဖြတ်မောင်းသွားပြီးနောက် ရှန်းယုဟန်က သူ့ခံစားချက်များကို စုစည်းကာ ကျော့ရုံကိုမေးလိုက်သည်။ “အကိုရှန်ချီဟွမ်း အခြေအနေဘယ်လိုလဲ?”


ကျော့ရုံက ပြောလိုက်သည်။ “အထူးကြပ်မတ်ကုသဆောင်မှာရှိနေတုန်းပဲ။”


အထူးကြပ်မတ်ကုသဆောင်?


အရမ်းပြင်းထန်လို့မဟုတ်ဘူးလား?

ရှန်းယုဟန်က မူးမေ့လဲလုနီးပါးဖြစ်သွားပေမယ့် သူက လက်ကိုတင်းတင်းဆုပ်ထားပြီး နိုးကြားနေစေဖို့ ကြိုးစားကာ အနည်းဆုံးတော့ ဤသည်မှာ သေဆုံးခြင်းသတင်းမဟုတ်ပေ။


သူက မေးခွန်းထပ်မမေးရဲတော့ပဲ သက်ပြင်းရှူထုတ်လိုက်သည်။ “မစ္စတာကျော့၊ ကျွန်တော်သူ့ကိုတွေ့လို့ရပြီလား?”


ကျော့ရုံကပြောလိုက်သည်။ “မစ္စတာရှန်း၊ စိတ်မပူပါနဲ့၊ မစ္စတာရှန်က လူကောင်းတစ်ယောက်ဖြစ်လို့ ကောင်းကင်ဘုံရဲ့အကူအညီကိုရထားပြီး သူအဆင်ပြေသွားမှာပါ။ သူ့ကိုမတွေ့ခင်မှာ ခင်ဗျားလုံခြုံမှုရှိဖို့လိုတယ်။”


“နားလည်ပါပြီ၊ ယာဥ်စည်းကမ်းလိုက်နာတာက ပိုကောင်းပါတယ်။” ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ စိတ်​အေးအေးထားလိုက်ရပြီး သူက သူ့ခင်ပွန်းကို တွေ့နိုင်တော့မှာဖြစ်သည်။


သူက သူ့ခင်ပွန်းကို ဘော်ဒီဂတ်များ ဝန်းရံထားတာကို မှတ်မိသေးသည်။ သူက ဒီလိုအရေးကြီးတဲ့အချိန်မှာ သူနဲ့အတူ ဘော်ဒီဂတ်တွေ ခေါ်မသွားရတာလဲ? တီဗီမှာမြင်ဖူးခဲ့သော ယာဥ်မတော်တဆမှုက သူ့စိတ်ထဲမှာ ထပ်ပေါ်လာပြီး သူက ဘာမှမစဥ်းစားရဲတော့ပဲ သူရှန်ချီဟွမ်းအကြောင်း ဆက်တွေးနေရင် ကားထဲမှာတင် မေ့မျောသွားမှာကို စိုးရိမ်မိသည်။ 

ရှန်းယုဟန်က ကားမတော်တဆမှု၏ ကြောက်စရာကောင်းသော စိတ်ကူးယဥ်အတွေးထဲမှာ နစ်မြှုပ်သွားမှာကို ကြောက်တာကြောင့် သူက ​ကားပြတင်းပေါက်အပြင်ဘက်ရှုခင်းကို ​ကြည့်လိုက်ရသည်။ သူက မမြင်ရသော်လည်း သူ့အာရုံကိုတော့ နည်းနည်းလောက် လွှဲနိုင်ပေလိမ့်မည်။


ကျော့ရုံက ယခင်က ရှန်းယုဟန် ရေပက်တာကိုခံရဖူး၍ သူက သဘာဝအတိုင်း ထိရှလွယ်မှာကို သိတာ​ကြောင့် ဘာမှထပ်မပြောရဲတော့ပေ။ တစ်နာရီကျော်ကြာတော့ သူက ရှန်ချီဟွမ်းကို တင်ထားသည့် ဆေးရုံကို အောင်မြင်စွာပို့ပေးလိုက်သည်။


ဆေးရုံက လူစည်ကားသောနေရာအလယ်ရှိ ဆိတ်ငြိမ်သောနေရာမှာတည်ရှိပြီး ရှန်းယုဟန်က ကျော့ရုံ၏​လမ်းညွှန်မှုဖြင့် ဆေးရုံကိုရောက်လာပြီး ရှန်ချီရှင်းကိုအရင်တွေ့ခဲ့ရပေမယ့် သူ့ခင်ပွန်းကို မတွေ့ရသေးပေ။


ရှန်းယုဟန်က သူ့ကိုမြင်တာနဲ့ သူ့ဆီ ပြေးသွားကာ မေးလိုက်သည်။ “မင်းအစ်ကိုဘယ်မှာလဲ?”



ရှန်ချီရှင်းက သူ့ကိုတွေ့သည့်အခါ သက်ပြင်းချလိုက်သည်။ “မရီး၊ မစိုးရိမ်ပါနဲ့။ ကျွန်တော့်အစ်ကိုကို အထွေထွေဌာနကိုပို့ပြီးတာ ဆယ်မိနစ်ရှိပါပြီ။ ဆေးရုံက ရုပ်ပိုင်းဆိုင်ရာ အချက်အလက်ကိုစစ်ဆေးနေပြီး ကြီးကြီးမားမားမရှိပေမယ့် သူ့​ခေါင်းထိသွားလောက်တယ်။ သူ သတိမရသေးပေမယ့် မကြာခင်နိုးလာမှာပါ။”


ရှန်းယုဟန်၏အသံက တုန်ယင်နေသည်။ “သတိမရသေးဘူးလား၊ သူအသက်ရှင်တယ်မလားဟင်?”


“ဒါပေါ့ ICU ကထွက်လာတယ်ဆိုတာ ကောင်းတယ်လို့ဆိုလိုတာပဲ။ သူနိုးလာတာကို စောင့်နေပါ။” ရှန်ချီရှင်းက ထပ်မ​ပြောရဲတော့ချေ။ သူ့မရီးက ငိုတော့မှာဖြစ်ပြီး သူဘယ်လောက်စိတ်ပူနေလဲဆိုတာကို တွေ့ရတော့ သူကပြောလိုက်သည်။ “မရီးကြည့်လို့ရအောင် လူနာဆောင်အဝင်ဝက ပြတင်းပေါက်ဆီ ခေါ်သွားပေးမယ်။”

ရှန်ချီရှင်း​က ရှန်းယုဟန်ကို လူနာဆောင်တံခါးဝကို ခေါ်သွားပြီး နှစ်သိမ့်လိုက်သည်။ “ကြည့်ပါ။ သူအိပ်နေရုံပါပဲ။ ကြီးကြီးမားမား ပြဿနာမရှိဘူး။ တကယ်တော့ သူ မနက်က ခဏသတိရလာပြီး ပြန်အိပ်ပျော်သွားတာ။ ဒေါက်တာက သူ့ခေါင်းမှာ အကြိတ်ပိတ်နေတယ်ပြောတယ်။ အကြိတ်ကိုဖယ်ပြီးတာနဲ့ သူပြန်ကောင်းသွားမှာပါ။”


ရှန်းယုဟန်​က ရှန်ချီဟွမ်းကို လူနာဆောင်တံခါးမှ ကြည့်နေပြီး ရှန်ချီရှင်း၏စကားကို မကြားခဲ့ပေ။


သူ့ခင်ပွန်း၏နဖူး​က ပတ်တီးစည်းထားရပြီး သူ့ဘယ်လက်က ပလာစတာကပ်ထားကာ သူက အပြာနုရောင်လူနာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အားနည်းနေသည့် ခင်ပွန်း၏ မရင်းနှီိးသောပုံရိပ်ကိုမြင်လိုက်ရပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတာကြာပြီဖြစ်၍ သူ့ခင်ပွန်း သူ့ကိုပြလေ့ရှိတာက ရှည်လျားခန့်ညားပြီး အရှိန်အဝါကြီးသောပုံစံဖြစ်ပေမယ့် ဤကဲ့သို့ ဖြူဖျော့ကာ နှုတ်ခမ်းက ဖြူစွတ်နေသည့် ပုံရိပ်မျိုးကို မတွေ့ဖူးပေ။


ဒေါက်တာက လူနာခန်းမှထွက်လာပြီး သူတို့ကို စစ်ဆေးမှုရလဒ်အကြောင်း ပြောပြခဲ့သည်။ သူက မနက်ကသတိရလာပြီး ပြန်အိပ်ပျော်သွားတာကြောင့် ဒီနေ့နိုးလာလောက်သည်ဟု ​ပြောခဲ့သည်။ ထိုစကားကြားတော့ ရှန်းယုဟန်က သူ့ခင်ပွန်းအဆင်ပြေတာကို သိခဲ့ပေမယ့် လူနာတွေ့ချိန်က တစ်နေ့ကို တစ်နာရီထက်မကျော်သင့်ဘူးလို့ ဒေါက်တာကပြောခဲ့သည်။


သူက ခေါင်းရိုက်မိချိန် သွေးထွက်များခဲ့တာကြောင့် ထိုင်နေတုန်း သူ့ခင်ပွန်း၏လက်ကိုမထိရဲပေ။ သူက သူ့ကိုနာကျင်အောင်လုပ်မိမှာကို ကြောက်နေပြီး သူ့ခင်ပွန်းကို စောင်ခြုံပေးလိုက်သည်။ စောင့်ကြည့်နေရင်း သူ့မျက်လုံးများက တဖန်နီရဲလာပေမယ့် အပြင်လူများရှိနေ၍ သူက ထိန်းချူပ်ထားခဲ့သည်။


သူကမျက်ရည်သုတ်ကာ ရှန်ချီရှင်းကိုလှည့်မေးလိုက်သည်။ “ဒါဘယ်လိုဖြစ်ခဲ့တာလဲ?”


ရှန်ချီရှင်းက ဘာထပ်လုပ်နိုင်မှာလဲ သူက တစ်ရှူးကိုသာကမ်းပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ရဲတွေက စစ်ဆေးနေတုန်းလို့ပြောပေမယ့် အခြေအနေက ရှုပ်ထွေးတယ်။ သဲလွန်စတွေလည်း ပျောက်နေပြီး သူ့ကိုတိုက်ခဲ့တဲ့လူက မူးနေတယ်လို့ပဲပြောပြီး တခြားဘာမှမဖြေဘူး။”


ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ သူက နောက်တစ်ကြိမ် သက်ပြင်းချကာ သူ့ခင်ပွန်းကို တစ်ယောက်ယောက်က သတ်ချင်နေတာ သိသာ၏။ ဘယ်သူက အဲ့လောက်ရက်စက်တာလဲ?


ရှန်ချီရှင်းက ရှန်းယုဟန်ကို နေ့လည်စာစားပြီးပြီလား မေးလိုက်သည်။


ရှန်းယုဟန်က ​ခေါင်းခါလိုက်သည်။ “ငါဗိုက်မဆာဘူး။ မင်းတို့သွားစားကြပါ။ ငါဒီမှာစောင့်နေပါမယ်။”


“မရီးစားဖို့တစ်ခုခုယူလာပေးမယ်။” ဒါပေါ့ ရှန်ချီရှင်းက သူ့မရီးကို အငတ်မထားနိုင်ပေ။ သူက အခုတော့ တတိယအစ်ကို ဒဏ်ရာရခဲ့သည့်သတင်းကို ပေးခဲ့ရုံတင်မဟုတ်ပဲ သူ့ကို ထမင်းမစားနိုင်အောင်ပါ လုပ်ခဲ့မိသည်။ သူ့တတိယအစ်ကို နေ့လည်သတိရလာရင် သူ့ကို သေအောင်ရိုက်မှာဖြစ်သည်။ နောက်ဆုံးအကြိမ် သူ့လူပျောက်သွားတုန်းကတောင် တစ်ညလုံးအိပ်မရအောင် အပြစ်ပေးခံခဲ့ရသည်။


သူတို့ထွက်သွားပြီးနောက် တံခါးပိတ်သွားတာနဲ့ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ဒဏ်ရာမရှိသောလက်ကို ညင်ညင်သာသာ ဖိထားပြီး မျက်ရည်ကို ထိန်းမချုပ်နိုင်တော့ပဲ ရှိုက်သံဖြင့်ပြောလိုက်သည်။ “ယောကျာ်း၊ မြန်မြန်ပြန်ကောင်းလာပါ။ ကျွန်တော်ခင်ဗျားကိုလွမ်းတယ်။”



သူဝမ်းနည်းစွာငိုကြွေးနေစဥ် လက်တစ်ဖက်က သူ့နဖူးကို ညင်ညင်သာသာ ဖိလိုက်ပြီး အသံနက်ကြီးတစ်ခုထွက်ပေါ်လာသည်။ “ငါကြားတယ်။ မင်းဘာလို့ငိုနေတာလဲ?”