Chapter 54.1
Viewers 972

Chapter 54.1


“ကြမ်းတမ်းသော်လည်း ချစ်စရာကောင်းသောဇနီး”

ရှန်းယုဟန်က သူ့မျက်နှာပေါ်က တွဲလောင်းကျနေသော မျက်ရည်စက်များဖြင့် ခေါင်းမော့လိုက်တော့ သူ့မျက်လုံးများက စိုစွတ်နေဆဲဖြစ်ပြီး ကုတင်ပေါ်မှာ လဲလျောင်းနေသော ရှန်ချီဟွမ်းထက်ပင် ပိုသနားစရာကောင်းနေသည်။ 


သူက သူ့မျက်နှာကို ဘယ်လက်နဲ့ညာလက် တစ်ပြိုင်တည်းသုံးကာ သုတ်ပစ်လိုက်ပြီး ခဏလောက် ဘယ်လိုအမူအရာကိုသုံးရမလဲ မသိခဲ့ပေ။ ခဏလောက် နှေးကွေးစွာလှုပ်ရှားပြီးမှ ပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား…. ခင်ဗျားသတိရလာပြီလား?”


“အွန်း၊ ခေါင်းနည်းနည်းနာနေသေးတယ်။” ရှန်ချီဟွမ်းက သူဘယ်လောက်ထိအိပ်ခဲ့တာလဲမသိသဖြင့် သူ့လည်ချောင်းက ခြောက်သွေ့အက်ကွဲနေပြီး အသံဝင်နေသည်။ 



ရှန်းယုဟန်က အနည်းငယ်အံ့သြသွားသည်။ “ကျွန်တော်ဆရာဝန်သွားခေါ်လိုက်မယ်။”



သူစကားပြောပြီး အပြင်ထွက်ခါနီးမှာ ခုံကိုတိုက်မိလုနီးပါးဖြစ်ပြီး ရှန်ချီဟွမ်းက စိုးရိမ်နေသော သူ့အပြုအမူကြောင့် ရယ်မောမိသွားသည်။


“ရှန်းယုဟန်၊ သွားစရာမလိုပါဘူး။ ကုတင်ဘေးမှာ ဖုန်းခေါ်ခေါင်းလောင်းရှိတယ်။ မင်းနှိပ်လိုက်ရင် နောက်မှ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်။” ရှန်ချီဟွမ်းက နောက်ဆုံးမှာ သူ့အသံကို​ ပြန်ရသွားကာ ပြောလိုက်သည်။ “ငါ့ကို ရေတစ်ခွက်ပေးပါ။”


ရှန်းယုဟန်က ယခုလေးတင် ထိတ်လန့်တုန်လှုပ်ကာ ​ပူဆွေးနေပြီး သူ့ခင်ပွန်းက ရုတ်တရက်နိုးလာပြီး သူ့ကိုအံ့သြစေခဲ့တာကြောင့် ဘာလုပ်ရမလဲမသိခဲ့ပေ။ သူအရင်က ရှန်းမိသားစုနဲ့ အတူရှိခဲ့တာ​ကြောင့် သူ့အဘွားဖျားသည့်အခါ ဘယ်လိုဂရုစိုက်ရမလဲသိသည်။


သူက ရှန်ချီဟွမ်းကို စေ့စေ့စပ်စပ်ကြည့်နေပြီး သူ့မျက်နှာက အနည်းငယ်နီရဲနေသော်လည်း သူသတိရလာတာကို နောက်တစ်​ကြိမ်အတည်ပြုလိုက်သည်။ ကံကောင်းစွာပင် သူ့ခင်ပွန်းက အသက်ရှင်နေပြီး သူကတော့ သေအောင်ကြောက်သွားခဲ့သည်။

ရှန်ချီဟွမ်း၏သတိပေးချက်ကြောင့် ရှန်းယုဟန်က ကုတင်ဘေးက လူခေါ်ခေါင်းလောင်းကိုနှိပ်ကာ ဖိလိုက်ပြီး အလင်းရောင်တစ်ခုကျလာပြီး​နောက် ရှန်ချီဟွမ်းအတွက် ရေထည့်ပေးဖို့သွားခဲ့သည်။


သူက ရှန်ချီဟွမ်း၏ပါးစပ်ထဲမှာ ရေအနည်းငယ်တိုက်ကျွေးလိုက်ပြီး စက္ကူခွက်ထဲကရေက အမြန်ကုန်သွားခဲ့သည်။

ရှန်းယုဟန်က သူရေဆာနေသေးလား စိုးရိမ်နေသည်။ “ယောကျာ်း၊ ခင်ဗျားရေသောက်ချင်သေးလား?”


ရှန်ချီဟွမ်းက ပြောလိုက်သည်။ “အခုမသောက်သေးဘူး။” သူ့ခေါင်းက အနည်းငယ်မူးဝေနာကျင်နေပြီး လှုပ်ရှားလိုက်တာနဲ့ မအီမသာဖြစ်လာပေမယ့် သူက ရှန်းယုဟန် အတွေးလွန်မှာကို စိုးရိမ်နေတာကြောင့် သိသိသာသာ ထုတ်မပြခဲ့ပေ။ “မင်းဘာလို့ဒီရောက်နေတာလဲ? မင်းကို မပြောဖို့ ရှန်ချီရှင်းကို ငါမှာထားခဲ့တာလေ။”


ရှန်းယုဟန်က ကုလားထိုင်ပေါ်မှာထိုင်ပြီး သူ့လက်ကိုတင်းတင်းဆုပ်ကာ ပြောလိုက်သည်။ “ယောက်ဖက ဒီမနက် Hot Searchကို မကြည့်ဖို့ပြောခဲ့တယ်။ ကျွန်တော်သွားစစ်ကြည့်တော့ ခင်ဗျား ကားမတော်တဆမှုဖြစ်တာကို တွေခဲ့ပြီး ကျွန်တော်အရမ်းကြောက်သွားလို့ ဒီကိုတစ်ယောက်တည်းလာခဲ့တာ။”


သူတို့လက်ထပ်ပြီးကတည်းက ရှန်ချီဟွမ်းက ရှန်းယုဟန် ကျန်းချန်မှ ထွက်ခွာတာကို မမြင်ဖူးခဲ့ပေ။ သူတစ်ယောက်တည်း လေယာဥ်စီးလာတာကိုကြား​တော့ သူက မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။


ရှန်ချီဟွမ်းက သူ၏အေးစက်နေသောလက်ကို ခါယမ်းကာ ပြောလိုက်သည်။ “မင်းဒီမနက်ထွက်လာတာလား? ဒီကိုရောက်ဖို့ အချိန်တော်တော်ယူခဲ့ရမှာပေါ့။” သူ့လည်ချောင်းက ရေသောက်ထားလို့ စိုစွတ်နေပြီး အခု သက်တောင့်သက်သာပိုရှိလာကာ သဘာဝပိုဆန်လာသည်။


“သိပ်မကြာပါဘူး။ ကျွန်တော်ရောက်တာမကြာသေးဘူး။ ​ရောက်တော့ ခင်ဗျားသတိရလာတာပဲ။” ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိလိုက်ပြီး သူ့မျက်လုံးများမှာ နာကျင်မှုအရိပ်အမြွက်ရှိနေသည်။ “ယောကျာ်း၊ ခင်ဗျား ဒဏ်ရာရခဲ့တာကို ကျွန်တော့်ကို ဘာလို့မပြောပြခဲ့တာလဲ? ကျွန်တော် ခင်ဗျားနဲ့ ဗီဒီယိုကောလ်မပြောရလို့ စိတ်မကောင်းဖြစ်နေတာ။”


“မင်းသိသွားရင် ပိုဝမ်းနည်းသွားမှာကို ကြောက်လို့ပါ။” ရှန်ချီဟွမ်းက သူမေ့မျောသွားတာကို မပြောဖို့လည်း မှာခဲ့သည်။ အကြောင်းမှာ သူအရမ်းငိုပြီး အသက်ရှူမဝဖြစ်မှာစိုးလို့ပင်။ “နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး။”


“ခင်ဗျားက နောက်တစ်ခါဖြစ်ချင်သေးတာလား?” ရှန်းယုဟန်၏မျက်လုံးများက ရုတ်တရက် ပြင်းထန်လာပြီး သူ့ကိုစိုက်ကြည့်ကာ နောက်ဆုံးတစ်ကြိမ် သူ့လက်ဖဝါး ဒဏ်ရာရတုန်းက သူ့ခင်ပွန်းက သူ့ကို ဒီလိုစကားမျိုးပြောခဲ့ဖူးသည်။


ရှန်းယုဟန်က ကြမ်းတမ်းသော်လည်း ချစ်စရာကောင်းနေသည်။ ယင်းမှာ ရှန်ချီဟွမ်းကို ရယ်မောစေပြီး သူက သူ့ဇနီး၏အမူအရာကို မြင်သောအခါ သူ့နဖူးပေါ်က ဒဏ်ရာက သိပ်မနာတော့ပေ။


ရှန်ချီဟွမ်းက သူ့စကားကိုနာခံကာ ပြောလိုက်သည်။ “နောက်တစ်ကြိမ်ဆိုတာ မရှိစေရပါဘူး။”


သိပ်မကြာခင်မှာ ဒေါက်တာရောက်လာခဲ့ပြီး ရှန်းယုဟန်က ဒေါက်တာစစ်ဆေးနိုင်ဖို့ နေရာရွှေ့ပေးလိုက်သည်။


ဒေါက်တာက ရှန်ချီဟွမ်းကို မေးခွန်းအနည်းငယ်မေးပြီးနောက် ရှန်ချီဟွမ်းက ခေါင်းကိုက်နေသဖြင့် အထဲမှာဒဏ်ရာရှိနိုင်လောက်တယ်လို့ ပြောလာသည်။ နာကျင်မှုက ရှောင်လွှဲမရပဲ မူးဝေခြင်းနှင့် ပျို့အန်ခြင်းက ထိခိုက်မှုပြင်းထန်ခြင်း၏ လက္ခဏာဖြစ်ပြီး သူ့ကို များများအနားယူဖို့နှင့် စောင့်ကြည့်စစ်ဆေးရန် ဆေးရုံမှာနေဖို့ပြောခဲ့သည်။


ကျိုးသွားသောဘယ်လက်နှင့်ယှဥ်ရင် ​ဦးခေါင်းက ပို၍အရေးကြီးသည်။

ရှန်ချီဟွမ်း ဆေးရုံမှာမနေချင်ပေ။ “ဒေါက်တာ…. ကျွန်တော်ဘယ်လောက်ကြာအောင် နေရမှာလဲ?”

ဒေါက်တာက မှတ်စုစာအုပ်မှာ တစ်ခုခုကို အမူအရာမဲ့စွာ ရေးသားနေရင်း ပြောလိုက်သည်။ “သုံးငါးရက်လောက်လိုပါတယ်။ ဒါပေမယ့် မင်းရဲ့အခြေအနေပေါ်မှာ မူတည်တယ်။ မင်းပိုသက်သာလာရင် သုံးရက်အတွင်း ဆေးရုံဆင်းလို့ရပြီး မသက်သာရင်တော့ တစ်ပတ်လောက်ကြာနိုင်ပါတယ်။”

“ဆေးရုံက စောစောဆင်းနိုင်ဖို့ နည်းလမ်းရှိလား?” ရှန်ချီဟွမ်းက ထပ်မေးလိုက်သည်။


“ယောကျာ်း၊ ဆရာဝန်စကားနား​ထောင်ပြီး ဒဏ်ရာကို ဂရုစိုက်လိုက်ပါ။” ရှန်းယုဟန်က တစ်ခုခုပြောလိုက်ရသည်။ သူ့ခင်ပွန်းက ဆေးရုံအမြန်ဆုံးဆင်ချင်တာကို သူခံစားမိသည်။


ဒေါက်တာက ရှန်းယုဟန်ကို ကြည့်လိုက်သည်။ “မိသားစုဝင်လား? သူ့ကိုအကြံပေးလိုက်ပါ။ သူပြန်မကောင်းရင် စိတ်လွတ်ကိုယ်လွတ် ဘယ်လိုလှုပ်ရှားနိုင်မှာလဲ?”

ဆရာဝန်ကောင်းတစ်ယောက်က လေးစားမှုနဲ့ထိုက်တန်သည်။ ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ဒေါက်တာ၊ သူ့ကောင်းကောင်းကုသနိုင်စေဖို့ ကျွန်တော်စောင့်ကြည့်နေပါမယ်။”


“အင်း၊ မင်း အခုမှသတိရလာတာဆိုတော့ အရည်နည်းနည်းစားပြီး အရင်အနားယူလိုက်ပါ။ အချိန်မှန်ဆေးထိုးဆေးသောက်ပြီး တစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်ပါ။” ဆရာဝန်က နာခံမှုမရှိသော လူနာကို ပြောပြီးတာနဲ့ ထွက်သွားခဲ့သည်။


ရှန်းယုဟန်က တံခါးမပိတ်ခင် ဒေါက်တာနဲ့ သူနာပြုများ ထွက်သွားတာကို ကြည့်လိုက်ပြီး ထိုအချိန်မှာ ရှန်ချီရှင်းနှင့် ကျော့ရုံက နေ့လည်စာဘူးနဲ့ ရောက်လာခဲ့သည်။


သူက လူနာဆောင်မှာ ဒေါက်တာထွက်လာတာတွေ့တော့ တစ်ခုခုဖြစ်ခဲ့တယ်ထင်သွားပေမယ့် သူ့တတိယအစ်ကို နိုးနေတာကို တွေ့လိုက်ရ၏။


ရှန်ချီရှင်း၏ ပထမဆုံးတုံ့ပြန်မှုက ရှန်းယုဟန်ကိုကြည့်ကာ သက်ပြင်းချခြင်းဖြစ်သည်။ “မရီး၊ ခင်ဗျားက တတိယအစ်ကိုရဲ့ အံ့ဖွယ်ဆေးဆိုတာကို ကျွန်တော်သိသားပဲ။ ပထမရက်တည်းက ခေါ်ခဲ့သင့်တာ။ သူက ခင်ဗျားရောက်လာတာနဲ့ နိုးလာတာပဲ။”


ရှန်ချီဟွမ်းက ရင်ထဲကနေပြောလိုက်သည်။ သူက ရောက်လာတာနဲ့ငိုနေလို့ သူ့ငိုသံကြောင့် ငါနိုးလာတာကွ!


သို့သော် ထိုစကားကို သူဘယ်လိုပြောရဲမှာလဲ၊ သူက သူ့ဇနီးလေး၏ ကြမ်းတမ်းပြီးချစ်ဖို့ကောင်းသောပုံစံကို ယခုလေးတင်မြင်ခဲ့ရပြီး စိတ်ဆိုးဖို့က မဖြစ်နိုင်တော့ပေ။ ရှန်းယုဟန်က သူ့ကိုနှိပ်စက်ဖို့ ဆရာဝန်နဲ့​တောင် ပူးပေါင်းခဲ့ပြီး သူမူးဝေနေသေးတာတောင် အဆူခံလိုက်ရသည်။ ရှန်ချီဟွမ်းက သူ့ကိုယ်သူ နှိမ့်ချတတ်တယ်လို့ ခံစားလိုက်ရ၏။ 


ရှန်းယုဟန်က ရှန်ချီရှင်း၏စကားကို စိတ်မဆိုးပဲမနေနိုင်ပေ။ “သူက ဒီလိုဒဏ်ရာရနေတာကို မင်းငါ့ကိုဘာလို့မ​ပြောခဲ့တာလဲ၊ ​ယောက်ဖ….မင်းက ဒဏ်ရာရထားတဲ့သူရဲ့စကားကို ဘယ်လိုနား​ထောင်နိုင်တာလဲ။ သူတစ်ခုခုဖြစ်သွားရင်…ဖက်ဖက်ဖက်… မဖြစ်ပါဘူး။ ငါပြောချင်တာက မင်းတို့တွေ အနာဂတ်မှာ ငါ့ကိုဘာမှဖုံးကွယ်ထားခွင့်မရှိဘူး!” သူက သူ့ခေါင်းကိုလှည့်ကာ ရှန်ချီဟွမ်းကို​ကြည့်လိုက်တော့ သူ့ခင်ပွန်းက သူ့ကိုတည့်တိုးစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ “ကျွန်တော်ပြောတာမှားလို့လား?”


ရှန်ချီဟွမ်းက အပြုံးတစ်ခုကို အတင်းတပ်ဆင်လိုက်ရပြီး “ဟုတ်တယ်၊ ဟုတ်တယ်။ မင်းပြောသမျှမှန်တယ်။ မှားတာကိုယ်ပါ။”


ရှန်ချီရှင်းက ရှန်းယုဟန်ဆီက အဆူခံရသောအခါ ခဏတာအံ့အားသင့်သွားပြီး သူ့မရီးက ပုံမှန်ဆိုရင် နူးနူးညံ့ညံ့ ပြောတတ်သူဖြစ်ပေမယ့် သူစိတ်ဆိုးသောအခါ အတော်​လေးကြောက်စရာကောင်းသည်။



သူက ချက်ချင်း ခေါင်းစဥ်ပြောင်းလိုက်သည်။ “နောက်တစ်ခါ ကျွန်တော် တတိယအစ်ကိုအတွက် လုံးဝဖုံးဖိမပေးတော့ဘူး။ မရီး…. နေ့လည်စာစားလိုက်ဦး”


ရှန်ချီဟွမ်းက သူ့ညီလေး ဒီတစ်ခါတော်တယ်လို့ ခံစားလိုက်ရသည်။ “ရှန်းယုဟန်၊ မြန်မြန်စားတော့။ မင်း ကောင်းကောင်းစားမှ ငါ့ကိုဂရုစိုက်နိုင်မှာပေါ့။”


“ဘယ်သူက ခင်ဗျားကိုဂရုစိုက်မှာလဲ?” ရှန်းယုဟန်က အပြောတခြား အဓိပ္ပါယ်တခြားဖြစ်သော ရှန်ချီဟွမ်း၏စကားကြောင့် ဒေါသထွက်သွားသည်။ “ခင်ဗျားက ဒေါက်တာရဲ့စကားကို အခုထိနားမထောင်ဘူးပဲ။”


“ကိုယ်နားထောင်ပါတယ်၊ မင်းမြန်မြန်စားပါ။” ရှန်ချီဟွမ်းက သူစိတ်ဆိုးမှာကို တကယ်ကြောက်နေသည်။ “ကိုယ်ကမင်းပြောတာလည်း နားထောင်မှာပါ။”


ရှန်ချီဟွမ်းက သူ့တတိယအစ်ကို အလျော့ပေးတာကို မြင်ရတာရှား၏။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူ့မရီးက တကယ်ကိုအံ့သြစရာကောင်းသည်။ သူ့တတိယအစ်ကို၏ မယား​ကြောက်မျက်နှာကို ပုံမှန်ဆိုရင် မြင်နိုင်မှာမဟုတ်ပေ။


ရှန်းယုဟန်က သူ့ဆီက အာမခံချက်ရပြီးမှ ထမင်းစားလိုက်ပြီး သူက ရှန်ချီဟွမ်းက အရည်သာစားနိုင်ကြောင်း ရှန်ချီရှင်းကိုပြောပြလိုက်၏။


ကျော့ရုံက သဘောပေါက်သွားပြီး သူ အောက်ဆင်းပြီး သွားဝယ်လိုက်မယ်လို့ ချက်ချင်းပြောခဲ့ကာ သူတို့သုံးယောက်ကို အေးအေးဆေးဆေး စကားပြောခွင့်ပေးလိုက်သည်။


ရှန်းယုဟန်က လေယာဥ်ပေါ်မှာ ဘာမှမစားခဲ့ပေမယ့် ယခု သူက သူ့ခင်ပွန်း ထိခိုက်မိထားသော်လည်း အသက်ရှင်နေကာ ပြန်ကောင်းလာတာကိုတွေ့တော့ သူက စားသောက်ချင်စိတ်ပြန်ဖြစ်လာသည်။ ရှန်ချီရှင်းယူလာသော အစားအစာက အေးသွားပေမယ့် အရသာရှိသည်။ သူက စိတ်ကြည်နေပြီး ဗိုက်ဆာနေကာ အစားအသောက်မဖြုန်းတီးချင်တာကြောင့် ကုန်အောင်စားလိုက်သည်။


ရှန်ချီဟွမ်းက ယခုလေးတင်နိုးလာပြီး စကားပြောသည့်အခါ မူးဝေလာတာ​ကြောင့် သူက ရှန်းယုဟန်၏ စားသောက်နေသောပုံစံကိုသာ ကြည့်နေသည်။ ရှန်ချီရှင်းက သူ့ကိုစကားပြောချင်ပေမယ့် ရေခပ်ဖို့ အခိုင်းခံရတာကြောင့် ရှန်းယုဟန်က စားသောက်ပြီးသောအခါ ရှန်ချီဟွမ်းက သူ့ဆီးအိမ်က ရေသောက်များလို့ ဖောင်းလာ​ကြောင်း တွေ့လိုက်ရသည်။


ရှန်ချီရှင်းက သူ့ကို ကုတင်ပေါ်ကထဖို့ ကူပေးပြီး ရှန်းယုဟန်က ခေတ်သစ်ဆေးရုံကုတင်မှာ ဒီလိုလုပ်ဆောင်ချက်မျိုးပါတာကို အံ့အားသင့်သွား၏။ အရမ်းမိုက်တာပဲ!


ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ကူညီပေးပါရစေ”


“မင်းပဲကူညီတော့” ရှန်ချီဟွမ်းက ခေါင်းကိုက်တာကိုသည်းခံကာ ပြောလိုက်သည်။


ဘေးကနေ နား​ထောင်နေသော ရှန်ချီရှင်းက မကျေမနပ်ရေရွတ်လိုက်သည်။ “ကျွန်တော်က ဘာလို့ကူလို့မရတာလဲ၊ ကျွန်တော်က တတိယအစ်ကိုရဲ့ညီပါ။”


ရှန်ချီဟွမ်းက သူ့ညီကို ကန်ထုတ်ပစ်ချင်နေသည်။ “အမှိုက်သွားပစ်စမ်း၊ မင်းမရီးက အမှိုက်ပုံးရှိတဲ့နေရာကို မသိဘူး။”


ရှန်ချီရှင်းက ခေါင်းကုတ်ကာ အမှိုက်ပစ်ဖို့ ထွက်သွားပြီး သူ့တတိယအစ်ကိုက အားနည်းနေတာကြောင့် သူ့စကားနားထောင်သင့်တယ်လို့ တွေးလိုက်သည်။



အဆင့်မြင့်လူနာဆောင်ရှိ ရေချိုးခန်းက အလွန်သန့်ရှင်းပြီး ဆေးရုံ၏ သီးသန့်ပိုးသတ်ဆေးအနံ့ကိုရပေမယ့် သန့်ရှင်းနေဆဲဖြစ်သည်။


ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက ရုပ်ပိုင်းဆိုင်ရာရင်းနှီးခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အလွန်ရိုးသားကြသော်လည်း သူက သူ့ခင်ပွန်းကိုတော့ အဝတ်အစာ​ကူမချွတ်ပေးဖူးချေ။


သူက ရှက်နေပြီး သူ့ခေါင်းက တစ်ဝက်အောက်စိုက်နေကာ ရှန်ချီဟွမ်းကို တိုက်ရိုက်စိုက်ကြည့်ဖို့ သတ္တိမရှိပဲ သူ့အသံကလည်း အနည်းငယ်ကျဆင်းသွားသည်။ 


ရှန်းယုဟန်က တိုးတိုးလေးမေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ဘာလုပ်ရမလဲ?”



ရှန်ချီဟွမ်းက ရှန်းယုဟန်၏နားရွက်တွေနီလာတာကို ဘယ်လိုလုပ်မမြင်နိုင်မှာလဲ၊ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ခါးက ခါးပတ်ကူချွတ်ပေး။”


“အို” ရှန်းယုဟန်က နာနာခံခံ သူ့ကိုခါးပတ်ကူချွတ်ပေးပြီး ခေါင်းမော့လိုက်သည်။ “ဒီလိုဆိုရပြီလား?”


ရှန်ချီဟွမ်းက အားမရှိသလိုပြောလိုက်သည်။ “ငါအားမရှိလို့ အောက်နည်းနည်းဆွဲချပေးပါ။”


ရှန်းယုဟန်က သူပြောသလိုလုပ်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိပေ။ သူက မော့မကြည့်ရဲပဲ သူ့နားရွက်တွေနီလာရုံမကပဲ သူ့မျက်နှာကလည်း နီရဲတွတ်နေပြီး သူက ရှန်ချီဟွမ်း ဆေးရုံဂါဝန်ကို မနိုင်ရန် လက်တစ်ဖက်ဖြင့်ကူပေးခဲ့ပြီး နောက်တစ်ဖက်က အိုဗာဆိုဒ်ဘောင်းဘီချွတ်ဖို့ ကူပေးလိုက်သည်။

“ဒီလိုဆိုရင်ရော?”


“အွန်း” ရှန်ချီဟွမ်းက သူ့ကိုဆက်မစနိုင်တော့ပဲ ကိုယ်တိုင်လုပ််လိုက်သည်။