Chapter 55.1
Viewers 957

Chapter 55.1



“အဖိုးတန်ဇနီးလေး”


“အွန်း..ယောကျာ်း… ကျွန်တော့်ကိုခေါ်လိုက်​သေးလား?” ရှန်းယုဟန်က သူနားကြားမှားတာထင်ပြီး အံ့သြနေပုံရကာ သူ့ခင်ပွန်းက သူ့ကိုဇနီးလို့ တစ်ခါမှမခေါ်ဖူးသဖြင့် ထင်ယောင်ထင်မှားဖြစ်နေသလိုပင်။


ရှန်းချီဟွမ်း၏မျက်နှာက တောင့်တင်းသွားပြီး သူက မျက်လုံးမှိတ်ကာ ပြန်ဖွင့်လိုက်ပြီး ​တည်​ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ “ဘာလဲ၊ ငါမင်းကိုမခေါ်ပါဘူး။”

ရှန်းယုဟန်က သူ့လက်ထဲကပန်းအိုးကိုချကာ ကုလားထိုင်တစ်လုံးဆွဲထုတ်လိုက်ပြီး သူ့ဘေးမှာထိုင်ကာ သူ့ကိုမျှော်လင့်တကြီးကြည့်နေသည်။ “ခင်ဗျားခေါ်လိုက်တယ်။”


“မဟုတ်ဘူး။ မင်းနားကြားမှားတာ။” ရှန်ချီဟွမ်းက အလျော့မပေးပဲ ငြင်းဆိုလိုက်သည်။


“ခင်ဗျားကျွန်တော့်ကို ဇနီးလေးလို့ခေါ်လိုက်တယ်။” ရှန်းယုဟန်က ရှေ့တိုးကာ သူ့ကိုကြည့်နေပြီး သူ၏အဖြူအနက်မျက်လုံးများက ကြည်လင်ပြီး ဖောက်ထွင်းမြင်ရကာ သူတို့ထဲမှာ ရှန်ချီဟွမ်း၏ အရိ​ပ်သာရှိသည်။


ရှန်ချီဟွမ်းက ဒဏ်ရာမရသောညာလက်ဖြင့် သူ့ပါးကို ညင်သာစွာပွတ်သပ်လိုက်ပြီး အကြောင်းအရာကို ရုတ်တရက်ပြောင်းလိုက်သည်။ “ငါ့ကို ကုတင်ပေါ်ကူတင်ပေးပါ”


“ဒါဆို ခင်ဗျားသစ်သီးစားချင်လား? ခင်ဗျားအိပ်ပျော်နေတုန်းက တစ်ယောက်ယောက်ကို လာပို့ခိုင်းထားတယ်။” ရှန်းယုဟန်က သူ့ခင်ပွန်း၏ အ​ကြောတင်းသောပါးစပ်ကို ကျင့်သားရနေပြီး အရှက်မခွဲချင်တာကြောင့် သူက သူ့ကို ဝန်ခံဖို့ မတိုက်တွန်းတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့က သူတို့နှလုံးသားကိုသိကြသည်။ သူက ချစ်စရာကောင်းသော သူ့ခင်ပွန်းကိုသဘောကျပြီး အပြင်ဘက်က သန်မာသော အသွင်အပြင်နှင့်နှိုင်းယှဥ်ပါက သူက သူ့ခင်ပွန်းကို ပိုတောင်သဘောကျပြီး သူ့ခင်ပွန်းက သူ့ရှေ့မှာသာ ဒီလိုပြုမူတတ်တာဖြစ်သည်။


ရှန်ချီဟွမ်းက သူဘာစားချင်လဲပြောဖို့ ပါးစပ်ဖွင့်လိုက်ချိန် ရှန်းယုဟန်က သူ့နဖူးသူပုတ်နေတာကို ​ကြားလိုက်ရသည်။ “ဒီငါ့ဦးနှောက်ကတော့….. ခင်ဗျားအသီးစားလို့မရသေးဘူး။ အရည်ပဲစားလို့ရမယ်။”


“ငါမနက်ဖြန်စားလို့ရလောက်ပြီ။ မင်းပဲအရင်စားပါ။ ဘာဝယ်ထားတာလဲ?” လူနာဆောင်က သူနိုးလာကတည်းက ပြောင်းလဲနေခဲ့သည်။



“နေ့စဥ်သုံးပစ္စည်းတွေဝယ်ထားတယ်။ လူနာဆောင်မှာဘာမှမရှိဘူး။ ခင်​ဗျားက သန့်သန့်ရှင်းရှင်းနေရတာကြိုက်တော့ သဘက်နဲ့ သွားတိုက်တံအသစ်တွေကို ဝယ်ထားတယ်။ ကျွန်တော် အိမ်စီးဖိနပ်အပါးနဲ့ အဝတ်အစားတချို့ကိုလည်း ဝယ်ထားသေးတယ်။” သူက ခရီးဆောင်အိတ်ကိုထုတ်ပိုးနေစဥ်မှာ ငိုနေခဲ့ပြီး သူ့အဝတ်အစားနှင့် သူ့ခင်ပွန်း၏အဝတ်အစားကိုလည်း အာရုံမစိုက်ခဲ့ပဲ တစ်ဝက်စီသာထည့်ခဲ့သည်။ “ကျွန်တော် ခင်ဗျားအတွက် အဝတ်အစားအားလုံးကို ချိတ်ပေးထားတယ်။”

ရှန်ချီဟွမ်းက သူ့ဇနီးလေး ကိုယ်ကျင့်သိက္ခာကောင်းတာကိုသိပေမယ့် အဘက်ဘက်က အရမ်းစဥ်းစားပေးမယ်လို့ မမျှော်လင့်ထားပေ။ သူ့နှလုံးသားလေးက တုန်လှုပ်သွားပေမယ့် သူထိခိုက်ဒဏ်ရာရခဲ့စဥ် ရှန်ချီရှင်းကို ချက်ချင်းအကြောင်းကြားခဲ့တာကို နောင်တမရပေ။ ရှန်းယုဟန်က ဒီကိုလာပြီး သွေးတွေဖုံးနေသော သူ့မျက်နှာကိုသာမြင်ခဲ့ရင် ငိုလွန်းလို့မေ့မျောသွားမှာ သေချာတာကြောင့် ဘာမှမပြောတာပဲကောင်းပြီး အနာဂတ်မှာ သူက သူ့ကိုယ်သူကာကွယ်ဖို့ အကောင်းဆုံးကြိုးစားမည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ အနည်းငယ်အေးစက်သောလက်ကို ခါယမ်းကာ စောင်ထဲထည့်လိုက်သည်။ “ရေမထိနဲ့၊ မင်းလက်ကအေးနေတယ်။”


ရှန်းယုဟန်က အသစ်ဝယ်ထားသောပစ္စည်းများကို ဆေးကြောကာ သူ့လက်က အေးစက်နေသည်။ “အရမ်းမအေးပါဘူး။ ကျွန်တော်ရေနွေးသုံးထားတာ။”


ရှန်ချီဟွမ်းက တခြားဘာမှမပြောပေ။ အခုချိန်မှာ သူ့အတွက် ဘာမှလုပ်လို့မလွယ်ကူတာကြောင့် သူက သူ့ဇနီးလေးအတွက်သာ ပိုကြိုးစားရမည်။




သူက အကြံပြုချက်တစ်ခုကိုသာ ပေးလိုက်သည်။ “ငါတို့ အကူတစ်ယောက်ငှားကြမလား?”

ရှန်းယုဟန်က သူ့နားမှာ အစေခံတွေအများကြီးရှိဖူးပေမယ့် ခေတ်သစ်ကိုရောက်လာသောအခါ လူငယ်တွေအားလုံးက အမှီအခိုကင်းပြီး သူတို့အတွက် အမှုထမ်းဖိို့ ဘယ်သူ့ကိုမှမလိုအပ်တာကို တွေ့ခဲ့ရသည်။ သူတို့မိသားစုမှာ သန့်ရှင်းရေးနှင့် ချက်ပြုတ်ဖို့အန်တီသာရှိတာကြောင့် သူတို့သီးသန်ကိစ္စများကို ကိုယ်တိုင်လုပ်ကြရပြီး လွန်ခဲ့သည့်လအနည်းငယ်မှာ သူက ကျင့်သားရနေခဲ့ပြီဖြစ်သည်။


ရှန်းယုဟန်က ရှန်ချီဟွမ်း အကူငှားချင်တာကိုကြားသောအခါ သူ့ခင်ပွန်းက သူပြာယာခတ်နေတာကို မ​ကြိုက်ဘူးလားလို့ တွေးနေမိသည်။ “ယောကျာ်း၊ ကျွန်တော် ခင်ဗျားကိုဂရုစိုက်နိုင်ပါတယ်။ ပြာယာခတ်နေလို့ စိတ်တိုင်းမကျမဖြစ်ပါနဲ့။”


“မင်းကို ပြာယာခတ်တယ်လို့ ဘယ်သူကတွေးလို့လဲ?” ရှန်ချီဟွမ်းက ရယ်မောလိုက်သည်။ “ကြမ်းတမ်းတဲ့အလုပ်တွေကို လုပ်စရာမလိုဘူး။ ငါတို့မိသားစုက အကူငှားဖို့ ပိုက်ဆံချို့တဲ့မနေဘူး။”


“ဒါဆို လောလောဆယ်တော့ မငှားပါနဲ့ဦး၊ ခင်ဗျားနှစ်ရက်အတွင်းမှာ ဆေးရုံဆင်းရတော့မှာ။ ကျွန်တော်ဘာမှမသိတာမျိုးမှမဟုတ်တာ။” ရှန်းယုဟန်က ထပ်ပြောလိုက်သည်။ “ကျွန်တော်မသိတဲ့လူတွေ ခင်ဗျားဆီပြေးလာမှာကို မလိုချင်ဘူး။”


ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားလိုက်သည်။ “ငါသိပါတယ်။ ရှာလကာရည်ဆန်ပြုတ်လေးရဲ့။”


“မဟုတ်ပါဘူး။” သူက သူ့ခင်ပွန်း သူ့ကို အသုံးမဝင်ဘူးလို့ မမြင်စေချင်တာဖြစ်ပြီး သူက သူလုပ်နိုင်တာကို လုပ်ချင်သေးသည်။


ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် ဆေးရုံမှာ နေ့လည်ခင်းတစ်ခုလုံးနေခဲ့ပြီး ညဆိုရင်တော့ လူနာကိုစောင့်ကြည့်ဖို့ လူနာစောင့်တစ်ယောက်သာနေရမည်။ ရှန်ချီရှင်းက ညနေမှာရောက်လာပြီး ရှန်းယုဟန်က နေချင်သေးပေမယ့် ရှန်ချီဟွမ်းက သူ့ကိုမနေခိုင်းပေ။ ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ ထွက်မသွားခင် သူ့ခင်ပွန်းကို ရေကူချိုးပေးမယ်လို့ပြောတော့ ရှန်ချီဟွမ်းက မငြင်းခဲ့ပေ။


ရှန်ချီဟွမ်းနိုးလာတော့ သူက သူ့ဇနီး သူ့အတွက်အလုပ်ရှုပ်နေတာကို တွေ့လိုက်ရပေမယ့် သူ့ကြည့်ရတာ ပျော်နေတာကြောင့် သူက ရေ​ကူချိုးခိုင်းလိုက်သည်။ သူက သူ့ဇနီး သူ့ကို တစ်ညလုံးစောင့်ပေးတာကို လိုချင်ပေမယ့် ရှန်ချီဟွမ်း၏စိတ်က လက်ရှိမှာ သူ့ဇနီးနဲ့သာပြည့်နေတာကြောင့် သူက ဘယ်လိုလုပ် သူ့ဇနီးကို အ​ဖော်ပြုခွင့်ပေးရမှာလဲ။


သူက ဆန်းကြယ်သော စိတ်ကူးယဥ်အတွေးထဲမှာ ပျော်မွေ့နေစဥ် ရှန်းယုဟန်က သူ့ကို ရေချိုးခန်းထဲပို့ပေးလိုက်သည်။


ဒီနေ့မတိုင်ခင်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်း၏သန်မာပြီး ရှည်လျားသောခန္ဓာကိုယ်ကို အသိအမှတ်ပြုနေပေမယ့် အခုတော့ ကွာခြားသွားလေပြီ။ သူ့ခင်ပွန်းက သူ့ကိုရှက်သွေးဖြာစေပြီး သူက ဒီတစ်ကြိမ်မှာ ရှက်သွေးဖြာနေသော်လည်း သူ့ခင်ပွန်းကဘာမှမလုပ်နိုင်ပဲ သူနောက်ကျောကိုပွတ်ပေးတာ စောင့်နေသည်။ 


ရှန်ချီဟွမ်းကို အဝတ်အစားချွတ်ပေးသော လုပ်ငန်းစဥ်က ချောချောမွေ့မွေ့ ပြီးသွားသည်။ ဆေးရုံအဝတ်အစားများက အရမ်းကြီးပြီး ရှန်ချီဟွမ်း၏ ဒဏ်ရာရထားသောလက်ကို မထိသရွေ့ အဆင်ပြေသည်။ 


ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကျောပြင်ကို ချောမွတ်သွယ်လျသော လက်များဖြင့် ပွတ်သပ်ပေးမှာကို စောင့်မျှော်နေပေမယ့် ရှန်းယုဟန်က ဂျီးတွန်းလက်အိတ်ကိုကိုင်ထားသည်။


“ယောကျာ်း၊ ကျွန်တော် ခင်ဗျားကို ရေကူချိုးပေးဖို့ ဝယ်လာတာ။” ရှန်းယုဟန်က ချီးကျူးမှာကို စောင့်နေသလိုပင်။ 


ရှန်ချီဟွမ်းက စိတ်ထဲမှာတွေးနေသည်။ ငါလိုတာမင်း…အဲ့ဒါမဟုတ်ဘူး!


ဒါပေမယ့် သူဝယ်ပြီးပြီဆိုတော့လည်း သူ့ကိုရေချိုးပေးမယ့် သူ့ဇနီးရဲ့ဆန္ဒကို ဖျက်စီးနိုင်ပါ့မလား? ဒါပေါ့ သူမလုပ်နိုင်ဘူး…

ရှန်းယုဟန်က သူ့ခင်ပွန်းကို ရေချိုးပေး​တာနဲ့ ပတ်သတ်ပြီး အလေးအနက်ထားနေသည်။ သူ့ခင်ပွန်းက သူ့ရှေ့မှာ ကိုယ်လုံးတီးရပ်နေပြီး သူက အာရုံလွင့်မနေချင်လို့ ဆပ်ပြာအမြှုပ်ထလာတာနဲ့ ဘာကိုမှမမြင်နိုင်တော့ချေ။


သို့သော် ရှန်းယုဟန်က ရှန်ချီဟွမ်းကို ရေချိုးပေးဖို့ အာရုံစိုက်နေပြီး အသားစားဖူးသော ရှန်ချီဟွမ်းက သူ့ဇနီးကိုအရမ်းလွမ်းနေသည်။ သူတို့က တစ်ပတ်ခွဲခဲ့ရပြီး တစ်ယောက်ကိုတစ်ယောက် မနမ်းခဲ့ရသလို ဖက်လည်းမဖက်ခဲ့ရပေ။ အခုရေချိုးနေတာက​တောင် ဆပ်ပြာမြှုပ်နှင့်ကွယ်နေပြီး အချိန်ကောင်းကို ဖြုန်းတီးနေတာနဲ့တူသည်။


“ယောကျာ်း၊ ဘယ်နေရာယားနေတာလဲ၊ ကျွန်တော် ထပ်ပွတ်ပေးမယ်။ မဟုတ်ရင်တော့ ဆေးလိုက်တော့မယ်။” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ရင်ဘတ်နှင့်လည်ပင်းအပါအဝင် အရေပြားနေရာအနှံ့ကို ပွတ်သပ်ပြီးသွားသည်။ 


ရှန်ချီဟွမ်းက သူ့ဗိုက်အောက်ကို လမ်းညိုးထိုးပြသည်။ “ဗိုက်က နည်းနည်းယားနေတုန်းပဲ။”


ရှန်းယုဟန်က ခေါင်းငုံ့ပြီး ရှန်ချီဟွမ်း၏ တောင့်တင်းသောဝမ်းဗိုက်ကိုတွေ့လိုက်ရပြီး ပူနွေးသောမျက်နှာဖြင့် တိုးတိုးလေးပြောလိုက်သည်။ “ကျွန်တော် ပွတ်ပေးပြီးပြီလေ”

“ဂျီးတွန်းလက်အိတ်က အဆင်မပြေဘူး။ လက်နဲ့ပွတ်ပေးပါ။” ရှန်ချီဟွမ်း၏အသံက အနည်းငယ် တောင့်တင်းနေသည်။


ရှန်းယုဟန်က သူ့အသံထဲက တစ်ခုခုကိုကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်ပေါ်က ထိုအစိတ်အပိုင်းကိုတွေ့သောအခါ သူ့တစ်ကိုယ်လုံးက ပူထူလာသည်။


သူက မတုံးပေ။ သူက ရှန်ချီဟွမ်းတွေးနေတာကို နားလည်သည်။ သူက ရေပန်းဖွင့်ပြီးပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားဒဏ်ရာရထားတယ်။” သူက သူ့ကိုလည်း သတိပေးလိုက်သည်။ “မရှုပ်ပါနဲ့”


ရှန်ချီဟွမ်းက သူ့ဇနီးကိုမြင်နေရပေမယ့် မစားနိုင်တာကို နှမြောတာကြောင့် သူက ရေရွတ်ရုံသာ တတ်နိုင်သည်။ “ကောင်းပါပြီ၊ ကိုယ်က ဆင်းရဲတဲ့လူနာတစ်​ယောက်မို့ ရှန်းယုဟန်က စာနာစိတ်မရှိပဲ​ သူ့ခင်ပွန်းကိုတောင် ကူညီမပေးဘူး။”


ရှန်းယုဟန်က သူ့ကိုလျစ်လျူရှုလိုက်ပြီး သူ့ဘယ်လက်ကို ဂရုတစိုက်ရှောင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်က ဆပ်ပြာမြှုပ်ကို ဆေးကာ ရေကူသုတ်ပေးလိုက်သည်။ သူ့ခေါင်းမှာ ဒဏ်ရာရထားဆဲဖြစ်ပြီး ချုပ်ရိုးမဖြည်ရသေးတာကြောင့် ရှန်းယုဟန်က သူ့ဆံပင်ကို မလျှော်ရဲပေ။ သုံးရက်နေမှ ခေါင်းလျှော်လိို့ရမယ်လို့ ဒေါက်တာကပြောထားသဖြင့် ခေါင်းကို ခေါင်းစွပ်စွပ်ပေးထားရသည်။


ခန္ဓာကိုယ်ကိုသုတ်ပေးပြီးတော့ ရှန်းယုဟန်က ဆေးရုံဝတ်စုံပြန်ဝတ်ပေးလိုက်သည်။


ရေချိုးခန်းမှထွက်လာပြီး​တော့ ရှန်ချီဟွမ်းက ခေါင်းအုံးပေါ်မှာ ဆက်လှဲနေကာ သူ့ခေါင်းက အနည်းငယ်မူးဝေနေပြီး ထိခိုက်မိခြင်း၏ အကျိုးဆက်က အတော်လေးပြင်းထန်သည်။


သူက ခေါင်းကိုစောင်းကာပြောလိုက်သည်။ “ရှန်းယုဟန်…ခေါင်းမူးတယ်။”


ရှန်းယုဟန်​က စိုးရိမ်သွားပြီး သူ့နားသွားကာမေးလိုက်သည်။ “ကျွန်တော်တို့ဘာလုပ်သင့်လဲ? ယောကျာ်း.. ဆရာဝန်ကို ခေါ်ပေးရမလား?”



သူက ဒဏ်ရာအ​ကြောင်း သိပ်မသိတာကြောင့် ပြင်းထန်နိုင်သည်ဟု တွေးလိုက်သည်။ 


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ စိတ်ပူနေသောအကြည့်နှင့် ရှုံ့မဲ့နေသော မျက်နှာလေးကို ကြည့်ကာ “မလိုပါဘူး။” သူက နှုတ်ခမ်းကို ထိုးပြလိုက်သည်။ “နမ်းပါ”



ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ သူကိုမယုံပဲ သံသယဖြင့်မေးလိုက်သည်။ “နမ်းရုံပဲလား?”

“အွန်း၊ နာတာသက်သာအောင်လို့ မြန်မြန်လေး…” ရှန်ချီဟွမ်း၏အသံက အလျင်လိုနေသည်။ “ကိုယ်မင်းကိုမတွေ့ရတာတစ်ပတ်ရှိပြီ။ ညနေကပဲ မင်းကိုယ့်ကိုလွမ်းတယ်လို့မပြောခဲ့ဘူးလား?”


ရှန်းယုဟန်က သူ့ခင်ပွန်းကိုလွမ်းခဲ့ပေမယ့် သူထင်နေသလိုမဟုတ်ပေ။ ဒါပေမယ့်လည်း သူက မငြင်းနိုင်ပေ။ “ယောကျာ်း…ခင်ဗျားဒဏ်ရာရထားတယ်။”


ရှန်ချီဟွမ်းက သူ့ကိုအနီးကပ်ကြည့်နေသည်။ “အနမ်းတစ်ပွင့်လေးပါပဲ..ရှန်းယုဟန်… မင်းကိုယ့်ကိုလွမ်းလား မလွမ်းဘူးလား? ကိုယ့်ကိုလိမ်ခဲ့တာလား?”


ရှန်းယုဟန်​က သူ့လက်ကို ဆေးရုံကုတင်ပေါ်တင်ကာ ရှန်ချီဟွမ်းအနားကိုကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည်။ “လွမ်းတာမှန်ပေမယ့် ကျွန်တော့်ကိုပိုလွမ်းနေတာက ကျွန်တော့်ယောကျာ်းဆိုတာ သိသာပါတယ်”


“ကိုယ်မလွမ်းပါဘူး။ မင်းကိုယ့်ကိုလွမ်းနေလို့သာ နမ်းခွင့်ပြုနေတာ။” ပြောပြီးသည်နှင့် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ခေါင်းအနောက်ကို ညာလက်ဖြင့် ဖိထားကာ သူတို့နှစ်ယောက်က နီးကပ်သွားခဲ့ပြီး ရက်များစွာ တစ်​ယောက်ကိုတစ်ယောက် တောင့်တခဲ့ကြသောနာကျင်မှုကို ဖြေလျော့နေကြသည်။


အနမ်းတစ်ပွင့်? ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လွှတ်မပေးပဲ ထပ်ခါထပ်ခါနမ်းနေပြီး အနမ်းမှဆုတ်ခွာဖို့ ခဲယဥ်းနေသည်။


ရှန်းယုဟန်က တခြားအရာကိုစဥ်းစားဖို့ အချိန်မရှိတော့ပဲ ထိုကိစ္စမှာ သူက ရှန်ချီဟွမ်းထက် နှေးကွေးကာ သူနည်းနည်းတုံ့ပြန်မိတာနဲ့ သူ့ခင်ပွန်းက တစ်မြို့လုံးကို အလောတကြီးတိုက်ခိုက်သည်မှာ မပင်ပန်းသလိုပင်။


တံခါးပွင့်မသွားခင်အထိဖြစ်သည်။


“တတိယအစ်ကို၊ တတိယမရီး.. အစ်ကိုကြီးနဲ့အစ်မလတ်ရောက်လာတယ်!”


သူတို့နှစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း နမ်းနေကြစဥ် ရှန်ချီရှင်း၏အသံကြောင့် အသိပြန်ဝင်လာသည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ရုတ်တရက်တွန်းထုတ်လိုက်ပြီး နံရံဖက်ကိုမျက်နှာမူလိုက်သည်။ သူက ရှက်လွန်းလို့ သေချင်နေသည်!


ရှန်ချီဟွမ်းက သူ့လက်ကိုကိုင်ကာ ချော့လိုက်သည်။ “သူတို့မတွေ့ပါဘူး။ မစိုးရိမ်ပါနဲ့”


ရှန်းယုဟန်၏စိုစွတ်နေသောမျက်လုံးများက သူ့ကိုစိုက်ကြည့်နေကာ အစ်ကိုကြီးနဲ့ အစ်မလတ်ကမမြင်ပေမယ့် ရှန်ချီရှင်းက မြင်ခဲ့သည်။


ရှန်ချီဟွမ်းနဲ့ယှဥ်ရင် သူက အတော်လေးထိရှလွယ်သည်။

ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်ချီရှင်းကို အရင်စိုက်ကြည့်လိုက်သည်။ “ရှန်ချီရှင်း… မင်းတံခါးဘယ်လိုခေါက်ရမလဲမသိဘူးလား?”