Chapter 58.2
Viewers 981

Chapter 58.2


“အာမခံဝယ်ရမယ်”


သို့သော် ရှန်ချီဟွမ်းက အရောင်အသွေးစုံလင်သော ခေတ်သစ်ယဥ်ကျေးမှုများဖြင့် နစ်မြုပ်ခံထားရ၍ သူတွေးလိုက်တာနဲ့ နည်းလမ်းတစ်ခုရှာတွေ့မှာပင်။ သူက လက်နှစ်ဖက်လုံးကို သုံးလို့မရပေမယ့် ဒဏ်ရာမရထားသော လက်တစ်ဖက်ရှိနေသေးသည်။ ထို့အ​ပြင် ညာဘက်က သန်နေသေးတာကြောင့် သူက ရေချိုးဖို့ဝင်လာတာမဟုတ်ပဲ သူ့ဇနီးလေးကို ရေချိုးပေးဖို့ဖြစ်သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်၏နောက်ကျောကို သဘက်နဲ့ ညင်ညင်သာသာ သုတ်ပေးကာ ဖြည်းဖြည်းချင်းပွတ်သပ်နေ၏။ အားက မပြင်းမလျော့အနေထားနှင့် ရှန်းယုဟန်က အတော်လေး နေလို့ကောင်းသွားကာ ခဏအကြာတွင် သူ့ပတ်ပတ်လည်မှာ ရေလှိုင်းများထနေသည်ကို ခံစားမိပြီး သူက သူ့ခင်ပွန်းပွေ့ဖက်တာကို ခံလိုက်ရသည်။


ရှန်းယုဟန်၏မျက်နှာက စတင်ပူနွေးလာပြီး သူ အဝတ်အစားကို သေသေသပ်သပ်ဝတ်ထားရင် ဘာမှခံစားမိမှာမဟုတ်ပေမယ့် သူက ယခုချိန်မှာ ကွာခြားသလိုခံစားလိုက်ရသည်။


ရှန်းယုဟန်က မရဲတရဲခေါ်လိုက်၏။ “ယောကျာ်း?”


ရှန်ချီဟွမ်းက သူ့ပခုံးနှစ်ဖက်ပေါ်က သဘက်ကိုဖိလိုက်၏။ “အွန်း၊ ငါမင်းအတွက် ခဏကြာအောင် ပွတ်ပေးပါမယ်။”


ရှန်းယုဟန်က ရှေ့တိုးသွားသည်။ “မလို….မလိုပါဘူး။ အတော်လေးသန့်ရှင်းသွားပါပြီ။ ခင်ဗျားလက်တွေက မသက်သာသေးဘူး။ မလှုပ်နဲ့တော့။”


ရှန်ချီဟွမ်းက ညင်ညင်သာသာ ရယ်မောလိုက်သည်။ “ဘယ်သူပြောလဲ၊ ငါ့လက်က ကျောက်ပတ်တီးက မနက်ဖြန်ဖြည်ရတော့မှာ။ ညလက်က အစတည်းက ဒဏ်ရာမရထားဘူး။ ဒီတော့ ပြဿနာမရှိပါဘူး။”


ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုကိုက်ကာ ညင်ညင်သာသာပြောလိုက်သည်။ “ကျွန်တော်တကယ်မလိုပါဘူး။ ရေချိုးကန်ထဲက ရေက အေးနေပြီ။”


ရှန်ချီဟွမ်းက သူ့နားရွက်နောက်ကို နမ်းလိုက်သည်။ “ရေအေးသွားရင် အပူပေးလိုက်။” သူက ရေပူထွက်လာသော ဘုံပိုက်ခေါင်းဘက်ကိုလှည့်ကာ ရေအပူချိန်က ဖြည်းဖြည်းချင်းမြင့်တက်လာပြီး သက်တောင့်သက်သာရှိနေ၏။


ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်မောင်းကိုမှီကာ သူ့တစ်ကိုယ်လုံးက ရေနွေးငွေ့ကြောင့် သက်တောင့်သက်သာရှိနေပြီး သူက ရှန်ချီဟွမ်းကို လှည့်ကြည့်လိုက်သည်။


သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း ခေါင်းငုံ့လိုက်ပြီး သူ့ကိုယ်သူ ရေထဲမြှုပ်ထားချင်နေပြီး သူက ရှက်စပြုလာခဲ့သည်။


သူတို့နှစ်ယောက်က ရေချိုးခန်းထဲမှာ နာရီဝက်ကျော်ကြာအောင် စိမ်နေပြီး ရေချိုးကန်ထဲက ရေနွေးက သူတို့မထခင်အထိ နှစ်ကြိမ်ဖြည့်ထားခဲ့ပြီး ဆက်စိမ်နေရင် ခန္ဓာကိုယ်ထဲက ရေတွေဆုံးရှုံးသွားတော့မှာ ဖြစ်၏။


အတိုချုပ်ဆိုရရင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏အာရုံကို အရိုးရှင်းဆုံးနှင့် အမြန်ဆုံး လွှဲပြောင်းနိုင်ခဲ့၏။


နောက်နေ့တွင်။


ရှန်းယုဟန်က ရှန်ချီဟွမ်းလို စောစောမနိုးခဲ့ပဲ သူမျက်လုံးဖွင့်လိုက်သောအခါ သူပိုအိပ်ခဲ့တာကို သိလိုက်ရ၏။


တကယ်တော့ သူ မနေ့ညက နောက်ကျမှအိပ်ခဲ့တာမဟုတ်ပေမယ့် စွမ်းအင်စားသုံးမှုက အလွန်အကျွံဖြစ်သွားကာ ပြန်တွေးကြည့်တော့ သူ့ကိုရှက်သွေးဖြာစေခဲ့သည်။


ရှန်းယုဟန်က ရေချိုးပြီးနောက် ဒီနေ့ သူ့ခင်ပွန်းနှင့်အတူ ကျောက်ပတ်တီးဖြည်ဖို့ သွားရမှာကိုသတိရသွားသည်။

ဒီနေ့က နေသာတဲ့နေ့ဖြစ်ပြီး မိုးမရွာနှင်းမကျပေမယ့် လေအနည်းငယ်တိုက်နေသည်။

စာဖတ်ခန်းမှာ အီးမေးလ်များစွာကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရှန်ချီဟွမ်းက သူ့ဇနီးလေးနိုးရင် မနက်စာစားပြီး အပြင်ထွက်ဖို့ စောင့်နေခဲ့သည်။


ဆေးရုံလမ်းတစ်လျှောက်မှာ ရှန်ချီဟွမ်းက ဖုန်းကောလ်နှစ်ခါဖြေခဲ့သည်။


တစ်ယောက်က လက်ထောက်ချွီဖြစ်ပြီး နောက်တစ်ယောက်က ရှန်ချီယွမ်ဖြစ်၏။


ရှန်ချီဟွမ်းက ရှန်ချီယွမ်၏ဖုန်းကို မျက်မှောင်ကြုတ်ကာ ကိုင်ထားပြီး ရှန်ချီဟွမ်း သူ့အစ်ကိုကြီးကို သိပ်မကောင်းသောလေသံဖြင့် ဖြေနေတာကို ရှန်းယုဟန်က ကြားလိုက်ရ၏။



“သူ့ကိုဒီတိုင်းလွှတ်ပေးလိုက်ရမှာလား? သူ့အတွက် အရမ်းလွယ်ကူနေမှာပေါ့”



“မနေ့ညက ရှောင်ဟန်ရခဲ့တဲ့ ကြောက်စိတ်ကို ဘယ်လိုထင်လဲ?”



“ကျွန်တော်တို့ကို လက်ဆောင်တစ်ခုနဲ့ ကြေအေးပေးခိုင်းတာလား? ကျွန်တော်က ဘာချို့တဲ့နေလို့လဲ?”



“အစ်ကိုကြီး၊ ဒီကိစ္စကို ဒီတိုင်းလွှတ်ပေးဖို့မဖြစ်နိုင်ဘူး။ ရှန်ချီပိုင်က လူကောင်းမဟုတ်ဘူး!”


သူက စကားလုံးအချို့ပြောကာ ဖုန်းချလိုက်ပြီး စိတ်ဆိုးနေတာသိသာသည်။


ရှန်းယုဟန်က သူတို့ မနေ့ညကကိစ္စအကြောင်း ပြောနေတာကိုခန့်မှန်းမိ၏။ “ယောကျာ်း၊ ဘာဖြစ်လို့လဲ?”


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘာမှဖုံးကွယ်ထားစရာမလိုဘူးလို့တွေးကာ သူ့အစ်ကိုကြီး၏စကားကို ပြောပြလိုက်၏။


မနေ့ညက ရှန်ချီပိုင် ဆေးလိပ်သောက်တာကို ဒေါက်တာက ရှာတွေ့ခဲ့ပြီး သူက ရှန်းယုဟန်ကို ခြေလက်များနှင့် ရမ်းကားနေသောအခါ အိမ်မွေ့ချခံရသလိုဖြစ်နေခဲ့သည်။ ရှန်ချီပိုင်နိုးလာတော့ သူက ဆေးလိပ်သောက်တာဖြစ်ပြီး ဆေးရှူတာမဟုတ်​ကြောင်း သူ့အဖေကိုငြင်းဆိုခဲ့ပြီး တစ်ယောက်ယောက်က သူ့ကို ထိခိုက်စေချင်တာလို့ ပြောခဲ့သည်။


တစ်ယောက်ယောက်က သူ့ကိုအန္တရာယ်ပြုသည်ဖြစ်စေ မပြုသည်​ဖြစ်စေ ထိုအ​ခြေအနေမှာ ထုတ်ဖော်ခံခဲ့ရတာက သူ၏အတွေးအခေါ်ဖြစ်၏။ ရှန်ချီပိုင်က အတိတ်မှာ ရှန်းယုဟန်နဲ့ တွေ့ဆုံမှုနည်းပါးသော်လည်း သူက သူ့စိတ်ထဲမှာ ထိုညစ်ညမ်းစကားများကို တွေးခဲ့သည်။ သူဆေးလိပ်သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ ရှန်ချီဟွမ်းက သူ့အဖေ၏ အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံကို လက်မခံပေ။

ရှန်းယုဟန်က ရှန်ချီပိုင် ဘယ်လိုဆေးမျိုးသုံးနေတာလဲမသိပေ။ “ခင်ဗျားအဖေက ဘယ်လိုဖြေရှင်းခဲ့တာလဲ?”


“သူက သူ့ကိုအိမ်မှာပိတ်ထားပြီး အပြင်ထွက်ခွင့်မပေးထားဘူး။” ရှန်ချီဟွမ်းက သရော်လိုက်၏။ “သူ့ကိုအပြင်ထွက်ခိုင်းလို့ မီဒီယာက ပုံရိုက်မိသွားရင် ရှန်မိသားစုက လူထုရဲ့ ဝေဖန်မှုလေပွေထဲကို နောက်တစ်ကြိမ် ကျဆင်းသွားမှာ ကြောက်လို့ဖြစ်မယ်။” 


“ယောကျာ်း၊ ဒေါသမထွက်ပါနဲ့။ အနည်းဆုံးတော့ ကျွန်တော်သူ့ကိုရိုက်ခဲ့တယ်လေ။ တကယ်တော့ မနေ့က သူကျွန်တော့်ကို မထိနိုင်ခဲ့ပါဘူး။ ရွံစရာစကားလုံးတွေကိုပဲ သုံးခဲ့တာ။” ရှန်းယုဟန်က သူ့ခင်ပွန်း သူ့အတွက် တိုက်ခိုက်ပေး​နေတာကိုသိပြီး သူ့ကြောင့် ဒေါသမထွက်စေချင်ပေ။ “ပြီးတော့ ကျွန်တော်ဘာမှမဖြစ်ခဲ့ပါဘူး။”


“ဒါဆို အဲ့ဒီအချိန်က မင်းလက်ထဲမှာ ပန်းအိုးမရှိရင် ဘယ်လိုလုပ်မလဲ?” ရှန်ချီဟွမ်းက ထိုအကြောင်းတွေးကာ ထိတ်လန့်နေပြီး မနေ့ညက ကြောက်ရွံ့နေခဲ့တာ သူ့ဇနီးဖြစ်ပေမယ့် အခုတော့ သူ့အလှည့်ရောက်လာခဲ့သည်။ သူက ဖြစ်နိုင်ချေများကိုတွေးကာ စိုးရိမ်ပူပန်ရလွန်းလို့ သူ့ဇနီးအပြင်ထွက်မှာကို စိတ်မချဖြစ်နေသည်။ သူက ရှန်မိသားစုမှာ​တောင် အနိုင်ကျင့်ခံရရင် အပြင်မှာ အနိုင်ကျင့်ခံရတဲ့အချိန် သူကဘေးမှာမရှိခဲ့ရင် ဘယ်လိုလုပ်မလဲ?



ရှန်းယုဟန်က ခက်ထန်သောမျက်လုံးများဖြင့် ပြောလိုက်၏။ “သူကျွန်တော့်ကို တစ်ခုခုလုပ်လာရင် သားစဥ်မြေးဆက်မရှိနိုင်အောင် သေအောင်ကန်ပစ်လိုက်မယ်!”



ရှန်ချီဟွမ်းက သူ့ကြောင့် ရယ်မိသွားသည်။ “ဟုတ်ပါပြီ၊ ဘာပဲဖြစ်ဖြစ် အခုကစပြီး ငါဘယ်သွားသွား မင်းကိုခါးပတ်နဲ့ ချည်ထားလိုက်မယ်။” သူမျက်လုံးမှိတ်တိုင်း တစ်ခုခုဖြစ်သွားမှာကို ကြောက်နေမိသည်။


တကယ်တော့ ဒီတစ်ကြိမ်မှာ ရှန်းယုဟန်က သူ့ဘာသာလွတ်မြောက်တာလာဖြစ်ပြီး ရှန်ချီပိုင်က အရိုက်ခံခဲ့ရပေမယ့် ဘာမှထပ်မပြောရဲတော့ပေ။ မနေ့ညက လူအများကြီးရှိနေတော့ သူ့ဇနီးက တခြားတစ်ယောက်၏ အားလပ်ချိန်အတင်းအဖျင်းပြောဖို့ ခေါင်းစဥ်ဖြစ်နေလောက်သည်။


ရှန်းယုဟန်က ဆေးရုံဆိုင်းဘုတ်ကိုမြင်ပြီး ပြောလိုက်သည်။ “ယောကျာ်း၊ မစိုးရိမ်ပါနဲ့…ကျွန်တော်အဆင်ပြေပါတယ်.. ဆေးရုံရောက်ပြီ။”


“မင်းက နှလုံးသားကြီးတဲ့သူပဲ။” ရှန်ချီဟွမ်းက သူ့ဇနီးကို ပန်းတစ်ပွင့်လို လှပအောင် လုပ်ပေးထားတဲ့သူကို အပြစ်ရှာလို့မရပေ။


ကျောက်ပတ်တီးဖြည်သောလုပ်ငန်းစဥ်က ချောချောမွေ့မွေ့ပြီးသွားပြီး ရှန်ချီဟွမ်းက ဓာတ်မှန်ထပ်ရိုက်ကြည့်တော့ ပြန်ကောင်းနေပြီဖြစ်၍ သူက ကျောက်ပတ်တီးစည်းထားစရာမလိုတော့ပေ။ သို့သော် သေချာဂရုစိုက်ဖို့တော့လိုအပ်သည်။ မဟုတ်ရင် နောက်ဆက်တွဲကျန်ခဲ့နိုင်ပြီး လောလောဆယ်မှာ သူ့ကိုယ်သူ အလွံအကျွံအားစိုက်လို့ မရသေးပေ။


ဆေးရုံကထွက်လာတော့ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ကုမ္ပဏီကိုသွားခဲ့ကြပြီး သူက ကားမတော်တဆမှုဖြစ်ကတည်းက ကုမ္ပဏီမှာ မျက်နှာမပြခဲ့တာဖြစ်သည်။ အပြင်ကမ္ဘာနှင့် ကွဲလွဲသောထင်မြင်ချက်များထွက်လာကာ ကုမ္ပဏီ၏စတော့ရှယ်ယာကို ကျဆင်းစေခဲ့ပြီး သူဆေးရုံကဆင်းပြီး ပြန်ကောင်းလာမှ ထိုလူတွေ စိတ်ချစေဖို့ လူလုံးထွက်လာပြတာဖြစ်၏။ 



ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် ရောက်လာသည်နှင့် စကားလုံးများက ကုမ္ပဏီ၏ ဝန်ထမ်းအဖွဲ့များကြားကို ပျံ့နှံ့သွားခဲ့သည်။


ရှန်းယုဟန်က ရင်းနှီးသော လက်ထောက်အနည်းငယ်ကို တွေ့ပြီးနောက် နှုတ်ဆက်ဖို့ အစပြုခဲ့ပြီး လက်ထောက်များက ရှန်းယုဟန်၏ သိမ်မွေ့သောအပြုံးကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ လတ်တလော အလုပ်ရှုပ်ရကျိုးနပ်သွားပုံပဲ။


နောက်ဆုံးမှာ ဧကရာဇ်ထန်မင်ဟွမ်က ယန်ကွေ့ဖေး ပြုံးစေဖို့ မိုင်ထောင်ချီအဝေးကနေ ဘာလို့ လိုင်ချီသီးပို့ပေးခဲ့လဲ သူတို့နားလည်လာခဲ့၏။


အကြောင်းမှာကား အလှလေး၏အပြုံးတစ်ပွင့်က ရွှေချောင်းတစ်ထောင်နှင့် တကယ်ထိုက်တန်လို့ပင်!


သူဌေးဇနီး၏အပြုံးက သူတို့နှလုံးသားကို ထိုးဖောက်စေသော ရိုးရှင်းသောအပြုံးဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ကို နွေးထွေးမှု၊ နူးညံ့မှုဖြင့် အစာကျွေးကာ ကုစားပေးနိုင်လွန်းသည်။

ရှန်ချီဟွမ်းက သူ့ဇနီး၏အပြုံးက သက်ရှိအားလုံးကို ဆွဲဆောင်နိုင်တာကို တွေ့သွားပြီး ချဥ်စူးရမလား ပျော်ရမလားပင် မသိတော့ချေ။ သူက ရွေးချယ်စရာမရှိတော့ပဲ သူ့ဇနီးကို ရုံးခန်းထဲအမြန်ခေါ်သွားပြီး အပြစ်ပေးသည့်အနေဖြင့် စားပွဲမှာဖိကာ အကြိမ်အနည်းငယ်နမ်းပစ်လိုက်၏။



ရှန်းယုဟန်က သူ့အနမ်းကြောင့် အံ့သြနေသည်။ “ယောကျာ်း ဘာလို့အဲ့လောက်ကြမ်းတမ်းနေတာလဲ၊ ကျွန်တော့်ပါးစပ်က ခင်ဗျားအနမ်းကြောင့် နာသွားပြီ။”


“တခြားသူတွေကိုပြုံးမပြနဲ့” ရှန်ချီဟွမ်းက သူ့နှုတ်ခမ်းကိုကိုက်လိုက်သည်။ “အဲ့ဒီရာဂလွန်ကဲနေတဲ့အမျိုးသမီးတွေက မင်းကိုစိုက်ကြည့်ပြီး ဘာလုပ်ရမှန်းဖြစ်နေကြတယ်။”


“ဒါပေမယ့် ကျွန်တော်ကပြိုင်ဘက်ကင်းတဲ့ အလှလေးမှမဟုတ်တာ။ သူတို့ကျွန်တော့်ကိုကြည့်မနေပါဘူး။” ရှန်းယုဟန်က လက်နှစ်ဖက်ဖြင့် သူ့ခင်ပွန်း၏လည်ပင်းကို ဖက်ထားပြီး စားပွဲပေါ်မှာ ဒီလိုထိုင်နေတာ မသင့်လျော်ဘူးလို့ ခံစားမိသည်။


“မင်း….” ရှန်ချီဟွမ်းက သူ့မျက်နှာ၊ အဖြူအနက်မျက်လုံး၊ အနည်းငယ်နူးညံ့သောနှာခေါင်း၊ ဖြူဖွေးနူးညံ့သောမျက်နှာ၊ သူ့အနမ်းကြောင့် စိုရွှန်းနေသော နှုတ်ခမ်းပါးနှင့် ချစ်မြတ်နိုးမှုနှင့်ပြည့်နေသော သူ့မျက်ခုံးများကို စိုက်ကြည့်နေသည်။


ရှန်းယုဟန်က နေ့တိုင်း လူများစွာ၏အကြည့်ကိုခံရပြီး သူက ဝတ္ထုထဲက ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်နှင့် တူနေသည်။ အနာဂတ်မှာ မတ်စ်မတပ်ပဲ အပြင်ထွက်လို့မရမှာကို မကြောက်ဘူးလား?



“ကျွန်တော်က ဘာဖြစ်လို့လဲ?” ရှန်းယုဟန်က အပြစ်ကင်းသလို မျက်တောင်ခတ်လိုက်၏။


“ကိုယ်မင်းကိုထပ်နမ်းမယ်။” ရှန်ချီဟွမ်းက တွေးလိုက်သည်။ သူက ယခုချိန်မှာ မြေခွေးနတ်ဆိုးလေး မြှူစွယ်တာကို ခံနေရတဲ့ အရူးဘုရင်ပဲ။



ရက်အနည်းငယ်ကြာတော့ သူက ရှန်းယုဟန် တစ်ယောက်တည်း အပြင်ထွက်တာကို သဘောမကျတာကြောင့် လျှိုထန်ပြောခဲ့သော ညစာစားပွဲကို အ​ဖော်လိုက်ပေးခဲ့သည်။


သခင်ကြီးလျှိုက ရှန်းယုဟန်ကို မျိုးရိုးနာမည်ကျင်းဆိုသည့် ဂုဏ်သရေရှိ သူငယ်ချင်းတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့သည်။ ရှန်ချီဟွမ်းက ထိုနာမည်ကိုကြားဖူးပေမယ့် သူ့ကိုတော့ တစ်ခါမှမတွေ့ဖူးပေ။ သခင်ကြီးကျင်းက သူ့တူလေးကိုကူညီပေးနေတာဖြစ်ပြီး သူ့တူလေးက လျှိုထန်ပြောခဲ့သော ဒါရိုက်တာဖြစ်သည်။ ရှန်းယုဟန်က နောက်ဆုံးမှာ သူ့ကိုပုံဆွဲဖို့ဖိတ်ခေါ်ခဲ့သော ဒါရိုက်တာနဲ့တွေ့ဆုံခဲ့သည်။

ဒါရိုက်တာကျင်းက သုံးဆယ်အရွယ်ဖြစ်ပြီး မုတ်ဆိတ်မွေးကလည်းရှည်နေပြီး ညစာစားပွဲက လူအားလုံးထက် ပေါ့ပေါ့ပါးပါးဝတ်ဆင်ထား၏။ထိုသည်မှာ သူ့ဦးလေးက ညစာစားပွဲ၏အိမ်ရှင်ဖြစ်နေလို့ပင်။ 



ရှန်းယုဟန်က ရှန်ချီဟွမ်း၏ချစ်သူဆိုတာကို ဒါရိုက်တာကျင်းကသိသည်။ သူက ရှန်ချီဟွမ်း၏ပန်းချီကားကို ဝေ့ပေါ်မှာမြင်ဖူးပေမယ့် လူချင်းတော့မတွေ့ဖူးချေ။ သူ့မှာဝေ့ပေါ်မရှိပဲ အသိအကျွမ်းတွေကလည်း သူ့ဝီချက်ကိုမသိတာကြောင့် သူ့ကို အလျင်စလို အက်ဒ်လိုက်ခြင်းက မလေးစားရာကျသဖြင့် သူက လူတွေကိုဖိတ်ခေါ်ဖို့ ညစာစားပွဲကျင်းပပေးရန် သူ့ဦးလေးကိုပြောခဲ့သည်။


ရှန်ချီဟွမ်းက သူတစ်ခါမှမတွေ့ဖူးသော ကြော့ရှင်းပြီး ဂုဏ်သရေရှိလူအများကြီးကို တွေ့လိုက်ရပြီး ဘေးမှာထိုင်ပြီး ဒါရိုက်တာကျင်းနှင့် ပန်းချီကားအကြောင်းပြောနေသော ရှန်းယုဟန်ကိုကြည့်လိုက်သည်။ သူ့ဇနီးက သိက္ခာရှိရုံတင်မဟုတ်ပဲ သူ့ခင်ပွန်းကိုလည်း အောင်မြင်မှုယူဆောင်လာပေးနိုင်သည်။ သူဘယ်လောက်ပဲချမ်းသာပါစေ သူ့အတွက် အဆက်အသွယ်ရဖို့က ခက်ခဲသည်။ သူတွေ့ချင်သောလူများကို အလွယ်တကူမတွေ့နိုင်ပေ။ ရှန်မိသားစုက ချမ်းသာကြွယ်ဝသော မိသားစုဖြစ်နေရင်တောင် သူက သူ့မိသားစုကို သုံးပြီးရလာတာကို မလိုချင်ပေ။ ယခု သူ့ဇနီးက မျက်နှာကျက်ပေါ်ကသော့ကို အလွယ်တကူရနိုင်အောင် လုပ်ပေးခဲ့သည်။




သူ့ခင်ပွန်း၏ အထင်ကြီးလေးစားခံနေရတာကို မသိသော ရှန်းယုဟန်က အအေးသောက်နေပြီး ရုပ်ရှင်အသစ်အကြောင်းပြောနေသော ဒါရိုက်တာကျင်း၏ သွက်လက်သောစကားများကို နားထောင်နေ၏။


ရှန်းယုဟန်က ယဥ်ယဥ်ကျေးကျေး သူ့ကိုကြားဖြတ်ပြောလိုက်၏။ “ဒါရိုက်တာကျင်းက ကျွန်တော့်ကို ရုပ်ရှင်အသစ်အတွက် ပန်းချီဆွဲပေးစေချင်တာလား?”


အကျင့်ဟောင်းကို ပြန်လုပ်မိနေသော ဒါရိုက်တာကျင်းက ချက်ချင်းပြောလိုက်သည်။ “မစ္စတာရှန်း၊ ကျွန်တော် ဥက္ကဋ္ဌရှန်ရဲ့ဝေ့ပေါ်မှာ ခင်ဗျားရဲ့ပန်းချီကားကိုတွေ့ခဲ့တယ်။ သူတို့က ကျွန်တော့်ရဲ့ရုပ်ရှင်နဲ့ အရမ်းကိုက်ညီတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ပန်းချီကားတစ်ချပ်ဆွဲခိုင်းဖို့ တွေးနေတာ။ ဒါပေမယ့် ကျွန်တော့်မှာ စိတ်ကူးအသစ်ရှိတယ်။ ကျွန်တော့်ရုပ်ရှင်ထဲမှာ ခင်ဗျားကို ပန်းချီတိုက်ရိုက်ဆွဲပေးစေချင်တယ်။ ဇာတ်ဝင်ခန်းထဲပါဖို့ သဘောတူမတူသိချင်ပါတယ်။” သူက ပေါင်ကိုဆုပ်ကိုင်ထားသော ရှန်းယုဟန်၏လက်က အမျိုးသမီးဇာတ်လိုက်ထက် ပိုကြည့်ကောင်းတယ်လို့ ခံစားရသည်။


သူက လက်ရဲ့အလှတရားကို နှစ်သက်မြတ်နိုးတာ ဘယ်သူကသိမှာလဲ!


ရှန်းယုဟန်က ခဏလောက်တွေးပြီး ဒါရိုက်တာကျင်းက သူလက်ခံမယ်လို့တွေးနေတာ​ကြောင့် သူကပြောလိုက်၏။ “ဒါဆို ကျွန်တော့်ခင်ပွန်းကို အရင်မေးလိုက်ပါဦးမယ်။”


ဒါရိုက်တာကျင်း “.....”



ရှန်းယုဟန်က ရှန်ချီဟွမ်းကို မက်ဆေ့ပို့ပြီး သူရောက်လာတော့ ဒါရိုက်တာကျင်းက သူ့တောင်းဆိုချက်ကို ထပ််မံဖော်ပြခဲ့သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းသွားချင်လား?”


ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော် မျက်နှာမပြချင်ဘူး။”


ဒါရိုက်တာကျင်း၏နားက စူးရှတာကြောင့် သူက ချက်ချင်းပြောလိုက်သည်။ “မင်းလက်ကိုပဲပြရမှာ၊ မျက်နှာမပါဘူး။”

.


ရှန်းယုဟန်က ဤအခြေအနေကို လက်ခံနိုင်သည်။ “ဒါဆို ယောကျာ်းက အဖော်လိုက်ပေးမလား?” ပိုက်ဆံနည်းနည်းရှာဖို့လိုသေးသည်။


ရှန်ချီဟွမ်းက သူ့ကို ညင်ညင်သာသာကြည့်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်။ “ကောင်းပြီ”

ရှန်ချီဟွမ်းက ဒါရိုက်တာကျင်းကို ရင်ဆိုင်လိုက်သောအခါ သူ့မျက်လုံးများက ပြောင်းလဲသွားသည်။ “ဒါရိုက်တာကျင်း၊ ကျွန်တော့်အိမ်ကရှောင်ဟန်က အတော်စိတ်ပျော့လို့ ခင်ဗျားကျွန်တော့်ကိုသည်းခံပေးပါ။ ခင်ဗျား သူ့လက်ကို ဇာတ်ဝင်ခန်းထဲထည့်ချင်ရင် သူ့လက်အတွက် အာမခံအရင်ဝယ်ရမယ်။ ပြီးတော့ ရိုက်ကွင်းမှာ သူ့လက်အန္တရာယ်မရှိစေဖို့ အာမခံပေးရမယ်။ အခုက ဆောင်းရာသီဆိုတော့ ရိုက်ကူးဖို့အခြေအနေက ခက်ခဲလွန်းတယ်။ စတူဒီယိုက လူတွေကို မအေးခဲစေရဘူးဆိုတာလည်း အာမခံပေးရမယ်..ပြီးတော့”


ဒါရိုက်တာကျင်းက ခဏတာအံ့အားသင့်သွားသည်။ ဘယ်လိုအာမခံကိုပြောနေတာလဲ?



ရှန်ချီဟွမ်းက သူ အာစေးမိနေတာကိုတွေ့သောအခါ မသက်မသာခံစားလိုက်ရပြီး အကြံပြုလိုက်သည်။ “ဒါရိုက်တာကျင်း၊ မမှတ်မိရင် အသံအရင်သွင်းထားလိုက်ပါ။”