Chapter 1
Viewers 47


ညနေခင်း၌ ကောင်းကင်တစ်ခုလုံးမှောင်မဲကာ အကွာဝေးတစ်နေရာမှ မိုးချိန်းသံသဲ့သဲ့ ထွက်ပေါ်နေသည်။


ကော်ဖီဆိုင်ထဲတွင် ထိုင်နေသူက အလျင်စလိုသွားလာနေကြသည့် လမ်းမပေါ်ရှိ ဖြတ်သွားဖြတ်လာများကို မှန်မှတဆင့်ကြည့်နေခဲ့ကာ သူ့ရှေ့က ကော်ဖီကိုတစ်ငုံယူသောက်လိုက်သည်။


ရှေ့ကောင်တာရှိ မိန်းကလေးက ကော်ဖီစက်ကို အဝတ်စနှင့် သုတ်နေရင်းဖြင့် ထိုလူကို တိတ်တဆိတ် အကဲဖြတ်နေမိ၏။


ထိုသူက သူမ မသိသော ဘရန်းတစ်ခု၏ မီးခိုးရောင် သိုးမွှေးကုတ်ကိုဝတ်ဆင်ထားကာ လက်ကောက်ဝတ်၌ ဈေးကြီးသည့် နာရီတစ်လုံးပတ်ထားသည်။ ထိုသို့သော နာရီမျိုးကို မဂ္ဂဇင်းစာအုပ်ထဲ၌ သူမရံဖန်ရံခါ တွေ့ဖူးသည်။ ၎င်းကကြည့်ကောင်းပြီး ဈေးကလည်းသေချာပေါက်ကို လှသည်။ ထိုသိန်းဂဏန်းတချို့က သူမအတွက်တော့ တိုက်ခန်းတစ်ခု လက်ငင်းငွေချေရန်ပင် လုံလောက်နိုင်လေသည်။


သို့ပေမဲ့ သူမကို ဆွဲဆောင်ထားနိုင်ဆုံးအရာက နာရီ မဟုတ်ခဲ့ဘဲ ထိုလူ၏ မျက်နှာပင်ဖြစ်သည်။


ရင့်ကျက်ကာအေးစက်သည်။ ရင်းနီးရန်မလွယ်သည့်စိတ်ထားရှိပေမဲ့ အလွန်အမင်းဆွဲဆောင်မှုရှိလေသည်။


အပြင်ဘက်မှ မိုးခြိမ်းသံက သူမကို ကြောက်လန့်သွားစေကာ အကြည့်ကို အမြန် ရုတ်သိမ်းမိသွားသည်။


တံခါးဖွင့်လိုက်သည်နှင့် တံခါးခေါင်းလောင်းသံက ထွက်ပေါ်လာကာ အရပ်ရှည်ရှည်နှင့် အလှလေးတစ်ယောက် ဝင်လာသည်။မိန်းကလေးက သူမကို အမြန်နှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ ဧည့်သည်-"


အလှလေးက ဆိုင်ထဲဝေ့ကြည့်လိုက်ကာ ထိုလူပေါ်၌ အကြည့်တို့ တန့်သွားခဲ့သည်။ သူမကပြုံးကာဖြင့်


"တို့ တစ်ယောက်ယောက်ကို လာရှာတာပါ"


မိန်းကလေးက ထိုအလှလေး ပြတင်းပေါက်ရှိရာဘက်လျှောက်သွားကာ ထိုလူ၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်ကို ကြည့်နေမိသည်။ နှစ်ယောက်သားကမူ အသံတိုးတိုးနှင့် စကားစပြောနေကြပြီဖြစ်သည်။


ဧည့်သည်များနှင့် နီးနီးကပ်ကပ်နေခြင်းက မယဉ်ကျေးရာရောက်ကာ သူမတွင်လည်း ထိုသူတို့၏ စကားဝိုင်းကို နားထောင်ချင်စိတ် မရှိတာကြောင့် သန့်ရှင်ရေးလုပ်ဖို့သာ ပြန်သွားလိုက်သည်။

 

သိပ်မကြာလိုက်ခင်တွင် နှစ်ယောက်သားက အတူတူထွက်သွားကြလေသည်။ အပြင်ဘက်၌ မိုးက သည်းသည်းမဲမဲစတင်ရွာချလာကာ ညှို့မှိုင်းသည့်ဆောင်းရာသီနေ့ကို ပိုပြီး အေးစက်သွားစေခဲ့ပေသည်။


နောက်တစ်နေ့မနက်တွင် ကော်ဖီဆိုင်ရှေ့၌ ရပ်နေသည့် ရဲများကြောင့် မိန်းကလေးမှာ ထိတ်လန့်သွားလေ၏။


"မိန်းကလေး၊ မကြောက်ပါနဲ့၊ ဒီဓာတ်ပုံထဲကလူကို မှတ်မိလား?"


မေးခွန်းမေးလာသည့် ရဲကိုကြည့်ရသည်မှာ ပင်ပန်းနေပုံရပြီး သူ့မျက်လုံးအောက်မှ အမဲရောင်အဝိုင်းများက အနည်းငယ်ကြောက်စရာကောင်းလောက်သည်အထိ ထူထဲလှလေသည်။


ဓာတ်ပုံထဲရှိလူတွင် အေးစက်သောအမူအယာနှင့် ကြောက်စရာကောင်းသည့် မျက်လုံးများရှိပေမဲ့ သူ့အသွင်အပြင်က သူမ မှတ်မိသည့်လူနှင့် တစ်ထေရာတည်း နီးပါပင်တူလှသည်။


"မနေ့က.. မနေ့က သူ ကျွန်မတို့ရဲ့ ကော်ဖီဆိုင်ကို လာခဲ့တယ်"


မိန်းကလေးက လေအေးကြောင့်တုန်ယင်နေလျက် ပြောလာသည်။ 


"သူဘာဖြစ်လို့လဲ?"


“မနေ့ညက ဆိုးရွားတဲ့ လူသတ်မှုတစ်ခုဖြစ်သွားခဲ့ပြီးတော့ ဒီတစ်ယောက်က ကျူးလွန်ခံရသူတွေထဲကတစ်ယောက်ပါ"


ရဲက တံခါးဖွင့်လိုက်ကာ သူမကို ဝင်လာရန် အချက်ပြလိုက်သည်။


"မင်းဖြေဖို့ လိုအပ်တဲ့ မေးခွန်းတချို့ရှိတယ်...."


မိန်းမငယ်လေးက ကြောက်လန့်နေပုံရကာ အနည်းငယ်လည်း ဝမ်းနည်းနေခဲ့၏။


"သူ၊ သူသေသွားပြီလား?"


ရဲက သူမ၏ တုန့်ဆိုင်းနေသည့်အမူအယာကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလာသည်။


"သူက လူကောင်းမဟုတ်ဘူး….”


သို့ပေမဲ့ တစ်စုံတစ်ရာက သူ့ကို ဆက်မပြောဖို့ တာဆီးလိုက်ပုံပင်။


********


---ရိချန်းလျန် အိပ်မက်ရှည်ကြီးတစ်ခု မက်ခဲ့ရသလို ခံစားခဲ့ရသည်။


အိပ်မက်ထဲ၌ ထူးဆန်းကာ ဖရိုဖရဲပါပင်။ သူ တွေ့ဆုံခဲ့ရသည့် လူများစွာက လည်နေသည့် မီးပုံးလို တစ်ဖျတ်ဖျတ်ပေါ်လာခဲ့ပေမဲ့ ထိုသူတို့ကို သူ ရှင်းရှင်းလင်းလင်း မမြင်ရပေ။


သို့ပေမဲ့ ထိုစဉ်ကအရာများဟာ လူကို ပျော်ရွှင်စေသည့် အရာများစွာ မရှိခဲ့ပေ။


သူဘဝက ထို ပျက်စီးယိုယွင်းနေသည့် မိဘမဲ့ကျောင်းကနေ စတင်ခဲ့ကာ ထို မုန်တိုင်းထန်ပြီး ဆိတ်ငြိမ်သည့် စိတ်ပျက်ဖွယ်ဆောင်းရာသီနေ့တွင် အဆုံးသတ်ခဲ့ရသည်။ ရုတ်တရက်သေဆုံးခဲ့ရသည်မှလွဲ၍ ပြောကောင်းသည့်အရာ တစ်ခုမျှ မရှိပါချေ။


သူသေမလောက် အိပ်ချင်နေခဲ့ပေမဲ့ တစ်ယောက်ယောက်က သူ့လက်ကောက်ဝတ်ကို အရိုးကြေမတတ် ကိုင်ထားသည်ကို ခံစားလိုက်ရသည်။


သူနောက်ဆုံးမှာ အနည်းငယ်စိတ်မရှည်ဖြစ်လာခဲ့ကာ သူ့လက်ကောက်ဝတ်ကို ကိုင်ထားသည့် လက်ကို လှုပ်ခါချရန် ရှိသမျှခွန်အားကို အသုံးပြုလိုက်ပေမဲ့ အံ့အားသင့်စရာကောင်းစွာ ငိုသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရလေသည်။


"ဒေါက်တာ…ဒေါက်တာ ….သူလှုပ်သွားတယ်..ဒေါက်တာ-"


"ထန်ရိ စိတ်လျှော့ထား သူက မတိုင်ခင်ကတည်းက....."


သူ့နားထဲ ဖရိုဖရဲရှုပ်ထွေးနေသည့်အသံများကြားနေရသည်။ ရိချန်းလျန်က ထိုသည်ကို စိတ်ပျက်နေခဲ့ကာ ရုတ်တရတ် တစ်ယောက်ယောက်က သူ့ရင်ဘက်ကို လေးလံစွာ ဖိလာခဲ့၏။ 


ပရမ်းပတာဖြင့်ရေနစ်နေသူတစ်ယောက် ကမ်းပေါ်ကို ရုတ်တရက် ဆွဲတင်ခံလိုက်ရသူလို သူအသက်ပြင်းပြင်းရှုလိုက်မိသည်။ စက်ယန္တယားတစ်ခု၏ ပုံမှန် တတီတီသံနှင့် အမျိုးသမီးတစ်ယောက်၏ ငိုသံကို သူကြားနေရလေသည်။


တိတ်တိတ်လေး အိပ်လို့ မရနိုင်ဘူးလားကွာ….


ဤအတွေးကိုတွေးမိသည်နှင့် ရိချန်းလျန် နောက်ဆုံးမှာ သူဆန္ဒအတိုင်း အသိစိတ်ကင်းမဲ့သွားရလေသည်။


မသိနိုင်သည့်အချိန်ကာလတစ်ခုတွင် ရိချန်းလျန်က သူလုံလုံလောက်လောက် အိပ်ပြီးပြီဟု ခံစားရကာ မျက်လုံး ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူ့မြင်ကွင်းထဲ မှုန်ဝါးဝါးအဖြူရောင်တစ်ခု ဝင်လာခဲ့လေ၏။


"ယွင်ဖန်း? ယွင်ဖန်း နိုးလာပြီလား?"


ခပ်ကြမ်းကြမ်းအမျိုးသားအသံတစ်ခု ထွက်လာခဲ့သည်။


ယွင်ဖန်းက ဘယ်သူတုန်း?


 ရိချန်းလျန် သူ့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ အသက်လေးဆယ်နီးပါးရှိ မုတ်ဆိတ်မွှေးငုတ်စိနှင့်သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။


သူ့မျက်လုံးက ဘာမှားနေသည်ကို မသိကာ လူများကို သူသေချာ မမြင်ရပေမဲ့လည်း ဤလူစိမ်းကို သူမသိသည်ကတော့ အတော်လေး သေချာလေသည်။ ရိချန်းလျန်၏ မသိစိတ်က သတိပေးသံမြည်လာခဲ့၏။


"ယွင်ဖန်း… အဖေက သားရဲ့အဖေလေ၊ မင်းရဲ့အဖေ "


သက်လတ်ပိုင်းလူကြီးက နီရဲနေသော မျက်လုံးဖြင့် သူ့ကို သေချာကြည့်လာသည်။ 


"မလှုပ်နဲ့ဦး၊ အဖေ ဆရာဝန်နဲ့ မင်းအမေကို သွားခေါ်လိုက်မယ်"


ရိချန်းလျန်မျက်မှောင်ကြုတ်လိုက်သည်။ သို့ပေမဲ့ သူ့ကိုယ်က အားမရှိဘဲ ခေါင်းက မူးဝေဝေဖြစ်နေဆဲပင်။


ထန်ရိက ရေသွားယူတာဖြစ်ကာ သူမခင်ပွန်း၏ခေါ်သံကို ကြားချိန်တွင် ပြေးသွားမိလုနီးပါးပင်။ သူမက သားဖြစ်သူ၏လက်ကိုကိုင်ကာစတင်ငိုကြွေးလေသည်။ 


"ထန်ထန်….မင်းရဲ့ အမေကို သတ်ဖို့ကြိုးစားနေတာလား!"


ရိချန်းလျန် က သူ့ထက် အရမ်းကြီး အသက်ကြီးမနေသည့် အမျိုးသမီးကို ခံစားချက်မဲ့မျက်နှာဖြင့် ကြည့်နေခဲ့ကာ သူ့လက်ကို ပြန်ဆွဲယူလိုက်ဖို့ ဟန်ပြင်လိုက်သည်။


ဝမ်ဟွေ့… ထိုအမျိုးသမီးက ရုတ်တရက် သူ့ကိုသစ္စာဖောက်ကာ သူသောက်နေသည့် ဝိုင်ထဲ တစ်ခုခုထည့်ခဲ့သည်။ သူမသေခင်မှာ ဝမ်ဟွေ့၏ "ကြင်နာသည့်" ရှင်းပြသံကို ကြားခဲ့ရသေး၏။ ယခုလို ကယ်တင်ခံလိုက်ရလိမ့်မည်ဟုတော့ မထင်မိခဲ့ပေ။


ဆရာဝန်က သူ့တစ်ကိုယ်လုံးကို စစ်ဆေးကာ ထန်ရိကို ညွှန်ကြားသည်။


" ခြောက်နာရီအတွင်း သူ့ကို ဘာမှ မကျွေးပါနဲ့။ ခြောက်နာရီကျော်သွားရင်တော့ ဆန်ပြုတ်နည်းနည်းတိုက်လို့ရတယ်။ သူကအခုအရမ်း အားနည်းနေပေမဲ့ အသက်ဆယ့်ငါး၊ ဆယ့်ခြောက်ကလေးတွေမှာ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာရှိကြတယ်လေ။ ပြသနာကြီးကြီးမားမားရှိမှာ မဟုတ်ပါဘူး"


“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဒေါက်တာ"


ထန်ရိက မျက်ရည်သုတ်ရင်းဖြင့် ပြောလေသည်။


ဆေးရုံခန်းတစ်ခုတည်းမှာရှိနေသည့် လူနာစောင့်က သူမကိုဤသို့မြင်ရတော့  မထိန်းနိုင်စွာဖြင့် နှစ်သိမ့်ပေးလာသည်။


"ကလေးက ကောင်းချီးပေးခံရတာပဲ။ မငိုပါနဲ့။ ကောင်းချီးကကြီးလေလေ ဘဝသက်တမ်းက ကြီးလေလေပါပဲ"


ထန်ရိ၏ ခင်ပွန်း ယွင်ဟဲယွီက သူမကိုဖက်လိုက်သည်။


"မငိုနဲ့တော့။အစ်ကိုကြီးပြောတာမှန်တယ်။ ကလေးက အဆင်ပြေနေတာနဲ့တင် ကောင်းနေပါပြီ"


ရိချန်းလျန်မှာ ကြက်သေသေနေ၏သူက လူစိမ်းအမျိုးသားနှင့် အမျိုးသမီးကို ကြည့်လိုက်ပြီး သူ့အား ယွန်ဖန်းဟု ခေါ်လာသည်ကို ကြားလိုက်ရချိန်၌မူ သူ့စိတ်ထဲ မဖြစ်နိုင်သည့် ခန့်မှန်းချက်တစ်ခု တစ်ဖြည်းဖြည်းထွက်ပေါ်လာလေသည်။


သူ ခဲခဲယဥ်းယဥ်းဖြင့် လက်မြှောက်လိုက်တော့ ဖြူဖွေးသည့် လက်ကောက်ဝတ်နှင့် ပိန်ပါးလှသည့် လက်ဖဝါးကို မရင့်ကျတ်သေးသည့် ခံစားချက်တချို့နှင့်အတူ တွေ့လိုက်ရလေသည်။ ဤသည်က သိသာလှစွာပင် သူ့ကိုယ်ပိုင်လက် မဟုတ်ပါချေ။


"ယွင်ဖန်း.. ဘယ်နားက မသက်မသာခံစားနေရလဲ?"


မြှောက်ထားသည့် သူ့လက်ကို နွေးထွေးသည့်လက်တစ်ဖက်က လာကိုင်ကာ နောက်လက်တစ်ဖက်က သူ့နဖူးကိုထိလာသည်။


"အမေ့ကိုပြော၊ ဘယ်နားက မသက်မသာခံစားနေရလဲဆိုတာ"


ရိချန်းလျန်က အလိုလို ခုခံချင်မိသွားသည်။ သူက သူ့ရှေ့မှာရှိသည့် လူစိမ်းအမျိုးသမီးကို ကြည့်လိုက်သည်။ သူမ၏ သွင်ပြင်က အနည်းငယ် မှုန်ဝါးဝါးဖြစ်နေပေမဲ့ သူမမျက်နှာပေါ်ရှိ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုများကို မမြင်ရသည်အထိတော့ မဟုတ်ခဲ့ပေ။


သူထိုသည်ကို အကြိမ်ပေါင်းများစွာမြင်ဖူးခဲ့ပေမဲ့ သူထံတွင်တော့ တစ်ခါလေးသော်မှ ဖြစ်ခဲ့ဖူးပေ။ မိဘတို့၏ သူတို့သားသမီးအပေါ် ထားသည့် ထိုစိုးရိမ်မှုကိုဖြစ်သည်။


သို့ပေမဲ့ တကယ်တမ်းတွင် သူက တကယ့် ဆယ်လေး ငါးနှစ်အရွယ် ကလေးတစ်ယောက်မဟုတ်ပေ။ သူ့၏ တကယ့် အသက်အစစ်အမှန်က သူ့ရှေ့ရှိလူနှစ်ယောက်နှင့် သိပ်ပြီး မကွာလှကာ ဤသို့သော အချစ်မျိုးကိုလည်း မလိုအပ်လှပေ။ ထို့ကြောင့် သူက ထူးဆန်းသော ခံစားချက်ဖြင့် မျက်လုံးကို ဇွတ်မှတ်လိုက်သည်။


ထိုသူတို့၏ စကားအသွားအလာများကို နားထောင်ရသလောက် သူယာ ယခုချိန်၌ ဆယ့်လေးငါးနှစ်အရွယ် ယွင်ဖန်းဟုခေါ်သော ကောင်လေးအဖြစ် ပြန်ပြီး မွေးဖွားလာခဲ့ပုံပင်။ သက်လတ်ပိုင်း စုံတွဲတွင် တစ်ယောက်က ထန်ရိဖြစ်ကာ နောက်တစ်ယောက်တော့ ယွင်ဟဲယွီဟု ခေါ်လေပြီး ယွင်ဖန်း၏ မိဘများဖြစ်ပေသည်။


နောက်ပိုင်းရက်များ၌ ယွင်ဖန်း၏မိဘများနှင့် တခြားသူတို့၏ စကားများမှတဆင့် သူဟာ လက်ရှိ တချို့ အခြေအနေများအကြောင်း တဖြည်းဖြည်း သိလာခဲ့သည်။ ဥပမာအားဖြင့်၊ ယွင်ဟဲယွီက ကုန်ကားဒရိုင်ဘာဖြစ်ကာ ထန်ရိက အဝတ်အစားဆိုင်အသေးလေး တစ်ခုဖွင့်ထားပြီး ယွင်ဖန်းကတော့ အထက်တန်းတက်သည်မှာ တစ်လလောက်သာရှိသေးသည်။ ထို့ပြင် သူ၏ ကျောင်းရလဒ်များက အတော်လေးကောင်းမွန်လေသည်။


"ကလေးက ဘယ်အထက်တန်းကျောင်းမှာတက်တာလဲ?"


ဘေးကုတင်ရှိ အစ်ကိုကြီးက စကားများသူဖြစ်ကာ အဖေယွင်နှင့် စကားပြောရသည်ကို နှစ်သက်လေသည်။


"ဝူမြို့ အမှတ်တစ်အထက်တန်းကျောင်းပါ"


ယွင်ဟဲယွီက ဂုဏ်ယူမှုကို မထိန်းနိုင်စွာဖြင့် ပြောလာသည်။


"ဝိုး၊ ဝူမြို့ အမှတ်တစ်အထက်တန်းကျောင်းက ပြည်နယ်ရဲ့ အဓိကကျောင်းပဲ။ ကျွန်တော့်တူမလေးတောင် ရှစ်မှတ်နဲ့ ကပ်ပြုတ်သွားတာ။ ခင်ဗျားရဲ့သားက တကယ့်ကို အလားအလာကောင်းတာပဲ။ အနာဂတ်မှာ နံပါတ်တစ်တက္ကသိုလ်တက်ရဖို ပြသနာမရှိလောက်ဘူးပဲ"


ထိုအစ်ကိုကြီးကပြောသည်။


ယွင်ဟဲယွီက ကျိုးနွံစွာရယ်မောကာ


"ကျွန်တော့်သားက စာလုပ်တဲ့နေရာမှာ တော်နေရုံပါပဲ"


ဝူချန် အမှတ်တစ် အထက်တန်းကျောင်းနာမည်ကို ယွင်ဖန်းကြားရချိန်မှာတော့ သူအနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ သူမှတ်မိသလောက်က ထို ဝူမြို့ အမှတ်တစ်ထက်တန်းကျောင်းက လွန်ခဲ့သည့်ဆယ်နှစ်ကပင် နာမည်ပြောင်းသွားခဲ့ပြီပင်။ အဘယ့်ကြောင့် ယခုထိ ဝူမြို့ အမှတ်တစ် အထက်တန်းကျောင်းဟု ခေါ်နေသေးပါသနည်း။


"ထန်ထန်၊ ထပြီး ဆန်ပြုတ်သောက်ရအောင်နော်။ ဒီတစ်မနက်လုံး အမေကျိုလာခဲ့တာ"


ထန်ရိက နှလုံးသားနာကျင်နေသည့်မျက်နှာဖြင့် ဆေးရုံကုတင်ကို မြှင့်ကာ ထိုင်ဖို့လုပ်ပေးလိုက်သည်။ 


"သားဒီနှစ်ရက်မှာ ကိုယ်အလေးချိန်ကျသွားတယ်"


ယွင်ဖန်း၏ နာမည်ပြောင်မှာ ထန်ထန် ဖြစ်သည်။ ထန်ရိက ထိုနာမည်ကို ပထမဆုံးခေါ်လာချိန်တွင် ရိချန်းလျန်တစ်ကိုယ်လုံး ကြက်သီးထခဲ့ရသေးသည်။


ယွင်ဟဲယွီက နာရီကြည့်ကာ ထရပ်လိုက်သည်။


"သားမျက်မှန် ရလောက်ပြီထင်တယ်။ ကိုယ် ဆိုင်မှာ သွားယူလိုက်မယ်"


"သွားလေ၊ ဒီရက်ပိုင်းတွေအတွင်း ရှင်းရှင်းလင်းလင်းမမြင်ရတာ သားအတွက် သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး"


ထန်ရိက ရိချန်းလျန်၏ခေါင်းကို ပွတ်ပေးလာသည်။ 


"ထန်ထန် .. လည်ချောင်းက အဆင်မပြေဖြစ်နေတုန်းပဲလား?"


ရိချန်းလျန်က ခေါင်းကို အတင်းညိတ်လိုက်ရသည်။


ပိုပြောမိလျှင် ပိုပြီး အမှားလုပ်မိလိမ့်မှာဖြစ်သည်။ သူ့ပါးစပ်ဖွင့်လိုက်ချင်းမှာ ဤယွင်ဖန်းက အတုဆိုသည်ကို သူတို့သိသွားမှာ စိုးမိလေသည်။


ယွင်ဟဲယွီက မျက်မှန်နှင့် ပြန်လာချိန်တွင် ရိချန်းလျန်က မကျွမ်းကျင်စွာနှင့် တပ်လိုက်ပြီးနောက် ခဏတွင်းမှာပင် ကမ္ဘာကြီးက မယုံနိုင်ဖွယ်ရာ ရှင်းလင်းပြတ်သားသွားလေသည်။ သူ့ယခင်ဘဝတုန်းက တစ်ခါလေးမှ အဝေးမမှုန်ခဲ့ဖူးကာ ရှင်းလင်းစွာ မမြင်ရခြင်းက ဤမျှလောက်နာကျင်ခံစားရမှန်း မသိခဲ့ပေ။


သူ့ခေါင်းကိုငုံ့ကာ မျက်မှန်ဘူးကို ကောက်ကိုင်လိုက်တော့ အဖေယွင်ထည့်ပေးထားသည့် လက်မှတ်လေးတစ်ခုကို အတွင်း၌တွေ့လိုက်ရသည်။ ရက်စွဲကိုကြည့်လိုက်ပြီးနောက် သူ ကြက်သေသေသွားခဲ့လေသည်။


နာမည် ခုထိ မပြောင်းရသေးသော ဝူမြို့ အမှတ်တစ်အထက်တန်းကျောင်း၊ မျက်မှန်တပ်ပြီးနောက်မှ ရှင်းရှင်းလင်းလင်းမြင်ရသည့် ဆေးရုံရှိ ခေတ်နောက်ကျနေသော စက်ပစ္စည်းကိရိယာများနှင့် ပရိဘောဂများ၊ လက်မှတ်လေးထက်ရှင်းလင်းစွာရေးထားသည့် နှစ်၊ လ၊ ရက်များ…….


သူဟာ သူစိမ်းဆယ်ကျော်သက်လေး၏ ကိုယ်ထဲ နိုးထလာရုံမျှမက လွန်ခဲ့သည့် နှစ် နှစ်ဆယ်ကို ပြန်ရောက်လာခြင်းဖြစ်နေခဲ့ပေသည်


"ထန်ထန်? ယွင်ဖန်း?"


ထန်ရိက သူ့မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်ကိုမြင်တော့ လန့်သွား၏။


ရိချန်းလျန် သတိပြန်ဝင်လာကာ သူ့နောက်ကျောတစ်လျှောက်မှာတော့ ချွေးအေးများဖြင့်စိုစွတ်နေခဲ့ပြီးဖြစ်လေသည်။ သူက သဘာဝတကျပင် လက်မှတ်လေးကို မျက်မှန်ဘူးထဲပြန်ထည့်ကာပြောလိုက်သည်။


"ဘာမှမဖြစ်ပါဘူး"


ထန်ရိက စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်ကာ မျက်လုံးရဲရဲဖြင့် သူ့ကိုကြည့်လိုက်သည်။ 


"သားနောက်ဆုံးတော့ အမေ့ကို စကားပြန်ပြောချင်လာပြီပေါ့"


ရိချန်းလျန်:"?"


ထန်ရိက သူ့လက်ကိုကိုင်ကာ ဝမ်းနည်းသံစွတ်နေသည့်အသံကိုနှိမ့်၍ 


"ဒါတွေက အဖေနဲ့အမေရဲ့ အမှားတွေပါ။ သားကို အမေတို့ အဲ့လိုမျိုး မဆူလိုက်သင့်ဘူး။ အနာဂတ်မှာ သားဘယ်သူ့ကိုပဲကြိုက်သည်ဖြစ်စေ သားသာ အန္တရာယ်ကင်းပြီး ကျန်းမာနေရင် ကောင်းနေပါပြီ။ ဒီလို ရူးနှမ်းတာမျိုးတွေ ထပ်မလုပ်နဲ့တော့နော်။ ဒါက အဖေနဲ့အမေ့ကို သတ်နေသလိုပဲ!"


"အမှန်ပဲ"


ယွင်ဟဲယွီ၏ မျက်လုံးများက အနည်းငယ် နီရဲနေလျက်ဖြင့်။


"အဖေဘက်က စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့မိတယ်။ သားတို့ကလေးတွေ ဘာတွေတွေးနေမှန်း အဖေနားမလည်ခဲ့လို့ပါ။ အဖေနဲ့ အမေတို့က ပညာမတတ်ခဲ့ပေမဲ့ အပြောင်းအလဲမလုပ်နိုင်တဲ့ ပဒေသရာဇ်ခေတ်ကလူတွေ မဟုတ်ပါဘူး။ သားက ရုတ်တရက်ပြောလာတော့ အဖေတို့တကယ် လက်ခံဖို့ မလုပ်နိုင်ခဲ့တာပါ....အဖေ သားကို မဆူလိုက်သင့်ဘူး"


ရိချန်းလျန် စိတ်ရှုပ်သွားသည်။


ယနေ့တွင် ဘေးကုတင်ရှိ အစ်ကိုကြီးက ဆေရုံဆင်းသွားပြီဖြစ်ကာ ဆေးရုံခန်းထဲ မည်သူမှမရှိပေ။ ယွင်ဟဲယွီနှင့် ထန်ရိတို့က ရုတ်တရက် အကြောင်းထုတ်ပြောလာသည်က ရိချန်းလျန်ကို အမှန်ပင် ရှုပ်ထွေးသွားစေလေသည်။


သို့ငြား တစ်ပါတ်ကြာပြီး၍ ဆေးရုံမှဆင်းကာ အိမ်ပြန်ရောက်ပြီး နောက်မှာတော့ အဖြေကိုရှာတွေ့သွားခဲ့လေသည်။