Chapter 2
Viewers 45


ယွင်ဟဲယွီနှင့် ထန်ရိတို့က အတော်လေး ခြိုးခြံချွေတာတတ်ကြသည်။ ယွင်ဖန်း မွေးကတည်းက မိသားစုသုံးယောက်မှာ ယွင်ဟဲယွီ၏အဖွဲ့မှ  ခွဲဝေပေးထားသည့် အိပ်ဆောင်၌ နေထိုင်ခဲ့ကြတာဖြစ်သည်။


 ထို အိပ်ဆောင်က ခုနှစ်ဆယ် ရှစ်ဆယ်ခုနှစ်ဝန်းကျင်မှအဆောက်အဦး ဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးအသစ်များနှင့် နှိုင်းယှဉ်ပါက ကြည့်ရသည်မှာ အနည်းငယ် ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်သည်။ 


အတွင်းထဲ၌ ရိုးရှင်းသော အခန်းသုံးခန်းနှင့် ဟောခန်းတစ်ခုပါသော ဖွဲ့စည်းပုံဖြင့်ဖြစ်ပြီး ဧည့်ခန်းအသေးစားတစ်ခုနှင့် အိပ်ခန်းကျယ်များပါဝင်ကာ ပုံမှန် ရှေးဟောင်းစတိုင် အဆောက်အဦးဖြစ်သည်။


ရာသီဥတုပူနေပေမဲ့လည်း ရိချန်းလျန်ကတော့ ထန်ရိ၏ အတင်းအကြပ်တိုက်တွန်းချက်အရ ကုတ်အင်္ကျီဝတ်ထားရဆဲဖြစ်လေ၏။ သူက ထန်ရိနှင့် ယွင်ဟဲယွီတို့နောက်မှလိုက်ကာ သူတစ်ခါမှ မမြင်ဖူးခဲ့သည့် ဤ “အိမ်”ကို မြင်လိုက်ရတာဖြစ်သည်။


ဧည့်ခန်းက သေးပေမဲ့လည်း သန့်ရှင်းနေ၏။ သစ်သားဆိုဖာထက်တွင် Shiba Inu*ပုံသဏ္ဍာန်ခေါင်းအုံးနှစ်ခုရှိနေသည်။ ချစစဖွယ် ခွေးခေါင်းပုံလေးက အတော်လေး နှစ်သက်ဖွယ်ကောင်းပေမဲ့လည်း ရိုးရှင်းသည့် ကျေးလက်ဆန်ဆန် ဧည့်ခန်းတစ်ခုလုံးနှင်တော့ မလိုက်ဖက်လှပေ။ 


(t/n: Shiba Inu-ကျစ်လျစ်တဲ့ကိုယ်၊ အမြီးကောက်ကောက်နဲ့ တက်ကြွတဲ့စရိုက်ရှိတဲ့  ကိုယ်ရည်ကိုယ် ထူးခြားသော ဂျပန်ခွေးမျိုးစိတ်) 


“လောင်ယွင် ထမင်းသွားချက်လိုက်တော့။ ကျွန်မအိမ်ကိုရှင်းလိုက်ဦးမယ်”


ထန်ရိက တံခါးပိတ်ကာ ရိချန်းလျန်ကို ကူ‌ညီပေးဖို့ လှည့်လာသည်။


ရိချန်းလျန်က မသိစိတ်မှနေ ရှောင်တိမ်းလိုက်လုနီးပါးဖြစ်သွားကာ ထန်ရိကိုလွဲသွားစေသည်။


ထန်ရိက ခဏလောက် တန့်သွားလေကာ အပြစ်ရှိပြီးနာကျင်နေသည့် မျက်နှာဖြင့် သူ့ကို ကြည့်လာ၏။


ရိချန်းလျန်က ယွင်ဖန်းအစစ်မဟုတ်ပေ။ သို့ငြား သူမထံမှ ထိုနှယ် အကြည့်ခံနေလိုက်ရရာဦးရေပြားပင် ထုံထိုင်းလာရသည်။သူ့ကိုတခြားသူများထိတာကို မကြိုက်တာကြောင့် ယခုလိုရှောင်လိုက်မိသည်ကလည်း မသိစိတ်ဖြင့် ဖြူစင်စွာသာဖြစ်ပေမဲ့ ထန်ရိထံမှာ စိုက်ကြည့်ခံနေရသည်က သူ့ကို ဖိအားဖြစ်စေသည်။ ထို့ကြောင့် သူက တောင့်တင်းနှေးကွေးစွာဖြင့်ပင် ထန်ရိ၏လက်မောင်းကို ကိုင်ဟန်ပြုလိုက်ရသည်။


ထို့နောက် သူက ထန်ရိထံမှ ပျော်ပျော်ရွှင်ရွှင် အတွဲခံလိုက်ရတော့သည်။


ရိချန်းလျန်တစ်ယောက် အမူအယာမဲ့စွာဖြင့်ပင် ထန်ရိ၏ ကူတွဲခြင်းကိုခံလျှက် ယွင်ဖန်း၏အခန်းထဲရောက်လာခဲ့သည်။


ယွင်ဖန်း၏အခန်းက ဧည့်ခန်းထက် ပိုကြီးပေမဲ့ အခန်းဖွဲ့စည်းပုံက အတော်လေးရိုးရှင်းနေသည်။ နံရံနားတွင်တစ်ယောက်အိပ်ကုတင်တစ်လုံး ၊ ကုတင်ခြေရင်း၌ အဝတ်ဗီရို နှင့် စာကြည့်စားပွဲက ပြတင်းပေါက်နားတွင် နေရာချထား၏။ စားပွဲဘေးမှာတော့ စာအုပ်အပြည့်ရှိနေသည့် စာအုပ်စင်တစ်ခုရှိသည်။ အခန်းက ရိုးရှင်းကာ ရှင်းလင်း၏။ကိုယ်ရေးကိုယ်တာဆန်သည်ဟု ပြောနိုင်သည့် ပစ္စည်းများသည်ကတော့ စားပွဲထက်ရှိ ရောင်စုံ Rubik တုံးများနှင့် ပဟေဠိဆက်သည့်ပစ္စည်းများသာရှိလေသည်။ 


“ခဏလောက်လှဲပြီး အနားယူလိုက်ဦးနော်၊ စားသောက်ဖို့အဆင်သင့်ဖြစ်ရင် အမေလာခေါ်မယ်။”


ထန်ရိက သူမအိပ်မချင်းမထွက်သွားဆိုသည့် သဘောဖြင့် စားပွဲနောက်ကထိုင်ခုံကိုဆွဲထုတ်ကာ  ဘေးမှာထိုင်လိုက်သည်။


ရိချန်းလျန်က သူဟာ တခြားသူများရှိနေလျှင်မအိပ်တတ်ဟု တွေးခဲ့တာပေမဲ့ ခဏအကြာမှာတော့ နှစ်ခြိုက်စွာပင် အိပ်မောကျသွားခဲ့လေသည်။


သူ မွှေးရနံ့တစ်ခုကြောင့် နိုးလာခဲ့သည်။


ရိချန်းလျန် အိပ်ရာမှထလိုက်ကာ ကုတင်ဘေးရှိ ​နက်ပြာရောင်စလစ်ပါကိုစီးလိုက်ပြီး အခန်းကို လှည့်ပတ်ကြည့်လိုက်ကာ စားပွဲနောက်မှာ ထိုင်လိုက်၏။


အိပ်ခန်းတံခါးက တစ်ဝက်ဖွင့်ထားလေရာ ယွင်ဟဲယွီနှင့် ထန်ရိတို့ကအပြင်ဘက်မှာ တီးတိုးပြောနေကြသည့် အသံများကို ရိချန်းလျန် အတော်လေး ရှင်းလင်းစွာကြားနေရလေသည်။


“ကျောင်းက ဒီအကြောင်းကို မသိသေးဘူး။ သူ့ရဲ့ ဆရာဆီကနေ နေမကောင်းလို့ဆိုပြီး ခွင့်ယူခဲ့လိုက်တာ။”


ယွင်ဟဲယွီက အသံတိုးတိုးဖြင့် ပြော၏။


“ကိုယ်တို့ သားအတွက် စိတ်ကုထုံးဆရာဝန်တစ်ယောက် ရှာသင့်တယ်လို့ထင်တယ်၊ မင်းရော ဘယ်လိုထင်လဲ?”


“ဒီအကြောင်း နောက်ရက်နည်းနည်းကြာမှ ပြောကြတာပေါ့။ အနည်းဆုံးတော့ သားက ကျွန်မတို့နဲ့ စကားပြောဖို့ ဆန္ဒရှိလာပြီပဲလေ”


ထန်ရိက သက်ပြင်းချလိုက်သည်။ 


“သူ့အတွက် ခွင့်ဘယ်နှစ်ရက်ယူပေးထားတာလဲ?”


“နှစ်ပတ်။ လာမဲ့ တနင်္လာနေ့မှာ သူ ကျောင်းပြန်သွားရမှာ”


ယွင်ဟဲယွီကပြောလာသည်။ 


“ဒါမှမဟုတ် သူအိမ်မှာနားလို့ရအောင် နောက်နှစ်ပတ်လောက် ခွင့်ထပ်ယူပေးလိုက်လို့လည်းရတယ်”


“ထန်ထန်ကို အရင်မေးကြည့်ကြရအောင်။ သူကျောင်းပြန်သွားချင်ပြီဆိုရင် သွားခိုင်းလိုက်။ အိမ်မှာဆိုလည်း ပျင်းစရာကောင်းတာပဲလေ။ သူအရမ်းနောက်ကျကျန်ခဲ့ရင် နောက်ပိုင်းကျ လိုက်မှီဖို့ ခက်သွားလိမ့်မယ်။ ဒီကလေးက အရမ်းယှဉ်ပြိုင်လိုစိတ်များပြီး စိတ်ပိုင်းဆိုင်ရာလည်း အားနည်းတယ်...”


ထန်ရိ၏အသံက ပိုပိုပြီးတိုးသွားခဲ့၏။ 


“ထန်ထန်ရဲ့အခြေအနေကို ကျောင်းမှာ တစ်ယောက်ယောက် သိနေတယ်လို့ ရှင်ထင်လား? တစ်ယောက်ယောက်က ကျောင်းမှာတစ်ခုခုပြောလိုက်ရင် ပြီးတော့ ကျွန်မတို့က သူ့ကိုနှိုးဆွမိရင် ပြီးတော့ သူအဲ့ဒီအကြောင်းခဏလောက် မတွေးဘဲနေနိုင်လိမ့်မလား?’


အပြင်ဘက်မှ အသံများက တဖြည်းဖြည်းပျောက်သွားခဲ့၏။ ရိချန်းလျန် က ထရပ်ကာအပြင်ထွက်မလို့ပြင်လိုက်ပေမဲ့ စာကြည့်စားပွဲမီးအိမ်အောက်ဘက်တွင် ရှိနေသည့် စာရွက်အပိုင်းတစ်ခု၏ ထောင့်စွန်းကို မြင်သွားခဲ့သည်။ သူခဏလောက် တန့်သွားခဲ့ကာ  မီးအိမ်အောက်မှ ခေါက်ချိုးများစွာအခေါက်ခံထားရသည့် စာရွက်အပိုင်းအစကို ဆွဲထုတ်လိုက်လေသည်။


ရှာတွေခံရမှာကြောက်သည့်အတွက် သူက ဂရုတစိုက်နှင့် ထပ်ကာ ထပ်ကာ ခေါက်ထားခဲ့သည့်ပုံရကာ စာကြည့်စားပွဲမီးအိမ်၏အောက်မှာ ဖိထားခဲ့တာဖြစ်လေ၏။ သို့ပေမဲ့ သူက ရှာမတွေ့မှာကိုလည်း ကြောက်ပြန်လေရာ ထောင့်စွန်းလေးကိုချန်ခဲ့ပြီး စာရွက်ကို ပြထားခဲ့သေးလေသည်။


ရိချန်းလျန် ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။


ဤသည်က မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ ချန်ထားခဲ့သည့် ရှည်လျားလှသော မှတ်စုတစ်ခုဖြစ်ကာ ထန်ရိနှင့် ယွင်ဟဲယွီတို့ထံ ရေးသားခဲ့ခြင်းပင်။


 ရိုးရှင်းကာ လေးလံလှသည့် ဇာတ်လမ်းတစ်ခုပင် ဖြစ်၏။


 ထူးချွန်သည့်ကျောင်းသားတစ်ယောက်က ‌မြို့တော်၏အဓိကကျောင်းတွင် ဝင်ခွင့်ရခဲ့ပေမဲ့ သူ၏ လိင်စိတ်ခံယူမှုက ပုံမှန်လူများနှင့် ကွဲပြားနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရှာသည်။ မာနကြီးကာ ယှဉ်ပြိုင်တတ်သည့် ကောင်လေးမှာ လက်မခံနိုင်ဖြစ်ကာ စိတ်ဖိစီးခဲ့ရသည်ပင်။ ရလဒ်အဖြစ် သူ၏ အဆင့်များကျလာခဲ့သည်။ အထပ်ထပ်တွေးပြီးနောက်မှာ သူ့မိဘများထံ ဝန်ခံဖို့ဆုံးဖြတ်လိုက်မိပြီး ရလဒ်ကတော့ သူ့ဘဝ၌ တစ်ခါလေးမှ မကြုံခဲ့ရဖူးသည့် ဆူပူကြိမ်းမောင်းကာ စွပ်စွဲပြစ်တင်ခံရခြင်းသာ ဖြစ်ခဲ့လေ၏။ ကောင်လေး၏ ခံစားချက်များ ပြိုလဲကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သည့်မှတ်စုကိုရေးသားခဲ့ပြီး ထိုညမှာပင် အိပ်ဆေးပမာဏများစွာ သောက်ခဲ့လေသည်။


နောက်ပိုင်းမှာတော့ ရိချန်းလျန် နိုးလာခဲ့တာဖြစ်သည်။


ဆယ်ကျော်သက်တစ်ယောက်၏ ကူကယ်ရာမဲ့သည့်စွပ်စွဲပြစ်တင်ခြင်းများနှင့် ဒေါသများအပြည့်ပါဝင်ပေသည့် ဤ မိမိကိုယ်ကိုယ် အဆုံးစီရင်သည့်မှတ်စုက ထက်မြကာ အလဲလဲအပြိုပြိုပါပင်။ သို့ပေမဲ့ ရိချန်းလျန် ကတော့ သဘောထားကွဲလဲမှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုသည်ကို သူမတွေးလိုက်နိုင်ခင်မှာ ထန်ရိ၏အသံကိုကြားလိုက်ရ၏။


“ကျွန်မ ထန်ထန်ကို ညစာစားဖို့ သွားခေါ်လိုက်မယ်”


ရိချန်းလျန်က အဆုံးစီရင်သည့်မှတ်စုကိုသူ့အိတ်ကပ်ထဲ ပြီးစလွယ် ထည့်လိုက်သည်။


“ထန်ထန်၊ သားနိုးနေပြီလား? လက်သွားဆေးလိုက်တော့ ညစာအဆင်သင့်ဖြစ်နေပြီ”


ထန်ရိ၏ခေါင်းက အခန်းထဲဝင်နေပြီဖြစ်ပေမဲ့လည်း သူမက သင်္ကတတစ်ခုအနေဖြင့် တံခါးခေါက်လိုက်ဆဲပါပင်။


ရိချန်းလန် လက်ဆေးကာ မှန်ထဲမှ မရင်းနှီးသည့် မျက်နှာကို ကြည့်လိုက်သည်။


သန့်ရှင်းကာ နူးညံ့ပြီး အနက်ရောင်ကိုင်းတပ်မျက်မှန်တပ်ထားသည့် ယွင်ဖန်းက ထန်ရိနှင့် ပိုပြီး တူပုံရ၏။ ပထမဆုံးအကြည့်မှာပင် သူက အတော်လေးနာခံတတ်သည့် ကျောင်းသားကောင်းတစ်ယောက်ပုံစံ ဖြစ်လေသည်။


လူတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ရော အန္တရာယ်မပေးတတ်တဲ့ ရုပ်မျိုးလေးပဲ။


ရိချန်းလျန် ကောက်ချက်ချလိုက်သည်။


“ထန်ထန်၊ မြန်မြန်လာ”


ထန်ရိက သူ့ကို အပြင်ကနေ အော်ခေါ်လာသည်။


ရိချန်းလျန်က မှန်ထဲမှလူအား သူ့နှုတ်ခမ်းထောင့်စွန်းကိုကော့ပြလိုက်တော့ မှန်ထဲမှ မရင်းနှီးသည့်မျက်နှာကလည်း သူ့နှုတ်ခမ်းထောင့်စွန်းကို‌ ကော့ပြလာသည်။


သူ ဒီရောက်နေပြီ ဆိုမှတော့ အေးအေးဆေးဆေး နေသွားရတာမျိုး ဖြစ်ကောင်းဖြစ်သွားလိမ့်မည်ပင်။ သူအဘယ့်ကြောင့် ယွင်ဖန်းဖြစ်လာရသည်ကို မသိပေမဲ့လည်း ဤကိုယ်ဖြင့်အသက်ပြန်ရှင်လာမှတော့ ထိုသူအတွက် သူ့မိဘတွေကို စောင့်ရှောက်ပေးခြင်းဖြင့် ဤကြင်နာမှုကို ပြန်ပေးဆပ်ရပေလိမ့်မည်။


********

ရိချန်းလျန် ယခင်ဘဝတုန်းက ကျောင်းကိုလအနည်းငယ်သာ တက်ခဲ့ဖူးသည်။ သူကကျောင်းသားကောင်းမဟုတ်သကဲ့သို့ လူကောင်းတစ်ယောက်လည်း မဟုတ်ပေ။ သို့ပေမဲ့ သူသာ အိမ်မှာပဲတစ်ချိန်လုံး နေနေပါက ပိုပြီး ဖော်ထုတ်မိသလို ဖြစ်နေလိမ့်မည်ဖြစ်တာကြောင့် ကျောင်းသွားဖို့ရန် ဆုံးဖြတ်လိုက်သည်။


ယွင်ဖန်းက ဤကိစ္စဖြစ်ချိန်တွင် အထက်တန်းကို တစ်လလောက်သာ တက်ရသေး၏။ သူ့အတန်းဖော်များ၊ ဆရာများနှင့် မဆက်သွယ်ဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်ရာ ပေါ်သွားနိုင်ချေက အတော်လေး နည်းလှသည်။


ရိချန်းလျန် သို့မဟုတ် ယွင်ဖန်းအသစ်က ဝူမြို့အမှတ်တစ်အထက်တန်းကျောင်းကို ရောက်လာခဲ့ချေပြီ။


သူက အထက်တန်းပထမနှစ် အခန်းသုံး၏ တံခါးရှေ့တွင် ရပ်လိုက်သည်။ ယွင်ဖန်း၏ မှတ်စုစာအုပ်ထဲ၌ ဤအတန်းအမည်ကိုရေးထားခဲ့သည်။ အတန်းခေါင်းလောင်းက မမြည်သေးပေမဲ့ ကျောင်းသားအများစုက သူတို့ခုံမှာသူတို့ ထိုင်နေကြပြီဖြစ်ကာ စာရွတ်နေကြပြီဖြစ်လေသည်။ 


 “ယွင်ဖန်း ၊ ဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ?”


တစ်ယောက်ယောက်က အနောက်မှနေ သူ့ပုခုံးကို ပုတ်လာ၏။


ယွင်ဖန်းခေါင်းလှည့်ကြည့်တော့ buzz-cut ကေနှင့် ကောင်လေးက သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။


“မင်းနောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့?”


ယွင်ဖန်းက ခေါင်းညိတ်ကာ သူနောက်ကနေ စာသင်ခန်းထဲ လိုက်ဝင်လိုက်သွားလိုက်သည်။


စင်မြင့်ထက်တွင် ထိုင်ခုံဇယားရှိ၏။ ယွင်ဖန်းက ဖြတ်သွားရင်းဖြင့် တစ်ချက်ကြည့်လိုက်တော့ သူ့နာမည်ကို တွေ့သွားခဲ့ပြီး ပြတင်းပေါက်ဘေးရှိ နောက်ဆုံးခုံတန်းဆီသွားကာ ထိုင်ချလိုက်သည်။ သူက ပုံနှိပ်စာအုပ်ကို စားပွဲပေါ်တင်ပြီး ထိုနေရာက သူနေရာဟုတ်မဟုတ်ကို အတည်ပြုကြည့်လိုက်၏။


“ယွင်ဖန်း နင်ပြန်လာပြီလား? လောင်ဟဲဆီကနေ ကြားခဲ့တာ နင်နေမကောင်းဘူးဆို?”


သူ့ရှေ့က မိန်းကလေးက ရုတ်တရက်လှည့်လာကာ သူ့စာအုပ်ပုံပေါ်မှီလာပြီး


“နင်အခု သက်သာသွားပြီလား?”


“သက်သာပါတယ်”


ယွင်ဖန်းကပြော၏။


မိန်းကလေးက သိသာစွာပင် အံ့အားသင့်သွားသည်။


“ယွင်ဖန်း နင်တကယ်ကြီး ငါ့ကိုစကားပြောတယ်?”


“ချန်းချန်ယန်…နင့်မှာ ပြသနာရှိလို့လား?”


အစောပိုင်းက ယွင်ဖန်းကို နှုတ်ဆက်ခဲ့သည့် buzz-cutကောင်လေးက မကျေမနပ်ဖြင့်အော်လာသည်။


“သူက နင့်ကိုစကားပြောလိုက်ရုံလေးပဲ မဟုတ်ဘူးလား?”


“ကျွတ်စ်.. ဝူဟယ် ..နင်က ယွင်ဖန်းကို မနာလိုဖြစ်နေတာပဲ!”


ချန်းချန်ယန်က သူ့ကို အကြည့်တစ်ချက်ပေးလိုက်သည်။


“နင့်မှာ ဇွဲရှိရင် နောက်ပိုင်းကျ သူ့ရဲ့ အိမ်စာတွေကို လိုက်မကူးနဲ့လေ!”


“မေ့လိုက်တော့-“


ဝူဟယ်က ကိုယ်ကိုကိုင်းလိုက်ကာ စားပွဲခုံအပေါက်ထဲ စာရွက် ရှာလိုက်သည်။


“ဟေး၊ ငါ့ရဲ့ ရူပဗေဒ စာရွက် ဘယ်မှာလဲ?”


“လောင်ဟဲလာပြီ! လောင်ဟဲ လာနေပြီ!”


တစ်ယောက်ယောက်က လေသံနှင့် အော်ပြောလာ၏။


နောက်တစ်စက္ကန့်အတွင်း၌ ဆူညံ‌နေခဲ့သော စာသင်ခန်းက ကျယ်လောင်သော စိတ်ဝင်တစားစာဖတ်သံများနှင့်ပြည့်သွားခဲ့၏။ ယွင်ဖန်းက စာသင်ခန်းထဲထိုင်ကာ အတော်လေး မရင်းနှီးလှသော ပုံနှိပ်စာအုပ်ကို ကြည့်လိုက်သည်။ သူ့ခေါင်းက ဤကောင်စုတ်ကလေးများ၏ စာဖတ်သံဆူညံညံကြောင့် နာကျင်လာရသည်။


သူ စာအုပ်မကိုင်ခဲ့သည်က အတော်လေး ကြာခဲ့ပြီပင်။


သူမှတ်မိသေးသည်။ နှစ်နှစ်ဆယ်မတိုင်ခင်က ဆယ့်ငါးနှစ်အရွယ်ရိချန်းလျန်သည်လည်း ဝူမြို့အမှတ်တစ်အထက်တန်းကျောင်းမှာ တက်ခဲ့ဖူးသည်ပင်။ ခဏပဲ ကျောင်းတက်ကာ ခပ်မြန်မြန်ထွက်သွားပေမဲ့လည်းပေါ့လေ။


သူနဲ့ရော ဆုံဖြစ်မလားတော့ သိချင်မိသား။


ကိုယ့်ကိုယ့်ကိုယ် ပြန်တွေ့ရမယ်ဆိုပေမဲ့ တခြားတစ်ယောက်ပုံစံနဲ့။ ဒီခံစားချက်က အတော်ထူးဆန်းနေမှာပဲ။


ဆယ့်ငါးနှစ်အရွယ် ရိချန်းလျန်ကရော ဘယ်လိုပုံစံ ရှိနေလောက်ပါ့မလဲ။


ဆယ့်ငါးနှစ်အရွယ် ယွင်ဖန်း၏ ကိုယ်ထဲမှာ ရှိနေခဲ့သည့် သုံးဆယ့်ငါးနှစ်အရွယ် ရိချန်းလျန်က တစ်ခဏလောက် အလေးအနက်တွေးလိုက်ကာ သုံးစက္ကန့်တောင်မကြာသေးခင်မှာပင် သူ့၏ ဆယ်ငါးနှစ်အရွယ်ကို ရှာကြည့်ရန် စိတ်ကူးကို လက်လျော့လိုက်တော့သည်။


ရိချန်းလျန်ကိုယ်တိုင်အတွက်ကတော့ ဆယ့်ငါးနှစ်အရွယ်သူက တကယ့်ကို မကောင်းသော အရာတစ်ခုပင်။


ဦးနှောက်မရှိ၊ စိတ်မြန်ပြီး စိတ်တိုလွယ်သူ၊ ကြမ်းတမ်းပြီး အညိုးကြီးလှသူ။ ဆေးလိပ်သောက်သည်။ အရက်သောက်သည်။ ရန်ဖြစ်သည်။ ထို့ပြင် ဒေါသထွက်လာလျှင် လူကို ဓါးနှင့်လည်း ထိုးတတ်သေး၏။ အမှားအမှန်လည်း မသိ။ တကယ့်ကို တေလေတစ်ကောင်ပင်။


သူ့တွင် ကျိုးကြောင်းသင့်လျှော်မှု မရှိပေ။


ယခု သူက ယွင်ဖန်း ဖြစ်လာပြီဖြစ်ကာ သူ၏ပြန်လည်မွေးဖွားလာခြင်းကို မြတ်နိုးသည်။ နှစ်များစွာကြာပြီးနောက်မှာ သူဆယ့်ငါးနှစ်အရွယ်က မည်သည့်အတန်းတွင် တက်ခဲ့ဖူးသည်ကိုပင် မေ့နေခဲ့လေပြီပင်။ အမှတ်တစ်အထက်တန်းကျောင်း၌လည်း ကျောင်းသားများစွာရှိပေရာ သူက သူနှင့် တော့ မတိုးမိလောက်ပါချေ။


မနက်ပိုင်းစာဖတ်ချိန်ပြီးသွားပြီးနောက် မနက်ပိုင်း‌အပြေးချိန် စတင်ပြီဖြစ်၏။


အထက်တန်းပထမနှစ်အတန်းသုံး က ခြောက်လွှာတွင် ရှိလေသည်။ ယွင်ဖန်းက လူအုပ်ကြီးနှင့် ရောနှောကာ အောက်ကိုဆင်းသွားလိုက်သည်။ အပြာနှင့်အဖြူကျောင်းဝတ်စုံက လှုပ်ယမ်းနေကာ သူ့ကို မူးဝေဝေဖြစ်စေခဲ့၏။


‌အမှတ်တစ်အထက်တန်းကျောင်းတွင် ကျောင်းသားအလွန်များကာ ကစားကွင်းက ပြေးလွှားရန်လုံလောက်သည်အထိ မကြီးမားပေ။ ပထမနှစ်ကျောင်းသားများ ကျောင်းတစ်ပတ် ပတ်ပြေးကြရသည်။ အရပ်ရှည်သည့် ယွင်ဖန်းက နောက်ဆုံးအတန်းတွင် နေရာချခံရ၏။ သူ ဘယ်နားမှာ ရပ်ရမည်ကို မသိပေခဲ့မဲ့ ဝူဟယ်က သူ့ကို ဆွဲခေါ်သွားပေးသည်။


“ယွင်ဖန်း ပြန်လာပြီးကတည်းက ဘာလို့ ထူးထူးဆန်းဆန်းတွေ လုပ်နေတာလဲ?”


ဝူဟယ်က မေးလာ၏။


“ဟမ်?”


ယွင်ဖန်းက နှလုံးခုန်သွားခဲ့ပေမဲ့ သူ့မျက်နှာကတော့ မည်သည့်အမူအယာကိုမှ မဖော်ပြပါချေ။


“မင်းပေါင်းသင်းဆက်ဆံရေး နည်း နည်းလာပြီ”


ဝူဟယ်က ပြေးနေရင်းဖြင့် ပြောလာ၏။ 


“ပြီးတော့ မင်း ချန်းချန်ယန်နဲ့ဆက်ဆံရေးကို ပြတ်ပြတ်သားသားဖြတ်ပြီး စကားပြောတာ ရပ်လိုက်ပြီ မဟုတ်ဘူးလား?”


ယွင်ဖန်း:”......”


‌”နေမကောင်းဖြစ်တာက လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို တကယ်ပြောင်းသွားစေတာပဲ”


ဝူဟယ်က သူ့ဘာသာ အကြောင်းပြချက်ရှာကာ ချဲ့ကားသံဖြင့် ပြောလာသည်။


“လူငယ်လေး၊ မင်းက ကံကြမ္မာအပြောင်းအလဲနဲ့ကြုံပြီးတဲ့နောက် ကြီးပြင်းလာပြီပဲ!”


သူတို့ဘေးနှင့် ရှေ့တွင် ပြေးနေကြသည့် ကျောင်းသားများက ကြားတော့ တိတ်တိတ်ကလေး ရယ်သွားကြသည်။


သို့ပေမဲ့ ယွင်ဖန်းက ဤသည်မှာ လူငယ်သဘာဝ သဘောရိုးဖြင့် ရယ်မောခြင်းဖြစ်သည်ကို သဘောပေါက်ပေသည်။


“စကားမပြောကြနဲ့!”


သူ့ဘေးနားရှိ အားကစားကော်မတီအဖွဲ့ဝင်က အော်လာကာ အဖွဲ့က ငြိမ်ကျသွားပြန်၏။


ကျောင်းက နေရာကျယ်ကျယ်ကို ပိုင်ဆိုင်ထားသည်။ ကျောင်းကို သုံးပတ်အပြည့်ပြေးရန် အချိန် မိနစ်နှစ်ဆယ်လောက်ယူရလေ၏။ ယခုက နွေရာသီအလယ်ပိုင်းဖြစ်ကာ အတော်လေးပူအိုက်သည်။ မနက်ပိုင်း စာဖတ်ချိန်ရောက်ဖို့ရန် ဆယ်မိနစ်လိုသေး၏။ ဤသည်ကို အခွင့်ကောင်းယူကာ ဝူဟယ်က စူပါမားကတ်မှာ ရေသွားဝယ်ရန် ယွင်ဖန်းကိုဆွဲခေါ်သွားလိုက်သည်။ အားကစားကော်မတီအဖွဲ့ဝင်အပါအဝင် အတန်းထဲမှ ကျောင်းသားအတော်များများသည်လည်း သူတို့နှင့်အတူလိုက်လာကြလေသည်။


အားကစားကော်မတီအဖွဲ့ဝင်၏ နာမည်က ကျန်းဟိုင်ဇဲဖြစ်၏။ သူက‌အတော်လေးအရပ်ရှည်သည်။ တစ်ရာခုနှစ်ဆယ့်ခြောက်စင်တီမီတာရှည်သော ယွင်ဖန်းတောင်မှ သူ့နားရွက်လောက်သာရောက်လေ၏။ ဒါတောင် ကောင်လေးက အခုထိ ကြီးထွားဆဲကာလသာ ရှိသေးတာ ဖြစ်သည်။ကျန်းဟိုင်ဇဲက ဝူဟယ်ပုခုံးကိုချိတ်ကာ အပြုံးဖြင့်မေးလာ၏။


“မင်းတို့အခုလေးတင် ဘာတွေပြောနေတာလဲ? ငါ မကြားလိုက်ရဘူး”


ဝူဟယ်က ဟိုလိုလိုသည်လိုလိုရယ်လိုက်ကာ


“ငါတို့ရယ်နေတာက ရှောင်ယွင်ဖန်းက ပြင်းထန်တဲ့အဖျားကနေ ပြန်သက်သာလာပြီး ကံကြမ္မာအပြောင်းအလဲနဲ့ကြုံပြီးတော့ တကယ့်ယောက်ျားတစ်ယောက်လို ရင့်ကျက်လာတယ်လို့။ သူပြောင်းလဲသွားပြီ!”


နောက်ထပ်ရယ်သံတစ်ချက်ထွက်လာ‌ပြန်လေကာ တစ်ယောက်ယောက်က ဝူဟယ်ကို စနောက်လာသည်။


“ဒါဆို လွန်ခဲ့တဲ့ရက်‌က မင်းအအေးမိတဲ့အချိန်တုန်းကကျ တစ်ဝက်ပဲပြောင်းလဲသွားတာလား”


“လစ်စမ်း ! လစ် !”


ယွင်ဖန်းက လူအုပ်၏ အလယ်တွင် လျှောက်နေတာဖြစ်ကာ သူတို့၏ ရယ်သံနှင့် ဆူညံသံများကိုနားထောင်နေခဲ့သည်။ ဆူညံပေမဲ့ ကောင်းလှသည်ပင်။


လူငယ်များပိုင်ဆိုင်သည့် တောက်ပသစ်လွင်ကာ သန့်ရှင်းကာ နွေးထွေးမှုများပါပေ။


“အာ… ပထမဆုံးအချိန်က ရူပဗေဒပဲ။ အရမ်းစိတ်ပျက်စရာကောင်းတယ်”


ကျန်းဟိုင်ဇဲက ရေခဲချောင်းကို ကိုက်လိုက်၏။


“ငါ အိမ်စာမလုပ်ခဲ့ဘူး”


“ငါလုပ်ခဲ့တယ် ဟာားဟားဟား!”


ဝူဟယ်က ဝါးလုံးကွဲရယ်သည်။


နောက်တစ်ခဏ၌ မျက်နှာဝိုင်းနှင့် ကောင်လေးက စိတ်ပျက်စွာကြည့်လာ၏။ ယွင်ဖန်းက ထိုသူ့ကိုတစ်ခြားသူများ လီချန်းဟုခေါ်သည်ကို ကြားမိလေသည်။


“မနေ့ညက ကိုယ်ပိုင်စာကြည့်ချိန်တုန်းက တစ်ဝက်လုပ်ခဲ့ပေမဲ့ အဆောင်ကို ပြန်ရောက်တာနဲ့ အိပ်ပျော်သွားတာ”


ယွင်ဖန်းက သူတို့စကားပြောနေသည်ကို နာထောင်နေခဲ့ကာ သူ့လက်ထဲရှိ ရေသန့်ဘူးကို အဖုံးဖွင့်လိုက်သည်။ ရေသောက်တော့မလို့ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ပုခုံးကို အတိုက်ခံလိုက်ရကာ သူ့ကိုယ်ပေါ် ရေမှောက်ကျသွားခဲ့တော့၏။


“ငါလူး”


တစ်ဖက်လူက စိတ်မရှည်စွာဖြင့် ဆဲရေးလာ၏။


ယွင်ဖန်း မျက်မှောင်ကြုတ်သွားကာ တစ်ဖက်လူမျက်နှာကို သေချာကြည့်ရန် ခေါင်းမော့လိုက်ပြီးနောက် နေရာမှာတင် တောင့်ခဲသွားလေတော့သည်။


ကျောင်းတွင် ကျောင်းသားများစွာရှိပေမဲ့ သူက သူနှင့်မှ တည့်တည့်တိုးမိလေခြင်း။


ဆယ့်ငါးနှစ်အရွယ် ရိချန်းလျန်ပါပင်။