Chapter 3
Viewers 44


အပြာနှင့်အဖြူရောသည့် နွေရာသီကျောင်းဝတ်စုံဝတ်ထားသော ချောမောသည့်လူငယ်လေး၏ မျက်နှာထက်ဝယ် စိတ်မရှည်သောအကြည့်နှင့် ညည်းခံနိုင်စိတ်မရှိခြင်းများအပြည့် ရေးထားလေ၏။ သူ့မျက်လုံးများက ခက်ထန်နေကာ အေးစက်စက်ဖြင့်


"လမ်းကိုကြည့်ပြီး မသွားတတ်ဘူးလား?"


"လူကိုအရင်ဝင်တိုက်တာက မင်းဆိုတာ အရှင်းသားကြီးကို!"


ဝူဟယ်က ချက်ချင်းဆိုသလို စိတ်ဆိုးသွားခဲ့ပေမဲ့ သူ့ဘေးမှာရပ်နေသည့် ကျန်းဟိုင်ဇဲထံမှ တားမြစ်ခံလိုက်ရသည်။


ယွင်ဖန်းက စိတ်ထဲ ထူးဆန်းသော ခံစားချက်နှင့်အတူ သူ့ရှေ့ရှိ ရိချန်းလျန်ကိုကြည့်လိုက်သည်။


ဆိုတော့ ဒါက သူ့ကို တခြားသူတွေ မြင်တဲ့ အမြင်ပေါ့လေ။


"မင်းက ဘာကြည့်တာလဲ!"


ရိချန်းလျန်က သူ့ကို ခက်ထန်စွာ စိုက်ကြည့်လာသည်။


ယွင်ဖန်း အကြည့်လွှဲကာ ရှောင်ထွက်သွားလိုက်ပြီး ရန်ဖြစ်ရန် ထက်သန်နေသည့် ဝူဟယ်ကိုပါသူနှင့်အတူ ဆွဲခေါ်သွားလိုက်သည်။


"ဘယ်လို ငတုံးကောင်မျိုးလဲ၊ စောက်ရူးကောင်ပဲ ဟုတ်တယ်မလား?"


ဝူဟယ်ကအတော်လေး စိတ်တိုနေကာ သူ့ဒေါသကို ယွင်ဖန်းဘက်ကို လှည့်လိုက်၏။


"သူက လူတွေကို ဒီလို အနိုင်ကျင့်နေတာကို မင်းက သည်းခံနိုင်သေးတယ်ပေါ့?"


ယွင်ဖန်း၏ နှုတ်ခမ်းထောင့်က တွန့်သွားခဲ့သည်။ အတိတ်က သူ့အား တစ်ယောက်ယောက်က ဤသို့ ကဲ့ရဲ့လာခြင်းကို ကြားရခြင်းက သူအမှန်တကယ်ကို သင့်လျှော်သည်ဟု ခံစားရလေသည်။


"တော်ပြီ၊ ဝူဟယ်"


လီချန်းက အသံတိုးတိုးဖြင့်၊


"အဲ့ဒီကောင်က အတန်း တစ်ဆယ်က ရိချန်းလျန်"


ခုလေးတင် ဒေါသအပြည့်ဖြစ်နေခဲ့သည့် ဝူဟယ်က ချက်ချင်း နောက်ဆုတ်သွားလေ၏။


"အာ"


ထို့နောက်သူက ထပ်ပြီး ဒေါသထွက်လာပြန်ကာ


"မင်းတို့ဘာလို့ခုနက ငါ့ကိုမတားလိုက်ကြတာလဲ!"


ကျန်းဟိုင်ဇဲက ကူကယ်ရာမဲစွာဖြင့်ဆို၏။


"ငါတို့တားခဲ့သားပဲ၊ မင်းက ဇွတ်ကိုဖြစ်နေတာလေ"


ဝူဟယ်က  ဆက်ရှိနေသေးသည့် အကြောက်တရားဖြင့် သူ့ရင်ဘက်ကိုပွတ်ကာ


"သေစမ်း၊ ကျောင်းဆင်းချိန်ကျ သူငါ့ကိုစောင့်ပြီး ဓါးနဲ့များ ထိုးမလားမသိဘူး?"


"သူမလုပ်လောက်ပါဘူး"


ယွင်ဖန်းက ရုတ်တရက် ကြားဖြတ်ပြောလာသည်။


"သူဘာလို့မလုပ်မှာလဲ?"


ဝူဟယ်က မျှော်လင့်ချက်အလင်းရောင်လေး မြင်လိုက်ရပုံရလေ၏။


ဘာလို့လဲဆိုတော့ ငါအထက်တန်းတုန်းက ဝူဟယ်ဆိုတဲ့ နာမည်နဲ့တစ်ယောက်ကို ဓါးနဲ့ ထိုးခဲ့ဖူးတဲ့ မှတ်ဉာဏ်မျိုး မရှိလို့ပေါ့။


ယွင်ဖန်းက တိတ်တဆိတ်တွေးလိုက်သည်။ သိုပေမဲ့ သေချာပေါက် သူက ထိုသည်ကို မပြောလိုက်နိုင်ပေ။


"သူ့မှာ အချိန်မရှိဘူး"


ယွင်ဖန်းကပြော၏။


“ဟုတ်တယ်။ သူသေချာပေါက် လုပ်မှာ မဟုတ်ဘူး"


လီချန်းကလည်း ထူဆန်းစွာပြောလာ၏။


"ငါတို့ သူအလယ်တန်းတုန်းက တစ်ယောက်ယောက်ကို ဓါးနဲ့ထိုးခဲ့ဖူးတယ် ဆိုတာကိုပဲ ကြားခဲ့ဖူးတာလေ။ဒါပေမဲ့ သူသာတကယ်လုပ်ခဲ့ရင် ဟိုးတုန်းကတည်းက လူငယ်ထိန်းသိမ်းရေးစခန်းကို ဝင်သွားရလောက်ပြီပေါ့။ ငါတို့ကျောင်းကိုတောင်ရောက်လာမှာ မဟုတ်ဘူး"


ယွင်ဖန်း ရေသန့်ဘူးကို ဖျစ်ညှစ်လိုက်မိသည်။


ရိချန်းလျန်က ဆယ့်ငါးနှစ်မပြည့်ခင်တုန်းက လူငယ်ထိန်းသိမ်းရေးစခန်းကို အမှန်ပင် မရောက်ခဲ့ဖူးပေမဲ့  မကြာခင်မှာတော့ ရောက်ရတော့မှာပင်။


ယွင်ဖန်း ဝေဝေဝါးဝါးမှတ်မိနေသည်က ထိုအချိန်တုန်းက ရာသီဥတုအတော်လေး ပူနေတုန်းဆိုတာကိုဖြစ်သည်။ ကောင်းကင်ရှိ နေလုံးကြီးကို ကြည့်လိုက်ပြီးနောက် ဖြစ်နိုင်ချေက ဤအချိန် ပတ်ဝန်းကျင်လောက်မှာ ဖြစ်နိုင်လေသည်။


"ငါတို့ကျောင်းတက်တာ ဘယ်လောက်ကြာပြီလဲ?"


ယွင်ဖန်း ရုတ်တရက်မေးလိုက်သည်။


"တစ်လကျော်လောက်ရှိပြီလားပဲ?"


ကျန်းဟိုင်ဇဲက နောက်ဆုံးသောရေခဲချောင်းကို အမြန်ကိုက်လိုက်သည်။


"ခေါင်းလောင်းမြည်တော့မယ်။ မြန်မြန် မြန်မြန်!"


ယွင်ဖန်းက ရေသန့်ဘူးအလွတ်ကို အမှိုက်တောင်းထဲပစ်ထည့်လိုက်ကာ ကျောင်းသားအုပ်ထဲ ရောညှပ်ပါလျှက် ကျောင်းပေါ်တက်သွားလိုက်သည်။


ပထမအတန်းချိန်က ရူပဗေဒဖြစ်ကာ ယွင်ဖန်က တစ်ချိန်လုံး အိပ်နေခဲ့၏။


သူက ရိုးရိုးရှင်းရှင်းကိုပင် နားမလည်ပါချေ။


သေနတ်တစ်လက်၏တည်ဆောက်ပုံနှင့် အခြေခံမူများကို သူရှင်းရှင်းလင်းလင်းနာလည်နိုင်ပေမဲ့ mgက ဘာလဲ ၊အချိန်ညှိကိရိယာက ဘာလဲဆိုသည်ကို သူနားမလည်နိုင်ပေ။


အတန်းဆင်းခေါင်းလောင်းမြည်လာခဲ့ကာ ယွင်ဖန်းက တစ်ယောက်ယောက်ထံမှ အနှိုးခံလိုက်ရသည်။


ချန်းချန်ယန်က သူ့ကိုစိုးရိမ်တကြီးကြည့်နေလျှက်


"ယွင်ဖန်း နင်နေမကောင်းဘူးလား?"


ယွင်ဖန်းက အိပ်ချင်မပြေစွာ ခေါင်းခါလိုက်၏။


"ခုနက လောင်ဟဲရဲ့ မျက်လုံးတွေက မင်းကို အပေါက်ဖြစ်စေတော့မလောက်ပဲ"


ဝူဟယ်က လှည့်လာကာ 


"မင်း သူ့ကို စိတ်တိုအောင် တမင်လုပ်နေတာလား၊ ငါတို့ရဲ့ ချစ်ရတဲ့ ရူပဗေဒ အတန်းကိုယ်စားလှယ်ကြီးရေ?"


ရူပဗေဒအတန်းကိုယ်စားလှယ် ယွင်ဖန်း:"ဘာကြီး?"


"ယွင်ဖန်း… လောင်ဟဲ မင်းကို ရှာနေတယ်!"


တစ်ယောက်ယောက်က တံခါးဝမှနေ အော်ပြောလာ၏။


ယွင်ဖန်း:"......"


ယွင်ဖန်းက သူဝေဖန်ခံရတော့မည်ဟု ထင်မိခဲ့ပေမဲ့ ရုံးခန်းထဲ သူဝင်လိုက်ချိန်မှာပဲ စိုးရိမ်ပူပင်နေသည့်အကြည့်များစွာကို ရလိုက်လေ၏။ နောက် မိနစ်အနည်းငယ်အကြာ၌ အတန်းသုံးမှ ဆရာများက ယွင်ဖန်ဘေးမှာ ဝိုင်းရံလာကြလေသည်။ ၎င်းတို့အားလုံးက  သူ၏ ကျန်းမာရေးအခြေအနေအား ခြွင်းချက်မရှိ စိုးရိမ်နေခဲ့ကြတာဖြစ်သည်။


"မင်း ပင်ပန်းနေရင် ခွင့်ယူပြီး အိမ်ပြန်လိုက်ပါ။ မင်းရဲ့အတန်းဖော်တွေကို အတန်းမှတ်စုတွေ ယူလာခိုင်းလို့ရတယ်လေ။"


အမျိုးသမီးဆရာမတစ်ယောက်က ညင်သာစွာဖြင့် သူ့ပုခုံးကိုပုတ်ပေးလာသည်။


"ကိုယ့်ကိုယ်ကိုယ် အတင်းကြီး ပင်ပန်းမခံနဲ့”


လောင်ဟဲက မေးခွန်းစာရွက်အပုံလိုက်ကို ကမ်းပေးလာ၏။ ယွင်ဖန်း က ဘာကြောင့်ဆိုတာကို နားမလည်ပါချေ။ 


"မင်း အရင်တစ်ခေါက်က တောင်းထားတဲ့ ရူပဗေဒ ပြိုင်ပွဲမေးခွန်းစာရွက်တွေ။ မင်းရဲ့ အရည်အချင်းအတိုင်းသာလုပ်ပါ။ ဒီအဆင့်က မင်းအတွက် အရမ်းခက်ခဲနိုင်တယ်လို့တော့ ဆရာထင်တယ်။ ဒါပေမဲ့ မင်းကြိုက်ရင် လုပ်နိုင်ပါတယ်။"


လောင်ဟဲက သူ့အား ကျေနပ်စွာကြည့်လာသည်။


"မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်"


ယွင်ဖန်းက မေးခွန်းစာရွက် အပုံလိုက်နှင့် စာသင်ခန်းထဲ ပြန်ရောက်လာကာ ဗလာကျင်းနေသည့်မျက်လုံးအစုံဖြင့် နေရာမှာ ဝင်ထိုင်လိုက်သည်။


“ယွင်ဖန်း ဘာဖြစ်လို့လဲ


ဝူဟယ်က သူ့၏ပုံစံကိုမြင်တော့ မေးလာသည်။


"လောင်ဝူက မင်းကို ဆူလိုက်လို့လား?"


"မဟုတ်ပါဘူး"


ယွင်ဖန်က ပြိုင်ပွဲမေးခွန်းစာရွက်များကို ချလိုက်ကာ စကားထဲ ဖြစ်နိုင်ခြေ သဲလွန်စကိုထည့်မေးလိုက်သည်။


"ငါ့ရဲ့ အဆင့်တွေက...ကောင်းတာလား?"


ဝူဟယ်နှင့် ချန်းချန်ယန်တို့နှစ်ယောက်လုံး သူ့ကို ထူးဆန်းသည့်အမူအယာဖြင့်ကြည့်လာကြ၏။


"ယွင်ဖန်း .. နင် ငါတို့ကို ပျက်ရယ်ပြုနေတာလား?"


ယွင်ဖန်း ခေါင်းခါလိုက်၏။


ဝူဟယ်က မျက်ခုံးပင့်လိုက်ပြီး သူ့ရှေ့တန်းမှ မျက်မှန်နှင့်ကောင်လေးကို အော်ပြောလိုက်သည်။


"အတန်းမော်နီတာရေ..ယွင်ဖန်းက သူ့အဆင့်တွေက ကောင်းရဲ့လားလို့ လာမေးနေတယ်?"


ထိုသည်ကို ကြားသော မျက်မှန်တပ်ထားသည့် လေးထောင့်စပ်စပ်မျက်နှာနှင့် ကောင်လေးမှာ ချက်ချင်းဆိုသလို ဒေါသထွက်သွားကာ


"ပထမရတာက ဘာတွေများ အရမ်းကောင်းနေလို့လဲ! နောက်ဆုံးတစ်ခေါက်က မင်း အမှတ်တွေကျသွားသေးတာပဲ မဟုတ်ဘူးလား!"


ယွင်ဖန်း:"......"


သူက အဆင့်အကောင်းဆုံးထဲက တစ်ယောက်လား?


ထိတ်လန့်ဖွယ်အမှန်တရားကိုသူကျေညက်အောင် မလုပ်နိုင်သေးခင်မှာ ချန်းချန်ယန်၏ ပြောသံကို ကြားလိုက်ရ၏။


"ချီရှန်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်နဲ့။ နင်က အမှတ်တစ်အထက်တန်းကျောင်းကို တစ်မြို့လုံး ပထမနဲ့ ဝင်လာတာပဲလေ"


ယွင်ဖန်းက ခပ်ရေးရေးမျှသောမျှော်လင့်ချက်လေးကိုဆုပ်ကိုင်ကာပြောလိုက်၏။


"နောက်ဆုံး လပတ်စာမေးပွဲတုန်းက ငါအဆင့်ကျသွားသေးတယ်လေ"


"ဟ၊ အဲ့ဒါက မင်းဘာသာပြောတာလေ။ နောက်ဆုံးလပတ်စာမေးပွဲတုန်းကလည်း မင်း အဆင့်တစ်ရခဲ့တာပဲ။ပြီးတော့ ဒုတိယနေရာကလူနဲ့ အမှတ်သုံးဆယ်ကျော်တောင်ကွာခဲ့သေးတယ်။"


ဝူဟယ်က အနည်းငယ်ပြုံးလိုက်ကာ


"ဒီလောက်ထိ ချဲ့ကားကြွားဝါနိုင်တာကို ငါ၊ ဝူဟယ် အထင်ကြီးမိပါတယ်"


ယွင်ဖန်းက စိတ်ပျက်လက်ပျက်ဖြင့်  သူ့လက်အောက်ရှိ ရူပဗေဒ ပြိုင်ပွဲမေးခွန်းစာရွက်ကို ဆုပ်ညှစ်လိုက်မိသည်။


"ငါ ကျောင်းမတက်တာ နှစ်ပတ်ရှိပြီဆိုတော့ အများကြီး လွတ်သွားလောက်တယ်"


"နင် ဝင်ခွင့်စာမေးပွဲအပြီး နွေရာသီ ပိတ်ရက်တုန်းက အထက်တန်း ပထမစာသင်နှစ်ရဲ့စာတွေကို လေ့လာပြီးသွားပြီ မဟုတ်ဘူးလား?"


ချန်းချန်ယန်က ရှုပ်ထွေးသွားပုံနှင့် မေးလာသည်။ 


"နင်က အဲ့ဒါကို အကြိမ်နည်းနည်းလောက် ပြန်ကြည့်လိုက်ဖို့ပဲ လိုတာလေ။ တကယ်ဒုက္ခရောက်နေတာက ငါပါနော်။ နွေရာသီတုန်းက တစ်ဝက်လောက်ပဲ လေ့လာလိုက်ရတယ်။"


ယွင်ဖန်း၏အကြည့်ကရွှေ့သွား၏။


"လပတ်စာမေးပွဲတုန်းက မင်းရဲ့အဆင့်က ဘယ်လောက်လဲ?"


ချန်းချန်ယန်က အနည်းငယ်စူပုပ်သွားကာ မဖြေချင်သည့်ပုံဖြင့်


"အဆင့်ငါး"


ယွင်ဖန်း၏အကြည့်က စာညံ့သူလိုထင်ရသော ဝူဟယ်ဆီရောက်သွား၏။


"မင်းက ဘာကိုပြောချင်နေတာတုန်းကွ၊ ယွင်ဖန်း? ငါက အဆင့်တစ်ဆယ်လောက်ပဲရလို့ မင်းသူငယ်ချင်ဖြစ်ဖို့ မထိုက်တန်ဘူးလား!"


ဝူဟယ်က စိတ်ဆိုးစွာ အော်လာ၏။


အနားယူချိန်အကြာကြီးအတွင်း နောက်ဆုံးမှာတော့ ယွင်ဖန်းက  အတန်းသုံးမှာ ပထမနှစ်အထက်တန်း၏ ထိပ်ဆုံးအတန်းဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။


အမည်အတိုင်းပင် ကျောင်း၏ ထိပ်ဆုံးကျောင်းသား အယောက်ငါးဆယ်စလုံးက ဤအတန်းထဲမှာဖြစ်လေကာ မိမိကိုယ်ကိုယ် စာညံ့သူဟု ကြေငြာခဲ့သော အားကစားကော်မတီအဖွဲ့ဝင်သည်ပင် အဆင့် နှစ်ဆယ့်တစ် ဖြစ်လေ၏။


လွန်ခဲ့သည့် နှစ်နှစ်ဆယ်တုန်းက စမ်းသပ်အတန်းများနှင့် ထိပ်ဆုံးအတန်းဟူ၍ ရှိခဲ့ပေသည်ပဲ။


သူအမှားကြီးကြီး လုပ်မိပြီကို ယွန်ဖန်းနောက်ဆုံးတော့ နားလည်သွားခဲ့၏။ ကျောင်းတွင် သူ့ကိုယ်သူ ပိုပြီးမြန်မြန် ထုတ်ဖော်မိသွားတော့မှာပင်။


အိမ်၌ သူက ထန်ရိ နှင့် ယွင်ဟဲယွီတို့ကိုသာ ကိုင်တွယ်ရန် လိုအပ်မှာဖြစ်ပေမဲ့ ကျောင်းမှာတော့ တရုတ်စာ၊ သင်္ချာ၊ အင်္ဂလိပ်၊ ရူပ၊ ဓာတု၊ ဇီဝ၊ နိုင်ငံရေး၊ သမိုင်း၊ ပထဝီတို့ပါဝင်သည့် ဘာသာရပ်ကိုးခုအပြင် ထိပ်ဆုံးကျောင်းသား အယောက်ငါးဆယ်ကိုလည်း ကိုင်တွယ်ရမှာ ဖြစ်လေသည်။


ထို့ပြင် ရူပဗေဒ ပြိုင်ပွဲကလည်း ရှိသေးလိုက်သေးသည်။


'ကျွန်တော်ကလေးက စာလုပ်တဲ့နေရာမှာ တော်နေရုံပါ'


ယွင်ဟဲယွီ၏ စကားများက သူ့နားထဲ ပဲထင်ထပ်လာသည်။


သူ ယွင်ဟဲယွီကို တကယ်ပင်ပြောချင်လှသည်က ခင်ဗျားတကယ့်ကို နှိမ့်ချတတ်တာပဲဟူ၍။


ကျန်နေသေးသည့် မနက်ပိုင်းအတန်းနှစ်ချိန်က အင်္ဂလိပ်နှင့် ဓာတုဗေဒအတန်းတို့ဖြစ်၏။ ယွင်ဖန်းက ထိုအတန်းနှစ်တန်းကို အာရုံစိုက်နားထောင်ခဲ့ပြီးနောက် မူးဝေစွာဖြင့် ကန်တင်းသို့စားသောက်ရန် သွားလိုက်သည်။


“ဘာဖြစ်လို့လဲ ယွင်ဖန်း?"


အရှည်ရှည်ရှည် လူကောင်ကြီးကြီးနှင့် ကျန်းဟိုင်ဇဲက သူ့ရှေ့မှာ လက်ယမ်းလိုက်သည်။


ယွင်ဖန်းက သူ့နှုတ်ခမ်းထောင့်စွန်းကိုဆွဲတင်ကာ


"အံ့ဖွယ်ဖြစ်ရပ်ကို ဘယ်လိုဖန်တီးရမလဲလို့ စဉ်းစားနေတာ"


ဝူဟယ်က ဂုဏ်ယူစွာပြုံးလျက် ရူးနှမ်းသည့်ပုံစံဖြင့် သူ့နဖူးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ


"မဟုတ်ဘူး။မင်းကိုက အံ့ဖွယ်တစ်ခုပဲ"


ချန်းချန်ယန်က သူ့ကို ဦးညွှတ်လာ၏။


"စာလေ့လာရေးနတ်ဘုရား ကောင်းချီးပေးပြီး စောင့်ရှောက်နိုင်ပါစေ"


ဤတစ်ကြိမ်၌ ယွင်ဖန်းက သူ့ နှုတ်ခမ်းထောင့်ကိုပင် မလှုပ်နိုင်တော့ပါချေ


နောက်ဆုံးမှာတော့ ကြောက်စရာနေ့တစ်နေ့ ပြီးသွားပြီဖြစ်ကာ ယွင်ဖန်းက ထန်ရိ၏ အစောကြီးလာကြိုတာကို ခံရပြီး အိမ်ပြန်သွားခဲ့၏။


"ပင်ပန်းနေပြီလား ထန်ထန်?"


ထန်ရိက သူ့ကျောင်းလွယ်အိတ်ကိုယူလိုက်သည်။


"ဒီနှစ်ပတ်အတွင်း သားကို ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်တွေမတက်ခိုင်းဖို့ သားရဲ့ အတန်းပိုင်ဆရာကို အမေပြောထားတယ်"


"အင်း"


ယွင်ဖန်းမှာ အနည်းငယ် နွမ်းလျနေ၏။


"သားနေလို့မကောင်းဘူးလား?"


ထန်ရိက သူ့ကို စိုးရိမ်တကြီးကြည့်လာသည်။


"ကျွန်တော်အိပ်ချင်လို့"


ယွင်ဖန်းက အတော်လေးသက်လုံအား မရှိပုံပေါက်သည်အထိ မျက်လွှာချလိုက်၏။


"လိမ္မာတယ်နော်။ မအိပ်ခင် စားသောက်ပြီး ရေချိုးလိုက်ပါဦး"


ထန်ရိက သူ့မျက်နှာကို ပွတ်သပ်လာခဲ့သည်။ သူမမျက်နှာထက်တွင် ကူကယ်ရာမဲ့မှုနှင့် ရင်နာမှုတို့အပြည့်ပါပင်။


ယွင်ဖန်း ရေချိုးပြီးနောက် ခေါင်းကို ရေသုတ်ရင်းဖြင့် စာအုပ်စင်ရှေ့တွင်ရပ်လိုက်၏။  မူလယွင်ဖန်းက ဂရုတစိုက်ရှိပြီး လေးနက်သူတစ်ယောက်ပင်။ မူလတန်းမှစ၍ အလယ်တန်းအထိ ပုံနှိပ်စာအုပ်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားလေကာ စာအုပ်စင်ထဲ၌ သပ်ရပ်စွာ နေရာချထားလေ၏။


ယွင်ဖန်းက စာအုပ်စင်ကိုဖွင့်လိုက်ပြီး အလယ်တန်းရူပဗေဒ ပုံနှိပ်စာအုပ်ကို အတွင်းမှ ထုတ်ယူလိုက်သည်။ မူလယွင်ဖန်းအစား ကောင်းမွန်စွာနေထိုင်မည်ဟု သူဆုံးဖြတ်ခဲ့ပြီးကတည်းက ကျောင်းမသွားဖို့က မဖြစ်နိုင်တော့ပေ။ သူက စာတော်သည့်ထိပ်ဆုံးကျောင်းသားဖြစ်ရန် ဆန္ဒမရှိပေမဲ့ အနည်းဆုံးတော့ အရမ်းကြီး စိတ်မဆင်းရဲသင့်ပါချေ။


သူ စာကြည့်စားပွဲတွင် ခဏလောက်ထိုင်ပြီးနောက်တွင် ပြင်းထန်သည့်ပြသနာတစ်ခုကို နားလည်သွားခဲ့သည်။ ဖြစ်နိုင်သည်က သူ အလယ်တန်းပထမနှစ် သင်္ချာကနေ စပြီး လေ့လာသင့်နေပြီပင်။


နောက်တစ်ပတ်အတွင်း ယွင်ဖန်း၏ နေ့ရက်များက ခက်ခဲခဲ့လေ၏။ တစ်ခုတည်းသော နှစ်သိမ့်နိုင်သည့်ကိစ္စက အတန်းထဲ၌ ဆရာပြောသမျှကို သူနားလည်ရုံမျှနားလည်နိုင်ကာ အရင်ကနှင့်မတူသည်က ကောင်းကင်ဘုံစာအုပ်ကို နားထောင်နေရသကဲ့သို့ပါပင်။


နောက်ထပ် တနင်္လာနေ့ ရောက်လာပြန်လေပြီ။ ယွင်ဖန်းက ရူပဗေဒဖော်မြူလာများကို အလွတ်ရွတ်နေရင်း ကန်တင်းကို သွားနေခဲ့ကာ ဘေးမှာတော့ ဝူဟယ်ကကျန်းဟိုင်ဇဲနှင့် စကားပြောနေခဲ့သည်။


"ဟေး၊ ယွင်ဖန်း ဟိုကိုကြည့်။ အဲ့ဒါအရင်တစ်ခေါက်က မင်းကိုတိုက်သွားတဲ့ ရိချန်းလျန်မလား"


ဝူဟယ်က သူ့ကို တံတောင်နှင့်တွတ်လာသည်။


ယွင်ဖန်းက အဆုံးမရှိသော ဖော်မြူလာများဆီမှ  မျက်လုံးပင့်ကြည့်လိုက်တော့ အုံ့မှိုင်းနေသည့်မျက်နှာနှင့်အတူ အိတ်ကပ်ထဲလက်ထည့်ထားလျက် လူအုပ်နှင့်ဆန့်ကျင်ဘက်ကို လျှောက်လာသည့် ရိချန်းလျန်ကို တွေ့လိုက်ရသည်။


"သေစမ်း၊ သူ့ပုံစံက တစ်ယောက်ယောက်ကို သွားသတ်တော့မလိုကြီး"


ကျန်းဟိုင်ဇဲက သူ့လက်မောင်းသူပွတ်ကာ ဝူဟယ်နောက်ကို ဝင်ပုန်းသည်။


ဝူဟယ်က ပြောစရာမဲ့စွာ ကြည့်လာ၏။


"အကိုကျန်း အရပ် တစ်ရာကိုးဆယ်စင်တီမီတာရှိတဲ့မင်းက သတ္တိလေးနည်းနည်းလောက် ရှိပါဦး!"


ကျန်းဟိုင်ဇဲက သစ်ခွပုံလက်ဟန်ပြကာ အသံကို ညှစ်လိုက်ရင်းဖြင့်


"မုန်းစရာကြီး~~"


(t/n: သစ်ခွပုံလက်ဟန်-လက်မနဲ့ လက်ခလယ်ကို ထိ၍ ကျန်က်ချောင်းများကို မြှောက်ထားသည့်လက်ဟန် [မိန်းမစိုးတွေလုပ်ပြတဲ့လက်ဟန်ပါ])


ယွင်ဖန်က ခေါင်းလှည့်ကာ ထပ်ကြည့်လိုက်ပေမဲ့ ရိချန်းလျန်ကို မတွေ့ရတော့ပေ။


"အားဖန်း ဘာရှာနေတာလဲ?"


ကျန်းဟိုင်ဇဲက သူ့ပေါ်လက်တစ်ဖက်တင်ကာ သူ့လည်ပင်းကို လက်ဖြင့်ဖျစ်ကာ အသံဖျက်၍ အော်လာပြန်သည်။


"မြန်မြန် မြန်မြန် ~~ငါ ကြက်ခြေထောက်ငါးချောင်းစားချင်တယ်လို့~~"


"အော့--"


 ဝူဟယ်က အန်သည့်ပုံလုပ်ပြသည်။


လူစုလေးက ရန်ဖြစ်ရင်းဖြင့် ကန်တင်းကိုရောက်လာခဲ့ကြ၏။


နေ့လည်စာက ကြက်ဥထမင်းကြော်နှင့် ခရမ်းသီးနှပ်ဖြစ်သည်။ ယွင်ဖန်းက ထမင်းကြော်နှစ်လုပ်စားနေရင်းမှ ရုတ်တရက် ဇွန်းကို ချလိုက်သည်။


"ဘာဖြစ်တာလဲ?"


ဝူဟယ်ကမေးလာ၏။


"ငါ လုပ်စရာတစ်ခုရှိလို့ အိမ်ပြန်မှရမယ်။ လောင်ဟဲဆီမှာ ငါ့ကို ခွင့်တိုင်ပေးပါဦး"


ယွင်ဖန်းက ရုတ်တရက် ထရပ်ကာ ထွက်သွားလေသည်။


ဝူဟယ်က သူ၏ မထိရသေးသောအစားအသောက်ကို ပဟေဠိဖြစ်နေပုံဖြင့် ကြည့်ကာ


"ကန်တင်းရဲ့ အစားအသောက်တွေက အဲ့လောက်တောင် ဆိုးတာလား?"


ကျောင်းဝန်းထဲ မနေသည့် ယွင်ဖန်းတွင် အပြင်ထွက်ခွင့်လက်မှတ်ရှိ၏။ ကျောင်းဂိတ်၏ လုံခြုံရေးက သူ့ကို မတားခဲ့တာကြောင့် သူ တက္ကစီတစ်စီးကို အမြန် ငှားလိုက်နိုင်သည်။


"ဒီ လူချောလေးက ဘယ်သွားမလို့လဲ?"


ကားဒရိုင်ဘာက အပြုံးနှင့်မေးလာသည်။


"တုန်းယန်လမ်း၊ ရှင်းနန်လမ်းကြားကို"


ယွင်ဖန်က နေရာကို တိတိကျကျပြောပြလိုက်သည်။


ကားဒရိုင်ဘာက ဤသည်ကိုကြားတော့ အံ့အားသင့်သွား၏။ 


"ဒီနေရာက အရမ်းဝေးတယ်၊ ဒေသခံတွေတောင် မသိလောက်ဘူး"


ယွင်ဖန်က စိတ်ဗလာဖြင့် တုန့်ပြန်လိုက်သည်။


"ကျေးဇူးပြုပြီး မြန်မြန်မောင်းပေးပါ၊ ဦးလေး၊ ကျွန်တော့်မှာ အရေးပေါ်ကိစ္စရှိလို့ပါ"


သူ၏ အလေးအနက်အမူအယာကိုမြင်တော့ ကားဒရိုင်ဘာက လီဗာကိုဖိနင်းကာ တုန်းယန်လမ်းဆီတည့်တည့် ဦးတည်လိုက်သည်။


ယွင်ဖန်းက ခံစားချက်မဲ့သည့်မျက်နှာဖြင့် အပြင်ဘက်ရှုခင်းများကို ကြည့်လိုက်သည်။


“တုန်းယန်လမ်းက တကယ်ကိုဝေးတာ။ဆင်ခြေဖုံးရပ်ကွက်တွေထက်တောင်ဆိုးသေးတယ်။ ပြီးတော့ အရမ်းလည်း ဖရိုဖရဲနဲ့၊ လူမျိုးစုံရှိတာ။ မင်း အဲ့ဒီကို တစ်ယောက်တည်းသွားရင် သတိထားသင့်တယ်။ မင်း မရင်းနှီးတဲ့နေရာဖြစ်လေလေ ဆုံးရှုံးမှု အကြီးကြီးကို ခံရလေလေပဲ..."


ကားဒရိုင်ဘာက မောင်းနေရင် ပြောလာ၏။ ထိုသူက တကယ်ကို ကြင်နာတတ်သူပင်။


လွန်ခဲ့သည့်နှစ်နှစ်ဆယ်က တုန်းယန်လမ်းသည် နာမည်ဆိုးနှင့်ကျော်ကြားသည့် ဝူမြို့၏အနက်ရောင်လမ်းဖြစ်၏။ လေးထောင့်သဏ္ဍာန်အဆောက်အဦးများ၊ အနက်ရောင်ဟိုတယ်များ၊ အင်တာနက်ကဖေးများ၊ ခြေထောက်ဆေးပေးသည့်ဆိုင်များ၊ လောင်းကစားရုံများ၊ အနက်ရောင်ကာစီနိုများ.... စသည်ဖြင့် မြို့တော်၏ အမှောင်အကျဆုံးနှင့် အညစ်ပတ်ဆုံးသောအရာများအားလုံးကို ဤနေရာတွင် တွေ့နိုင်လေသည်။


ယွင်ဖန်းသည် သူ့ရှေ့တွင်  ရင်းနှီးနေသည့်အဆောက်အဦးများနှင့် အစိမ်းရောင်သစ်ပင်တို့ကိုတွေ့လိုက်ရပြီး နောက်ဆုံးမှာတော့ တကယ့်ကို လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကို ပြန်ရောက်သွားသည်ဟု ခံစားလိုက်ရလေသည်။


လွန်ခဲ့သည့် နှစ်နှစ်ဆယ်က ရိချန်းလျန် နေထိုင်ခဲ့သည့် တုန်းယန်လမ်းဖြစ်၍။


လွန်းခဲ့သည့်နှစ်နှစ်ဆယ်က…တနင်္လာနေ့ နေ့လည်ခင်း တစ်ခုတွင် ရိချန်းလျန် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို သတ်ခဲ့ဖူးသည့် တုန်းယန်လမ်း ဖြစ်ပေသည်။