Chapter 60.2
“ဒုတိယမဒမ်ရောက်လာခြင်း”
နေ့လည်စာစားပြီးနောက် သူတို့သုံးယောက်ပြန်သွားကြသည်။
သူတို့အိမ်ပြန်မရောက်ခင် ရှန်းယုဟန်က အန်တီဝမ်ဆီက ဖုန်းတစ်ကောလ်ရရှိခဲ့သည်။ ဒီနေ့က ဆောင်းယဥ်စွန်းချိန်ပွဲတော်*** ဖြစ်တာကြောင့် သူမက သူတို့ကို အိမ်မှာညစာစားမလားမေးလာသည်။ သူတို့စားမယ်ဆိုရင် သူမက ဖက်ထုပ်လုပ်ပေးမှာဖြစ်ပြီး မစားရင်တော့ လုပ်ထားမှာမဟုတ်ပေ။
(***တရုတ်မုန့်လုံးရေပေါ်ပွဲတော်လို့လည်းခေါ်ပါတယ်။)
ရှန်းယုဟန် အတန်ငယ်စိတ်လှုပ်ရှားနေကာ ပြောလိုက်၏။ “ယောကျာ်း၊ ဆောင်းယဥ်စွန်းချိန်ပွဲတော်လား? ကျွန်တော်တို့ ဒီနေ့ဖက်ထုပ်စားကြမလား?”
ရှန်ချီဟွမ်းက ပြက္ခဒိန်ကိုကြည့်ပြီး ဒီနေ့က တကယ်ကို ဆောင်းယဥ်စွန်းချိန်ပွဲတော်ဖြစ်တာကြောင့် သူက ခေါင်းညိတ်လိုက်၏။ “စားရအောင်”
ရှန်ချီရှင်းက မျက်လုံးမှိတ်ကာအနားယူနေပေမယ့် သူကြားလိုက်သည်နှင့် သူ့နေရာကို တစ်ယောက်တည်းမပြန်ချင်တော့ပေ။ သူက သူ့တတိယအစ်ကိုနှင့်မရီးတို့နဲ့အတူ ဆောင်းယဥ်စွန်းချိန်ပွဲတော်ကို ကျင်းပချင်ပြီး ရှန်းယုဟန်က ပုံမှန်လိုပင် ပျော်ရွှင်နေသည်။ ရှန်ချီရှင်းက ရှန်ချီဟွမ်း မျက်စိအောင်မှာ ကြီးပြင်းလာတဲ့သူမလား? သူ့သားလို့တောင် သတ်မှတ်လို့ရတယ်မလား?
သူ ခေတ်သစ်ကိုရောက်လာတာ နှစ်လသုံးလခန့်ရှိပြီး ရှန်းယုဟန်က သူ့ခင်ပွန်းနှင့် ဘာပွဲတော်မှ မကျင်းပဖူးသေးချေ။ ဆောင်းယဥ်စွန်းချိန်ပွဲတော်က ရှေးခတ်ကနေ ဒီနေ့အထိရှိခဲ့တာဖြစ်ပြီး သူ့မိသားစုနှင့်ပတ်သတ်သော အတွေးများက ထပ်ပေါ်လာခဲ့သည်။
သူတို့အိမ်ရောက်တော့ နောက်ကျနေပြီဖြစ်သည်။
ရှန်းယုဟန်က ကားထဲမှာ သူ့ခင်ပွန်းကိုမှီပြီး နှစ်နာရီလောက် အိပ်ခဲ့လို့ စိတ်ကြည်နေသည်။
အန်တီဝမ်က ဖက်ထုပ်လုပ်ပြီး ညစာပြင်နေသည်။
အိမ်မှာ အစ်မလတ်ပို့ပေးသော ပင်လယ်စာနှင့် အစ်ကိုကြီးပို့ပေးသော ဆေးဖက်ဝင်ဟင်းရွက်တချို့ရှိနေသည်။ သူက ရှန်းယုဟန် နေမကောင်းတာကို ရှန်ချီဟွမ်းဆီက ကြားခဲ့လို့ ပို့ပေးခဲ့တာဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင်မိသားစုရှိတာကြောင့် ရှန်ချီဟွမ်းက သူတို့နဲ့ ပွဲတော်ကျင်းပလေ့မရှိပေ။ သူက အမြဲတမ်း မြို့ပြင် ဒါမှမဟုတ် နိုင်ငံခြားရောက်နေတာကြောင့် ရှန်ချီယွမ်နှင့်ရှန်ချီပိုင်က သူ့ကိုအိမ်လာဖို့ မခေါ်ကြတော့ပေ။
ရှန်းယုဟန်ကလည်း ခံစားမိသည်။ ရှန်ချီဟွမ်း၊ သူ့အစ်ကိုကြီးနှင့် အစ်မလတ်တို့ကြားက ဆက်ဆံရေးက သိပ်မနက်နဲသလို အဆက်အသွယ်လည်း သိပ်မရှိကြပေ။ ဖြစ်နိုင်တာက သူတို့အားလုံးက စိတ်ခံစားချက်ကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်တတ်သော လူတွေဖြစ်ပြီး စိတ်အားထက်သန်မှုရှိမနေပဲ ကြားကနေညှိပေးမယ့်လူလည်း မရှိတာကြောင့် အချိန်အတော်ကြာပြီးနောက်မှာ ဤမထူးမခြားနားသော ပုံစံဖြင့်သာ လိုက်လျောညီထွေနေကြသည်။
မိသားစုဆက်ဆံရေးကရှိပေမယ့် တိမ်မြှုပ်နေ၏။
သို့သော် ရှန်ချီဟွမ်းက ဆွေမျိုးမရှိတာတော့ လုံးဝမဟုတ်၊ ရှန်ချီရှင်းက အနည်းဆုံးတော့ သူနဲ့ရင်းနှီးလာဖို့ အားစိုက်ထုတ်ခဲ့သည်။
ဤညနေခင်းတွင် သုံးယောက်သား ကျေကျေနပ်နပ် စားသောက်လိုက်ကြသည်။
ထိုအတောအတွင်း ရှန်ချီရှင်းက သူ့အစ်ကိုကြီးနဲ့ အစ်မလတ်ကို ဖုန်းခေါ်ပြီး ကလေးများ၏အသံက ဖုန်းထဲမှထွက်ပေါ်လာပြီး ယင်းက သူတို့၏ ဆောင်းယဥ်စွန်းချိန်ပွဲတော်ကို အငွေ့အသက်ပေါင်းထည့်ပေးခဲ့၏။
ထို့နောက် သူတို့ကအခန်းထဲမှာ အနားမယူမချင်း တီဗီဖွင့်ထားကြပြီး ရှန်ချီရှင်းက အိမ်မှာနေခဲ့သည်။
တစ်ညလောက်အပြင်ထွက်ပြီး နေ့ခင်းဘက်ကားစီးလိုက်ရတော့ ရှန်းယုဟန်၏တစ်ကိုယ်လုံးက ကိုက်ခဲနေပြီး သူက ရေချိုးပြီး ချက်ချင်းအိပ်ရာဝင်လိုက်၏။
ရှန်ချီဟွမ်းက သူမလုပ်ရသေးသော ကိစ္စတစ်ခုကို သတိရသွားသည်။ သူ့ရှင်းလင်းချက်ကို ဝေ့ပေါ်မှာ အခုထိမတင်ရသေးပေ။
ဒီညဖက်ထုပ်စားနေစဥ် သူက ဓာတ်ပုံအနည်းငယ်ရိုက်ထားသည်။ ရှန်ချီရှင်းနှင့် ဖက်ထုပ်ကိုနောက်ခံထားပြီး သူ့ဇနီးကကျောပေးထားလို့ သူ့ဇနီးမျက်နှာကို ဘယ်သူမှမမြင်နိုင်ပေ။
[ကောလဟာလတွေမဖြန့်ကြပါနဲ့၊ ဒါက ငါ့ရဲ့သူငယ်ချင်းလေးပါ၊ တရားဝင်လက်ထပ်ထားတာ၊ လိင်အမျိုးအစားက ကျား၊ မှတ်ချက်…XXX မာကတ်တင်းနံပါတ်၊ မင်း ငါ့ရှေ့နေ့ဆီက နက်ဖြန်စာတစ်စောင်ရလိမ့်မယ်။ [Photo]]
သူဝေ့ပေါ်မှာတင်ပြီးတာနဲ့ မာကတ်တင်းအကောင့်က ပြန်တင်လိုက်တော့ ဖန်တွေက အရှိန်အဟုန်နဲ့ ဝင်လာကြသည်။
— ဟားဟားဟား၊ ဒီလိုကောလာဟလဖြန့်ဖို့အထိ ဘယ်သူကတုံးတာလဲ! ဥက္ကဋ္ဌရှန်က ကြီးစိုးနေတာ!
– ဒီရက်တွေမှာ မာကတ်တင်းနံပါတ်တွေက မိန်းကလေးနဲ့ ယောကျာ်းလေးတောင် မခွဲတတ်ဘူး။ ဒီနေ့ခေတ်ရဲ့ မာကတ်တင်းအကောင့်တွေက အမှန်တရားကို စစ်ဆေးသင့်တယ်။
– သေစမ်း..ဒါက ဥက္ကဋ္ဌရှန် သူ့ဇနီးရဲ့နောက်ကျောကို ပထမဆုံးအကြိမ်ပြဖူးတာပဲ၊ ဒီမတိုင်ခင်က သူ့လက်ကိုပဲပြဖူးတာ!
– ဝေါင်း၊ ဒီကိုယ်သေးသေးလေး၊ ဒီလက်…… ငါဒါတွေကို တစ်နှစ်ပတ်လုံး ထိုင်ကန်တော့နိုင်တယ်။ ဥက္ကဋ္ဌရှန်က အရမ်းကံကောင်းတာပဲ၊ မျက်နှာကို တိုက်ရိုက်ပြလို့မရဘူးလား၊ ရှင့်ဇနီးကိုတွေ့ချင်တယ်။
ရှန်ချီဟွမ်းက ဝေ့ပေါ်ကိုတစ်ချက်ကြည့်ပြီး ဝေ့ပေါ် Content ကို ပြန်သွားပြင်လိုက်သည်။ သူက မူရင်းဓာတ်ပုံကိုဖျက်ပြီး ရှန်ချီရှင်း ဖက်ထုပ်စားနေသောပုံနှင့် အစားထိုးလိုက်၏။ သူ့ဇနီးလေးအကြောင်းကိုတောင် တွေးရဲသေးတယ်! နောက်ကျောတောင်မပြဘူးကွာ!
အင်တာနက်သုံးစွဲသူများ: …..
ရှင်က Buzz ဖန်တီးဖို့ ဝေ့ပေါ်ပို့စ်ကို ချက်ချင်းမဖျက်ပဲ Content ကိုပါပြောင်းပစ်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ! ရှင်ဖျက်တာကို ကျွန်မတို့မမြင်ရဘူး ထင်လို့လား? အို…..ကျွန်မတို့က စခရင်ရှော့ ရိုက်တတ်တာ ဘယ်လောက်ကောင်းလိုက်လဲ။
ရှန်ချီဟွမ်း၏ ဓာတ်ပုံဖျက်ခြင်းအပြုအမူက Hot Search ပေါ်မှာ အင်တာနက်သုံးစွဲသူများ၏ ရှုံ့ချမှုကို ခံခဲ့ရပြီး သူက ထို Hot Search ကို ဖယ်ရှားဖို့ ပိုက်ဆံသုံးခဲ့တာကြောင့် Hot Search ပေါ်မှာ ခွေးတစ်ကောင်ဆိုပြီး ထပ်မံရှုံ့ချခံခဲ့ရသည်။
ရေချိုးပြီးအိပ်ရာပေါ်တက်လာသော ရှန်းယုဟန်က ဘာကိုမှသတိမထားမိပေ။ သူ့ခင်ပွန်းက Hot Searchပေါ် ထပ်ရောက်နေသည်။
“ယောကျာ်း၊ အိပ်ချင်နေပြီ၊ ခင်ဗျားအိပ်နေပြီလား?” သူက ရှန်ချီဟွမ်းကို ဖုန်းမသုံးဖို့ အရိပ်အမြွက်ပြကာ ညင်ညင်သာသာ ပြောလိုက်၏။ “ကျွန်တော်နဲ့ အတူအိပ်မလား?”
အင်တာနက်သုံးစွဲသူများနှင့် ရန်ဖြစ်ရတာ သူ့ဇနီးနဲ့အိပ်တာလောက် စိတ်ဝင်စားစရာမကောင်းပေ။ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သူ့လက်မောင်းထဲထည့်ပြီး နားရွက်ကိုနမ်းလိုက်သည်။
ရှန်းယုဟန်က သူ့အနမ်းကြောင့် ခြေချောင်းကွေးလိုက်မိသည်။ “ယောကျာ်း၊ ကျွန်တော်အိပ်ချင်နေပြီ။”
ရှန်ချီဟွမ်းက ကျိုးကြောင်းမဆီလျော်စွာပြောလာသည်။ “မင်းဘာမင်းအိပ်”
ရှန်းယုဟန်က လှည့်ကာ သူ့အပေါ်ကနေဖိထားပြီး လက်ပိုက်ကာ သမ်းဝေနေသည်။ “ထပ်မလှုပ်နဲ့တော့။”
သူ့ပုံစံကိုကြည့်ကာ ရှန်ချီဟွမ်းက သူ့ကိုထပ်မစချင်တော့ပေ။ သူက ရှန်းယုဟန်၏ခေါင်းအနောက်မှာ လက်ကိုထားပြီး ပွတ်သပ်ကာ နှုတ်ခမ်းကိုနမ်းလိုက်၏။ “အိပ်တော့”
ရှန်းယုဟန်က နောက်ဆုံးမှာ ရှန်ချီဟွမ်း၏လက်မောင်းထဲမှာ သက်တောင့်သက်သာရှိသော နေရာတစ်ခုကို ရှာတွေ့သွားပြီး အေးအေးချမ်းချမ်း အိပ်ပျော်သွားသည်။
တိတ်ဆိတ်သောညတွင် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပုံမှန်အသက်ရှူသံကိုနားထောင်ကာ အိပ်ပျော်သွားခဲ့သည်။
ဒီလိုဇနီးလေးတစ်ယောက်ရခဲ့ရင် အမျိုးသားတစ်ယောက်က နောက်ထပ်ဘာကိုတောင်းဆိုဖို့လိုသေးလဲ…
ခေတ်သစ်ကမ္ဘာတွင် ရှန်းယုဟန်၏ ပထမဆုံးအလုပ်က အောင်အောင်မြင်မြင် ပြီးသွားပြီလို့ ယူဆလို့ရပြီး သူ့ခင်ပွန်း အလုပ်ပြန်သွားတော့ သူက အွန်လိုင်းသင်တန်းနှင့် ပတ်သတ်သော APP ကို ဒေါင်းလုဒ်ဆွဲလိုက်ပြီး စီရီက ဆော့ဖ်ဝဲကောင်းအချို့ကို အကြံပြုခဲ့သည်။
သူ့မှာ ရွေးချယ်စရာအများကြီးရှိပြီး နောက်ဆုံးမှာ ပညာရေးဆော့ဖ်ဝဲအများကြီးကို တွေ့ခဲ့ရသည်။ နာမည်ကြီးဆရာများဆီက ကျူရှင်ဝန်ဆောင်မှုရှိပြီး သူက တီဗီက ကြော်ညာကိုလည်း မကြာခဏတွေ့ဖူးသည်။
တကယ်သင်ယူလို့ရသည်။ မူကြိုကနေ အထက်တန်းကျောင်း တတိယနှစ်အထိရှိပြီး ပိုက်ဆံအနည်းငယ်သာ ကုန်ကျမည်။ ဗဟုသုတလေ့လာဖို့ ပိုက်ဆံသုံးတာက အဆင်ပြေပါသည်။
သူ့ခင်ပွန်း ကုမ္ပဏီကိုသွားတော့ ရှန်းယုဟန်က ကလေးတွေ ဘာသင်နေလဲသိနိုင်ဖို့ စာဖတ်ခန်းထဲတွင် သူငယ်တန်းသင်ရိုးကို တိတ်တဆိတ်နှိပ်ကြည့်လိုက်၏။
သို့သော် သင်တန်းစတာနဲ့ အန်တီဝမ်က စာဖတ်ခန်းတံခါးကို လာခေါက်ခဲ့သည်။ “မစ္စတာရှန်း၊ အပြင်မှာမင်းကိုတွေ့ဖို့ လူတစ်ယောက်ရောက်နေတယ်။”
ရှန်းယုဟန်က သူ့ဖုန်းပေါ်က “ရပ်” ခလုတ်ကိုနှိပ်ထားလိုက်၏။ “ဘယ်သူလဲ?”
အန်တီဝမ်က ပြောခဲ့သည်။ “ဒုတိယမဒမ်နဲ့ မိန်းကလေးတစ်ယောက်ပါ။ သူတို့ကို အထဲဝင်ခွင့်ပေးချင်လား?”
ရှန်းယုဟန်က ပြောလိုက်၏။ “ကောင်းပြီ.. သူတို့ကို လက်ဖက်ရည်တစ်ခွက်ချပေးထားပါ။”
ရှန်းယုဟန်က အောက်ထပ်ကို အလျင်စလိုမသွားပဲ မိနစ်အနည်းငယ်လောက် ဗီဒီယိုဆက်ကြည့်နေသည်။
ထို့နောက် သူ့အဝတ်အစားကိုသပ်ကာ အရာအားလုံးစိတ်ကျေနပ်အောင် စီစဥ်ပြီးမှ အောက်ထပ်ဆင်းသွားခဲ့သည်။
ဒုတိယမဒမ်က သူနဲ့ဘာလုပ်ချင်တာလဲ?
သူ့ခြေလှမ်းများက ပေါ့ပါးသွက်လက်နေပြီး သူ့လက်ချောင်းဖြူဖြူများက လက်ရန်းပေါ်မှာတင်ထားသည်။ ဒုတိယမဒမ်နဲ့ မိန်းကလေးက ခေါင်းမော့ကာ သူဖြည်းဖြည်းချင်း ဆင်းလာတာကိုကြည့်လိုက်ပြီး ခဏလောက် စကားဘယ်လိုပြောရမလဲမသိ ဖြစ်သွားသည်။
ရှန်းယုဟန်က သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး အန်တီဝမ်က သူ့အတွက် လတ်လတ်ဆတ်ဆတ် ဖျော်ထားသော လက်ဖက်ရည်ကြမ်းတစ်ခွက် ယူလာပေးခဲ့သည်။
ဒုတိယမဒမ်ဘေးရှိ မိန်းကလေးက သူမသမီးမဟုတ်ပေ။ သူက သူမကို တစ်ခါမှမမြင်ဖူးပေ။
သူက လက်ဖက်ရည်ခွက်အဖုံးကို အသံမထွက်စေပဲ ပေါ့ပေါ့ပါးပါးတွန်းလိုက်ပြီး လက်ဖက်ရည်အပေါ်လွှာက လတ်ဆတ်သော အစိမ်းရောင်အရွက်ကို မှုတ်ကာ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ဒုတိယမဒမ် ဒီနေ့ဘာလို့လာတာလဲသိချင်မိတယ်။”
ဒုတိယမဒမ်က ဒီနေ့မှာ တောင်းဆိုစရာတစ်ခုရှိနေပြီး သူမပုံစံက ပုံမှန်လို မာနကြီးမနေပေ။ ရှန်းယုဟန်က ယဥ်ကျေးသောအပြုအမူဖြင့် ပြောခဲ့၏။ သူက ကျိန်ဆဲတာတစ်ခွန်းမှမပါသော်လည်း ကြားရတာ အဆင်မပြေတာကြောင့် သူမက သည်းခံလိုက်ရသည်။
သူမက အံကြိတ်ကာ ပြောလိုက်သည်။ “ယုဟန်၊ ငါဘွင်းဘွင်းပဲပြောမယ်။ အရင်ရက်က ရှန်ချီပိုင်က မင်းကိုဆိုးရွားတာလုပ်ခဲ့လို့ မင်းကလည်း သူ့ကိုပန်းအိုးနဲ့ရိုက်ခဲ့တယ်။ ငါမင်းကိုတောင်းဆိုချင်တယ်။ သူ့ကိုလွှတ်ပေးဖို့ ရှန်ချီဟွမ်းကို ပြောပေးနိုင်မလား?”
ရှန်းယုဟန်က လက်ဖက်ရည်ခွက်ကိုချကာ အသာအယာပြုံးလိုက်၏။ “အို? သူက ရှန်ချီပိုင်ကို ဘာလုပ်နိုင်မှာလဲ”
ဒုတိယမဒမ်က သူမမျက်နှာပေါ်က ဒေါသကိုမထိန်းချုပ်နိုင်တော့ချေ။ “သူက ရှန်ချီပိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီကို ဆွဲချခဲ့ရုံမကဘူး၊ သူ့ကိုလည်း မူးရစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာကို ပို့ခဲ့တယ်။”
ရှန်းယုဟန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ကျွန်တော်က ရှန်ချီဟွမ်းရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မယ်ထင်လို့လား?”
သူက မူးရစ်ဆေးဝါးပြန်လည်ထူထောင်ရေးစင်တာကို မသိပေမယ့် သူ့ခင်ပွန်း၏ဆုံးဖြတ်ချက်ဖြစ်နေလို့ သူက သေချာပေါက် တားဆီးမှာမဟုတ်ပေ။
ဒုတိယမဒမ်က ပရမ်းပတာ စတင်ပြောဆိုလာသည်။ “ဒါက မင်းကြောင့်ဖြစ်တာလေ၊ ဒါပေါ့…မင်းလုပ်နိုင်တယ်။”
ရှန်းယုဟန်က ညင်ညင်သာသာ ရယ်မောကာ ပြောလိုက်၏။ “ဒုတိယမဒမ်၊ ဒါက ကလေးတွေကို အလိုလိုက်တဲ့ ကြင်နာတတ်တဲ့မိခင်ကြောင့် ဆိုးသွမ်းလာတဲ့ ကလေးတွေမဟုတ်ဘူးလား? ခင်ဗျားကိုယ်ခင်ဗျား ဘာမှားလဲပြန်မကြည့်ပဲ ခင်ဗျားအမှားတွေအတွက် သူများကိုအပြစ်တင်နေရင် ဘယ်သူက ခင်ဗျားကိုကူညီတော့မှာလဲ” သူက မတ်တပ်ထရပ်ကာ ဒုတိယမဒမ်ကို ဘာမှမပြောချင်တော့ပေ။ သူက မနီးမဝေးမှာရပ်နေသော အန်တီဝမ်ကိုပြောလိုက်၏။ “အန်တီ၊ ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်ပါ။”
သူက အွန်လိုင်းသင်တန်းတက်ဖို့ ပြန်သွားရဦးမည်။ သူ့အချိန်ဆယ်မိနစ်ကိုဖြုန်းပြီး အွန်လိုင်းအတန်းနောက်ကျအောင် လုပ်ခဲ့သော ဤလူယုတ်မာတွေကို ဂရုစိုက်ဖို့ အချိန်မရှိတော့ပေ။
ထိုအချိန်တွင် ဒုတိယမဒမ်ဘေးမှာရပ်နေသော မိန်းကလေးက ရုတ်တရက်ပါးစပ်ဟလာသည်။ “ရှန်းယုဟန်၊ နင်ငါ့ကိုမှတ်မိလား?”
ရှန်းယုဟန်က မျက်ခုံးပင့်လိုက်၏။ မင်းကဘယ်သူလဲ?