Chapter 68.2
Viewers 23k

Chapter 68.2


“အင်္ဂလိပ်စာကအရမ်းခက်တာပဲ”


ရှန်ချီယွင်နှင့် မစ်ချီတို့၏ စေ့စပ်ပွဲအပြီးမှာ ရှန်ချီယွင်၏ ရှန်ဂရုထဲရှိ ပြောခွင့်ဆိုခွင့်က မြင့်တက်လာပြီး ရှန်ချီဟွမ်းက အရင်ကလို အချိန်ပိုလုပ်စရာမလိုတော့သဖြင့် စိတ်သက်သာရာရခဲ့၏။ ရှန်းယုဟန်ကလည်း ဖြစ်နေတာတွေကိုသိသည်။ မျှော်လင့်ထားသလိုပင် ရှန်ထျန်းဖုန်းက ရှန်ချီယွင်အပေါ် ဘက်လိုက်ဆဲဖြစ်၏။



ရှန်ထျန်းဖုန်းက ခွဲစိတ်မှုပြီးကတည်းက ပြန်လည်သက်သာလာခဲ့ပြီး ရှန်ချီယွမ်က ကျန်းမာရေးမကောင်းလို့ ဆေးရုံမှာတစ်လလောက် နေခဲ့ရပြီးတော့ အားပြန်ဖြည့်ဖို့ အိမ်ပြန်ခဲ့ရသည်။ ရှန်ချီဟွမ်းမှာ ရှန်ဂရု၏စီးပွားရေးကို လက်လွှဲယူဖို့ စွမ်းဆောင်ရည်အပြည့်ရှိပေမယ့် သူက ခက်ခဲကြမ်းတမ်းပြီး ကျေးဇူးမဲ့သောအလုပ်များကို မလုပ်ချင်ပေ။ သူက သူ့အစ်ကိုကိုကူညီဖို့သာ ကုမ္ပဏီကိုဝင်ခဲ့တာဖြစ်ပြီး နောက်ကျရင် တာဝန်ကို ပြန်အပ်ရမှာပင်။


ရှန်ချီယွင်က ရှန်ဂရုကို ထိန်းချုပ်ချင်ရင် သူ့မှာ အရည်အချင်းရှိလားအပေါ် မူတည်သည်။ ရှန်ထျန်းဖုန်းက အာဏာလွှဲအပ်ဖို့ ဆန္ဒရှိပေမယ့် သူက အခုထိ အငြိမ်းစားမယူရသေးဘူးမလား?


သူတို့ ဒါကို ဘာလို့ဖြေရှင်းမရတာလဲ….


နှစ်သစ်က မကြာမီ ရောက်ရှိလာတော့မှာဖြစ်၍ မရောက်ခင်မှာ နှင်းများကျလာမည်ဖြစ်၏။

(တရုတ်နှစ်သစ်ကူးပါ)

ရှန်းယုဟန်က ရှန်ချီဟွမ်းကိုရွတ်ပြသည်: စပါးရိတ်သိမ်းချိန်အမှီ နှင်းတွေကျတော့မှာ၊ ပြီးတော့ သူတို့က နောက်နှစ်မှာ သေချာပေါက် အမြတ်အများကြီးရလိမ့်မယ်။

ရှန်ချီဟွမ်းက 'နောက်နှစ်မလိုဘူး၊ သူက ဒီနှစ်လည်း အမြတ်အများကြီးရခဲ့တယ်။ သူက ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ဇနီးကိုလည်း ရခဲ့တယ်'လို့ ပြောလိုက်၏။


ဤချစ်စရာကောင်းပြီး သိမ်မွေ့သောဇနီးက ဝေ့ပေါ်ဖွင့်ပြီးနောက် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။


ယခုဆိုရင် သူက သူ့ကိုယ်သူနှင့် သူ့လက်ရေးလှပုံများကို ဝေ့ပေါ်မှာတင်လို့ရသည်။ အနုပညာပြပွဲက ပရိုမိုးရှင်းအပါအဝင် ရှန်ချီဟွမ်းက ဝေ့ပေါ်မှာ ပုံမှန်ပြန်တင်ပြီးနောက် တညအတွင်းမှာ သူ့ပရိသတ်အရေအတွက်က တစ်သန်းအထိ မြှင့်တက်လာခဲ့ပြီး သူက ဝေ့ပေါ်က ပရိတ်သတ်များ၏ မက်ဆေ့ကိုဖတ်ကာ သဘောကျနေ၏။


ဒါက ဝေ့ပေါ်သုံးလို့ရတဲ့ပုံစံပေါ့၊ ဝီချက်မှာက ကိုယ်သိတဲ့လူတွေနဲ့ ဆက်သွယ်လို့ရပြီး ဒီမှာ​တော့ သူစိမ်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရတယ်….


ခေတ်သစ်လူသားတွေက တကယ်ကိုထက်မြက်ကြတယ်၊ သူတို့က အင်တာနက်ကတစ်ဆင့် ဒီလိုလုပ်နိုင်ပြီး လူတွေနဲ့ဆက်သွယ်ဖို့ မျက်နှာပြဖို့လည်းမလိုဘူး။ လက်ချောင်းလေးလှုပ်ရုံပဲ….



ရှန်ချီဟွမ်းက သူ့ဇနီးလေး အင်တာနက်စွဲလမ်းနေတာကိုတွေ့ပြီး သူ့မျက်လုံးကိုကာကွယ်ဖို့နှင့် တစ်ချိန်လုံး ဝေ့ပေါ်သုံးနေတာကို ရပ်တန့်ရန် သတိပေးဖို့ အသင့်ဖြစ်နေခဲ့သည်။ 


ယနေ့တွင် သူက ရှားရှားပါးပါး အလုပ်စောစောပြန်လာခဲ့ပေမယ့် ထူးဆန်းတာက ရှန်းယုဟန် ပုံမှန်လို သူ့ကိုလာမ​​ကြိုပေ။ ရှန်ချီဟွမ်းက ယောကျာ်းလို့ နူးနူးညံ့ညံ့ အခေါ်မခံခဲ့ရသဖြင့် သူအထဲဝင်လာသော အခိုက်အတန့်မှာ စိတ်မကောင်းဖြစ်ရ၏။


သူအန်တီ့ကိုမေးကြည့်တော့ ရှန်းယုဟန်က စာဖတ်ခန်းထဲမှာ နေ့လည်ခင်းတစ်ခုလုံးရှိနေ​တာကို သိခဲ့ရပြီး သူက ရှန်းယုဟန် စားပွဲပေါ်မှာ ပန်းချီဆွဲနေပြန်ပြီလို့ ထင်ခဲ့သည်။ ရှန်းယုဟန်က ‘ဖန်တွေကိုအလိုလိုက်ခြင်း'ဆိုသော စကားလုံးအသစ်ကို ရှာတွေ့ထားပြီး သူက ပရိသတ်များ၏ တောင်းဆိုချက်အရ ပုံစံအသေးလေးတချို့ကို ရေးဆွဲပေးလေ့ရှိသည်။


ရှန်ချီဟွမ်းက သူပန်းချီဆွဲနေတာကိုကြည့်ရန် အပေါ်ထပ်ကို တိတ်တိတ်လေးတက်သွား၏။ ယနေ့အပြန်လမ်းမှာ သူက ဂီတတူရိယာဆိုင်တစ်ခုကို ဖြတ်သွားကာ ရွှင်းတူရိယာကိုဝယ်ခဲ့ပြီး သူ ငယ်ငယ်တုန်းက လေ့လာဖူး၍ ရှန်းယုဟန် တီးမှုတ်နိုင်အောင် ပြန်ယူလာပေးချင်ခဲ့၏။


အန်တီက ရှန်းယုဟန် အနှောင့်အယှက်မဖြစ်စေဖို့ သူမလုပ်စရာမရှိရင် အပေါ်ထပ်ကို တက်မသွားပေ။ သူ့စာဖတ်ခန်းက ပုံမှန်အားဖြင့် သောမခတ်ထားပဲ လေဝင်လေထွက် အပေါက်တစ်ခုကို ဖွင့်ထားသည်။


ရှန်ချီဟွမ်းက တံခါးကိုတွန်းဖွင့်ခါနီးမှာ အထဲကနေ အင်္ဂလိပ်လိုပြောနေသော အမျိုးသမီးအသံနှင့် တုပပြောနေသော ရှန်းယုဟန်၏အသံကို ကြားလိုက်ရသည်။


စက်ရုပ်အမျိုးသမီးအသံ: “ဂုဏ်ပြုပါတယ်”


ရှန်းယုဟန်: ‘ခမ်ကူလုထျောင်လဲ့ရှန်း”**ထို့နောက် သူက ပြောလိုက်သည်။ “အသံထွက်ဖို့ ခဲယဥ်းလိုက်တာ။”

(T/Nအရိုးကိုစားပြီး နံရိုးကိုဖောက်ထုတ်တာလို့ အဓိပ္ပါယ်ရပါတယ်: - Congratulation ၏အသံထွက်အသစ်)

စက်ရုပ်အမျိုးသမီးအသံ: “အောင်ပွဲခံကြမယ်”



ရှန်းယုဟန်: “ဇိန်နယ်လိန်ပလိန့်” ထို့နောက် သူက သက်ပြင်းချလိုက်၏။ “အင်္ဂလိပ်စာက အရမ်းခက်တာပဲ။”

(သူခိုးလို့အဓိပ္ပါယ်ရပါတယ်:)- Celebrate ရဲ့အသံထွက်အသစ်)


ရှန်ချီဟွမ်း: “......”



သူ အင်္ဂလိပ်စာ တိတ်တိတ်လေး သင်နေတာလား? ဒါပေမယ့် အသံထွက်က အရမ်းကိုမှ……


ရှန်ချီဟွမ်းက သူ့ပါးစပ်ကို မနည်းပိတ်ထားရသည်။ ဒီညအခန်းထဲပြန်လို့မရမှာစိုး၍ အကျယ်ကြီးတောင် မရယ်ရဲပေ။



ရှန်းယုဟန်၏ အင်္ဂလိပ်စကားပြော အလွန်ညံ့မယ်လို့မထင်ထားပေ။ သူ့ခင်ပွန်းက မိခင်ဘာသာစကားလို ပြောနိုင်တဲ့အချိန်မှာ သူက​တော့ ချို့ယွင်းချက်ဖြစ်နေလေ၏။ ဒါကြောင့် သူ့ဇနီးလေး အင်္ဂလိပ်စာကို တိတ်တိတ်လေး သင်နေမှန်းတောင် မသိခဲ့တာပင်။


သူ့ဇနီးကလည်း အရှက်တရားကို ဂရုစိုက်သူမို့ သူက အပြင်မှာ သင်တန်းစာရင်းမသွင်းရဲပဲ အွန်လိုင်းအတန်းကို တိတ်တိတ်လေး တက်နေတာဖြစ်၏။

သူတိတ်တိတ်လေး ကြိုးစားသင်ယူနေတာကို ကယ်တင်ဖို့ အတန်းအပ်ပေးဖို့ အကြောင်းပြချက် ရှာလိုက်ရမလား……


သူနဲ့လိုက်ဖက်ညီဖို့ ရှန်းယုဟန်က အရမ်းကြိုးစားနေသည်။

ရှန်ချီဟွမ်းက စိတ်လှုပ်ရှားပြီး အကောင်းဆုံးအင်္ဂလိပ်သင်တန်းကျောင်းကို စုံစမ်းဖို့ လက်ထောက်ချွီကိုပြောလိုက်သည်။ သူက တစ်ဦးချင်းသင်ယူဖို့လိုပြီး ဆရာမလည်းဖြစ်ရမည်၊ ဆရာဖြစ်လို့မရပေ။



ရှန်းယုဟန်က ညစာစားဖို့ အောက်ထပ်ဆင်းသွား​တော့ သူ့ခင်ပွန်းပြန်ရောက်နေပြီး သတင်းကြည့်နေတာကို တွေ့လိုက်ရကာ အံ့အားသင့်သွား၏။


သူက ရှန်ချီဟွမ်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ပြီး နားထဲမှာ တိုးတိုးလေးပြောလိုက်၏။ “ယောကျာ်း၊ ပြန်ရောက်တာကို ဘာလို့မပြောတာလဲ”


ရှန်ချီဟွမ်းက ရင်ထဲက​ပြောလိုက်သည်။ အဲ့ဒါ သူ စာသင်နေလို့ အနှောင့်အယှက်မပေးချင်လို့ မဟုတ်ဘူးလား….. သို့သော် သူက ထိုသို့မပြောခဲ့ပေ။ “မင်းဘာလုပ်နေလဲဘယ်သူကသိမှာလဲ….. မင်းက ငါ့ကိုတောင်ထွက်မ​ကြိုဘူး။”


“အာ၊ ကျွန်တော်ကားသံမကြားလိုက်လို့” ရှန်းယုဟန်က ရှန်းချီဟွမ်း၏နားထဲမှာ ထပ်ပြောလိုက်သည်။ “ယောကျာ်း၊ စိတ်မဆိုးပါနဲ့၊ ခင်ဗျားပြန်မလာခင် မက်ဆေ့ပို့ထားရင် ခင်ဗျားကိုကြိုဖို့ အောက်ဆင်းနေမှာပေါ့။”


ရှန်းယုဟန်က ကလေးဆိုးကြီးလို စိတ်ဆိုးနေသော သူ့ခင်ပွန်းကို ချော့လိုက်ပေမယ့် သူ့ရင်ထဲမှာ သက်ပြင်းချလိုက်သည်။ သူအင်္ဂလိပ်စာလေ့လာနေတာကို ရှန်ချီဟွမ်းမတွေ့သွားတာ တော်သေးတယ်….


သူက ခေါင်းစဥ်အမြန်ပြောင်းလိုက်၏။ “ရက်အနည်းငယ်မှာ တရုတ်နှစ်သစ်ကူးလာတော့မှာ၊ ကျွန်တော့်အိမ်အတွက် နှစ်သစ်ကူးပစ္စည်းတွေ ဝယ်ဖို့လိုလား? အလှဆင်ဖို့လိုသေးလား?”


ရှန်ချီဟွမ်း၏ တရုတ်နှစ်သစ်ကူးအပေါ် အမြင်မှာ တခြားအိမ်တော်သုံးအိမ်နဲ့ ရင်ဆိုင်ခဲ့ရတာ​ဖြစ်၏။ ဒီနှစ်မှာ ရှန်းယုဟန်နှင့် ဖြတ်သန်းရမှာကိုတွေးလိုက်တော့ သူက စောင့်မျှော်နေမိသည်။


သူက ရှန်းယုဟန်၏လက်ကို သူ့ရင်ဘတ်ပေါ်တင်ကာ မေးလိုက်သည်။ “နှစ်သစ်ကိုဘယ်လိုကျင်းပချင်လဲ?” ရုတ်တရက်မေးလိုက်တာက သူ့စိတ်က ဗလာဖြစ်နေလို့ပင်။ နှစ်သုံးဆယ်နီးပါးနေခဲ့တာတောင် တရုတ်နှစ်သစ်ကူးမှာ သူဘာလုပ်ချင်လဲ စဥ်းစားလို့မရချေ။

ရှန်းယုဟန်က နှစ်သစ်ကူးကျင်းပသော ခေတ်သစ်နည်းလမ်းကိုတွေးလိုက်ပေမယ့် တောင်နဲ့မြောက်မှာ ကွဲပြားမှုရှိတာကို တွေ့ခဲ့ရပြီး သူ့ခင်ပွန်းက အတိတ်မှာ တရုတ်နှစ်သစ်ကူးကို ဘယ်လိုကျင်းပခဲ့လဲမသိချေ။ 


သူက ချီတိုင်းပြည်၏ နှစ်သစ်အတွေ့အကြုံကို ပြန်စဥ်းစားလိုက်၏။ “နှစ်သစ်ကူးပစ္စည်းတွေဝယ်မယ်။ တရုတ်ကဗျာတွဲကပ်မယ်။ မီးပုံးချိတ်မယ်။ ပြန်လည်ဆုံစည်းမှုညစာစားမယ်။ ထူစူးဝိုင်သောက်မယ်။ မီးရှူးမီးပန်းနဲ့ မီးပုံပျံကိုကြည့်မယ်။ အဆိုအကနဲ့ ငြိမ်းချမ်းရေးအောင်ပွဲခံတာကိုကြည့်မယ်?

ရှန်ချီဟွမ်းက သူ့ကို နှမြောတသ ပြောလိုက်သည်။ “တရုတ်နှစ်သစ်ကူးညစာအတွက် ငါတို့က အဖေ့နေရာကို သွားရမှာပေမယ့် အဲ့ဒါပြီးရင် ပြန်သွားစရာမလိုတော့ဘူး။”

“ကိစ္စမရှိပါဘူး။” ရှန်းယုဟန်က ထိုအရာကို ရှောင်လွှဲလို့မရမှန်းသိသည်။ “ဒါဆို ကျွန်တော်တို့ ကဗျာနဲ့ မီးပုံးချိတ်လို့ ရသေးတယ်မလား?”


“ရတယ်” ရှန်ချီဟွမ်းက အရင်နှစ်များက နှစ်သစ်ကူးအစီအစဥ်များကို ​ပြန်အမှတ်ရဖို့ ကြိုးစားခဲ့သည်။ “နှစ်သစ်ရဲ့ပထမနေ့ကို ငါတို့နှစ်ယောက်ပဲ ဖြတ်သန်းလို့ရတယ်။ ဒုတိယနေ့မှာ အစ်မလတ်က သူတို့မိဘအိမ်ကိုသွားမှာမို့ ငါတို့က အစ်ကိုကြီးတို့အိမ်မှာ နှစ်တိုင်းလုပ်တဲ့ ညစာသွားစားကြမယ်။ ပြီးရင် တတိယနေ့မှာ အစ်မလတ်တို့အိမ်မှာ ညစာသွားစားမယ်။”


“ကောင်းပြီ၊ ကျွန်တော် အစ်မလတ်နဲ့ အစ်ကိုကြီးတို့အိမ်ကို အခုထိ မသွားရသေးဘူး။” ရှန်းယုဟန်က မျှော်လင့်နေတာကြောင့် သူက အစီအစဥ် စတင်လိုက်သည်။ “ကျွန်တော် ကဗျာကို ကိုယ်တိုင်ပဲရေးလိုက်မယ်။ ဒါပေမယ့် စာရွက်ဝယ်ဖို့လိုတယ်။”



သူက ပင်မအိမ်တော်က ဇနီးအဖြစ် ပြင်ဆင်နေချိန်မှာ အိမ်တော်စီမံခန့်ခွဲမှုကိုလည်း သင်ယူပြီးလေပြီ။ “ကျွန်တော်တို့ နှစ်သစ်လက်​ဆောင်ဝယ်ဖို့ လိုသေးတယ်။ ကျွန်တော့်ခင်ပွန်းက အရင်နှစ်က လက်ဆောင်စာရင်းရှိလား? အဲ့ဒါနဲ့သင့်တော်သလို ပြင်ဆင်ရမယ်။”


“လက်ဆောင်စာရင်း?” ကုမ္ပဏီ၏ပါတနာများကို ပုံမှန်ဆိုရင် ကုမ္ပဏီ၏သက်ဆိုင်ရာဌာနများက ကိုင်တွယ်တာကြောင့် သူက လက်ဆောင်ကို ကိုယ်တိုင်ပြင်ဆင်တာရှား၏။ “ငါက နှစ်သစ်မှာ လက်ဆောင်ပေးတာရှားတယ်။ ပေးရင်လည်း ပုံမှန်ဆိုရင် လက်ထောက်ချွီက ပြင်ဆင်ပေးတာ။” 


ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဤအရာက ရှန်းယုဟန်၏ထူးခြားချက်ဖြစ်၏။ သူက ရှန်ချီဟွမ်း၏ဘေးမှာထိုင်ကာ အလေးအနက်ပြောလိုက်၏။ “အရင်နှစ်တွေမှာ ခင်ဗျားက အိမ်ထောင်မပြုရသေးတော့ လက်ဆောင်ပေးတာ မပေးတာက အားလုံးအတွက် အရေးမပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ ကျွန်တော်တို့က လက်ထပ်ပြီးသွားတော့ ​သေချာပေါက် လက်ဆောင်ပေးသင့်တယ်။”


ရှန်ချီဟွမ်းက သူ့ဇနီးလေး၏ ပညာသင်ပေးခံနေရသလို ခံစားလိုက်ရပြီး နှိမ့်ချစွာပြောလိုက်၏။ “ဒါဆို လက်ထောက်ချီကိုမေးရင်ရော? ပြီးရင် မင်း လက်ဆောင်ပေးဖို့ ကြီးကြပ်လို့ရပြီ။”


ရှန်းယုဟန်က အလေးအနက်ခေါင်းညိတ်လိုက်သည်။ “အင်း၊ ကျွန်တော်တို့ လူအများကြီးကို လက်ဆောင်ပေးဖို့လိုတယ်။ အစ်ကိုကြီးနှင့် အစ်မလတ်ကို ကောင်းတာလေးပေးရမယ်။ ပြီးတော့ ကျွန်တော့်အသိအန်ကယ်တွေကိုလည်း လက်ဆောင်ပေးရမယ်။ သူတို့က အစားအသောက်မချို့တဲ့သလို့ အဖိုးတန်ပစ္စည်းတွေလည်း မချို့တဲ့ဘူး။ ဒီတော့ ကျွန်တော်တို့ရဲ့ နှလုံးသားထဲက လက်ဆောင်နဲ့တင် လုံလောက်တယ်။ ကျွန်တော်ယောကျာ်းရဲ့ သူငယ်ချင်းတွေကိုလည်း လက်ဆောင်ပေးဖို့လိုတယ်။ ပြီးတော့ ဝမ်းယိုနဲ့ သူ့အဖွဲ့ကိုရောပဲ။”



အကြောင်းတချို့ကြောင့် ထိုစကားများကို ပြောနေသော ရှန်းယုဟန်၏ မျက်လုံးတွေတောက်ပနေတာကို ရှန်ချီဟွမ်းက တွေ့ခဲ့ရပြီး သူက ဆွဲဆောင်ခံလိုက်ရသည်။


ရှန်းယုဟန်က သူလက်ဆောင်ပေးရမယ့် လူတွေကို ရေတွက်ပြီးနောက် သူက ခေတ်သစ်ကိုရောက်လာတာ နှစ်ဝက်မပြည့်ခင်မှာ လူအများကြီးကို တွေ့ဆုံခဲ့ရတာကို သတိထားမိခဲ့သည်။


သူ့ယောကျာ်းကို ကျေးဇူးတင်ရမည်။ အချိန်တိုအတွင်း သူက အမှီအခိုကင်းလာခဲ့သည်။


လက်ဆောင်ပေးမယ့်ကိစ္စက လက်ထောက်ချွီကိုလွှဲခဲ့ပြီး လက်ထောက်ချွီက ကုမ္ပဏီ၏နှစ်သစ်ကူး ကုန်ပစ္စည်းများကို တာဝန်ယူထားတာကြောင့် အခက်အခဲသိပ်ရှိမှာမဟုတ်ပေ။

ရှန်းယုဟန်က စာရင်းပေးလိုက်ပြီး လက်​ထောက်ချွီက ဘယ်လက်ဆောင်တွေပေးမှာလဲ သူ့ကိုကူညီဖို့လိုသည်။ ထို့နောက် သူက နောက်နှစ်မှာသိနိုင်ဖို့ လက်ဆောင်စာရင်း ချရေးလိုက်သည်။


တရုတ်နှစ်သစ်ကူးမတိုင်ခင် နှစ်ရက်အလိုမှာ ရှန်းယုဟန်က ကဗျာရေးနေပြီး ဝီချက် Moments မှာတင်ခဲ့သည်။

ထိုအရာကိုမြင်ပြီးနောက် သူ့ Moments ထဲက အန်ကယ်တစ်ယောက်ချင်းစီက သူတို့အတွက် ကဗျာရေးပေးဖို့ပြောလာသည်။ ယင်းမှာ ရှန်းယုဟန်အတွက် လွယ်ကူသောအလုပ်ဖြစ်တာကြောင့် သူက သူတို့အားလုံးအတွက် ကဗျာရေးပေးလိုက်၏။ သူတို့က လာယူဖို့ လူလွှတ်လိုက်သောအခါ နှစ်သစ်လက်ဆောင်များကိုပါ ယူလာပေးခဲ့၏။



တစ်ရက်အတွင်းမှာ နှစ်သစ်ကူးလက်ဆောင်တွေ အိမ်မှာ အစုလိုက်အပုံလိုက်ရှိနေခဲ့ပြီး ကုန်ကြောင်းနဲ့ပင်လယ်က အရသာရှိသော အစားအစာအပါအဝင် တချို့က တန်ဖိုးကြီးဇိမ်ခံလက်ဝတ်ရတနာကိုပါ လက်ဆောင်ပေးခဲ့သည်။


ရှန်ချီဟွမ်းက ရုတ်တရက်သိလိုက်သည်။ တကယ်တော့ အကောင်းဆုံးနှစ်သစ်ကူးလက်ဆောင်က သူ့ဇနီးလေးရေးတဲ့ ကဗျာတစ်ပုဒ်မလား?


သို့သော် သူ့ဇနီးလေးယူဆောင်လာသော အံ့အားသင့်စရာက ဒီမှာတင်မပြီးသေးပေ။


နှစ်ဆယ့်ကိုးရက်မြောက်နေ့မှာ ရှေးဟောင်းသုတေသနဌာန၏ ဒါရိုက်တာက ရှန်ချီဟွမ်းကို ချဥ်းကပ်လာခဲ့သည်။ 


ရှန်ချီဟွမ်းက လက်ထောက်ချွီ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရခဲ့စဥ် လက်ထောက်ချွီက လူလိမ်တစ်ယောက်၏ လှည့်ဖြားလိုက်ရပြီလို့ သူထင်ခဲ့သည်။


“ ရှေးဟောင်းသုတေသနဌာန? ငါတို့ကုမ္ပဏီမှာ ရှေးဟောင်းသုတေသနနဲ့ပတ်သတ်တဲ့ ပရောဂျက်လည်းမရှိပါဘူး။ ရှေးဟောင်းသုတေသနဌာနက ငါ့ကိုဘာလို့ရှာနေရတာလဲ၊ ရှောင်ချွီ… မင်းဒီရက်ပိုင်း စိတ်ဖိစီးနေတာလား? ဒီနှစ်တရုတ်နှစ်သစ်ကူးမှာ ငါမင်းကို ပိတ်ရက်အပိုနှစ်ရက်ပေးပါမယ်။ လူလိမ်နဲ့ပတ်သတ်ပြီး စိတ်မပူနဲ့။”


လက်ထောက်ချွီက မျက်လုံးလှိမ့်လိုက်သည်။ “သူဌေး၊ ဒီနှစ်ရဲ့ ကုမ္ပဏီရုပ်ပိုင်းဆိုင်ရာစာမေးပွဲ အတောအတွင်းမှာ စစ်ဆေးမှုအားလုံးက သာမန်ပါပဲ။ ကျွန်တော့်သွားတွေက နည်းနည်းဆိုးနေတာကတော့ ချွင်းချက်ပေါ့။ ကျွန်တော် တစ်ဖက်လူရဲ့ ကြိုးဖုန်းနံပါတ်ကိုလည်း စစ်ဆေးခဲ့တယ်။ အဲ့ဒါက တကယ်ကိုဌာနကပါ။”


ရှန်ချီဟွမ်းက ရှုပ်ထွေးသွား၏။ “ငါ့ကိုဘာလို့ရှာနေတာလဲ?”


လက်ထောက်ချွီက သူ့ထက်ပိုရှုပ်သွားကာ ပြောလိုက်၏။ “သူတို့ကြည့်ရတာ သူဌေးရဲ့ဇနီး တီးခတ်ခဲ့တဲ့ သီချင်းရဲ့နာမည်ကို သိချင်နေကြတဲ့ပုံပဲ။”


ရှန်ချီဟွမ်းက ဗီဒီယိုအများကြီးတင်ဖူးသည်။ “ဘာသီချင်းလဲ?”


လက်ထောက်ချွီက ပြောလိုက်သည်။ “သူဌေးရဲ့ဇနီး သူဌေးအတွက် တီးခတ်ခဲ့တဲ့ ချင်တေးစုပဲ။ ခင်ဗျားဝေ့ပေါ်မှာတင်ခဲ့တာလေး”


ရှန်ချီဟွမ်းက နားမလည်နိုင်ပေ။ သုတေသနဌာနက လူတွေက သူ့ဇနီး တီးခတ်ခဲ့သော သီချင်းတစ်ပုဒ်အတွက် သူ့ဆီဘာလို့လာခဲ့တာလဲ..။


“အဲ့ဒါက ဂီတအပိုင်းအစတစ်ခုပဲ မဟုတ်ဘူးလား?”


လက်​ထောက်ချွီကပြောလိုက်သည်။ “ကျွန်တော်မေးလိုက်တော့ သူတို့က လျို့ဝှက်ထားချင်တယ်လို့ပြောတယ်။ ဒါရိုက်တာဖန့်က ခင်ဗျားနဲ့တွေ့ပြီးဆွေးနွေးဖို့ ရက်ချိန်းယူချင်နေတယ်။ ဒီနေ့အဆင်ပြေရင် သူတို့ ကျန်းမြို့တော်ကို ညတွင်းချင်းလာလိမ့်မယ်။”

ရှန်ချီဟွမ်းက ပိုတောင်ရှုပ်ထွေးသွား၏။ “သီချင်းတစ်ပုဒ်အတွက်လား?” အဲ့လောက်အဝေးကြီးကနေ?


လက်ထောက်ချွီကလည်း ဘာ​​​ကြောင့်လဲနားမလည်ပေ။ “ကျွန်တော်လည်းမသိဘူး။ အဆင်ပြေမလား?”

ကူချင်ကို ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် ဝယ်ပေးခဲ့တာဖြစ်သည်။ ဒီကိစ္စအတွက် သူ့ဇနီး၏ ခွင့်ပြုချက်လိုသည်။ “ငါ ရှောင်ဟန်ကို အရင်မေးလိုက်မယ်”


လက်ထောက်ချွီက ရင်ထဲကနေ ညည်းတွားလိုက်၏။ ရှောင်ဟန် ကြို့….