Chapter 76
“ဇနီးလေး၏စွန့်စားမှု”
တောင်ပေါ်မြူများက ထူထပ်နေပြီး မိုးကလည်း အားနည်းသော အရိပ်အယောင်မပြပဲ မရပ်မနား ရွာနေခဲ့သည်။
ပရောဂျက်ပြီးသွားရင် ကျန်းချန်ကို သူနဲ့အတူ သွားလည်ပတ်မည့်အကြောင်း ပြောနေကြသော ရှောင်လီနှင့် အကိုယန်၏စကားကိုနားထောင်ကာ ရှန်းယုဟန်က သူတို့ ကျန်းချန်ကိုလာရင် သေချာပေါက် အလည်အပတ်ခေါ်သွားပေးမယ်လို့ ပြောခါနီးမှာ သူ့စိတ်ထဲ အစီအစဥ်ချနေတုန်းသာ ရှိသေး၏။ ရလဒ်အနေဖြင့် ကားက ထောင့်ကိုအကွေ့မှာ ကျယ်လောင်သော ဆူညံသံတစ်ခုထွက်ပေါ်လာပြီး ကားထဲကလူတိုင်းက ပြင်းထန်သောရိုက်ခတ်မှုကြောင့် ဟန်ချက်မညီပဲ ဒယိမ်းဒယိုင်ဖြစ်နေကြသည်။ လူတိုင်းက ထိုင်ခုံခါးပတ်ပတ်ထားလို့သာ မဟုတ်လျှင် သူတို့တစ်နေရာရာကို လွင့်ထွက်သွားလောက်လေပြီ!
ကားက အမည်မသိ တစ်စုံတစ်ခုကြောင့် ကြေမွသွားပြီး ကားခေါင်းမှာ အပေါက်တစ်ခုပွင့်သွားခဲ့၏။
ခရီးသည်ထိုင်ခုံမှာထိုင်နေသော ဒရိုက်ဘာနှင့် အကိုကြီးလင်းမှာ တပ်ထားသောလေအိတ်၏ အညှစ်ခံလိုက်ရပြီး အကိုကြီးလင်းက ယာဥ်မောင်းထက် အခြေအနေဆိုး၏။ တောင်၏ဦးတည်ရာသို့ ရောက်ခါနီးမှာ အရိပ်မည်းတစ်ခုက တောင်ပေါ်မှ လျှောကျလာပြီး ယင်းမှာ သစ်ပင်ကြီးတစ်ပင်ဖြစ်၏။
ဒရိုက်ဘာက လမ်းထောင့်ကို ကွေ့လိုက်သောအခါ သူက ရှေ့မှာ ကြီးမားသော ကျောက်တုံးကြီးပိတ်ဆို့ထားတာကို မသိခဲ့သဖြင့် ကားက တည့်တိုးတိုက်မိသွားပြီး သူက မိနစ်ဝက်လောက် လေအိတ်နှင့် အရိုက်ခံလိုက်ရ၏။
ရှန်းယုဟန်က ရှေ့ကိုဆောင့်မိသွားပြီး သူ့နဖူးက ဆိုးဆိုးရွားရွား ထိမိသွားကာ ကားကတစ်ဖက်ကို တိမ်းစောင်းသွားခဲ့သည်။ သူက ဘယ်ဘယ်ခြမ်းမှာထိုင်နေပြီး သူ့ဘေးမှာထိုင်နေသော ရှောင်လီက သူနဲ့ဆောင့်မိမှာစိုး၍ သူ့ပခုံးကိုဖိထားသဖြင့် သူ့ပခုံးက ပြင်းပြင်းထန်ထန် နာကျင်နေခဲ့သည်။ ရှောင်လီက သူ့ကို ရုတ်တရက် ဝင်စောင့်မိသွားသည်မှာ အလွန်ရုတ်တရက်ဆန်လှသည်။
ရှောင်လီက သူ့ပခုံးကိုအုပ်ကာ မလှုပ်ရဲခဲ့ပေ။ “ဘာ..ဘာဖြစ်လို့လဲ? အဆင်ပြေရဲ့လား?”
သူတို့ကားက ၆၀ဒီဂရီလောက် ဘေးတိုက်ကွေ့သွားမယ်လို့ မမျှော်လင့်ခဲ့ပေ!
ဒရိုက်ဘာက အသိစိတ်ပြန်ဝင်လာပေမယ့် သူက အလွန်တည်ငြိမ်နေသည်။ “ငါတို့ မြေပြိုမှုနဲ့ ကြုံသွားတာ၊ အကိုကြီးလင်း… ခင်ဗျားအဆင်ပြေရဲ့လား?”
အကိုကြီးလင်းက တီးတိုးပြောလိုက်၏။ “ငါ့ခြေထောက်တွေ ကြေမွသွားပြီထင်တယ်၊ လှုပ်လို့မရဘူး!”
ကားရှေ့ဆုံးက ကျောက်တုံးကြီးထဲမှာ ပိတ်မိနေကာ မြေပြင်က ရွှံ့ရေတွေနဲ့ ရောထွေးနေလို့ဖြစ်ပေမည်။ လမ်းကချော်ထွက်နေပြီး သူတို့ကားက တိုက်ရိုက်ပြေးဝင်မိတာကြောင့် ယခုအခါ တစ်ဝက်ပြုတ်ကျသွားခဲ့၏။
ဒရိုက်ဘာက ချက်ချင်းပြောလိုက်သည်။ “မြန်မြန်ထွက်သွားရအောင်! အနောက်ကလူတွေ ဖုန်းခေါ်လို့ရကြလား? ကယ်ဆယ်ရေးကို အမြန်ခေါ်လိုက်!”
ရှန်းယုဟန်က ရှောင်လီ၏ အဖိခံလိုက်ရ၍ မလှုပ်ရှားနိုင်တော့သလို ရှောင်လီကလည်း မလှုပ်နိုင်ပေ။ သူမက ရှန်းယုဟန် မသက်မသာဖြစ်နေတာကို တွေ့သွားပုံရပြီး အကိုယန်ကသာ ဖုန်းကိုထုတ်လိုက်နိုင်သည်။
(T/N - ရှောင်လီက မိန်းကလေးပါတဲ့၊ etrans ကရှေ့ပိုင်းမှာ Heလို့သုံးထားလို့ ယောကျာ်းလေးထင်ခဲ့တာပါ)
“ဒီမှာ လိုင်းမမိဘူး။”
ဒရိုက်ဘာကပြောလိုက်၏။ “လူတိုင်းအရင်ထွက်ကြ၊ အနောက်တံခါးက သစ်ကိုင်းတွေနဲ့ ပိတ်ဆို့မနေဘူး။ အကိုကြီးလင်းကို ဆွဲထုတ်လို့ရလား ကြည့်ကြည့်ဦး”
ထို့နောက် သူက လေကာမှန်ကိုသုံးကာ အရင်ခုန်ထွက်လိုက်ပြီး အကိုယန်ကလည်း ကားတံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်ကာ ခုန်ထွက်လိုက်၏။
“ရှောင်လီ.. မင်းလှုပ်လို့ရလား… ငါဆွဲထုတ်ပေးမယ်။ မင်းက ရှောင်ရှန်းကိုဖိထားတာပဲ…သူအတော်နာနေလောက်တယ်။ ဘယ်သူမှကားထဲမှာနေလို့မရဘူး။ ဒီမှာ အန္တရာယ်များတယ်။ ရွှံ့နဲ့ကျောက်တုံးတွေက အချိန်မရွေးပြုတ်ကျလာနိုင်တယ်!”
အပြင်မှာ မိုးသည်းထန်စွာရွာနေပြီး တောင်ပေါ်အပူချိန်က ပုံမှန်ထက်အေးနေသည်။ အကိုယန်က နာကျင်မှုကြောင့် ဖြူဖျော့သွားသည်။
ရှန်းယုဟန်က ရှောင်လီ၏ အဖိခံထားရသဖြင့် သူ့ပခုံးက အဆစ်လဲသွားတာလားမသိပေမယ့် သူက ခံနိုင်ရည်ရှိနေသေးသည်။
အကိုယန်က ရှောင်လီကို ကားထဲမှဆွဲထုတ်ပြီး ရှန်းယုဟန်ကို ခါးပတ်ဖြည်ဖို့ပြောကာ ကားထဲကနေ အမြန်ဆွဲထုတ်လိုက်သည်။
“ရှောင်ရှန်း…မြန်မြန်!”
ရှန်းယုဟန်ကလည်း သိပ်ဂရုမစိုက်ပဲ ခါးပတ်ကိုဆွဲဖြုတ်လိုက်ပြီး ရှောင်လီနင်းခဲ့သောနေရာမှ ဖြည်းဖြည်းချင်း ခုန်ထွက်ဖို့လုပ်လိုက်သည်။ သူက မထိခိုက်ထားသည့် လက်ကိုဆန့်ကာ ရှောင်လီနှင့် အကိုယန်ကို ကမ်းပေးလိုက်သည်။
သူတို့သုံးယောက် ချောချောမွေ့မွေ့ ထွက်လာပြီးနောက် အကိုကြီးလင်း၏ ကားတံခါးကို ပိတ်ဆို့ထားသော သစ်ပင်ပင်စည်ကိုဆွဲတင်ရန် ကားရှေ့မှာ ဒရိုက်ဘာနှင့်အတူ ကြိုးစားနေသည်။ ကားတံခါးက ပုံပျက်နေပြီး အကိုကြီးလင်း၏ ခြေထောက်များကိုဖိထားသည်။ မဟုတ်လျှင် အထဲမှာနေတာလုံခြုံနေမည်ဖြစ်၏။
အကိုယန်က ပြောလာ၏။ “သစ်ပင်က အရမ်းမလေးဘူး။ ငါတို့လေးယောက် အတူဆွဲတင်လို့ရတယ်။ ခန့်မှန်းရသလောက် ချော်ပြီး ဆွဲငင်အား ကျသွားတာပဲ!”
ရှန်းယုဟန်က အကိုကြီးလင်းကိုမေးလိုက်၏။ “အကိုကြီးလင်း၊ တောင့်ခံလို့ရသေးလား?”
အကိုကြီးလင်း၏မျက်နှာက ဖြူဖျော့လာပေမယ့် သူက ခေါင်းညိတ်ပြသည်။ “နည်းနည်းလောက်တော့ တောင့်ခံလို့ရသေးတယ်!”
ဒရိုက်ဘာက တောင်ပေါ်က လှုပ်ရှားမှုကို နားထောင်လိုက်သည်။ “ငါတို့အမြန်လုပ်မှရမယ်။ ရွံနဲ့ ကျောက်တုံးတွေ ထပ်ကျလာမှာစိုးရိမ်တယ်။ သစ်ကိုင်းတွေလည်း ကျိုးကျလာနိုင်တယ်! ဘယ်ရွာသားက သစ်ပင်ခုတ်ပြီး မရှင်းသွားတာလဲမသိဘူး!”
ထိုအချိန်တွင် ရှန်းယုဟန်က သူ့ပခုံးနာနေတာကိုလည်း ဂရုမစိုက်တော့ပေ။ သူက သူ့အပိုင်းကိုသာလုပ်ပြီး ကူညီပေးနိုင်သည်။ သူက အားလုံးနဲ့အတူ သစ်ပင်ကို ဘေးသို့ဆွဲတင်လိုက်၏။
ကံကောင်းစွာပင် သစ်ပင်က ရွှေ့လို့ရဆဲဖြစ်ပြီး ဒရိုက်ဘာက အမှားအယွင်းဖြစ်နေစဥ်မှာ တည်ငြိမ်နိုင်သော လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်၍ အားလုံးက ထိတ်လန့်မသွားကြပေ။
“သုံး၊နှစ်၊တစ်၊အားလုံးပဲ…နောက်တစ်ခေါက်လောက်! ရခါနီးပြီ!”
ထို့နောက် လူတိုင်းက သစ်ပင်ပင်စည်ကို သူတို့ပခုံးနဲ့ဖိပြီး လက်ကိုတစ်ပြိုင်တည်းလှုပ််လိုက်ကြသည်။ “သုံးယောက်က ထပ်တွန်းကြ၊ ရှောင်လီ… မင်းက အကိုကြီးလင်းကို ဆွဲထုတ်လိုက်!”
ဘယ်သူမှမငြင်းဆန်ပေ!
သူတို့က တောင်ပေါ်က ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရ၏။
“မြန်မြန်! မြန်မြန်! တောင်ပေါ်မှာတစ်ခုခုရွေ့နေတယ်!”
လူတိုင်းက နောက်တစ်ကြိမ်ကြိုးစားလိုက်ကြပြီး ရှန်းယုဟန်က ထိုကိစ္စမျိုးတွင် တစ်ခါမှမပါဝင်ဖူးသဖြင့် သူက အသက်ဆုံးရှုံးရမှာကို ကြောက်နေသည်။ သူက လူတိုင်းနှင့်အတူ ကြိုးစားလိုက်ပြီး နာကျင်မှုနှင့် အအေးဒဏ်ကိုမကြောက်တော့ပေ။ လူတွေကိုကယ်ဖို့က အရေးကြီး၏!
စတုတ္ထအကြိမ်မြောက်တွန်းပြီး သူတို့က သစ်ပင်ပင်စည်ကို နည်းနည်းရွေ့နိုင်ခဲ့သည်။ ရှောင်လီက ကောက်နေသောတံခါးကို ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်ပြီး အကိုကြီးလင်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏!
“အကိုကြီးလင်း…. ခြေထောက်မြှောက်လို့ရလား?”
“ငါအဆင်ပြေပါတယ်။ ငါ့ကိုဆွဲထုတ်ပေး…. လူတိုင်းကိုမနှောင့်နှေးစေနဲ့!”
နောက်ဆုံးမှာ ရှောင်လီက အကိုကြီးလင်းကို ကားထဲကနေ မြေပြင်ပေါ် ဆွဲချလိုက်ပြီး တခြားသူများက သူတို့အားကို ဖြေလျော့လိုက်တော့ ပင်စည်က မူလနေရာမှာ ပြန်ပိတ်မိသွား၏။
“သွား..သွား…သွား!” ဒရိုက်ဘာက အကိုကြီးလင်းကို သူ့ကျောပေါ်တင်လိုက်သည်။ “မြန်မြန်သွားကြစို့!”
လူတိုင်းက ဒရိုက်ဘာ ခေါ်သွားသော နေရာကို ပြေးသွားကြ၏။
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။
ရွာသားများ ခုတ်ထစ်ထားသော သစ်ပင်ပင်စည်များက တောင်ပေါ်မှလျှောကြလာသဖြင့် အသံမှာ ကြောက်စရာကောင်းလှသည်။
သူတို့လွတ်မြောက်သွားပြီလို့ထင်ကာ လူငါးယောက်က လမ်းပေါ်တက်ဖို့ ကြိုးစားခဲ့သော်လည်း မမျှော်လင့်ထားစွာပင် သူတို့က မြေပြိုသည့် လမ်းထောင့်ကို ပြေးသွားရာ ထိုလမ်းထောင့်က သစ်ပင်ပင်စည်များနှင့် ပိတ်ဆို့နေခဲ့ပြီး ကျောက်တုံးများစွာက လမ်းပေါ်ကို ကျဆင်းလာခဲ့သည်။
ထိုအချိန်တွင် သူတို့က ရှေ့တိုးလို့မရသလို နောက်လည်းမဆုတ်နိုင်တော့ပဲ သူတို့ထဲမှာ အပြင်းအထန် ဒဏ်ရာရနေသူလည်း ရှိနေခဲ့၏။
မိုးကလည်း သည်းထန်စွာရွာနေပြီး အေးစက်နေသည်။
အကိုကြီးလင်းက ဒရိုက်ဘာ၏ကျောပေါ်မှ အားတင်းကာ ပြောလိုက်၏။ “အရင်က ဒီလမ်းကိုမြင်ဖူးတယ်။ ဒါပေမယ့် အခုချိန်မှာ မိုးအရမ်းရွာနေတော့ ငါတို့ရှာတွေ့နိုင်ပါ့မလားတော့မသိဘူး။ ရွာသူရွာသားတွေ တောင်တက်လေ့ရှိတဲ့ လမ်းတစ်ခုရှိလိမ့်မယ်။”
ရှန်းယုဟန်၏အမြင်အာရုံကမဆိုးပေ။ သူက အကိုကြီးလင်း ညွှန်ပြသောနေရာကို ထပ်ခါထပ်ခါကြည့်ပြီး လစ်လပ်နေသောနေရာမှာ လမ်းတစ်ခုတွေ့သွားခဲ့သည်။ “ဟိုလမ်းလား?”
ရှောင်လီက ရှေ့ဆက်တိုးကာ သစ်ကိုင်းကိုမလိုက်ပြီး သူမရှေ့က မြက်ပင်များကို တွန်းဖယ်လိုက်သည်။ “လမ်းတစ်ခုရှိပေမယ့် တောင်အောက်ကို ဆင်းသွားရင် ဘေးကင်းပါ့မလား? ပြီးတော့ တောင်ပေါ်က ကျောက်တုံးကြီး နောက်တစ်ခါပြိုကျလာရင် ဘယ်လိုလုပ်မလဲ?
အကိုယန်က အသံမြှင့်ကာ ပြောလိုက်၏။ “မသွားရင် ပိုအန္တရာယ်များတယ်။ တတိယအကြိမ် စတုတ္ထအကြိမ် မဖြစ်လာဘူးလို့ ဘယ်သူပြောနိုင်လဲ၊ အန္တရာယ်နည်းအောင် သွားကြည့်ကြတာပေါ့! နောက်ထပ်နာရီဝက် လမ်းလျှောက်လိုက်ရင် လျန်ရွှေရွာကိုမြင်ရမယ်လို့ ထင်တယ်။ ငါတို့ရွာရောက်တာနဲ့ ဘေးကင်းသွားမှာပဲ!”
ဒရိုက်ဘာက အကိုယန်၏ပြောစကားကို သဘောတူလိုက်ပြီး လူတိုင်းက မကန့်ကွက်ကြတော့ပေ။
ရှန်းယုဟန်က အားလုံးကို ဒုက္ခမပေးချင်တာကြောင့် သူက သူ့ပခုံးပေါ်က နာကျင်မှုကို သည်းခံကာ ဦးထုပ်ဆောင်းပြီး အကိုယန်၏အနောက်ကနေ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူက ရှောင်လီကို လက်တစ်ဖက် အရင်ကမ်းပေးလိုက်၏။
ယခုချိန်က အတော်လေးနောက်ကျနေပြီး မြူဆိုင်းကာ မိုးရွာနေ၏။ ထူထပ်သောတောကြီးမှာ အရမ်းနက်မှောင်နေပြီး ဖုန်း၏အလင်းရောင်က လမ်းကိုအလင်းမပြနိုင်ပေ။ ရေက သစ်ရွက်ပေါ်ကို ကျဆင်းနေပြီး လမ်းက အရမ်းချောနေကာ ဒရိုက်ဘာက အကိုကြီးလင်းကို သယ်ထားရသည်။ ရှန်းယုဟန်နှင့် ရှောင်လီက ခဏခဏချော်လဲနေပြီး လူတိုင်း၏အဝတ်အစားများက ရွှံ့ရေများနှင့် ပေနေကာ မြင်တောင်မမြင်ရတော့ချေ။
သို့သော် ယခုချိန်မှာ ထိုအရာကို ဂရုမစိုက်နိုင်သေးပဲ သူတို့က အန္တရာယ်ကိုသာ အာရုံစိုက်ပြီး တောင်ပေါ်မှာ လှုပ်ရှားသံရှိလား နားထောင်နေ၏။
ယင်းမှာ မှောင်နေ၍ အချက်ပြမကောင်းသဖြင့် သူတို့က လုံးဝမတွေ့နိုင်ခဲ့ပေ။ အောက်ဆင်းလိုက်တာမှန်သွားပေမယ့် တစ်နာရီနီးပါး လမ်းလျှောက်ခဲ့တာတောင် တောင်ခြေကိုမရောက်သေးပေ။
လက်ရှိမှာ အစ်ကိုကြီးလင်းကို အကိုယန်က ချီထားသည်။
ရှောင်လီက ချမ်းလွန်းလို့ နှုတ်ခမ်းတုန်ယင်နေသည်။ “ကျွန်မတို့ဘယ်ချိန်ရောက်မှာလဲ?”
ဒရိုက်ဘာ: “စိတ်မပူပါနဲ့… မိန်းကလေး… ရောက်တော့မယ်ထင်တယ်။”
ရှန်းယုဟန်က တောရိုင်းထဲမှာ ရှင်သန်ရေးဆိုင်ရာ ကျွမ်းကျင်မှုမရှိတာကြောင့် တခြားသူများကို ဒုက္ခမပေးမိစေရန် အကောင်းဆုံးကြိုးစားခဲ့သည်။
အကိုယန်၏ဖုန်းက ပါဝါကုန်သွားတာကြောင့် သူက သူ့ဖုန်းထဲက ဖလက်ရှ်မီးဖွင့်ကာ ကမ်းပေးလိုက်သည်။
နောက်နာရီဝက်လမ်းလျှောက်ပြီးနောက် ရှန်းယုဟန်၏ဖုန်းက ပါဝါကုန်သွားပေမယ့် သူတို့ဖုန်းများက လိုင်းမမိသေးပေ။
ရှောင်လီက အံ့အားသင့်နေသည်။ “ကျွန်မတို့ တောင်ပေါ်မှာပဲ ပိတ်မိနေတာလား? ကျွန်မတို့သွားနေတဲ့ လျန်ရွှေရွာနဲ့ ပိုဝေးလာသလိုပဲ”
ဒရိုက်ဘာကပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ငါအပေါ်မောင်းလာတုန်းက ဒီတောင်က ကွေ့ကောက်နေတာ၊ ယုတ္တိရှိရှိပြောရရင် လမ်းတောက်လျှောက်ဆင်းသွားမှ မှန်မှာ။”
အကိုကြီးလင်းက ပြောလာသည်။ “ကျွန်တော်တို့ လမ်းမှားသွားတာဖြစ်မယ်။ လမ်းတောက်လျှောက်ဆင်းရမယ်ဆိုရင် လမ်းအဆုံးကို ရောက်နိုင်ရမှာပေါ့။ ဒါပေမယ့် ဘာလို့ခုထိမတွေ့တာလဲ? အနောက်ဘက်ကို မှားလျှောက်မိတာဖြစ်နေမလား?”
လူငါးယောက်လုံး တိတ်ဆိတ်သွား၏။
ရုတ်တရက် ရှန်းယုဟန်က သူ့ရှေ့က တောက်ပသော အလင်းတန်းလေးတစ်ခုကို တွေ့လိုက်ရသည်။ “ကြည့်…အားလုံးပဲ… ဟိုမှာအလင်းရောင်ရှိနေတယ်။ တစ်ယောက်ယောက်ရှိနေတာလား?”
ရုတ်တရက် တိတ်ဆိတ်သွားသော လူအနည်းစုက မျှော်လင့်ချက်ရှိလာခဲ့သည်။
ထို့ကြောင့် အားလုံးက အလင်းတန်းနောက်ကိုလိုက်ကာ လျှောက်သွားလိုက်တော့ တကယ်ကိုအလင်းရောင်ရှိနေခဲ့ပေမယ့် ထပ်မံပျောက်ကွယ်သွားတာကို တွေ့လိုက်ရ၏။
ရှောင်လီက အံ့အားသင့်သွားပြီး သူမခြေလှမ်းများကို ရပ်လိုက်၏။ “ဘာလို့ပျောက်သွားတာလဲ?”
ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်၏။ “သရဲမီးများလား?”
(သရဲမီး… သရဲတွေဖန်တီးလေ့ရှိတဲ့ ပြာလဲ့လဲ့အလင်းရောင်ပါ)
လူလေးယောက်က သူ့ကိုတစ်ပြိုင်တည်းကြည့်ကာ သူတို့တစ်ကိုယ်လုံးအေးစက်သွားသလို ခံစားလိုက်ရသည်။
ရှောင်လီက ရှန်းယုဟန်ကို ရေပန်းစားသော သိပ္ပံပညာ ဗဟုသုတ ချက်ချင်းပို့ချလိုက်၏။ “သရဲမီးဘယ်လိုရှိနိုင်မှာလဲ၊ လူအရိုးထဲက ဖော့စဖရပ်ဒြပ်စင်က မီးလောင်နိုင်ချေနည်းတဲ့အတွက် နွေရာသီမှာ အဲ့လိုပြာလဲ့လဲ့အလင်းကို တွေ့ရနိုင်တယ်။ ရှောင်ရှန်း… ငါ့ကိုမခြောက်လှန့်ပါနဲ့။ အခုမိုးရွာနေတော့ တစ်ဖက်ခြမ်းမှာ တောင်ကိုရှာနေတဲ့လူတွေ ရှိနိုင်လောက်တယ်။”
ရှန်းယုဟန်က တစ်ဝက်သာ နားလည်ပေမယ့် လူတွေကို ထပ်မခြောက်တော့ပေ။ သူတို့က ငါးယောက်ရှိတာကြောင့် ကြောက်ဖို့မလိုပေ။
အကိုကြီးလင်းကပြောလိုက်၏။ “ငါတို့ကိုရှာဖို့ အပေါ်တက်လာတဲ့ လူများဖြစ်နိုင်မလား?”
သူတို့ဖုန်းများက အားကုန်သွားပြီး ယခုချိန်တွင် သူတို့က အချိန်ကိုခန့်မှန်းဖို့ ဦးနှောက်ကိုသာ သုံးနိုင်၏။ မဟုတ်ရင် သူတို့က ဆန့်ကျင်ဘက်က အလင်းတန်းကို ဖုန်းဖြင့် ဝေ့ယမ်းလိုက်ကြမှာဖြစ်၏။ အလုပ်ဖြစ်နိုင်ချေ နည်းတယ်ဆိုပေမယ့်လည်း….
သူတို့က တောင်အောက်ကိုလျှောက်လာပြီး ယခုအခါ ဗိုက်ဆာနေပြီး ပင်ပန်းချမ်းတုန်နေကြသည်။ ရှန်းယုဟန်၏ပခုံးက အအေးဒဏ်ကြောင့် ထုံကျင်နေပြီး သူက နာကျင်မှုကို သိပ်မခံစားရတော့ပေ။
ရှန်းယုဟန်က ရုတ်တရက်ချော်လဲကာ မြေပြင်ပေါ်ကျသွားပြီး သူ့အဝတ်အစားများက စိုရွှဲလေးလံကာ အတွင်းအပြင်မှာ ရေစိုနေခဲ့သည်။
ထိုအချိန်မှသာ ရှန်းယုဟန်က သူ့ပခုံးကိုအုပ်ပြီး အော်ငိုလိုက်၏။ “ဟင့်”
ရှောင်လီက သူ့ကိုမေးလိုက်၏။ “ဘာဖြစ်လို့လဲ?” သူမက ရှန်းယုဟန် သူ့ပခုံးကိုထိဖို့ ချီတုံချတုံဖြစ်နေတာကို တွေ့လိုက်ရသည်။ “ဒဏ်ရာရထားတာလား?”
ဒရိုက်ဘာက သူ့ပခုံးကို ညင်ညင်သာသာ ထိလိုက်ပြီး ရှန်းယုဟန်က မျက်မှောင်ကြုတ်လိုက်တော့ ဒရိုက်ဘာက ခန့်မှန်းလိုက်သည်။ “အဆစ်လွဲနေတာဖြစ်မယ်။ မင်းခံနိုင်သေးလား?”
ရှန်းယုဟန်က အံကြိတ်ကာ သည်းခံလိုက်၏။ “ရပါတယ်။ ကျွန်တော်မထိတော့ဘူး”
ထိုအချိန်တွင် သူက ရှန်ချီဟွမ်းကို အရမ်းလွမ်းနေသည်။ သူသာ သူနဲ့ရန်မဖြစ်ခဲ့ရင် ဒီလိုကံဆိုးမှုမျိုးကို ခံစားခဲ့ရမှာမဟုတ်ပေ။ သူက အသက်ရှင်ချင်သေးသည်။ ဘုရားသခင်က ခက်ခက်ခဲခဲ ပေးခဲ့သော ပြန်လည်မွေးဖွားခွင့်ကို မဖြုန်းတီးနိုင်ပေ။
–
ယခုချိန်တွင် မြေပြိုမှုကြောင့် တောင်ပေါ်မှ ဆင်းမလာသေးသော ရှေးဟောင်းသုတေသနအဖွဲ့နှင့် တခြားသူများက တောင်ခြေက ရှန်ချီဟွမ်းနှင့် ရွာသူကြီးကို ဆက်သွယ်ခဲ့သည်။ သူတို့က ရှန်းယုဟန်နှင့် တခြားသူများကို ဆက်မသွယ်နိုင်ခဲ့သလို အကူအညီတောင်းခံမှုကိုလည်း မရရှိခဲ့ပေ။ သူတို့က အခက်အခဲနှင့် ရင်ဆိုင်နေရသည်မှာ သိသာသဖြင့် ကြုံရာကျပန်း မခန့်မှန်းရဲကြပေ။
စိတ်အပူဆုံးဖြစ်ပြီး ထိတ်လန့်နေသော ရှန်ချီဟွမ်းက ကားထဲက လူတစ်ယောက်၏ မိသားစုဝင်ဖြစ်၏။ သူတို့က တောင်ပေါ်ကို မောင်းသွားခဲ့ပေမယ့် သူတို့မြင်လိုက်ရတာက သစ်သားအပိုင်းအစများဖြင့် ချေမွခံထားရသော ကားဖြစ်ပြီး ကားပေါ်ကလူတွေက ပျောက်ဆုံးနေ၏။ ယင်းမှာ အဆိုးထဲကအကောင်းတစ်ခုဖြစ်၏။
ရွာက တောင်ပေါ်မှာ လူရှာရန် ရွာသားတွေကို ချက်ချင်းစီစဥ်ပေးလိုက်၏။ မိုးရွာသောဤနေ့မှာ လမ်းပြဖို့လူတစ်ယောက်မှမရှိသဖြင့် လမ်းပျောက်ဖို့လွယ်သည်။ သူတို့က တခြားနေရာက လူတွေဖြစ်ပြီး ဒေသခံများမဟုတ်ပေ။
ရှန်ချီဟွမ်းက မိုးကာဝတ်ကာ ကယ်ဆယ်ရေးအဖွဲ့နဲ့ လိုက်သွားဖို့ တောင်းဆိုခဲ့ပြီး နောက်မှလိုက်လာသော ဘော်ဒီဂတ်များကလည်း အသုံးဝင်၏။
သူက စိတ်ပူနေပြီး ရှန်းယုဟန်၏ဖုန်းကို ဆက်တိုက်ခေါ်နေပေမယ့် ကံမကောင်းစွာပင် မူလက ဆက်သွယ်လို့မရသည့်ဖုန်းက စက်ပိတ်သွားခဲ့သည်။
ရှေးဟောင်းသင်္ချိုင်းက ဘာလို့အဲ့လောက်ဝေးတာလဲ… လိုင်းကလည်း အတော်ဆိုးရွားတယ်!
ကယ်ဆယ်ရေးဝန်ထမ်းက ကြေမွနေသော သစ်ကိုင်းအချို့ကိုမြင်လိုက်ရသည်။ “သူတို့ ဒီလမ်းအတိုင်းသွားခဲ့ကြတာ”
ရွာသားအချို့ကဆို၏။ “ဒီလမ်းကြောင်းက ဆန့်ကျင့်ဘက်ပဲ တောင်ဆင်းတဲ့လမ်းကြောင်းမဟုတ်ဘူး။” ရှန်ချီဟွမ်းက မေးလိုက်၏။ “သူတို့ လမ်းကြောင်းမှားသွားတာလား? အဲ့ဒီနေရာမှာ အန္တရာယ်ရှိလား?”
ရွာသားများက ပြောလာသည်။ “နွေရာသီမှာ တောင်အောက်ဆင်းလာတဲ့ တောဝက်တွေရှိတယ်။ ရာသီဥတုကအေးနေတော့ အဆင်ပြေလောက်ပေမယ့် အဲ့ဒီဘက်မှာလမ်းကရှုပ်ပြီး အန္တရာယ်များတယ်။ သူတို့ရှေ့ဆက်သွားရင် ချောက်ကမ်းပါးနဲ့ ဆုံသွားမှာစိုးရိမ်တယ်။ သူတို့ချော်ချသွားရင် ဘုရားတောင်ကယ်နိုင်မှာမဟုတ်ဘူ။ တစ်နှစ်ပတ်လုံး ချောက်ကမ်းပါးအောက်ခြေမှာ သေနေကြတဲ့ တိရစ္ဆာန်အရိုးတွေအများကြီးရှိတယ်။”
ရှန်ချီဟွမ်းက ထိုစကားကြားတော့ ဖြူဖျော့သွား၏။ “မှောင်လည်းမှောင်နေတယ်။ သူတို့မှာ ပရော်ဖက်ရှင်နယ် လမ်းညွှန်လည်းမရှိဘူး။ သူတို့ဖုန်းတွေကလည်း စက်ပိတ်သွားလို့ ဖုန်းမီးတောင် ဖွင့်လို့မရဘူး!”.
ရွာသားများက သူ့ကိုနှစ်သိမ့်လိုက်သည်။ “သူဌေး၊ မစိုးရိမ်ပါနဲ့။ သူတို့ထဲမှာ ဒဏ်ရာရထားတဲ့သူရှိလို့ အဝေးကြီးသွားနိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့လမ်းကြောင်းအတိုင်း လိုက်သွားရင် မကြာခင်တွေ့နိုင်မှာပါ။”
ဒဏ်ရာရထားသူရှိနေတယ်ဆိုသော စကားက ရှန်ချီဟွမ်းကို ပိုနာကျင်နေသည်။ သူက သူ့ဇနီး ဒဏ်ရာရခဲ့တာလားမသိနိုင်ပေ။ ကားပေါ်မှာ သွေးအနည်းငယ် စွန်းထင်းနေသည်။
မိုးစဲလာတော့ သူတို့၏ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တစ်နာရီနီးပါး ဆက်လက်လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရှိသေးပေ။
ရှန်ချီဟွမ်းကို နှစ်သိမ့်ခဲ့သော ရွာသားက မနီးမဝေးတစ်နေရာကို ညွှန်ပြလိုက်၏။ “ကြည့်ဦး၊ ဟိုမှာအလင်းတစ်ခုရှိနေတယ်?”
ရွာသားများက ချက်ချင်းအော်လိုက်သည်။ “ဟေး!”
မိုးရွာနေတာကြောင့်တစ်ဖက်ခြမ်းမှ တုံ့ပြန်မှုကိုမကြားရပေ။
ရှန်ချီဟွမ်းက ထိတ်လန့်လုနီးပါးဖြစ်နေ၏။ ဘာလို့မတုံ့ပြန်တာလဲ!
ရွာသားကထပ်ပြောလိုက်၏။ “ခုနလေးတင် အလင်းရောင်တစ်ခုရှိနေပေမယ့် အခုလုံးဝမရှိတော့ဘူး။”
ရှန်ချီဟွမ်း၏ စိုးရိမ်မှုက တစ်ဖန်မြှင့်တက်လာကာ အနည်းငယ်ရှုပ်ထွေးနေသည်။ တခြားတစ်ယောက်၏ ပြဿနာဆိုရင် သူက အကြံပေးနိုင်ပေမယ့် လက်ရှိ သူ့စိတ်ထဲမှာ အတွေးတစ်ခုသာရှိ၏။ ရှန်းယုဟန်အဆင်ပြေနေရမယ်….
အသက်ရှင်လျှက် ပြန်လာရမယ်!..
–
ရှန်းယုဟန်နှင့် တခြားသူများက မိုးခိုရန် နေရာတစ်ခုရှာတွေ့သွားပြီး ထိုနေရာတွင် ထန်းလက်များဖြင့် လူတစ်ယောက် မိုးပေးထားသော အမိုးအကာလေးရှိနေ၏။ သူတို့က မိုးတိတ်တာကို စောင့်နေခဲ့ပြီး လူတိုင်းကချမ်းတုန်နေကြသည်။ ရှန်းယုဟန်မှာ အအေးဓာတ်ရှိပြီး အအေးဒဏ်ကိုကြောက်သည်။ သူ့တစ်ကိုယ်လုံးက အေးစက်နေပြီး ခြေလက်များက ရောင်ရမ်းနာကျင်နေသည်။
လူတိုင်း၏ဖိနပ်က ရွှံ့ရေများဖြင့်ပြည့်နေပြီး သူတို့က ပင်ပန်းလွန်းတာကြောင့် စကားမပြောချင်ကြပေ။ အကိုကြီးလင်းက ခြေထောက်တစ်ဖက်ဖြင့် မတ်တပ်ရပ်နိုင်ခဲ့ပြီး တခြားသူများက သူ့ကိုမသယ်နိုင်တော့ပေ။
ထိုသည်မှာ အရှေ့မှ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လာ၍ သူတို့ သတိဝင်မလာခင်အထိဖြစ်၏။
အကိုယန်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ “ဘာကြီးလဲ?”
အကိုကြီးလင်းက တောင်တက်ရာမှာ အတွေ့အကြုံပိုရှိသဖြင့် ပြောလိုက်၏။ “တောဝက်တွေလား? သူတို့ဒေသမှာ တောဝက်တွေအများကြီးရှိတယ်လို့ ရွာသူကြီးပြောတာ ကြားဖူးတယ်။ သူတို့ကနေ့ဆိုအိပ်ပြီး ညဆို အစာရှာဖို့ထွက်ကြတယ်။”
ဒရိုက်ဘာကပြောလိုက်၏။ “ငါတို့ပြေးကြမလား ဒီမှာဆက်နေမလား? ပေါင်၇၀၀ကြီးတဲ့ဟာကြီးကို ငါတို့တိုက်နိုင်မယ်မထင်ဘူး”
သူတို့ခန့်မှန်းတာမှန်၏။ စူးစူးဝါးဝါး အော်သံများက ပိုနီးလာပြီး ရှန်းယုဟန်က ကြက်သီးထလာသည်။ အမှန်ပင် သူတို့ရှေ့မှာ ကြီးမားသော သတ္တဝါကြီးပေါ်လာပြီး တောဝက်က သူတို့ကိုကြည့်ကာ အချိန်မရွေး ပြေးဝင်လာမလိုဖြစ်နေ၏။
ဒရိုက်ဘာက တိုးတိုးလေး အော်လိုက်၏။ “အားလုံးပဲ။ မြန်မြန်ပြေးကြတော့။ သူပြေးဝင်လာရင် တဲပြိုကျသွားလိမ့်မယ်!” သူက အကိုကြီးလင်းကိုသယ်ကာ နောက်ဆုတ်သွားပြီး တခြားသူတွေကလည်း ထိုသို့လုပ်လိုက်ကြ၏။
တောဝက်ကစိတ်မရှည်တော့ပဲ တိုက်ရိုက်ပြေးဝင်လာသဖြင့် တဲကပြိုကျသွားသည်။ ကံကောင်းစွာပင် သူတို့က အပြေးမြန်၍ မဟုတ်လျှင် သူတိုအားလုံး ကြွေမွသွားနိုင်၏။
သို့ပေသိ..ဤဆူပူအုံကြွမှု၌ လူတိုင်းက လမ်းကြောင်းအမျိုးမျိုးကို ပြေးနေကြပြီး ရှောင်လီနှင့် ရှန်းယုဟန်က လမ်းကြောင်းတစ်ခုတည်းကို ပြေးကြ၏။ အကိုယန်က အကိုကြီးလင်းကို တွဲထားသော ဒရိုက်ဘာကို နောက်လမ်းကြောင်းတစ်ခုသို့ ပြေးနိုင်ရန် ကူညီပေးခဲ့သည်။
တောဝက်က ရှန်းယုဟန်နှင့် ရှောင်လီ၏လမ်းကြောင်းကို ပြေးသွားတာကြောင့် သူတို့က လုံခြုံသွားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့ရောက်လာတော့ ထိုအသံကို ရှန်ချီဟွမ်းကြားရလိုက်သည်။
နောက်ဆုံးမှာ လူကိုရှာတွေ့တော့မှာမို့ သူပျော်သင့်ပေမယ့် ထိုအစား သူ့ဇနီးက တောဝက်နှင့်တွေ့ပြီး လိုက်ဖမ်းခံနေရကြောင်း သိခဲ့ရ၏။
ရုတ်တရက် မနီးမဝေးမှ အမျိုးသမီးတစ်ဦး၏ အော်သံထွက်ပေါ်လာပြီး ကယ်ဆယ်ရေးအဖွဲ့မှ လူအများစုက ထိုနေရာကိို ချက်ချင်းပြေးသွားကြ၏။
ထိုအချိန်တွင် ရှန်းယုဟန်နှင့် ရှောင်လီက တောဝက်အလိုက်ခံနေရသဖြင့် သစ်ပင်ပေါ်ကိုသာတက်နိုင်သော်လည်း တောဝက်ရူးက သူတို့ကို အလွတ်မပေးပဲ သစ်ပင်ကို ကိိုယ်ထည်ဖြင့်တိုက်ကာ သူတို့ပြုတ်ကျလာအောင်လုပ်နေ၏။
ရှန်းယုဟန်၏လက်က နာကျင်လွန်းသဖြင့် သူက ဆက်မထိန်းထားနိုင်တော့ပဲ သူ့ကိုယ်သူဟန်ချက်ထိန်းဖို့ လက်နှင့်ခြေထောက်ကိုသာ အသုံးပြုနိုင်သည်။ သူပြုတ်တော့မှာကိုတွေ့သော ရှောင်လီကအော်လိုက်၏။
“အား! ရှောင်ရှန်း! ကိုင်ထား! ပြုတ်မကျစေနဲ့!”
ရှန်းယုဟန်က သစ်ပင်ပင်စည်ကို တင်းတင်းဖက်ထားပေမယ့် အကြာကြီး မထိန်းနိုင်တော့ဘူးလို့ ခံစားမိလိုက်ပြီး သူ့လက်မောင်းများက အတော်လေးထုံကျင်နေ၏။
“ရှောင်လီ၊ ငါ့ကိုစိတ်မပူနဲ့၊ မင်းသေချာကိုင်ထား!”
.ရှန်းယုဟန်၏လက် အောက်ကိုချော်ကျသွားသည်မှာ သူ့အားအင်အကုန် ကုန်ခမ်းသွားသလိုပင်။ သူက ရှေ့မှကျယ်လောင်သောအသံကို ကြားလိုက်ရပြီး သစ်ပင်ကိုချေမွနေသော တောဝက်က မေ့ဆေးသေနတ်ဖြင့် အပစ်ခံလိုက်ရကာ မြေပြင်ပေါ်လဲကျသွားလေ၏။
သူတို့ဆီကို တောက်ပသော အလင်းရောင်လှိုင်းလုံးတစ်ခု ရောက်လာပြီး ရှန်းယုဟန်က သူကယ်တင်ခံမှာကို သိလိုက်၏။
ပြင်းထန်သောမီးရောင်အောက်တွင် သူမျက်လုံးကိုမှိတ်ထားကာ ပြန်ဖွင့်ကြည့်မိ၏။ သစ်ပင်အောက်မှာ စိုးရိမ်တကြီးဖြစ်နေသည့် ရင်းနှီးခန့်ညားသော မျက်နှာလေးကို တွေ့လိုက်ရပြီး ထိုလူက မိုးကာဦးထုပ်ဆောင်းကာ ရှေ့ကိုပြေးလာနေ၏။
“ရှန်းယုဟန်! မင်းအဆင်ပြေလား?”
ရှန်းယုဟန်က အားကုန်လုနီးပါးဖြစ်၍ မေ့လဲခါနီးမှာ ကျွမ်းကျင်ကယ်ဆယ်ရေးသမားများက သူ့ကိုအောက်ဆင်းဖို့ ကူညီပေးလာပြီး သူမတ်မတ်ရပ်လိုက်သည်နှင့် ရှန်ချီဟွမ်းက ရှေ့တိုးကာ သူ့ကို တင်းတင်းကြပ်ကြပ် ဆွဲဖက်လာ၏။
ရှန်ချီဟွမ်းက သူ့ကိုအကြာကြီးဖက်ထားကာ ပြောလိုက်၏။ “မင်းငါ့ကို လန့်သေသွားစေချင်တာလား!”
ထိုမှသာ ရှန်းယုဟန်က အသိစိတ်ပြန်ဝင်လာပြီး သူက မိုးနံ့နှင့် ဟင်းသီးဟင်းရွက်နံကို မရတော့ပဲ သူ့ခင်ပွန်း၏ နွေးထွေးသောရနံကို ရှုရှိုက်ကာ ရှိသမျှခွန်အားဖြင့် ရှန်ချီဟွမ်းကို မှီလိုက်၏။
မတော်တဆမှုစဖြစ်ကတည်းက သူက သူများကို အခက်အခဲမဖြစ်စေဖို့နှင့် တောင်ပေါ်က အမြန်ဆုံးထွက်လာဖို့သာတွေးခဲ့ပြီး သူ့စိတ်ခံစားချက်များက တင်းမာနေခဲ့သည်။
သူက မသေခင်ကမငိုခဲ့သလို လက်အဆစ်လွဲသွားတာလည်း မငိုခဲ့ပေမယ့် ယခုလို ရှန်ချီဟွမ်းက တင်းနေအောင် ပွေ့ဖက်ထားသောအခါ သူ့မျက်လုံးများက ချက်ချင်းနီရဲလာပြီး မျက်ရည်များ လှိမ့်ဆင်းလာသည်။ သူက ဝမ်းနည်းပူဆွေးသောအသံဖြင့် အက်ရှရှပြောလိုက်၏။ “ယောကျာ်း…. ကျွန်တော့်လက်ကျိုးသွားပြီ”