Chapter 77.1
“ပြေလည်သွားပြီလား?”
အပူပေးစက်နှင့်လေအေးပေးစက်အဟောင်းသည် တဝီဝီမြည်နေပြီး ရှန်းယုဟန်ကို မှုတ်ထုတ်ပေးနေသော အပူပေးစက်လည်းရှိသဖြင့် သူ့အဝတ်စားများက ခြောက်သွေ့သွားလေ၏။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တောင်ပေါ်ကနေ ကားပေါ်အထိ ဘယ်သူ့အကူအညီမှမပါပဲ ကိုယ်တိုင်သယ်လာ၏။ သူက ပျံသန်းနေသည့်အလား လမ်းမြန်မြန်လျှောက်ကာ မြေပြင်ကချော်နေသော်လည်း မြေပြန့်တွင် လမ်းလျှောက်ခဲ့ရသလိုပင်။ ကားပေါ်ရောက်တော့ သူက ဧည့်ရိပ်သာကို တိုက်ရိုက်ပို့ပေးဖို့ ကားသမားကိုပြောခဲ့ပြီး အပြန်လမ်းမှာ ရှန်ချီဟွမ်းက သူယုံကြည်ရသည့် လက်ထောက်ချွီအား လျန်ရွှေရွာကိုသွားကာ ဆေးဘက်ဆိုင်ရာအကူအညီ အမြင့်ဆုံးပေးရန် မှာလိုက်သည်။ သူက ရွာထဲက ဆေးကုသပုံကိုမကြိုက်တာကြောင့် သူယုံကြည်လို့ရသည့် ကျွမ်းကျင်ဆရာဝန်တစ်ယောက်ကို ရှာရပေမည်။
စားပွဲပေါ်တွင် အဝါရောင်တောက်တောက် ဂျင်းရည်နွေးနွေး တစ်ပန်းကန်ရှိပြီး ရွာက အစ်မကြီးက ဖျော်ရည်ထဲဂျင်းရောကာ သူတို့ကိုပေးလိုက်၏။ သောက်ပြီးနောက် အစပ်အရသာပဲရှိနေကာ နို့ပါသည့် ဂျင်းဖျော်ရည်လို မချိုတာကြောင့် မူလအရသာဟုဆိုနိုင်သည်။
မျှော်လင့်ထားသလိုပင် ရှန်းယုဟန်၏ပခုံးက ရောင်ရမ်းနီမြန်းနေပြီး ယခုချိန်မှာ မလှုပ်ရှားနိုင်ပေ။ ရှန်ချီဟွမ်းက ရေစိုနေသော အဝတ်အစားများကို ချွတ်ကာ သူ့ကို ရေနွေးနွေးဖြင့် ချိုးပေးရန် ရေချိုးခန်းထဲခေါ်သွားခဲ့၏။ သူထွက်လာပြီးနောက် လူက ရေငွေ့ဖုံးလွှမ်းကာ ပန်းရောင်သန်းနေ၏။
သူက ကုတင်ပေါ်မှာထိုင်နေကာ ရှန်ချီဟွမ်းကို ဟိုဟိုသည်သည် လုပ်ခွင့်ပေးထား၏။ သူ့တစ်ကိုယ်လုံးသာ စိုမနေပဲ အအေးမိမှာကိုသာ မစိုးရိမ်ရင် ရှန်ချီဟွမ်းက နောက်ထပ်နာရီဝက်စောင့်မနေပဲ သူ့ကို ဆေးရုံတိုက်ရိုက်ခေါ်သွားမှာဖြစ်၏။
ရှန်ချီဟွမ်းက ဂျင်းပြုတ်ရည်ကိုသောက်ကာ သူ့ဘေးမှာထိုင်လိုက်သည်။ “အအေးမမိစေဖို့ ဂျင်းပြုတ်ရည်အရင်သောက်လိုက်။” သူက ရှန်းယုဟန်၏ပါးစပ်နားမှာ ပန်းကန်ကို တေ့ပေးလိုက်ပြီး အပူလောင်မှာစိုး၍ မှုတ်ပေးခဲ့သည်။
ရှန်းယုဟန်က သူ့ကိုသတိပေးလိုက်၏။ “အေးသွားရင် ဂျင်းပြုတ်ရည်က အာနိသင်ရှိတော့မှာမဟုတ်ဘူး။ ပူတုန်းသောက်သင့်တယ်။”
ရှန်ချီဟွမ်းက နှစ်ကြိမ်မှုတ်ပြီး သူ့ပါးစပ်ထဲထည့်ပေးလိုက်၏။ “ရော့” သူ့မျက်လုံးများက နီရဲနေဆဲဖြစ်ပြီး မျက်ရည်တွေ ဘယ်လိုကျလာမှန်းတောင် မသိချေ။ တောဝက်ကြောင့် ထိတ်လန့်သွားခဲ့လို့ ဖြစ်ပေမည်။
ရှန်းယုဟန်က လက်တစ်ဖက် ငိုက်စိုက်ကျနေပြီး နောက်တစ်ဖက်က ရှန်ချီဟွမ်း၏လက်ကောက်ဝတ်ကို ကိုင်ထားကာ သူ့လက်ထဲက ဂျင်းပြုတ်ရည်ကိုသောက်နေသည်။ အပူချိန်က သင့်လျော်ပြီး ပါးစပ်ထဲမှာ အနည်းငယ်ပူနေသေးပေမယ့် သောက်ချပြီးနောက် နေလို့ကောင်းသွားပြီး တစ်ကိုယ်လုံးက အတွင်းအပြင် ပူနွေးနေလေ၏။
ဂျင်းပြုတ်ရည်သောက်လို့ပြီးတော့ ရှန်းယုဟန်က စပ်နေသာလျှာကိုထုတ်လိုက်သည်။ ရှန်ချီဟွမ်းက ရေတစ်ခွက်ယူလာပေးတော့ သူ့ပါးစပ်ထဲက အစပ်က သက်သာသွားပြီးနောက် သူက ရှန်ချီဟွမ်းလည်း မိုးမိထားတာကို သတိရသွား၏။
ရှန်းယုဟန်က ရှန်ချီဟွမ်းကိုတွေ့တော့ သူ့မှာမိုးကာရှိပေမယ့်လည်း သူ့ဘောင်းဘီနှင့် ဖိနပ်ကစိုနေခဲ့သည်။ တောင်ပေါ်ကဆင်းလာတော့ အဝတ်အစားရေမစိုသည့် လူတစ်ယောက်မျှ မရှိသဖြင့် သူက သူ့ခင်ပွန်းကိုမေးလိုက်၏။ “ယောကျာ်း၊ ခင်ဗျား ဂျင်းပြုတ်ရည်မသောက်ဘူးလား? ခင်ဗျားလည်း တောင်ပေါ်မှာ မိုးမိခဲ့တယ်လေ”
ရှန်ချီဟွမ်းက သူ့ဇနီး သူ့ကိုစိတ်ပူပေးတာကို မကြားရတာ ကြာခဲ့လေပြီ။ “သောက်မယ်။” လတ်တလောမှာ သူတို့က စာဖြင့်သာဆက်သွယ်ကြတာကြောင့် နွေးထွေးသော စကားများကိုကြားရတာရှား၍ သူ့နှလုံးသားက ထိုစကားကြောင့် ပြေလျော့သွားလေ၏။
ဘော်ဒီဂတ်က ရှန်ချီဟွမ်းအတွက် ဂျင်းပြုတ်ရည်တစ်ပန်းကန် ယူလာပေးပြီး အရိုးအထူးကုဆရာဝန်ကလည်း ရောက်လာခဲ့သည်။
မေ့ဆေးမရှိသောကြောင့် ရှန်းယုဟန်က သည်းခံရုံသာတတ်နိုင်ပြီး ဒေါက်တာက အတော်လေးကောင်းပေမယ့် ရှန်ချီဟွမ်းက သူ၏ သန်မာတောင့်တင်းသော နောက်ကျောကိုကြည့်ကာ ရှန်းယုဟန်၏အရိုးကို ချိုးမိမှာစိုးရိမ်မိသည်။
ရှန်ချီဟွမ်းက ဂျင်းပြုတ်ရည်ကို တစ်ကျိုက်တည်းသောက်လိုက်ပြီး ဒေါက်တာကို ညင်ညင်သာသာ သတိပေးလိုက်၏။ “ဒေါက်တာ၊ သူနာမှာကြောက်လို့ ဖြေးဖြေးလုပ်ပေးပါ။”
ဒေါက်တာက အတော်လေးငယ်ပြီး သုံးဆယ်အရွယ်ဖြစ်သည်။ သူက လျန့်မင်နဲ့ ကျောင်းတူတယ်လို့ ပြောခဲ့ပေမယ့် နာမည်ကြီး တက္ကသိုလ်က ကျောင်းသားတစ်ယောက်က ခရိုင်အသေးလေးမှာ ဘာလို့နေထိုင်တာလဲ နားမလည်ပေ။
ကြမ်းတမ်းသောအသွင်အပြင်နှင့် စစ်သားထက်ပင် စစ်သားနှင့်ပိုတူသော ဆရာဝန်က အတော်လေး ခက်ထန်သည်။ “ငါအားမသုံးရင်တောင် သူနာမှာပဲ”
သူ့ခင်ပွန်းက သူနာကျင်သွားမှာကို စိုးရိမ်နေတာဖြစ်၍ ရှန်းယုဟန်က ဒဏ်ရာမရထားသောလက်ကိုသုံးကာ သူ့ကိုအပြင်ထွက်ခိုင်းလိုက်၏။ “ခင်ဗျားအပြင်ထွက်နှင့်”
ဒေါက်တာက ရှန်းယုဟန်ကို သဘောကျသော အကြည့်တစ်ချက်ပေးလိုက်၏။ ဆရာဝန်၏ ကုသမှုကို အဟန့်အတားဖြစ်အောင် အူကြောင်ကြောင်လုပ်နေသည့် ဤလူကို အခန်းထဲမှကန်ထုတ်သင့်၏။
ပြီးနောက် ရှန်ချီဟွမ်းကို အခန်းထဲမှ အောင်မြင်စွာနှင်ထုတ်လိုက်ပြီး ရှန်ချီဟွမ်းက ဘော်ဒီဂတ်နှင့်အတူ ယာယီလက်ဖက်ရည်ခန်းဖြစ်သော တခြားဧည့်ခန်းမှာ သွားထိုင်နေ၏။
လက်ထောက်ချွီက နှစ်ရက်အကြာတွင် ပြန်သွားခဲ့ပြီး ယခုသူ့အတွက် အလုပ်လုပ်ပေးနေသူမှာ ဘောဒီဂတ်လေးယောက်သာဖြစ်၏။
“တခြားသူတွေရော အဆင်ပြေလား?”
“ခြေထောက်ဒဏ်ရာရထားသူကို ခရိုင်မြို့ကိုတိုက်ရိုက်ပို့ပြီး နှောင့်နှေးမှုမရှိပါဘူး။ တခြားသူတွေက ပုံမှန်ပါပဲ။”
“ကောင်းပြီ”
ကြီးကြပ်ရေးမှူးလျန့်နှင့် တခြားသူများက တောင်အောက်ဆင်းမလာသေးပေ။ ရွာက မိုးတိတ်လျှင် တောင်ပေါ်တက်ဖို့ လူတွေစီစဥ်ထား၏။ မိုးအရမ်းရွာနေပြီး လိုင်းကလည်းမကောင်းပေ။ ရှန်ချီဟွမ်းက ကြီးကြပ်ရေးမှူးလျန့်ကို ဆက်သွယ်ချင်ပေမယ့် သူက အဆက်အသွယ်မရခဲ့ပေ။
အရာအားလုံးကို မနက်ဖြန်ထိ စောင့်ရပေမည်။
ရှန်ချီဟွမ်း ထိုအကြောင်းတွေးနေစဥ် ဘေးခန်းမှ အော်သံတစ်ခုထွက်လာပြီး သူက လက်ဖက်ရည်ခွက်ကို ချက်ချင်းအောက်ချကာ ပြေးသွားခဲ့သည်။
သူက စိတ်ပူနေသလို ရှုပ်လည်းရှုပ်ထွေးနေသည်။ သူက သူတွေးထားသလို ရှန်းယုဟန် ငိုနေသည့် မြင်ကွင်းအား မမြင်ခဲ့ရပဲ ရှန်းယုဟန်က မျက်မှောင်သာကြုတ်နေ၏။
သန်မာတောင့်တင်းသောဒေါက်တာက သူ့ပခုံးကို ဂရုတစိုက် ပြင်ပေးနေ၏။ “အဆစ်လွဲတဲ့နေရာကို ပြန်တည့်ပြီးပြီ။ နောက်ရက်အနည်းငယ်လောက်တော့ မင်းနာနေဦးမှာ။ နာတာကလည်း ခုနှစ်ရက်လောက်ဆို ပျောက်သွားမှာပါ။ မသက်မသာဖြစ်ရင် မြို့ကိုပြန်ပြီး နောက်ဆက်တွဲ CT Scan ဖတ်ဖို့ ဆေးရုံကိုသွားတာ ပိုကောင်းပါမယ်။”
“ကျေးဇူးပါ..ဒေါက်တာ” ရှန်းယုဟန်က တွန့်ကြေနေသော သူ့အဝတ်အစားကို ပြန်ဆွဲတင်လိုက်ပြီး ယခုချိန်မှာ သူက ပက်လက်အနေအထားဖြစ်နေတော့ အတော်လေး မသက်မသာဖြစ်နေ၏။
ရှန်ချီဟွမ်းက ဒေါက်တာကို ထပ်မေးလိုက်သည်။ “တခြားဂရုစိုက်ဖို့လိုတာရှိသေးလား?”
ဒေါက်တာကပြောလိုက်၏။ “ဆေးအညွှန်းပေးခဲ့မယ်။ အနားယူပြီး နွေးနွေးထွေးထွေးနေပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမလုပ်နဲ့၊ ပုံမှန်စစ်ဆေးဖို့ ဆေးရုံကိုသွားပါ။”
အချိန်အတော်ကြာ ကုသပြီးနောက် ရှန်းယုဟန်၏လက်မောင်းက နေရာတကျဖြစ်သွား၏။ ညကနောက်ကျနေပြီဖြစ်၍ ဒေါက်တာကို ကပ်လျက်အခန်းတွင် အနားယူဖို့ စီစဥ်ပေးခဲ့သည်။
ရှန်းယုဟန်သက်သာသွားတော့ ပင်ပန်းမှုနှင့် ငိုက်မျဥ်းခြင်းတို့က သူ့အပေါ်ကို လွှမ်းခြုံထားပြီး ရှန်ချီဟွမ်းကလည်း တစ်ညလုံးစိတ်ပူပြီးနောက် ပင်ပန်းနေသည်။
သူတို့နှစ်ယောက်က အနားယူဖို့ ကုတင်ပေါ်တက်လိုက်ကြသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမှီပြီး သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဒဏ်ရာရထားသောလက်ကို မထိမိအောင်ကြိုးစားနေပြီး လူကိုပွေ့ဖက်ထားချင်ပေမယ့် မဖက်ရဲပေ။ အဆုံးမှာ ရှန်းယုဟန်က သူ့လက်မောင်းထဲ အရင်ဝင်လာခဲ့သည်။
ရှန်ချီဟွမ်းက သူ့နဖူးပေါ်က ဆံပင်တွေကို သပ်တင်ပေးလိုက်၏။ “ဒီနေ့တောဝက် အလိုက်ခံနေတုန်းက အရမ်းကြောက်နေခဲ့လား?”
ရှန်းယုဟန်က မျက်လုံးကိုမှိတ်ထားကာ ခဏလောက်စဥ်းစားလိုက်၏။ “မကြောက်ပါဘူး။ ဒါပေမယ့် အခုစဥ်းစားကြည့်တော့ ကြောက်ခဲ့သင့်တယ်။”
“မင်း သစ်ပင်ပေါ်လည်း တက်ခဲ့တယ်မလား၊ ဘယ်လိုတက်သွားတာလဲ?” ရှန်ချီဟွမ်းတွေးနေသည်မှာ သစ်ပင်တက်တာက ရှန်းယုဟန်အတွက် အဆင်မပြေလောက်ပေ။ သူက ထိုသို့ကြမ်းတမ်းသော အရာမျိုးကို မလုပ်ဖူးဘူးလေ။
ရှန်းယုဟန်က ခေါင်းကို အသာအယာ ခါလိုက်၏။ “မမှတ်မိဘူး။ ရှောင်လီနှင့် ကျွန်တော်က တောဝက်မိသွားမှာကြောက်လို့ အဲ့ဒီအချိန်တုန်း ဆက်တိုက်ပြေးနေခဲ့တာ။ သူက ကျွန်တော့်ကို သစ်ပင်ပေါ်တက်ဖို့ အော်ပြောခဲ့လို့ ကျွန်တော် သူမနဲ့အတူ တက်လိုက်တာ။ အနာဂတ်မှာ သူမက ကျွန်တော့်ကို သစ်ပင်တက်ဖို့ပြောလာရင်တော့ ကျွန်တော်မလုပ်နိုင်တော့မှာ စိုးရိမ်တယ်။ အဲ့ဒီအချိန်က ဘယ်လိုတက်သွားလဲမသိပေမယ့် အပေါ်ရောက်သွားခဲ့တယ်။” လှုပ်ရှားမှုများက မြန်ဆန်သေသပ်ပြီး ထိုသည်မှာ ထိတ်လန့်စရာတစ်ခုခုကို ကြုံတွေ့ရစဥ် ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုလို့ သူကထင်ခဲ့သည်။ ထိုအရာကို သိပ်ဂရုစိုက်စရာပင် မလိုတော့ပေ။ သူချောချောမွေ့မွေ့ ပြန်ရောက်လာတာကပဲ အကောင်းဆုံးဖြစ်နေလေပြီ။
သူက ရှန်ချီဟွမ်း ရှိနေသောကြောင့် သက်တောင့်သက်သာ ရှိနေတာဖြစ်နိုင်၏။ ရှန်းယုဟန်က သူ့မျက်ခွံကိုမဖွင့်နိုင်တော့ပဲ စကားပြောပြီးတာနဲ့ ရှန်ချီဟွမ်းကိုမှီကာ အသက်ကိုဖြည်းဖြည်းချင်းရှုလိုက်၏။
ရှန်ချီဟွမ်းက သူ့ကို တိုးတိုးလေးမေးလိုက်၏။ “အိပ်သွားပြီလား?” တုံ့ပြန်မှုလည်းမရှိတော့ အိပ်ပျော်သွားတာဖြစ်ပေမည်။
ရှန်းယုဟန်က ယနေ့မှာ အများကြီးကြုံတွေ့ခဲ့ရပြီး တောင်ပေါ်ကို နှစ်နာရီ၊ သုံးနာရီကြာအောင် လမ်းလျှောက်ခဲ့ရသည်။ မိုးရေထဲမှာ အချိန်အကြာကြီးနေခဲ့ရပြီး တောဝက်လိုက်တာကို ခံခဲ့ရသည်။ ဤသည််မှာ လူအများစုနှင့် သက်ဆိုင်သော အတွေ့အကြုံမဟုတ်ချေ။ အတိုချုပ်ပြောရရင် ရှန်းယုဟန်က လှုံ့ဆော်ခံခဲ့ရတာနှင့်တူ၏။ သူ တစ်ခုခုဖြစ်နေပြီလို့ ကြားလိုက်တာနဲ့ ရှန်ချီဟွမ်း၏ စိုးရိမ်စိတ်က မရပ်တန့်ခဲ့ပေ။
ယခုအဆင်ပြေပြီး သူ့လက်မောင်းထဲမှာ ရှိနေတာကြောင့် သူထပ်ပြေးလို့မရတော့ချေ။
ထိုအကြောင်းတွေးမိတော့ သူက သူတို့နှစ်ယောက် ဘာလို့ရန်ဖြစ်ခဲ့တာလဲပင် သတိမရတော့ပေ။
ရှန်ချီဟွမ်းက စဥ်းစားပြီးနောက် မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။
–
နောက်တစ်နေ့တွင်။
မိုးတိတ်သွားပြီး တောင်ပေါ်မှာရှိနေသော ရှေးဟောင်းသုတေသနအဖွဲ့အစည်းက တစ်ယောက်ပြီးတစ်ယောက်ဆင်းလာ၏။ ကြီးကြပ်ရေးမှူးလျန့်နှင့် တခြားသူများ တောင်ပေါ်ကဆင်းလာပြီးနောက် သူတို့က အစည်းအဝေး ချက်ချင်းလုပ်ကာ ချက်ချင်းဆိုသလိုပင် တူးဖော်ရရှိထားသော ယဥ်ကျေးမှုအမွေအနှစ်များကို ပြတိုက်သို့ တိုက်ရိုက်ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး သေချာသန့်စင်ကာ အထောက်အထားဖော်ထုတ်ဖို့ စီစဥ်ခဲ့ကြ၏။ သည်းထန်စွာရွာသွန်းခဲ့သောမိုးက သူတို့ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့သည်။
ကြီးကြပ်ရေးမှူးလျန့်၏အတွေးများက ရှန်ချီဟွမ်း ပြောခဲ့သည့် အကြံဉာဏ်ကို လက်ခံခဲ့သည်။
ထိုအချိန်မှာ ရှန်းယုဟန်က အိပ်ရာထလာပြီး သက်ပြင်းမောချလိုက်၏။
မနေ့ညက မိုးမိထား၍ သူ့လက်မောင်းက နာကျင်နေပေမယ့် သူက အအေးမမိသလို အဖျားလည်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ မနက်နိုးလာသောအခါ ရှန်ချီဟွမ်း၏ အသက်ရှူသံ လေးလံပူနွေးနေတယ်လို့ ခံစားလိုက်ရ၏။ ထိုမှသာ တကယ်ဖျားနေသူမှာ သူ့ခင်ပွန်းဖြစ်ကြောင်းသိခဲ့ရသည်။
သူနိုးလာတော့ လက်ထောက်ချွီကိုခေါ်လိုက်သည်။ သူက ရှန်ချီဟွမ်း ဒီကိုမလာခင် ဗိုက်နာပြီး အအေးမိထားမှန်းသိခဲ့ရသည်။ ဒီရောက်လာတော့ သူက ဒေသပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမဖြစ်တာကြောင့် အအေးထပ်မိသွားပြီး ပြန်မကောင်းသေးပေ။
မနေ့ကဆိုရင် သူက ရှန်းယုဟန်ကို စိတ်ပူနေခဲ့ပြီး မိုးမိခဲ့သည်။ သူက စိတ်ရောကိုယ်ပါ တုန်လှုပ်နေခဲ့ပြီး ထိုသည်မှာ မနေ့ညက ထိန်းထားရသော စိတ်ခံစားချက်များနှင့် ရောဂါလက္ခဏာများ ထွက်ပေါ်မလာခင်အထိဖြစ်၏။
ရှန်းယုဟန်က စောင်ထူထူခြုံထားပြီး ကုတင်ပေါ်မှာလှဲနေသော ရှန်ချီဟွမ်းကိုကြည့်ကာ အကြောင်းပြချက်မရှိ ရယ်မောမိသွားသည်။ သူအရင်က သူ့ခင်ပွန်း၏ အရမ်းနုနယ်နေသောပုံစံကို မမြင်ဖူးချေ။ ယင်းမှာ သူ့အပြစ်သာဖြစ်၏။ သူသာ ဒီကိုရောက်မလာရင် သူ့ခင်ပွန်းက သူ့ကိုစိတ်ပူပြီး လိုက်ဖမ်းခဲ့မှာမဟုတ်ချေ။ သေချာတာကတော့ သူ ဒီလိုမလုပ်ခဲ့ရင် သူက သူ့ခင်ပွန်း၏ နှလုံးသားထဲမှာ အရေးပါကြောင်း သိခဲ့ရမှာမဟုတ်ပေ။
မနေ့ညက အရိုးအထူးကုဆရာဝန်က မပြန်ခင် တစ်ကြိမ်လာကြည့်ခဲ့ပြီး ဆေးရုံမှာ သွားစစ်ဆေးဖို့ အကြံပေးခဲ့သည်။ သူက ရှန်းယုဟန်အတွက် ပြင်ပလူနာဆရာဝန်တစ်ယောက် ညွှန်းပေးထားတာမို့ ဖုန်းခေါ်လိုက်ရုံပင်။
ဖျားနေသောရှန်ချီဟွမ်းက ဘယ်မှမသွားချင်ပေ။ သူက ပိုးသတ်ဆေးသောက်ကာ ခေါင်းမာမာဖြင့် ဆက်အိပ်နေပြီး ရှန်းယုဟန်က ဘာမှလုပ်စရာမလိုခဲ့ပေ။
ရှန်ချီဟွမ်း နာမကျန်းဖြစ်နေချိန်မှာ ရှန်းယုဟန်က ကြီးကြပ်ရေးမှူးလျန့်ကို သွားတွေ့ခဲ့သည်။ အလုပ်နှင့်သက်ဆိုင်သော ဒဏ်ရာကြောင့် လက်ရှိမှာ သူအလုပ်လုပ်ဖို့ အဆင်မပြေသေးပေ။ သူက အလုပ်ပြန်မဝင်ခင် အချိန်ကာလတစ်ခုအထိ အနားယူဖို့လိုသည်။ သေချာတာက သူ့ကိုအလုပ်ပြန်ဝင်ရန် တိုက်တွန်းဖို့မဖြစ်နိုင်ချေ။
ကံကောင်းစွာပင် ရှန်းယုဟန်က ကြီးကြပ်ရေးမှူးလျန့်နှင့် တွေ့ခဲ့ပြီးနောက် ယဥ်ကျေးမှုအမွေအနှစ်များကို ဒေသန္တရပြတိုက်သို့ အရင်ရွှေ့ထားရသဖြင့် ရှန်းယုဟန်၏အလုပ်က ပြတိုက်ကိုပြောင်းရွှေ့ရနိုင်ကြောင်း သူမကပြောခဲ့သည်။ သူတို့၏ မနေ့ကဖြစ်ရပ်ကြောင့် ကြီးကြပ်ရေးမှူးလျန့်က ပိတ်ရက်တစ်ပတ်ပေးခဲ့၏။
ခေတ်မီအားလပ်ရက်ကို ရုတ်တရက် ခံစားခဲ့ရသော ရှန်းယုဟန်က ဖော်မပြနိုင်သော ခံစားချက်များရှိနေ၏။ တကယ်တော့ သူက ဤနေရာမှာ အလုပ်လုပ်တာ သိပ်မကြာသေးသလို ရှေးဟောင်းသုတေသနအဖွဲ့အစည်း၏ ဝန်ထမ်းလည်းမဟုတ်သော်ငြား သူက အလုပ်အတွက် ခိုင်မာမှုရှိသော ခေတ်သစ်လူသားတစ်ယောက်လိုပင် အလွန်ပျော်ရွှင်နေ၏။ သူ ခရီးထွက်လာခဲ့တာ အချည်းနှီးမဟုတ်ခဲ့ပဲ ဤခေတ်သစ်လူ့အဖွဲ့အစည်းကို ဖြည်းဖြည်းချင်းဝင်ဆံ့လာ၏။ ထို့အပြင် ခေတ်သစ်လူသားများက သူ့အထောက်အထားကို ဘယ်တုန်းကမှ မေးခွန်းမထုတ်ဖူးချေ။
အဲ့ဒါက အတော်လေးကောင်း၏။