Chapter 84.2
“အမွေခွဲခြင်း”
ပန်းချီဆွဲတာနှင့်ယှဥ်လျှင် ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းမှာ ပိုအရေးကြီးသော ကိစ္စများရှိ၏။
ထိုနေ့က ကုပီချင်း ရှန်ထျန်းဖုန်းကို ဆေးရုံမှာသွားတွေ့ကတည်းက သူမက သူမသားကို ရှန်းယုဟန်နဲ့ ခွဲပစ်လို့မရဘူးဆိုတာသိခဲ့သည်။ သူမက အချိန်အကြာကြီး ရပ်ထားကာ စုံစမ်းစစ်ဆေးပြီးနောက် ရှန်းယုဟန်၏ ပန်းချီကားတစ်ချပ်စျေးက သူမ သူ့ကိုကမ်းလှမ်းခဲ့သော ပမာဏထက် ပိုများကြောင်းသိလိုက်ရသည့်အပြင် ရှန်ထျန်းဖုန်းကလည်း သူ့ကို ရှယ်ရာတချို့လွှဲပေးဦးမှာဖြစ်ပြီး သူက အမြတ်ဝေစုရသွားရုံနဲ့ တစ်ဘဝလုံးရှင်သန်လို့ရလေသည်။
သူမက ပိုမုန်းလာ၏! ရှန်ထျန်းဖုန်းက အပြင်လူကိုတော့ ဒီလိုဆက်ဆံနိုင်ပြီး သူမကိုတော့ လုံးဝဂရုမစိုက်ပေ!
ကုပီချင်း၏ ပေါ်လာမှုကြောင့် ရှန်ထျန်းဖုန်းက မိသားစုအစည်းအဝေးကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့နေနဲ့စစ်ဆေးပြီးနောက် ရှန်ဂရုပိုင်ဆိုင်မှုကို ခွဲဝေပေးဖို့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ခဲ့သည်။
ယနေ့တွင် မိသားစုအစည်းအဝေးရှိသည်။ ရှန်ထျန်းဖုန်းက လူတိုင်းကို အိမ်ခေါ်ခဲ့ပြီး ယခုတစ်ကြိမ် ပြန်ရမယ့်အချိန်က နေ့လည် ၂နာရီသတ်မှတ်ထားသည်။ ပုံမှန်လို ညစာစားချိန်အစား ရှန်ထျန်းဖုန်းက ဆက်မလုပ်ချင်တော့တာ သိသာသည်။ မိသားစုက မိသားစုမဟုတ်တော့တာကြောင့် လိုအပ်တာထက် ပိုလုပ်ဖို့မလိုတော့ပေ။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အချိန်မီရောက်လာကြပြီး မနောက်ကျသလို စောလည်းမစောပေ။
ကုပိီချင်းကလွဲရင် တခြားအိမ်တော်သုံးအိမ်မှ လူတွေလည်း ရှိနေခဲ့သည်။
ရှန်ချီဟွမ်းက နောက်ဆုံးမှာ ရှန်ချီယွမ်နှင့် တခြားသူများနှင့်အတူ ထိုင်ဖို့ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်က နောက်ဆုံးအကြိမ် အကြာကြီးစကားပြောခဲ့ပြီးနောက် ရှန်ချီဟွမ်းက သူ့အစ်ကိုကြီးကို ထပ်မတွေ့ခဲ့ရပေ။ ယခုတစ်ကြိမ်တွင် သူက သူ့အစ်ကိုကြီး တစ်လအတွင်း ကိုယ်အလေးချိန် အများကြီးကျဆင်းသွားတာကို တွေ့ခဲ့ရသည်။
ရှန်ချီယွမ်က သူ့ကို အမှန်အတိုင်းမပြောချင်သော်လည်း သူက သူ့အစ်ကိုကြီးကို ဂရုစိုက်သေးသည်။ “အစ်ကိုကြီး… ခင်ဗျားဘာလို့ အဲ့လောက်ဝိတ်ကျသွားတာလဲ? နေမကောင်းလို့လား?”
ရှန်ချီယွမ်က သူ့ပခုံးကိုပုတ်လိုက်သည်။ “အဆင်ပြေပါတယ်၊ လတ်တလော စားချင်စိတ် သိပ်မရှိလို့ပါ။ အရင်ပြဿနာပါပဲ။”
ရှန်ချီဟွမ်းကခေါင်းညိတ်ပြီး ယင်းမှာ စားချင်စိတ်ပျောက်တယ်လို့တော့ မထင်ပေ။ သူက အကြီးဆုံးမရီးကိုကြည့်လိုက်တော့ အပူအပင်မရှိသလို သူ့အစ်ကိုကြီးကိုလည်း ဂရုမစိုက်ပေ။ ဒီစုံတွဲကိုတော့ သူလုံးဝနားမလည်နိုင်ဘူး..
.
ရှန်းယုဟန်က သူ့အတိုင်းလိုက်ကြည့်ပြီး တူညီသောအရာကို သတိထားမိသွားကာ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဘာမှမပြောပြပေ။
ရှည်လျားသောအစည်းအဝေးစားပွဲကြီးသည် အိမ်တော်တစ်ခုစီက လူများနှင့် တဖြည်းဖြည်းပြည့်လာပြီး သူတို့ဆန့်ကျင်ဘက်မှာ ရှန်ချီယွင်နှင့် ကြင်စနီးဇနီးတို့ ထိုင်နေကြသည်။
ကိစ္စတော်တော်များများကို ကြုံတွေ့ရပြီးနောက် ရှန်ချီယွင်က ပြောင်းလဲသွားပုံရပြီး သူ့မျက်လုံးများက မသတီစရာကောင်းနေဆဲပင်။ သူရှန်းယုဟန်ကို ကြည့်လိုက်သောအချိန်မှာ ပိုအေးစက်နေသည်။
ရှန်ထျန်းဖုန်းက ဥပဒေရေးရာအဖွဲ့နှင့်အတူ ထွက်လာခဲ့ပြီး သူက အချိန်နည်းနည်းဖြင့် နားလန်ထူလာခဲ့လို့ သူ့စိတ်အခြေအနေက ကောင်းမွန်နေသည်။
နောက်ဆုံးမှဝင်လာတာက ကုပီချင်းဖြစ်ပေမယ့် သူမ၏အမူအရာက အတော်လေးဆိုးရွာနေပြီး သူမက ကလေးများကိုကြည့်လိုက်တော့ သူတို့အားလုံးက သူမနဲ့ မရင်းနှီးတာကို တွေ့ခဲ့ရသည်။
“ရှန်ထျန်းဖုန်း၊ ရှင်ဘာပြောချင်တာလဲ၊ မြန်မြန်ပြော” သူမက ရှန်မိသားစုကို ဘယ်လိုခွဲဝေပေးမလဲ ကြားချင်နေသည်။
ရှန်ထျန်းဖုန်းက သူမကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ငါတို့ရှန်မိသားစုရဲ့ စီးပွားရေးက ကြီးမားလို့ ပိုင်ဆိုင်မှုခွဲဝေတာက မင်းတို့အားလုံး ဂရုစိုက်ရမယ့်အရာပဲ။ ငါ နှစ်ပေါင်းများစွာ စဥ်းစားဆင်ခြင်ပြီး ဆယ်ကြိမ်ထက်မက ပြန်သုံးသပ်ခဲ့လို့ အခုချိန်မှာ ထပ်မပြောင်းတော့ဘူး။ ဒီတော့ ငါ ပိုင်ဆိုင်မှုကို တိုက်ရိုက်ခွဲဝေပေးလိုက်မယ်။ ဒီမတိုင်ခင်က မင်းတို့အတွက် အကျိုးရှိမယ်လို့ ယူဆတဲ့ ရန်ပုံငွေ ဆယ်ဘီလီယံကို ထူထောင်ခဲ့တယ်။ တစ်ယောက်ချင်းစီက အဲ့ဒီထဲကနေ လတိုင်းမုန့်ဖိုးရမယ်။ ငါထွက်သွားရင်တောင် မင်းတို့ စည်းစိမ်ဥစ္စာတွေ ဖြုန်းတီးပစ်လို့ လမ်းပေါ်မရောက်စေရဘူး။ လူတိုင်းက ဒါကိုကန့်ကွက်မယ်လို့ ငါမထင်ဘူး။”
သူက ဒီနေရာမှာ သူ့ဇနီးတွေကိုမဟုတ်ပဲ သူ့ကလေးတွေကို ရည်ညွှန်းနေတာဖြစ်၏။
ရှန်းယုဟန်က အံ့သြနေသည်။ ဆယ်ဘီလီယံမှာ ဇီးရိုးဘယ်နှစ်လုံးပါလဲ…
နောက်အပိုင်းကတော့ အဓိကပွဲဖြစ်၏။
မကြေညာခင်မှာ ရှန်ထျန်းဖုန်းကပြောလိုက်သည်။ “ငါမင်းတို့အားလုံးကို နှစ်တွေအကြာကြီး စစ်ဆေးပြီးပြီ၊ ဘယ်သူက အရည်အချင်းအရှိဆုံးလဲ၊ ဘယ်သူက ရှန်ဂရုကို ထိန်းသိမ်းနိုင်စွမ်းရှိလဲ၊ ငါအားလုံးစဥ်းစားပြီးပြီ၊ ဒါကို တရားမျှတတယ် မမျှတဘူးလို့မတွေးကြနဲ့။ မင်းတို့အောင်မြင်မှုက မင်းတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပဲ၊ ပြီးတော့ မင်းတို့ရမယ့်ဝေစုက မင်းတို့အရည်အချင်းနဲ့ သက်ဆိုင်တယ်။ ဒီစကားတွေကို ငါပြောပြနေတာက ရှန်မိသားစုက အလှည့်အပြောင်းတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရတာမို့ ငါနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာတွေကို ရေမြောင်းထဲမကျသွားစေချင်လို့ပဲ။”
ရှန်ထျန်းဖုန်းက လူတိုင်း၏အမူအရာကို စစ်ဆေးကာ နောက်ဆုံးမှာ သက်ပြင်းချပြီးပြောလိုက်သည်။ “ရှေ့နေကြီး၊ ကျွန်တော့်ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးပါ။”
ရှန်ထျန်းဖုန်းနောက်ကို နှစ်ပေါင်းများစွာလိုက်ခဲ့သော ရှေ့နေက စာရွက်စာတမ်းတစ်ခု ချက်ချင်းဖွင့်လိုက်သည်။
ဤသည်မှာ နှစ်ပေါင်းများစွာ သေချာစဥ်းစားထားသော ရှန်ထျန်းဖုန်း၏ဆုံးဖြတ်ချက်ဖြစ်သည်။ သူက အာဏာကိုလွှဲမပြောင်းပေးချင်ပေမယ့် သူ့ခန္ဓာကိုယ်က သူ့ကို ပြင်းပြင်းထန်ထန် အလုပ်လုပ်ခွင့်မပေးတော့ပေ။ နောက်နှစ်နှစ်ဆိုရင် သူက ၇၀ ပြည့်မှာဖြစ်ပြီး သူက အနားမယူချင်ပေမယ့် သူ့နှလုံးက အသက်အရွယ်နှင့် လိုက်လျောညီထွေမဖြစ်သလို သူ့ခန္ဓာကိုယ်ကလည်း သူ့စိတ်ကို ထိန်းမထားနိုင်ပေ။
ရှန်မိသားစုအောက်တွင် ကုမ္ပဏီရှစ်ခုရှိပြီး လေးခုက ရှန်ဂရု၏ အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သော ယွမ်ဖန့်၊လင်းဖန့်၊ ဟုန်ဖန့်နှင့် ကျင်းဖန့်တို့ဖြစ်သည်။ လူတိုင်းက ဤအသားလေးပိုင်းကို မျက်စိကျနေပြီး ယင်းမှာ လတ်တလော အာဏာလု တိုက်ခိုက်ပွဲတွေ ပြင်းထန်လာသော အကြောင်းအရင်းလည်းဖြစ်၏။ လူတိုင်းက သူတို့ကိုလိုချင်ကြသည်။
ယနေ့က ရှန်ထျန်းဖုန်း၏ ပိုင်ဆိုင်မှုကို ကြေညာသော အစည်းအဝေးပွဲတင်မဟုတ်ပဲ မိသားစုဖြိုခွဲဖို့ တွေ့ဆုံတာလည်းဖြစ်သည်။ ဤနေရာက သူပြောဆိုခွင့်ရှိသောနေရာမို့ ဘယ်သူကမှ ကန့်ကွက်မှာမဟုတ်ပေ။
ရှေ့နေက ရှန်ထျန်းဖုန်း၏ဆုံးဖြတ်ချက်ကို တစ်ခုချင်းထုတ်ပြန်ပြီး မိသားစု၏ ပြန့်ကျဲနေသော ပိုင်ဆိုင်မှုများဖြစ်သည့် အိမ်ခြံမြေများနှင့် ငွေသားများကို ပင်မအိမ်တော်ကလွဲပြီး တခြားအိမ်တော်များကို အချိုးကျခွဲဝေပေးခဲ့သည်။ သို့သော် ဤအရာက အဓိကမဟုတ်ပဲ သူတို့အတွက် အရေးကြီးဆုံးက ကုမ္ပဏီလေးခု၏ရှယ်ယာများကို ဘယ်လိုခွဲဝေပေးမှာလဲဖြစ်၏။
“ချက်ချင်းအကျုံးဝင်ပါပြီ၊ ရှန်ချီဟွမ်းက ယွမ်ဖန့်ဂရု၏ အမှုဆောင်ဒါရိုက်တာရာထူးကို ရရှိပြီး မစ္စတာရှန်ထျန်းဖုန်းရဲ့ ရှယ်ယာ ၅၅% ကို အမွေဆက်ခံပါမည်။”
“ချက်ချင်းအကျုံး ဝင်ပါပြီ၊ ရှန်ချီဟွမ်းက လင်းဖန့်ဂရု၏ အမှုဆောင်ဒါရိုက်တာရာထူးကို ဆက်ဆံပြီး ရှယ်ယာ ၃၀% ကို ကိုင်ဆောင်မည်။ ရှန်ချီယွမ်က ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ရှယ်ယာ ၁၀% ကို ရယူပါမည်။”
“ချက်ချင်းအကျုံးဝင်ပါပြီ၊ ရှန်ချီဟွမ်းက ဟုန်ဖန့်ဂရု၏ အမှုဆောင်ဒါရိုက်တာရာထူးကို လွှဲပြောင်းယူပါမည်….”
“ချက်ချင်းအကျုံးဝင်ပါပြီ၊ ရှန်ချီဟွမ်းက ကျင်းဖန့်ဂရု၏ အမှုဆောင်ဒါရိုက်တာရာထူးကို လွှဲပြောင်းယူပါမည်။…”
ဒုတိယမဒမ်၏စိတ်ထဲမှာ တုန်လှုပ်သွားပြီး သူမက ရှေ့နေကို နှောင့်ယှက်လိုက်သည်။ “နေပါဦး၊ ရှေ့နေကျန်း…. ရှင်နာမည်မှားနေတာလား?”
ရှေ့နေကျန်းက ခေါင်းညိတ်ပြသော ရှန်ထျန်းဖုန်းကိုကြည့်လိုက်သည်။ “ဆက်ပြောမယ်”
တတိယမဒမ်နှင့် စတုတ္တမဒမ်က မှုန်ကုပ်ကုပ်မျက်နှာထားများ ရှိကြသည်။
မစိုးရိမ်ပါနဲ့ နောက်ထပ်ကုမ္ပဏီလေးခုကျန်သေးတယ်.. သူတို့မှာအခွင့်အရေးရှိမှာပါ။
ရှေ့နေက ဆက်ဖတ်လိုက်သည်။
ရှန်းယုဟန်က အိပ်ပျော်ခါနီးမှာ သူ့နာမည်ကိုကြားလိုက်ရသည်။
ဟင်?
ကွဲပြားသောမျိုးရိုးနာမည်က ရှန်မျိုးနွယ်စုကြားမှာပေါ်လာပြီး ယင်းမှာ ဆီပူပူထဲကို ရေတစ်စက်ကျသွားသလိုပင် ပေါက်ကွဲထွက်သွားခဲ့သည်။
တတိယမဒမ်က နောက်ဆုံးမှာပေါက်ကွဲသွားသည်။ “ထျန်းဖုန်း၊ ဒါဘာကိုဆိုလိုတာလဲ? ရှန်းယုဟန်ရဲ့မျိုးရိုးက ရှန်မဟုတ်ဘူး။ သူကဘယ်လိုအရည်အချင်းပြည့်မီမှာလဲ….”
ရှန်ထျန်းဖုန်းကပြောလိုက်သည်။ “ဒါက သူ့အဘိုးထိုက်တန်တာကို သူ့ကိုလွှဲပေးနေတာ။ ဘာမှပြောစရာမလိုဘူး။ ရှေ့နေကျန်း…. ဆက်ပြောပါ။”
ဒီမိသားစုပိုင်ဆိုင်မှုခွဲဝေတာက တော်တော်ကို တရားမမျှတတာပဲ!
သူတို့စိတ်ဆိုးနေသာအကြောင်းအရင်းက ရှယ်ယာနည်းနည်းပဲရလို့မဟုတ်ပဲ ရှန်ချီဟွမ်းတစ်ယောက်တည်းက ရှန်ထျန်းဖုန်း၏ရှယ်ယာအားလုံးနီးပါး ရခဲ့လို့ဖြစ်သည်။
ယွမ်တစ်ရာခွဲပြီး သူနဲ့သူ့ဇနီးက 99 ယွမ်ရပြီး တခြားသူတွေကို တစ်ယွမ်ပေးနေသလိုပင်!
ဘာအကြောင်းကြောင့်လဲ?
အား….ဘာလို့လဲ?
လူတိုင်းက ရှန်ချီဟွမ်းကို အားကျမနာလိုဖြစ်နေချိန် ရှန်ချီဟွမ်းက တခြားသူတွေထက် မျက်မှောင်ပိုကြုတ်ထားသည်။
ဒါလုံးဝမမျှတဘူး။ အနာဂတ်မှာ သူက ဘယ်လောက်ထိတောင် အလုပ်လုပ်ရမှာလဲ?
ရှန်ချီဟွမ်းက သူဝင်လာတုန်းက သူ့အစ်ကိုကြီး သူ့ကို ဘာလို့ ပခုံးပုတ်ခဲ့လဲ နောက်ဆုံးမှာ နားလည်သွားခဲ့သည်။
သူ ရှန်ချီယွမ်ကိုကြည့်လိုက်တော့ ရှန်မိသားစုမှာ နှစ်နှစ်ဆယ်နီးပါးအလုပ်လုပ်ခဲ့သော ရှန်ချီယွမ်က သူ့ကို လွတ်မြောက်သွားသော အပြုံးတစ်ပွင့်ပေးခဲ့သည်။
ထိုအချိန်တွင် ကုပီချင်း၏လက်သည်းက သူမလက်ဖဝါးထဲ ထိုးစိုက်မိသွားပြီး သူမသာ ပင်မအိမ်တော်၏ အနိုင်ရရှိသူဖြစ်တာ သိသာပေမယ့် သူမမျက်နှာက တခြားအိမ်တော်များထက် ပိုဆိုးနေသည်။
သူမနားမလည်ပေ။ ဒါတွေကို ရှန်ချီယွမ် ထိုက်တန်တာသိသာပေမယ့် ဘာလို့ ရှန်ချီဟွမ်းလဲ? ဘာလို့ သူတစ်ယောက်တည်းလဲ?
သူမ လောင်စန်းကို စော်ကားမိပြီးမှ သူက ရှန်မိသားစု၏ခေါင်းဆောင်ဖြစ်လာတယ်!
သူမနားလည်ပြီ၊ ရှန်းထျန်းဖုန်းက သူမကို တကယ်မုန်းတာပဲ!
တစ်ဖက်ကကြည့်ရင် သူနိုင်ခဲ့တယ်။
တစ်ဖက်ကကြည့်ရင် သူအပြတ်အသတ်ရှုံးပြီး ဘယ်တုန်းကမှ အနိုင်မရခဲ့တာဖြစ်မည်။
ရှန်အိမ်တော်က ထွက်ခွာတော့ ရှန်ချီဟွမ်းက ရှန်ချီယွမ်ကို ကားထဲခေါ်သွားကာ ရှန်းယုဟန်က ဘေးမှာထိုင်နေသည်။ သူက ကုမ္ပဏီတစ်ခုအမွေရခဲ့တာကို မမှုပဲ အတင်းအဖျင်းနားထောင်ချင်ရုံသာဖြစ်၏။
ရှန်ချီဟွမ်းက သူ ရှန်ချီယွမ်၏ လှည့်စားခံလိုက်ရတယ်လို့ ခံစားမိသည်။ “အစ်ကိုကြီး၊ ဒါဘာကိုဆိုလိုတာလဲ? ခင်ဗျား အဖေ့ကို ဖျောင်းဖျခဲ့တာလား? ကျွန်တော်ဒါတွေမလိုချင်ဘူးဆိုတာ ခင်ဗျားသိရဲ့သားနဲ့!”
ရှန်ချီယွမ်က ထိုင်ခုံပေါ်မှာမှီပြီး သူ့ခန္ဓာကိုယ်က ပိန်ပါးလာသော်လည်း စိတ်ရွှင်နေသည်။
“ချီဟွမ်း၊ မင်းထက်သင့်တော်တဲ့သူမရှိတော့ဘူး။ ငါပင်ပန်းနေရုံပဲ။” ရှန်ချီယွမ်က သူ့ကို အားပေးသလို ပခုံးပုတ်လိုက်သည်။ “ဒါက လွတ်လပ်မှုရဲ့တန်ကြေးပဲ။ ငါ မင်းရဲ့ အကြီးဆုံးမရီးကို ကွာရှင်းတော့မယ်”
ရှန်ချီဟွမ်းက သူ့ကို မယုံနိုင်သလိုကြည့်လိုက်သည်။ “ခင်ဗျား….”
ရှန်ချီယွမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “ငါအမျိုးသမီးတွေကို ဘယ်တုန်းကမှမကြိုက်ခဲ့ဘူး။” ခဏရပ်ပြီးမှ သူက ထပ်ပြုံးလိုက်သည်။ “အရင်က ငါ့ကိုလက်ထပ်ဖို့ တွန်းအားပေးခဲ့တာ အဖေမဟုတ်ဘူး။ ငါ့ကို အတင်းလက်ထပ်ခိုင်းတာ အမေပဲ၊ သူမက ငါ့ကို သူမအစား ရှန်မိသားစုကို ယူပေးဖို့ပြောခဲ့တယ်။ ပြီးတော့ ငါက သူမပြောတဲ့အတိုင်းလုပ်ခဲ့တယ်။ အခုရှန်ဂရုက ငါတို့နဲ့အတူရှိတယ်။ ငါ့လက်ထဲမှာပဲမရှိတာ။ ဒီတော့ သူမရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခဲ့တာနဲ့ တူတူပဲ”
“ဒါက သူမကို သစ္စာဖောက်သလို ဖြစ်နေမလား?” ရှန်ချီဟွမ်းက အဓိပ္ပါယ်မရှိသော ကိစ္စအားလုံးမှာ အဖြေတစ်ခုရှိမှန်း ရုတ်တရက်နားလည်လာခဲ့သည်။
ရှန်ချီယွမ်ကပြုံးလိုက်သည်၊ “ဒီလိုပါပဲ၊ နောက်ဆုံးတစ်ခေါက် ငါအသည်းရောဂါနဲ့ ဆေးရုံတက်တော့ ငါ့အတွက် ငါရှင်သန်သင့်တယ်လို့ တွေးခဲ့မိတယ်။ ဘဝက တိုတောင်းလွန်းပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ငါဒီနှစ်ဆိုရင် အသက်၄၅ပြည့်ပြီ၊ အချိန်တွေက အကုန်မြန်တယ်။”
ရှန်းယုဟန်ကလည်း အချိန်တွေကုန်ဆုံးတာမြန်တယ်လို့ ခံစားမိသည်။ သူခေတ်သစ်ကိုရောက်လာတာ ၉လနီးပါးရှိခဲ့လေပြီ။