Chapter 86.1
“မရီး၊ သတိထား”
ကုမ္ပဏီမှာအချိန်ပေးဖို့လိုသော တစ်ဦးတည်းသောမိသားစုဝင် ရှန်ချီဟွမ်းက အလုပ်သွားပြီးနောက် ရှန်ချီရှင်း၏နေ့စဥ် ရိုက်ကူးရေးက စတင်ခဲ့သည်။
ရိုက်ကူးနေစဥ်အတွင်း သူတို့က ကိုယ့်အတွက်ကိုယ် ချက်ပြုတ်ဖို့ တာဝန်ရှိပေမယ့် ရှန်ချီရှင်းက မချက်ပြုတ်တတ်သလို ရှန်ချီဟွမ်းကလည်း နေ့တိုင်းအလုပ်ရှုပ်နေပြီး သူအိမ်ပြန်လာရင် မီးဖိုချောင်ဝင်ရမှာကို ရှန်းယုဟန်က မလိုလားသဖြင့် တစ်နေ့သုံးနပ်စာတာဝန်က သူ့အပေါ်ကျသွားသည်။ ဒါပေါ့…. သူက သူ့မိသားစုအတွက် အရသာရှိသော ဖြည့်စွက်စာချက်ပေးရတာ ပျော်ပါသည်။
ရိုက်ကူးရေးက ရိုက်ကူးရေးပဲဆိုပေမယ့် အဓိကဇာတ်ကောင်က ရှန်းယုဟန်မဟုတ်တာကြောင့် သူက သူ့ပုံစံအတိုင်းသာ နေထိုင်သည်။ ထိုအစား သူက ပရိုဂရမ်အဖွဲ့ကို ကျေးဇူးတင်ရမည်။ သူ့ခင်ပွန်းက ဒီနှစ်ရက်မှာ ညစာစားဖို့ စောစောပြန်လာမှာဖြစ်၍ သူက နှစ်ညလောက် ကောင်းကောင်းအနားယူလို့ရသည်။
မနက်စာစားပြီးတော့ ရှန်းယုဟန်က စူပါမားကတ်ကိုသွားခဲ့သည်။
ရိုက်ကူးရေးမှာနစ်မြှုပ်ထားပြီး ကောင်းမွန်သောအပိုင်းများ ပိုထွက်လာစေရန် မန်နေဂျာက ရှန်ချီရှင်းကို တိုက်တွန်းထားတာကြောင့် သူက ရှန်းယုဟန်နှင့် စျေးဝယ်လိုက်သွားသည်။
“မရီး… ကျွန်တော်လိုက်ခဲ့မယ်”
“အိုခေ၊ သွားရအောင်” ရှန်းယုဟန်က ကုန်စုံဆိုင်သွားတိုင်း သူသုံးလေ့ရှိသည့် အိတ်ကိုသယ်သည်။
ရှန်ချီရှင်းက အံ့ဆွဲထဲက ကားသော့ယူကာ စိတ်လှုပ်ရှားစွာ ပြေးထွက်လာသည်။ သူက သူ့အစ်ကို၏ကားကို သုံးချင်နေတာကြာခဲ့ပြီ။
သို့သော် ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောက်ဖ၊ ကားသော့က ဘာလုပ်မလို့လဲ?”
ရှန်ချီရှင်းက သူအရမ်းမောင်းချင်သော ကားသော့ကို ကိုင်ထားသည်။ “ကျွန်တော်တို့ ကုန်စုံဆိုင်သွားမှာမဟုတ်ဘူးလား၊ ကျွန်တော်မောင်းပေးမယ်လေ”
“ငါတို့ခြေလျင်သွားမှာ” ရှန်းယုဟန်၏စကားကို သူ့စိတ်ကူးကို ကြေကွဲစေသည်။ “အနီးနားမှာ စူပါမားကတ်အကြီးကြီးရှိတယ်။ ငါတို့ကားစီးဖို့မလိုဘူး။”
ရှန်ချီရှင်းက ကားသော့ကို စိတ်ပျက်လက်ပျက် အံဆွဲထဲပြန်ထည့်လိုက်သည်။
သူတို့နှစ်ယောက်ထွက်လာကြပြီး ပရိုဂရမ်အဖွဲ့က သူတို့နောက်လိုက်လာသည်။
သူတို့က စူပါမားကတ်ကိုသွားကြပြီး ရှန်ချီရှင်းက အရင်က စူပါမားကတ်မှာ ရေဘူးသာဝယ်ဖူးပြီး သူ့အတွက် ပထမဆုံး ရသစုံရှိုးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးရှိနေသည်။
စူပါမားကတ်ထဲဝင်ပြီးနောက် သူက ရှန်းယုဟန်ကို ဘာဝယ်ဖို့လိုလဲမေးခဲ့သည်။
ရှန်းယုဟန်က စူပါမားကတ်၏ ဟင်းသီးဟင်းရွက်အတန်းကိုသွားလိုက်သည်။ ထိုအချိန် ဟင်းသီးဟင်းရွက်တန်းမှာ ဝယ်နေသူများက လူကြီးများနှင့် အိမ်ရှင်မများဖြစ်ပြီး ရှန်းယုဟန်က သူလိုအပ်သော ပါဝင်ပစ္စည်းများကို ဂရုတစိုက်ရွေးချယ်လိုက်သည်။
ရှန်ချီရှင်းက ဘာလုပ်ရမလဲမသိပေ။ “မရီး၊ ပုံမှန်ဆို တစ်ယောက်တည်း လာဝယ်တာလား?”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ “ဟုတ်တယ်၊ နှစ်ယောက်စာပဲလေ၊ ငါတို့ ပေါ့ပေါ့ပါးပါး ချက်စားကြမလား?”
သူ့မရီး သူ့အစ်ကိုအပေါ် အရမ်းကောင်းတာကို ရှန်ချီရှင်းက ခံစားမိပြီး အားကျလာသည်။ “ကျွန်တော်ဒီမှာရှိနေတာကို ဘာလို့ပေါ့ပေါ့ပါးပါးချက်မှာလဲ၊ ကျွန်တော့်အစ်ကို ညနေပြန်လာရင် အရသာရှိတာလေး ချက်ပေးလိုက်ပါ”
“သူက ငါ့ယောကျာ်းလေ၊ သူ့အတွက် အရသာရှိတာလေးတွေ ချက်ပေးမှာပေါ့၊ သူက အလုပ်အရမ်းကြိုးစားတာ” ရှန်းယုဟန်က ပုံမှန်ဖြစ်စဥ်လိုဖြေလိုက်သည်။
ရှန်ချီရှင်းက တစ်လုပ်စားဖို့တောင် အရှက်ရသွားသည်။ “ကျွန်တော်လည်းကြိုးစားတာပဲမို့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့လိုတယ်”
ရှန်းယုဟန်က ဖောင်းကားနေသော သူ့မျက်နှာကိုကြည့်ကာ ခုန်ပေါက်နေသော လတ်လတ်ဆတ်ဆတ် ပုဇွန်များကို လက်ညှိုးထိုးပြီး ပြောလိုက်၏။ “ငါမင်းအတွက် နေ့လည်စာ ပုဇွန်ချက်ပေးရမလား?”
“ကောင်းပြီ” သူက အပယ်ခံထားရသလို ခံစားရသည်။ “ဂဏန်းနည်းနည်းထပ်ကြော်ပေးရင်ရော?” သူက ပင်လယ်စာစားချင်နေတာကြာခဲ့ပြီ။
ရှန်းယုဟန်ကဆိုသည်။ “ရတာပေါ့၊ ဂဏန်းပေါင်းကလွယ်ပါတယ်။”
“မွှေကြော်ပေးလို့မရဘူးလား?” ရှန်ချီရှင်းက နှစ်ကြိမ်လက်ဟန်ပြသည်။ “ဂဏန်းစပ်စပ်လေး”
“မင်းခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ မလိုဘူးလား?” ရှန်းယုဟန်က သူ့ကိုကြည့်လိုက်သည်။
“မလိုပါဘူး၊ ကျွန်တော်တို့ ကျောက်ပုဇွန်တွေ ထပ်ဝယ်ကြမယ်” ရှန်ချီရှင်းက စတင်မှာယူလိုက်သည်။
ရှန်းယုဟန်က ကျောက်ပုဇွန်ကကောင်းတယ်လို့ ထင်ပေမယ့် သူတို့က နေ့လည်မှာစားလို့မရပဲ ညမှစားလို့ရသည်။
“ကျောက်ပုဇွန်က ဒီမှာဝယ်လို့မရဘူး။ ဟင်းသီးဟင်းရွက်စျေးကိုသွားမယ်”
ပရိုဂရမ်အဖွဲ့နှင့် တခြားသူများက အူတက်အောင်ရယ်မောနေကြသည်။ အွန်လိုင်းမှာတော့ ရှန်ချီရှင်းက ချမ်းသာပြီးအာဏာရှိသောမိသားစုက မျိုးရိုးမြင့်သော သားတစ်ဦးလို့ ဖော်ပြထားပေမယ့် အပြင်မှာတော့ သူ့မိသားစုနဲ့ ဒီလိုဆက်ဆံရေးရှိမယ်လို့ ဘယ်သူကထင်ထားမှာလဲ၊ သူနဲ့ သူ့မရီးကြားမှာ ချစ်ခင်ရင်းနှီးမှုနည်းနည်းရှိသလိုပဲ?
သူတို့နှစ်ယောက် ဟင်းသီးဟင်းရွက်စျေးတွင် လတ်ဆတ်သော အသီးအရွက်နှင့် ကျောက်ပုဇွန်ကိုဝယ်ခဲ့ကြပြီး ယင်းမှာ ရှန်ချီရှင်းကို သွားရည်ကျစေခဲ့သည်။
“ခင်ဗျားကျောက်ပုဇွန်ချက်ဖူးလား?” ရှန်ချီရှင်းက စမှာလိုက်သည်။ “ကျောက်ပုဇွန်အစပ်ရော?”
“မချက်ဖူးဘူး” ရှန်းယုဟန်က ကျောက်ပုဇွန်အထုပ်ကို ရှန်ချီရှင်းအား ပေးလိုက်သည်။ “ကိုင်ထား၊ မင်းအစ်ကိုက အစပ်မစားဘူး”
ရှန်ချီရှင်းသက်ပြင်းချသည်၊ သူဘာလို့ သူ့အစ်ကိုအိမ်မှာ ရိုက်ကူးရေးလာလုပ်ရတာလဲ?
သူ့မရီးက သူ့အစ်ကိုကို ဒီလောက်အလိုလိုက်တာ၊ သူလည်းအနာဂတ်မှာ သူ့ကို ဒီလိုအလိုလိုက်မယ့်လူကို ရှာသင့်တယ်။
သူတို့အိမ်ပြန်လာတော့ နှစ်ယောက်သားက လက်အပြည့်ဖြစ်၏။ ပန်းခြံကဖြတ်သွားတော့ ရှန်းယုဟန်က သူ တကူးတကယူလာသော ကြောင်စာကို တစ်နေရာမှာ သွန်ချလိုက်သည်။
ရှန်ချီရှင်းက သူ့မရီးမှာ လျှို့ဝှက်ချက် အနည်းငယ်ရှိတယ်လို့ ခံစားမိသည်။ “ခင်ဗျားလမ်းဘေးကြောင်တွေကို အစာကျွေးဖို့ အပြင်ထွက်နေတာ ကျွန်တော့်အစ်ကိုသိလား?”
ရှန်းယုဟန်က ခေါင်းခါသည်။ “ငါမသိဘူး” သူကိုယ်တိုင်လည်း လမ်းဘေးရောက်လုနီးပါးဖြစ်ခဲ့၍ လမ်းဘေးကြောင်လေးတွေကိုမြင်ရင် စာနာမိသည်။ ဒါကြောင့် သူက ကြောင်စာအမြဲယူလာပြီး ဖြတ်သွားတိုင်း ကျွေးလေ့ရှိသည်။
ကြောင်စာရောက်လာတာနဲ့ သုံးလအရွယ်ကြောင်လေးတွေက ခေါင်းလေးတွေထွက်လာခဲ့သည်။ ရှန်းယုဟန်က ဆောင့်ကြောင့်ထိုင်ကာ ကြောင်ပေါက်တစ်ကောင်ကိုထိပြီး ကြောင်စာစားဖို့ ညွှန်ပြလိုက်သည်။ ရှန်ချီရှင်းကလည်း ဆောင့်ကြောင့်ထိုင်ကာ ကြောင်လေးတွေနဲ့ ကစားနေသည်။
“သူတို့ကို ဘာလို့အိမ်မခေါ်သွားတာလဲ?” မိသားစုက မကျွေးနိုင်တာလည်းမဟုတ်ဘူးလေ….
“မင်းအစ်ကိုက ကြောင်အမွှေးနဲ့ ဓာတ်မတည့်ဘူး၊ သူတို့ဒီမှာ အဆင်ပြေတယ်လို့ ငါထင်တယ်။ သူတို့အဆင်မပြေမှ ငါတို့ပြန်လာပြီး ကုမ္ပဏီကိုခေါ်သွားလိုက်မယ်”
“အော်၊ အစ်ကို့ရဲ့ကုမ္ပဏီမှာ ကြောင်မွေးထားတဲ့နေရာရှိတာ မှတ်မိတယ်။” ထိုအချိန်က Trending Search ထဲမှာ ပါဖူးပြီး လူမူဝန်ထမ်းတစ်စုက တခြားလူများ၏ ကုမ္ပဏီကို အားပေးခဲ့ကြသေးသည်။
ရှန်းယုဟန်က ပြောလိုက်သည်။ “အင်း၊ ငါ တစ်ခါတစ်လေသွားတယ်။ သူတို့က ဒီမှာ ပျော်နေလို့ လောလောဆယ် မခေါ်သွားသေးတာ”
ရှန်ချီရှင်းကလည်း လမ်းဘေးကြောင်နှင့် ခွေးများကိုချစ်သည်။ “သူတို့ကြီးလာရင် သားကြောဖြတ်ရမှာပဲ။ မဟုတ်ရင် သူတို့ကလေးတွေလည်း အလေအလွင့်ဖြစ်သွားလိမ့်မယ်”
“ဒီလိုလား?” ရှန်းယုဟန်က ဒီလိုမတွေးထားပေး။ အကြောင်းမှာ ချီတိုင်းပြည်တွင် ကျားကြောင်လေးက သားပေါက်လေးတွေမွေးပြီး ကြွက်ဖမ်းဖို့ အိမ်ပြန်လာမှာကို စောင့်ကြသည်။ “ဒါဆို နေ့လည်ကျရင် သူတို့ကို တစ်ယောက်ယောက်နဲ့ လာခေါ်ခိုင်းပြီး ကုမ္ပဏီကို ပို့လိုက်မယ်။ ဒါပေမယ့် ကြောင်ပေါက်လေးတွေကိုပဲမခေါ်ပဲ အမေကိုရောပဲ”
“အင်း၊ သူတို့အနာဂတ်မှာ နေစရာနေရာတစ်ခု ရှိသွားလိမ့်မယ်” ရှန်ချီရှင်းက သူပြောတာကိုလက်ခံလိုက်သည်။ “သူတို့ကို ဒီနေ့နေ့လည်လာခေါ်ဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်။”
နေ့လည်စာစားချိန်ဖြစ်၍ ရှန်းယုဟန်နှင့် ရှန်ချီရှင်းက အိမ်ပြန်လာခဲ့ကြသည်။
–
ရှန်းယုဟန်၏ ဘဝစည်းချက်က ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပြီး သူက နေ့လည်စာစားကာ တစ်ရေးတစ်မောအိပ်လိုက်သည်။
မွန်းလွဲပိုင်းနှစ်နာရီတွင် စာဖတ်ခန်းထဲမှာ လက်ရေးလှနှင့် ပန်းချီကိုလေ့ကျင့်နေသည်။
သူအောက်ထပ်မှာ ရေသွားသောက်တော့ ဒါရိုက်တာက ရိုက်စရာမရှိလို့ သူ့နေစဥ်ဘဝကို ရိုက်လို့ရမလားမေးလာသည်။
ရှန်းယုဟန်က ချက်ချင်းသဘောမတူပေ။ “ခင်ဗျား ကျွန်တော်ယောက်ဖကို မရိုက်ဘူးလား?”
“သူက ဥက္ကဋ္ဌရှန်ရဲ့ကုမ္ပဏီကို လမ်းဘေးကြောင်တွေသွားပို့ပြီး အခုအပြန်လမ်းမှာရောက်နေပြီ။” ဒါရိုက်တာက ရှန်းယုဟန်ကို စိတ်ဝင်စားဖို့ကောင်းသော လူလို့ထင်တာကြောင့် အလွှတ်မပေးချင်။ ဒီလိုငယ်ငယ်လေးနဲ့ အချက်အပြုတ်ကျွမ်းကျင်မှုကလည်း အလွန်ခေတ်မီတာကြောင့် မှတ်တမ်းရုပ်ရှင်ရိုက်လို့ရ၏။
“မစ္စတာရှန်း၊ စိတ်မရှိရင်… ခင်ဗျားရဲ့နေ့စဥ်ဘဝကို ရိုက်ကူးလို့ရမလား?”
“ဒါပေမယ့် ကျွန်တော့်နေ့စဥ်ဘဝက ဘာမှမရှိဘူး၊ စာရေးတယ်၊ ပန်းချီဆွဲတယ်။ ရေလောင်းတယ်… ဒါပဲ”
ကျိုးနွံလိုက်တာ…. သူ့ပန်းချီကားတစ်ချပ်က ဘယ်လောက်တန်လဲသိရဲ့လား?
ဒါရိုက်တာက ရှားပါးအခွင့်အရေးလက်မလွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။ “ခင်ဗျားလက်ရေးလှနဲ့ပန်းချီက လက်လှမ်းမမှီလောက်အောင် သာလွန်ပါတယ်။ ကျွန်တော်တို့မျက်လုံးထဲမှာ ခင်ဗျားက ဆရာတစ်ဆူပါ။”
ချီးကျူးခံရပြီးနောက် ရှန်းယုဟန်က ဆက်မငြင်းတော့ပဲ သူတို့ကို စကားလုံးအချို့သာ သတိပေးလိုက်သည်။ “ဟုတ်ကဲ့၊ ခင်ဗျား စာဖတ်ခန်းထဲမှာ လာရိုက်လို့ရပါတယ်။ ကျွန်တော်ခင်ပွန်းရဲ့စာဖတ်ခန်းတော့ မရဘူး။”
ဒါရိုက်တာက ရှန်းယုဟန် စကားပြောရလွယ်တယ်လို့ တွေးလိုက်သည်။ “နားလည်ပါပြီ”
ရှန်းယုဟန်က သူတို့ကို စာဖတ်ခန်းထဲခေါ်သွားပြီး သူဝင်ပြီးသည်နှင့် ပြောလိုက်သည်။ “စာဖတ်ခန်းက နည်းနည်းသေးလို့ ရှုပ်နေပါတယ်”
ဒါရိုက်တာအဖွဲ့နှင့် တခြားသူများက မယုံနိုင်သလိုကြည့်သည် “....”
ဒါက သေးတာလားကွ? ဒါကသေးတာလား? စိတ်ဆိုးသွားပြီ!
ဒါရိုက်တာက အတွေ့အကြုံမရှိသူ မဟုတ်တာကြောင့် အံ့အားသင့်မှုကို ပြန်ထိန်းသိမ်းလိုက်သည်။ “ခင်ဗျား လက်ရေးလှနဲ့ပန်းချီ လေ့ကျင်နေတာလား?”
“လက်ရေးလှလေ့ကျင့်နေတာ၊ ဒါက ကျွန်တော်ရဲ့နေစဥ်အိမ်စာလေ၊ လက်ရေးလှလေ့ကျင့်ပြီး ခဏနေရင် ချင်လေ့ကျင့်မှာ၊ ပျင်းစရာကောင်းတယ်ထင်ရင် အောက်ထပ်မှာ သွားအနားယူလို့ရတယ်”
“မဟုတ်တာ၊ ခင်ဗျားက လုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော်တို့က ရိုက်ကူးရုံပဲ၊ ပြီးတော့ ခင်ဗျားပစ္စည်းတွေကို မဖွပစ်ပါဘူး”
စာဖတ်ခန်းထဲမှ ပစ္စည်းတိုင်းက သူတို့ရဲ့ ဆယ်နှစ်စာလစာထက် ပိုတန်လောက်သည်။
ရှန်းယုဟန် ချီတိုင်းပြည်မှာရှိခဲ့စဥ် သူ့ကို လူအများကြီးကဝန်းရံခဲ့သည်။ ဒါရိုက်တာအဖွဲ့နှင့် တခြားလူတွေ ဝင်လာတော့ သူက စိတ်မပူတော့ပဲ နေ့စဥ်ဘဝမနှောင့်နှေးစေဖို့ သူအလုပ်သူလုပ်လိုက်သည်။
မွန်းလွဲပိုင်း လေးနာရီတွင် သူက ချင်တီးခတ်တာရပ်လိုက်ပြီး မီးဖိုချောင်ကိုသွားတော့ လူတိုင်းက သူ့နောက်ကနေ အောက်ဆင်းလာခဲ့သည်။
ထိုအချိန်တွင် ရှန်ချီရှင်းက ရှန်ချီဟွမ်း၏ ကုမ္ပဏီကနေ ပြန်ရောက်လာပြီး ကြောင်ပေါက်လေးများကို အောင်အောင်မြင်မြင် ပ်ို့ခဲ့ပြီးလေပြီ။
သူက အနားယူမယ်လို့တွေးခဲ့ပေမယ့် အဆုံးမှာ သူ့မရီးက မီးဖိုချောင်ထဲသွားပြီး ပုဇွန်သွေးကြောဖြတ်ပေးဖို့ ပြောလာသည်။
ရှန်ချီရှင်း: “.....”
ရှန်းယုဟန်က သူ့သံသယကိုမြင်သည်။ “မင်းကျောက်ပုဇွန်မစားချင်ဘူးလား? အဲ့ဒါက ကိုယ်တိုင်လုပ်ရင် အရသာရှိတယ်။ မဟုတ်ရင် အရသာသိပ်မကောင်းဘူး”
“ကောင်းပြီ၊ ကျွန်တော်ယုံပါတယ်။” ရှန်ချီရှင်းက ရှန်းယုဟန်၏ဆွဲဆောင်မှုအောက်မှာ စတင်လုပ်ကိုင်တော့သည်။
ခြောက်နာရီထိုးခါနီးမှာ ရှန်းယုဟန်က အေပရွန်ကိုချွတ်ပြီး မီးဖိုချောင်ထဲကထွက်ကာ တံခါးဝသွားပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
တစ်နာရီအကြာမှာ ရှန်ချီဟွမ်း၏ကားက သူ့မြင်ကွင်းရှေ့ပေါ်လာသည်။
ရှန်ချီဟွမ်းက ကားပေါ်ကဆင်းကာ ကွန်ပျူတာအိတ်နှင့်အတူ အနီရောင်ပန်းစည်းကို ကိုင်လာသည်။
ရှန်းယုဟန် သူ့ကိုတွေ့တော့ ချက်ချင်းနှုတ်ဆက်လိုက်ပြီး လက်ဆွဲအိတ်ယူခါနီးမှာ ရှန်ချီဟွမ်းက သူ့ကို ပန်းစည်းပေးလာခဲ့သည်။
ရှန်ချီဟွမ်းက တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။ “ဖြတ်သွားရင်းနဲတွေ့လို့၊ ငါတို့အိမ်မှာလည်း ဒီလိုပန်းမျိုးမရှိဘူးမလား?” သူက ပုံမှန်ဆိုရင် ပန်းဝယ်လေ့ရှိပေမယ့် သူ့ဇနီး မကြိုက်မှာစိုးရိမ်တာကြောင့် သတိနဲ့မေးလိုက်သည်။ “မင်းကြိုက်ရဲ့လား?”
ရှန်းယုဟန်က ခေါင်းငုံ့ကာ ရှုရှိုက်လိုက်ပြီး သူ့ကိုခေါင်းစောင်းကာ ကြည့်လိုက်သည်။ “ကြိုက်တယ်၊ ယောကျာ်း၊ ကျေးဇူးပါ”
“ကြုံလို့ဝယ်လာရုံပါ” ရှန်ချီဟွမ်း၏မျက်နှာက ပျော့ပျောင်းလာပြီး သူ့ကို လက်ဆွဲကာ အိမ်ထဲခေါ်သွားခဲ့သည်။