Chapter 86.2
“မရီး၊ သတိထား”
ထိုအချိန်တွင် အေပရွန်ဝတ်ကာ ကတ်ကြေးကိုင်ထားသော ရှန်ချီရှင်းက သူ့ဘေးကလူကို အားကျသလိုပြောလိုက်သည်။ “ကျွတ် ကျွတ်… ကျွန်တော်က ကျွန်တော့်အစ်ကိုကို လူဘယ်လိုလိုက်ရမလဲမသိတဲ့ အဖြောင့်ကြီးလို့ထင်ထားတာ။ မရီးနဲ့တွေ့ပြီးမှ သူက အကုန်တော်နေတာပဲ”
သူ့ဘေးကလူက မေးလာသည်။ “မင်းဒီလိုအချစ်ကိုအားကျလား?”
ရှန်ချီရှင်းကသက်ပြင်းချကာ ပြောလိုက်သည်။ “ကျွန်တော်က မန်ဒရင်းက ဘဲစုံတွဲကိုပဲအားကျတာ … မသေမျိုးတွေကိုအားမကျဘူး!”
သို့သော် သူက သူ့လွတ်လပ်မှုအတွက် ရာထူးကို အမွေဆက်ခံရမယ်ဆိုရင် လွတ်လပ်မှုကို ရွေးချယ်မှာပင်။ ဒီလိုမရီးမျိုးက ကံကောင်းမှရှာတွေ့နိုင်တာပင်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက အိမ်ထဲအတူဝင်လာပြီး ပရိုဂရမ်အဖွဲ့သားများ၏ အကြည့်များကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ရသည်။ သူတို့နှစ်ယောက်အတူရှိနေသရွေ့ သူတို့ကြားက ကြင်နာမြတ်နိုးမှုတို့က ဆက်လက်ပျံ့နှံ့နေမှာပင်။
ရှန်းယုဟန်က သူ့အသံ တစ်ခုခုမှားနေတာကို သတိထားမိသွား၏။ “ခင်ဗျားအသံကဘာလို့ အက်ရှနေတာလဲ?”.
ရှန်ချီဟွမ်းက ပေါ့ပေါ့တန်တန် ဆင်ခြေပေးချင်ပေမယ့် သူ့ဇနီးလေး၏ စိတ်ပူနေသောမျက်လုံးများကို တွေ့သောအခါ မလိမ်ချင်တော့ပေ။
“ကုမ္ပဏီမှာ ဒီနေ့ကိစ္စတစ်ခုဖြစ်သွားလို့ ဖုန်းနဲ့အစည်းအဝေးလုပ်ခဲ့တာ….ရေတစ်ငုံမှမသောက်ခဲ့ရလို့” ရှန်ချီဟွမ်း၏မျက်လုံးထဲမှာ ပင်ပန်းနွမ်းနယ်မှုအချို့ရှိနေပေမယ့် ရှန်းယုဟန်ကသာ ထိုအရာကိုမြင်နိုင်သည်။
“ဒါဆို ခင်ဗျားလည်ချောင်းအစိုဓာတ်ရစေဖို့ တစ်ခုခုလုပ်ပေးမယ်။” ရှန်းယုဟန်က ပန်းစည်းကိုကိုင်ထားရင်းဆိုသည်။ ချီတိုင်းပြည်မှာ သူ့ဖခင် လူမှုရေးပွဲများတက်သည့်အခါတိုင်း သူ့မိခင်က အရက်နာကျသက်သာသော စွတ်ပြုတ်ကိုပြင်ပေးလေ့ရှိသည်။ ယခုအခါ သူက သူ့ခင်ပွန်းအတွက် ထိုစွတ်ပြုတ်ကို ပြင်ပေးရုံတင်မကပဲ လည်ချောင်းအစိုဓာတ်ရစေဖို့ တစ်ခုခုလုပ်ပေးရမည်။ မတူညီသောခေတ်မှာ မတူညီသောဂရုစိုက်နည်းလမ်းများရှိ၏။
“အင်း ငါအဝတ်အစားသွားလဲလိုက်ဦးမယ်” ရှန်ချီဟွမ်းက သူ့ဇနီးလေးကိုဖက်ချင်ပေမယ့် ဧည့်ခန်းထဲမှာ လူတွေပြည့်နေတာကြောင့် သူကအရှုံးပေးကာ အပေါ်ထပ်မှာ အဝတ်အစားသွားလဲလိုက်သည်။
“လဲပြီးရင် ညစာစားဖို့ အောက်ဆင်းလာပါ။” ရှန်းယုဟန်က မျက်လွှာတစ်ဝက်ချကာ ပန်းကိုပွတ်သပ်နေပြီး အတန်ငယ်ရှက်သွေးဖြာနေ၏။
လူအများကြီး ထပ်မြင်သွားပြန်ပြီ… အား…. သူက ဒါကိုအတတ်နိုင်ဆုံး ကျင့်သားရအောင်လုပ်ရမယ်..
မီးဖိုချောင်ထဲမှာ အစာပလာများကို တစ်ယောက်တည်းပြင်နေသော ရှန်ချိီရှင်းက နောက်ဆုံးမှာ သူ့အလုပ်ပြီးသွားခဲ့သည်။
“မရီး၊ ကျွန်တော်ပြီးပြီ၊ ဘာဆက်လုပ်ရမလဲ?”
“မလိုဘူး။ ကျန်တာ ငါလုပ်လိုက်မယ်” ရှန်းယုဟန်က အေပရွန်ဝတ်ကာ မီးဖိုချောင်ထဲပြန်ဝင်သွား၏။ သူက သူ့ခင်ပွန်းအတွက် ချက်ပြုတ်ပေးရတာကြိုက်ပြီး သူလုပ်ထားသော အစားအစာကိုစားပြီးချိန် ကျေနပ်နေသော သူ့မျက်နှာကိုကြည့်ရတာ သဘောကျသည်။
ပရိုဂရမ်အဖွဲ့ကလည်း သူတို့သုံးယောက် ညစာအတူစားနေတာကို ရိုက်ကူးခဲ့သည်။
ရှန်းယုဟန်က ကျောက်ပုဇွန်နှစ်ကောင်ကို သီးသန့်ကြော်ပေးခဲ့ပြီး တစ်ကောင်က ကြက်သွန်ဖြူအရသာ၊ တစ်ကောင်ကတော့ အစပ်အရသာဖြစ်၏။ ရှန်ချီရှင်းက စိတ်ကျေနပ်တာကြောင့် စကားပင်မပြောပဲ စားနေခဲ့သည်။
သူ့မရီးက သူ့အစ်ကို၏ အပြောတစ်ခု အဓိပ္ပါယ်တစ်ခု အကျင့်ကိုလည်း သင်ယူခဲ့သည်။ သူက အစပ်မချက်ဘူးလို့ ရှင်းရှင်းလေးပြောခဲ့ပေမယ့် နောက်ဆုံးမှာ သူ့အတွက်လုပ်ပေးခဲ့သည်။
ရှန်ချီဟွမ်းက တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “သူ့အတွက်ဒါတွေမလုပ်ပေးနဲ့”
ရှန်းယုဟန်က သူစိတ်ဆိုးနေတယ်လို့ထင်လိုက်သည်။ “ဘာဖြစ်လို့လဲ? ကျန်းမာရေးနဲ့ မညီညွတ်လို့လား?”
ရှန်ချီဟွမ်းက ပြောလာသည်။ “မဟုတ်ဘူး။ အဲ့ဒါတွေလုပ်တာပင်ပန်းတယ်။ နည်းနည်းပဲချက်၊ အိမ်မှာ ပေါ့ပေါ့ပါးပါး ဟင်းနှစ်မျိုးလောက်ပဲချက်ပါ။ နောက်ကျရင် သူဝိတ်ချဖို့ အော်လာလိမ့်မယ်။ စားထားလည်း အချည်းနှီးပဲ”
သူ့အစ်ကိုက သူ့အတွက် စိတ်ပူစကားပြောမယ်ထင်ထားသော ရှန်ချီရှင်း: “...”
တတိယအစ်ကိုရဲ့မျက်လုံးထဲမှာ မရီးကအရေးပါဆုံးပဲ!
ထားလိုက်… ဒေါသထွက်မနေနဲ့… ဘာပဲဖြစ်ဖြစ် သူ့မရီးကပဲ သူ့အတွက် ကျောက်ပုဇွန်အစပ်ချက်ပေးထားတာ။
ခဏအကြာတွင် ရှန်ချီရှင်းက မျက်လုံးထောင့်ကို တစ်ရှူးနဲ့သုတ်လိုက်သည်။ “အရမ်းစပ်တာပဲ၊ မျက်ရည်တောင်ကျတယ်!”
ရှန်းယုဟန်ကလည်း အစပ်တစ်ကောင်မြည်းကြည့်သည်။ “အရမ်းမဆိုးပါဘူး.. ယောက်ဖရဲ့၊ မင်း အစပ်မစားနိုင်တာကို စားနေသေးတယ်”
“ကျွန်တော်မစားနိုင်ဘူးလို့ ဘယ်သူပြောလဲ…. ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်က ကြက်သွန်အရသာလည်းကြိုက်တယ်”
ရှန်းယုဟန်က ကြက်သွန်အရသာကို သူ့ရှေ့တိုးပေးလိုက်သည်။ “မင်းစားလိုက်၊ မင်းအစ်ကိုက သိပ်မစားဘူး။”
ရှန်ချီဟွမ်း: “.....” အမှန်တော့ သူလည်း စားချင်တယ်လေ
ထားလိုက်တော့ သူ့ညီက အိမ်ချက်စားရဖို့ သိပ်မလွယ်ဘူး
–
ည၈နာရီတွင် ပရိုဂရမ်အဖွဲ့သားများက အလုပ်သိမ်းကာ ပြန်သွားကြသည်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက နောက်ဆုံးမှာ အနားယူနိုင်ခဲ့ပေမယ့် သူတို့က ပရိုဂရမ်အဖွဲ့ အိမ်ကမထွက်ခွာခင် အိမ်ထဲမှာ လျို့ဝှက်ကင်မရာတပ်ထားမှာ စိုးရိမ်တာကြောင့် ဘော်ဒီဂတ်ကို စစ်ဆေးခိုင်းလိုက်ပြီး အားလုံးအဆင်ပြေတာတွေ့မှ အခန်းထဲပြန်လာခဲ့၏။
လဲလျောင်းနေစဥ် ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်မောင်းထဲက်ို တိုးဝင်လိုက်ပြီး “ယောကျာ်း၊ ကျွန်တော့်ယောက်ဖက ဒီည ညစာစားရင်းငိုခဲ့တာလား?”
“အင်း…မင်းသိသွားတာလား?”
“သိခဲ့တယ်၊ သူက ကျောက်ပုဇွန်ကစပ်တယ်လို့ ဟန်ဆောင်ပြောခဲ့တာလေ၊ သူကအစပ်ကြိုက်ပြီး အစပ်လုံးဝမကြောက်တာကို”
“သူမွေးတုန်းက အဖေကသူ့ကိုဂရုမစိုက်သလို အမေကလည်း သူ့ကိုမချစ်ဘူး။ ကိုယ်ကလည်း သူ့ကို အကန့်အသတ်နဲ့ပဲ စောင့်ရှောက်နိုင်တယ်။ ကိုယ်နဲ့ အစ်ကိုကြီးက သူ့ကိုမပေးနိုင်ခဲ့တဲ့ ခံစားချက်တွေ အများကြီးရှိတယ်။ သူ့ကို ဘယ်လောက်ပဲချစ်ပေးပေး မိဘနေရာအစားမထိုးနိုင်ခဲ့ဘူး။”
“အဲ့ဒါကကိစ္စမရှိပါဘူး။ နောက်ကျရင် သူ့ကို အိမ်မှာညစာစားဖို့ မကြာခဏခေါ်ပြီး ပိုဂရုစိုက်ပေးရင် သူမရခဲ့တာတွေကို ဖြည့်ဆည်းပေးလို့ရတယ်။ သူ ကျွန်တော်ချက်တာကိုကြိုက်ရင် ကျွန်တော်အချိန်ရတိုင်း သူ့အတွက် နှစ်နပ်စာချက်ပေးဖို့ အဆင်ပြေပါတယ်။”
ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ ရှန်းယုဟန်၏ အရောင်လက်နေသော မျက်လုံးများကို နမ်းလိုက်သည်။ “ကျေးဇူးပါ”
သူတို့လက်ထပ်တုန်းက ကျေးဇူးတင်ပါတယ်လို့ အရင်ပြောခဲ့သူက ရှန်းယုဟန်ဖြစ်ပြီး ယခုတော့ သူ့ကိုကျေးဇူးတင်တယ်ပြောခဲ့သူက သူ့ခင်ပွန်းဖြစ်လာသည်။
“ခင်ဗျားနဲ့ကျွန်တော်က လင်မယားတွေပါ၊ ကျေးဇူးတင်ဖို့မလိုပါဘူး။”
“ကောင်းပါပြီ၊ ဒါဆိုနောက်တစ်နည်းနဲ့ပဲ ကျေးဇူးတင်တော့မယ်။”
“အဲ့ဒါ…အဲ့ဒါမလိုပါဘူး။ ခင်ဗျားတစ်နေကုန်အလုပ်လုပ်လာတာ မပင်ပန်းဘူးလား?”
“ဒီလိုအရာမျိုးက ပင်ပန်းပါ့မလား?” သူက စိတ်လှုပ်ရှားဖို့ မစောင့်နိုင်တော့ပေ။
–
နောက်နေ့မနက်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ပုံမှန်အတိုင်း တံခါးထိလိုက်ပို့ပေးပြီး သူတို့နှစ်ယောက်က ကြားလူဝင်လို့မရအောင် နီးကပ်နေ၏။
ရှန်းယုဟန်က ဒီနေ့အပြင်ထွက်စရာရှိပြီး သူ့သူငယ်ချင်းအန်ကယ်များနဲ့ အော်ပရာနားထောင်ဖို့ ကတိပေးထားသည်။ ထို့အပြင် လူကြီးတချို့နဲ့ အချိန်ပိုဖြတ်သန်းပေးခြင်းက သူ့ခင်ပွန်းကို ကူညီနိုင်မှန်းသိသည်။ သူအစက ဒါကိုမသိခဲ့ပေမယ့် လွန်ခဲ့သောနှစ်ရက်က ရှန်မိသားစု၏ပိုင်ဆိုင်မှုခွဲဝေခြင်းအပြီးမှာ ကျန်းလောင်က သူ့ကိုအကူအညီလိုလား မေးခဲ့သည်။ သူ ရှန်ချီဟွမ်းကိုမေးကြည့်တော့ သူရင်းနှီးသော လူကြီးများက ချမ်းသာပြီးအာဏာရှိသော မိသားစုမှ ခေါင်းဆောင်များဖြစ်ပြီး အားလုံးမှာ ပြောခွင့်ဆိုခွင့်ရှိကြောင်း သိခဲ့ရ၏။
ရှန်းယုဟန်က ကြားထဲမှာ တရားထိုင်ဖြစ်တာကြောင့် ရှန်ချီဟွမ်းက ရှန်ဂရုကို လွှဲပြောင်းယူလိုက်သော အချိန်မှစ၍ သူ့စိတ်က အေးချမ်းနေခဲ့သည်။ ကုမ္ပဏီမှ ပြဿနာအသေးအဖွဲကလွဲရင် ဘယ်သူမှ သူ့ကို အခက်အခဲမဖြစ်စေပေ။ လူတိုင်းကအပြင်မှာ ငြိမ်သက်နေပေမယ့် သူပျက်စီးမှာကို စောင့်မျှော်နေကြသည်။ ရှန်ချီဟွမ်းက သူ့မှာ ဇနီးကောင်းလေးရှိလို့ အိပ်ရာပေါ်မှာ ကျိတ်ရယ်နေတာကို ဘယ်သူက သိမှာလဲလေ….
ရှန်ချီရှင်းက အရင်က အော်ပရာနားမထောင်ဖူးတာကြောင့် သူ့မရီးနဲ့လိုက်သွားပြီး ပရိုဂရမ်အဖွဲ့ကလည်း လိုက်လာခဲ့သည်။
သို့သော် ရှန်းယုဟန်က ယောက်ဖနှင့် ရိုက်ကူးရေးအဖွဲ့ကို ခေါ်လာခဲ့လို့ရငြား သူငယ်ချင်းများကို အရင်မေးလိုက်သည်။
သူငယ်ချင်းအဖွဲ့က ရတယ်လို့ပြောခဲ့ပြီး သူတို့က မကြာခဏရိုက်ကူးခံရတာကြောင့် သက်တောင့်သက်သာပိုရှိသော ပရိုဂရမ်မှာပါဝင်ရတာ ပျော်ဖို့ကောင်းတယ်လို့တွေးမိသည်။ ယင်းမှာ သူတို့အော်ပရာကြည့်တာကို မဖော်ပြသရွေ့ဖြစ်၏။
ဒါရိုက်တာအဖွဲ့က လက်ခံရမည်! မစ္စတာရှန်းက ဘယ်သူနဲ့သွားတွေ့မှာလဲမသိပေ။
နောက်ဆုံးတစ်ခေါက် ရှန်ချီရှင်းနှင့် အပြင်ထွက်သည်မှာ သူ့ယောက်ဖက သူ့ကို ဘုရားကျောင်းခေါ်သွားပေးခဲ့တာပင်။ သို့သော် ဒီတစ်ကြိမ်မှာတော့ ပြောင်းပြန်ဖြစ်သည်။ သူက သူ့ယောက်ဖကို အပြင်ခေါ်သွားပြီး ရှန်းယုဟန်က အောင်နိုင်ခဲ့သောအာရုံတစ်ခုကို ခံစားခဲ့ရသလိုပင်။ အခန်းကဏ္ဍများပြောင်းလဲသွားပြီး စတင်နိုင်သူမှာ သူဖြစ်နေသည်။
ဘာလို့များလဲ?
သူက ဒီကမ္ဘာကို ဝင်ဆံ့နိုင်ခဲ့ပြီး ပိုင်ဆိုင်တယ်လို့ ခံစားမိသည်။
ကျန်းလောင်နှင့် တခြားသူများနှင့် ဆုံတွေ့ရာတွင် ရှန်ချီရှင်းက ပရိုဂရမ်အဖွဲ့လိုပင် အံ့အားသင့်နေ၏။ ရှန်းယုဟန်က သူတို့နဲ့ ရယ်ရယ်မောမော စကားပြောနိုင်ပြီး သက်တောင့်သက်သာစကားပြောကာ လွတ်လွတ်လပ်လပ် တုံ့ပြန်နိုင်သည်။ လူတစ်ယောက်၏စိတ်သဘောထားနှင့် စကားလုံးများကြားက ကျွမ်းကျင်ပိုင်နိုင်မှုကို မြင်ခဲ့ရပြီး ရှန်ချီရှင်းအတွက် အတွေ့အကြုံရစေခဲ့သည်။
မရီးရဲ့မိတ်ဆွေတွေက တခြားသူတွေထက် ပိုတော်တာကို သူယုံသွားပြီ!
ရှန်ချီရှင်းက ဤနေရာမှာ လူငယ်မျိုးဆက်ဖြစ်သွားပြီး လက်ဖက်ရည်နှင့် ရေလောင်းထည့်ပေးကာ လုံ့လစိုက်ထုတ်နေသည်။
ရှန်းယုဟန်က သူ့ကိုအပြင်လူလို သဘောမထားပေ။ ကျန်းလောင်နှင့်တခြားသူများက သူ့အပြုအမူအတိုင်း ရှန်ချီရှင်းကို ကြင်ကြင်နာနာဆက်ဆံပြီး ထိတ်လန့်စေအောင် တင်းမာနေတာမျိုး မရှိချေ။
အန်ကယ်တစ်ယောက်က ပြောလာသည်။ “ရှောင်ရှန်း၊ သိပ်မကြာသေးခင်က ငါ ချင်မင်းဆက်ရဲ့ လက်ရေးလှကော်ပီကိုတွေ့ခဲ့တယ်။ လာကြည့်ဦး”
ရှန်းယုဟန်က ခေါင်းညိတ်ကာ သူနဲ့အတူကြည့်လိုက်သည်။ တအောင့်ကြာတော့ တစ်ဖက်လူက ရှောင်ရှန်းကြိုက်ရင် ပေးမယ်လို့ပြောလာသည်။
ဒါရိုက်တာအဖွဲ့: မဟုတ်သေးပါဘူး… သူဌေးတို့ရယ်… ခင်ဗျားတို့က စုဆောင်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေကိုလည်း စွန့်လွှတ်နိုင်တာလား?
သို့သော် ရှန်းယုဟန်ကငြင်းခဲ့သည်။ သူက အိမ်မှာကော်ပီကူးပြီး ဒီကိုပြန်လာရင် ပြန်ပေးမယ်လို့ပြောတော့ အန်ကယ်က ရတယ်လို့ပြောပြီး သူ့ကို ကော်ပီစာရွက်ပေးခဲ့သည်။
အန်ကယ်နောက်တစ်ယောက်က သူ့မှာပန်းချီကားတစ်ချပ်ရှိပြီး ရှန်းယုဟန်နဲ့အတူ အသိအမှတ်ပြုချင်တယ်လို့ ပြောခဲ့သည်။ ရှန်းယုဟန်က သူနဲ့အတူ ပန်းချီကားကို ကြည့်နေပြီး ရှန်းယုဟန်က ဤပန်းချီကား၏ ပေါ်လွင်သောအချက်မှာ သစ်ပင်ပေါ်က လွတ်လပ်ပေါ့ပါးနေသော ငှက်ရွှေဝါဖြစ်တယ်လို့ ပြောခဲ့ပြီး အန်ကယ်က အမြင်တူကြောင်းပြောခဲ့သည်။ သူက ရှန်းယုဟန်ကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိနေ၏။
နောက်ဆုံးမှာ ရှန်းယုဟန်က နေ့လည်မတိုင်ခင်အထိ ကျန်းလောင်နှင့် ဂိမ်းကစားခဲ့ပြီး ပြဇာတ်ရုံမှမထွက်ခင် နေ့လည်စာစားခဲ့ကြသည်။
အတွေ့အကြုံဗဟုသုတပြည့်ဝသော ရှန်ချီရှင်းက ယနေ့မှာ မျက်လုံးပွင့်စေသော အတွေ့အကြုံအသစ်ကိုရခဲ့သည်။
ဖြစ်စဥ်တစ်လျှောက်မှာ သူ့မရီးက အန်ကယ်များကို သူ့အစ်ကိုကြီးအကြောင်းမပြောပဲ စီးပွားရေးနှင့် ပတ်သတ်တာလည်းမပြောခဲ့ပေ။ အဆုံးမှာ ထိုအန်ကယ်များက သူ့အစ်ကိုကြီး၏ အရေးကိစ္စများကို အစပြုမေးလာခဲ့သည်။
သို့သော်ရှန်းယုဟန်ကပြုံးကာ ပြောလိုက်သည်။ “စ်ိတ်ပူပေးလို့ကျေးဇူးပါဗျာ၊ အခက်အခဲရှိရင် အကူအညီတောင်းပါ့မယ်။”
ထိုအန်ကယ်များက ဝမ်းသာအားရ သဘောတူလက်ခံလိုက်ပြီး ရတယ်၊ ရတယ်လို့သာပြောနေသည်။ ပျော်နေချိန်မှာ စီးပွားရေးအကြောင်းမပြောနဲ့! ပျော်နေချိန်မှာ စီးပွားရေးအကြောင်းမပြောနဲ့!
ဤသည်မှာ အဘိုးကြီးများ စီးပွားရေးကိစ္စဆွေးနွေးတာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် ရှန်းယုဟန်က မပြောချင်သောအခါ သူတို့ကို စိတ်ပျက်သွားစေသည်။
–
နေ့လည်မှာ သူတို့က အိမ်ကိုတန်းမပြန်ပဲ ရှန်းယုဟန်က သူတို့ကို အထည်ဆိုင်ပို့ပေးဖို့ ဒရိုက်ဘာအား ပြောခဲ့သည်။ သူက သူ့ခင်ပွန်းအတွက် ချီတိုင်းပြည်၏ဝတ်စုံချုပ်ပေးမယ်လို့ ကတိပေးခဲ့ဖူးသဖြင့် ယခုချိန်မှာ သူအလုပ်အားနေ၍ စတင်ချုပ်နိုင်လေပြီ။
ခေတ်သစ်က အဆင်ပြေသည်။ အထည်ဆိုင်တွင် ပိတ်စမျိုးစုံရနိုင်ပြီး ရှန်းယုဟန်က ပိတ်စကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ကြည့်ကာ နောက်ဆုံးမှာ လိုချင်သော အသားကိုရသွားခဲ့သည်။ ရှန်ချီရှင်းက ယာယီအစေခံဖြစ်သွားပြီး ပိတ်စများကို အိမ်သယ်လာပေးခဲ့သည်။
ရှန်ချီရှင်းကမေးလိုက်သည်။ “မရီး၊ အဝတ်အစားကိုယ်တိုင်ချုပ်မလို့လား?”
ရှန်းယုဟန်က ပန်းထိုးအပ်များနှင့် အပ်ချည်တချို့ကို ထပ်ဝယ်ခဲ့သည်။ “ဟုတ်တယ်၊ ငါချုပ်တဲ့အဝတ်အစားက ဝတ်ရတာသက်တောင့်သက်သာရှိတယ်။”
ရှန်ချီရှင်းက ပို၍ အံ့သြသွားသည်။ “ဒါလည်းလုပ်တတ်တာလား?”
ဒါရိုက်တာအဖွဲ့က ရင်ထဲမှာပြောလိုက်သည်။ သူတို့ရင်ထဲကမေးခွန်းကို မေးလိုက်တာပဲ။
“အရမ်းမခက်ပါဘူး။ မင်းသင်ချင်ရင် သင်ပေးလို့ရတယ်” ရှန်းယုဟန်က သဘောထားကြီးစွာ ပြောလိုက်၏။
“မသင်တာပဲကောင်းပါတယ်။ ကျွန်တော့်မှာ အရည်အချင်းမရှိဘူး။” သူ့အစ်ကိုက ဇနီးကောင်းလေးကို ရထားကြောင်း ပိုခံစားမိလာသည်။ ခင်ပွန်းကို ကံကောင်းမှုတွေသယ်ဆောင်လာပေးတဲ့ ဇနီးမျိုး….
သူတို့နှစ်ယောက်က ပင်မလမ်းမကနေ လမ်းလျှောက်ထွက်လာပြီး ထိုနေရာမှာ လူနဲ့ကား အများအပြားရှိသည်။ သူတို့နောက်ကို လူတွေလိုက်နေသော်ငြား ကားတွေက ဝင်ထွက်သွားလာနေပြီး ဂရုမစိုက်ရင် မတော်တဆမှုဖြစ်နိုင်သည်။
ရှန်းယုဟန်၏ အိမ်အဝေးကိုယ်လုံးကိုယ်ပေါက်**နှင့်အတူ သူက ဒီတစ်ကြိမ်မှာလည်း တိုက်မိသွားပြန်သည်။
(***အိမ်ကထွက်ရင် အနာတရဖြစ်တဲ့ အသွင်အပြင်ကိုပြောတာပါ)
အနက်ရောင်ဆလွန်းတစ်စီးက လူစည်ကားသော လမ်းပေါ်ကို အရှိန်အဟုတ်ဖြင့် မောင်းလာပြီး ကြောက်ဖို့အကောင်းဆုံးအရာမှာ အနက်ရောင်ပိတ်စတစ်ထည်ကို ကိုင်ထားသော ရှန်းယုဟန်ဆီ တည့်တည့်ပြေးလာခြင်းပင်ဖြစ်သည်။
ရှန်ချီရှင်းက ရှန်းယုဟန်ကို စိုးရိမ်တကြီးအော်လိုက်သည်။ “မရီး! သတိထား!”