Chapter 90
Viewers 23k

Chapter 90



“ဇနီးလေးကို သိမ်းပိုက်ထားလို့မုန်းတယ်”


ရှန်းယုဟန်က တံခါးဖွင့်လိုက်ပေမယ့် တစ်ဖက်လူကို ဧည့်ခန်းထဲဝင်ခွင့်မပေးခဲ့ပေ။


ရောက်လာသူက ဒုတိယမဒမ်ဖြစ်ပြီး သူ့ဘေးမှာ အန်တီချန်ရပ်နေသည်။


ဒုတိယမဒမ်ရောက်လာတာကို နားလည်ပေမယ့် အန်တီချန်က ပထမမဒမ်ရဲ့ လူမဟုတ်လား? သူတို့က ဘာလို့အတူရောက်လာတာလဲ?


ဒုတိယမဒမ်ပြောခဲ့သော ပထမဆုံးစကားမှာ “မင်းက ရှန်းယုဟန်မဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဟန်ဆောင်မနေနဲ့တော့”


ရှန်းယုဟန်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပေမယ့် သူ့ကိုတော့ မထိတ်လန့်စေခဲ့​ပေ။ ဒီမတိုင်ခင်က ဒုတိယမဒမ် သူ့ကိုစမ်းသပ်ဖို့ ဝမ်းကွဲဆိုသည့်တစ်​ယောက်ကို ခေါ်လာတာမှတ်မိသေးသည်။ သို့သော် နောက်ဆုံးမှာ အချည်းနှီးသာဖြစ်သွားခဲ့သည်။ အခုက ကုပီချင်းကို သတင်းပို့ခဲ့တာလား?


သူ့ကိိုလာရှာဖို့ ရှန်ချီဟွမ်းကို ပထုတ်လိုက်တာလား?.


“ပေါက်ကရတွေ၊ ကျွန်တော်က ရှန်းယုဟန်မဟုတ်ဘူးလား? ဒါဆို ဒုတိယရှန်းယုဟန်ကို ရှာတော့မှာလား?”ရှန်းယုဟန်က တခဏတော့ မသေချာခဲ့ပေမယ့် အလျင်အမြန် တည်​ငြိမ်သွားခဲ့သည်။ ယနေ့မှာ သူက တခြားသူများ၏ အလွယ်အရူးလုပ်ခံရမည့် ခေတ်ဟောင်းလူသားမဟုတ်တော့ပေ။ ထို့အပြင် လက်ရှိမှာ သူက ရှန်းယုဟန်ဖြစ်ပြီး ရှန်းယုဟန်က သူဖြစ်သည်။


လေက ဘယ်အရပ်ကပဲ တိုက်ခတ်ပါစေ သူက တုန်လှုပ်နေမှာမဟုတ်ပေ။


သူအင်တာနက်မှာစစ်ခဲ့ပြီးပြီ၊ လူတွေ သူ့အထောက်အထားကို သံသယဝင်လာရင် သက်သေလည်း ရှိမှာမဟုတ်ပေ။ ခေတ်သစ်က လူအများစုက သရဲနှင့် ဘုရားသခင်ကို မယုံကြည်ကြပေ။


ထို့အပြင် သူက မတုံးအပေ။ ဒုတိယမဒမ်က သူ့ဖြစ်တည်မှုနှင့် ပတ်သက်ပြီး ထပ်တလဲလဲ ပြဿနာရှာနေပြီး  သူ့လက်ထဲက အကျိုးအမြတ်များကို လိုချင်နေရုံမကပဲ ​ပြောင်ကျကျပြောရလျှင် သူမက ရှန်ထျန်းဖုန်း၏ ပိုင်ဆိုင်မှုခွဲဝေခြင်းကို ယခုထိ မကျေနပ်​ဖြစ်နေဆဲပင်။


ဒုတိယမဒမ်က ယုံကြည်မှုရှိရှိ ပြောလာသည်။ “မင်းကရှန်းယုဟန်ဆိုရင် ဝမ်းကွဲကိုဘာလို့မမှတ်မိတာလဲ?”

ရှန်းယုဟန်က သူမကို အပြုံးမမည်သော အပြုံးတစ်ခုဖြင့်ကြည့်လိုက်သည်။ “ဒုတိယမဒမ်၊ ခင်ဗျားက တော်တော်အားနေတာပဲ၊ ကျွန်တော့်ကိစ္စတွေကို တချိန်လုံးဂရုစိုက်နေတာ။ ကျွန်တော် တစ်​ယောက်​ယောက်နဲ့ ပတ်သတ်တာဖြစ်ဖြစ် မပတ်သတ်တာဖြစ်ဖြစ် ခင်ဗျားနဲ့မဆိုင်ဘူး”


အန်တီချန်ကလည်းပြောခဲ့သည်။ “မစ္စတာရှန်း၊ ဒုတိယမဒမ်စိတ်ပူနေတဲ့ကိစ္စက ကျွန်မတို့မဒမ်စိတ်ပူနေတဲ့ကိစ္စနဲ့ တူတူပဲ။”


ရှန်းယုဟန်က အန်တီချန်ကိုကြည့်လိုက်တော့ သူမအကြည့်က အဓိ​ပ္ပါယ်ရှိနေသည်။ “ပထမမဒမ်က အိမ်တော်သုံးအိမ်ကို သေအောင်မုန်းတာမဟုတ်ဘူးလား၊ သူမဘက်က လူကို ကြံစည်ဖို့တောင် ပူးပေါင်းနေပြီပေါ့လေ၊ သူမရူးနေတာလား? ကျွန်တော်ပြောနိုင်တာက ရူးနေရင် ဆရာဝန်သွားပြခိုင်းလိုက်၊ နေ့တိုင်းအားနေတာက ဟိုဟာသံသယဝင်လိုက် ဒီဟာသံသယဝင်လိုက်နဲ့။”

ဒုတိယမဒမ်က သူမအစီအစဥ်အတိုင်း အားရနေသောမျက်နှာဖြင့် ပြောလိုက်သည်။ “မင်းအဲ့လောက်ဖြောင့်မတ်ပြီး အရိပ်စွန်းထင်းမှာကို မကြောက်ဘူးဆိုရင် မင်းသူတို့နဲ့တွေ့ရဲလား?” သူမလက်ခုပ်တီးလိုက်တော့ ဘေးခန်းကနေ လူအများကြီးထွက်လာခဲ့သည်။ “သူတို့ကို နည်းနည်းလေးတောင် မမှတ်မိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး”

လူငယ်များက တစ်ယောက်ချင်းထွက်လာပြီး ရှန်းယုဟန်က ထိုလူငယ်များကို ကြည့်လိုက်ပြီး လက်ဖမိုးကို နှာခေါင်းထိပ်ပေါ်တင်ကာ ရယ်မောလိုက်သည်။ “ဒုတိယမဒမ်.. ခင်ဗျားက ကျွန်တော့်အကြောင်းကို တကယ်တွေးနေခဲ့တာပဲ။ ကျွန်တော်ပင်ပန်းနေတာကိုတွေ့တော့ ပျင်းရိတာကိုသက်သာအောင် သူငယ်ချင်းဟောင်းတွေကို တကူးတက သွားရှာပေးခဲ့တာလား?”


လူငယ်များစွာက ရှန်းယုဟန်၏အရှေ့မှာ တစ်ယောက်ချင်းစီပေါ်လာပြီး သူတို့အားလုံးက ဝတ်စုံအပြည့်နှင့် သားရေဖိန​ပ်ဝတ်ထားပေမယ့် နေရာနှင့်ကွဲလွဲနေသည်။ ရှန်းယုဟန်နှင့်ယှဥ်လျှင်… အော်… ယှဥ်လို့မရဘူး။ 


လူလေးယောက်က ဟွမ်ရှန့်၊ နဥ်ကျဲ့နှင့် ရှန်းယုဟန် ဤနေရာကို စရောက်လာတုန်းက ပဋိပက္ခဖြစ်ခဲ့သူများပင်။


သူတို့က ရှန်းယုဟန်ကို ခဏလောက်တော့ မမှတ်မိဖြစ်သွားပြီး ယင်းမှာ သူတို့က သူရှန်းယုဟန်ဆိုတာကို မပြောပြမချင်းဖြစ်သည်။ သူတို့က ရှန်းယုဟန်ကို မမှတ်မိတာမဟုတ်ပဲ သူ ရှန်းယုဟန်ဆိုတာကို မယုံနိုင်ဖြစ်နေတာပင်။ ဘာကိုမှ ဂရုမစိုက်တတ်သည့် သူ့အကျင့်စရိုက်နှင့်မယှဥ်ပဲ ယခင်နှစ်က သူ့ပုံစံနဲ့ ယှဥ်လျှင်တောင် သူက လုံးဝမတူညီသော အခြေအနေမှာရှိနေပြီး သူ့မျက်မှာပေါ်မှာ သူတို့တစ်ခါမှမမြင်ဖူးသော စိတ်ဓာတ်နှင့် ယုံကြည်မှုရှိနေလေ၏။


“မတွေ့ရတာကြာပြီနော်၊ ဟွမ်ရှန့်၊ နဥ်ကျဲ့၊ ဧည့်ခံပွဲလာမယ်ဆိုတာ ဘာလို့မပြောပြခဲ့တာလဲ?” ရှန်းယုဟန်က သူတို့​ကို အရင်ဆုံးနှုတ်ဆက်လိုက်ပြီး သူတို့က နယ်ရုပ်များအဖြစ် အသုံးချခံနေရတာကို သူသိရင်တောင် သူက တိုက်ရိုက်ထောက်မပြခဲ့ပေ။


ဟွမ်ရှန့်နှင့်နဥ်ကျဲ့အပါအဝင် လူများစွာက ကြောင်စီစီဖြစ်နေကာ သူတို့ကို စီနီယာအကိုတစ်ယောက်က ခေါ်လာတာဖြစ်ပေမယ့် ရောက်လာတော့ အခန်းထဲမှာပဲနေခွင့်ပြုခဲ့သည်။ ထို့အပြင် စီနီယာအကိုက ဘယ်နားရောက်သွားမှန်း မသိပါပဲ အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က သူတို့ကို အကူအညီလာ​တောင်းခဲ့သည်။ လူတစ်ယောက်ကို ဖော်ထုတ်ဖို့ဖြစ်ပြီး ကိစ္စပြီးရင် အခကြေးငွေပေးမယ်လို့ပြောခဲ့သည်။ လူအများစုက လူတစ်​ယောက်ကို ခွဲခြားဖော်ထုတ်ပေးရုံနဲ့ ငွေအများကြီးရမှာလို့ ထင်ခဲ့ပြီး ပြဿနာကြားညှပ်နေမယ်လို့ မတွေးခဲ့ပေ။


ထိုအခြေအနေအောက်မှာ သူတို့ ရှန်းယုဟန်ကို ပြန်တွေ့ရမယ်လို့ မထင်ထားခဲ့ပေ။


“ရှန်းယုဟန်၊ မင်းကိုဒီမှာတွေ့ရတာဝမ်းသာပါတယ်!” ဟွမ်ရှန့်က သက်ပြင်းရှူရှိုက်လိုက်သော ပထမဆုံးလူဖြစ်၏။ သူက ရှန်းယုဟန်နှင့်ပတ်သတ်ပြီး သူ့အမြင်ကို ပြောင်းလဲခဲ့ပြီးဖြစ်၍ အင်တာနက်မှာ သူ့သတင်းများကို ဖတ်လေ့ရှိသည်။ သူ့ဝမ်းကွဲ၏ အဖြစ်အပျက်အပြီးမှာ ရှန်းယုဟန်ကိုတောင်းပန်ဖို့ အခွင့်အရေးရှာနေခဲ့ပေမယ့် ရှန်းယုဟန်က သေချာကာကွယ်ပေးခံထားရသဖြင့် သူက ရှာမတွေ့နိုင်ခဲ့ပေ။

ထူးဆန်းသောနေရာကြီးမှာ ရင်းနှီးသောမျက်နှာကို မြင်လိုက်ရ၍ လေးယောက်လုံးက တစ်ပြိုင်နက်သက်ပြင်းချလိုက်၏။


ရှန်းယုဟန်က ဖြစ်ရပ်တစ်ခုလုံးကို နားလည်သွားပြီး ဒုတိယမဒမ်က သူ့ကို ရှန်းယုဟန်မဟုတ်ဘူးလို့ သက်သေပြချင်တာကြောင့် သူ့ကိုဖော်ထုတ်ဖို့ လူရှာလာခဲ့တာပင်။

မမျှော်လင့်ထားသည်မှာ သူတို့ရှာတွေ့ခဲ့တာက မူလရှန်းယုဟန်နှင့် ပြဿနာဖြစ်ဖူးသော ဟွမ်ရှန့်တို့ဖြစ်၏။ သူအမြဲဒုက္ခရောက်နေတာကို မြင်နေရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးက သူ့ကို မသိိမသာ ကူညီပေးခဲ့တာများလား?


“အင်း၊ ငါတို့မိသားစု ဒီနေ့ဧည့်ခံပွဲကျင်းပနေတာ။ မင်းတို့ခဏလောက် လာထိုင်ကြပါလား?” ရှန်းယုဟန်က ချက်ချင်းတက်ကြွသွားပြီး သူတို့ကို ဧည့်ခန်းထဲဖိတ်ခေါ်လိုက်သည်။ သူက ကြောင်အနေသော ဒုတိယမဒမ်နှင့် မျက်နှာထားတင်းမာနေသော အန်တီချန်ကိုကြည့်လိုက်သည်။ “ခင်ဗျားတို့နှစ်​​ယောက် လုပ်ချင်တာရှိသေးလား? ကျွန်တော့်အတန်းဖော်တွေကို ခေါ်လာပေးလို့ကျေးဇူးတင်ပါတယ်။”


ဒုတိယမဒမ်က ဒေါသထွက်လွန်းတာ​ကြောင့် သွေးအန်တော့မတတ်ပင်။ သူမက ဒီလူတွေ ရှန်းယုဟန်နှင့် ဆက်ဆံရေးမကောင်းတာကို သေချာပေါက်စုံစမ်းခဲ့တာပင်။ ထို့အပြင် ရှန်းယုဟန်က နဥ်ကျဲ့ကို မကြာခဏအနိုင်ကျင့်လေ့ရှိခဲ့ပေမယ့် ယခုချိန်မှာ သူတို့ဆက်ဆံရေးက မတူတော့ပေ။


ထိုထက်ပိုသည်မှာ သူမကလည်း ကန်းနေတာမဟုတ်သဖြင့် ရှန်းယုဟန် သူတို့နာမည်ကို ခေါ်လိုက်ချိန်မှာ နာမည်အားလုံးမှန်တာကိုတွေ့ရသည်။ လက်ရှိမှာ အတန်းဖော် ပြန်လည်ဆုံတွေ့ပွဲသာ ဖြစ်သွားရသည်။


“တောက်!” ဒုတိယမဒမ်က သူမအင်္ကျီလက်ကို ခါယမ်းကာ ထွက်သွားဖို့ပြင်သည်။


အန်တီချန်ကလည်း ရှန်းယုဟန်ကို ခေါင်းညိတ်ပြလိုက်သည်။ “မစ္စတာရှန်း၊ ငါအရင်သွားနှင့်မယ်”

သို့သော် ရှန်းယုဟန်က သူတို့ကိုပြောလို​က်သည်။ “ဒုတိယမဒမ်နဲ့ အန်တီချန်က လက်လွတ်စပယ် အထင်လွဲပြီး ပြဿနာရှာနေတာပဲ။ တခြားတစ်​ယောက်သာဆိုရင် ခင်ဗျားတို့အသေဆဲခံရမှာပေမယ့် ကျွန်တော်က မဆူခဲ့ဘူးနော်။ ကျွန်တော်ကြားတာတော့ ခင်ဗျားဒုတိယအိမ်တော်အတွက် ဘယ်ဟာကိုမှ လက်မှတ်မထိုးရသေးဘူးဆို…ဟုတ်လား?”


ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်၏ ရှယ်ယာကိုသာ ခွဲပေးခဲ့ပြီး တခြားအိမ်တော်သုံးအိမ်ကိုတော့ သေတမ်းစာမှာပဲ ရေးထားခဲ့သည်ဟု သူ့ခင်ပွန်းကပြောခဲ့သည်။ သူမသေခင် သေတမ်းစာအကြောင်းအရာများကို စိတ်ကြိုက်ပြောင်းပိုင်ခွင့်ရှိသည်။ ရှန်းယုဟန်က ရှန်ထျန်းဖျန်းကို တစ်ခုခုပြောလိုက်ရင် ဒုတိယအိမ်တော်လည်း ဘာမှမရတာမျိုး ဖြစ်သွားနိုင်သည်။ လက်ရှိရှန်းယုဟန်က ရန်စလို့ရတဲ့သူမဟုတ်ဘူး။


ဒုတိယမဒမ်၏ ဦးရေပြားက ယားယံလာသည်။ “မင်းဘာလိုချင်တာလဲ?” 


ရှန်းယုဟန်က ခေါင်းငုံ့ကာ သူ့ဖိနပ်ထိပ်ကိုကြည့်လိုက်သည်။ “ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး။ ခင်ဗျားကို စိတ်ပျက်နေရုံပဲ။” သူက လက်မြှောက်ကာ သူ့လက်ကောက်ဝတ်က လက်ကောက်ကြိုးနဲ့ကစားနေသည်။ သူ့မျက်နှာပေါ်က အပြုံးကပျောက်ကွယ်သွားပြီး ရှေ့တစ်လှမ်းတိုးကာ ဒုတိယမဒမ်၏နားထဲမှာ တီးတိုးပြောလိုက်၏။ “ကျွန်တော်လက်စားချေရင် ခင်ဗျားခံနိုင်မှာမဟုတ်ဘူး။ ဒီတော့ ဘယ်အချိန်ရပ်တန့်ရမလဲဆိုတာ လူလိုနားလည်လိုက်ပါ။” သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ ဘယ်လိုပင်ဖြစ်စေ ဒုတိယမဒမ်ကတော့ လူစကားနားလည်လာမှာမဟုတ်။


အန်တီချန်က အနီးအနားမှာရှိ၍ ရှန်းယုဟန်၏ ကြီးစိုးချယ်လှယ်သော သတိပေးချက်ကို ကြားသောအခါ သူမလည်ပင်းကိုကျုံ့လိုက်မိသည်။ ရှန်းယုဟန်က သူမကို လှည့်ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ အပြုံးနှင့်အတူ သူ့အကြည့်ထဲမှာ အဓိပ္ပါယ်ဖော်မရသော သတိပေးချက်တချို့ရှိနေ၏။


သူက ပြောလိုက်သည်။ “အန်တီချန်၊ ကျွန်တော့်အမေကို အမှာစကားပြောပေးမလား?”


အန်တီချန်က တည်ငြိမ်ချင်ယောင်ဆောင်သည်။ “ဟုတ်ကဲ့မစ္စတာရှန်… ပြောပါ”

ရှန်းယုဟန်က အသာအယာ ရယ်မောလိုက်၏။ “သူမက အိမ်တွင်းတိုက်ခိုက်မှုအတွက် တကယ်မသင့်တော်တာပဲ။ သူမသာ ရှေးခေတ်မှာဆိုရင် အစေခံနဲ့တောင် ရန်ဖြစ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော် ခင်ဗျားရဲ့လှည့်ကွက်တွေကို အလေးမထားဘူး။ ယောက္ခမကြီးရဲ့… ခင်ဗျားကအသက်ကြီးနေပြီ၊ တခြားသူတွေကို ကြုံသလိုယုံမနေနဲ့။ ဘာမှလုပ်စရာမရှိရင် ဗုဒ္ဓကျမ်းဂန်တွေဖတ်ပြီး ကျွန်တော့်ယောကျာ်းနဲ့ ညီအစ်ကိုတွေအတွက် ဆုတောင်းပေးနေပါ။ အဲ့ဒါကသာ ခင်ဗျားသားသမီးတွေအတွက် အကောင်းဆုံးဂရုစိုက်ပေးခြင်းပဲ။ အခုသူမဘေးမှာ ကလေးနဲ့မြေးတွေရှိနေတာကို ဘာမကျေနပ်စရာရှိသေးလဲ?”


အန်တီချန်က တိတ်တဆိတ်သွားကြိတ်ကာ ဤစကားများကို ပထမမဒမ်ကို ပို့လို့ရမရ ဇဝေဇဝါဖြစ်နေသည်။ သူမက ခေါင်းညိတ်ပြီး ချက်ချင်းလှည့်ထွက်သွားလေသည်။


တစ်ဖက်မှာ ဒုတိယမဒမ်က ရှန်းယုဟန်၏ အရှိန်အဝါကို ​ကြောက်လန့်ပြီး ထွက်ပြေးသွားလေသည်။


ရှန်းယုဟန်က စိတ်ထဲကနေ သက်ပြင်းမောရှူထုတ်လိုက်ပြီး ကပ်ဘေးက လွတ်မြောက်လာခဲ့သည်။

သူလှည့်ကြည့်လိုက်တော့ ဟွမ်ရှန့်နှင့် ​တခြားသူများ အာစေးမိနေတာကို တွေ့လိုက်ရသည်။


ဘုရားသခင်! သူတို့က ချမ်းသာပြီး အာဏာရှိမိသားစုရဲ့ အိမ်တွင်းတိုက်ခိိုက်မှုကို အနီးကပ်ကြည့်လိုက်ရတာပဲ!


ရှန်းယုဟန်က ဒီလိုစကားတွေပြောရဲတဲ့အပြင် စကားလုံးတိုင်းက အကျိုးအကြောင်းသင့်နေတယ်။ သူတို့သာဆိုရင် ဆက်ဆံရမလွယ်ကူတဲ့ အဲ့ဒီအမျိုးသမီးနှစ်ယောက်အရှေ့မှာ ဒီလိုစကားမျိုး ပြောရဲမှာမဟုတ်ဘူး!


ဒါက အိမ်တွင်းတိုက်ခိုက်ရေးရဲ့ ခေတ်သစ်ဗားရှင်းလား? ဒါဆို ရှန်းယုဟန်က အိမ်တွင်းတိုက်ခိုက်ရေးကမ္ဘာက ခေါင်းဆောင်လား?


သူတို့ ရှန်းယုဟန်ကို စော်ကားမိရင် အိမ်တွင်းတိုက်ခိုက်ရေးမှာပါသွားမှာလား? 

ထိုစဥ် ရှန်းယုဟန်၏ အပြုအမူက သူတို့အပေါ်မှာတော့ အတော်လေးနူးညံ့နေသည်။


ရှန်းယုဟန်ကမေးလိုက်သည်။ “မင်းတို့ညစာစားပြီးပြီလား?”

ဟွမ်ရှန့်က ခေါင်းခါသည်။ “မစားရသေးဘူး။ အဲ့ဒီအမျိုးသမီးက ငါတို့ကိုဘေးခန်းမှာပိတ်ထားပြီး ထွက်ခွင့်မပေးဘူး”


ရှန်းယုဟန်ကခေါင်းညိတ်ပြသည်။ “ငါနားလည်ပါပြီ၊ ဒါဆို မင်းတို့ခဏထိုင်နေဦး၊ မင်းတို့အတွက် ယူလာခိုင်းလိုက်မယ်။”


သူက အဆာပြေမုန့်၊သစ်သီးနှင့် သောက်စရာများယူလာဖို့ လူတစ်​​​ယောက်ကိုမှာလိုက်သည်။



လေးယောက်လုံးက မထင်မှတ်ထားစွာ သပ်ရပ်ကြော့ရှင်းစွာ စားနေကြ၏။ အကြောင်းမှာ ရှန်းယုဟန်က အလွန်ညင်သာသော လှုပ်ရှားမှုများဖြင့် လိမ္မော်သီးအခွံနွှာနေလို့ဖြစ်၏။ သူတို့က ဤကုန်းဇီမျိုးကို မတုပနိုင်ပေ။

ဟွမ်ရှန့်နှင့် တခြားသူများက ဘာမှဖုံးကွယ်မထားပဲ ဒုတိယမဒမ်၏ လာရင်းအကြောင်းကို အကုန်ပြောပြခဲ့သည်။


ရှန်ချီဟွမ်းက ကုပီချင်း၏ နားနေခန်းကိုသွားပြီး သူမ၏ဘေးကင်းသောမေးခွန်းတချို့ကို နား​ထောင်လိုက်သည်။ သူတို့အတွက်က သဟဇာတဖြစ်ဖို့ မလွယ်ကူပေ။ သူက သူ့အမေ သူ့ကို အချိန်ဆွဲနေမှန်းလည်း သိသည်။ သူမအပြုအမူက သိသာနေလို့ ရှန်ချီဟွမ်းက တစ်ခုခုမှားနေတာကို သတိထားမိသွားပြီး သူမကို မယဥ်ကျေးနိုင်​တော့ပဲ ဘာဖြစ်ချင်တာလဲလို့ တည့်မေးလိုက်သည်။


ကုပီချင်းက အင်အားကြီးပြီး မနာခံသောသားဖြစ်သူ ရှန်ချီဟွမ်းကို လက်မခံနိုင်တာကြောင့် မျက်နှာချက်ချင်းပျက်သွားခဲ့သည်။ သူမက နူးညံ့ပြီး ချစ်တတ်သောမိခင်လို ပြုမူနေခဲ့ပြီး နောက်စက္ကန့်မှာ သူမ၏ အေးစက်စိမ်းကားသော အကျင့်စရိုက်ပေါ်လာခဲ့သည်။


ကုပီချင်းက ဟန်ဆောင်နေတာရပ်ပြီး သူ့ကိုမေးလိုက်သည်။ “ရှန်းယုဟန်ရဲ့ အရင်ကပုံစံနဲ့ လက်ရှိပုံစံကြားက ကွာခြားချက်ကြီးကို မင်းသတိမထားမိဘူးလား?”


ရှန်ချီဟွမ်းက သူမဘာလုပ်ချင်တာလဲသိသွားပြီး သူမကြည့်ရတာ သူနဲ့ သူ့ဇနီးလေးကို ခွဲချင်နေပုံပင်။ ထို့အပြင် သူမက တခြားအိမ်တော်သုံးအိမ်က ဖွထားသော ကောလာဟလများကို ယုံကြည်နေလောက်သည်။ ဤသည်မှာ သူ့မိခင်အရင်းလို့ပင် ထင်စရာမရှိပေ။



ရှန်းယုဟန်၏ အကျင့်စရိုက်မှာ ကြီးမားသော ကွာခြားချက်ရှိနေတာက ကိစ္စမရှိပေ။ တကယ့်ပြဿနာက သူရှန်းယုဟန်ကို ချစ်နေတာဖြစ်၏။


ရှန်ချီဟွမ်းက ယနေ့မှာ စိတ်အ​ခြေအနေမကောင်းပေမယ့် သူ့ခံစားချက်ကို မဖွင့်ဟပဲမနေနိုင်တော့ပေ။ ယခုချိန်မှာမပြောရရင် အနာဂတ်မှာ အဖက်လုပ်ပြောနေနိုင်မှာမဟုတ်တော့ချေ။



“ခင်ဗျားက ကျွန်တော့်ရဲ့မွေးမိခင်ဆိုပေမယ့် အဖေဘာလို့ ခင်ဗျားကို ကွာရှင်းချင်နေလဲ ကျွန်တော်နားလည်လာသလိုပဲ။ ခင်ဗျားက အမှားနဲ့အမှန်ကို မခွဲခြားနိုင်သလို စိတ်ကလည်း ယုတ္တိမရှိဘူး။ ကျွန်တော် ခင်ဗျားနဲ့နှစ်ပေါင်းများစွာ မငြင်းခုံခဲ့ပေမယ့် အခုတော့ပြောရလိမ့်မယ်။ မိခင်တစ်​ယောက်ဖြစ်ပြီး ကျွန်တော်ပျော်နေတာကို မကြည့်ရက်နိုင်ဖြစ်နေတာ။ အဲ့ဒါကလည်း ခင်ဗျားသားကြိုက်တဲ့သူကို လက်မခံနိုင်လို့တဲ့လား? ခင်ဗျားဆယ်စုနှစ်ကြာအောင် တိုက်ခိုက်ခဲ့တဲ့ ရန်သူတွေကလည်း အခုဆိုရင် မဟာမိတ်ဖြစ်သွားပြီ”


“ငယ်ငယ်ကနေ အခုချိန်ထိ ခင်ဗျားဘဝက ကျွန်တော့်အဖေနဲ့ အိမ်တော်သုံးအိမ် အနားမှာပဲ လည်ပတ်နေခဲ့တာ။ ကျွန်တော်တို့ကို ဘယ်လောက်ဂရုစိုက်ဖူးလဲ? ဘယ်လိုအချစ်မျိုးကိုပေးဖူးလဲ? ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ။ ကျွန်တော့်ကိစ္စထဲဝင်ပါဖို့ ခင်ဗျားမှာ အရည်အချင်းရှိလား? ခင်ဗျားရဲ့ ယုံကြည်မှုတွေ ဘယ်ကလာလဲ တကယ်မသိဘူး! သွေးမတော်ရင် ဒီနေ့ခင်ဗျားကို လာတွေ့မှာ​တောင်မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို ယုံကြည်မှုပျက်ပြားခဲ့ပေမယ့် အခုတော့ တကယ်စိတ်ပျက်သွားပြီ မဒမ်ကု! မနက်ဖြန် ခင်ဗျားကို သီလရှင်ကျောင်းလိုက်ပို့ပေးဖို့ တစ်​​ယောက်​ယောက်ကို လွှတ်လိုက်ပါမယ်။”


ဒီတစ်ကြိမ်မှာ ကုပီချင်းက အဓိကနေရာကို ထိမိသွား၏။

 

လက်ဖက်ရည်ခွက်ကိုင်ထား​သော ကုပီချင်း၏လက်က တုန်ယင်လာသည်။ “လောင်စန်း..မင်းဘာ​ပြောလိုက်တာလဲ? မင်းငါ့ကိစ္စမှာဝင်ပါဖို့ ဘာအရည်အချင်းရှိလို့လဲ?”

ရှန်ချီဟွမ်းက မတ်တပ်ရပ်ကာ သူမကို အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော်ကအရည်အချင်းမရှိရင် ဘယ်သူကရှိမှာလဲ? ခင်ဗျားရဲ့ ဒီအသက်အရွယ်မှာ ခင်ဗျားကို မထောက်ပံ့ပေးနိုင်ဘူး။ သီလရှင်ကျောင်းမှာ လှပတဲ့တောင်တန်းတွေနဲ့ ကြည်စင်တဲ့ ရှုခင်းတွေရှိတယ်။ ခင်ဗျားရဲ့ဝိညာဥ်ကို သန့်စင်လိုက်ပါ။ လောကီရေးရာကိစ္စတွေ​ကို စိတ်အနှောင့်အယှက်အဖြစ်မခံနဲ့၊ အေး​အေးချမ်းချမ်းနဲ့ပဲ ဗုဒ္ဓရဲ့ ဝါကြီးတဲ့ သီလရှင်တစ်ပါးဖြစ်အောင်လုပ်ပါ။”


ဤသည်မှာ သူ သူမကိုပြနိုင်သော အကောင်းဆုံးသနားညှာတာမှုဖြစ်ပြီး သူမက အသေးအဖွဲကိစ္စရပ်များမှာ ဝင်ရောက်စွက်ဖက်လေ့ရှိပြီး သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စကိုတော့ မစီမံနိုင်ခဲ့ပေ။

ထို့်ပြင် လက်ရှိရှန်မိသားစု၏ ကိစ္စများကို စွက်ဖက်နိုင်သူမှာ ရှန်ထျန်းဖုန်းနှင့် အစ်ကိုကြီးရှန်ချီယွမ်မဟုတ်ပဲ သူသာဖြစ်သည်။


ရှန်ချီဟွမ်းက ချက်ချင်းလှည့်ထွက်သွားပြီး ကုပီချင်းက ဆိုဖာပေါ်မှာ တုန်လှုပ်​နေသည်။ ယင်းမှာ ရှန်ထျန်းဖုန်း သူ့ကို အမွေဆက်ဆံသူအဖြစ် ရွေးချယ်ခဲ့သည့် အ​ကြောင်းအရင်းဆိုတာကို သူမနားလည်သွားသည့် အခိုက်အတန့်ပင်တည်း။ သူ့ဆီက အကြည့်တစ်ချက်ကပင် သူမကို တိုက်ရိုက်ဖိနှိပ်နိုင်ပြီး သူ့မှာ ပြတ်သားသောအရှိန်အဝါ ရှိနေစဥ် သူမ၏ရွေးချယ်မှုဖြစ်ခဲ့သော ရှန်ချီယွမ်က စိတ်ပျော့ပြီး ဆုံးဖြတ်ချက်မပြတ်သားခဲ့ပေ။


ရှန်ချီဟွမ်း တံခါးပိတ်လိုက်ပြီးမှသာ သူမက ကယောင်ချောက်ချား အော်လိုက်လေသည်။ “ရှန်ချီဟွမ်း၊ ငါကမင်းအမေပဲ… မင်းငါ့ကို ဒီလိုလုပ်လို့မရဘူး!”


သို့သော် သူမ၏အသံက တံခါးထူထူဖြင့် ပိတ်ဆို့ခံထားရသဖြင့် ရှန်ချီဟွမ်းက လုံးဝမကြားနိုင်ခဲ့သလို သူကြားရင်လည်း ထိခိုက်မှုစိုးစဥ်းမျှရှိမှာမဟုတ်ပေ။



တချို့သောဆုံးဖြတ်ချက်များက တစ်ခါချမှတ်ပြီးရင် ပြောင်းလဲလို့မရတော့ပေ။



ရှန်ချီဟွမ်းက ကုပီချင်း၏အရှေ့မှာ သဘာဝကျကျ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ပေမယ့် စိတ်ထင့်နေသဖြင့် ကျန်းလောလင်းနှင့် ဝမ်းယန်ကိုခေါ်ကာ ပြန်ပြေးသွားခဲ့သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အပေါ်အောက်စစ်ဆေးကာ အသေးစိတ်လွတ်သွားမှာ စိုးရိမ်နေသည်။ “မင်းအဆင်ပြေရဲ့လား? တစ်​ယောက်ယောက်အနိုင်ကျင့်သွားသေးလား?”

ရှန်ချီဟွမ်းက အမှန်အတိုင်းပြောလိုက်သည် “အဆင်ပြေပါတယ်။ ဒုတိယမဒမ်နဲ့အန်တီချန် ဒီကိုလာခဲ့ပေမယ့် ကျွန်တော့်ကို အန္တရာယ်မပြုခဲ့ပါဘူး။” သူက တစ်ပြန်ကြီး သတိပေးခဲ့တာပင်။ “ဒါနဲ့ သူတို့ ကျွန်တော်အတန်းဖော်တွေကို ​ခေါ်လာခဲ့တယ်။”

ကျန်းလောလင်းနှင့် ဝမ်းယန်က ရှန်မိသားစု ဘာတွေဖြစ်နေလဲ နားမလည်ပေမယ့် ရှန်ချီဟွမ်းကတော့ အကြောင်းပြချက်ကို သိထားပြီးလေပြီ။ 


သူတို့ကရှုပ်ထွေးနေသည်။ “သူတို့က မင်းရဲ့အတန်းဖော်တွေကို ဘာလို့ခေါ်လာတာလဲ?”

ရှန်းယုဟန်ကပြောလိုက်သည်။ “ဘာလို့ဆို ကျွန်တော့်အကျင့်စရိုက်က အရင်နဲ့ကွာခြားနေလို့ ကျွန်တော်က အစားထိုးလားဆိုပြီး သံသယဝင်နေတာ”


ဝမ်းယန်က ထိုအကြောင်းပြချက်ကြောင့် ရယ်မိသွားသည်။ “ဒါဆို မင်းကအတုလို့ထင်နေတာပေါ့”

ရှန်းယုဟန်ကခေါင်းညိတ်သည်။ “အင်း၊ သူတို့က အဲ့လိုထင်နေတာ။ ဒါပေမယ့် ကျွန်တော်က ရှန်းယုဟန်အစစ်ပါ”

ကျန်းလောလင်းက ရှန်ချီဟွမ်း၏ပခုံးကို ပုတ်လိုက်သည်။ “ငါမင်းကို တကယ်စာနာမိတယ်”


ရှန်ချီဟွမ်းကလည်း သက်ပြင်းချသည်။ သူစိတ်အေးသွားတော့ ဟွမ်ရှန့်နှင့် တခြားသူများကို သတိထားမိပြီး သူတို့ကို ချက်ချင်းမှတ်မိသွားသည်။ ရှန်းယုဟန်က သူတို့ကိုတောင်းပန်ဖို့ သူ့ကိုတောင် အဖော်ခေါ်ခဲ့ဖူးသည်။ သူ့ဇနီးလေးက ယခင်နှစ်က နည်းနည်းလေးရှက်တတ်ပေမယ့် လက်ရှိမှာ သူ့ကိစ္စသူ ဖြေရှင်းတတ်နေပြီ။


ကျန်းလောလင်းနှင့် ဝမ်းယန်က သူတို့အားလုံးအဆင်ပြေတာကိုတွေ့တော့ အဘိုးကြီးဆီ သွားလိုက်ဦးမယ်လို့ပြောလာသည်။ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက သူတို့ကို အောက်ထပ်လိုက်ပို့ပြီး တချိန်တည်းမှာ ဟွမ်ရှန့်နှင့် တခြားသူများကိုပါ လိုက်ပို့ခဲ့သည်။ ကံကောင်းတာက သူတို့က ကိုယ်ပိုင်ကားစီးလာတာဖြစ်၍ အခက်အအခဲမဖြစ်တော့ပေ။


မပြန်ခင်မှာ ဟွမ်ရှန့်က ရှန်းယုဟန်ကို ခပ်တိုးတိုးပြောလိုက်၏။ “ဟေး…ရှန်းယုဟန်… ဒီတစ်​ခေါက် အဲဲ့ဒီလူတွေ ငါတို့ကိုသုံးပြီး မင်းနဲ့ထိပ်တိုက်တွေ့ချင်တာမှန်းသိခဲ့ရင် ငါတို့ သေချာပေါက်လာခဲ့မှာမဟုတ်ဘူး။ နောင်မှာ မင်းတစ်ခုခုလိုရင် ငါတို့ကိုရှာလိုက်ပါ။ ပြီးတော့ ငါ့ဝမ်းကွဲရဲ့ ပန်းချီကားခိုးတဲ့ ကိစ္စက ငါတိုမိသားစုရဲ့အပြစ်ပါ။ ငါ့အဖေနဲ့ ငါ့ဝမ်းကွဲအစား မင်းကိုတောင်းပန်ပါတယ်။”


သူသာ မပြောရင် ရှန်းယုဟန်က မှတ်မိမှာတောင်မဟုတ်သဖြင့် သူကပြုံးကာ လက်ယမ်းပြလိုက်သည်။ “အဆင်ပြေပါတယ်။ အဲ့ဒါတွေက အတိတ်တွေပါ။”

ထို့နောက် ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက သူတို့သူငယ်ချင်းများကို ပြန်ပို့ခဲ့သည်။ ယနေ့ဧည့်ခံပွဲ၌ ရှန်ချီဟွမ်းအပြင် ရှန်းယုဟန်ကလည်း အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်ကာ လူတိုင်းက သူ့ကိုရိုကျိုးနေကြသည်။


ဧည့်သည်များကို ပြန်ပို့ပြီးနောက် အန္တရာယ်မရှိပေမယ့် ခြိမ်းခြောက်မှုရှိခဲ့သော ဤဧည့်ခံပွဲက အဆုံးသတ်သွားပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်တို့က အိမ်ပြန်နားဖို့ ရွေးချယ်ခဲ့ကြသည်။


အပြန်လမ်းမှာ ရှန်းယုဟန်က ကျန်းချန်၏ အရှည်ဆုံးမျှော်စင်ပေါ်က ပြိုးပြိုးပြက်ပြက် အလင်ရောင်ကိုကြည့်ကာ သက်ပြင်းရှူထုတ်လိုက်သည်။ “အရမ်းလှတာပဲ”


ရှန်ချီဟွမ်းက သူ့ကိုဖက်ကာ မျှော်စင်ကိုအတူကြည့်လိုက်ကြ၏။ “တကယ်ပဲ”



အတိတ်မှာ သူက ထိုရှုခင်းကို သာမန်ပဲလို့ထင်ခဲ့ပေမယ့် ယခုတော့ အရမ်းလှတယ်လို့ တွေးမိတာကြောင့် ရှုခင်းက ဘယ်သူနဲ့အတူ ကြည့်နေလဲအပေါ် မူတည်ပုံရသည်။


ရှန်းယုဟန်က သူ့လက်ဖဝါးပေါ်မှာ လက်ကိုတင်ကာ ရှန်ချီဟွမ်းကို မရေရာသလို မေးလိုက်၏။ “ယောကျ်ား၊ အနောက်ဟန်မင်းဆက်အုတ်ဂူက မကြာခင် ခင်းကျင်းပြသတော့မှာ။ ကျိယွီရဲ့ ​ရုပ်သွင်ထိန်းသိမ်းခြင်းကလည်း ပြပွဲရဲ့ပထမရက်ပဲ ထုတ်လွှင့်ပြသမှာ။ ကျွန်တော်တို့ တူတူသွားကြည့်ကြမလား?”


“ကောင်းပြီ” ရှန်ချီဟွမ်းက ရှက်သွေးဖြာနေသော သူ့မျက်နှာကိုကြည့်ရတာ သဘောကျသည်။ ယင်းက သူ့နှလုံးသားကို တုန်လှုပ်သွားစေတာကြောင့် သူက ရှန်းယုဟန်၏ပါးပြင်ကို နမ်းလိုက်လေသည်။


ရှန်းယုဟန်ကိုနမ်းပြီးနောက် သူက ရုတ်တရက် သတိရလာသည်။ “ရှန်ချီရှင်းရဲ့ ရသစုံရှိုးက ဒီနေ့ပြမှာ။ အိမ်ပြန်ရောက်ရင် တူတူကြည့်ရအောင်” သူက အကြောင်းအရာကို သုံးသပ်ပြီး အခန်းတိုင်းကို ကြည့်ပြီးလေပြီ။ ပရိုဂရမ်ထဲမှာ ​သူ့ဇနီး၏ မျက်နှာကို တစ်ဝက်သာပြထားပြီး အပြည့်မပြထားတာကြောင့် စိတ်ကျေနပ်ခဲ့သည်။

“အင်း” ရှန်းယုဟန်က မျက်လွှာအောက်ချကာ ခေါင်းညိတ်လိုက်ပြီး သူနဲ့ သူ့ခင်ပွန်း၏ ဖျော်ဖြေမှုကိုကြည့်ဖို့ တက်ကြွနေသည်။


ထိုအချိန် ရှန်းယုဟန်နှင့်ပတ်သက်သော Hot Search တစ်ခုက ဒုံးပျံအလား ပထမနေရာကို ဗိုလ်ဆွဲခဲ့လေသည်။


#ရှန်ချီဟွမ်း! ဒီလိုဇနီးကိုသိမ်းပိုက်ထားလို့ မင်းကိုအရမ်းမုန်းတယ်!”